Sunday, September 20, 2015

ယပက်လက်နှင့် ယုတ်သူများအကြောင်း

အားကလည်းမအား၊ ရေးကလည်း ရေးချင်ဆိုတော့ ခပ်တိုတိုရေးလိုက်ပါသည်။

ကော်မတီငှက်ကဌ (ဟုတ်ပေါင်) ဥက္ကဌကြီးက မဲစာရင်းများမှန်ဘို့ ၃၀% သာ အာမခံပါမည်ဟု ယခင်ကတည်းက နိမိတ်ဖတ်ထားခြင်းမှာ ငါတို့ မင်းတို့အတွက် တစ်နိုင်ငံလုံးက မဲစာရင်းတွေကို ၃၀%ပဲ အမှန်ထုတ်ပေးမယ်။ ကျန်တဲ့ ၇၀% ရာခိုင်နှုန်းကိုတော့ အကုန်အကြံအဖန်လုပ်ပြီး အမှားတွေချည်းဖြစ်အောင်လုပ်ပစ်မယ်ဟု တရားဝင် ကြေငြာ ထားသည့်သဘော ဖြစ်ပေမည်။ ဘာမှမလုပ်ခင်ကတည်းက အနှီပုဂ္ဂိုလ်က သည်လိုကြိုတွက်ထားခြင်းမှာ တမင် သက်သက် အကောက်ကြံခြင်းသာ ဖြစ်မည်ဟု ကျွန်တော်ထင်ပါ၏။ ဘယ်လိုနည်းနဲ့ပြိုင်ပြိုင် ငါတို့တော့ သေချာပေါက် ရှုံးမှာပဲ၊ အဲဒီတော့ ရှိသမျှနည်းပေါင်းစုံသုံးပြီး ညစ်နိုင်မှ တော်ကာကျမယ်ဟုတွက်ကာ ကြိုတင်ကြံစည်ခြင်း ဖြစ်ပါလိမ့်မည်။

အကယ်၍ထိုလူကြီးသည် သွေးရိုးသားရိုး အမှန်အကန်ပြောသည်ဆိုပါစို့။ သည်မျှ ညံ့ဖျင်းနုံချာသော၊ သည်မျှ အသုံးမကျသောသူကို အဘယ်ကြောင့် ဥက္ကဌ ခန့်ရပါမည်နည်း။ သည်ကိစ္စလုပ်တတ်သည့်သူ မြန်မာနိုင်ငံတွင် မရှိတော့ပြီလော။
(အောင်မယ်လေးဟဲ့၊ ဒါနဲ့များတောင် နောက်တစ်ခါလုပ်ခိုင်းရင် ဘယ်လိုနည်းနဲ့မှမလုပ်နိုင်တော့ပါဘူး လို့ ပြောလိုက်သေး။ အရှက်ကလည်း နည်းပါ့။ အခုမလုပ်နိုင်တော့ပါဘူး။ ထွက်ပါတော့မယ်ဆိုရင်တောင် ကျွန်ုပ်တို့က ၀မ်းသာလွန်းလို့ သာဓု ၆ ကြိမ်လောက် ခေါ်လိုက်ချင်ပါ၏။)

တစ်နိုင်ငံလုံးကလူတွေကို မဲစာရင်းအမှန်ရအောင်ကောက်ဘို့ဆိုတာ လွယ်ပါ့မလားကွာ - ဟုမေးသည်ဆိုအံ့။ ထိုသူသည် ဦးဏှောက်မရှိသော ခပ်ချာချာလူသာ ဖြစ်ပေလိမ့်မည်။ သည်ကိစ္စလောက်ကတော့ အများကြီး စာတတ်စရာမလို။ အနည်းငယ် ဦးဏှောက်သုံးတတ်သူပင် လုပ်တတ်သည်။

မြန်မာပြည်ဟူသည် တိုင်းနှင့်ပြည်နယ်များ စုစည်းထားတာ ဖြစ်၏။
တိုင်း/ပြည်နယ်ဟူသည် မြို့နယ်များ စုစည်းထားတာ ဖြစ်၏။
မြို့နယ်ဟူသည် ရပ်ကွက်အုပ်စုများ စုစည်းထားတာ ဖြစ်၏။
ရပ်ကွက်ဟူသည် အိမ်ထောင်စုများ စုစည်းထားတာဖြစ်၏။

ရပ်ကွက်တိုင်း ရာအိမ်မှူးရှိသည်။
ကျေးရွာအုပ်စုတိုင်း ကျေးရွာအုပ်စုကောင်စီ ဥက္ကဌရှိသည်။
မြို့နယ်တိုင်း မြို့နယ်ဥက္ကဌရှိသည်။
တိုင်း တိုင်း တိုင်းဥက္ကဌရှိသည်။

ရာအိမ်မှူးကသူ့ရပ်ကွက်မှာကောက်၊ အုပ်စုဥက္ကဌကိုပေး၊ အုပ်စုဥက္ကဌက မြို့နယ် --> တိုင်း --> ဗဟို။
ရာအိမ်မှူးတစ်ယောက်လျှင် အိမ်ခြေဘယ်လောက်ကောက်ရမည်နည်း။ အဲသည်ရပ်ကွက်မှာ ဘယ်သူတွေနေတယ် ဆိုတာ ရာအိမ်မှူး မသိပါသလော။ သေချာပေါက်သိရမည်သာဖြစ်၏။ အကယ်၍ ကိုယ့်ရပ်ကွက်ထဲ ဘယ်သူတွေနေတယ်ဆိုတာ ရာအိမ်မှူးမသိဟု ဆိုပါစို့။ ထိုရာအိမ်မှူးသည် ထိုရပ်ကွက်မှ မဟုတ်တန်ရာ။ ယခုခေတ်စားနေသည့် မိုးကျဒန်ကိုယ် (ဟုတ်ပေါင်) မိုးကျရွှေကိုယ် ရာအိမ်မှူးသာ ဖြစ်ရပေမည်။ ကိုယ့်ရပ်ကွက်ထဲ အိမ်ခြေဘယ်လောက်ရှိသည် ဆိုတာကိုမှမသိသော ရာအိမ်မှူးကို ဘာရာအိမ်မှူးဟု ခေါ်ပါမည်နည်း။
(အဲလေ၊ အပျင်းထူတဲ့ရာအိမ်မှူးမို့ တကယ်စာရင်းလိုက်မကောက်ဘဲ စိတ်ထဲထင်ရာတွေ လျှောက်ရေးပေးလိုက်တယ် ဆိုရင်တော့လည်း မပြောတတ်ပါ။ သို့သော် ဤမျှလောက်ထိ လုပ်လိမ့်မယ်မဟုတ်ဟု ထင်မိပါသည်။)
သဟာဆို ထိုရာအိမ်မှူးများကောက်ပေးသော စာရင်းသည် အဘယ်ကြောင့် မှားရပါမည်နည်း။ ထိုစာရင်းများနှင့် ပေါင်းစုထားသော မြန်မာတစ်နိုင်ငံလုံးမှ မဲစာရင်းများသည် အဘယ်ကြောင့် အသည်းအသန် မှားရပါမည်နည်း။ မှားသည်ဆိုလျှင်ပင် ခြေချော်လက်ချော် အနည်းငယ်မျှ မှားရမည်သာ ဖြစ်၏။
ယခုတော့ သေသူများ စာရင်းထဲပါလာသည်။ သည်ရပ်ကွက်ထဲ အနှစ် (၂၀) လောက်နေလာသူတွေကျ တစ်မိသားစုလုံးမပါ။ မွေးနေ့သက္ကရာဇ်များ အစုလိုက်အပုံလိုက် အတူတူဖြစ်နေသည် စသည့်ကိစ္စများကို မိတ်ဆွေတို့က ဘယ်လိုထင်ထင်။ ကျွန်တော်ကတော့ မတော်တဆ မှားယွင်းမှုဟု ဘယ်လိုမှ ထင်လို့မရပါ။ ဒါ တမင်သက်သက် လည်ဆည်မှုဟုသာ ထင်ပါသည်။

ဒီလောက်မှားရအောင် သည်ရွေးကောက်ပွဲအတွက်သုံးသည်ဆိုသော ဟို ကျပ်ငွေ ၆၈ ဘီလျံနှင့် အမေရိကန်ဒေါ်လာ သန်း ၂၀ က ဘယ်ရောက်သွားလို့ပါနည်း။ တကယ်လုပ်မည့်သူများကို သေသေချာချာ သင်ပေးထားပြီး လုပ်ခိုင်းလျှင် သည်လောက် မှားနိုင်ပါမည်လော။ သူတို့ဘယ်လိုတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိပါ။

ကျွန်တော်ငယ်ငယ်က သည်လို အိမ်ထောင်စုစာရင်း လိုက်ကောက်ပေးသော အလုပ်များ မကြာခဏ လုပ်ပေးဖူး ပါသည်။ ကျွန်တော့်မရီးက သားဖွားဆရာမဆိုတော့ တစ်နိုင်ငံလုံး မွေး/သေစာရင်းကောက်တော့လည်း ကျွန်တော် ကောက်ပေးဖူးသည်သာ ဖြစ်၏။ အိမ်ထောင်စုစာရင်း ကောက်သည့်ကိစ္စကို အနည်းဆုံး ၃ ခါလောက် ကျွန်တော် လုပ်ဖူး၏။ အနို့ ကျွန်တော့်အဖေက ဟိုတုံးက ကောင်စီလူကြီးပေကိုး။

မဲပေးရအောင် ရန်ကုန်ပြန်ရကောင်းမလားဟု စဉ်းစားသေးသော်လည်း ယခု ကျွန်တော် မပြန်ဖြစ်တော့ပါ။ ကျွန်တော်တို့ထည့်မည့် ကြိုတင်မဲများ ဘယ်ရောက်သွားမည်၊ ဘာဖြစ်သွားမည်ဆိုသည်ကိုတော့ စိုးထိတ်လှပါသည်။

နတ်ပြည် ၆ ထပ်မှ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များခင်ဗျား။ ကျွန်ုပ်တို့၏ဒုက္ခကို လက်ပိုက်ကြည့်တော်မူ မနေကြပါနှင့်။ တခြားအချိန်တွေ မကူချင်နေ။ သည်တစ်ကြိမ်လောက်တော့ သည်းခံပြီး ကူညီမှိုင်းမကြပါဟု မေတ္တာရပ်ခံလိုက်ရပါသည်။

ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးသော မဲစာရင်းကိုမှ မှန်မှန်ကန်ကန် ထုတ်ပြန်မပေးလျှင် (သို့မဟုတ်) ထုတ်ပြန်မပေးနိုင်လျှင် . . . . .

အင်း . . .

ကျွန်တော်ကတော့ အတော်လေး ရင်တုန်လှပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၉ စက်တင်ဘာ၊ ၂၀၁၅။ ည ၁၁း၅၆ နာရီ

No comments: