Sunday, January 27, 2019

ရင်ဖွင့်လိုက်သော ညတစ်ည


ယနေ့ည TTMY အဖွဲ့၏ စီစဉ်ပေးမှုဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ကျွန်ုပ်တို့ တွေ့ဆုံပွဲ လုပ်ဖြစ်ပါ၏။
နည်းနည်းမှ မဗရုတ်သုက္ခလိုက်ရလျှင် စားမဝင်အိပ်မပျော်သောကြောင့် ကျွန်ုပ်လည်း နည်းနည်းလောက် ဗရုတ်သုက္ခဖြစ်ရပါ၏။

ပွဲက ၆ နာရီကနေ ၉ နာရီ။
တစ်ယောက်က ရှေ့မီ၊ အလယ်မီ၊ နောက်မီ။
နောက်တစ်ယောက်က လူငယ်။

ဆိုတော့ မေးခွန်းတစ်ခုမေးလိုက် ရှေ့မီနောက်မီဆရာကြီးက ဟို့ ဒုတိယကမ္ဘာစစ်ဖြစ်ရာကနေရှင်းလိုက်နှင့် မေးခွန်း သုံးလေးခုလောက်လည်းပြီးရော ၉ နာရီတီးလေ၏။ ကျွန်ုပ်မှာလည်း အစွမ်းမပြလိုက်ရမှာစိုး၍ ရင်တမမနှင့် ငါ့အလှည့်မှ ရောက်ပါတော့မလားဟု ရင်တဒိတ်ဒိတ်ဖြစ်နေလေသော ဟူသတတ်။

နောက်တော့ ကိုရင်စောကို အနားကပ်ကာ မိုက်ကို အတင်းလုရလေ၏။

သို့နှင့်တောင် ကျွန်ုပ်ပြောတော့ ၉ နာရီတီးနေပြီမို့ ပြောချင်တာကလည်းများလေတော့ သူများနားထောင်ချင်သည်မှန်းမသိ၊ နားမထောင်ချင်သည်မှန်းမသိ အတင်းရောကာရော နောက်ကလူလိုက်လာသည့်အတိုင်း ဒရောသောပါးပြောလေ၏။

တက်သုတ်ရိုက်ပြောရသည့်တိုင် ဟိုး ရှေးသရောအခါတုံးက MTP Panel အကြောင်းလည်းပါ၊ ကွီးဖြိုးတို့လာတုံးက အနားကပ် ပြောလိုက်တာတောင် ဘာသံမှ မကြားရတာအစ၊ ၂၀၁၄ တုံးက ရေနံချောင်းအမတ်ကို နိုင်ငံခြားသားများ အလုပ်ခန့်ထားခြင်း ဥပဒေ တင်ခိုင်းတာလည်း ဘာသံမှ မကြာရတာ အလယ်၊ နောက်ဆုံး တစ်တန်းကို တစ်သန်းခွဲလောက်ရိုက်ထုတ်နေသည့် ကျောင်းသုံးစာအုပ်များတွင် စာမျက်နှာတိုင်းလိုလို သောက်သောက်လဲ အမှားတွေပါနေတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကြံပေးစာမျက်နှာသို့ပို့၊ ပညာရေးဝန်ကြီးဌာန၏ website feedback သို့ပို့၊ ဂျာနယ်များသို့ပို့။ ဘယ်လိုပင်လုပ်သည့်တိုင် ဘာမှ ဖြစ်မလာ၍ ဘယ်လိုလုပ်ရမည်မသိတာ အဆုံး။ ထိုကျောင်းသုံးစာအုပ်မှာ အမှားတွေ သောက်သောက်လဲပါနေတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ ဘယ့်အတွက် အဲသလိုတွေ ဖြစ်နေရပါသလဲ ဟု ထားဝယ်လွှတ်တော်ကိုယ်စားလှယ်မှတဆင့် မေးခွန်းတင်ခိုင်း တာလည်း မေးခွင့်မရသည်ထင်ကြောင်း။ ဘာသံမှ မကြားရတော့ကြောင်း။

ထို့နောက် ကမ္ဘာ့အထူးဆန်းဆုံးနိုင်ငံအဖြစ် မှတ်တမ်းတင်ရမည့် မြန်မာရွှေနိုင်ငံတော်ကြီးတွင် ဝန်ထမ်းများ သန်းပေါင်းများစွာ ရှိသည့်တိုင် အလုပ်ခန့်ထားခြင်းဥပဒေ (Employment Act) မရှိသည့်အကြောင်း။

နိုင်ငံခြားကုမ္ပဏီများက မြန်မာနိုင်ငံအတွင်းလာကာ လုပ်ချင်သလိုလုပ်နေတာ လက်ပိုက်ကြည့်နေကြသည့် အကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများကို ဘာဥပဒေနှင့် ထိန်းချုပ်ထားပါသလဲ။ စင်ကာပူမှာ Foreign Manpower Employment Act (နိုင်ငံခြားသားများ အလုပ်ခန့်ထားခြင်း ဥပဒေ) ရှိကြောင်း။ ကျွန်ုပ်က လွှတ်တော်ကိုယ်စားလှယ်မှတစ်ဆင့် တင်ပြခိုင်းသော်လည်း ဘယ်လိုမှ အရေးယူဆောင်ရွက်မှုမရှိ။

ယနေ့တိုင် ကိုယ့်အိမ်ဝိုင်းထဲ သူများလာ ချေးပါနေကြတာကို ကြည်ဖြူစွာပင် လက်သင့်ခံနေကြသည်ကို နားမလည်ကြောင်း။ အစရှိသဖြင့် အားလုံးကို ဝါးလုံးချေးသုတ်ကာ ရမ်းလေ၏။

ကျွန်တော်ပြောတာကို တစ်ယောက်ကထကာ နိုင်ငံခြားသားများခန့်ထားမှုကို ဥပဒေဖြင့်မလုပ်ထားသောကြောင့် နိုင်ငံတော်အနေနှင့် မည်မျှ ဆုံးရှုံးနစ်နာနေရကြောင်း ဖြည့်စွက်ပြောပြ၏။ (နာမည်မေ့နေ၍ ထည့်မပြောနိုင်ခြင်းကို ခွင့်လွှတ်ပါ။)

ကိုယ်စားလှယ်တော်ကြီးများလည်း စာနှင့်ရေးကာ မှတ်သွားပါ၏။ ကျွန်ုပ်လည်း ပြောခဲ့သည်များရော ဥပဒေ၊ အထောက်အကူပြု စာတမ်းများကို အီးမေးပို့ပေးမည်ဖြစ်ကြောင်း ပြောလိုက်ပါသည်။

ကိုတင်မင်းက စင်ကာပူကို လွှတ်တော်ကိုယ်စားလှယ်များလာလိုက်ကြ၊ အကျန်တွေ (ဟုတ်ပေါင်) အကြံတွေပေးလိုက်ကြ။ နောက်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြနှင့် ဘာတစ်ခုမှ အကောင်အထည်ပေါ်မလာ။ ထို့ကြောင့် နိုင်ငံခြားမှ တတ်သိ ပညာရှင်များနှင့် မြန်မာပြည်မှ လွှတ်တော်ကိုယ်စားလှယ်များအကြား ဆက်သွယ်ဆောင်ရွက်ပေးဘို့ ပလက်ဖောင်းတစ်ခု လုပ်ပေးထားဘို့။ သဟာမှ ဒီကပြောတာတွေကို မြန်မာပြည်မှာ ဘယ်လိုဆက် အကောင်အထည်ဖော်မည်ဆိုသည်ကို မပြတ် ဆက်လက်ဆောင်ရွက်နေနိုင်မှာဖြစ်ကြောင်း။

ဦးတင်မောင်ဝင်းက အိမ်အကူတွေကို ပိတ်ထားတယ်လည်းဆိုသေး၊ လတိုင်းလည်း လာနေသေး။ ဖြစ်နေသဖြင့် ပိတ်လို့မရတဲ့ အတူတူ တရားဝင်အလုပ်လာလုပ်ဖို့ခွင့်ပြုရအောင် လွှတ်တော်မှာ တင်ပြဘို့၊ မေးဘို့အကြောင်း။

ကိုအောင်ကျော်သိုက်က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တကယ်လုပ်ကိုင်နေသူတွေ (ကန်ထရိုက်တာများ) အကြား တကယ် တတ်သိနားလည်သူများပါသည့် အဖွဲ့ ဖွဲ့ကာ ဆောင်ရွက်ဘို့ ကြိုးစားကြစေလိုကြောင်း။ ပဲခူး၌ ၎င်းတို့ pilot အဖြစ် Bago Region Construction Control Authority ဖွဲ့ကာလုပ်ပေးခဲ့သည်မှာ အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ကြောင်း စသည်ဖြင့် အများကြီးပြော။

ဆရာဝန်မကြီးတစ်ယောက်ကလည်း ကွမ်းယာဆိုင်တွေကစ အန်တီဘိုင့်အိုတစ်ဆေးတွေကို ဝယ်လို့ရနေကြောင်း။ ဆေးတွေကို စပ်ကာရောင်းချင်သလို ရောင်းနေကြကြောင်း။ ဤသည်ကို ထိန်းကွပ်ပေးစေလိုကြောင်း။

အထူးအားဖြင့် ၂၀၂၀ အတွက် ဘယ်လိုပြင်ထားသလဲ။ ဘယ်လိုတွေလုပ်ရင်တော့ ကောင်းမယ် စသဖြင့် . . စသဖြင့် . . . စသဖြင့် . .

အင်း . . . .
စိတ်ကတော့ ခပ်ပျက်ပျက်ဘဲဗျို . .

တစ်ယောက်လာလိုက် ပုံပြင်လေးတွေ ပြောလိုက်
နောက်တစ်ယောက်လာလိုက် နောက်ပုံပြင်တစ်ခု ပြောလိုက်

အမှန်က ISO 45001 ရေးနေလို့ မသွားတော့ဘူးလို့ဘဲ။
ဒါပေမယ့် သူတို့ဘာတွေပြောသလဲ နားထောင်ချင် . . ပြောချင်တာလေးတွေလဲရှိလို့သွား . . .

.  . . . . .

ကိုယ်က ၉ နာရီထိုးနေပြီဆိုတော့ အချိန်တွေကျော်ရင် အပိုကြေးပေးရတော့မှာဘဲဆိုပြီး အတင်း တက်သုတ်ရိုက်၊ နောက်က လူလိုက်လာသလို ပြောချင်တာ ပြောပြီးသွားမှ . . .

ကိုရင်လေး မောင်ဖထီးက ထတဲ့ပြီး မေးခွန်းတွေ မေးလို့ရပါသေးတယ် . . ဆယ်နာရီထိ တိုးထားတယ်. . .

ဟိုက်ရှားဘားစ် . . သေဇမ်း

အဲသဟာပြောသပေါ့ . . ကျုပ်မို့လို့မလုပ်လိုက်နဲ့ . . အရာရာနဲ့ အကြောင်းကြောင်းချည်း ဆိုတာ . .

No comments: