Wednesday, February 20, 2019

ISO 45001_လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အတွက် အပြည်ပြည်ဆိုင်ရာစံနှုန်း-၁


အပိုင်း (၁)

ISO 45001 ဖြစ်ပေါ်လာပုံ



၁။ စံနှုန်းဆိုတာ ဘာလဲ (What is a Standard?)
(Ref: https://www.bsigroup.com/en-SG/Standards/Information-about-standards/What-is-a-standard/)

            စံနှုန်းဆိုသည်မှာ တစ်ခုခုပြုလုပ်ရန် သဘောတူထားသည့် နည်းလမ်းတစ်ခု ဖြစ်၏။ ၎င်းသည် ပစ္စည်းတစ်ခုခုထုတ်ခြင်း၊ ထုတ်လုပ်မှုနည်းစဉ်တစ်ခုခု၊ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု သို့မဟုတ် ပစ္စည်းပံ့ပိုးပေးခြင်း စသည်တို့အတွက် ဖြစ်နိုင်ပါသည်။ စံနှုန်းသည် အဖွဲ့အစည်းများနှင့် ၎င်း၏ ဖောက်သည်များ လုပ်ဆောင်မည့် လုပ်ငန်းအားလုံးကို ကျယ်ပြန့်စွာ လွှမ်းခြုံနိုင်၏။
            စံနှုန်းသည် ထုတ်လုပ်သူများ၊ ရောင်းဝယ်သူများ၊ စားသုံးသူများ၊ ကုန်သည်ကြီးများ၊ အသုံးပြုသူများ၊ ဥပဒေပြုသူများ၏ လိုအပ်ချက်ကို သိနားလည်သော ကျွမ်းကျင်ပညာရှင်များက ရေးဆွဲထားသည့် ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းဖြစ်၏။
            စံနှုန်းများမှာ Voluntary ဖြစ်ပါသည်။ ၎င်းတို့မှာ လူတို့အကျိုးစီးပွားအတွက် လိုက်နာသင့်သော စည်းမျဉ်းများသာဖြစ်ပြီး ဥပဒေဖြင့်ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများကဲ့သို့ မလိုက်နာမနေရ မဟုတ်။ မလိုက်နာသည့်တိုင် ထိုသူ၊ ထိုအဖွဲ့အစည်းကို အရေးယူလို့မရပါ။ ထုတ်လုပ်သူ၊ သုံးစွဲသူများသည် မိမိထုတ်ကုန်/လုပ်ငန်းများ ပိုမိုအရည်အသွေးကောင်း၊ စိတ်ချရစေရန်အတွက် စံနှုန်းများကို လိုက်နာကျင့်သုံးကြသည်။ သုံးစွဲသူများအနေနှင့်လည်း ထိုပစ္စည်းကို မည်သည့်စံနှုန်းအတိုင်း ထုတ်လုပ်ထားသည် ဟု သိရလျှင် စိတ်ချလက်ချ သုံးစွဲနိုင်သည်။ ထို့ကြောင့် စံနှုန်းများကို လိုက်နာခြင်းသည် ထုတ်လုပ်သူအတွက်ရော သုံးစွဲသူအတွက်ပါ နှစ်ဦးနှစ်ဘက် အကျိုးများသဖြင့် လိုက်နာလုပ်ဆောင်ကြခြင်း ဖြစ်၏။
            ဥပမာ ISO45001 သည် အလုပ်လုပ်နေသူများ၏ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြု သဖြင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေနှင့် လိုက်နာကျင့်သုံးရန် သင့်တော်လှ၏။ သို့သော် ISO45001 ကို မလိုက်နာဟု ဆိုကာ အစိုးရက ထိုအဖွဲ့အစည်း/ကုမ္ပဏီကို အရေးယူ၍ မရပါ။ သို့တိုင် အဖွဲ့အစည်းတစ်ခုသည် ဤစံနှုန်းကို မလိုက်နာသဖြင့် လုပ်ငန်းခွင် ၌ ထိခိုက်ဒဏ်ရာရမှု၊ လူသေမှုများ မကြာခဏဖြစ်သည်ဆိုလျှင် ထိုအဖွဲ့အစည်း နာမည်ပျက်မည်။ ထိုအခါ နောင်တွင် အလုပ်ရဘို့ ခဲယဉ်းသွားပေလိမ့်မည်။ လုပ်သားများအနေနှင့်လည်း မိမိ ထိခိုက်ဒဏ်ရာရမည့်အရေး စိုးရိမ်နေရသောကြောင့် အလုပ်မတွင်။ လုပ်ချင်ကိုင်ချင်စိတ် နည်းမည်။ မကြာခဏ ထိခိုက်ဒဏ်ရာရလျှင် အာမခံကြေးလည်း မြင့်တက်မှာ သေချာလှပါသည်။
            ထို့ကြောင့် မိမိလုပ်ငန်းခွင်တွင် ISO 45001 ကို ချမှတ်ကျင့်သုံးခြင်းဖြင့် အန္တရာယ်နည်းသည့် လုပ်ငန်းခွင်ကို ဖန်တီး ယူမည်လား၊ မတော်တဆမှုတွေကို လျှော့ချမည်လား။ သို့တည်းမဟုတ် ဈေးကွက်တွင် နာမည်အပျက်ခံမည်လား ဆိုသည်ကို လုပ်ငန်းရှင်/ အဖွဲ့အစည်းများအနေနှင့် မိမိဘာသာ ရွေးချယ်နိုင်ပါသည်။
            စံနှုန်းများသည် အသိပညာဖြစ်၏။ စွမ်းအားပြည့် လက်နက်များဖြစ်၏။ ၎င်းတို့က ကုန်ထုတ်တိုးရေးကို တိုးတက်စေသည်။ အဖွဲ့အစည်းများကို အောင်မြင်စေသည်။ လူအများ၏ နေ့စဉ်လူနေမှုဘဝကို အန္တရာယ်ကင်းစေသည်၊ ကျန်းမာစေသည်၊ ပိုမို လွယ်ကူစေသည်။
            စံနှုန်းများမှာ နိုင်ငံကိုလိုက်၍ အမျိုးမျိုးကွဲသွားနိုင်သည်။ အမေရိကန်စံနှုန်း၊ ဥရောပစံနှုန်း၊ ဂျာမန်စံနှုန်း၊ ဗြိတိသျှစံနှုန်း၊ ဂျပန်စံနှုန်း၊ သြစတေးလျ-နယူးဇီလန် စံနှုန်း စသဖြင့်ဖြစ်၏။ အမေရိကန်စံနှုန်းတွင်ပင် ASTM, ASME, AWS စသဖြင့် အမျိုးမျိုး ရှိသေးသည်။ ဗြိတိသျှစံနှုန်းချည်း သုံးသောင်းကျော်ရှိသည်။
            မည်သည့်စံနှုန်း ကောင်းသနည်းဟူမူ စံနှုန်းတိုင်း သူ့ဟာနှင့်သူ ကောင်းတာချည်း ဖြစ်ပါသည်။ မိမိနှင့်ကိုက်ညီမည့် စံနှုန်းတစ်ခု ကိုသာ လိုက်နာဘို့လို၏။
            အပြည်ပြည်ဆိုင်ရာစံနှုန်းများက ထုတ်ကုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စနစ်များ၏ အရည်အသွေး၊ အန္တရာယ် ကင်းရေးနှင့် စွမ်းရည်တို့ကို ပိုမိုကောင်းမွန်လာစေသည်။ ယခုအခါ ISO က အပြည်ပြည်ဆိုင်ရာစံနှုန်းနှင့် ၎င်းတို့နှင့် ဆက်နွယ် နေသည့် စာရွက်စာတမ်းပေါင်း ၂၂၆၅၄ ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်၏။ ထိုစံနှုန်းများသည် နည်းပညာနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းအားလုံး လိုလိုကို ခြုံမိငုံမိရှိသည်။
            နမူနာအဖြစ် အောက်တွင် စံနှုန်းအချို့ကို ဖော်ပြထားပါသည်။

Standard
Title
ASTM A131/A131M
Standard Specification for Structural Steel for Ships
ASTM A197/A197M
Standard Specification for Cupola Malleable Iron
ASTM A709/A709M
Standard Specification for Structural Steel for Bridges
ASME A17.1-2004
Safety Code for Elevators and Escalators, Includes Addendum and Supplement
ASME B1.20.1-1983(R2006)
Pipe Threads, General Purpose (Inch)
BS EN 1011-6:2018
Welding. Recommendation for welding of metallic materials. Laser beam welding
BS 45002-0:2018
Occupational health and safety management systems. General guidelines for the application of ISO 45001
BS EN 60204
Safety of machinery
JIS H 3140
Copper bus bars
JIS H 4301
High purity aluminium foils
JIS Q 9001
Quality management systems - requirements
DIN 315
Wing nuts with rounded wings
DIN 444
Eyebolts
DIN 919-1
Technical Drawings; Wood Processing; Principles
ISO 37001:2016
Anti-bribery management systems
ISO/IEC 80000
Quantities and units
ISO/IEC 81714
Design of graphical symbols for use in the technical documentation of products
AS 4041-2006
Pressure piping
AS 4024.1-2006
Safety of machinery


၂။ ISO (International Organization of Standardization)

            ISO45001 အကြောင်းမပြောခင် ထိုစံနှုန်းကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့သည့် ISO အဖွဲ့ကြီးအကြောင်း မိတ်ဆက်ပေးလို ပါသည်။
            ISO (International Organization for Standardization) အဖွဲ့သည် လွတ်လပ်သော၊ အစိုးရမဟုတ်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ၁၉၄၆ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကိုယ်စားလှယ်များသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ Institute of Civil Engineers တွင် တွေ့ဆုံကြကာ အပြည်ပြည်ဆိုင်ရာ စံနှုန်းများ ရေးဆွဲပြဋ္ဌာန်းရေး ဆွေးနွေးခဲ့ကြ၏။ သို့နှင့် ၁၉၄၇၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ISO အဖွဲ့ကို တရားဝင် စတင်ဖွင့်လှစ်ကာ လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့၏။
            ယနေ့အချိန်အခါတွင်မူ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၂ နိုင်ငံထိရှိလာခဲ့ပြီ။ စံနှုန်းများ ရေးဆွဲပြဋ္ဌာန်းရေးအတွက် နည်းပညာ ကော်မတီ နှင့် ဆပ်ကော်မတီ စုစုပေါင်း ၇၈၅ ခု ရှိ၏။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ အထွေထွေ အတွင်းရေးမှူး ရုံးချုပ်တွင် အချိန်ပြည့်ဝန်ထမ်း ၁၃၅ ဦးကျော်ရှိ၏။
            ထိုအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအတွက် ပြဿနာဖြေရှင်းနည်းများကို ပံ့ပိုးပေးရန်နှင့် တီထွင်ကြံဆမှုများ အတွက် ပံ့ပိုးမှုများပေးရန် ဈေးကွက်နှင့် ကိုက်ညီသော၊ ကောက်ယူရရှိသော အချက်အလက်များပေါ် အခြေခံထားသော၊ လိုက်နာသင့်သည့် အပြည်ပြည်ဆိုင်ရာစံနှုန်းများကို အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူများ၏အကူအညီဖြင့် ရေးဆွဲပြဋ္ဌာန်းပေးသည်။
            အပြည်ပြည်ဆိုင်ရာစံနှုန်းအဖွဲ့ကြီးကို နိုင်ငံအလိုက် နာမည်အမျိုးမျိုးဖြင့် ခေါ်ကြသေး၏။ အင်္ဂလိပ်လို IOS, ပြင်သစ်လို OIN (Organisation Internationale de normalisation) စသဖြင့် ဖြစ်၏။ ISO အဖွဲ့ကို စတင်တည်ထောင်သူများကမူ ISO ဆိုသည့် စာသားကိုသာ ကြိုက်ကြသည်။ ISO ဆိုသည်မှာ ဂရိစကားလုံး ISOS မှ ဆင်းသက်လာပြီး ညီမျှခြင်း ဟု အဓိပ္ပာယ်ရ၏။ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို ဤစံနှုန်းကိုလိုက်နာ ကျင့်သုံးမည်ဆိုပါက အားလုံး တန်းတူညီမျှ အရည်အသွေးကို ရရှိစေသည် ဟု ဆိုလို၏။




ISO သည် လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းများသတ်မှတ်နိုင်ရန် IEC (International Electrotechnical Commission) အဖွဲ့ကိုပါ ထူထောင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ရာ အချို့ ISO standard များတွင် ISO/IEC ဟု ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။ ISO/IEC နှစ်ဖွဲ့ရှိရာ ISO/IEC JTC1 ကို ၁၉၈၇ တွင်လည်းကောင်း၊ ISO/IEC JTC2 ကို ၂၀၀၉ ခုနှစ်တွင်လည်း ကောင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့၏။
            ISO အဖွဲ့ဝင်ပုံစံ ၃ မျိုးရှိ၏။ ၎င်းတို့မှာ -

၁။ Member bodies  
၂။ Correspondent members
၃။ Subscriber members . . . တို့ ဖြစ်၏။

            ISO အဖွဲ့၏ အဓိကအလုပ်မှာ စံနှုန်းများ ရေးဆွဲခြင်း ဖြစ်၏။ စံနှုန်းများအပြင် technical reports, technical specifications, publicly available specifications, technical corrigenda, and guides စသည်တို့ကိုလည်း ရေးသား ထုတ်ဝေပါသေးသည်။
            ISO အဖွဲ့အကြောင်း ပိုမို၍ အသေးစိတ်သိလိုသူများ အောက်ပါ link မှ download လုပ်ယူ ဖတ်ရှုနိုင်ပါသည်။
https://www.iso.org/files/live/sites/isoorg/files/about%20ISO/docs/en/Friendship_among_equals.pdf

၃။ ISO 45001 (International Standard for Occupational Health and Safety Management System)

            ကမ္ဘာတဝှမ်း၌ လုပ်ငန်းခွင် မတော်တဆမှုများကြောင့်သော် လည်းကောင်း၊ လုပ်ငန်းခွင်မှရသော ရောဂါဘယများကြောင့် သော်လည်းကောင်း သေဆုံးရမှုများမှာ တစ်ရက်လျှင် ၇၆၀၀ ကျော်၊ တစ်နှစ်လျှင် ၂.၇၈ သန်းကျော် ရှိပါသည်။ လုပ်ငန်းခွင်မှ ရသော ရောဂါဘယနှင့် ထိခိုက်ဒဏ်ရာရမှုများမှာ နှစ်စဉ် ၃၇၄ သန်းမျှထိ ရှိ၏။
            ကမ္ဘာ့နိုင်ငံများမှ လုပ်ငန်းခွင်ထိခိုက်သေဆုံးရမှုများကိုကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည် ဖြစ်၏။




နည်းပညာများ တိုးတက်လာမှုနှင့်အတူ အဖွဲ့အစည်းများသည် ယနေ့အချိန်အခါတွင် အမျိုးမျိုးသော စီးပွားရေးနှင့် လုပ်ငန်းဆောင်တာ စိန်ခေါ်မှုများကို ရင်ဆိုင်ရလျှက်ရှိ၏။ တိုးတက်လာသော နည်းပညာများနှင့်အတူ လုပ်ဆောင်မှုများကလည်း ပိုမိုရှုပ်ထွေးလာသည်။ တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့် အန္တရာယ်အသစ်များလည်း ပေါ်ထွက်လာသည်။ စီးပွားရေးပြိုင်ဘက်များနှင့် ဥပဒေပြုအဖွဲ့အစည်းများကဲ့သို့သော ပြင်ပတွန်းအားများသည်လည်း ဒုတိယတန်းစား ဖိအားများဖြစ်၏။
            ထိုအခါ အဖွဲ့အစည်းများသည် ဈေးကွက်တွင် ဆက်လက်ရပ်တည်နိုင်စေရန် တိုးတက်ပြောင်းလဲလာသော စနစ်နှင့်အတူ သဟဇာတဖြစ်အောင် လိုက်နာ လုပ်ဆောင်ရန် လိုလာ၏။ စီမံခန့်ခွဲမှုညံ့ဖျင်းလျှင် မသေချာမရေရာမှုနှင့် ပိုမိုရှုပ်ထွေးမှုများဆီ ဦးတည်သွားနိုင်သည်။
            ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် ISO 45001 "လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အတွက် အပြည်ပြည် ဆိုင်ရာစံနှုန်း" က အလုပ်ကြောင့်ရသော ရောဂါများ၊ လုပ်ငန်းခွင်၌ကြုံတွေ့ရသည့် ဆိုးကျိုးဖြစ်နိုင်ချေများ၊ လုပ်ငန်းခွင် မတော်တဆမှုများကို လျှော့ချရေး၊ တည်ဆဲဥပဒေများနှင့် ညီညွတ်စေရေးအတွက် များစွာအထောက်အကူပြု၏။
            သို့ဆိုလျှင် ISO 45001 ကို လိုက်နာကျင့်သုံးခြင်းဖြင့် မည်သည့် အကျိုးအမြတ်များ ရမည်နည်း။
            ဤစနစ်မှာ အပြည်ပြည်ဆိုင်ရာက လက်ခံကျင့်သုံးနေသည့် စံနှုန်းဖြစ်သဖြင့် ISO 45001 ကို လိုက်နာကျင့်သုံးနေသော မည်သည့် နိုင်ငံက ကုမ္ပဏီမဆို အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်သည့်အခါ အထွေအထူးထပ်မံ လုပ်နေစရာမလို။ လက်ရှိ ISO 45001 စနစ်အတိုင်းသာ ဆက်လက်ကျင့်သုံးသွားရုံဖြစ်၏။ ထို့ကြောင့် လွယ်ကူသည်။ အလုပ်ရှုပ်သက်သာသည်။ လုပ်သားများကို သီးသန့် လေ့ကျင့်သင်ကြားပေးနေစရာ မလိုတော့သောကြောင့် အချိန်ကုန်၊ ငွေကုန်သက်သာသည်။ စာရွက် စာတမ်းများ အသစ် ထပ်မံ ရေးဆွဲနေစရာမလိုတော့သဖြင့် စီမံခန့်ခွဲမှုအပိုင်းတွင် အလုပ်များစွာ သက်သာသွားသည်။
            ဒုတိယတစ်ချက်အနေနှင့် ISO 45001 မှာ စနစ်တကျရေးဆွဲထားခြင်းဖြစ်သောကြောင့် ခေါင်းဆောင်မှုပေးရာတွင် လည်းကောင်း၊ လုပ်သားများ ပါဝင်ပတ်သက်မှုတွင်သော်လည်းကောင်း ယခင်ကထက် ပိုမိုအားကောင်းလာသည်၊ ကောင်းမွန် လာသည်။
            ထို့ပြင် အခြားစံနှုန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သဖြင့် ပိုမိုလွယ်ကူသည်။ လက်တွေ့ကျင့်သုံးရာတွင် ပိုမို တိုးတက်မှု ရှိသည်။ ပစ္စည်းထောက်ပံ့သော၊ ဝန်ဆောင်မှုပေးသော ကုမ္ပဏီများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်။

၃၊ ၁။  ISO 45001 ဖြစ်ပေါ်လာပုံ

            ISO 45001 ကို အဘယ်ကြောင့် ချမှတ်ကျင့်သုံးရန် လိုသနည်းဆိုသော် လုပ်ငန်းခွင်မတော်တဆမှုများ၊ သေဆုံး နေရမှုများကို လျှော့ချရန် ဖြစ်၏။ ရေးဆွဲသောအဖွဲ့မှာ ISO/PC283 ဖြစ်၏။ PC မှာ Project Committee ဖြစ်၏။ ထိုကော်မတီ၏ အဓိကတာဝန်မှာ ISO 45001 စံနှုန်းတစ်ရပ်ထွက်ပေါ်လာရေး လုပ်ဆောင်ရန်ဖြစ်၏။ စံနှုန်းမူကြမ်းရေးဆွဲရာတွင် နိုင်ငံပေါင်း (၇၀) မှ ပညာရှင်များ ပူးပေါင်း ပါဝင်ခဲ့ကြ၏။
            ISO 45001 ကိုရေးဆွဲရန် ၂၀၁၃ အောက်တိုဘာ၊ ၂၅ ရက်တွင် တင်ပြခဲ့၏။ ၂၀၁၄ ဇန္နဝါရီလတွင် စံနှုန်းမူကြမ်း ထွက်လာပြီး ကြေငြာခဲ့ရာ သဘောထားမှတ်ချက်ပေါင်း ၁၃၀၀ လက်ခံရရှိခဲ့၏။ ထို့နောက် ဇူလိုင်လ၊ ၂၀၁၄ တွင် ကော်မတီ မူကြမ်း ထွက်ခဲ့၏။ သို့သော် အတည်မပြုနိုင်ခဲ့။ ထိုမူကြမ်းအပေါ် မှတ်ချက်ပေါင်း ၂၅၀၀ ရရှိခဲ့၏။ ထို့နောက် ၂၀၁၅ မတ်လတွင် ဒုတိယအကြိမ် ကော်မတီမူကြမ်း ထပ်ထွက်လာပြန်သည်။ မူကြမ်းအပေါ်သုံးသပ်ဝေဖန်ခြင်းကို ဇွန်လ ၂၀၁၅ တွင် ပိတ်ခဲ့ရာ မှတ်ချက်ပေါင်း ၂၅၀၀ ထပ်မံရရှိခဲ့ပြန်သည်။ ISO 45001 ၏ progress timeline မှာ အောက်ပါအတိုင်း ဖြစ်၏။





            နောက်ဆုံးစံနှုန်းမူကြမ်း (DIS-Draft Internation Standard) ကို ၂၀၁၆ ဇန္နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထိုစံနှုန်းမူကြမ်းကို၂၀၁၆၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ဆန္ဒခံယူခဲ့၏။ ၂၀၁၇ ဇန္နဝါရီလတွင် ထို နောက်ဆုံးစံနှုန်းကို ပုံနှိပ်ရန် ရည်မှန်းခဲ့၏။
            နောက်ဆုံးအတည်ပြုပြီး ISO 45001 ကို မတ်လ ၁၂ ရက်၊ ၂၀၁၈ တွင် ပုံနှိပ်ခဲ့၏။

၃၊ ၂။ အမျိုးသားစံနှုန်းအဖြစ် လက်ခံကျင့်သုံးခြင်း

            ISO 45001 သည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသည့် ကမ္ဘာ့ပထမဆုံး လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စံနှုန်းဖြစ်၏။ ISO 45001 ကို နိုင်ငံအတော်များများက ၎င်းတို့၏ အမျိုးသားစံနှုန်းဖြစ် လက်ခံကျင့်သုံးကြရာ ထိုနိုင်ငံများမှာ အောက်ပါတို့ဖြစ်ကြ၏။
            အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ချီလီ၊ ကော့စ်တာ ရီကာ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂျာမဏီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ရိုမေးနီးယား၊ ဆာဗီးယား၊ ဆလိုဗေးနီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေ၊ အုရုဂွေး၊ သြစတေးလျား။
            ဤစံနှုန်းကို လုပ်ငန်းအရွယ်အစားမရွေး၊ လုပ်ငန်းသဘာဝမရွေး မည်သည့်ကုမ္ပဏီမဆို လိုက်နာကျင့်သုံးနိုင်ရန် ရည်ရွယ် ရေးဆွဲထား၏။ သေးငယ်ပြီးအန္တရာယ်နည်းသော လုပ်ငန်းများသည်လည်း ကြီးမားရှုပ်ထွေးပြီး အန္တရာယ်များသည့် လုပ်ငန်းကြီး များကဲ့သို့ပင် အညီအမျှလိုက်နာကျင့်သုံးနိုင်၏။ ဤစံနှုန်းက လိုက်နာကျင့်သုံးသော မည်သည့်အဖွဲ့အစည်းကိုမဆို ချမှတ်ပြဋ္ဌာန်း ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန် ကူညီပေး၏။

၃၊ ၃။ ISO 45001 ၏ ရည်မှန်းချက်

Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ဆိုးကျိုးဖြစ်နိုင်ချေများနှင့် အခွင့်အလမ်းများကို စီမံခန့်ခွဲရာ၌ မူဘောင်တစ်ခု ပံ့ပိုးပေးရန်
Ø  အလုပ်သမားများအား အလုပ်နှင့်သက်ဆိုင်သည့် ဒဏ်ရာအနာတရဖြစ်မှုများနှင့် ကျန်းမာရေးထိခိုက်မှုများမှ အကာအကွယ်ပေးရန်
Ø  အန္တရာယ်ကင်းပြီး ကျန်းမာသည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရန်
Ø  အန္တရာယ်များကို ဖယ်ရှားပစ်ရန်၊ ထိရောက်သော အကာအကွယ်၊ အတားအဆီးများဖြင့် လအကဆိုးကျိုးဖြစ်နိုင်ချေများကို လျှော့ချရန်။
Ø  လအကဆိုးကျိုးဖြစ်နိုင်ချေများကိုစီမံခန့်ခွဲရန်နှင့် လအကစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်
Ø  တရားဥပဒေဆိုင်ရာနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်

၃၊ ၄။ ISO 45001 ကိုလိုက်နာကျင့်သုံးခြင်းဖြင့် ရရှိလာမည့် အကျိုးအမြတ်များ

            ISO 45001 ကို လိုက်နာကျင့်သုံးခြင်းဖြင့် အောက်ပါအကျိုးအမြတ်များကို ရနိုင်ပါသည်။

Ø  အလုပ်ကြောင့်ဖြစ်သည့် ဒဏ်ရာအနာတရဖြစ်မှုများ၊ ကျန်းမာရေးထိခိုက်မှုများ၊ သေဆုံးမှုများကို လျှော့ချနိုင်ခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ဆိုးကျိုးဖြစ်နိုင်ချေများကို ဖျောက်ဖျက်နိုင်ခြင်း သို့မဟုတ် အနည်းဆုံးသို့ လျှော့ချနိုင်ခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး လုပ်ငန်းများနှင့် ထိရောက်မှုကို တိုးတက်လာစေခြင်း
Ø  ပံ့ပိုးမှုကွန်ရက် လိုအပ်ချက်များနှင့် ကိုက်ညီစေခြင်း၊ ကုမ္ပဏီ၏တာဝန်ယူမှုကို ပြသနိုင်ခြင်း
Ø  မိမိကုမ္ပဏီ အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ခြင်း
Ø  ဝန်ထမ်းများအား အကြံပြုရန်နှင့် ပါဝင်ဆောင်ရွက်နိုင်ရန် စေ့စပ်ပေးခြင်း၊ အားပေးအားမြှောက်ပြုခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး အန္တရာယ်များကိုပိုမို သတိပြုမိလာစေခြင်း
Ø  သင့်တော်သည့် အရေးယူဆောင်ရွက်မှုများပြုခြင်းဖြင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ဆောင်ရွက်ချက်များကို သုံးသပ်ခြင်းနှင့် တိုးတက်စေရန်ကြံဆောင်ခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးအရေးကိစ္စများတွင် လုပ်သားများတက်ကြွစွာပါဝင်လာစေရန် သေချာစေခြင်း

တိုက်ရိုက်အကျိုးအမြတ်

Ø  ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို လိုက်နာနိုင်စွမ်း ပိုမိုမြင့်မားလာခြင်း
Ø  မတော်တဆမှုကြောင့် ကုန်ကျရသော စရိတ်စကများကို လျှော့ချနိုင်ခြင်း
Ø  လုပ်ငန်းဆောင်ရွက်ရာ၌ အနှောင့်အယှက်များကြောင့် ကုန်ကျစရိတ်များနှင့် နှောင့်နှေးကြန့်ကြာမှုများကို လျှော့ချနိုင်ခြင်း
Ø  အာမခံအတွက်ပေးရသည့် ငွေကြေးပမာဏ (ပရီမီယံကြေး) ကို လျှော့ချနိုင်ခြင်း
Ø  အလုပ်ဆင်းရန်ပျက်ကွက်မှုများနှင့် လုပ်သားများအတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း
Ø  အပြည်ပြည်ဆိုင်ရာတန်းဝင်ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံရခြင်း

၃၊ ၅။ ISO 45001 လက်မှတ်ရအောင် ကြိုးစားပုံအဆင့်ဆင့်

            အကယ်၍ သင်သည် ISO 45001 လက်မှတ်ရရန် ရည်မှန်းထားသည်ဆိုပါစို့။ အောက်ပါတို့ကို ပြင်ဆင်ထားရမည်။

၁။ အဖွဲ့အစည်း၏ လုပ်ငန်းခွင်ကျန်းမာရေး၊ အန္တရာယ်ကင်းရေးနှင့် ပတ်သက်နေသည့် အချက်များကို ဆန်းစစ်ရန်လို၏။ ထို့အတူ မိမိ၏ စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်နိုင်သော အဇ္ဈတ္တ၊ ဗဟိဒ္ဓအချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည်။
၂။ မိမိတို့၏ လုပ်ငန်းခွင်ကျန်းမာရေး နှင့် အန္တရာယ်ကင်းရေးစနစ်ကို မည်မျှထိ ရည်မှန်းထားသနည်းဆိုသည့်အပေါ် တူတည်၍  (အန္တရာယ်ကင်းရေး) နယ်ပယ်ကို သတ်မှတ်ရမည်။
၃။ လုပ်ငန်းခွင်ကျန်းမာရေး၊ အန္တရာယ်ကင်းရေး မူဝါဒ နှင့် ရည်မှန်းချက်များ သတ်မှတ်ရမည်။
၎။ စနစ်ကို ချမှတ်ကျင့်သုံးရာတွင် အချိန်ကာလတစ်ခု သတ်မှတ်ကျင့်သုံးရမည်။ ထို့နောက် ရည်မှန်းချက်များပြည့်မီစေရန် မည်ကဲ့သို့လုပ်မည်ကို အစီအစဉ်ရေးဆွဲရမည်။
၅။ စံနှုန်းကို စတင်မကျင့်သုံးမီ အကောင်အထည်ဖော်ရာ၌ လိုအပ်မည့် အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများကို ဦးစွာ ရှာဖွေထား ရမည်။

မှတ်ချက်။           

၁။ Occupational Health and Safety ကို အတိုကောက် OH&S ဟု သုံးသကဲ့သို့ မြန်မာလို "လုပ်ငန်းခွင် ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး" ကို နောက်ပိုင်းတွင် 'လအက' ဟု အတိုကောက် သုံးပါမည်။
၂။ Occupational Health and Safety Management System ကို အတိုကောက် OH&SMS ဟု သုံးသကဲ့သို့ မြန်မာလို "လုပ်ငန်းခွင် ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးစနစ်" ကို နောက်ပိုင်းတွင် 'လအကစ' ဟု အတိုကောက် သုံးပါမည်။

အဆင့် (၁) - ပထမဦးဆုံးဆန်းစစ်ချက်
            ဤပထမဦးဆုံးဆန်းစစ်မှုက ISO 45001 တွင်ပြဆိုထားသည့် မရှိမဖြစ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ ရှာဖွေစစ်ဆေး ပေးသည်။ အကယ်၍ လအကစ လိုအပ်ချက်များနှင့် ကိုက်ညီပါက အဆင့် (၂) ကို ဆက်သွားနိုင်သည်။

အဆင့် (၂) - ဒုတိယဆန်းစစ်ချက်

            ဒုတိယဆန်းစစ်မှုက စနစ်၏ ထိရောက်မှုကို ဆန်းစစ်သည်။ ထို့ပြင် စီမံခန့်ခွဲမှုစနစ်ကို လက်တွေ့အကောင်အထည် ဖော် မဖော်၊ တကယ် လုပ်ဆောင်မှုရှိမရှိ အတည်ပြုပေးရန် ရှာဖွေသည်။




ထောက်ခံချက်ပေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်း

            ဤအဆင့်တွင် အဆင့် (၁) နှင့် (၂) စစ်ဆေးစဉ် တင်ပြခဲ့သော ရှာဖွေတွေ့ရှိချက်များကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခြင်းရှိမရှိ သုံးသပ်သည်။ လက်မှတ်ထုတ်ပေးရန် ထောက်ခံချက်ပေးလိုက ပေးနိုင်သည်။

လက်မှတ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း

            လွတ်လပ်ပြီး ဘက်လိုက်မှုမရှိသော စစ်ဆေးရေးအဖွဲ့က အဖွဲ့အစည်း၏ ဖိုင်များကို ပြန်လည်သုံးသပ်ပြီး လက်မှတ်ထုတ် ပေး/မပေး ဆုံးဖြတ်ချက်ချသည်။

လက်မှတ်ရရှိခြင်း

            လျှောက်ထားသူကို လက်မှတ်ထုတ်ပေးရန် စစ်ဆေးချက် အောင်မြင်ကြောင်း အကြောင်းကြားပြီး လက်မှတ်ထုတ်ပေး သည်။

၃၊ ၆။ ISO 45001 က ဘယ်သူတွေ အတွက်လဲ

            ISO 45001 ကို လုပ်ငန်းကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ။ အန္တရာယ်များသော လုပ်ငန်းဖြစ်စေ၊ အန္တရာယ်နည်းသော လုပ်ငန်းဖြစ်စေ။ မည်သည့်အလုပ်၊ မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမဆို အသုံးချနိုင်သည်။ ISO 45001 ကို အသုံးပြုရာတွင် အစအဆုံး စနစ်တစ်ခုလုံးသော်လည်းကောင်း၊ မိမိကြိုက်နှစ်သက်ရာ အပိုင်းကို ရွေးချယ်၍သော်လည်းကောင်း အသုံးပြုနိုင်၏။
            ISO 45001 စနစ်၏ အားသာချက်မှာ အခြား စီမံခန့်ခွဲရေးစနစ်များဖြစ်သည့် အရည်အသွေးပိုင်းဆိုင်ရာ ISO 9001 (quality management), ပတ်ဝန်းကျင်ဆိုင်ရာ ISO 14001 (environmental management) များနှင့်ပါ အလွယ်တကူ ပူးပေါင်းပြီး Integrated Management System အဖြစ် ကျင့်သုံးနိုင်ခြင်း ဖြစ်၏။ ထိုမျှသာမက TS 16949, AS 9100, ISO 22000 တို့နှင့်ပါ အလွယ်တကူ ပူးပေါင်းဆောင်ရွက်နိုင်သည်။


၃၊ ၇။ ISO 45001 ကို လက်တွေ့အသုံးချခြင်း

            ဤစနစ်ကို လက်တွေ့အသုံးချရာတွင် ထိရောက်စေရန် နှင့် ရည်ရွယ်ထားသည့်ရလဒ်များ ရရှိနိုင်စေမည့် သော့ချက်များ

က) ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့၏ ဦးဆောင်မှု၊ ကတိကဝတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ
ခ)  ရည်ရွယ်ထားသည့် လအကစီမံခန့်ခွဲမှုစနစ်ရလဒ်များကို ပံ့ပိုးပေးမည့် အလေ့အထကောင်းများကို တည်ဆောက်ခြင်း၊ စံပြပြုလုပ်ပြခြင်း နှင့် မြှင့်တင်ခြင်း
ဂ) ဆက်သွယ်ခြင်း (သတင်းအချက်အလက်များ ဖြန့်ဝေခြင်း)
ဃ) အလုပ်သမားများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ၎င်းတို့ရောက်ရာနေရာမှ ပူးပေါင်းပါဝင်မှုနှင့် အကြံပြုမှု
င) လိုအပ်သည့်ရင်းမြစ်များကို စနစ်တကျနေရာချထားမှု နှင့် ထိန်းသိမ်းထားမှု
စ) မဟာဗျူဟာရည်ရွယ်ချက်၊ အဖွဲ့အစည်း၏ လားရာတို့နှင့် ကိုက်ညီသော လအကစ မူဝါဒများ
ဆ) လအကအန္တရာယ်များကို ထောက်ပြခြင်း၊ ထိန်းချုပ်ခြင်းနှင့် အခွင့်အလမ်းများကို အသုံးချခြင်းတို့အတွက် ထိရောက် သောလုပ်ငန်းစဉ်
ဇ) လအကဆောင်ရွက်ချက်များတိုးတက်စေရန် လအကစီမံခန့်ခွဲမှုစနစ်၏ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်၊  ဆန်းစစ်နေခြင်း
ဈ) လအကစီမံခန့်ခွဲမှုစနစ်ကို အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် ပေါင်းစပ်ခြင်း
ည) လအကမူဝါဒနှင့်ကိုက်ညီသည့် လအကဆိုင်ရာရည်မှန်းချက်များ၊ အဖွဲ့အစည်းအတွက် အန္တရာယ်များ၊ လအကဆိုင်ရာ အခွင့်အလမ်းများနှင့် ဆိုးကျိုးဖြစ်နိုင်ချေတို့ကို ထည့်သွင်းစဉ်းစားခြင်း
ဋ) ဥပဒေ၊ နည်းဥပဒေ၊ အခြားလိုအပ်ချက်များနှင့် ကိုက်ညီစေခြင်း

အဖွဲ့အစည်း၏ လအကစီမံခန့်ခွဲမှုစနစ်အောင်မြင်ဘို့တွင် အောက်ပါအချက်များပေါ် များစွာမူတည်နေ၏။

v  အဖွဲ့အစည်းဖွဲ့စည်းပုံ (ဥပမာ - လုပ်သားအရေးအတွက်၊ ကုမ္ပဏီအရွယ်အစား၊ ကုမ္ပဏီ၏လုပ်ငန်းအမျိုးအစားနှင့် သဘာဝ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ အလေ့အထများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အခြားလိုအပ်ချက်များ)
v  အဖွဲ့အစည်း၏ လအကစီမံခန့်ခွဲမှုစနစ် နယ်ပယ်
v  အဖွဲ့အစည်း၏ လှုပ်ရှားမှုများ၊ ဆက်စပ်နေသည့် လအကဆိုင်ရာ ဆိုးကျိုးဖြစ်နိုင်ချေများ

၃၊ ၈။ ISO 45001 ၏ ထူးခြားချက်များ

            ISO 45001 စနစ်၏ ထူးခြားချက်များမှာ -
ü Risk ကို အဓိပ္ပာယ်ဖွင့်ရာတွင် ယခင်အခါကာလများကဲ့သို့မဟုတ်ပဲ effect of uncertainty ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ မြန်မာလို မသေချာမှုတို့၏ ရလဒ် ဟု ဘာသာပြန်နိုင်သော်လည်း ဤစာအုပ်တွင် ဆိုးကျိုးဖြစ်နိုင်ချေ ဟု ဘာသာပြန် ထားပါသည်။ 
ü နောက်တစ်ခုမှာ worker အဓိပ္ပာယ်ဖွင့်ဆိုမှု ဖြစ်၏။ ယခင်က worker ဆိုလျှင် ကာယလုပ်သားများကိုသာ ရည်ညွှန်း သော်လည်း ISO 45001 တွင်မူ worker ၌ ထိပ်ပိုင်းစီမံခန့်ခွဲသူ (မန်နေဂျာ၊ ဒါရိုက်တာ စသည်) များကိုပါ ထည့်ထား၏။ Worker ကို စီမံခန့်ခွဲရေးလုပ်သား (managerial worker) နှင့် စီမံခန့်ခွဲရေးမဟုတ်သော လုပ်သား (non-managerial worker) ဟု ခွဲခြားခေါ်ဝေါ်၏။ စီမံခန့်ခွဲရေးလုပ်သားများ၌ ဒါရိုက်တာ၊ မန်နေဂျာ၊ အင်ဂျင်နီယာ၊ အရာရှိ နှင့် ကြီးကြပ်ရေး မှူးများ ပါ၏။ စီမံခန့်ခွဲရေးမဟုတ်သော လုပ်သားများမှာ ကာယလုပ်သားများဖြစ်၏။
ü လအကစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ရာတွင် ISO 45001 ၌ ကာယလုပ်သားများ၏ အခန်းကဏ္ဍကိုပါ အလေးပေး ထား ပါသည်။ ကာယလုပ်သားများသည်လည်း ဆုံးဖြတ်ချက်များချမှတ်ရာ၌ ပါဝင်ခွင့်ရှိသည်။
ü ISO 45001 အရ ကာယလုပ်သားတစ်ဦးသည် စီမံခန့်ခွဲရေးပိုင်းမှ အရာရှိတစ်ဦးဦး၏ အမှားကို ထောက်ပြနိုင်ရမည်။ ဤကဲ့သို့ ထောက်ပြခြင်းအတွက် ထိုလုပ်သားကို အရေးမယူရ။ ဤသည်မှာ ISO 45001 ၏ ထူးခြားချက်တစ်ခုဖြစ်သည်။
           


၃၊ ၉။ OHSAS 18001 မှ ISO 45001 သို့ ချောမွေ့စွာ ကူးပြောင်းခြင်း


၎။ BS 45002 (General Guidelines for the Application of ISO 45001)
Ref: https://shop.bsigroup.com/ProductDetail/?pid=000000000030334815
           
            ယခင် OHSAS 18001 စနစ်ကျင့်သုံးစဉ်ကာလက OHSAS 18001 အား မည်ကဲ့သို့ အကောင်အထည်ဖော်ရမည်ကို OHSAS 18002 ရေးဆွဲကာ လမ်းညွှန်ပေးခဲ့သည်။
            ယခု OHSAS 18001 ကို ISO 45001 ဖြင့် အစားထိုးလိုက်၏။ ထိုအခါ ISO 45001 အား မည်ကဲ့သို့ လက်တွေ့ အကောင်အထည်ဖော်ရမည်ဆိုသည်ကို လမ်းညွှန်ရန် BS 45002 ကို ပြုစုကာ မတ်လ ၃၁ ရက်၊ ၂၀၁၈ ရက်နေ့တွင် ထုတ်ဝေခဲ့ ပါသည်။
            BS 45002 က BS 18004:2008 နှင့် BS OHSAS 18002:2008 တို့နေရာတွင် အစားထိုးမည်။
            ၎င်းက ယခုမှ စတင်ကျင့်သုံးမည့်သူများအပါအဝင် လုပ်ငန်းသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ISO 45001 အား လိုက်နာကျင့်သုံးသူ မှန်သမျှကို အကူအညီပေးမည်။ ထိုမျှသာမက BS 45002 ၏ အခြားကောင်းကွက်တစ်ခုမှာ ISO 45001 ကို လိုက်နာကျင့်သုံးရန် အဆင်သင့်မဖြစ်သေးသူများအား လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်ကို စနစ် တကျ ဖွံ့ဖြိုးတိုးတက်လာ စေရန် အထောက်အကူပြုသည်။
            သို့ဆိုလျှင် BS 45002 ကို မည်သူတို့ လိုက်နာကျင့်သုံးသင့်သနည်း။
            BS 45002 သည် အဖွဲ့အစည်းအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ISO 45001 အား လိုက်နာကျင့်သုံးသူ အားလုံးအတွက်ဖြစ်၏။ ထိုမျှသာမက ယခုမှ စတင်ကျင့်သုံးရန် ကြိုးစားနေသူများအတွက်လည်း ဖြစ်သည်။

v  ဤစံနှုန်းကို ရိုးရှင်းသည့်အင်္ဂလိပ်စာဖြင့် တတ်နိုင်သမျှ ပြင်ဆင်ထား၏။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးကို မိမိလုပ်ငန်းခွင် ၌ စီမံခန့်ခွဲလိုသူ မည်သူမှန်သမျှ အလွယ်တကူ ဖတ်ရှုနားလည်နိုင်ရန် ရည်ရွယ်သည်။
v  ဤစံနှုန်း၌ ISO 45001 ၏ ဆိုလိုချက်များကို တစ်ပိုဒ်ချင်း ရှင်းပြထား၏။ ထို့နောက် ISO 45001 ကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် မည်ကဲ့သို့ လိုက်နာကျင့်သုံးရမည်ဆိုသည်ကို လမ်းညွှန်ပေးထားသည်။
v  အဖွဲ့အစည်းများအား ၎င်းတို့ကိုယ်တိုင်၏ လအက အခြေအနေကို ရောင်ပြန်ဟပ်စေမည့် လအကစီမံခန့်ခွဲမှုစနစ်တစ်ခုကို အချိုးကျ အသုံးချနိုင်ရန် အကူအညီပေးသည်။
v  ISO 45001 ၏လိုအပ်ချက်များကို ပြည့်မီအောင် လုပ်ဆောင်ရန် လက်တွေ့နမူနာများကို ပံ့ပိုးပေးသည်။
v  လအကစီမံခန့်ခွဲမှုစနစ်တစ်ခုကို စနစ်တကျ တိုးတက်လာစေရန် ISO 45001 ကို အားလုံးသော်လည်းကောင်း တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း လိုက်နာကျင့်သုံးရာ၌ အသုံးပြုနိုင်သည်။

မှတ်ချက်။            ။ ဤစံနှုန်း၌ သက်ဆိုင်ရာ အခန်းကဏ္ဍများအတွက် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်များကို ဖော်ပြမထားပါ။ ယေဘူယျသဘောများကိုသာ ပံ့ပိုးပေးထားပါသည်။ ခေါင်းစဉ်တစ်ခုချင်းစီအတွက် လမ်းညွှန်များကိုလည်း ဆက်လက် ပြုစုသွား မည်။ ထိုအထဲတွင်မှ အောက်ပါသုံးခုကို ဦးစွာပြုစုမည် ဖြစ်သည်။

BS 45002-1: 2018: Occupational health and safety management systems. General guidelines for the application of ISO 45001.
BS 45002-2: 2018: Occupational health and safety management – managing risks and opportunities

BS 45002-3: 2018: Occupational health and safety management – accident and incident investigation

ဆက်ရန်

No comments: