Monday, May 13, 2019

PEL အကြောင်း သိကောင်းစရာ


(၁) PEL

လူတို့အလုပ်လုပ်ရာတွင် အန္တရာယ်ရှိသောပစ္စည်း (hazardous material) များနှင့်သော်လည်းကောင်း၊ ဆူညံသံများနှင့်သော် လည်းကောင်း ထိတွေ့နိုင်သည်။ ထိုအရာများနှင့်ထိတွေ့သည့်အခါ လူ၏ ကျန်းမာရေး၊ နောက်ဆုံး အသက်အန္တရာယ်ဖြစ်စေနိုင် သည်ထိ အန္တရာယ်များသည်။

သို့ဆိုလျှင် မည်သည့်ပစ္စည်းနှင့် မည်သည့်ပမာဏထိ မည်မျှကြာကြာထိတွေ့လျှင် အန္တရာယ်ကင်းမည်နည်း။ ဤသည်ကို သိပ္ပံ စမ်းသပ်ချက်များပြုလုပ်ကာ စာရင်းပြုစုထားသည်။ ထိုပမာဏကို PEL ဟု ခေါ်၏။

PEL (Permissible Exposure Limit) ကိုတိုက်ရိုက်ဘာသာပြန်ရလျှင် "ခွင့်ပြုနိုင်သော ထိတွေ့သည့် အကန့်အသတ်"  ဖြစ်ပါ လိမ့်မည်။ သို့သော် အဆင်မပြေပါ။ ဤအတိုင်းဘာသာပြန်လျှင် မည်သူမှ နားလည်နိုင်စရာအကြောင်းမရှိ။

PEL ဟူသည် အချိန်အတိုင်းအတာတစ်ခုအတွင်း လူတစ်ယောက် ခံနိုင်သည့် အမြင့်ဆုံးပမာဏ ဖြစ်၏။ ထိတွေ့ရန်ကြာချိန်များ လျှင် ခံနိုင်ရည်ပမာဏ နည်းသွားပြီး ထိတွေ့ရန်ကြာချိန်နည်းပါက ခံနိုင်ရည်ပမာဏ မြင့်လာသည်။ ဆိုလိုသည်မှာ ကြာကြာ ထိတွေ့ရလေ ခံနိုင်အားနည်းလေ ဖြစ်ပြီး ခဏတဖြုတ်သာ ထိတွေ့ရပါမူ ခံနိုင်ရည် ပိုများသည်။

ဥပမာဆိုရလျှင် ၈ နာရီအလုပ်လုပ်ချိန်အတွင်း နားမပင်းရန် လူတစ်ယောက်ခံနိုင်သည့် အမြင့်ဆုံး ဆူညံသံပမာဏမှာ ၈၅ ဒက်ဆီဘယ် (A) ဖြစ်၏။ သို့သော် ဆူညံသံမှာ ၈၂ ဒက်ဆီဘယ်မျှသာရှိလျှင် ၁၆ နာရီထိ ခံနိုင်၏။ ဆူညံသံ ၉၁ ဒက်ဆီဘယ်ထိ ရှိလာလျှင်မူ ခံနိုင်သည့်အချိန်မှာ ၂ နာရီထိ ကျသွား၏။ ဆိုလိုသည်မှာ ၉၁ ဒက်ဆီဘယ်ရှိနေသည့် နေရာတွင် လူတစ်ယောက် သည် ၂ နာရီထက်ပိုကြာအောင် အလုပ်လုပ်နေရပြီဆိုလျှင် များမကြာမီ နားလေးသည့် ဝေဒနာကို ခံစားရတော့မည် ဖြစ်၏။
Ref: WSH (Noise) Regulations, Sinagpore

ထို့အတူပင် အခြားပစ္စည်းများမှာလည်း အလားတူပင်ဖြစ်၏။

PEL ကို အခြားအမည်များဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသေး၏။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ကနေဒါက occupational exposure limits (OEL) ဟု ခေါ်၏။ American Conference of Governmental Industrial Hygienists (ACGIH) "Threshold Limit Value" (TLV) ဟုလည်းကောင်း၊ National Institute for Occupational Safety and Health (NIOSH) က "recommended exposure limits" (REL) ဟုလည်းကောင်း ခေါ်ကြ၏။ အချို့က Workplace environmental exposure limit (WEEL) ဟုလည်း ခေါ်သည်။

NIOH က (IDLH) (Immediately dangerous to life or health) ဟု ထပ်မံသတ်မှတ်ထားသေးရာ ၎င်းမှာ ချက်ချင်းသေစေနိုင် သော အလွန်အန္တရာယ်ရှိသည့် ပမာဏဖြစ်ပါသည်။

အလုပ်သမားများ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် ရည်ရွယ်၍ အန္တရာယ်ရှိသော ပစ္စည်းအားလုံးလိုလို၏ PEL ကို သတ်မှတ် ပေးထား၏။ အားလုံးဖော်ပြရန်မလိုအပ်ဟု ယူဆပါ၍ ဤနေရာတွင် လိုအပ်သလောက်သာ ဖော်ပြပါမည်။ အခြားပစ္စည်းများ၏ PEL ကို သိလိုသူများ ရည်ညွှန်းတွင် ပေးထားသည့် link ၌ download လုပ်ယူ ဖတ်ရှုနိုင်ပါ၏။

OSHA (Occupational Safety and Health Administration, USA Department of Labor); OSHA General Industry Air Contaminants Standard (29 CFR 1910.1000) ၏ ဇယားအမှတ် Z-1, Z-2 နှင့် Z-3 များတွင် PEL တန်ဘိုးများကို ရယူနိုင် ပါသည်။ သို့တိုင် ဖော်ပြထားချက်များမှာ ရှုပ်ထွေးလှ၏။ စင်ကာပူမှ WSH (General Provision) Regulations, First Schedule တွင်လည်း အန္တရာယ်ရှိပစ္စည်းများ၏ PEL ကို ဖော်ပြထားရာ ထိုဇယားမှာ အမေရိကန်မှဇယားထက် ပိုရှင်း၍ ဖတ်ရပိုလွယ်ကူ ပါသည်။

(၂) TWA, STEL, Ceiling Value

အန္တရာယ်ရှိပစ္စည်းများနှင့် ထိတွေ့နိုင်သည့် ပမာဏကို သုံးမျိုးဖော်ပြလေ့ရှိရာ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်၏။ ၎င်းမှာ PEL ကို အချိန်အတိုင်းအတာကိုလိုက်၍ ဖော်ပြထားခြင်း ဖြစ်၏။

TWA (Time-Weighted Average) - တစ်ရက်လျှင် ၁၀ နာရီ (အချို့က ၈ နာရီဟု ယူပါသည်။ နိုင်ငံလိုက်၍ ကွဲသွား၏။)၊ တစ်ပတ်လျှင် နာရီ (၄၀) (စင်ကာပူတွင် ၄၄ နာရီ) အလုပ်လုပ်ချိန်အတွင်း အလုပ်သမားတစ်ယောက်ခံနိုင်ရည်ရှိသော အမြင့်ဆုံးပမာဏ

STEL (Short-term Exposure Limit) - အလုပ်လုပ်ချိန် ၁၅ မိနစ်အတွင်း အလုပ်သမား တစ်ယောက်ခံနိုင်ရည်ရှိသော အမြင့်ဆုံး ပမာဏ

Ceiling Value (C) - မည်သည့်အချိန်တစ်ခုတွင်မဆို မည်သည့်အခါမှ မကျော်လွန်သင့်သော အမြင့်ဆုံး ပမာဏ

လူသုံးများသော ပစ္စည်းအချို့၏ PEL များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပစ္စည်းအမည်
PEL (ppm)
STEL
C
အက်ဆီတုန်း
၇၅ဝ
၁ဝဝဝ
၃၀၀၀
အမိုးနီးယား
၂၅
၃၅

ကာဘွန်ဒိုင်အောက်ဆိုဒ်
၅ဝဝဝ
၃ဝဝဝဝ

ကာဘွန်မိုနောက်ဆိုဒ်
၂၅
၅၀
၂ဝဝ
ကလိုရင်း
ဝ.၅
၁.ဝ

အင်ဒရင်း
ဝ.၁ mg/m3


အက်သနော
၁ဝဝဝ


ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်


နိုက်တြစ်အက်စစ်

အောက်တိန်း
၃ဝဝ
၃၇၅

ပင်တိန်း
၆ဝဝ
၇၅၀

ဆာလဖျူရစ်အက်စစ်
ဝ.၁ mg/m3
၃ mg/m3

တာပင်တိုင်
၁ဝဝ



Ref: First Schedule, WSH (General Provision) Regulations, Singapore

(၃) ppm (parts per million) and milligram per cubic meter (mg/m3)

ဓာတုဗေဒပစ္စည်းများအတွက် PEL ယူနစ်ကို ppm (parts per million) ဖြင့် ဖော်ပြ၏။ လေထု ထုထည် အပုံတစ်သန်း၏ ထိုပစ္စည်း ပါဝင်မှုအစိတ်အပိုင်းတစ်ခု ဖြစ်၏။ ဥပမာ - အမိုးနီးယား၏ PEL သည် 25 ppm ဖြစ်သည် ဆိုခြင်းမှာ လေထု၏ အပုံတစ်သန်းပုံ ပုံလျှင် အမိုးနီးယားဓာတ်ငွေ့က ၁၅ ပုံ ပါသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ထို့ပြင် အခြားယူနစ်တစ်ခုဖြစ်သော mg/m3 ဖြင့်လည်း ဖော်ပြပါသေးသည်။ ဤသည်မှာ လေထု ထုထည် ၁ ကုဗမီတာ၌ ပါဝင်သော ထိုပစ္စည်း၏ အလေးချိန် (မီလီဂရမ်) ဖြစ်၏။ ဥပမာ - ဆာလဖျူရစ် အက်စစ်၏ PEL မှာ 0.1 mg/m3 ဖြစ်သည် ဆိုရာတွင် လေ ၁ ကုဗမီတာ၌ ဆာလဖျူရစ်အက်စစ် ဝ.၁ မီလီဂရမ် ပါဝင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
(Ref: First Schedule, WSH (General Provision) Regulations, Singapore)

သို့သော် ppm, mg/m3 စသည်တို့ကို နားလည်ရန် မလွယ်ကူ။ ထို့ကြောင့် စာဖတ်ပရိသတ်များ နားလည်စေနိုင်ရန် ppm ကို ရှင်းလင်းဖော်ပြပါအံ့။

လူများအတွက် အန္တရာယ်ရှိသည့် အမိုးနီးယား ပမာဏမှာ TLV (TWA) 25 ppm, STEL - 35 ppm ဖြစ်၏။

သောက်ရေသန့်ဘူးကြီးတစ်ဘူးသည် တစ်လီတာခွဲ (၁၅ဝဝ စီစီ) ရှိ၏။ ရေပုလင်းဘူးလတ်သည် ၆ဝဝ စီစီ၊ ရေပုလင်း အသေးသည် ၅ဝဝ စီစီ ရှိသည်။ လဖက်ရည်ဇွန်း တစ်ဇွန်းသည် ၅ စီစီရှိသည်။ ဟင်းခပ်ဇွန်းခွက်တစ်ဇွန်းသည် ၁၅ စီစီ ရှိသည်။ သံဘူး အအေးဘူးတစ်ဘူးသည် ၃၂၅ စီစီရှိသည်။ ထို့ကြောင့် ရေပုလင်းအသေး ၂ ဘူးသည် ၁ လီတာရှိသည်။

စက်ရုံများက ရေပုလင်းများကို အရွယ်အစားအမျိုးမျိုးထုတ်ကြရာ ရေပုလင်း၌ပါဝင်သည့် ရေပမာဏကို အတိအကျသိရန် ပုလင်းပေါ်တွင် ရေးထားသည့် အညွှန်းစာကို ဖတ်ကြည့်ရပါမည်။

၂၅ ပီပီအမ် ဆိုလျှင် ၁ဝ လီတာတွင် ဝ.၂၅ စီစီ သို့မဟုတ် ၁ဝဝ လီတာတွင် ၂.၅ စီစီ ဖြစ်သည်။
၂.၅ စီစီ ၏ပမာဏမှာ လဖက်ရည်ဇွန်းတစ်ဝက် ဖြစ်၏။
ရေသန့်ဘူးအကြီးတစ်လုံးတွင် လီတာ ၂၀ ပါသည်။ ထို့ကြောင့် ထိုဘူးကြီးမျိုး ၅ ဘူး ဆိုလျှင် လီတာ ၁၀၀ ဖြစ်သည်။
ထို့ကြောင့် အမိုးနီးယား၏ PEL ၂၅ ပီပီအမ်ကို လူပြိန်းနားလည်အောင် ရှင်းပြရလျှင် -
လူတစ်ယောက်ခံနိုင်သော အမိုးနီးယားပမာဏမှာ ရေသန့်ဘူးကြီး ၅ ဘူးပမာဏရှိသော လေ တွင် အမိုးနီးယားဓာတ်ငွေ့ လဖက်ရည်ဇွန်း တစ်ဝက်ခန့် ပါဝင်မှုနှုန်း ဖြစ်၏။ ထို့ထက်ပိုပါက လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။

အက်ဆီတုန်း၏ PEL မှာ ၇၅၀ ပီပီအမ် ဖြစ်သည်။
၎င်းကို အထက်ပါအတိုင်း ပြန်ပြောင်းလျှင် အက်ဆီတုန်းပါဝင်နှုန်းမှာ လီတာ ၁၀၀ တွင် ၇၅ စီစီ ဖြစ်သည်။
ရှင်းအောင်ပြောရလျှင် ရေသန့်ဘူးကြီး ၅ ဘူးတွင် အက်ဆီတုန်းပမာဏ ထမင်းစားဇွန်းနှင့် ၅ ဇွန်း၊ တစ်နည်းအားဖြင့် ရေသန့်ဘူး ကြီး ၁ ဘူးတွင် အက်ဆီတုန်းပမာဏ ထမင်းစားဇွန်းနှင့် ၁ ဇွန်း၊ ရောလျှင် ၇၅၀ ပီပီအမ် ဖြစ်၏။

PEL ကို အလေးချိန်ဖြင့်ပြပါက ၁ ကုဗမီတာတွင် မီလီဂရမ်မည်မျှပါဝင်သည် (mg/m3) ဟု ပြ၏။
အက်ဆီတုန်း၏ PEL မှာ ၁၇၈၀ mg/m3 ဖြစ်၏။ ဆိုလိုသည်မှာ ရေ ၁ ကုဗမီတာ (၁၀၀၀ လီတာ = ၂၀ လီတာပါ ရေသန့်ဘူးကြီး အလုံး ၅၀) တွင် အက်ဆီတုန်းအလေးချိန် ၁၇၈၀ မီလီဂရမ်ကို ဖျော်ထားခြင်းဖြစ်၏။
အက်ဆီတုံး ဤပမာဏလောက်ပါဝင်သည့်ရေကို သောက်မိသည့်တိုင် ဘေးမဖြစ်။ ထို့ထက်ပိုပါလျှင်တော့ ဘေးဖြစ်မည်ဟု ဆိုလိုသည်။

(၄) နေ့စဉ်လူနေမှုဘဝ နှင့် PEL

PEL ဟု ဆိုလိုက်လျှင် ဓာတုဗေဒပစ္စည်းများကို ပြေးမြင်တတ်ကြ၏။ မဟုတ်ပါ။ နေရာတကာ PEL ရှိသည်။
ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေသည့် အစားအစာများတွင်လည်း PEL ရှိသည်သာ ဖြစ်၏။ မြန်မာစကားပုံတွင် တန်ဆေး၊ လွန်ဘေး ဟု ရှိသည်။ ဤသည်မှာ PEL ဖြစ်၏။

ဥပမာ - လူတစ်ယောက် တစ်နေ့တာ စားသင့်သော ကြက်ဥပမာဏမှာ (၁) လုံးဖြစ်ပါသည်။ ကြက်ဥတစ်လုံး၌ပါဝင်သည့် ကိုလက်စထရော စသည့် ဓာတ်များကို ခန္ဓာကိုယ်က ချေဖျက်ပေးနိုင်သည်။ သို့သော် တစ်နေ့လျှင် ကြက်ဥ လေးလုံးကို နေ့တိုင်း စားပါက အသည်းအဆီဖုံးသည့်ရောဂါ ရတော့မည်။ ထို့ကြောင့် လူခန္ဓာကိုယ်အတွက် ကြက်ဥ၏ PEL မှာ တစ်နေ့တစ်လုံး ဖြစ်ပါသည်။

ထို့အတူပင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စသည်တို့မှာလည်း ကာလတစ်ခုအတွင်း ခန္ဓာကိုယ်က လက်ခံနိုင်သည့်၊ ချေဖျက်ပေးနိုင်သည့် ပမာဏမှာ PEL ဖြစ်သည်။ ထိုပမာဏအတွင်း၌သာ စားသောက်မည်ဆိုပါက ကျန်းမာရေးကို မထိခိုက်နိုင်ပါ။ ဟင်းချက်ရာ၌ သုံးသည့် ဆား၊ ဆီ၊ သကြား စသည်တို့မှာလည်း ထို့အတူပင် ဖြစ်ပါသည်။

လူမှုရေးနယ်ပယ်၌လည်း PEL ရှိသည်။
ဥပမာ - သူငယ်ချင်းနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် စ နောက် နေကြသည် ဆိုပါစို့။ တော်ရုံတန်ရုံ စ နောက်တာပဲ ကောင်းသည်။ သိပ်အလွန်အကျွံ ဖြစ်လာလျှင် ရန်ပွဲဖြစ်သွားကာ သတ်ကြဖြတ်ကြသည်ထိ ဖြစ်နိုင်သည်။ သို့သော် ဤသည်မှာ စိတ်ခံစားမှုနှင့် သက်ဆိုင်၍ မည်မျှပြောလျှင် ခံနိုင်သည်။ မည်မျှအထိပြောလျှင်တော့ မခံနိုင်ဟု သိပ္ပံနည်းပညာများဖြင့် တိုင်းတာရန် မလွယ်ကူ။

ယုတ်စွအဆုံး အဆိပ်နှင့် ရောဂါပိုးမွှားများကိုပင်လျှင် ခန္ဓာကိုယ်က လက်ခံနိုင်သလောက်သာ ထိုးထည့်ပါက ဘာမှမဖြစ်ပါ။  ကာကွယ်ဆေးဆိုသည်မှာ မသေမရှင်လုပ်ထားသော ရောဂါပိုးများကို ခန္ဓာကိုယ်အတွင်း ထိုးထည့်တာ မဟုတ်ပါလော။

ကျွန်ုပ်တို့ငယ်စဉ်က သိုင်းဝတ္ထုများတွင် အဆိပ်ပြီးသော သိုင်းဆရာကြီးများအကြောင်း ဖတ်ရ၏။ ၎င်းတို့အဆိပ်ပြီးပုံမှာ ငယ်စဉ်ကတည်းကစ၍ အဆိပ်မျိုးစုံကို နည်းနည်း နည်းနည်းချင်း စားလာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း တိုးကာ စားသည်။ နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်မတော့ ခန္ဓာကိုယ်က အဆိပ်နှင့်ယဉ်ပါးသွားကာ အဆိပ်ပြီးသွားသည်ဆို၏။ သူတို့ပြောတာ ဖြစ်နိုင်ပါသည်။ အထက်တွင်ပြောခဲ့သလို ကာကွယ်ဆေးထိုးသည့် သဘောပင်ဖြစ်ပါသည်။ 

Safety တွင်သုံးသည့် PEL ကို မိမိတို့လူနေမှုဘဝတွင် အသုံးချတတ်လျှင်လည်း များစွာ အကျိုးကျေးဇူးရှိပါကြောင်း တင်ပြလိုက်ရ ပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)

ရည်ညွှန်း -

https://en.wikipedia.org/wiki/Permissible_exposure_limit
https://www.ilo.org/safework/info/publications/WCMS_151534/lang--en/index.htm#P48_1558
https://www.ccohs.ca/oshanswers/hsprograms/occ_hygiene/occ_exposure_limits.html
https://www.cdc.gov/niosh/docs/2005-149/default.html
WSH (General Provision) Regulations, Singapore

No comments: