Thursday, December 6, 2018

ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ


(၁) မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ

ကျွန်ုပ်တို့ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရတက်လာပြီးသည့်နောက်ပိုင်း ထူးခြားပြောင်းလဲမှုများစွာကို မြင်တွေ့ကြရပြီ ဖြစ်ပါသည်။

အထင်ရှားဆုံးဥပမာအနေနှင့် သည်ကနေ့ (5/12/2018) တက်လာသော ဖေ့စ်ဘုတ်ပို့စ်တစ်ခုကို နမူနာပြပါရစေ။

သည်ပို့စ်တွင် ယာဉ်ထိန်းရဲတစ်ယောက်က ကားများကို ရပ် စစ်သည်။ ထိုအခါ ယခင် ဘာကောင်ကြီးဖြစ်ခဲ့သူက ပါဝါပြသည်။ ဘာကောင်ကြီးဖြစ်ခဲ့ပါလျက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုနားမလည်။ ထိုအခါ တာဝန်ကျရဲအရာရှိကို ယခင်က အရှိန်အဝါများ ထုတ်သုံးလျက် ခြိမ်းခြောက်သည်။ တာဝန်ကျရဲအရာရှိက ကောင်းကောင်းမွန်မွန် ရှင်းပြနေသည့်တိုင် အရှိန်လျော့မသွား။

သနားစရာထိုသတ္တဝါမှာ ဘယ်ချောင်သွား အိပ်ပျော်နေသည်မသိ။ ခေတ်ကြီးပြောင်းသွားပြီဆိုသည်ကို မသိလိုက်။ ယခင်က အတိုင်း ဗျူးဗျဲနှင့် ဖျဲခြောက်လျှင် ရနေသေးသည်ဟု ယခုတိုင် ထင်နေပေသေး၏။ ရဲအရာရှိက အင်း၊ နဂါးမှန်းသိအောင်တော့ နည်းနည်းလောက် အမောက်ထောင်ပြမှ ဖြစ်မယ်ဟု ဆုံးဖြတ်ပြီး တင်းပြလိုက်မှ ပြန်လျှော့သွားလေသည်။

Ref:
https://www.facebook.com/photo.php?fbid=744610275893937&set=a.104663473221957&type=3&theater

သည်ပို့စ်ကိုဖတ်ပြီး ကျွန်တော့်မှာ ထိုရဲအရာရှိလေးကို ပြေးဖက်နမ်းချင်စိတ်ပေါက်သွားမိလေသည်။ အဘယ်ကြောင့်နည်း။

သည်ကဲ့သို့သော လူကြီးများနောက်မှာ ဘာလက်ပတ်၊ ညာလက်ပတ်နှင့် ရှူးတိုက်လျှင် ပြေးကိုက်မည့်သူများ ရှိနေနိုင်သည်။ သည်ကဲ့သို့လုပ်ခြင်းမှာ အလွန်အန္တရာယ်များလှကြောင်း ထိုရဲအရာရှိမသိမဟုတ်။ သိမည်သာဖြစ်၏။ သို့တိုင် မိမိတာဝန်ကို မကြောက်မရွံ့၊ ရဲဝံ့စွာထမ်းဆောင်သွားသည့်စိတ်ဓာတ်ကား ယောအတွင်းဝန်၏ စိတ်ဓာတ်မျိုး ဖြစ်ချေသည်။

ဤတွင် စကားစပ်မိ၍ မိမိအသက်ထက် အမှန်တရားကို ပိုမိုမြတ်နိုးသော ယောအတွင်းဝန်ဦးဖိုးလှိုင်အကြောင်း အနည်းငယ် ပြောခွင့်ပြုပါ။ (ယခင်က တစ်ခါပြောခဲ့ဖူးပါသည်။ သိပြီးသူများ သည်းခံတော်မူကြပါ။)

တစ်ခါက မင်းတုန်းမင်းကြီး မိဖုရားတစ်ဦး၏ မောင်ဖြစ်သူ တောင်ထားဝယ်သေနတ်ဗိုလ် ငတိုးသည် သူ့အစ်မမိဖုရား၏ အရှိန် အဝါကို သုံးလျက် မင်းချင်းများကို စော်ကားမော်ကားပြုလေသည်။ ထိုအကြောင်းကို ယောမင်းကြီးသိသောအခါ ငတိုးကို ထောင်းပြီး ဒဏ်ပေး၏။ (ယခင်က ထောင်းသည်ဟု သုံးသည်။ ကျွန်တော်ထင်သည်မှာ လက်သီးနှင့်ထိုးခြင်း၊ တံတောင်နှင့်ထောင်း ခြင်း၊ နားရင်းအုပ်ခြင်းများကို ဆိုလိုသည် ထင်ပါသည်။)

ထိုအခါ ငတိုးက သူ့အစ်မဖြစ်သူ ရှင်ဘုရင့်မိန်းမကိုတိုင်သည်။ ရှင်ဘုရင့်မိန်းမက ရှင်ဘုရင်ကို မူလကျီ၊ ပူလကျီလုပ်သည်။
"ဟင်၊ ရှင့်ဝန်ကြီးလုပ်တာကောင်းသလား။ ကျုပ်မောင်ကိုများ သူက ထောင်းသလေး၊ ထက်သလေးနဲ့။"
"ဟေ၊ ဟုတ်လား။ အေး အေးပါကွယ်၊ ငါ ကျုပ်ကျက်လိလိုက်ပါမယ်။"

ရှင်ဘုရင်က ယောအတွင်းဝန်ကို ခေါ်သည်။

"ဟဲ့ ငလှိုင်" (ယောအတွင်းဝန်မှာ မင်းတုန်းမင်းကြီးတို့၏ မွေးစားသားဟုပင် ခေါ်လို့ရသည်။ ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာသူ ဖြစ်၏။ ချစ်လည်း အင်မတန်ချစ်သည် ဟု စာများတွင် ဖတ်ရပါသည်။)
"ဘုရား"
"နင့်အပြစ် နင်သိတယ်နော်"
"သိပါတယ်ဘုရား"
"ကိုင်း ဒါဖြင့် ဆိုစမ်း၊ ဘယ်လိုဖြစ်သတုံး"
"မှန်လှပါ -
အစ်မနှမ၊ သမီးကကို၊ စ၍ဆက်သွင်း၊ လက်ဆောင်နှင်းသည့်၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလှာမူ၊ ပြည်ရွာပျက်ကြောင်း၊ တစ်ပါးတည်း . . လို့ လာရှိပါသဘုရာ့။"
(ဘာအတတ်ပညာမှ မရှိသူသည် ရှင်ဘုရင်ကိုနှစ်မ၊ အစ်မ၊ သမီးပေးပေါင်း၍ ဘုန်းကြီးလာပြီဆိုပါက တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းတရားတစ်ခုပင်ဖြစ်သည် ဟု ဆိုလိုပေသည်။)

ကြည့်စမ်းပါဦးခင်ဗျာ၊ သက်ဦးဆံပိုင် ဘုရင်စနစ်ဆိုတာ လူတစ်ယောက်အသက်ကို "သတ်စေ" ဆိုတဲ့ စကားကလေးတစ်လုံးထဲနဲ့ ပုရွက်ဆိတ်ကလေးလို သတ်လို့ရတာ။ ဤသည်ကိုသိလျက်နှင့် ဦးဖိုးလှိုင်က ရှင်ဘုရင်ကို ဤကဲ့သို့လျှောက်တင်ရဲသည့် သတ္တိကိုဖြင့် ကျွန်တော့်မှာ ကြက်သီး မွေးညင်း ထမိပါသည်။
သည်တော့ ရှင်ဘုရင်မှာ အနာပေါ်တုတ်ကျလျက် လက်သုံးတော်လှံကိုဆွဲ၏။

"ဟဲ့ ငလှိုင်၊ ဟောသည်လှံကိုကြည့်စမ်း။ ဒါ ဘယ်သူ့ကို စီရင်ခဲ့တဲ့လှံလဲ။"
"မှန်လှပါ။ အရှင်မင်းကြီးရဲ့ ဖခမည်းတော်က ကျွန်တော်မျိုးကြီး ဖခမည်းတော်ကို စီရင်ခဲ့တဲ့ လှံပါဘုရား။"
"နင်ကော နင့်အဖေလို ဖြစ်ချင်ပြီထင်ပါရဲ့။"

အဲသည်တော့ ယောမင်းကြီး ဘယ်လိုလုပ်တယ်ထင်တုံး ပိတ်သတ်တို့။

ထိုးတော်မူပါဘုရား ဆိုကာ ရင်ကိုကော့ပေးတော်မူသတတ်။

အောင်မယ်လေး၊ မြတ်စွာဘုရား။ ရှင်ဘုရင့်မှာ သက်မကြီးကိုချလျက် ခေါင်းတစ်ခါခါဖြင့် အတွင်းတော်သို့ ဝင်တော်မူလေ သတည်း။

မင်းကြီးနှယ်၊ ရဲလဲရဲပါပေ့ဗျာ . . ဟု အခြားဝန်မင်းကြီးများက ဆိုသော် -

ကျုပ်တို့လိုလူမျိုးတွေရှိလျက်နဲ့ ဒါမျိုးတွေ ဖြစ်ခွင့်ပေးထားရင် ရာဇဝင်ရိုင်းပေတော့မပေါ့ ဝန်မင်းရဲ့ - ဟု ပြောသည်ဆို၏။
ယောမင်းကြီးကား မိမိအသက်ထက် အမှန်တရားကို ပို၍ ချစ်မြတ်နိုးသူဖြစ်၏။
မိမိအသက်သေမှာထက် နာမည်သေမှာကို ပိုကြောက်သူ ဖြစ်သတည်း။

အထက်ပါ ရဲအရာရှိမှာ ထိုကဲ့သို့သောလူစားမျိုး ဖြစ်ပေမည်။ ထိုကဲ့သို့သော ရဲအရာရှိမျိုးကို ကျွန်ုပ်တို့က အားပေးရမည်။ ချီးမြှောက်ရမည်။ ထိုဝန်ထမ်းမျိုး များများပေါ်ထွက်လာအောင် လုပ်ရမည်။

ကျွန်ုပ်က ဤကဲ့သို့ပြောခြင်းမှာ ဟိုဘာကောင်ကြီးဟောင်းကို မုန်း၍မဟုတ်။
ကျွန်ုပ်ကား မဟုတ်တာ၊ မတရားတာကို အလွန်အင်မတန် ရွံမုန်းသူ ဖြစ်ပေသည်။
မဟုတ်တာ၊ မတရားတာကို ကိုယ်တတ်နိုင်သည့်ဘက်မှ တိုက်ထုတ်နေသူများကို သူရဲကောင်းများဟု သတ်မှတ်ထားသူ ဖြစ်၏။
အနှီ ကျွန်ုပ်၏ သူရဲကောင်းများမှာ သူတို့လုပ်စရာရှိတာကို ထုံးစံအတိုင်း လုပ်သွားတာဖြစ်သည့်အတွက် ဘာမှ မထူးဆန်း၊ ဘာမှ ကျေးဇူးတင်စရာမရှိဟု ဆိုက ဆိုနိုင်ပါသည်။
သို့သော် သာမန်ပြည်သူများ Wheeltax မပြ၍ ဖမ်းခြင်းမှာ သာမန်အခြေအနေဖြစ်သည်။
ယခု ၎င်းတို့ဆောင်ရွက်လိုက်သည်မှာ သူတို့အတွက် စွန့်စားခန်းတစ်ရပ်ဖြစ်နိုင်သည်။ ဤသည်ကို မကြောက်မရွံ့ သည်ကဲ့သို့ လုပ်နိုင်ခြင်းအတွက် ချီးကျူးခြင်းဖြစ်၏။

အကယ်၍သာ ကျွန်ုပ်တို့ရွှေပြည်ကြီး၌ ဤရဲအရာရှိမျိုးချည်းဆိုလျှင် -
ဘယ်နှစ်လောင်းပြိုင်လူသတ်မှု ဆိုတာတွေကို ဖော်ထုတ်နိုင်မည်။
ခြံထဲမှာ မူးယစ်ဆေးဝါးတွေကို ကားအစီးလိုက်တွေ့တာတောင်မှ ဘယ်သူပိုင်မှန်းမသိ ဆိုတာတွေ လျှော့ချနိုင်မည်။

သည့်အတွက် ယခင်က ဘာကောင်ကြီးဖြစ်ခဲ့သူများအား ယခင်အရှိန်အဝါနှင့် မမိုက်ကြပါနှင့်တော့။ အမိုက်အမဲလေးတွေမို့ ခွင့်လွှတ်ပါဆိုတာ ၃၇ မင်းကိုပဲ တောင်းပန်လို့ရမည်။ တရားဥပဒေမှာတော့ဖြင့် ပြစ်မှုကျူးလွန်လျှင် ကျူးလွန်သည့်အတိုင်း အရေးယူခံရမည်ဆိုသည်ကို သတိပြုမိကြစေလိုကြောင်း။

(အဲလေ၊ အကုန်လုံးတော့လည်း မဟုတ်ပေဘူးပေါ့ဗျာ။ ဟို ၉၁ ကြိမ်မြောက် ရုံးထုတ်တဲ့အမှုမျိုးတွေလည်း ရှိသေးသကိုး။)

ဤပို့စ်ဖြင့် ဒုရဲအုပ်ဌေးလွင် ကို ဂုဏ်ပြုပါသည်။

(၂) ပညာရှိသတိဖြစ်ခဲ

ပြည်သူ့အစိုးရတက်လာတော့ အချို့ခေါင်းဆောင်ပိုင်းများမှာ စေတနာတွေ ပိုကဲခါ သာသာထိုးထိုးလေး လုပ်တာများကို တွေ့ရပါသည်။ ဤသို့လုပ်ခြင်းကား သူတို့အကျိုးစီးပွားအတွက်မဟုတ်။ သူတို့မိသားစု၊ ဆွေမျိုးသားချင်းများ ကောင်းစားရေး အတွက် မဟုတ်။ တိုင်းပြည်အတွက်၊ ပြည်သူပြည်သားများ ကောင်းစားရေးအတွက် လုပ်ကြခြင်းဖြစ်သည်။
သို့သော် ဤသို့လုပ်ရင်းမှ စေတနာအမှားများ ဖြစ်တတ်သည်။

မည်သည့်အရာကိုလုပ်သည်ဖြစ်စေ၊ ဥပဒေဘောင်အတွင်းမှသာ လုပ်ရသည်။ မည်သူမှ ဥပဒေကို ကျော်လွန် လုပ်ခွင့်မရှိ။ ဥပဒေအထက်တွင် မည်သူမှ မရှိရ ဆိုတာ လူတိုင်းသိသည်။
သို့သော် လုပ်ချင်ဇောတွေများနေသောကြောင့် ဤအရာကို သတိမမူမိဘဲ ဖြစ်နေတတ်သည်။
ဤသည်မှာ ပညာရှိ သတိဖြစ်ခဲ ဖြစ်၏။

အကယ်၍ ၎င်းတို့မှားနေပါက (မည်သည့်ရာထူးအဆင့်ကြီး ဖြစ်နေပါစေ) မှားနေကြောင်း ထောက်ပြသူရှိရမည်။ ထောက်ပြရဲသည့် သတ္တိလည်း ရှိရမည်။ ထောက်ပြလျှင်လည်း ထိုလူကြီးဆိုသူက မိမိအမှားကို လက်ခံရမည်။ ထောက်ပြသူအားလည်း အရေးမယူရ။ အရေးမယူသည့်ပြင် ကျေးဇူးတောင်တင်ရဦးမည်။ အဘယ်ကြောင့်ဆိုသော် အမှားကိုသိမှ အမှန်ပြင်နိုင်မည်။ အမှန်ပြင်မှ တိုးတက်မည်။ အမြဲတိုးတက်နေဘို့ရာမှာ ကိုယ်လုပ်သမျှ ဘာတွေလွဲနေသလဲ၊ ဘာတွေမှားနေသလဲ သိနေဘို့လိုသည်။
ဘယ့်နှာ နေရာတကာ၊ ငါသိ၊ ငါတတ်ချည်း လုပ်လို့ဖြစ်မတုံး။ ဘုရားမှ မဟုတ်တာ။
ကိုယ်မသိတာတွေ အများကြီးရှိနိုင်သည်။ မသိဘူးဆိုလျှင် မသိဘူးဟု ရိုးရိုးသားသား ဝန်ခံကာ သိသူကို ဆရာတင်ရမည်။

အချို့ဌာနများတွင် ဝန်ထမ်းများသည် တရားဥပဒေက သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုလုပ်နေကြရသည်။ ထိုကဲ့သို့ ပိုလုပ်ရသည့်အတွက် အချိန်ပိုကြေးမရ။ ဤသည်မှာ ဥပဒေဘောင်အပြင်ရောက်နေသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေအရ အလုပ်သမားတစ်ဦး၏ သာမန်အလုပ်ချိန်မှာ တစ်နေ့လျှင် ၈ နာရီ။ တစ်ပတ်လျှင် ၄၄ နာရီ ဖြစ်၏။ ထိုအလုပ်ချိန်ထက်ပိုလျှင် ဥပဒေက သတ်မှတ်ထားသည့်အတိုင်း အချိန်ပိုကြေးပေးရမည်။ ထို့ပြင် အလုပ်လုပ်သူ တစ်ယောက် ရသင့်ရထိုက်သည့် ရှောင်တစ်ခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့် စသည်များလည်း ရှိသည်ဖြစ်ရာ ဝန်ထမ်းများသည် တရားဥပဒေက ခံစားခွင့်ပေးထားသည့် ထိုခွင့်များကို လစာမပျက် ခံစားခွင့်ရှိ၏။
အချိန်ပိုသာလုပ်ရပြီး အချိန်ပိုကြေးမပေး ဆိုပါက ဥပဒေဘောင်အပြင်ဘက် ရောက်နေသည်။ အလုပ်များလွန်း၍ နှစ်စဉ် ခံစားခွင့် ရှိသော ခွင့်များကိုလည်း ခံစားခွင့်မရဆိုပါက ဝန်ထမ်းများအတွက် နစ်နာသည်။ ဤသည်ကို လူကြီးအနေနှင့် သတိထားသင့်သည်။

အဘယ်ကြောင့် အလုပ်ချိန်နှင့် အချိန်ပိုများသတ်မှတ်ထားရသနည်း ဟူမူ လူတိုင်းတွင် ဆိုင်ရာဆိုင်ရာ မိသားစုရှိသည်။ အဲလေ၊ အပျိုကြီး၊ လူပျိုကြီးများကတော့ ရုံးမှာညအိပ်ရလည်း ဘာကိစ္စရှိမတုံး။ သို့ပေသိ ဤသည်မှာ ချွင်းချက်မျှဖြစ်၍ များသောအားဖြင့် သူသူကိုယ်ကိုယ် အိမ်ထောင်နှင့်၊ ကလေးနှင့် မြေးကင်းနှင့်ချည်း ဖြစ်၏။ လူကြီးလုပ်သူသည် ဤသည်ကိုလည်း ထည့်တွက်ရပါ မည်။ ကိုယ်လုပ်နိုင်သည့်တိုင် ကိုယ့်လက်အောက်က ဝန်ထမ်းတွေ လုပ်ချင်မှ လုပ်နိုင်ပေမည်။

နောက်ပြီး သည်လိုလုပ်နေရတာ တစ်နေ့မဟုတ်။ တစ်ရက်မဟုတ်။ လနှင့်ချီ၊ နှစ်နှင့်ချီလုပ်ရတာဆိုတော့ ကြာလျှင် လုပ်ရသူတွေ စိတ်ပျက်သွားနိုင်သည်။ ကိုယ့်လူကြီးမို့ ဘာမှ မပြောသာလို့ မပြောပေမင့် (မပြောရပေမင့်၊ မပြောနိုင်ပေမင့်) အလုပ်လုပ်ရတာ မပျော်တော့။

အလုပ်ဆိုတာ လုပ်ရတာ ပျော်နေမှ ခရီးရောက်သည်။ ကိုယ့်အလုပ်ကိုကိုယ် စိတ်ဝင်စားမည်။ လုပ်ချင်စိတ်ရှိမည်။ သို့မဟုတ်ပဲ အလုပ်က ကိုယ့်ကိုဖိစီးနေကာ အလုပ်သွားရမှာကို ကြောက်နေပြီဆိုလျှင်ဖြင့် ထိုလုပ်ငန်းခွင်သည် ပျော်စရာကောင်းသည့် လုပ်ငန်းခွင်တစ်ခု မဟုတ်တော့တာ သေချာပါသည်။ သို့ဆိုလျှင် လုပ်ငန်းတွေ ပြီးစီးသင့်သလောက် မပြီးစီးတာတွေ၊ အမှားမှား အယွင်းယွင်းတွေ ဖြစ်လာမည်။ အမှားတွေကို ပြန်ပြင်နေရသည့်အတွက် အချိန်ကုန်လူပန်း၊ အလုပ်ပျက်စရိတ်တက်တာတွေ ဖြစ်လာမည်။ အထက်အောက် ဆက်ဆံရေးကို ထိခိုက်လာနိုင်သည်။ တစ်ယောက်နှင့်တစ်ယောက် အမြင်မကြည်လင်တာတွေ ဖြစ်လာနိုင်သည်။

ထိုလူကြီးမှာ ထိုဝန်ထမ်းများကို ၎င်း၏ အကျိုးစီးပွားအတွက် ခိုင်းထားခြင်းမဟုတ်။ ၎င်းတို့လုပ်သမျှအားလုံး နိုင်ငံ့အတွက်ချည်း ဖြစ်သည်။ သို့သော် နိုင်ငံ့အတွက်ဆိုပေမင့် ဝန်ထမ်းအခွင့်အရေးဆိုတာကိုလည်း မေ့ထားလို့မရ။  

Slow and steady win the race. (ဖြည်းဖြည်းနဲ့မှန်မှန် အောင်ပွဲခံ) ဆိုသော အင်္ဂလိပ်စကားပုံ။ ရောမမြို့ကို တစ်နေ့တည်းနှင့် မတည်နိုင် ဆိုသည့်စကားများ ရှိပါသည်။

သည်ကိစ္စမှာ ရေရှည်လုပ်ရမှာဖြစ်သည့်အတွက် ကျွန်တော်ကတော့ မှန်မှန်သာ လုပ်စေချင်ပါသည်။ တစ်ရက်ကို အလုပ်ချိန် ၁၀ နာရီထက် ပိုမခိုင်းစေချင်ပါ။ နောက်ပြီး ပိုလုပ်သည့် ၂ နာရီအတွက် အချိန်ပိုကြေးပေးရပါမည်။ ဤသည်မှာ မတရားတောင်းတာ မဟုတ်။ ဥပဒေအရ ရသင့်ရထိုက်တာကို တောင်းခြင်းသာ ဖြစ်ပါသည်။ အကယ်၍ အခြေအနေအရ အချိန်ပိုကြေးမပေးနိုင် ဆိုလျှင်တောင် ခံစားခွင့် တစ်စုံတစ်ရာ ဖန်တီးပေးသင့်ပါသည်။ သို့မှ လုပ်ရသူများလည်း ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ပါမည်။
(ဤနေရာတွင်ပြောသည့် ခံစားခွင့်ဆိုသည်မှာ လာဘ်စားဘို့ ဂွင်ဖန်ပေးခြင်းကို မဆိုလိုကြောင်း မိတ်ဆွေတို့ သိပါသည်။)

နောက်ပြီး ရှိသေးသည်။ ဘာလူကြီးလမ်းကြောင်းရှိလို့ ဆိုကာ ဝန်ထမ်းတွေကို မလာမနေရ၊ ပိတ်ရက်တွေမှာ လာခိုင်းတာ။ အလုပ်ချိန်ပြင်ပမှာ ခေါ်ခိုင်းတာ မတရားပါ။ ဥပဒေကို လေးစားလိုက်နာရမည့်သူများ ကိုယ်တိုင်က ဥပဒေကို မချိုးဖောက်သင့်ပါ။ လုပ်သမျှအရာအားလုံး ဥပဒေနှင့်အညီအရသာ ဖြစ်သင့်ပါသည်။ မည်သည့်အကျိုးခံစားခွင့်မှမပေးဘဲ ထိုကဲ့သို့ ဝန်ထမ်းများကို ခေါ်ခိုင်းခြင်းသည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားရာ (တစ်နည်းအားဖြင့် ဥပဒေကို ချိုးဖောက်ရာ) ရောက်ပါသည်။

တိုင်းပြည်တည်ဆောက်ဆဲကာလမို့ အနစ်နာခံလုပ်ကြရမယ် ဆိုလျှင် အနစ်နာခံရမည့်သူများမှာ လက်တစ်ဆုပ်စာ လူများသာ မဖြစ်သင့်။ အများစုလုပ်၍ သူတို့လည်းလုပ်ရပါသည်ဆိုလျှင် လက်ခံနိုင်စရာရှိပါသည်။ အများစုက ဟေးလားဝါးလား၊ ကင်မွန်းကြိုင်နေပြီး သည်လူတစ်စုတည်းက အသည်းအသန် မနိုင်ဝန်ထမ်းနေရသည် ဆိုလျှင်ဖြင့် တစ်ခုခု မှားနေပြီ ဟု ထင်ပါသည်။

ဤသည်မှာ လက်တွေ့ခံစားနေရသည့် ဝန်ထမ်းများဘက်က ကြည့်ပြီးရေးခြင်းသာ ဖြစ်ပြီး ကျွန်တော်ရေးသမျှအားလုံး မှန်ရမည်ဟု မဆိုလိုပါ။ သည်လိုတော့ ဖြစ်သင့်တယ်၊ ဒီလိုတော့ မဖြစ်သင့်ဘူးဟု မရဲတရဲ အကြံပေးခြင်းမျှသာ ဖြစ်၏။
အမှန်တကယ်မှာ လူကြီးက ဖြစ်ပျက်နေသည်တို့ကို ပြန်ပြီး ဆန်းစစ်၊ သုံးသပ် (evaluation) ဘို့ ဖြစ်ပါသည်။

(၃) ဥပဒေဘောင်တွင်း နေထိုင်ခြင်း

မနှစ်က အဖြစ်အပျက်တစ်ခု ကြုံရပါသေးသည်။

အလုပ်သမားများ၏ အနည်းဆုံးလုပ်ခ သတ်မှတ်ရေးနှင့် ပတ်သက်၍ ဖြစ်၏။ ဤတွင်လည်း လူကြီးလုပ်သူက ပြဋ္ဌာန်းထားသည့် ဥပဒေကို မိမိသဘောနှင့်မိမိပြင်ကာ ကိုင်း၊ ခင်ဗျားတို့ကလည်း ဒီလိုမလုပ်နဲ့၊ မင်းတို့ကလည်း ဒီလိုလုပ်ပေး စသဖြင့် ညှိပေးပါသည်။ ပြောသည့်လူကြီးနှင့် ၎င်းပြောသည့်စကားများကို ကျွန်တော်အတိအကျ ရေးပြလို့မရပါ။ အဘယ်ကြောင့်ဆိုသော် သူပြောတာကို အသံဖမ်းထားတာ မရှိ၍ ဖြစ်ပါသည်။ ရှိတယ်ဆိုလျှင်တောင် ပြောလို့မဖြစ်ပါ။ သည်ကိစ္စနှင့်ဆက်နွယ်သောကိစ္စတစ်ခုနှင့် ကျွန်တော့်ကို ဝိုင်းဝန်းတိုက်ခိုက်တာ အတော်လေး ခံလိုက်ရဖူးပါသည်။ ကျွန်တော် မည်သူနှင့်မှ ပြဿနာ မဖြစ်ချင်ပါ။ စင်ကာပူက တကူးတကပြန်လာပြီးတော့လည်း ရုံးချိန်းလာမတက်ချင်ပါ။

နောက်ပြီး ထိုလူကြီးမှာ ဂေါ်ဇီလာလောက်ကြီးရှိပြီး ကျွန်တော့်မှာ လမ်းဘေးမှ ပုရွက်ဆိတ်လောက်သာရှိသဖြင့် ကျွန်တော် ပြောလည်း ဘာမှထူးကိန်းမမြင်သဖြင့် ကျွန်တော် ဘာမှ မပြောခဲ့ပါ။

လူကြီးလုပ်သူသည် လက်အောက်ငယ်သားများအတွက် စံပြဖြစ်နေဘို့လိုပါသည်။ အဆဲမှာစံပြ၊ ပေါက်တတ်ကရလုပ်တာမှာ စံပြ ဖြစ်နေဘို့ ပြောတာမဟုတ်။ အပြုအမူ၊ အနေအထိုင်ကစ၊ အပြောအဆို၊ စည်းကမ်းလိုက်နာမှုအဆုံး စံပြဖြစ်နေတာကို ပြောတာ ဖြစ်ပါသည်။

အဲလေ၊ အဲသလို လူကြီးလုပ်တဲ့သူဟာ လက်အောက်ငယ်သားတွေရဲ့ စံပြဖြစ်နေရမယ် ပြောမိလို့ ၂၀၁၁ ခုနှစ်ကလုပ်ခဲ့တဲ့ City Hub Project (@ Kallang Ave) မှာ အတော်လေး အတိုက်အခိုက် ခံလိုက်ရပါသေးသည်။ သည်အကြောင်း ကျွန်တော် တစ်ခါက ရေးဖူးပါသည်။ ဤသည်မှစကာ နောက်ပိုင်း အမြင်မတော်တာတွေ တွေ့နေတောင် မသိလိုက် မသိဘာသာ နေတတ်အောင် ကြိုးစားရပါသည်။ အနို့ အမြင်မတော်တာတွေ့တိုင်းလည်း ပြောလို့မကောင်း။ ပြောလျှင် ကိုယ့်အလွန်သာဖြစ်မည် မဟုတ်ပါလား။

အမှန်ဆို ကျွန်တော်တို့ဆီကလူကြီးတွေ ဥပဒေဘောင်ကိုကျော်ပြီး လုပ်နေတာ အတော်များပါသည်။ သို့တိုင် ဥပဒေဆိုတာ ချိုနဲ့လားဟု မေးရမည့် ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် ကိုယ်တစ်ယောက်တည်း ဥပဒေ၊ ဥပဒေ ဆိုပြီး အော်နေပြန်ရင်လည်း ခေါင်းနှင့်ကိုယ် အိုးစားကွဲမှာ စိုးရသေးသည်။ ကျွန်တော့်အစ်မကြီးကဆို မကြာမကြာ သတိပေး၏။ နင် တွေ့ရာတွေ လျှောက်မရေး နဲ့နော။ ဒီခေတ်ကြီးမှာ ဘာမှန်းမသိဘဲ သေသွားတဲ့မသာတွေ မနည်းဘူး ဆိုတော့ ကျွန်တော်လည်း ကျောချမ်းလှသည်နှင့် ကျွန်ုပ်နှင့်ကော်ဖီအကြောင်း၊ အီအီးပါခြင်းအနုပညာစသည်ဖြင့် မည်သူနှင့်မှ မသက်ဆိုင်တာများကိုသာ ဖိရေးရချေသည်။ ဒါတောင် တစ်ခါတလေ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ပါ ပါသွားသေးလို့ ဟဲ့၊ ဘာဖြစ်လို့ အဲဒါတွေ ထည့်ရေးတာလဲ စသဖြင့် ရန်ကုန်ကနေ လှမ်းလှမ်း ဆင်ဆာဖြတ်ပေးရသေး၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

(၄) ဘေးကင်းရန်ကွာ လွန်ချမ်းသာ

အမှန်ဆို လူ့ဘောင်လောကကြီး၌ အစိုးရဆိုတာတွေ၊ ဥပဒေဆိုတာတွေ လိုကိုမလိုအပ်ပါ။ သို့ဆိုလျှင် အဘယ်ကြောင့် သည် အစိုးရ ဆိုတာတွေ၊ ဥပဒေဆိုတာတွေ ရှိလာရသနည်း။
လူတွေ၏ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ဖြစ်သည်။
သည်ဒွန္နယာကြီးမှာ ကိုနေမျိုးမောင်တို့လို လူမျိုးတွေချည်းဆို ရှေ့နေတွေ၊ တရားသူကြီးတွေ ထမင်းငတ်သေရကိန်းရှိသည်။
ရဲစခန်းတွေ အကုန်ပိတ်ပစ်ရလိမ့်မည်။
ထောင်တွေအစား ဘိုးဘွားရိပ်သာတွေ အများပြည်သူနားနေရာ ဇရပ်တွေ ဆောက်လို့ရသည်။
ယခုတော့ အသင်တို့ဘုတလင် (ဟုတ်ပေါင်) ပုထုဇဉ်လူသားတွေ၏ (အောင်မယ်၊ သူကတော့ အရိယာကျနေတာပဲ) လောဘ၊ ဒေါသ၊ မောဟတွေကြောင့် တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ရဲတွေ၊ ၃၀၀၀ စား၊ ၅၀၀၀ စားတွေ (အဲလေ၊ ရောကုန်ပြီ။ ဆောရီး၊ ဆောရီး) အလုပ်ရကုန်သည်။

ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ်၊ ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြပါ။
သွားလေသူကြီးတို့ ထားသွားသည့် ဆောင်ပုဒ်ကလေး သွားသတိရမိသည်။
ဘာတဲ့ -
"ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ"
အောင်မယ်။ အဟုတ်ခင်ဗျ။
သည်တော့ ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြပါ။ ဘေးလည်းကင်းမည်၊ ရန်လည်းကွာမည်။ ချမ်းချမ်းသာသာနေရမည်။

ဥပဒေဆိုတာ အတည်ပြုပြီးပြီဆို ကြိုက်သည့်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လေးစားလိုက်နာဘို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်။ အကယ်၍ မတရားသောဥပဒေဖြစ်အံ့။ ထိုဥပဒေကို တရားသောဥပဒေဖြစ်အောင် ပြင်ရမည်။

သဟာ ကျွန်ုပ်ပြောတာမဟုတ်။ ဆိုကရေးတီးပြောတာဖြစ်သည်။
စံနမူနာပြအဖြစ် သူ့ကို မတရားအပြစ်ပေးခံရတာတောင် ထွက်ပြေးဘို့မကြိုးစားဘဲ အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်ဖြင့် သောက်ပြသွားခဲ့သည်။
ကျွန်ုပ်တို့လည်း ဆိုကရေးတီး၏လမ်းစဉ်ကို လိုက်ကြရမည်။

ငါ ဘာကောင်ကွ ဟု အသားလွတ် မရမ်းချင်ကြပါနှင့်။
ဟို ရဲအုပ်လိုလူမျိုးနှင့်မတွေ့တောင် ဘုရားရိုက်တာခံရလိမ့်မည်။
ဥပဒေဘောင်တွင်း နေထိုင်ကြပါစို့။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၆ ဒီဇင်ဘာ၊ ၂၀၁၈

No comments: