Tuesday, September 15, 2015

အပ္ပမာဒတရား လက်ကိုင်ထားကြပါမည့်အကြောင်း

ကျွန်ုပ်တို့တောများတွင် အယူအဆတစ်ခုရှိသည်။ မိမိတို့ သားရတနာများကို သာသနာ့ဘောင်တွင်း သွတ်သွင်းရာတွင် အလှူမတိုင်မီရက်များ၌ မောင်ရှင်လောင်းများကို အထူးဂရုစိုက်ကြရန် သတိပေးကြ၏။ ကောင်းမှုလုပ်ရာတွင် မကောင်းသည့် မာရ်နတ်က ဖျက်ဆီးတတ်သဖြင့် ရှင်မပြုမီ မောင်ရှင်လောင်းများ တစ်ခုခုဖြစ်မှာစိုးသောကြောင့် ဖြစ်သည်။ ဟဲ့ ဟိုကောင်လေးတွေ သစ်ပင်တွေပေါ် မတက်ကြနဲ့။ ဟဲ့ ဟိုချောင်ကြိုမြောင်ကြားတွေ မသွားနဲ့။ နတ်ဖွက်တတ်တယ် စသဖြင့် မျက်ခြေပြတ်မခံ ဂရုစိုက်ကြသည်။

ယခု ဖေ့စ်ဘုတ်စာမျက်နှာတွင် NLD မှ လွှတ်တော်ကိုယ်စားလှယ်များသတင်းမှာ ကြိုင်သင်းလှပေ၏။ လူအများ၏ ထောက်ခံအားပေးမှုကိုလည်း တခဲနက် ရရှိနေပေသည်။ ဤသည်မှာ သင်တို့ကျွန်ုပ်တို့အတွက် ၀မ်းသာစရာ၊ ကောင်းသတင်း ဖြစ်သော်လည်း ပြိုင်ဘက်ပါတီအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်နေပေလိမ့်မည်။ ၎င်းတို့လူများထဲတွင်လည်း ဖေ့စ်ဘုတ်သုံးသူ အတော်များများရှိလေရာ သည်ကိစ္စကို သိကြလိမ့်မည် မချွတ်။ အာဏာရပြိုင်ဘက်ပါတီကြီး၏သတင်း မှေးမှိန်နေခြင်းမှာ သိပ်တော့မကောင်းလှ။ အသံတိတ်နေခြင်း၏ နောက်ကွယ်တွင် တစ်ခုခုရှိနေ/မနေ မည်သူမှ မသိနိုင်။

ပြိုင်သည်ဆိုရာတွင် သူတင်ကိုယ်တင် အပြိုင်ကြဲရမည်ဖြစ်၏။ NLD မှ လွှတ်တော်ကိုယ်စားလှယ်များကို တစ်ယောက်ပြီး တစ်ယောက်တင်နေချိန်တွင် သူတို့လည်း သူတို့လွှတ်တော်ကိုယ်စားလှယ်များတင်ကာ မည်သို့မည်ပုံကောင်းကြောင်း အားကျမခံ ပြန်တင်ရမည်။ စကားစစ်ထိုးရမည်။

စင်ကာပူတွင်လည်း ရွေးကောက်ပွဲကျုင်းပရန် ရက်ပိုင်းမျှလိုပေတော့ရာ ပြိုင်ဘက်ပါတီများ အပြိုင်အဆိုင် အပြင်းအထန် မဲဆွယ်နေကြ၏။ ငါတို့နိုင်ရင် ဘာလုပ်ပေးမယ်။ သူတို့ဘာတွေလုပ်နေလို့ ဘယ်လိုဖြစ်နေတယ် စသဖြင့် သတင်းစာ တစ်စောင်လုံး မဲဆွယ်စည်းရုံးဟောပြောပွဲများဖြင့် ပြည့်နှက်လျက်ရှိ၏။ သို့တိုင် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများ၊ ညစ်တီး ပတ်တတ်များ မတွေ့ရ။ The Straits Times, Today online, Channel News Asia စသည့် အင်တာနက်စာမျက်နှာများတွင် မဲဆွယ်စည်းရုံးသတင်းများကို အခမဲ့ဖတ်နိုင်သဖြင့် ဘာတွေပြောသည်ကို သည်တွင် ကျွန်တော် ရေးမပြတော့ပါ။ သူတို့အရေးထက် ကိုယ့်အရေးက ပိုအရေးကြီးနေသည် မဟုတ်ပါလား။

ယဉ်ကျေးသူ၊ ရိုးသားသူ၊ လူကြီးလူကောင်းဆန်သူတို့အဖို့ မိမိပြိုင်ဘက်ကို အနိုင်ယူရာတွင် မိမိ၏ပြိုင်ဘက်ထက် အရည်အချင်း ပိုမိုသာလွန်စေရန် ရိုးရိုးသားသား ကြိုးစားကြမည်သာ ဖြစ်၏။ မိမိပြိုင်ဘက်က အနိုင်ရသွားစေကာမူ သူက ကိုယ့်ထက်သာလို့ သာ နိုင်ပေတာပဲဟု နှလုံးသွင်းကာ မိမိအရှုံးကို ကြည်ကြည်ဖြူဖြူ လက်ခံကြပေသည်။ မိမိအား အနိုင်ယူသွားသူအပေါ် မည်သည့်အာဃာတ၊ အငြိုးမှမထားပဲ ပြိုင်ပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်ကာ အပြုံးချင်းဖလှယ်၍ သာသာကြည်ကြည်ပင် ပြန်လည်ထွက်ခွာသွား၏။ ဒါမှမကျေနပ်သေးလျှင် နောက်တစ်ချီ စိန်ခေါ်ကာ ထပ်ပြိုင်နိုင်သေးသည်။

သို့သော် . . . . သို့သော် . . . .

အရည်အချင်းမဲ့သူများကား ပြိုင်ရာတွင် သူ့ထက်သာအောင် ရိုးရိုးသားသားကြိုးစားမည်ဟု မကြံစည်။ မိမိ၏ အရည်အသွေးကို တက်အောင်လုပ်မည်ဟု မစဉ်းစား။ ဉာဏ်နီဉာဏ်နက်ရှိသမျှ အကုန်ထုတ်လျှက် ညစ်ပတ်စုတ်ပဲ့နည်းပေါင်း တစ်ရာ့တစ်မျိုး တို့ဖြင့် ဆင်ကြံကြံချင် ကြံကြလိမ့်မည်ဟု ကြိုတင်တွက်ဆထားရန် လို၏။

ထို့ကြောင့် မိတ်ဆွေတို့ ကြပ်ကြပ်သတိထားကြပါဘိ။ ကျွန်ုပ်တို့မှာ စေတောပရိယအဘိညာဉ်ရသူများမဟုတ်သဖြင့် ဘယ်သူတွေ ဘာကြံနေကြသည်ကို မသိနိုင်။ မတော်တခုခုလုပ်လိုက်မှ အကျိုးကြီးနည်းရချည့်။ မီးဆိုတာ မလောင်ခင်က ကြိုတားရသည်။

ထို့ကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်များ (အထူးသဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ) ကို အထူးဂရုစိုက်ကြ ပါမည့်အကြောင်း သတိပေးလိုက်ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် နီးစပ်သူများခင်ဗျား။ သူတို့သွားရာနောက် တကောက်ကောက်လိုက်ကြပါ။ မျက်ခြေမပြတ် အနီးကပ် စောင့်ရှောက်ကြပါဘိ။ ကျွန်တော်ကတော့ သူတို့ ကိုယ့်အိမ်မှာကိုယ် အိပ်တာကိုပင် အစောင့်အရှောက် ထားစေချင်ပါသည်။ လူဆိုးဆိုတာ ချိုပါတာမဟုတ်။ လူများကိုယုံမှု၊ အစောင့်အရှောက် လုံလောက်စွာမထားမှုကြောင့်ပင် ဗိုလ်ချုပ်တို့ ကိုယ်ကျိုးနည်းခဲ့ရပြီ မဟုတ်ပါလော။

အခြားသူများကို လူယုတ်မာတွေဖြစ်သည်၊ မကောင်းကြံနေကြသည်ဟု ကျွန်ုပ်မစွပ်စွဲပါ။ သို့သော် နောက်ကြောင်းမကောင်းသူ များ ကို လွှတ်ပေးလိုက်သဖြင့် ရဲနှစ်ယောက် အချောင်သေခဲ့ရပြီ။ သို့ဆိုလျှင် ထို ဆန်ကုန်မြေလေးများအား ဘယ့်အတွက် အစုလိုက် အပြုံလိုက်လွှတ်ပေးရသနည်း။ စဉ်းစားကြပါဘိ။

ကျောင်းသားများဆန္ဒပြစဉ်က တာဝန်ဆိုသည့်လက်ပတ်နှင့် ထွက်လာသည့် စွမ်းအားရှင်ဆိုသူများ တစ်နေရာ၌ရှိနေသည်ကို မေ့မထားကြပါလင့်။ ထိုသူများကား အချက်ပြလိုက်သည်နှင့် လူကောင်းလူဆိုးရွေးနေမည်မဟုတ်။ အလွန်ကြောက်စရာ ကောင်းလှ၏။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများခင်ဗျား။
ယခု ရွေးကောက်ပွဲကာလ နှစ်လအတွင်း သတိဝီရိယနှင့် နေကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအားလည်း အထူးဂရုစိုက်ကြပါရန် အဝေးတစ်နေရာမှနေ၍ မေတ္တာရပ်ခံလိုက်ရပါသည်။

(တွေးမိရင်း ကြက်သီးထသဗျာ။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၀ - ၉ - ၂၀၁၅။ ၀၀း၄၄ နာရီ

No comments: