Saturday, September 15, 2018

ဗာလနံ - လူမိုက်တို့သည်


(၁)

ရှင်မဟာမောဂ္ဂလာန်အလောင်းနှင့် ရှင်သာရိပုတ္တရာအလောင်းတို့သည် မြတ်စွာဘုရားနှင့်တွေ့ပြီး တရားစစ် တရားမှန်ကို ရှာဖွေတွေ့ရှိကြပြီးသကာလ တရားရှာရင်း သူတို့ဆရာဖြစ်ခဲ့ဖူးသည့် သိစ္စည်းဆရာကြီးဆီသွားကာ မြတ်စွာဘုရားထံ တပည့်ခံ၍ တရားစစ်တရားမှန်ကို အားထုတ်ဘို့ တိုက်တွန်းလေ၏။

ထိုအခါ သိစ္စည်းဆရာကြီးက လူအများ၏ ဆရာကြီးတစ်ဆူအဖြစ်မှ ဂေါတမဗုဒ္ဓ၏ တပည့်အဖြစ် မခံလိုတော့ကြောင်း။
ဟဲ့ - လောကဝယ် လူမိုက်နဲ့ လူလိမ္မာ ဘယ်သင်းပိုများသတုံး။
လူမိုက်တွေ ပိုများပါသဖုရာ့။
အေးအေး - မင်းတို့လိုလူလိမ္မာတွေ ဂေါတမဆီသွားကြ၊ လူမိုက်တွေ ငါ့ဆီ ကျန်ခဲ့လိမ့်မယ် - ဟု ဆိုသတတ်။

အနှီဆရာကြီးကား မိမိလမ်းစဉ်မှားနေကြောင်း သိသည်။ သို့သော် မိမိ၏ အတ္တနှင့် မာနကိုမခွာနိုင်သည့်အတွက် ဂေါတမဗုဒ္ဓ၏ တပည့်အဖြစ်မခံနိုင်၍ တရားစစ်၊ တရားမှန်ကို ရမသွားခဲ့ရှာ။

ဤလောကတွင် ထိုသိစ္စည်းဆရာကြီးကဲ့သို့ လူများ အများအပြားပင် ရှိလေ၏။

(၂)

ယနေ့ ကျွန်ုပ် အစိုးရအရာရှိကြီးတစ်ဦးနှင့် တွေ့ဆုံပွဲသို့ တက်ခွင့်ရခဲ့သည်။ စီစဉ်ပေးသူများကို ကျေးဇူးတင်ပါ၏။
သူပြောပြသဖြင့် သူတို့လုပ်ကိုင်နေသည်များနှင့် သူတို့ရင်ဆိုင်ကြုံတွေ့နေကြရသည်များကို သိခွင့်ရခဲ့ပါသည်။ ထိုအထဲမှ မသိသင့်၊ မသိထိုက်သည်များကို ချန်လှပ်လျက် သိသင့်သမျှ ပြန်လည် ဖောက်သည်ချချင်ပါသည်။

ကျွန်ုပ်တို့၏ လက်သန်းများ တန်ခိုးဖြင့် NLD အစိုးရတက်လာခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ။ NLD အစိုးရသည် ချေးထုပ်ကြီးကို လက်ဝယ်ပိုက်မိပြီးသား ဖြစ်လိမ့်မည်ကို ကြိုတင်မျှော်လင့်ထားခဲ့ကြ၏။ သို့တိုင် အခြေအနေမှာ သူတို့မျှော်လင့်ထားသည်ထက် အများကြီး ပိုဆိုးနေလေသည်။

အထူးသဖြင့်ကား လူများဖြစ်၏။ လူဟူ၍ ဖြစ်လာကတည်းကိုက ဥပါဒါန်ကြောင့် ဖြစ်လာခြင်း မဟုတ်လော။ သို့မို့ကြောင့် နှစ်ပေါင်းများစွာ အသားကျလာခဲ့သည့် စနစ်ဆိုးကြီးအောက်တွင် ကျင်လည်ကြီးပြင်းခဲ့ရသည့် ထိုသူများသည် ထိုစနစ်ဆိုးကြီးကို အတင်းဖက်တွယ်ထားကြလေသည်။ ထိုစနစ်ဆိုးကြီး မကောင်းမှန်းသိလျက်နှင့် မပြုပြင်လို၊ မပြောင်းလဲလိုကြ။

အဘယ်ကြောင့်နည်း။
ထိုစနစ်ဆိုးကြီးကိုမှီကာ အကျိုးအမြတ်ထုတ်၍ ရနေသောကြောင့် ဖြစ်သတည်း။
ကျွန်ုပ်တို့မြန်မာပြည်ကြီးတွင် ရုံးပြင်ကန္နားနှင့်ပတ်သက်သည့် ကိစ္စမှန်သမျှ ဘယ်ကိစ္စမှ လွယ်သည်မရှိ။ ယုတ်စွအဆုံး ထောက်ခံစာကလေးတစ်စောင်ရဘို့တောင် အလွန်ခက်ခဲလေသည်။
အဘယ်ကြောင့်ခက်ရသနည်း။ ခက်မှ လုပ်စားလို့ရမည်မဟုတ်လော။
လုပ်ရမလွယ်လျှင် လူများသည် အလွယ်နှင့်ရမည့်လမ်းကို လိုက်ကြလိမ့်မည်။ ဤကြောင့်ပင်လျှင် လုပ်ပိုင်ခွင့်ရှိသောလူများ အတွက် အင်မတန် သွားရေယိုစရာကောင်းသည့် ခွင် ဆိုတာကြီး ဖြစ်လာလေသည်။

သည့်အတွက် သည် ခွင်နှင့်လုပ်စားနေသူ လူအပေါင်းတို့မှာ သည်ခွင်ကြီးပျောက်သွားမှာကို ငယ်ထိပ် မိုးကြိုးပစ်မှာထက် ကြောက်သေးသည်။ သည်ခွင်ကြီးပိတ်သွားလျှင် ငတ်ပြီ။

ဘယ်အချိန်တွင် သည်ခွင်ကြီး ပိတ်မည်နည်း။
ရုံးပြင်ကန္နားကိစ္စ၌ လူတွေ အလွယ်တကူ လုပ်လို့ရသွားလျှင် ခွင် ပိတ်တော့မည်။
ထို့အတွက် လူတွေ ရုံးပြင်ကန္နားကိစ္စ၌ အလွယ်တကူ လုပ်လို့ရသွားမည့်အရေးကို ထိုသူများသည် သေမလောက် ကြောက်ကြလေ၏။

ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံနှင့် တက်လာသည့် NLD အစိုးရအဖို့ စနစ်ဆိုးကြီးကို ပြောင်းလဲပစ်ရန်ကြိုးစားရာ၌ အစိုးရယန္တရားကြီးကို တကယ်လည်ပတ်ပေးနေသည့် အနှီသကောင့်သား၊ စနစ်ဆိုးကိုဖက်တွယ်ထားလိုသူများမှာ အဓိက အနှောင့်အယှက်၊ အဟန့်အတား၊ အခက်အခဲကြီးတစ်ရပ် ဖြစ်သတည်း။

၎င်းတို့သည် စနစ်ဟောင်းကြီး မကောင်းမှန်းသိသည်။ ထိုစနစ်ကြီးတွင် ဘာအချက်အလက်မှ မရှိ။ ဘာအကိုးအကား အထောက်အထားမှမရှိ။ ရှိသမျှ အချက်အလက်များသည်လည်း ပါးစပ်ထဲကထွက်ထားသည့်၊ ဘာအထောက်အထားမှ မရှိသော အချက်အလက်များသာ ဖြစ်လေသည်။ ဤသို့အချက်အလက် အမှန်အကန်များမရှိခြင်းပင်လျှင် ၎င်းတို့အတွက် ခွင် တစ်ခု၊ ခွင် အကြီးကြီးတစ်ခု၊ ဧရာမခွင်ကြီးတစ်ခု၊ သောက်ကျိုးနည်းကြီးသည့် ခွင်ကြီးတစ်ခု ဖြစ်လေသည်။ ဘာအချက်အလက် အထောက်အထားမှ မရှိတော့ လုပ်ချင်သလို လုပ်လို့ရသည်။ ပြောချင်သလို ပြောလို့ရသည်။ သူတို့ပြောတာတွေ မှန်မှန်းလည်း မသိ။ မှားမှန်းလည်း မသိ။

ယခု တက်လာသူများက ထို ဘာအချက်အလက်မှ မရှိသော၊ ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ်နေသည့် စနစ်ကြီးကို ပြင်ဘို့ ကြိုးစားသည်။ ထိုအခါ ထို ခက်နေသည့်စနစ်ကို လွယ်အောင်ပြင်လိုသော ပြည်သူ့ဘက်တော်သားများသည် စနစ်ဆိုးကြီးကို အသည်းအသန်ဖက်တွယ်ထားလိုသူကြီးများ၏ မဟာရန်သူတော်ကြီးများ ဖြစ်လာလေသည်။

ထိုကဲ့သို့ ပြောင်းလဲဘို့ ကြိုးစားမှုများကို အသည်းအသန် ကန့်လန့်တိုက်ကြသည်။ ပြဿနာရှာကြသည်။ အပြောင်းအလဲ ရှေ့မတိုးရလေအောင် နည်းမျိုးစုံနှင့် ဒုက္ခပေးကြသည်။ တည့်တည့်တမျိုး၊ စောင်း၍တစ်မျိုး ငါနှင့်လူနှင့် ဆဲကြသည်။

လူထု မသိနားမလည်မှုနှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကိုပေါင်းကာ စားသောက်သွားကြသည်များမှာ ခင်ဗျားတို့ ကျွန်တော်တို့ ထင်ထားတာထက် အဆပေါင်းများစွာ များပေမည်။ ၎င်းတို့မှလွဲ၍ မည်သူမှမသိနိုင်။

(၃)

ဤသည်မှာ ကျွန်ုပ်က -
ဘာပြောင်းသလဲ ဟု နှာခေါင်းရှုံ့နေသူများသိစေရန် အရိပ်အမြွက်မှ ရေးလိုက်ခြင်းဖြစ်ပါ၏။
NLD အစိုးရမှ လူသစ်များသည်လည်း ယခု သက်တမ်း၌ အတွေ့အကြုံတော်တော် ရကုန်ကြပြီ။ နောင်သက်တမ်းတွင် သည့်ထက် ပိုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

မိတ်ဆွေတို့ ဘာမှ အတွေးမလွဲပါနှင့်။
နောင်လာမည့် ရွေးကောက်ပွဲ၌လည်း ကျွန်ုပ်တို့သည် NLD ကိုသာ ပုံအော မဲပေးရလိမ့်မည်။
သူခိုးများကိုတော့ ဘယ်နည်းနှင့်မှ အားမပေးပါလေနှင့်။ ကုန်ကုန်ပြောရလျှင် ခြံစည်းရိုးနားကိုပင် အကပ်မခံပါလေနှင့်။


ကျမက သူတို့အတွက် အီးမေးဖွင့်ပေးထားတာတောင် တစ်ယောက်မှ ဖွင့်ဖတ်ဖော်မရကြဘူး ဟု ကြားရသည့်အခါ -
ကျွန်ုပ်က စည်းဝေးခန်းစားပွဲရှည်ကြီးပေါ်မှ တစ်နေရာလျှင် တစ်လုံးကျ ဆင်ပေးထားသည့် ကွန်ပြူတာကြီးများကို ပြေးမြင်မိကာ -
အင်း - အဲဒါကြီးတွေက ဘာလုပ်ဖို့များ ဆင်ထားပါလိမ့် - ဟု

စဉ်းစားတွေးတောနေမိပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၄ စက်တင်ဘာလ၊ ၂၀၁၈။ ည ၁၁း၄၃ နာရီ

No comments: