Wednesday, February 20, 2019

ISO 45001_လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အတွက် အပြည်ပြည်ဆိုင်ရာစံနှုန်း-၂

အပိုင်း (၂)

ISO 45001
လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှု စနစ်


ဘာသာပြန်သူ၏ မှတ်ချက်များ


            စံနှုန်းကိုဘာသာပြန်ရတာ အလွန်တာဝန်ကြီးပါသည်။ မူရင်းဆိုလိုချက် အဓိပ္ပာယ်များမှ လွဲချော်မသွားစေရန် အထူး ဂရုစိုက် ဘာသာပြန်ရ၏။ ပြဿနာတစ်ခုမှာ အချို့ စကားလုံးများကို မြန်မာဘာသာပြန်ဆိုမထားရသေးခြင်း ဖြစ်၏။ ထို့ပြင် ဘာသာရပ်ဆိုင်ရာ စာပေများကို ဘာသာပြန်ရာတွင် ရိုးရိုးအင်္ဂလိပ်စာပါ အဓိပ္ပာယ်အတိုင်း ယူ၍မရသည်များ ရှိ၏။ ထို့ကြောင့် မူရင်းအဓိပ္ပာယ်မှ လွဲချော်မသွားစေရန် သင့်လျော်သလို ဘာသာပြန်ရပါသည်။
            ထို့ကြောင့် ကျွန်တော်၏ ဘာသာပြန် အယူအဆများကို စာဖတ်သူများ သိသာစေရန် ဤအမှာစာကို ရေးရခြင်း ဖြစ်ပါ သည်။
            "လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး" ဟူသော စကားလုံးမှာ ဤစံနှုန်း၌ နေရာပေါင်းများစွာတွင် ပါဝင်နေ သဖြင့် ဖတ်ရလွယ်ကူစေရန်နှင့် စာမျက်နှာချုံ့သောအားဖြင့် အတိုကောက် "လအက" ဟု သုံးထားပါသည်။ (မူရင်းစာအုပ်၌လည်း အတိုကောက်ပင် သုံးထား၏။)

Occupational Health and Safety = OH&S = လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး = လအက

4. 2. Interested parties
Interested parties ကို "စိတ်ဝင်စားသောပါတီများ" ဟု ဘာသာပြန်လိုက်လျှင် လူရီစရာဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် မူလ ဆိုလိုရင်း အဓိပ္ပာယ်နှင့် အနီးစပ်ဆုံးဖြစ်သည့် "ဆက်စပ်ပတ်သက်နေသူများ" ဟု ဘာသာပြန်ထားပါသည်။

5.4 establish
The organization shall establish . . ဟု ပါသည်။ ဤတွင် establish ကို တည်ထောင်သည်ဟု တိုက်ရိုက်ဘာသာပြန် လိုက်ပါက မူရင်းအဓိပ္ပာယ်နှင့် လွဲချော်သွားနိုင်ပါသည်။ ဤနေရာတွင် establish ၏ အဓိပ္ပာယ်မှာ ရေးဆွဲပြဋ္ဌာန်းသည် ဟု အဓိပ္ပာယ်သက်ရောက်သောကြောင့် establish ကို ရေးဆွဲသည် ဟု ပြန်ဆိုထားပါသည်။

5.4. (c) barrier
Note 2 တွင် "barrier" ကို "အတားအဆီး" အစား ပိုမိုသင့်လျော်မည့် "အခက်အခဲ" ဟု ဘာသာပြန်ထားပါသည်။
အတားအဆီး ဟု ဘာသာပြန်လိုက်လျှင် ရေးသားတင်ပြခြင်းမပြုရန် အာဏာပိုင်အဖွဲ့အစည်းများက တားမြစ်ထားသည် ဟု အဓိပ္ပာယ်ကောက်လွဲသွားနိုင်သဖြင့် အခက်အခဲ ဟု ဘာသာပြန်ရခြင်းဖြစ်ပါသည်။

5. 4. e. (7), A. 10. 2. Corrective action
ပြန်လည်ပြင်ဆင်ရန် အရေးယူဆောင်ရွက်ချက်များ ဟု ဘာသာပြန်ထားပါသည်။
ဥပမာအားဖြင့် ကြမ်းခင်းအစွန်းကို ကာရံထားသည့်တန်းများမှာ ခိုင်မာမှုမရှိသောကြောင့် လူတစ်ယောက်ပြုတ်ကျခြင်းမှ အကာအကွယ်ပေးနိုင်သည်ထိ ခိုင်ခိုင်မာမာ ဖြစ်အောင် ပြန်ပြင်ခြင်းကို corrective action ဟု ခေါ်ပါသည်။ လွဲမှားနေသည်များကို အမှန်သို့ ပြန်ရောက်အောင် ပြန်လည်ပြင်ဆင်သောကြောင့် corrective action ဟု ခေါ်ခြင်းဖြစ်ပါသည်။

6. 1. 2. 2 determine, nature
determine ကို ရှာဖွေဖော်ထုတ်သည် ဟု ဘာသာပြန်မှ ပိုသင့်လျော်ပါသည်။
မူရင်းတွင် nature ဟုသာပါပါသည်။ သဘာဝချည်းပဲဆို နားရှုပ်သွားမည်စိုး၍ လုပ်ငန်းသဘာဝ ဟု ဖြည့်စွက်ထားပါသည်။
 6. 1. 2. 3. adapt
သဟဇာတဖြစ်စေမည့် ဟု ဘာသာပြန်ထားပါသည်။
adapt ၏ အဓိပ္ပာယ်မှာ ကျယ်ပြန့်ပါသည်။ ပစ္စည်း သို့မဟုတ် အခြေအနေတစ်ခုကို အခြားပစ္စည်း သို့မဟုတ် အခြားအခြေအနေ တစ်ခုနှင့် ကိုက်ညီအောင် လုပ်ယူရခြင်း၊ ပစ္စည်းတစ်ခုမှ အခြားတစ်ခုသို့ သုံး၍ရသည်ထိ ပြုပြင်ပြောင်းလဲပေးခြင်း၊ ပြင်ဆင် ညှိနှိုင်းပေးခြင်း ကို adaptation ဟု ခေါ်ပါသည်။ ဥပမာ - အေစီ ၂၃၀ ဗို့အားကို ဒီစီ ၅ ဗို့ရအောင် လုပ်ဆောင်ပေးသည့် ပစ္စည်းကလေးကို adaptor ဟု ခေါ်သည်။ မြန်မာနိုင်ငံမှလာသူသည် စင်ကာပူသို့ ရောက်လာသည့်အခါ စင်ကာပူနိုင်ငံ လူနေမှုစရိုက်နှင့် ကိုက်ညီအောင် မိမိကိုယ်ကိုယ် ပြင်ယူရသည်။ ဤသည်မှာ adapt ဖြစ်သည်။ ဤသဘာဝနှင့် အနီးစပ်ဆုံးဖြစ်မည့် မြန်မာစကားလုံးမှာ သဟဇာတ ဖြစ်သဖြင့် adapt ကို သဟဇာတဖြစ်စေမည့် ဟု ဘာသာပြန်ခြင်းဖြစ်ပါသည်။

ဤသည်ကိုလည်း မူသေယူမထားပါ။ A4.2 တွင် ယူငင်သုံးစွဲသည် ဟု ဘာသာပြန်ထားပါသည်။ "မိမိသာ ဆန္ဒရှိပါက (ထိုအရာကို) မိမိအဖွဲ့အတွက် ယူငင်သုံးစွဲနိုင်သည်။"

6. 1. 3. update
နောက်ဆုံးရသတင်းအချက်အလက်များနှင့် ကိုက်ညီအောင် ပြင်ဆင်သည် - ဟု ဘာသာပြန်ထားပါသည်။
update မှာ ကျယ်ပြန့်ပါသည်။ Drawing များမှာ latest version ဖြစ်နေစေရမည်။ ဥပဒေ၊ နည်းဥပဒေများမှာ နောက်ဆုံးထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများဖြစ်ရမည်။ လူအင်အား၊ ပစ္စည်း၊ စက်အင်အား စသည်တို့မှာ ယနေ့လက်ရှိရှိနေသည့် စာရင်းများဖြစ်ရမည် စသဖြင့် ဖြစ်ပါသည်။ update ကို ခြုံမိငုံမိဖြစ်အောင် ဖလှယ်ရမည့် မြန်မာစကားလုံး မတွေ့မိသေးပါ။

7.4. communication
ဆက်သွယ်ဆောင်ရွက်ခြင်း ဟု ဘာသာပြန်ထားပါသည်။
ဆိုလိုသည့်အဓိပ္ပာယ်မှာ သတင်းအချက်အလက်များကို သက်ဆိုင်သူများထံ နည်းမျိုးစုံဖြင့် ဖြန့်ဝေပေးခြင်းဖြစ်၏။ communication တွင် စည်းဝေးပွဲ၌ ပြောပြခြင်း၊ Toolbox meeting ၌ပြောပြခြင်း၊ ကြော်ငြာသင်ပုန်း၌ ကပ်ထားခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ အီးမေးပို့ခြင်း၊ Supervisor များက အလုပ်သမားများအား ပြောပြခြင်း စသည်တို့ပါသည်။

7. 5. 2 create:
ဤစာပိုဒ်တွင် ဖန်တီးခြင်း ဆိုသည်ထက် စာရွက်စာတမ်းများ ပြုစုခြင်း ဆိုသည်က ပိုမိုသင့်လျော်ပါသည်။

A.4.1. b) 4. formal 
တရားဝင် ဟု ဘာသာပြန်ထားပါသည်။ သို့သော် အတိအကျမမှန်ပါ။ Formal ဆိုသည်မှာ သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအတိုင်းလုပ်ခြင်းဖြစ်၏။

informal
သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း မဟုတ်ဘဲ ဟု ဘာသာပြန်ထားပါသည်။ Informal ဆိုသည်မှာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့အရ လုပ်ခြင်းမဟုတ်ဘဲ အလွတ်သဘော ပြုလုပ်ခြင်းဖြစ်ပါသည်။


A. 4. 2. h) voluntarily
မိမိဆန္ဒအလျောက် ဟု ဘာသာပြန်ထားပါသည်။
ဤအရာကို အသုံးပြုခြင်းမှာ မိမိဆန္ဒအလျောက်သာဖြစ်ပြီး မသုံးမနေရမဟုတ် ဟု ဆိုလိုပါသည်။

A. 9. 1. 1. up-to-date
up-to-date ကို နောက်ဆုံးထုတ်ဟု ဘာသာပြန်ထားသော်လည်း အတိအကျ မမှန်ပါ။
up-to-date ဟူသည် မိမိတို့၏ မှတ်တမ်းများ၊ စာရွက်စာတမ်းများကို နောက်ဆုံးရောက်နေသည့် အခြေအနေတွင်ရှိနေစေရန် အမြဲ ပြင်ဆင်ပေးနေခြင်းကို ဆိုလိုပါသည်။ ဥပမာ - လုပ်ငန်းခွင်အတွင်းမှ လုပ်သားဦးရေသည် အမြဲ အပြောင်းအလဲ ရှိနေပါသည်။ သို့အတွက် ယနေ့မှတ်တမ်းတွင်ပြထားသည့် လုပ်သားဦးရေကို ယနေ့တွင်ရှိသည့် အရေအတွက်ဖြစ်အောင် ပြင်ဆင်ထားခြင်းကို up-to-date ဟုခေါ်သည်။

A. 10. 2. but are not limited to:
ထို့ထက်လည်းပိုနိုင်ပါသည် ဟု ဘာသာပြန်ထားပါသည်။ မူရင်းစကားလုံးများကို အတိအကျဘာသာပြန်ရလျှင် သို့သော် ၎င်းတို့ကို ကန့်သတ်မထားပါ ဟု အဓိပ္ပာယ်ရပါလိမ့်မည်။ ဤကဲ့သို့ဘာသာပြန်လိုက်လျှင် စာဖတ်သူ နားရှုပ်သွားပါလိမ့်မည်။ ဆိုလိုချင်သည် မှာ "ဤတွင်ဖော်ပြထားသည်များမှာ အားလုံးမဟုတ်သေး။ ထို့ထက်ပိုချင်လည်း ပိုနိုင်ပါသေးသည်။ နောက်ထပ် ရှိချင်လည်း ရှိနိုင်ပါသေးသည်" ဟု အဓိပ္ပာယ်ရသောကြောင့် "ထို့ထက်လည်းပိုနိုင်ပါသည်" ဟု ဘာသာပြန်လိုက်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ အရေးကြီးသည့်စကားလုံးများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နောက်ထပ် များစွာ ကျန်ပါသေးသည်။ သို့သော် အားလုံး မဖော်ပြတော့ပါ။ စာဖတ်သူများ နားလည်သဘောပေါက်ကြမည်ဟု မျှော်လင့်ပါသည်။


မှတ်ချက်။

         
ISO 45001 ရှင်းလင်းချက်ကို ရေးသားရာ၌ မူရင်းစာအုပ်ပါစာများအတိုင်း ရေးမှာမဟုတ်ပါ။ ထိုစာအုပ်ပါ စာများသည် အဘယ်ကို ဆိုလိုကြောင်းသာ ရှင်းပြမည်ဖြစ်ပါသည်။ ထို့ကြောင့် မူရင်းစာအုပ်၌ ဘာဆိုလိုသည်ကိုသိနိုင်ရန် ISO 45001 မူရင်းစာအုပ်ကိုပါ ဝယ်ယူဖတ်ရှုရန် လိုပါသည်။

ဝ.၁။ နောက်ခံအကြောင်းအရာ

            လူတို့သည် နေ့တိုင်းလုပ်ငန်းခွင်၌ အချိန်ကုန်ကြရ၏။ ထို့ကြောင့် ထိခိုက်ရှနာမှု၊ ရောဂါရမှုစသည်တို့မှာ လုပ်ငန်းခွင် ကြောင့်ဖြစ်နိုင်ချေ ပိုများသည်။
            အလုပ်လုပ်နေသူများ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး။ အခြား မိမိတို့လုပ်ငန်းနှင့် ပတ်သက်နေသူများသည် မိမိတို့ လုပ်ငန်းကြောင့် အန္တရာယ် တစုံတရာမဖြစ်စေရေးအတွက် အဖွဲ့အစည်း၌ တာဝန်ရှိသည်။ ကျန်းမာရေးဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း အပါအဝင်ဖြစ်၏။  
            ဤ ISO 45001 (လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးစီမံခန့်ခွဲရေးစနစ်) ကို လိုက်နာကျင့်သုံးရခြင်း ရည်ရွယ်ချက်မှာ အလုပ်လုပ်နေသူအားလုံးအတွက် အန္တရာယ်ကင်းပြီး ကျန်းမာသော လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရန်၊ လုပ်ငန်းခွင် မတော်တဆမှုများ၊ ကျန်းမာရေး ချို့ယွင်းမှုများကို အကာအကွယ်ပေးရန်၊ အန္တရာယ်ကင်းစင်သော လုပ်ငန်းခွင်ကြောင့် လူအများ စိတ်ချမ်းသာ၊ လက်ချမ်းသာ အလုပ်လုပ်နိုင်စေရန် ဖြစ်၏။  
           
ဝ.၂။ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးစီမံခန့်ခွဲရေးစနစ်၏ ရည်ရွယ်ချက်

            ဤလအကစီမံခန့်ခွဲမှုစနစ်၏ ရည်ရွယ်ချက်မှာ ထိရောက်သော ကာကွယ်၊ တားဆီးရေးနည်းလမ်းများသုံးလျှက် အန္တရာယ် များကို ဖျောက်ဖျက်ပစ်ရန်နှင့် လအက ဆိုးကျိုးဖြစ်နိုင်ချေများကို အနိမ့်ဆုံးသို့လျှော့ချပစ်ရန် ဖြစ်၏။ ဤလအကစီမံခန့်ခွဲမှုစနစ်က မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ညွှန်ပြထားသည်။ ဤစံနှုန်းပါနည်းများအတိုင်း လိုက်နာကျင့်သုံးပါက အဖွဲ့အစည်းသည် အန္တရာယ် ကင်းပြီး ကျန်းမာသော လုပ်ငန်းခွင်ကို ဖန်တီးပေးထားနိုင်မည်။ ထို့အပြင် ဥပဒေ၊ နည်းဥပဒေများနှင့် အခြား စည်းမျဉ်း စည်းကမ်း စသည်တို့ကိုပါ တပါတည်း ဖြည့်ဆည်းပြီးသား ဖြစ်သွားနိုင်လေသည်။ ဤသည်ပင်လျှင် ဤစံနှုန်း၏ ရည်ရွယ်ချက် ဖြစ်တော့ သည်။

ဝ.၃။ အောင်မြင်ရေး အခြေခံအကြောင်းရင်းများ

            လအကစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းနှင့် မရပါ။ ထိပ်ပိုင်းစီမံခန့် ခွဲရေးမှသည် အောက်ခြေလုပ်သားများထိ အားလုံးပါဝင်ရသည်။ အုပ်ချုပ်ရေးပိုင်းမှ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သည့် ပစ္စည်းပစ္စယများ ထောက်ပံ့ပေးရန်လိုသလို လုပ်သားများကလည်း ထောက်ပံ့ပေးထားသည့် ပစ္စည်းကိရိယာများကို ကောင်းမွန်မှန်ကန်စွာ အသုံးချရန်လို၏။
            အောင်မြင်ရေးဆိုင်ရာ သော့ချက်များ -
က) ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့၏ ဦးဆောင်မှု၊ ကတိကဝတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ - အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းအားလုံး၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးကို စိတ်ပါဝင်စားစွာ တာဝန်ယူလုပ်ဆောင်ပေးရမည်။
ခ) အလေ့အထကောင်းများကို တည်ဆောက်ခြင်း - လူတိုင်းလူတိုင်းတွင် အန္တရာယ်ကင်းရေး အလေ့အထကောင်းများ ပေါ်ပေါက်လာအောင် လေ့ကျင့်ရမည်။ ဥပမာ - လူတစ်ဦးတစ်ယောက်သည် ကြမ်းပြင်၌ ပွင့်နေသော အပေါက်ကို တွေ့ပါက မျက်စိမှိတ်၊ ရှောင်လွှဲမသွားဘဲ ထိုအပေါက်ကို သေချာကျနစွာ ပိတ်ရမည်။ သို့မဟုတ် တာဝန်ရှိသူ တစ်ယောက်ယောက်ကို သတင်းပေးခြင်း၊ ထိုတာဝန်ရှိသူကလည်း အချိန်မဆိုင်းဘဲ အပေါက်ကို ချက်ချင်းဖုံးခြင်း။
ဂ) ဆက်သွယ်ခြင်း - ဥပမာ - အလုပ်သမားတစ်ယောက်သည် ဓာတုဗေဒပစ္စည်းတစ်ခုခုနှင့် အလုပ်လုပ်ရသည် ဆိုပါက ထိုအလုပ်သမားကို ၎င်းကိုင်တွယ် အသုံးပြုနေရသော ဓာတုပစ္စည်းအကြောင်း နားလည်အောင် ရှင်းလင်းပြသရမည်။
အလုပ်လုပ်ကိုင်မည့် အလုပ်သမားများကို ၎င်းတို့လုပ်မည့် အလုပ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်း ပြောပြရမည်။
ဃ) အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုနှင့် အကြံပြုမှု - တစ်ခုခုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် အလုပ်သမားများ၏ အကြံဉာဏ်များကိုပါ ရယူသင့်သည်။ ၎င်းတို့တွင် ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့မှ မမြင်နိုင်သော အကြံဉာဏ်များ ရှိနေနိုင် သည်။
င) ရင်းမြစ်များကို နေရာချထားမှုနှင့် ထိန်းသိမ်းထားမှု - ရင်းမြစ်များတွင် လူအရင်းအမြစ်များလည်း ပါသည်။ လူမှန် နေရာမှန် နေရာချတတ်ပါက အန္တရာယ်တစုံတရာမရှိဘဲ အလုပ်များ လျင်မြန်လွယ်ကူစွာ ပြီးမြောက်မည်။ ထို့အတူ စက်ကိရိယာ များကိုလည်း စူးနေရာစူး၊ ဆောက်နေရာဆောက် သင့်တော်သလို အသုံးပြုရမည်။ စက်ကိရိယာများကို ပုံမှန် ပြင်ဆင် ထိန်းသိမ်းမှု ပြုလုပ်နေရမည်။ ဥပမာ - စက်ကိရိယာများကို တစ်လတစ်ခါ ကြံ့ခိုင်ရေးလုပ်ခြင်း
စ) မဟာဗျူဟာရည်ရွယ်ချက်၊ အဖွဲ့အစည်း၏ လားရာတို့နှင့် ကိုက်ညီသော မူဝါဒများ - မူဝါဒများချမှတ်ရာတွင် မိမိတို့ သွားလိုသော ပုံစံအတိုင်း သို့မဟုတ် မိမိတို့ခင်းထားသော လမ်းကြောင်းနှင့် ကိုက်ညီအောင် ချမှတ်ရမည်။
ဆ) အန္တရာယ်များကို ထောက်ပြခြင်း၊ ထိန်းချုပ်ခြင်းနှင့် အခွင့်အလမ်းများကို အသုံးချခြင်းတို့အတွက် လုပ်ငန်းစဉ်တစ်ခု ချမှတ် ရေးဆွဲထားရမည်။ ထိုလုပ်ငန်းစဉ်သည် လက်တွေ့အသုံးတည့်သော လုပ်ငန်းစဉ်ဖြစ်ရမည်။ လက်တွေ့လည်း အသုံးချရမည်။
ဇ) လအကစီမံခန့်ခွဲမှုစနစ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၊ ဆန်းစစ်နေခြင်း - မိမိလုပ်ထားသည့်ကိစ္စရပ်များ မှန်မမှန်၊ အကျိုးသက်ရောက်မှုရှိမရှိ စသည်တို့ကို အမြဲဆန်းစစ်နေရန်လိုသည်။ ဤသို့ဆန်းစစ်ရန်လည်း လုပ်ကိုင်နည်းစနစ်များ ရှိရမည်။
ဈ) လအကစီမံခန့်ခွဲမှုစနစ်ကို စီးပွားရေးလုပ်ငန်းနှင့် ပေါင်းစပ်ခြင်း - အဖွဲ့အစည်း၌ မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှု စသည်တို့မရှိသလောက် ဖြစ်သွားလျှင် ဈေးကွက်၌ နာမည်ကောင်းရလာမည်။ မည်သည့်အလုပ်ကို မည်ကဲ့သို့ အန္တရာယ် ကင်းအောင် လုပ်မည် စသည်ဖြင့် မိမိဖောက်သည်ကို ချပြနိုင်သည်။ အဖွဲ့အစည်း နာမည်ကောင်းရလာလျှင် စီးပွားရေး လည်းတိုးတက်လာမည် ဖြစ်၏။
ည) မူဝါဒနှင့်ကိုက်ညီသည့် ရည်မှန်းချက်များ၊ အန္တရာယ်များ၊ အခွင့်အလမ်းများနှင့် ဆိုးကျိုးဖြစ်နိုင်ချေတို့ကို ထည့်သွင်း စဉ်းစားခြင်း - မိမိတို့ရည်မှန်းချက် အောင်မြင်စေရန် အဘက်ဘက်မှ စဉ်းစားကာ စီမံထားရန်လိုသည်။
ဋ) ဥပဒေ၊ နည်းဥပဒေ၊ အခြားလိုအပ်ချက်များနှင့် ကိုက်ညီစေခြင်း - အကယ်၍ အဖွဲ့အစည်းက ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်း ချက်များကို လေးစားလိုက်နာလျှင် အာဏာပိုင်အဖွဲ့အစည်းများ၏ အပြစ်ပေးအရေးယူမှုများကို ခံရစရာ အကြောင်း မရှိတော့သောကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခြင်း၊ ဒဏ်ငွေဆောင်ရသဖြင့် ငွေကုန်ကြေးကျများခြင်း စသည် တို့ကို ရှောင်ရှားနိုင်လေသည်။

            အဖွဲ့အစည်းအနေနှင့် လအကစီမံခန့်ခွဲမှုစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုသည်။ ဤအဖွဲ့အစည်းသည် ISO 45001 လက်မှတ်ရထားသည် ဟု ဆိုရုံမျှဖြင့် ဤအဖွဲ့အစည်းတွင် မတော်တဆမှု လုံးဝမဖြစ်တော့ပါပြီ ဟု လည်းကောင်း၊ လုပ်ငန်းခွင်ကြောင့်ရသော ရောဂါ လုံးဝကင်းစင်ပါပြီ ဟု သော်လည်းကောင်း မဆိုနိုင်ပါ။ စံနှုန်းကိုချည်း အားကိုးနေလို့မရပါ။ ဤစံနှုန်းကို အပြည့်အဝလိုက်နာ ကျင့်သုံး နေသည့်တိုင် ဤအဖွဲ့အစည်းရှိ လူအားလုံးသည် မိမိတို့တာဝန်ဝတ္တရားများကို မိမိတို့ ကျေပွန်ရန်၊ လိုက်နာရန်လိုသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရန်၊ မိမိ၏ အန္တရာယ်ကင်းရေးကို မိမိ ကိုယ်တိုင် တာဝန်ယူရန် လိုသေးသည်သာ ဖြစ်၏။
            အဖွဲ့အစည်း၏ လအကစီမံခန့်ခွဲမှုစနစ် အောင်မြင်ရေးမှာ အချက်များစွာပေါ် မူတည်နေ၏။ ဥပမာ -
§  အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ (ဥပမာ - အလုပ်သမားအရေအတွက်၊ စီးပွားရေးလုပ်ငန်း အရွယ်အစား၊ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ဥပဒေလိုအပ်ချက် နှင့် အခြားလိုအပ်ချက်များ)
§  အဖွဲ့အစည်း၏ လအကစီမံခန့်ခွဲမှုစနစ်၏ သြဇာသက်ရောက်မှုနယ်ပယ်
§  အဖွဲ့အစည်း၏ လုပ်ငန်းသဘာဝနှင့် ဆက်စပ်နေသည့် လအကအန္တရာယ်များ

ဝ.၄။ စီမံ-လုပ်-စစ်-ပြင် စက်ဝိုင်း (Plan-Do-Check-Act Cycle)

            လအကစီမံခန့်ခွဲမှုစနစ်အား အသုံးချပုံချနည်းကို စီမံ-လုပ်-စစ်-ပြင်စက်ဝိုင်း (PDCA) ပေါ်တွင် အခြေခံထား၏။
            စဉ်ဆက်မပြတ်တိုးတက်မှုကိုရစေရေးအတွက် အဖွဲ့အစည်း၏ လုပ်ငန်းများအကြား တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရ၏။ စီမံ-လုပ်-စစ်-ပြင်စက်ဝိုင်း၏ သဘောတရားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



No comments: