Friday, June 9, 2017

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၆)

(၅) စိမ်းလန်းစိုပြည်ရေးစနစ် - ကိုတင်ဇော်အောင်

အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ တင်ဇော်အောင်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က စိုက်ပျိုးရေးပညာဘွဲ့ရခဲ့ပါတယ်။ စင်ကာပူကို ၂၀၀၁ ခုနှစ်မှာရောက်လာပြီး စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ၀င်ရောက်အလုပ်လုပ်ခဲ့ပါတယ်။ လက်ရှိ ကျွန်တော့်အဓိကအလုပ်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ ရှိပြီးသား အဆောက်အဦတွေမှာဖြစ်ဖြစ် သစ်ပင်ကြီးတွေနဲ့ပတ်သက်တဲ့နည်းပညာ အကြံပေး (Arborist) လုပ်ပါတယ်။

ကျွန်တော်ကတော့ ဓာတ်ပုံတွေများများပြပါမယ်။ စင်ကာပူဟာ စိမ်းစိုနေတဲ့ရလဒ်တွေပေါ့။ အဲသလို စိမ်းစိုနေအောင် ဘယ်လို လုပ်ထားသလဲဆိုတဲ့ စနစ်တွေကိုတော့ ကျွန်တော် Thumb drive ထဲထည့်ပေးထားပါတယ်။ အေးအေးဆေးဆေး ဖတ်ကြည့် ပါ။ ပြောတဲ့အခါမှာ သက်ဆိုင်ရာဓာတ်ပုံနဲ့ကိုက်ညီတာကို ထုတ်ပြောပါမယ်။
ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာ အခု စင်ကာပူစိမ်းလန်းနေသလိုမျိုး လုပ်လို့ရသလား မရဘူးလားဆိုတာ ကျွန်တော် စပြပါမယ်။ စင်ကာပူနိုင်ငံရဲ့ စိမ်းလန်းစိုပြေမှု အဆင့်ဆင့်ပြောင်းလဲသွားတာကို ပြပါမယ်။


ဟိုးအရင်တုံးက ဆောက်ခဲ့တဲ့ အဆောက်အဦးတွေမှာ မြေညီထပ်က လမ်းရဲ့နောက်ကိုရောက်နေပေမဲ့ အပေါ်ထပ်တွေက လမ်းပေါ်ရောက်နေတယ်။ ဆိုတော့ သစ်ပင်စိုက်စရာနေရာ လုံးဝမရှိဘူး။ အဆောက်အဦနဲ့လမ်းနဲ့ ကပ်နေတယ်။ ပုံ (၁)


ဒုတိယတစ်ဆင့်ကျတော့ အဆောက်အဦကို နောက်ရောက်သွားတယ်။ အဆောက်အဦပြီးရင် လူသွားလမ်း၊ ပြီးတော့ သစ်ပင်စိုက်တဲ့နေရာ၊ နောက်ပြီးတော့မှ ကားလမ်း။ အဲဒီတုံးက သစ်ပင်စိုက်တဲ့ နေရာတွေမှာ သစ်ပင်တစ်မျိုးတည်းကိုပဲ စိုက်တယ်။ အောက်ဘက်မှာ မြက်ခင်းရှိတယ်။ ကြည့်လိုက်ရင် သစ်ပင်အားလုံးဟာ တစ်မျိုးတည်း ကိုပဲ ၁၀ မီတာ ၁၅ မီတာလောက် ခြားပြီး စိုက်ထားတယ်။ ဒါက ဒုတိယအဆင့် ဆိုပါတော့။ ပုံ (၂)


သတိထားကြည့်လိုက်ရင် သူတို့က ကားတွေ မော်ဒယ် မြင့်လာသလိုပဲ။ ၂၀၁၂ မှာစိုက်တဲ့ဒီဇိုင်းနဲ့ ၂၀၁၃ မှာစိုက်တဲ့ဒီဇိုင်း မတူတော့ဘူး။ အမြဲတမ်းပြောင်းလဲနေတယ်။

အခုဒီပုံကိုကြည့်ပါ။ ပုံ (၃၊ ၄) သစ်ပင်ရဲ့ canopy က နှစ်ဆင့်ဖြစ်သွားတယ်။ ဒီတော့ အရွက်ပိုများလာတယ်။ သစ်ပင်စိုက်တဲ့ အဓိက ရည်ရွယ်ချက်က အရွက်ပဲ။ အကိုင်းတို့ ပင်စည်တို့ဆိုတာက အရွက်ဆီကို အစာရေစာစီးဆင်းဘို့ ထောက်ပံ့ပေးတယ်။ အမြစ်က သစ်ပင်ရပ်တည်ဘို့ မြေကြီးကို ကုပ်ထားတယ်။ ဆိုတော့ အားလုံးက အရွက်ကို အထောက်အပံ့ပေးနေတာ။ အရွက် ကသာလျှင် အစိမ်းရောင်ရတယ်။ လေထုကိုသန့်ရှင်းပေးတယ်။ လေထုအပူချိန်ကို လျှော့ချပေးတယ်။ ဆိုတော့ ကျွန်တော်တို့ လိုချင်တာက အရွက်ပဲ။

နောက်ပြီး ဒီသစ်ပင်နှစ်မျိုးက အမျိုးအစားလည်း မတူဘူး။ ဒီအပင်က မြန်မြန်ကြီးတဲ့အပင်။ ဒီအပင်ကျတော့ နှေးနှေးပဲ ကြီးတဲ့ အပင်။ ဆိုတော့ သူက အမြဲတမ်း canopy နှစ်ဆင့်ဖြစ်နေမယ်။ ဒါက ဒုတိယအဆင့် ဒီဇိုင်းပေါ့။



ဟောဒီပုံကိုကြည့်လိုက်ပါ။ Canopy သုံးဆင့်လောက်ဖြစ်သွားပြီ။ စိုက်တဲ့ဧရိယာလည်း ပိုကျယ်လာတယ်။ ဒါကတော့ ၂၀၁၆ ခုနှစ်မှာပြီးသွားတဲ့ ပရောဂျက်ပါ။ ပုံ (၅)


အောက်မှာ ခြုံပုတ်တွေပါ ပါလာပြီ။ ကားလမ်းပြီးရင် သစ်ပင်တွေ။ အပင်တွေရဲ့နောက်မှာ လူသွားလမ်း။ လူသွားလမ်းမှာ လမ်းလျှောက်လို့ရတယ်။ ပြေးလို့ရတယ်။ စက်ဘီးစီးလို့ရတယ်။

ဒီပုံကိုကြည့်ပါ။ ပုံ (၆) ဒီအပင်ကြီးတွေက ကြီးနေပြီ။ ဒီမှာ အပင်ငယ်လေးတွေစိုက်ထားတယ်။ ဒီမှာ နေရာက သိပ်ကျယ်ကျယ် မရှိဘူး။ တစ်ချိန်မှာ အပင်တွေက သိပ်ကြီးသွားပြီး အောက်ကမြေနေရာနဲ့ မလိုက်ဖက်တော့ရင် အပင်တွေဟာ ကျန်းမာရေး ချို့တဲ့လာမယ်။ အဲဒီအခါကျ ဒီအပင်ကြီးတွေကို ခုတ်ရတော့မယ်။ အဲသလို ခုတ်လိုက်ရင် ဒီနေရာမှာ ဘာမှ မရှိတော့ဘဲ ကွက်လပ်ဖြစ်သွားမယ်။ အဲဒီအချိန်ကျမှ အပင်တွေစစိုက်မယ်ဆို စိမ်းလန်းစိုပြေမှု မရနိုင်တော့ဘူး။

ဆိုတော့ တစ်ချိန်ချိန်မှာ ဒီအပင်ကြီးတွေဟာ ဒီမြေနေရာနဲ့မကိုက်လို့ ခုတ်ရတော့မယ်ဆိုရင် သူ့အောက်မှာ အခုလို အပင်လေး တွေ ကြိုစိုက်ထားတော့ ခုတ်တဲ့အချိန်မှာ အဲဒီအပင်လေးတွေက အတော်ကြီးနေပြီ။ ဟိုအပင်ကြီးတွေကို ဒီအပင်လေးတွေက တာဝန်ပြောင်းယူမယ်။ အဲဒီလို စီမံကိန်းချထားတာ။



ဒါက စိုက်တဲ့အပိုင်း။ အခု အဲဒီအပင်တွေကို ဘယ်လိုထိန်းသိမ်းထားသလဲဆိုတာ ပြောပါမယ်။
ထိန်းသိမ်းမှုမှာ နှစ်ပိုင်းရှိပါတယ်။ နံပါတ်တစ်က ပန်းပင်စတဲ့အပင်ငယ်လေးတွေကို ဘယ်နည်း ဘယ်ပုံထိန်းသိမ်းမယ်။ နောက်တစ်ခုက အပင်ကြီးတွေကို ထိန်းသိမ်းတာ။

အပင်ငယ်လေးတွေအကြောင်း စပြောပါမယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဖို့ဆိုရင် အပင်တွေကိုခုတ်ရမယ်။ အဲဒီလို ခုတ်ဖို့ သေသေချာချာ မှတ်တမ်းယူရပါတယ်။ ဘာလို့လည်းဆိုတော့ အလုပ်ပြီးသွားတဲ့အခါ ပြန်စိုက်ဖို့။ မှတ်တမ်းယူတဲ့အခါမှာလည်း အပင်အကြောင်း သေသေချာချာနားလည်တဲ့သူက မှတ်တမ်းယူရပါတယ်။ နောက်မှတ်တမ်းတစ်ခုက မြေတိုင်းတဲ့အဖွဲ့က လုပ်တဲ့ မှတ်တမ်းပါ။

စိမ်းလန်းစိုပြေရေးနဲ့ပတ်သက်ပြီး စင်ကာပူမှာ အာဏာပိုင်အဖွဲ့က National Parks Board ပါ။ သူတို့မှာ ဌာနတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ Parks and Tree Regulations section က ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့အလုပ်တွေကို ထိန်းချုပ်ပါတယ်။ သစ်ပင်တွေခုတ်တာ၊ ဖယ်ရှားတာ။ အသစ်ပြန်စိုက်မဲ့ဒီဇိုင်း အားလုံး သူ့ဆီတင်ရတယ်။ နောက်ဆုံးအဆင့် ခွင့်ပြုမိန့်ရဘို့ Tree Assessment Report တို့ ဒီဇိုင်းတို့ အကုန်ပါရတယ်။

အဲဒါအပြင် သူတို့ဘာလုပ်သေးလည်းဆိုတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ဘို့ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ် ပေးတယ်။ သင်တန်းတွေပေးတယ်။

ခုနကတင်လိုက်တဲ့မှတ်တမ်းကို NParks Board က ကြည့်တယ်။ ကြည့်ပြီး ပြန်စိုက်လို့ အားလုံးနီးပါးရနိုင်တယ်ဆိုရင် ခုတ်ခွင့် ပေးတယ်။ မပြည့်စုံရင် ထပ်ဖြည့်ခိုင်းတယ်။

နောက်တစ်ခုက Tree Conservation, ဒါက ဥပဒေတော့မဟုတ်ဘူး။ ကန်ထရိုက်ထဲမှာ ထည့်ချုပ်ရတာ။ ဒါပေမဲ့ အပင်နဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ rules and regulation တွေရှိတယ်။ အဲဒါတွေကို လိုက်နာရတယ်။ မလိုက်နာရင် အရေးယူတယ်။ အဲဒါလုပ်ဖို့ နည်းပညာလိုတယ်။

Tree Conservation ဥပဒေက သစ်ပင်လုံးပတ် ၁ မီတာနဲ့အထက် ဆိုရင် အဲဒီသစ်ပင်ဟာ Tree Conservation Act အောက်မှာ အကြုံးဝင်ပါတယ်။ စင်ကာပူမှာ Tree Conservation ဧရိယာနှစ်ခုရှိပါတယ်။ နောက်တစ်ခုက နိုင်ငံပိုင်မြေ။ အဲဒီ နေရာတွေမှာ ဒီဥပဒေ အကြုံးဝင်တယ်။

Tree Conservation ဧရိယာနှစ်ခုမှာ တစ်ခုက စင်ကာပူမြို့လယ်ခေါင် သြချတ်မှာ။ နောက်တစ်ခုက ချန်ဂီ TCA ။ အဲဒီ ဧရိယာမှာဆို မြေကြီးကို နိုင်ငံတော်က ပဲပိုင်ပိုင်၊ ပုဂ္ဂလိကပဲပိုင်ပိုင်၊ အဲဒီနေရာက သစ်ပင်ဟာ လုံးပတ် ၁ မီတာနဲ့အထက်ဆို Tree Conservation Act အောက်မှာ အကြုံးဝင်ပါတယ်။ ကိုယ့်ဘာသာ ပိုက်ဆံရှိလို့မြေ၀ယ်သည့်တိုင် ကိုယ့်ခြံထဲကအပင် ကိုယ်ခုတ်ချင်ရင်တောင်မှ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံက ခွင့်ပြုမိန့်ယူရပါတယ်။ သေသေချာချာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမှ ခုတ်ခွင့်ရှိပါတယ်။

လမ်းဘေးသစ်ပင်တွေဆိုရင်တော့ ထိလို့မရဘူး။ သူတို့ကို NParks ကပိုင်တာ။ သစ်ပင်တွေကို ဘယ်နည်းဘယ်ပုံ ထိန်းသိမ်းရမယ်ဆိုတာ NParks က တိတိကျကျ အသေးစိတ်ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးထားပါတယ်။

လက်တွေ့မှာလည်း ဆိုဒ်ထဲမှာလျှောက်ကြည့်တာ၊ စစ်ဆေးတာ၊ လစဉ်အစီရင်ခံစာ တင်ရတာတို့ လုပ်ပါတယ်။ လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးခဲ့ရင်လည်း သူတို့ပြောတဲ့အတိုင်း လိုက်လုပ်မလုပ် စစ်ပါတယ်။

နောက်ဥပဒေအရ အရေးယူဆောင်ရွက်တာ။ Tree Conservation Act အောက်က အပင်တွေကိုခုတ်တာ။ အပင်ကို မခုတ် သည့်တိုင် ခုတ်ရလောက်တဲ့အခြေအနေထိ ဥပမာ - အမြစ်တွေကိုဖြတ်ပစ်တာ၊ အပင်မှာ ဒဏ်ရာဒဏ်ချက်တွေပေါ်တာ၊ အကိုင်းတွေ ချိုင်တာ စတာတွေလုပ်ခဲ့ရင် ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ပါတယ်။ အရေးယူရာမှာ ဒဏ်ငွေလည်းတပ်တယ်။ လျော်ကြေး လည်းပေးရပါတယ်။ နောက်ပြီး အဲဒီကုမ္ပဏီကို demerit point ပေးပါတယ်။

(မှတ်ချက်။       ။ Demerit point ဆိုသည်မှာ အမှား၊ ဥပဒေချိုးဖောက်မှုအတွက် ပေးသော အမှတ်ဖြစ်ပါသည်။ ဥပမာ - ကားမောင်းခြင်းအတွက် -
ကားမောင်းသူခါးပတ်မပတ်လျှင် ၃ မှတ်။
ကားမောင်းနေတုံး ဖုံးပြောလျှင် ၁၂ မှတ်။
မီးနီဖြတ်လျှင် ၁၂ မှတ် - စသည်။
ပထမဆုံးအကြိမ်ဆိုလျှင် ၂၄ လအတွင်း ထိုအမှတ် စုစုပေါင်း ၂၄ မှတ်ထက်ကျော်လျှင် ကားမောင်းခွင့်လိုင်စင်ကို ၁၂ ပတ် ပိတ်ပါသည်။)

နောက်တစ်ခါတင်ဒါလျှောက်တဲ့အခါ အဲဒါအားလုံးတင်ပြရတယ်။ တကယ်လို့ ကိုယ့်မှာ demerit point တွေ ရှိနေပြီဆိုရင် ဘာလို့ရှိနေရတာလဲဆိုတဲ့ ဖြေရှင်းချက်ပေးရမယ်။ ပြဿနာများတယ်။

ဆိုတော့ အခုမြင်နေရတဲ့သစ်ပင်ကြီးတွေရဲ့ ၉၉ ရာနှုန်းလောက်ကို ဥပဒေနဲ့ထိန်းထားတာ။ ဥပဒေသာမရှိလို့ကတော့ တစ်နှစ် လောက်အတောအတွင်း အကုန်ကုန်မှာပဲ။ ဒါ ကျွန်တော့်အတွေ့အကြုံအရပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်ရှိရင် အလုပ်လုပ်ရတာနှေးတယ်။ ဘာပင်မှမရှိရင် အရမ်းမြန်တယ်။

ဒဏ်ရိုက်တာကလည်း ပထမတစ်ခါ ၂၀၀၀ ရိုက်ပြီးရင် နောက်တစ်ခါက ၅၀၀၀ ဖြစ်ချင်ဖြစ်မယ်။ တရားရုံးရောက်ချင် ရောက်မယ်။ အဲသလိုမျိုး။

တစ်ခါ အပင်နဲ့ပတ်သက်လို့ ပြဿနာတက်လာရင် သူတို့က ဒီအပင်နဲ့ပတ်သက်လို့ ကန်ထရိုက်တာကို သတိပေးဘူးလား လို့ arborist (သစ်ပင်ပညာရှင်) ကိုမေးတယ်။ ကိုယ်ကပြောထားရင် ပြောပါတယ်လို့ ပြောရုံနဲ့မရဘူး။ သူ့ကိုသတိပေးထားတဲ့ အီးမေးစတာကို ပရင့်လုပ်ပေးရတယ်။ သစ်ပင်တစ်ခု ပြဿနာတက်နေရင် ဥပမာ သေတော့မယ်ဆိုရင် ကျွန်တော်တို့က သေသေချာချာစစ်ဆေးပြီး ဥပမာ - ရေ၀ပ်နေတယ်ဆိုရင် ရေကိုဖောက်ထုတ်ဖို့ စသဖြင့် စာရေးရတယ်။ အကယ်၍ ကိုယ် ပြောလို့မှ သူတို့မလုပ်ဖူး၊ အပင်သေသွားပြီဆိုရင် ခုနက သူတို့ကိုပို့ထားတဲ့အီးမေးအားလုံး NParks ကို ပေးရတယ်။ အရင်တုံးက အဲသလိုမှတ်တမ်းတွေမပြနိုင်လို့ လိုင်စင်အသိမ်းခံရတဲ့ arborist တွေလည်း ရှိခဲ့ဖူးတယ်။

ကွက်လပ်တစ်ခုမှာ အဆောက်အဦဆောက်တော့မယ်ဆို ဒီဇိုင်းအချိန်မှာပဲ arborist တွေက သစ်ပင်ရှိရင် သစ်ပင်တွေကို လိုက်စစ်ရပါတယ်။ တန်ဘိုးရှိတဲ့အပင်၊ တန်ဘိုးသိပ်မရှိတဲ့အပင်၊ ဒါမှမဟုတ် အပင်အခြေအနေအရ ကောင်းကိုမကောင်းဘူး၊ ခုတ်ကိုခုတ်ရမဲ့အပင် စသဖြင့် တန်ဘိုးတွက်ချက်မှု လုပ်ရတယ်။ အဲဒီအပေါ်အခြေခံပြီး ဒီဇိုင်းအဖွဲ့က ဒီအပင်ကိုတော့ရှောင်။ ဒီအပင်ကိုတော့ခုတ် စသဖြင့် ဆုံးဖြတ်တယ်။ အပင်ကြီးကောင်းနေပေမဲ့ အလယ်တည့်တည့်ရောက်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့။

အဲဒီအတွက် ဒီဇိုင်းဆွဲတဲ့အဆင့်ကစပြီးတော့ ကျွန်တော်တို့ ပါဝင်ရပါတယ်။ ဟောဒီလိုအပင်မျိုးဆိုရင်တော့ ပုံ (၇) ခုတ်ဖို့ မကြိုးစား တာကောင်းတယ်။ ကြိုးစားရင် အရမ်းအချိန်ကုန်တယ်။ ဘာကြောင့်ခုတ်ချင်တယ်ဆိုတာ တင်။ တစ်ခါတင်ရင် သုံးပတ် လောက်ကြာတယ်။ ဒီအပင်ကိုခုတ်ရင် ဘယ်လိုအစားထိုးပြီး ပြန်စိုက်ပေးမလဲ စသဖြင့် တင်လိုက်။ ပြန်လာလိုက်၊ ပြန်တင်လိုက် နဲ့ အချိန်တွေ အများကြီးကုန်တယ်။ သိပ်ကျန်းမာသန်စွမ်းနေတဲ့အပင်တွေဆို ဒီဇိုင်းကို ပြင်ခိုင်းတာပဲ တော်ရုံ တန်ရုံနဲ့ ခုတ်ခွင့်မပေးဘူး။ ဒါက စင်ကာပူက စည်းကမ်းကန့်သတ်ချက်တွေကို ပြောပြတာ။


ဟောဒီလိုမျိုးအပင်ကျတော့ ပုံ (၈) တအားအခြေအနေဆိုးတယ်။ အပင်မှာ အနာကြီးအကြီးကြီးဖြစ်နေတယ်။ အထဲမှာလည်း အခေါင်းကြီးဖြစ်နေတယ်။


ဒါတောင် ကိရိယာတွေနဲ့တိုင်းတာစစ်ဆေးပြီး အပင်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက မကောင်းတော့ဘူး။ ဘယ်လောက်ပဲ ကောင်းတော့တယ် စသဖြင့် အစီရင်ခံစာရေးတင်ရတယ်။ ဒါတောင် မင်းတိုင်းထားတာမှန်ရဲ့လား။ အဲဒီကိရိယာရဲ့ calibration certificate တောင်းပေးစသဖြင့် တောင်းသေးတာ။ ကိရိယာက ဂျာမဏီကငှားထားတာဆိုတော့ ကျွန်တော်က အဲဒီ ကုမ္ပဏီကို လှမ်းစာရေးရတယ်။ ဟိုက လက်မှတ်ရရင် ပြန်တင်ရတယ်။

အရေးကြီးတဲ့အပင်တွေကျ ကျွန်တော်တို့သုံးတဲ့ ကိရိယာထက် ပိုတိကျတဲ့၊ ပိုကောင်းတဲ့ ကိရိယာတွေယူလာပြီး သူတို့ ကိုယ်တိုင်စစ်တယ်။ NParks မှာ ကိရိယာအစုံရှိတယ်။ ကျွန်တော်တို့ထက်လည်း ပိုတတ်၊ ပိုနားလည်ကြတယ်။ သူတို့လူတွေ ကိုတကယ်တတ်အောင်လည်း သေသေချာချာ သင်ပေး၊ လေ့ကျင့်ပေးထားတယ်။ သူတို့က သူတို့လူတွေကို တစ်နှစ်ကို ဘယ်နှစ်နာရီသင်တန်းတက်ရမယ် လို့ သတ်မှတ်ပေးထားတယ်။ အဲဒီနာရီပြည့်အောင် တက်ကြရတယ်။ ကျွန်တော်တို့က ကိုယ့်စီးပွားရေးကိုယ်လုပ်ကြရတာဆိုတော့ အရည်အချင်းနဲ့ပတ်သက်လို့ သူတို့ကို ဘယ်လိုမှ ယှဉ်လို့မရဘူး။

ဒီလိုအပင်ငယ်တွေဆိုရင်တော့ ပုံ (၉) မလွတ်ရင်အလွယ်တကူခုတ်ခွင့်ရတယ်။ အစားထိုးရတာလွယ်လို့။



ဒါပေမဲ့ ရှားပါးအပင်ဆိုရင်တော့ မခုတ်ပါနဲ့။ ရွှေ့စိုက်ရပါတယ်။
တကယ်လို့ ခုတ်လည်းမခုတ်ဘူး။ ရွှေ့လည်းမစိုက်ဘူး။ ဒီအတိုင်းထားမယ်ဆိုရင်တောင် အပင်ကို အကာအကွယ်ပေးမဲ့ အစီအမံတွေ လုပ်ပေးရပါတယ်။ အပင်ကိုမထိခိုက်အောင် ဘယ်လိုလုပ်မလဲဆိုတာ သေသေချာချာရေးတင်ရပါတယ်။ သူတို့ လက်ခံပြီဆိုမှ အလုပ်ဆက်လုပ်လို့ရပါတယ်။

ဒါက ရှိပြီးသားအပင်ကို ထိန်းတာပေါ့။ ဒါဆို အပင်သစ်စိုက်တာ နည်းနည်းပြောပြပါမယ်။ ဟောသလို အမှိုက်ပုံတို့၊ ထရန်စဖော်မာတို့ဆို အဲဒါတွေ ပတ်ပတ်လည်မှာ ပြောင်ထားလို့မရဘူး။ အပင်စိုက်ပေးရတယ်။

နောက်ပြီးတော့ မြေကာနံရံတွေကိုလည်း ပြောင်ထားလို့မရပါဘူး။ အပင်လေးတွေနဲ့ကာထားရတယ်။ ခုံးကျော်တံတားအောက် တွေကိုလည်း ဟာလာဟင်းလင်းမထားရဘူး။ အပင်တွေနဲ့ကာထားရတယ်။ ကားလမ်းအကာ ပုံ (၁၀၊ ၁၁) တွေဆိုရင်လည်း အောက်မှာ ကွန်ကရိဆိုရင်တော့ စိုက်လို့မရဘူး။ တကယ်လို့ မြေကြီးဆိုရင်တော့ စိုက်ကိုစိုက်ပေးရတယ်။



ပထမပုံက စိုက်ခါစပုံ။ ဒုတိယပုံက အပင်ကြီးလာတော့ သံချောင်းကိုမမြင်ရတော့ဘူး။ အပင်နဲ့ဖုံးသွားတယ်။
နောက်အံဖုံးတွေကိုလည်း ဒီအတိုင်းမထားရဘူး။ အပင်တွေနဲ့ကာထားရတယ်။ လမ်းဆုံတွေကျ ဟိုဘက်ကလာတဲ့ကားကို မမြင်ရမှာစိုးလို့ အပင်ကြီးတွေ မစိုက်ရဘူး။ ဒါပေမဲ့ အပင်ငယ်တွေစိုက်ပေးရတယ်။

ဒီလို Green wall တွေ၊ roof top garden တွေလုပ်မယ်ဆိုရင် အစိုးရက ထောက်ပံ့ငွေပေးတယ်။ ဘယ်လိုပေးတယ်ဆိုတာ လည်း စနစ်ရှိပါတယ်။

နောက်တစ်ခု ကျွန်တော် ABC (Active, Beauty and Clean) ရေသန့်ရှင်းရေးစနစ်အကြောင်း နည်းနည်းပြောပြပါမယ်။


ဒီအပင်တွေကိုကြည့်မယ်ဆိုရင် [ပုံ (၁၂)] ကမ်းစပ်မှာ အလေ့ကျပေါက်နေသလိုပဲ။ ဒါပေမဲ့ မဟုတ်ပါဘူး။ ဒီအပင်တွေဟာ သက်သက်စိုက်ထားတာပါ။ ဒီကန်ထဲကိုစီးဝင်လာတဲ့ရေတွေဟာ ဒီအပင်တွေကို ဖြတ်စီးရတယ်။ အပင်တွေကိုဖြတ်သွားတော့ ရေဟာ သန့်သင့်သလောက် သန့်သွားတယ်။

နောက်တစ်ခုက လမ်းဘေးကရေမြောင်းပါ။ ဒါကလမ်း။ လမ်းပေါ်ကရေက ပိုက်လုံးကနေ ရေမြောင်းထဲကို စီးသွားတယ်။ ဒီကြားမှာ အပင်တွေစိုက်ထားတယ်။ ပထမပုံက ပုံ (၁၃) လမ်းပေါ်ကရေနဲ့ ရေမြောင်းထဲကရေ အရည်အသွေးချင်း အတူတူပဲ။ ဘာမှ မကွာဘူး။ ဒါပေမဲ့ ဒုတိယပုံ ပုံ (၁၄) မှာ လမ်းပေါ်ကကျလာတဲ့ရေကိုစစ်ဘို့ ဒီလို အလွှာသုံးလွှာလုပ်ထားပါတယ်။ Bioswale လို့ခေါ်ပါတယ်။ အဲဒီအခါ လမ်းပေါ်ကကျလာတဲ့ရေက အညစ်အကြေး အဆိပ်အတောက်တွေကို စစ်လိုက်လို့ မြောင်းထဲရောက်သွားတဲ့ရေက ပိုသန့်သွားတယ်။


လက်တွေ့မှာ ဟောသလိုမြင်ရမယ်။


အခုတော့ အချိန်စေ့သွားပြီမို့ ဒီမှာတင်ရပ်ပါမယ်။ ဒီ့ထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ ကျွန်တော့်ကိုလှမ်းဆက်သွယ်လိုက်ပါ။

ကျေးဇူးတင်ပါတယ်။

No comments: