Tuesday, February 26, 2019

Risk and Opportunity - ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်း


(၁) Risk (ဆိုးကျိုးဖြစ်နိုင်ချေ)
-------------------------------

ယခု ISO 45001, ISO 9001 နှင့် ISO 14001 စသည့် အပြည်ပြည်ဆိုင်ရာစံနှုန်းများတွင် risk and opportunity ကို တွဲလျက် မကြာခဏတွေ့ရလေ၏။

Risk ကို ကျွန်တော်တို့သိသည်မှာ ကြာပါပြီ။ ထင်သာမြင်သာလည်းရှိ၏။ Safety ဆိုလျှင် risk ပါမြဲဖြစ်၏။ Risk Assessment တို့၊ Risk Management တို့၊ Hierarchy of Control ဆိုတာတို့ကို safety သင်တန်းတက်ဖူးသူတိုင်း ကြားဖူးကြသည်ချည်းဖြစ်၏။ (နားလည်တာ၊ မလည်တာ တစ်ပိုင်းပေါ့။)

Risk ကို မြန်မာလို စွန့်စားခြင်းဟု ဘာသာပြန်သည်။ အမှန်လည်း ဟုတ်ပါသည်။ Risk ဆိုတာ အန္တရာယ်ရှိမှန်းသိလျက်နှင့် စွန့်စွန့် စားစားလုပ်ဆောင်ခြင်းကို ခေါ်သည်။

သို့သော် ISO 45001 တွင်မူ risk ကို အဓိပ္ပာယ်ဖွင့်ထားပုံလေးမှာ တစ်မျိုးဖြစ်၏။ တိုက်ရိုက်အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ Effect of uncertainty ဖြစ်၏။ မသေချာမရေရာမှုတို့၏ ရလဒ်ဟု ပြန်ဆိုနိုင်ပါလိမ့်မည်။

Safety မှ risk ကို သာမန်လူများအား ရှင်းပြလျှင် နားလည်ရန် သိပ်မလွယ်ပါ။ မကြာခဏလူသေမှုဖြစ်သော အလုပ်သည် အလွန် အန္တရာယ်များသည့်အလုပ် (high risk) ဖြစ်၏။ တစ်နှစ်နေလို့တစ်ခါတောင်မှမဖြစ်၊ ဖြစ်ပြန်လျှင်လည်း ဘာမှ ကြီးကြီးကျယ်ကျယ် ဒဏ်ရာမရသော အလုပ်မှာ အန္တရာယ်နည်းသည့်အလုပ် (low risk) ဖြစ်၏။

အန္တရာယ်ရှိမှန်းသိလျက်နှင့် ဖြစ်ကာမှဖြစ်ရော၊ စွန့်စွန့်စားစားလုပ်ကိုင်ခြင်းသည် risk ဖြစ်၏။ Risk ကို ဘယ်လိုဘာသာပြန်ကြမတုံး ဟု ဖေ့စ်ဘုတ်တွင် စူးစမ်းတော့ ကိုသန်းလွင်က "ဆိုးကျိုးဖြစ်နိုင်ချေ" ဟု အကြံပေးပါသည်။ သူ့စကားလုံးလေးမှာ အတော်လှပြီး ဆိုလိုရင်းကိုလည်း ငုံမိသည်ဖြစ်ရာ ISO 45001 ကိုဘာသာပြန်ရာတွင် ကျွန်တော် risk ကို "ဆိုးကျိုးဖြစ်နိုင်ချေ" ဟုပင် တအုပ်လုံး သုံးသွားပါသည်။


(၂) Opportunity (အခွင့်အလမ်း)
------------------------------------

ယခင်က safety တွင် risk တစ်ခုတည်းသာ ပြော၏။ ယခု ISO ဖြစ်လာတော့ Risk and Opportunity ဟု နှစ်ခုတွဲကာ ပြောလေ သည်။ သည်စကားလုံးမှာ ကျွန်ုပ်အတွက် အသစ်အဆန်းဖြစ်နေ၏။ Risk များနှင့်အသားကျလာသော ကျွန်ုပ်မှာ opportunity ရှာပါဆိုတော့ ဘာကိုဘယ်လိုရှာရမှန်းမသိ။

ဟိုတလောဆီက ကိုခင်မောင်ဦးက ဥပဒေ (laws) တွေရဲ့ အခွင့်အလမ်း (opportunity) တွေကိုထည့်ပါလို့ audit က ပြောတယ်။ အဲဒါ ဘာတွေထည့်ရမလဲဆိုတော့ ကျွန်တော် ရုတ်တရက်စဉ်းစားလို့မရ။

နောက်မှ ဥပဒေရှိခြင်းအတွက် အခွင့်အလမ်းများစွာ ရှိကြောင်း စဉ်းစားမိလေသည်။ ကျွန်တော်စဉ်းစားမိသမျှမှာ အောက်ပါတို့ ဖြစ်ပါသည်။ ထို့ထက်လည်း ပိုနိုင်ပါသည်။

ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်း၊ စည်းမျဉ်းစည်းကမ်းများက ကျွန်ုပ်တို့ကို ဘာတွေ၊ ဘာတွေလုပ်ပါဟု အသေးစိတ် ညွှန်ပြပေးသည့် အတွက် ကျွန်ုပ်တို့သည် ဘာကိုဘယ်လိုလုပ်ရမလဲ ဟု ယောင်ဝါးဝါးဖြစ်နေစရာ မလိုတော့။ ဥပဒေက ညွှန်ပြထားသည်တို့ကို လိုက်လုပ်ရန်သာ ဖြစ်လေသည်။ ဤသည်မှာ အလွန်ကြီးမားလှသော အခွင့်အလမ်းဖြစ်လေသည်။

နောက်ပြီး ဥပဒေအရ မည်သည့်အလုပ်လုပ်လျှင် မည်သည့်သင်တန်းတက်ရမည်၊ တတ်မြောက်ကျွမ်းကျင်သူ ဖြစ်ရမည်ဟု ပြဌာန်းထားလေရာ မလုပ်တတ်သူတို့ လုပ်ခွင့်မရှိအောင် တားမြစ်ထားလေသည်။ ဤသည်မှာလည်း အလွန်ကြီးမားလှသော အခွင့် အလမ်းတစ်ခု ဖြစ်၏။ မလုပ်တတ်သူတို့ လုပ်ခွင့်မရှိတော့သောကြောင့် ဖောင်ဝပ်ပြိုမှုများ၊ အပေါ်မှ ပြုတ်ကျမှုများ၊ ငြမ်းစင် ပြိုကျမှုများ၊ စက်ညပ်ခြင်း၊ မီးလောင်ခြင်း၊ ကတုတ်ကျင်းအတွင်းဝင်မိ၍ အောက်ဆီဂျင်ပြတ် သေဆုံးခြင်း အစရှိသည့် မတော်တဆမှုပေါင်းများစွာကို တားဆီးနိုင်လေသည်။

ထို့ပြင် စီမံခန့်ခွဲသူများ အနေနှင့်လည်း ဥပဒေရှိ၍ လုပ်ရကိုင်ရ အလွန်လွယ်ကူသွားလေသည်။ ဥပဒေသာမရှိပါက မည်သည့်နည်း နှင့် အရေးယူပါမည်နည်း။ ဒါလုပ်ပါ ဆိုပေသိ၊ မလုပ်လည်း ဘာမှ အရေးယူလို့မရပါက လူအများ လေးလေးစားစားမရှိနိုင်။ အာဏာမရှိသူကို မည်သူအရေးလုပ်ပါမည်နည်း။ ဥပဒေကျတော့ သည်ဟာလုပ်ပါလို့ပြောသည်။ သည်ဟာ မလုပ်ပါနဲ့လို့ ပြောသည်။ လုပ်ပါလို့ပြောတာကို မလုပ်လျှင်သော်လည်းကောင်း၊ မလုပ်ပါနဲ့လို့ ပြောတာကို လုပ်လျှင်သော်လည်းကောင်း မည်ကဲ့ သို့ အပြစ်ပေး အရေးယူမည်ကို တိတိကျကျပြဋ္ဌာန်းထားသည်။ လူဆိုတာ အရေးယူမည်ဆိုမှ ကြောက်တာမျိုးဖြစ်၏။ အရေးယူမှု မရှိသရွေ့ကာလပတ်လုံး မည်သူမှ ဂရုမစိုက်။ ဤသည်မှာလည်း ဥပဒေရှိခြင်း၏ အလွန်ကြီးမားလှသော အခွင့်အလမ်းဖြစ် လေသည်။

ကျွန်တော်အားလုံးရေးမပြတော့ပါ။ သည်မျှဆိုလျှင် စာရှုသူတို့ မိမိဘာသာ ချဲ့တွေးနိုင်ပါပြီ။


(၃) Risk and Opportunity (ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်း)
-----------------------------------------------------------------------

ISO 45001 က ထောက်ပြတော့မှ ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်းမှာ အမြဲလိုလို ဒွန်တွဲနေတတ်မှန်း သတိထားမိ၏။ နမူနာတစ်ခု ပြောပြပါမည်။

လမ်းကို ကူးရမည့်နေရာမှမဟုတ်ဘဲ မိမိနှင့်အနီးဆုံးနေရာမှ ဖြတ်ကူးသည်ဆိုပါစို့။ (အန္တရာယ်ကင်းဘေးကင်း လမ်းဖြတ်ကူးစရာ နေရာလေးမျိုးရှိ၏။ ၁။ မီးပွိုင့်၊ ၂။ လူကူးမျဉ်းကြား၊ ၃။ လူကူးခုံးကျော်တံတား၊ ၄။ မြေအောက်လမ်းကူး)

မိမိနှင့် အနီးဆုံးနေရာမှ ဖြတ်ကူးလျှင် မျဉ်းကြား/မီးပွိုင့်ရှိရာ သွားစရာမလိုတော့သောကြောင့် အချိန်ကုန်သက်သာသည်။ မပင်ပန်းတော့။ လမ်းတစ်ဖက်ကို အမြန်ရောက်သည်။ ဤသည်မှာ ကောင်းကျိုး (အခွင့်အလမ်း - opportunity) ဖြစ်၏။

သို့သော် ဆိုးကျိုးဖြစ်နိုင်ချေ (risk) အနေနှင့် ကားတိုက်မည့် အန္တရာယ်ရှိသည်။ ကားတိုက်ခဲ့လျှင် ကျိုးပဲ့ ဒဏ်ရာအနာတရ ဖြစ်မည်။ ဆေးရုံဆေးခန်းသွားရမည်။ ဆရာဝန်ပြရမည်။ ဆေးကုသရသည့်အတွက် ငွေကုန်ကျေးကြများမည်။ အလုပ်ပျက်မည်။ အခြားမိမိနှင့်သက်ဆိုင်သူတို့ စိတ်ပူပန်ဆင်းရဲရမည်။ ၎င်းတို့ပါ အလုပ်ပျက်မည်။ အလုပ်မလုပ်နိုင်၍ ဝင်ငွေလျော့မည်။ ကားတိုက် ခြင်းကြောင့် ခြေလက်ကျိုးခဲ့လျှင် တစ်သက်လုံး ဒုက္ခိတကြီးဖြစ်သွားမည်။ အဆိုးဆုံးအခြေအနေတွင် အသက်ပါ သေနိုင်လေသည်။

အခြားနမူတစ်ခုမှာ အန္တရာယ်ကင်းမျက်မှန်မရှိဘဲ ဂဟေဆော်ခြင်းဖြစ်၏။
ကောင်းကျိုး (အခွင့်အလမ်း) အနေနှင့် ဈေးကြီးလှသော ဂဟေမျက်မှန် မဝယ်ရ၍ ငွေကုန်ကြေးကျ သက်သာသည်။ ဂဟေမျက်မှန် ဘယ်နားရှိတုံးဟု လိုက်ရှာရသည့်ဒုက္ခမှ ကင်းဝေးမည်။ သည်ဟာကြီး ဝတ်မထားရ၍ လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ အလုပ်လုပ်နိုင်မည်။ အလုပ်တွင်မည်။ ဂဟေမျက်မှန်ကို ထိန်းသိမ်းရသည့် ဒုက္ခမှ သက်သာမည်။

ဆိုးကျိုးဖြစ်နိုင်ချေ အနေနှင့် ဂဟေမျက်မှန်မသုံးသဖြင့် မျက်လုံးကို ထိခိုက်မည်။ မျက်လုံးနှင့်ပတ်သက်သည့်ရောဂါများ ရနိုင်သည်။ အဆိုးဆုံးအခြေအနေတွင် မျက်စိကွယ်သည်ထိ ဖြစ်နိုင်သည်။ နောက်ပြီး သုံးနေမကျ၍ အလုပ်လုပ်ရာတွင် အနှောင့်အယှက် ဖြစ်မည်။ ဂဟေမျက်မှန်ဆိုတာ အနီးအနားမှဆိုင်များတွင် အလွယ်တကူ ဝယ်လို့ရတာမျိုးမဟုတ်။ အန္တရာယ်ကင်းပစ္စည်းများ ရောင်းသည့် ဆိုင်များသို့သွားကာ တကူးတက ဝယ်ရမည်။ နယ်မြို့ကလေးများဖြစ်ပါက ရန်ကုန်သွားရမည်။ ရန်ကုန်ရောက်သည့် တိုင် မည်သည့်ဆိုင်၌ ရောင်းမှန်းမသိ။ ထိုအခါ အလုပ်ရှုပ်သည်။ ငွေကုန်မည်။ စိတ်ညစ်ရမည်။

ဆိုးကျိုးဖြစ်နိုင်ချေ = မလုပ်ဖူးသည့်အလုပ်ကို စမ်းတဝါးဝါးလုပ်ရသဖြင့် အခက်အခဲများစွာ ကြုံတွေ့ရ၊ အန္တရာယ်များစွာ ကြုံရ
အခွင့်အလမ်း = အတွေ့အကြုံများစွာရ၊ ကောင်းကောင်း လုပ်တတ်သွား

ဆိုးကျိုးဖြစ်နိုင်ချေ = အလွန်ခက်ခဲသည့်အလုပ်လုပ်ရလျှင် အန္တရာယ်ဖြစ်နိုင်ချေများ
အခွင့်အလမ်း = ပိုက်ဆံများများရ

ဆိုးကျိုးဖြစ်နိုင်ချေ = အသက်နှင့်ရင်းလုပ်ရသည့်အလုပ်၊ သေနိုင်
အခွင့်အလမ်း = ပိုက်ဆံမက်လောက်အောင်ရ

ဤသည်မှာ ဆိုးကျိုးဖြစ်နိုင်ချေနှင့် အခွင့်အလမ်းသည် အမြဲလိုလိုတွဲလျက်ရှိနေကြောင်း နမူနာအချို့ဖြစ်ပါသည်။ စာရှုသူတို့ အနေနှင့် မိမိဘာသာ ဆက်လက် ကြံဆနိုင်ပါသည်။


(၄) မြန်မာ့ယဉ်ကျေးမှု၌ ရှိနှင့်ပြီးဖြစ်သော ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်း
-----------------------------------------------------------------------------------

အမှန်ဆို ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်း တွဲလျက်ရှိကြောင်းကို ကျွန်ုပ်တို့ မြန်မာ့ယဉ်ကျေးမှုတွင် အတိအလင်း ဖွင့်ဆိုခဲ့ပြီး ဖြစ်ပါသည်။

"အနာခံမှ အသာစံရမည်" ဟူသည့် စကားပုံမှာ ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်း တွဲနေကြောင်း ပြဆိုသည့် စကားပုံဖြစ်၏။
ကျွန်တော့်ကိုယ်တွေ့ကို ပြောပြပါမည်။

ကျွန်တော် စင်ကာပူမှ Union Alloy ဆိုသည့် ကုမ္ပဏီတွင် ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၇ မှ ၂၀၁၁ ထိတစ်ကြိမ် လုပ်ခဲ့၏။

Union Alloy တွင် ဝန်ထမ်းဦးရေမှာ ၁၅ ယောက်တောင် မပြည့်။ နောက်ပြီး အားလုံးလိုလိုမှာ အရောင်းမန်နေဂျာ၊ ရုံးစာရေးမ၊ ပစ္စည်းပို့သူ စသဖြင့် ရုံးဝန်ထမ်းများချည်း ဖြစ်၏။ အလုပ်က Jurong Island မှ ဓာတုဗေဒစက်ရုံများ၊ ရေဆိုးပြုပြင်ရေးစက်ရုံများ တွင် ဖိုက်ဘာဂလပ်စ်ပိုက်များဆင်ခြင်း၊ သံပိုက်များနှင့် ဖိုက်ဘာပိုက်များ လဲလှယ်တပ်ဆင်ခြင်းနှင့် အခြား ဖိုက်ဘာဂလပ် ပစ္စည်းများ တပ်ဆင်၊ ပြုပြင်ခြင်းလုပ်ငန်းများ ဖြစ်၏။

အလုပ်သမားဆို၍ တစ်ယောက်မှ မရှိ။ လိုအပ်လျှင် အခြားကုမ္ပဏီမှ အလုပ်သမားများငှားသုံးသည်။ ထိုအခါ တော်ရုံတန်ရုံ အလုပ်များ၌ သန့်ရှင်းရေးလုပ်တာ၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်း၊ စက်ကိရိယာများ သယ်ပို့တာ၊ ဖြတ်တာတောက်တာ၊ ပိုက်လိုင်း ဆင်တာ၊ စမ်းသပ်တာစသည့် အောက်ခြေသိမ်းအလုပ်မှစ၍ အကုန်လုပ်ရလေသည်။ အလွန်ပင်ပန်းလှ၏။

စက်ရုံမှလူများနှင့် ဆက်ဆံရေး၊ လိုအပ်သည်တို့ တွက်ချက်ခြင်း၊ စာရွက်စာတမ်းများပြင်ခြင်း စသည့် အလုပ်များလုပ်ရသလို အလုပ်သမားများလုပ်ရသည့် အလုပ်များကိုလည်း လုပ်ရ၏။

အတွေ့အကြုံကလည်း မရှိတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်ခဲ့ရ၏။ အဆိုအဆဲခံခဲ့ရ၏။ တက္ကသိုလ် ကျောင်းသားဘဝက ကျော့ကျော့လေး နေခဲ့တာဆိုတော့ ယခု အလုပ်သမားတစ်ယောက်လို သိမ်းကြုံးလုပ်ရသည့်အခါ အန္တရာယ် လည်း အလွန်ရှိခဲ့၊ ထိခိုက်ဒဏ်ရာများလည်း ရခဲ့၊ စိတ်လည်းညစ်ခဲ့ရ၏။

ကိုယ်တစ်ခါမှ မလုပ်ဖူးခဲ့သည့် အလုပ်များကို စမ်းတဝါးဝါး လုပ်ရခြင်းကား risk ဖြစ်၏။ ဤသည်တို့မှာ ဆိုးကျိုးများ မဟုတ်လော။

သို့သော် ကောင်းကျိုး (အခွင့်အလမ်း) အနေနှင့် ကျွန်ုပ်မှာ ပညာအလွန်ရလေသည်။ ပရောဂျက်တစ်ခုလုပ်တော့မည်ဆိုလျှင် မည်သည်တို့ကို မည်ကဲ့သို့ ပြင်ရဆင်ရမည်။ မည်သည့်ပစ္စည်းများ၊ စက်ကိရိယာများလိုသည်၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်း များအကြောင်း၊ ပစ္စည်းမှာတာကအစ။ နောက်ပြီး အချို့ပစ္စည်းများကို ဖောက်ကလစ် သုံး၍ သယ်ရ၊ မ,ရ၊ ချရသည်။ ဝပ်ရှော့မှာ တခြားသူမရှိ။ ကိုယ်လုပ်မှ ဖြစ်မှာဆိုတော့ စမ်းမောင်းရင်း ဖောက်ကလစ်မောင်းတတ်သွား၏။ (ဖောက်ကလစ်ကို လိုင်စင်ရှိမှ မောင်းလို့ရမှန်း ကျွန်တော် သိပါသည်။ သို့သော် မန်နေဂျာသို့ အတန်တန်ပြောသည့်တိုင် ဖောက်ကလစ်မောင်းတာ မင်းအလုပ် မဟုတ်ဆိုကာ စီစဉ်မပေးပါ။)

လိုအပ်ချက်အရ ဖတ်ရင်းမှတ်ရင်း၊ လေ့လာရင်းနှင့်ပင် ပိုက်ဆင်လုပ်ငန်းအကြောင်း ကောင်းကောင်းနားလည်ရ၏။
မည်သည့်အလုပ်သမားမှ မရှိ၍ ပစ္စည်းသယ်တာကအစ အကုန်လုပ်ရ၍ ဆိုးလှသော်လည်း ကောင်းကျိုးအနေနှင့် ပိုက်နှင့် ပတ်သက်၍ အောက်ခြေသိမ်း အကုန်နားလည်သွား၏။

ဤသည်ပင်လျှင် "အနာခံမှ အသာစံရမည်" ဆိုးကျိုးဖြစ်နိုင်ချေနှင့် အခွင့်အလမ်း တွဲနေခြင်း နမူနာပင် မဟုတ်ပါလော။

နောက်ဥပမာတစ်ခုပြောပါရစေ။ ငွေလွှဲသည့်ကိစ္စဖြစ်၏။

ကျွန်တော် ပြုံးတရာဆင့်ကနေ ငွေလွှဲလာတာ ၁၅ နှစ်မကတော့ပါ။ လွယ်လည်း အင်မတန်လွယ်ပါသည်။ မပြုံးရေ - မမဆီကို ပိုက်ဆံဘယ်လောက်ပို့ချင်တယ် ဟု message ပို့ကာ ibanking မှ ငွေလွှဲလိုက်လျှင် မနက်ဖြန်ကျ အိမ်ကို ပိုက်ဆံရောက်၏။ ဘယ်မှသွားစရာမလို။ ဘာမှ အထွေအထူးလုပ်စရာမလို။ ဘယ်လောက်မှလည်း အချိန်မကုန်။ ဘာမှလည်း ခေါင်းစားစရာ မလို။
အလွန်လျင်မြန် လွယ်ကူလှ၏။

အခု ဘာတဲ့ ဘန့်တူဘန့် ငွေလွှဲစနစ်ဆိုတာကြီးပေါ်လာတော့ ခေတ်နောက်ကျမှာစိုးလို့ ကျွန်ုပ်လည်း သုံးကြည့်ချင်လာလေ၏။ ဟိုလို ပြဿနာတက်တယ်၊ ဒီလိုပြဿနာတက်တယ် စသဖြင့် ဖေ့စ်ဘုတ်မှာ သူများတွေပြောကြတာ ဖတ်နေရုံမျှနှင့် အားမရ။ ပြဿနာကို ကိုယ်တိုင် ကြုံမိချင်လာလေ၏။

သို့နှင့် POSB iBanking မှ ရန်ကုန် CBBank သို့ 2/2/2019 (စနေ) နေ့က ငွေလွှဲလိုက်၏။
4/2/2019 (တနင်္လာ) နေ့ကျတော့ လူကြီးမင်းငွေလွှဲတာ ဆပ်ဆက်ဖူးပါပြီဆိုပြီး စာပို့၏။

အင်္ဂလိပ်လို successful ဆိုသည့်စကားလုံးကို ကျွန်ုပ်က "ကျွန်ုပ်အကောင့်ထဲမှပိုက်ဆံ ရန်ကုန်အကောင့်ထဲဝင်သွားပြီ" ဟု ဘာသာပြန်လိုက်၏။ သို့မို့ကြောင့် ရန်ကုန်မှလူများကို ဘဏ်သွားကာ ပိုက်ဆံထုတ်ခိုင်း၏။ သို့သော် ပိုက်ဆံမရောက်သေး ဆို၏။ ပိုက်ဆံများဆုံးလေပြီလားဆိုပြီး ကျွန်ုပ်လည်း ရင်တုန်ပန်းတုန် ဖြစ်လေ၏။

ဘာတဲ့၊ အကောင့်နဲ့လွှဲရင် ဧရာဝတီတို့၊ သံလွင်တို့၊ ချင်းတွင်းတို့ (အဲလေ၊ မြစ်တွေနဲ့မှားကုန်ပြီ) ကမ္ဗောဇတို့ဆီ ရောက်သွား တတ်သည်။ မှတ်ပုံတင်နံပါတ်နဲ့လွှဲပါဟု ပြောသည် ဆို၏။ အလွန်ထူးဆန်းလှသော မက်ဆေ့ကြောင့် ကျွန်ုပ်လည်း မျက်လုံးပြူးရ လေ၏။ ကျွန်ုပ် ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ် စသည် နိုင်ငံပေါင်းတော်တော်များများနှင့် ငွေအပေးအယူ လုပ်ခဲ့ဖူးပါသည်။ လုပ်သမျှ အကုန်လုံး ဘဏ်အကောင့်နှင့်ချည်း လုပ်ခဲ့တာဖြစ်၏။ ဘယ့်နှာ နင်ရို့တိုင်းပြည်ကျမှ မှတ်ပုံတင်နဲ့လွှဲပါ ဖြစ်ရသတုံး။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

စီဘီဘဏ်က အကောင့်ကိုလွှဲတာ ဧရာဝတီတို့၊ ကမ္ဗောဇတို့ကို ရောက်တတ်တယ်ဆိုတော့ မြန်မာပြည်က ဘဏ်တွေမှာ ဘဏ်ချင်းမတူလဲ အကောင့်နံပါတ်တူတတ်တယ်ဆိုတဲ့ သဘောလား။ သေဗျဇီ။

တိုတိုပြောရလျှင် မမတို့လည်း ဘဏ်ကို ၂ ခေါက်လား။ ၃ ခေါက်လားပြေး။ ကျွန်ုပ်လည်း POSB ကို တစ်ခေါက်သွားမေး။
နောက်ဆုံး ၇ ရက်နေ့ကျမှ ပိုက်ဆံထုတ်လို့ရလေသည်။ စိတ်လည်းညစ်၊ လူလည်းပန်းလေ၏။ ကျွန်ုပ်က ကွန်ပလိန်းလုပ်လေသော် တရုတ်နှစ်ကူးရုံးပိတ်ရက်တွေကြောင့် ကြာသွားတာပါ တဲ့။ မှတ်ကရော့။

ကျွန်ုပ်ဘဏ်ကနေငွေလွှဲတာ ပြုံးတရာဆင့်ကို မယုံလို့မဟုတ်ပါ။ ကိုယ့်အကောင့်ထဲကနေ ဟိုဘက်အကောင့်ထဲ တိုက်ရိုက်ဝင်သွား လျှင် ပိုများကောင်းလေမလားလို့ လုပ်မိတာ ဖြစ်ပါသည်။

ပင်နင်ဆူလာမှ ငွေလွှဲလျှင် ဆိုးကျိုးဖြစ်နိုင်ချေ မှာ ပိုက်ဆံများဘတ်ကာ ထွက်ပြေးသွားခြင်းနှင့် ကြုံရတတ်သည်။ (အားလုံးကို သိမ်းကြုံးရမ်းခြင်းမဟုတ်ပါ။ တခါတလေဖြစ်တတ်တာကို ပြောပါသည်။ ငွေလိမ်ကာ ထွက်ပြေးသွားသည့် သာဓကများလည်း ရှိခဲ့ ဖူးပါ၏။)
ကောင်းကျိုးမှာ အခုလွှဲ နက်ဖြန်အိမ်ကို ပိုက်ဆံလာပို့သည်။

ဘဏ်ကနေ ကိုယ့်ဘာသာလွှဲလျှင်တော့ -
ကောင်းကျိုး = ကိုယ့်အကောင့်ထဲကနေ ပို့လိုသူ၏ အကောင့်ထဲ တိုက်ရိုက်လွှဲတာဖြစ်လို့ ဘယ်သူမှ လိမ်လို့မရ။ (ထင်တာပြောတာနော့)
ဆိုးကျိုး = အထက်တွင် ကျွန်ုပ်ပြောခဲ့သည့်အတိုင်း ဖြစ်ပါသည်။

ဤကဲ့သို့ပင် မြန်မာစကားပုံ၌ "ဆိုးကျိုးဖြစ်နိုင်ချေနှင့် အခွင့်အလမ်း" တွဲနေသည့် နမူနာ အများအပြားရှိပါသည်။
အောက်ပါတို့မှာ အချို့ဖြစ်၏။

မျက်စိလည်မှ တောကျွမ်း
လဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးရ

နိဂုံးချုပ်ပါမည်။

ကျွန်ုပ် ရေဆင်းတွင်ရှိစဉ် ကလေးများကို ပိုလီယိုကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ ဆရာစံ (စာရေးဆရာ ကြည်မင်း၊ များမကြာမီက ကွယ်လွန်သွားရှာသော ဆရာမဒေါက်တာခင်မမ၏ ယောက်ျား) က အောက်ပါအတိုင်း ပြောတာ မှတ်မိနေပါ သေးသည်။

ကလေးတွေမှာ ပိုလီယိုဖြစ်တဲ့နှုန်း ဘယ်လောက်ရှိသလဲ။ အင်မတန်နည်းတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးရင်တော့ ဖျားဘို့က သေချာသလောက်ပဲ။ အဲဒီတော့ ဘယ်ဟာကို ရွေးမလဲ။ ကိုယ်ကတော့ မထိုးတဲ့လမ်းကို ရွေးတယ်။
Risk = ကာကွယ်ဆေးမထိုး၍ ပိုလီယိုဖြစ်နိုင်သည်။
Opportunity = ဆေးမထိုးသောကြောင့် နာကျင်ခြင်း၊ ဖျားနာခြင်းမရှိတော့။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၆၊ ဖေဖော်ဝါရီ၊ ၂၀၁၉

No comments: