Monday, January 28, 2019

BE, PE နှင့် AGTI အကြောင်း


(၁) နိဒါန်း

ဤစာကို ဖွလို၍ ရေးခြင်းမဟုတ်။ ကျွန်ုပ်အမြင်ကို တင်ပြခြင်း သီးသီးမျှသာ ဖြစ်ကြောင်း ဦးစွာပထမ ပြောလိုပါသည်။ မိတ်ဆွေတို့ကိုလည်း သဘောတူရမည်ဟု မဆိုလို။ ကိုယ့်ရှုထောင့်နှင့်ကိုယ် ဖြစ်၍ သဘောထားကွဲလွဲလိုပါကလည်း လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ဘာပြဿနာမှ မရှိပါ။

မဟုတ်တာ၊ လွဲနေတာများကို ဝေဖန်ထောက်ပြခြင်းမျှသာ ဖြစ်ပြီး မည်သူ့ကိုမှ နစ်နာစေလိုသည့် ဆန္ဒမရှိပါဟု ရိုးသားစွာ ဆိုချင်ပါသည်။ (ကိုတင်လတ်ရေ - လာရှင်းပြမနေနဲ့တော့နော။ MEC အကြောင်း တစ်ခုခုပြောလိုက် ခင်ဗျားက လိုက်ရှင်းလိုက် ဆိုတော့ အားနာပါတယ်။)

(၂) AGTI ဆိုတာ အင်ဂျင်နီယာလား

မိတ်ဆွေတစ်ယောက်က အင်ဂျင်နီယာကောင်စီ ဥပဒေအရ AGTI တွေကို အင်ဂျင်နီယာလို့ မသတ်မှတ်ဘူး ဆိုတဲ့အပေါ် ဘယ်လို မြင်ပါသလဲ ဟု လှမ်းမေးလာပါ၏။ ကျွန်တော် သူ့ကိုပြန်ဖြေထားတာ copy and paste လုပ်ပြပါမည်။

"ဒီအကြောင်း အင်ဂျင်နီယာ group ထဲမှာလည်း ပြောကြတာ ပွထနေတယ်။ အမှန်က AGTI ကို အင်ဂျင်နီယာလို့ မသတ်မှတ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ MEC ဥက္ကဌ ဒေါက်တာချာလီသန်းလဲ ပြောဖူးပါတယ်။ MEC လုပ်ပုံတွေကိုက ခပ်ရှုပ်ရှုပ်မို့ လူတွေ နားလည်မှုလွဲတာလို့ပဲ မြင်ပါတယ်။ ဥပမာ - PE, RE, RSE တွေလိုဟာမျိုးပေါ့။"

ကျွန်တော် ဤကဲ့သို့ပြောလိုက်ခြင်းအားဖြင့် MEC ကို စော်ကားရာမရောက်ဟု ထင်ပါသည်။ MEC ဥပဒေကြမ်းထွက်လာကတည်း က မည်သည့်အရာများကိုဖြင့် မကြိုက်၊ မနှစ်သက်ကြောင်း ကျွန်တော် The Voice မှာ ဆောင်းပါးတစ်ခါ၊ အင်တာဗျူးတစ်ခါ ရေးဖူး ပါသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် MEC လုပ်ပုံတွေကို ကျွန်တော်လည်း မကြိုက်ပါ။ နောက်ပြီး MEC ဥပဒေကို အသုံးချပြီး မရောင်သည့်နေရာကို ဆီသွားလူနေသူများကိုလည်း မနှစ်သက်ပါ။ ဘာ့ကြောင့်မကြိုက်ကြောင်း၊ မနှစ်သက်ရကြောင်းကို ကျွန်တော်ရှင်းပြပါမည်။ ကျွန်တော့်အယူအဆကို ကြိုက်ရမည်ဟု မဆိုလို။ မကြိုက်လိုက မကြိုက်ဘဲနေနိုင်ပါသည်။

MEC က PE, RE, RSE လက်မှတ်တွေထုတ်ပေးနေတာ မြန်မာအင်ဂျင်နီယာတွေကို နိုင်ငံတကာ အင်ဂျင်နီယာများနှင့် ရင်ဘောင် တန်းနိုင်အောင် ကြိုးစားမှုတစ်ရပ်ဟု မြင်ပါသည်။ ဤသည့်အတွက် မူလရည်ရွယ်ချက်ကို ကြိုဆိုပါသည်။ သဘောလည်း တူပါသည်။ ကောင်းမြတ်သည့် ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း ကျွန်တော်နှင့် ကိုနေမျိုးမောင်တို့ ပြောဖြစ်ကြပါသည်။

သို့သော်လည်းပေါ့လေ။ ခုဟာက ပြောတော့ဖြင့် မဇ္ဈိမပဋိပါဒါ၊ လုပ်တော့ ရှူးရှဲ ဆိုတာလို ဖြစ်နေပါသည်။ (ဤစကားကို နားမလည်ဆိုလျှင် နောက်ကျမှ သပ်သပ်ထပ်ရှင်းပါမည်။ ယခုတော့ ဘေးရောက်သွားမည်စိုး၍ အသာထားလိုက်ပါဦး။)

(၃) PE ဆိုတာဘာလဲ၊ PE လက်မှတ်ယူစရာလိုသလား

ပထမ PE ဆိုတာ ဘယ်သူ့တွေကို ခေါ်သလဲ။ ဘာကြောင့် PE ပေးရသလဲ။ ဘာကြောင့် PE လက်မှတ်ယူဘို့လိုသလဲ ဟု မေးကြည့်ပါ။

PE ဆိုတာ Professional Engineer ကိုခေါ်ပါသည်။ Professional ကို ဘာသာပြန်ရန် သင့်တော်သည့်စကားလုံးကို ကျွန်တော် မသိပါ။ မိတ်ဆွေများအား အကြံပြုရန် မေတ္တာရပ်ခံပါသည်။

Professional တစ်ယောက်သည် သူ့နယ်ပယ်တွင် စာတွေ့ရော၊ လက်တွေ့ပါ ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပါမည်။ ဤနေရာတွင် စာတွေ့ဆိုသည်ကို Academic နှင့် မရောထွေးစေချင်ပါ။ ကျောင်းမှာသင်ပေးလိုက်တာတွေသည် အခြေခံ သီအိုရီများသာ ဖြစ်ပြီး လက်တွေ့ပြန်အသုံးချနိုင်ရန် လေ့လာဘို့ များစွာလိုပါသေးသည်။ ဤသို့ပြောလိုက်ခြင်းဖြင့် ကျောင်းသင်ပညာရေး မလိုဟု မဆိုလို။ လိုသဖြင့်သာ တက္ကသိုလ်၊ ကောလိပ်တွေ ရှိနေရခြင်းဖြစ်ပါ၏။ ကျောင်းသင်ပညာရေးအခြေခံမရှိဘဲ သည် အင်ဂျင်နီယာပညာရပ် တွေကို ဘယ်ကဲ့သို့ လေ့လာဆည်းပူးပါမည်နည်း။ (အဲလေ၊ ဒေါက်တု တင်ထွန်းကတော့ ခြွင်းချက်ဖြစ်၏။။ ဆယ်တန်းမအောင် ဘဲနှင့် ပရော်ဖက်ဆာလုပ်ကာ တက္ကသိုလ်ကျောင်းသားတွေကို ဆရာလုပ်နိုင်ခြင်းမှာ နည်းတဲ့ စကေးမဟုတ်ပါ။ ကလေးတွေ ပြောသလို 9+ ကျော်ပါသည်။)

မည်သည့်ကျောင်းက မည်သည့်ဘွဲ့ကြီးရနေပါစေ။ ကျောင်းကလည်းဆင်း၊ တစ်ခါတည်း လက်တင်သုံးလို့ရသည့် အင်ဂျင်နီယာ များကို သည်ကမ္ဘာပေါ်ရှိ မည်သည့်တက္ကသိုလ်ကမှ မွေးထုတ်မပေးနိုင်ပါ။ တကယ်အလုပ်လုပ်ရန် လက်တွေ့နယ်ပယ်ကို လေ့လာကြရပါသေးသည်။ လက်တွေ့လုပ်မကြည့်ဘဲ မဖြစ်နိုင်ဆိုသည်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ အကျော်ကတည်းက ညီတော်အာနန္ဒာက သက်သေပြသွားပါသည်။ (သိချင်ရင် ဗုဒ္ဓဝင်ရှာဖတ်ပေါ့ဗျာ။ အဲလေ ထူးပါဘူး။ တစ်ခါတည်းပဲ ပြောလိုက်ပါတော့မယ်။)

မြတ်စွာဘုရားက PSO ခန့်မည်ဆိုတော့ ညီတော်အာနန္ဒာလည်း လျှောက်လွှာတင်၏။ (ဒီခေတ်ဆို မရဘူးနော့။ ဆွေမျိုးတွေကို PSO မခန့်ရလို့ အမိန့်ထုတ်ထားဆို မဟုတ်လား။) ဆိုတော့ သူပင် PSO ဖြစ်၏။ အောင်မယ်၊ သူကလည်း အလာကြီးခင်ဗျ။ PSO လုပ်မယ်ဆိုတာတောင် ဘာတဲ့၊ ပန်ဆုလေးသွယ်။ ပယ်ဆုလေးပါး ဆိုလား တောင်း၏။ (အကျယ်သိလိုသူများ refer to ဗုဒ္ဓဝင်)

ထို့အတွက် မြတ်စွာဘုရားဟောသမျှ (သူ့မျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်မှာဖြစ်စေ။ ယခုဖြစ်စေ၊ ယခင်ကဖြစ်စေ) သူမနာဖူးတာ တစ်ပုဒ်မှ မရှိ။ မြတ်စွာဘုရား တရားတော်များနှင့် ပတ်သက်လျှင် သူသာအသိဆုံးဖြစ်လေသည်။ (ဤသည်ကိုအားကျ၍ ဟိုဝန်ကြီးက ငါသာအတတ်ဆုံးလို့ ပြောသွားတာဖြစ်မည်။) ထို့ကြောင့်ပင် "ဓမ္မဘဏ္ဍာဂါရိက" ဟူသော ဘွဲ့ကို ရရှိခြင်းဖြစ်၏။

မြတ်စွာဘုရား၏ တရားအားလုံးကို သိနေသည့်တိုင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုချိန်ထိ သူ အရဟတ္တမဂ်ဖိုလ်ကိုမရသေး။ သောတာပန်မျှသာ ရှိသေး၏။ နောက် အားထုတ်ကျင့်ကြံလိုက်တော့မှ ရဟန္တာဖြစ်သွားတာ ဖြစ်သည်။ သို့သော် သီအိုရီ သိပြီးသား ဆိုတော့ ပရက်တီကယ်လုပ်လိုက်သည့်အခါ ခဏလေးနှင့် ရဟန္တာဖြစ်၏။

ဤဇာတ်လမ်းက ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာများ ထားရစ်ခဲ့၏။
၁။ သီအိုရီချည်းပဲမလုံလောက်။ လက်တွေ့ကျင့်ကြံအားထုတ်ဖို့လိုသည်။
၂။ သီအိုရီ အပြည့်အဝရှိထားလျှင် လက်တွေ့လုပ်သည့်အခါ ခဏကလေးနှင့် အောင်မြင် ပေါက်မြောက်သည်။

ထို့အတွက် BE ဘွဲ့ရထားရုံမျှဖြင့် PE မဖြစ်နိုင်ဟူသည့် ကျွန်ုပ်၏အဆိုကို သင်တို့သဘောပေါက်လောက်ပါပြီ။ (ငြင်းလို့မရအောင် မြတ်စွာဘုရားနဲ့ ကိုင်ပေါက်ထားတာ။ မှတ်ပလား။)

သို့သော် အရာရာစံလွဲနေသည့် ကျွန်ုပ်တို့ရွှေပြည်ကြီးအဖို့တော့ တမျိုးတဘာသာ ဖြစ်ချေသည်။ ဘာအင်ဂျင်နှစ်ရာအလုပ်မှ မလုပ်ခဲ့ဖူးပါဘဲလျက်လည်း ဘီအီးဘွဲ့ကို အကြောင်းပြကာ ပီအီးဖြစ်နိုင်သည်။ (ကျွန်ုပ်ကို အဆိုးမဆိုပါလင့်။ ဖေ့စ်ဘုတ်မှာ ပွထနေပြီ။) ထိုသူများကိုလည်း ကျွန်ုပ်နားမလည်နိုင်ပါ။ အင်ဂျင်နီယာအလုပ်လည်း မလုပ်ပါဘဲလျက် အဘယ်ကြောင့် ပီအီးဖြစ်ချင်ရဘိသနည်း။

သူများအကြောင်း အသာထားပြီး ကျွန်ုပ်အကြောင်းကို ရိုးရိုးသားသား ပြောပြပါမည်။

ကျွန်တော် ဘီအီးဘွဲ့ကိုင်ထားလျက်လည်း ယခုအသက် ၆၀ နားနီးသည်ထိ ဘာအင်ဂျင်နီယာအလုပ်ကိုမှ ဟုတ်တိပတ်တိ မလုပ်ခဲ့ဖူးသေးပါ။

ကျွန်တော် piping လုပ်ငန်း၌ ဆယ်နှစ်ကျော်မျှ ကျင်လည်ခဲ့ပါသည်။ သို့တိုင် သူများလုပ်ထားသည့်၊ သူများဆွဲထားသည့် ဒီဇိုင်းများကိုသာ တပ်ဆင်ပေးခဲ့ခြင်း ဖြစ်၏။ ဤသို့ဆိုခြင်းအားဖြင့်လည်း ပိုက်လုပ်ငန်းအကြောင်း မသိဟု မဆိုနိုင်ပြန်ပါ။ ကျွန်ုပ်၏ လေ့လာမှုဖြင့် piping design အကြောင်း နားလည်ပါသည်။ တွက်လည်း တွက်တတ်ပါသည်။ တွက်ပြပါဆိုလျှင်လည်း တွက်ပြပါမည်။ Stress analysis ကိုလည်း လေ့လာဖူးပါသည်။ စာအုပ်ရေးသားထုတ်ဝေဘို့ပင် ကြံစည်ထားတာ ဖြစ်၏။

သို့သော် ကျွန်ုပ်ကိုယ်တိုင် တွက်ချက်ထားသည့် ဒီဇိုင်းကို မည်သည့်နေရာတွင်မှ စမ်းသပ်အသုံးမပြုရသေးပါ။ သည်ကမ္ဘာပေါ်တွင် ကျွန်ုပ်တွက်ချက်ပေးထားသည့် piping design ဖြင့် တပ်ဆင်လည်ပတ်နေသည့်ပိုက်လိုင်းဆို၍ တစ်ခုမှ မရှိသေးပါ။ ဆိုလိုသည်မှာ ကျွန်ုပ်သိထားသည်များ၊ ကျွန်ုပ်တွက်တတ်သည်များ မှန်မမှန်ကို တစ်ခါဖူးမှ သက်သေမပြရသေးပါ။

အခြားဒီဇိုင်းများလည်း အလားတူဖြစ်ပါသည်။ ကျွန်တော် fire protection system design များ ဖတ်ရှုဖူးပါသည်။ စာအုပ် တော်တော်များများ စုဆောင်းထားတာလည်း ရှိပါသည်။ တစ်ခါမှတော့ မတွက်ဖူးသေး။

ထို့အတူ ဖောင်ဝပ်ဒီဇိုင်းစာအုပ်များကိုလည်း ဝယ်ယူစုဆောင်းထားတာ ရှိပါသည်။ ဟိုလှန်သည်လှန်မျှလောက်သာ ဖြစ်ပြီး တစ်ခါမှ အစအဆုံး မဖတ်အားသေး။

ဤသည်ကိုရည်၍ ကျွန်ုပ် အင်ဂျင်နီယာအလုပ်ကို ဟုတ်တိပတ်တိ မလုပ်ဖူးသေးဟု ဆိုခြင်း ဖြစ်၏။ ကျွန်ုပ်သိထားသည်များမှာ စာတွေ့များချည်း ဖြစ်သည်။ လက်တွေ့မပါသေး။ လုပ်ငန်းထဲမှာ တကယ် တွက်ချက်၊ လုပ်ကိုင်၊ မှားယွင်း၊ ငြင်းခုံ၊ ပြဿနာပေါင်း များစွာတက်။ ကိုယ်တွက်ထားသည့် ဒီဇိုင်းကို တကယ်တပ်ဆင် အသုံးပြုပြီးပြီဆိုမှ တကယ့်အင်ဂျင်နီယာစစ်စစ် ဖြစ်ပါလိမ့်မည်။

နောက်တစ်ချက် -

ဘာကြောင့် ပီအီးလိုသလဲ။
အချို့သော အဆောက်အဦများမှာ ကျွမ်းကျင်သော အင်ဂျင်နီယာ၏ တွက်ချက်မှုလိုသည်။ ကျွန်တော်နားလည်သည့် ဖောင်ဝပ် အကြောင်းသာ နမူနာပြပါမည်။

ဖောင်ဝပ်လဲပြိုမှုများ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင် ကြားသိကြရပါလိမ့်မည်။ အဘယ်ကြောင့် လဲပြိုရသနည်း။ မခိုင်ခံ့၍ဖြစ်၏။ သို့ဆိုလျှင် ခိုင်ခံ့အောင် အောက်မှာ သံတိုင်ကြီးတွေ ထောင်ထားရမလား။ နိုးပါ။

လူကြီးမင်းတို့သိတော်မူကြသည့်အတိုင်း ဒီဇိုင်းလုပ်တယ်ဆိုတာ minimum cost and maximum profit အတွက် လုပ်တာ ဖြစ်ပါသည်။ ခိုင်အောင်ဆိုပြီး မလိုအပ်တာတွေ အရမ်းလျှောက်သုံးရတာ မဟုတ်။ ဒါဆို ပစ္စည်းပိုကုန်မည်။ ပိုက်ဆံပိုကုန်မည်။ ဒီဇိုင်းတွက်တယ်ဆိုတာ လိုအပ်သည့်ခိုင်ခံ့မှုရအောင် ပစ္စည်းကို အနည်းဆုံးသုံးဘို့ တွက်တာဖြစ်သည်။ ပစ္စည်းလည်း ကုန်တန် သလောက်သာ ကုန်ရမည်။ ခိုင်လည်း ခိုင်ရမည်။

သဟာဆို ဘယ်ပစ္စည်းတွေကို ဘယ်ပုံဆင်လျှင် အနည်းဆုံးနဲ့ အခိုင်ဆုံးဖြစ်မလဲ။
သဟာကို ဒီဇိုင်းခေါ်ပါသည်။
ဤပုံစံရအောင် ဒီဇိုင်းတွက်ချက်မှုများ လုပ်တာ ဖြစ်ပါသည်။
အဲသလို အတွက်အချက်တွေလုပ်ဘို့ ပီအီးတွေလိုတာ ဖြစ်ပါသည်။

သည်လောက် လေရှည်လိုက်ပြီးပြီဆိုလျှင် ပီအီးဆိုတာဘာလဲ နှင့် ဘာကြောင့် ပီအီးလိုသလဲဆိုတာ ရှင်းလောက်ပါပြီ။

(၄) CPD Hr

PE, RE တွေအတွက် CPD hr လိုတယ်ဆိုတော့ CPD သပေါ့။ ဘာမှ မပြောလိုပါ။ ကျွန်တော်လည်း CPD သင်တန်းများစွာ တက်ခဲ့ ဖူးပါသည်။ သို့သော် သို့သော်လည်းပေါ့လေ . . .

ကျွန်တော် သင်တန်းမကျ၊ ဟောပြောပွဲမကတွေ အင်ဂျင်နီယာအသင်းအတွက် လုပ်ပေးခဲ့ဖူးပါ၏။ တစ်ခုသော CPD ပွဲတစ်ခု၌ ကိုနေမျိုးမောင်၏ ပယောဂဖြင့် တစ်နေ့လုံး နေဖြစ်၏။ စာရေးစရာ ကုန်ကြမ်းရှာနေသူဖြစ်သည့် ကျွန်ုပ်မျက်လုံးများက အငြိမ်မနေ။ စင်ပေါ်ကသူကိုရော အောက်က နားထောင်နေသည့် ပိတ်သတ်များကိုပါ တစေ့တစောင်း လေ့လာမိ၏။

စင်ပေါ်၌ပြောနေသူများမှာ ကျွန်တော့်အပေါင်းအသင်း ရောင်းရင်းမိတ်ဆွေများပင် ဖြစ်ပါ၏။ သို့သော် အတော့်ကို ဟန်မကျပါ။ သူတို့ပုံစံက ဒါလုပ်ဆိုလို့ လာလုပ်နေရသည့်ဟန် ပေါက်နေပါသည်။ (ကျွန်ုပ်ကို စိတ်မဆိုးပါလင့်။ မဟုတ်တာသိမှ ဟုတ်တဲ့လမ်း ရောက်လာမှာ ဖြစ်ပါသည်။)

သဟာဆို အောက်ကလူများကရောတဲ့။
အင့်ဟင် . . ဟိုလူကြီးက အိပ်မက်ထဲမှာ မချောလေးတွေနှင့် ငပလီရောက်နေသလား မပြောတတ်။ အတော်များများကတော့ ဖုန်းကလေးများ ကိုယ်စီပွတ်လျက် အင်း၊ ဒီလိုမျိုး ဝတ်တာစားတာတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်ပါဘူးကွာ ဟု ငြီးချင်ဟန်ဆောင်လျက် မမသဉ္ဇာ ပွဲတက်ပုံများကို တိုးတိုးတိတ်တိတ် save လုပ်လျက်ရှိ၏။ အချို့ကတော့လည်း ပြောတော့သာ ဆွမ်းလောင်းပွဲတဲ့။ အတော့်ကို မထော်မငမ်းတွေပါလားကွာ ဆိုကာ ကားပေါ်မှ ကုန်းပြ၊ ကော့ပြ၊ ဖြဲပြနေသည်များကို အကြိမ် ၃၀ မြောက် ကြည့်ရှုလျက်ရှိ၏။

အပေါ်ကပြောနေတာကို စိတ်ဝင်တစား နားထောင်ကာ ငါတို့အတွက် အရေးကြီးသဟဲ့။ အရယူသွားမှဆိုသူ တစ်ယောက်ကမှ မရှိ။ အဲလေ ပြောနေပုံကလည်း တစက်ကလေးမှ စိတ်ဝင်စားစရာမှ မကောင်း။ အဲလေ စိတ်ဝင်စားလောက်သည့် အကြောင်းအရာ ကလည်း မဟုတ်။ သဟာတွေကို ကျောင်းမှာတုံးက အသည်းအသန် စာကျက်ဖြေလာပြီးမှ ဘာကိစ္စ စိတ်ဝင်စားရတော့မှာတုံး။

အဲသဟာ ဘာလုပ်တာပါနည်း။ ဘယ်သူ့အတွက် အကျိုးရှိပါသနည်း။
ကျွန်တော့်အမြင်မှာတော့ ဘယ်သူ့အတွက်၊ ဘာအတွက်မှ အကျိုးမရှိပါ။ အချိန်ကုန်၊ လူပန်း၊ အလုပ်ပျက်၊ စရိတ်တက်တာသာ ရှိပါသည်။

မိတ်ဆွေတို့ကို ကျွန်ုပ်တက်ခဲ့သည့် စင်ကာပူမှ CPD သင်တန်းများ လာရောက်လေ့လာ စေချင်ပါသည်။ (Member မဟုတ်သည့် အပြင်လူများအတွက်ဆို ဈေးကတော့ ကြီးပါသည်။) သူတို့ဘယ်လိုလုပ်နေတယ်ဆိုတာ သိစေချင်ပါသည်။

CPD ဆိုတာ မိမိတို့၏ အသိပညာ၊ အတတ်ပညာကို အရောင်တင်ပေးသည့် သင်တန်း၊ ဝပ်ရှော့၊ ဟောပြောပွဲများသာဖြစ်၍ ရောင်းကုန်တစ်ခုမဟုတ်ကြောင်း ပြောလိုပါသည်။

(၅) BE Vs AGTI

နောက်ပြီး BE နှင့် AGTI တို့အကြား မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ ကိစ္စ။
ကျွန်တော်ကတော့ လက်မှတ်တို့ ဘွဲ့တို့ဆိုတာ အခြေအနေတစ်ရပ်ဟုသာ ရှုမြင်ပါသည်။ သူကိုင်ထားသည့် ဘွဲ့လက်မှတ်ကြောင့် သည်လောက်တတ်သည်ဟု ကျွန်တော်ကတော့ မထင်ပါ။ တကယ် သူဘယ်လောက်တတ်တယ်ဆိုတာ ကိုင်ထားသည့် ဘွဲ့လက်မှတ်ထက် လေ့လာမှု ဘယ်လောက်အားကောင်းသလဲ။ သူဘယ်လောက် လေ့လာနေသလဲ ဆိုသည့်အပေါ် များစွာ မူတည်နေပါသည်။

ဓားဟူသည် အမြဲအသုံးချနေမှ ထက်နေသည်။ ဓားမည်ကာမတ္တနှင့် ထရံတွင် သည်အတိုင်းထိုးထားပါက သံချေးတက်နေမည်သာ ဖြစ်ပြီး ဘာမှသုံးလို့ရမှာ မဟုတ်ပါ။

စင်ကာပူမှာလည်း B.Sc (Physics) ဘွဲ့နှင့် ကျွန်တော်တို့လောက် လခရနေသူများ ရှိပါသည်။ ထိုသူများသည် အမြဲ ကြိုးစား လေ့လာနေသူများဖြစ်၏။ ငါလည်း B.Sc (Physics) ဘွဲ့ရလို့ သူ့လောက်ရလိမ့်မည် မတွက်ပါနှင့်။ သူဘယ်လိုကြိုးစားခဲ့သလဲ အရင်လေ့လာပါ။ နောက်ပြီး AGTI သမားများလည်း ကျွန်တော့်ထက် လခပိုရသူများ ရှိပါသည်။ ကျွန်တော့်အနေနှင့် သူတို့ကို မနာလို မရှုစိမ့်စရာ ဘာအကြောင်းမှ မရှိပါ။ သူ့လိုလိုချင်ရင် သူ့လိုကြိုးစားရမည်။ သူ့ထက်ပိုလိုချင်လျှင် သူ့ထက် ပိုတော်အောင်  ကြိုးစားရမည်သာ ဖြစ်၏။ သူရနေသည့်လခကို ကိုယ့်အိတ်ကပ်ထဲမှ ပေးနေရတာလည်း မဟုတ်ပါဘဲလျက် အလိုလိုနေရင်း မနာလို မရှုစိမ့်နေသူများမှာ အလွန် အံ့သြစရာကောင်းသူများသာ ဖြစ်ပါသည်။

B.E ဆိုတိုင်းလည်း ငါ ဘီအီးကွဟု လက်မထောင်စရာ အကြောင်းမရှိပါ။ ငါ ဘယ်လောက်တတ်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဘို့လိုပါသည်။ မင်းက AGTI အဆင့်ပဲရှိတာဟု အထင်မသေးပါနှင့်။ AGTI ပေမယ့် ကိုယ့်လောက်မတတ်ဟု ဘယ်လို လုပ် ပြောလို့ရပါမည်နည်း။ ဘီအီးမှာလည်း မမူးတဲ့ (ဟုတ်ပေါင်၊ အရက်နဲ့မှားကုန်ပြီ) တော်တဲ့ဘီအီးတွေရှိသလို so call ဘီအီးတွေ ရှိပါသည်။ AGTI မှာလည်း တော်တဲ့ AGTI တွေရှိသလို သုံးလို့စားလို့မရသူတွေ ဒုနဲ့ဒေး ရှိပါလိမ့်မည်။ ခုနင်ကပြောသလို သူဘယ်လောက် လေ့လာနေသလဲ။ ဘာတွေလုပ်ခဲ့သလဲ ဆိုသည့်အပေါ် များစွာမူတည်ပါသည်။

သို့ဆိုလျှင် မင်းဘာကောင်လဲ၊ ငါဘာကောင်လည်းကိစ္စ ပြောစရာကို မလိုတော့ပါ။ ရှင်းလောက်ပါပြီ။

AGTI ကို အင်ဂျင်နီယာဟု မသတ်မှတ်တာ မဟုတ်။ ဟို့ မူရင်းဥပဒေထဲမှာ ပါပါသည်ဟု ဆရာဒေါက်တာချာလီသန်းလည်း ပြောခဲ့ပါသည်။ သို့အတွက် AGTI ကို အင်ဂျင်နီယာဟု သတ်မှတ်၊ မသတ်မှတ်လည်း ပြောစရာလိုတော့မည် မဟုတ်ပါ။ PE, RE, RSE လိုအပ်ချက်များမှာလည်း ဥပဒေအရသာဖြစ်ပြီး နေရာတကာ လိုက်တိုင်းနေစရာ အကြောင်းမရှိပါကြောင်း။

သည်မှာပြောခဲ့သမျှအားလုံး ကျွန်ုပ်၏ အမြင်၊ ယူဆချက်များသာဖြစ်သဖြင့် မိတ်ဆွေများအဖို့ နှစ်သက်၊ လက်ခံရမည်ဟု မဆိုလို။ လက်ခံခြင်း၊ လက်မခံခြင်းမှာ ကိုယ့်ကိစ္စနှင့်ကိုယ်သာဖြစ်ပါသည်။ ကျွန်တော့်အနေနှင့် ဘာမှပြောစရာမရှိပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈ ဇန္နဝါရီလ၊ ၂၀၁၉

No comments: