Friday, June 9, 2017

ရတနာသိုက် နှင့် မောင်ရင်မောင် မမယ်မ

(၁) အလွန်ကြီးမားလှသော ဆုံးရှုံးမှု

အမှန်တကယ်သာ သေသေချာချာ ကျကျနန လေ့လာလိုက်စား၊ သင်ယူကြပါမည်ဆိုလျှင် အဝေးသင်တက္ကသိုလ် တက်ပြီး တော့လည်း ပညာတတ်၊ စာတတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပါသည်။ မိမိကိုယ်နှိုက်ကမှ စိတ်မ၀င်စား၊ တန်ဘိုးထားပြီး မလေ့လာပါဘဲလျက် မည်ကဲ့သို့ ပညာတတ်ပုဂ္ဂိုလ် ဖြစ်လာနိုင်ပါမည်နည်း။

ယခု မြန်မာနိုင်ငံတွင် တက္ကသိုလ်သို့လာမတက်ဘဲ အဝေးသင်တက္ကသိုလ်တက်နေသော ကျောင်းသား၊ ကျောင်းသူ သောင်းဂဏန်းတော်တော်များများ ရှိပါလိမ့်မည်။ ထို အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရလာသူများကို မည်သူအထင်ကြီးပါသနည်း။ အဝေးသင်ဆိုသည်နှင့် အထင်သေးသော မျက်လုံးများနှင့် ကြည့်တာ ခံရပါလိမ့်မည်။ ဤသည်မှာ ဘယ်သူ့အပြစ်မှမဟုတ်။ ဘယ်သူမပြု မိမိမှုသာ ဖြစ်၏။ သူတို့အထင်ကြီးရအောင် မိမိကိုယ်နှိုက်ကရော ဘယ်လောက်များတတ်ပါသနည်း။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစမ်းပါ။ ငါ ဘာတွေတတ်သလဲ။ ငါ ဘယ်လောက်သိသလဲ။ ငါရထားတဲ့ ဘွဲ့လက်မှတ်ဟာ တူတူတန်တန် ရထားတာလား။ ဒီလက်မှတ်နဲ့ညီမျှတဲ့အရည်အသွေး ငါ့မှာရှိရဲ့လား။

အဝေးသင်တက္ကသိုလ် ကျောင်းသားများစွာရှိသည့်အနက် ပို့ချစာစဉ်များကို သေချာစွာဖတ်ကြည့်သူ၊ ပို့ချထားသော ဗီဒီယိုကို ကြည့်သူ၊ နားထောင်သူ၊ လေ့လာမှတ်သားသူ ဘယ်နှစ်ယောက်များ ရှိပါသနည်း။ ကျွန်တော် သိလိုလှပါဘိ။ များသောအားဖြင့်တော့ ပို့ချစာစဉ် စာအုပ်ထုပ်ကို ကြိုးပင်မဖြည်ပဲ သည်အတိုင်း ချောင်ထဲထိုးထားလိုက်ကြပြီး တပွဲတိုး ကျက်ဖြေကြတာ များပါသည်။ စာမေးပွဲအောင်ရုံမှ တစ်ပွဲတိုးကျက်ဖြေတာဖြစ်သည့်အတွက် သည်စာများကို မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။ ဝေးစွ။

ဤသည်မှာ ပညာရေးစနစ်နှင့်မဆိုင်၊ ကျောင်းသားတစ်ဦးချင်းစီ၏ ခံယူချက်နှင့်ဆိုင်ပါသည်။ ထို့ပြင်တ၀ ၎င်းတို့ပတ်ဝန်းကျင် က ဤကဲ့သို့ ပညာကိုတန်ဘိုးမထားသူများချည်း ဖြစ်သဖြင့်လည်း အတုမြင် အတတ်သင်ကာ ၎င်းတို့မှာ ဒီပုတ်ထဲက ဒီပဲ ဖြစ်သွားရခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် လူကြီးမိဘများကိုယ်နှိုက်က ပညာကိုတန်ဘိုးထားလျှက် မိမိ၏ သားသမီး တူ၊ တူမများကို ပညာတတ်အောင် သင်ယူလေ့လာကြဘို့ ဆုံးမသြ၀ါဒများ ပေးဘို့လိုပါသည်။ 

ပြဌာန်းစာအုပ်ထဲ ဘာတွေပါလို့ ပါမှန်းမသိ။ ဘာတွေသင်လို့ သင်မှန်းမသိဘဲ ဘွဲ့တစ်ခုရရုံမျှလောက် ကျက်ဖြေနေကြခြင်းမှာ မိမိအတွက်လည်း နစ်နာသည်။ တိုင်းပြည်အတွက်လည်း နစ်နာသည်။ မည်သူ့အတွက်မျှ အကျိုးမရှိ။

ဤကဲ့သို့ဖြစ်နေသည်မှာ မြန်မာတစ်နိုင်ငံလုံးဖြစ်သဖြင့် အလွန်ကြီးမားလှသော ဆုံးရှုံးမှုကြီးပင် ဖြစ်ပါသည်။ ဤသည်ကို အချိန်မီ အဖတ်မဆယ်နိုင်ကြလျှင် မြန်မာနိုင်ငံသည် ယခုအတိုင်းဆက်ပြီး ရေစုန်မျောနေဦးမှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်တော့၏။

(၂) ပြဌာန်းစာအုပ်များ

အဝေးသင်တက္ကသိုလ်၊ မြန်မာစာ ပထမနှစ်တွင် (၆) ဘာသာရှိသည့်အနက် ဘာသာပြန်ခြင်းတစ်ခုကိုပဲ စိတ်ဝင်စားလျှင်ပင် တော်တော် အလုပ်ဖြစ်ပါသည်။ ဘာသာပြန်ပို့ချချက်များ၌ ဖတ်စရာ၊ မှတ်စရာ၊ လေ့လာစရာ၊ ဗဟုသုတယူစရာတွေ တပုံတပင် ပါသည်။ (ကိုနေမျိုးမောင်ကို ဘာသာပြန်ရာမှာ အရေးကြီးတဲ့ အချက်သုံးချက်ရှိသဗျ လို့ ပြောမိတာနဲ့ သူကလည်း အဲဒါတွေ ဖတ်ချင်လှချည်ရဲ့ဆိုလို့ ကိုင်း၊ ကိုယ့်လူ။ ဖတ်ချင်သပဆို ကျွန်တော့်မှာ ပို့ချချက်စာအုပ် အစုံလိုက် တစ်စုံ အပိုရှိတယ်။ အဲဒါတွေအကုန်သာ ယူသွားတော့ဟု ပေးလိုက်ပါသည်။) ယခု ဒုတိယနှစ်တွင်လည်း ဘာသာပြန်၊ ဘာသာစကား ဆိုပြီး တစ်ဘာသာပါသည်။

ဆရာကြီးဆရာမကြီးများ စီစဉ်ထားတာဖြစ်သည့်အတွက် ဘာသာရပ်များမှာ တော်တော်စုံလင်ပါသည်။ တကယ်ကျကျနန လေ့လာပါက (ပရော်ဖက်ရှင်နယ်မဟုတ်တောင်) မြန်မာစာပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။ ဒုတိယနှစ် ပြဌာန်းစာများကို မိတ်ဆွေတို့နည်းနည်း မြည်းစမ်းကြည့်ရအောင် အကျဉ်းမျှ ဖော်ပြပေးပါအံ့။

မ ၂၁၀၁ - ရွှေပြည်စိုးဝတ္တုနှင့် ရာမလေးတင်ခန်းစသော အခြားစကားပြေ ၁၅ ပုဒ်
မ ၂၁၀၂ - ဥမ္မာဒန္တီပျို့
မ ၂၁၀၃ - ဘာသာဆောင်းပါး၊ စကားပြေအရေးအသား - တစ်ခုလျှင် ၁၀ ပုဒ်စီ
မ ၂၁၀၄ - မဟော်ပြဇာတ်နှင့် ဟေဇယ်ရှက်တယ်မာမီရယ် အပါအ၀င် ခေတ်သစ်ပြဇာတ် ၅ ပုဒ်
မ ၂၁၀၅ - ရွေးချယ်ချက်နှင့်ပို့ချချက်တွင် အာသံနိုင်မော်ကွန်းတစ်ခုသာပါသည်။ ဗဟုသုတဖတ်စာ မပါ။
              လေ့လာမှုလမ်းညွှန်တွင် ဗဟုသုတဖတ်စာ - ပုဂံကျောက်စာ စကားပြေ အရေးအသား၊ 
              ပင်းယခေတ်မြန်မာစာပေသမိုင်း၊ အင်းဝခေတ်မြန်မာစာပေသမိုင်း၊ တောင်ငူခေတ်မြန်မာစာပေသမိုင်း၊
              ညောင်ရမ်းခေတ်မြန်မာစာပေ စသည်တို့ပါသည်။
မ ၂၁၀၆ - ဘာသာစကား - ဝေါဟာရတ္ထပကာသနီ။ ဘာသာပြန် - ဆောင်းပါး ၆ ပုဒ်
Phil 2003 - ရသပညာ ၁ - 8 Units (အင်္ဂလိပ်လိုချည်းဖြစ်၏။)
Phil 2008 - ရသပညာ ၂ - 6 Units (အင်္ဂလိပ်လို ၂ ပုဒ်၊ မြန်မာလို ၄ ပုဒ်)
OS 2003 - ၀ိနယမဟာဝဂ္ဂ မှ ၅ ပုဒ်။ ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ္တမှ ၅ ပုဒ်
OS 2008 - ထေရဂါထာ ၆ ပုဒ်၊ ထေရီဂါထာ ၆ ပုဒ်

ဆိုတော့ အကယ်၍သာ ၎င်းပြဌာန်းစာများကို ကျကျနန ဖတ်ရှုလေ့လာမည်။ ရည်ညွှန်းစာအုပ်များကိုလည်း ဖတ်ရှုမည် ဆိုပါက ၄ နှစ်သင်ပြီးသည့်အခါ မြန်မာစာကို တော်တော် တီးမိခေါက်မိရှိသည့်အခြေအနေတွင် ရှိပါသည်။ ယခု ကျွန်တော် ပြဌာန်းစာအုပ်များကို ဖတ်နေတာ Phil 2003, 2008 နှင့် OS 2003, 2008 အားလုံးပြီးသွားပြီ။ အခု မ ၂၁၀၁ ကို ဆက်ဖတ် နေသည်။ ရည်ညွှန်းစာအုပ်နှစ်အုပ်ဖြစ်သည့် ရတနာသိုက်နှင့် မောင်ရင်မောင်၊ မမယ်မ ၀တ္တုနှစ်အုပ်ကို ဖတ်ပြီးသွားပြီ။ အလုပ်ကတစ်ဖက်၊ တခြားဗာဟီရတွေနှင့်ဆိုတော့ စာဖတ်ရတာ သိပ်ခရီးမတွင်လှ။

(ပါမောက္ခဆရာမကြီး၊ ကျွန်တော့်ကို ဂုဏ်ထူး (၃) ဘာသာလောက် ပေးသင့်သဗျ။ သူတို့မြန်မာစာကို ပရိုမုတ်လုပ်ပေးလို့။ အဟိ)

(၃) ရတနာသိုက်နှင့် မောင်ရင်မောင် မမယ်မ

ရသစာပေအကြောင်းပြောတော့ ဟိုးခေတ်က စာပေများကို ရည်ညွှန်းသည်။ သူတို့တင်ပြပုံ၊ အရေးအသား စသည်။

သည်ဝတ္ထုနှစ်ပုဒ်အနက် ရတနာသိုက်ကို ခပ်ငယ်ငယ်ကတည်းက ဖတ်ဖူးသလို ကြိုက်လည်း အလွန်ကြိုက်ခဲ့၏။ မောင်ရင်မောင် မမယ်မကိုမူ တစ်ပိုင်းတစ်စသာ ဖတ်ဖူးခဲ့သည်။ ယခုမှ တစ်အုပ်လုံးဖတ်ဖြစ်တာ ဖြစ်၏။ ရတနာသိုက်မှာ ပြင်သစ်စာရေးဆရာကြီး Alexandre Dumas ၏ The Count of Monte Cristo ကို ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန် ထားတာဖြစ်သည်။ ဆရာကြီးက ဘာသာပြန်တော်သလို စာရေးလည်းကောင်းသဖြင့် ဖတ်ရတာ အလွန်ညက်လှသည်။

မောင်ရင်မောင် မမယ်မ မှာ မြန်မာကာလပေါ်ဝတ္ထုများအနက် ပထမဆုံး ၀တ္ထုဖြစ်သည်။ စာရေးဆရာမှာ ဂျိမ်းစ်လှကျော် ဖြစ်ပြီး ၁၉၀၄ ခုနှစ်က ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည်။ မောင်ရင်မောင် မမယ်မ ရေးရာတွင် The Count of Monte Cristo ဇာတ်လမ်းကို ကျောရိုးယူထားပြီး မိမိစိတ်ကူးနှင့် ပြန်ရေးထားတာဖြစ်၏။ ဇာတ်လမ်းကျောရိုးဆိုရာတွင်ပင် အနည်းငယ်မျှသာ ယူထားတာတွေ့ရပါသည်။

ခြားနားချက်မှာ The Count of Monte Cristo က ဇာတ်အိမ်ကျယ်သည်။ သရုပ်ဆောင်တွေများသည်။ အလှည့်အပြောင်း၊ အသိုင်းအ၀ိုင်းတွေများပြီး ပိုမိုရှုပ်ထွေးသည်။ မြှုပ်ကွက်တွေများသည်။ စာဖတ်သူကို အစမှအဆုံးတိုင် လက်မှမချနိုင်အောင် ဆွဲခေါ်သွားနိုင်သည်။

မောင်ရင်မောင် မမယ်မ ကတော့ ဇာတ်လမ်းအတော်လေး ရိုးစင်းသည်။ ဇာတ်ဆောင်နည်းသည်။ မြှုပ်ကွက်ရယ်လို့ မရှိသလောက်ရှားသည်။ ဇာတ်အတက်အကျ သိပ်မရှိ။

The Count of Monte Cristo တွင် မွန်တီခရစ္စတိုမြို့စားကြီးက မိမိအား ဒုက္ခပေးခဲ့သူများကို ပြန်လည်လက်စားချေရာတွင် အလွန် အကွက်ကျလှသည်။ တကယ့်ကို ပြတ်ပြတ်သားသား လုပ်ပစ်လိုက်တာဖြစ်သည်။ သို့သော် မောင်ရင်မောင်ကတော့ သူ့ကို ဒုက္ခပေးခဲ့သည့် မောင်မြတ်သာကို လက်စားပင် မချေလိုက်ရ။ မောင်မြတ်သာမှာ ကာလ၀မ်းရောဂါနှင့်ဆုံးပါးသွားသည်။ ဆိုတော့ စာဖတ်သူကို သိပ် ဆွဲဆောင်မှုမရှိလှဟု ဆိုရမည်။

မြန်မာ့ပထမဆုံး ကာလပေါ်ဝတ္ထုဖြစ်သည့်တိုင် ဂျိမ်းစ်လှကျော်၏ အရေးအသားမှာ ရှင်းသည်။ တိုက်ရိုက်ကျသည်။ ခေတ်ဟောင်းစကားပြေပုံစံကနေ သိသိသာသာ ခွဲထွက်လာသည်။ သို့သော် ပတ်ဝန်းကျင်အခြေအနေနှင့်ပတ်သက်၍ ဖွဲ့နွဲ့မှု မတွေ့ရ။ ခေတ်နောက်ခံအခြေအနေကိုလည်း စိုးစဉ်းမျှသာ ပြောထားသည်။

မောင်ရင်မောင် မမယ်မ ထွက်ပြီး များမကြာမီ မြန်မာကာလပေါ်ဝတ္ထုများ အလျှိုလျှိုပေါ်လာသည်။ ထွက်စ၀တ္ထုများတွင် ခေတ်ဟောင်းက အရေးအသားပုံစံများ ရှိနေသေးသည်။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ခေတ်ဆန်းစာပေခေတ်ကျမှ စနစ်သစ်စာပေသို့ လုံးလုံး ကူးပြောင်းသွားတာဖြစ်၏။

ထိုခေတ်က စာများအနက် ကျွန်တော်အနှစ်သက်ဆုံး အရေးအသားများကို ပြပါဆိုလျှင် သခင်ဘသောင်းနှင့် မောင်ထင်တို့၏ အရေးအသားများကို ပြရပါလိမ့်မည်။

နမူနာအားဖြင့် သခင်ဘသောင်း၏ ပန်းသာ မစာအု အဖွင့်တွင် ဟောသလို ရေးထားပါသည်။

“ပေပင်ကုန်းရွာ တောင်တံခါးအနီးတွင် ပင်လုံး ပုဆိုးနှစ်ပတ်လောက် တုတ်၍ မော်ကြည့်သူတို့ ခေါင်းပေါင်းကျွတ်ခမန်း မြင့်မား ခံ့ညားသော လက်ပံပင်ကြီးသည် မိမိ၏ နီမြန်းသော အပွင့်တို့ဖြင့် သက်ရှိယာဉ်ပျံတစ်မျိုးဖြစ်သော ဆက်ရက်အဖိုးအို၊  ဆက်ရက်အမယ်အို၊ ဆက်ရက်အိမ်ထောင်ရှိ၊ ဆက်ရက်အိမ်ထောင်မဲ့၊ ဆက်ရက်တစ်ခုလပ်၊ ဆက်ရက်တစ်မယားကွာ၊ ဆက်ရက်အပျို၊ ဆက်ရက်လူပျို၊ ဆက်ရက်ကျောင်းသား၊ ဆက်ရက်ကျောင်းသူ စသော  ဆက်ရက်ပေါင်းများစွာတို့အား ဂုဏ်ရှိဂုဏ်မဲ့မကျန်ဖိတ်ကြား၍ ဧည့်ခံပွဲကြီး ကျင်းပလျက်ရှိလေသည်။”

ပေါ်စ၀တ္တုများတွင် ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအ၀ိုင်း၊ နောက်ခံများကို သိပ်ဖွဲ့နွဲ့လေ့မရှိကြသော်လည်း နောက်ပိုင်း ၀တ္ထုများတွင် ဖွဲ့နွဲ့လာကြောင်း ပန်းသာမစာအုက ဖော်ပြနေပါသည်။

ဤသည်တို့မှာ အဝေးသင်တက္ကသိုလ်၊ မြန်မာစာအထူးပြုတက်ခြင်းဖြင့် ရလာသော အကျိုးကျေးဇူးများဖြစ်၏။

လူကလေး၊ လုံမကလေးတို့သည် ပညာကိုတန်ဘိုးထားကာ တလေးတစား လေ့လာကြသူများ ဖြစ်လာကြပါစေကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ ဇွန်၊ ၂၀၁၇


No comments: