Monday, February 4, 2019

ကျွန်ုပ် ဂျင်ဂျာကော်ဖီသောက်ခြင်းအကြောင်း


တနေ့သ၌ ကျွန်ုပ်သည် သားက "ဗိုက်ဆာတယ်" ဟု အသားကုန်အော်သောကြောင့် လက်စွမ်းပြအံ့ဟု ချက်ပြုတ်ရန် အလို့ငှာ မီးဖိုချောင်မှ ဘီရိုများကို မွှေနှောက် ရှာဖွေလေ၏။

ထိုအခါ တစ်ခုသော ဘီရိုအတွင်း၌ နီညိုရောင်အောက်ခံတွင် ရွှေစာလုံးများဖြင့် ထွင်းထုထားသော အလွန်လှပသည့် စီးရက်တောင့် ကဲ့သို့ စက္ကူဘူး (၄) ဘူးတိတိကို တွေ့ရလေ၏။

ကျွန်ုပ်လည်း ဘာတွေများပါလိမ့်ဟု စပ်စုမိ။
ထိုအခါကျမှ ကော်ဖီထုပ်များဖြစ်ကြောင်း သိမိ။ အောင်မယ် ဖိုးအင်ဝမ်း ဆိုပါလား။ ဖိုးအင်ဝမ်းဆိုတော့ အင်း - ဖိုးတွမ်တီးနဲ့ အတော်နီးပေသပေါ့ဟု တစ်ကိုယ်တည်း ရေရွတ်မိ။

အပေါ်ကစာများကို သေသေချာချာ ဖတ်ကြည့်မိပြီးသကာလ ကျွန်ုပ်၏မျက်လုံးများမှာ ရှိရင်းစွဲအကျယ်ထက် နှစ်ဆမျှ ပိုကျယ်သွားလျက် အောက်မေးရိုးကြီးမှာလည်း ထိန်းမရအောင် ပြုတ်ကျသွားသော ဟူသတတ်။
အဘယ်ကြောင့်ဆိုသော် ဒစ်စထရီဗျူတာ ဆိုသည့်နေရာတွင် ကျွန်ုပ်တို့မိတ်ဆွေ ကြိုးကြာနှစ်ကောင်ကို တွေ့မိသောကြောင့် ဖြစ်သတည်း။

အထဲမှာ ဘာတွေပါတုန်းဟု ဆက်ဖတ်မိလေသော် ကျွန်ုပ်မှာ ရင်တုန်ပန်းတုန်ဖြစ်ကာ ရေတစ်ခွက်ပင် အမြန်ခပ်သောက်လိုက် ရသော ဟူ၏။ အကြောင်းကား ကော်ဖီမှာ ရိုးရိုးကော်ဖီမဟုတ်။ ၉၆ ပါးရောဂါပျောက်ကင်းကြောင်း အာမခံထားသည့် လင်ဇီး ဟူသည့် မဟာ့မဟာဆေးမြစ်တော်ကြီးနှင့် ဖော်စပ်ထားသောကြောင့် ဖြစ်သတည်း။ (ရေသောက်ရခြင်း အကြောင်းကား သည် ၉၆ ပါးရောဂါကို ပျောက်ကင်းစေနိုင်သည့် အနှီဆေးမြစ်နှင့် ဖော်စပ်ထားသည့် အစာအာဟာရအပေါင်းမှာ သာမန် အစာအာဟာရ များထက် အနည်းဆုံး နှစ်ဆခန့် ဈေးကြီးသောကြောင့် ဖြစ်၏။)

တုန်ရင်နေသောရင်ကို အတန်ငြိမ်းစေလျက် အိမ်သူသက်ထား ပြန်လာအောင် စောင့်ရ၏။
ထို့နောက် မျက်နှာကို ပုရွက်ဆိတ်တက်အောင်ပြုလျက် အဟဲ၊ ဒါလေးတွေက ဘာလေးတွေလဲဟင် ဟု မသိဟန်ပြုကာ မေးရ၏။
သူက ကော်ဖီထုပ်များဖြစ်ကြောင်း ပြောလေသော သြော် - ဟုတ်လား။ အတော်ကောင်းမယ့်ပုံပဲနော်။ ဒါနဲ့ ဘယ်လောက် ပေးရသလဲ မသိဘူးနော် ဟု မချိသွားဖြဲ မေး၏။

အမှန်ဆို ကျွန်ုပ်က သားကို ကော်ဖီဘူးများပြလျက် ဘယ်လောက်တန်သတုံးဟု မေးပြီး ဖြစ်၏။ ထို့နောက် ထိုကော်ဖီဘူးများ အကြောင်း ဂူးဂဲတွင်ရှာကာ တစ်ဘူးကို စင်းဒေါ်လာ ၁၄ ဒေါ်လာ (မြန်မာငွေ တစ်သောင်းခွဲလောက်) တန်ကြောင်းလည်း သိပြီးဖြစ်ပါ၏။

ယခုက ကျွန်ုပ်အနေနှင့် သည်ဘူးများအကြောင်း ဘာမှမသိသေးဟန်ဆောင်ကာ မေးခြင်းဖြစ်၏။ သို့မှ အဖြစ်မှန်သိရမည် မဟုတ်ပါလော။

ထိုအခါကျမှ သူက ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြ၏။
ကျွန်ုပ်လည်း ထိုအခါကျမှ မျက်နှာကို ပုံမှန်အတိုင်းပြန်ထားကာ ဒီမယ်၊ အဲဒီမိန်းမကို နောက်တစ်ခါ ဒီအိမ် မလာပါစေနဲ့။ ကျွန်မ ယောက်ျားက မကြိုက်ဘူးပြောတယ်။ လာတာနဲ့ ဆဲလွှတ်မယ်လို့ မှာထားတယ်လို့ပြောလိုက် ဟု မှာထားလိုက်ပါ၏။

ကော်ဖီကို တစ်နေ့ လေးငါးခွက်သောက်နေသူ ကျွန်ုပ်အဖို့ မည်သည့်ကော်ဖီ မည်မျှတန်မှန်း ကောင်းစွာ သိပါ၏။
အထူးသဖြင့် လင်ဇီးဆိုတာတို့၊ ကြိုးကြာနှစ်ကောင်ဆိုတာ ဘာလဲတို့ကိုလည်း ကောင်းစွာသိပါ၏။

အဲလေ၊ အသက်ရှည်လို၊ ကျန်းမာလိုသူများအတွက် ကြော်ငြာပေးတာ ဖြစ်ပါသည်။
လိုသူများ ဝယ်သောက်ကြပါကုန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၎ ဖေဖော်ဝါရီလ၊ ၂၀၁၉








No comments: