Tuesday, September 15, 2015

ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

(၁)

မိဘမဲ့ကလေးငယ်များ၊ ဆင်းရဲနွမ်းပါးသူတို့၏ သားသမီးများ အသက်ရှင်နေထိုင်ရေးနှင့် ပညာရေးအတွက် မှီခိုအားထားရာ နေရာများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သီလရှင်သင်ပညာရေးကျောင်းနှင့် ပရဟိတဂေဟာများသည် အဓိက ကျသော အဖွဲ့အစည်းများဖြစ်၏။ ပရဟိတဂေဟာများမှာ အဖွဲ့အစည်းတစ်ခုခုက ထောက်ပံ့ငွေတစ်ခုခုဖြင့် ထူထောင်ထားသော ဂေဟာများဖြစ်တတ်သည်။ သို့တိုင် လေးမျက်နှာ ပရဟိတဂေဟာ၊ ရန်ကုန်မှ ကျားကျောင်းပရဟိတဂေဟာကဲ့သို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဦးစီးဖွင့်လှစ်ထားသော ပရဟိတဂေဟာများလည်း ရှိ၏။ ထိုပရဟိတဂေဟာများမှာ ဘုန်းတော်ကြီးများ၏ ဒါယကာ၊ ဒါယိကာမများ၊ ပရဟိတအဖွဲ့များ စသည်တို့မှရရှိသည့်အလှူငွေများဖြင့် ရပ်တည်နေကြခြင်း ဖြစ်၏။

အတိတ်ကာလများက မြန်မာနိုင်ငံပညာရေးမှာ ဘုန်းကြီးကျောင်းပညာရေးသာ ဖြစ်၏။ ဘုန်းတော်ကြီးများက လောကီ၊ လောကုတ္တရာ အတတ်ပညာများကို သင်ကြားပေးကြသည်။ သာမန်တိုင်းသူပြည်သားများသာမက မင်းညီမင်းသား၊ ဘုရင်လောင်းလျာများပင် ဘုန်းတော်ကြီးကျောင်း၌ ပညာဆည်းပူးခဲ့ကြတာ ဖြစ်၏။ အတိတ်ကာလက တဲကျောင်းနှင့် ပွဲကျောင်း ထွက်တို့မှာ နာမည်ကြီးလှသည်။ တဲကျောင်းက ဗုဒ္ဓဘာသာစာပေ ပရိယတ္တိများသင်ပေးပြီး ပွဲကျောင်းများကမူ မင်းညီမင်းသား များတတ်အပ်သည့် ဓားခုတ်လှံထိုး၊ ဆင်စီးမြင်းစီးအတတ်များကိုပါ သင်ပေးသည်ဟု အဆိုရှိသည်။ နိုင်ငံအုပ်ချုပ် မင်းလုပ်သည့် ဘုရင်များကလည်း ဘုန်းတော်ကြီးများ သင်ပေးလိုက်သည့် အသိပညာ/အတတ်ပညာများဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၃၀ (ခရစ်နှစ် ၁၈၆၈) ထိ မြန်မာနိုင်ငံတွင် လောကဓာတ် စာသင်ကျောင်းများ တစ်ကျောင်းမှ မရှိသေး။

အင်္ဂလိပ်တို့မြန်မာပြည်ကို ကိုလိုနီလုပ် အုပ်ချုပ်ခဲ့သည်မှစပြီး လောကဓာတ်ပညာကျောင်းများ ပေါ်ပေါက်လာခဲ့၏။ သို့တိုင် ဘုန်းကြီးကျောင်းပညာရေးမှာ တောလက်ကျေးရွာများ၌ မရှိမဖြစ် လိုအပ်နေပေသေး၏။ သို့သော် အစိုးရအတန်းကျောင်းများ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ ဘုန်းတော်ကြီးကျောင်း ပညာရေးမှာ တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်ခဲ့ရ၏။ ယခုဆိုလျှင် လုံးဝနီးပါးလောက် ပျောက်ကွယ်သွားပေသည်။ ဘုန်းကြီးကျောင်းပညာရေးဟူ၍ ပရိယတ္တိစာပေများ သင်ကြားပို့ချပေးသည့် စာသင်တိုက်များသာ ကျန်ခဲ့သည်။ သို့သော် ပရိယတ္တိစာသင်တိုက်များက ဗုဒ္ဓဘာသာစာပေများကိုသာ ရဟန်းများသို့ သင်ကြား ပေးသည်။ လောကီနှင့် မဆက်စပ်၊ မပတ်သက်။

၁၉၅၂ တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပညာရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့၏။ သို့သော် ၁၉၇၂ တွင် ထိုကျောင်းများကို ဖျက်သိမ်းခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြန်၏။
သို့သော် ထိုဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ယခင်ကရှိခဲ့သော ဘုန်းတော်ကြီးကျောင်းပညာရေးနှင့် ပုံသဏ္ဍာန်ရော၊ အနှစ်သာရပါ လုံးဝကွဲပြားသွားသည်။

ဘုန်းကြီးကျောင်းပညာရေးတွင် သင်ပုန်းကြီး၊ ဆယ်စောင်တွဲ၊ ရှင်မဟာသီလ၀ံသဆုံးမစာ၊ ရှင်မဟာရဋ္ဌဆုံးမစာ၊ ဗုဒ္ဓဘာသာက ညွှန်ပြသော လူမှုရေးကျင့်ဝတ်များ။ ထို့ထက်ပိုမြင့်လျှင် သင်္ဂြိုဟ်၊ သဒ္ဒါ စသည်တို့ကို ကျောင်းထိုင်ဘုန်းကြီးနှင့် ကျောင်းတွင်နေ သည့် ဦးပဉ္စင်းများက သင်ပေးခြင်းဖြစ်၏။ လောကီပညာဆိုလျှင် သစ်တန်တွက်၊ စပါးတွက်၊ ငွေတိုးတွက်၊ ဈေးတွက် စသည်တို့ သင်ပေးတတ်သည်။ ထိုမျှသာမက နက္ခတ်ဗေဒင်၊ မြန်မာဆေးကျမ်း စသည်တို့ကိုလည်း ဘုန်းတော်ကြီးစွမ်းလျှင် စွမ်းသလို သင်ပေးသေး၏။

စာသင်သားများမှာ ရပ်ရွာအတွင်းမှ ကျောင်းနေရွယ် ကလေးသူငယ်များဖြစ်၏။ အလုပ်လုပ်နိုင်သည့်အရွယ်ရောက်လျှင် ကျောင်းမှထွက်ကာ လယ်ထဲဆင်းကြရသည်။ သီးသန့်သင်ရိုးမရှိ။ မည်သည့်အရွယ်တွင် ကျောင်းစနေမည်၊ မည်သည့်အရွယ်တွင် ကျောင်းသင်ပညာ ပြီးဆုံးမည် စသဖြင့် သတ်မှတ်မထား။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း အဆင်ပြေသလို သင်သွားခြင်းဖြစ်၏။ 

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာမူ ဘုန်းတော်ကြီးကျောင်းပညာရေးနှင့် လုံးဝမတူတော့။ ဘုန်တော်ကြီးသင် ပညာရေးကျောင်းများ၏ အဓိကရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသောကြောင့် အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများသို့ မတက်နိုင်သည့် ကလေးသူငယ်များအား အခမဲ့ပညာသင်ကြားပေးခြင်း ဖြစ်၏။ ကျောင်းတော်တော်များများမှာ စာသင်ပေးရုံမျှသာ မဟုတ်မူ၍ နေ့လည်စာ၊ ညစာ စသဖြင့် အစားလည်းကျွေးသေးရာ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အချိန်တိုအတွင်း လျင်မြန်စွာ အများအပြား ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တော့၏။

စာသင်ကြားရေးအတွက် အုပ်ချုပ်သူမှာ ကျောင်းထိုင်ဆရာတော်ဖြစ်ကြောင်း အထွေအထူး ပြောနေစရာမလိုပါ။ ကျောင်း၏ သင်ကြားရေး၊ စီမံခန့်ခွဲမှုကိစ္စအ၀၀ကို ဆရာတော်ကသာ စီမံသည်။ တေဇာရာမကျောင်းကဲ့သို့ ကျောင်းသားသိပ်များလာလျှင်မူ ကျောင်းအုပ်တစ်ယောက် ခန့်ထားဆောင်ရွက်သည်။

သင်ရိုးမှာ အစိုးရကျောင်းများမှ သင်ရိုးအတိုင်းဖြစ်၏။ ဆရာဆရာမများမှာ အစိုးရကျောင်းမှ ဆရာဆရာမဟောင်းများ၊ ကျောင်းပြီး ၍ အလုပ်မရသေးသူများ၊ ဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ရသေးသူများ စသဖြင့် အမျိုးမျိုးဖြစ်၏။ ဆရာဆရာမ ဟောင်းများမှလွဲပြီး အများစုမှာ စနစ်တကျ လေ့ကျင့်သင်ကြား ပေးထားသူများမဟုတ်သလို လခမှာလည်း မဖြစ်စလောက်သာ ဖြစ်၏။ ထိုကျောင်းမှထွက်သွားသူများလည်း ကျောင်း၌ပင် ပြန်လည် သင်ကြားပေးတတ်ကြသည်။ (သို့သော် ယခုမူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာဆရာမများကို ဆရာဖြစ်သင်တန်းများပေးသည်ဟု ကြားသိရပါသည်။ အတိအကျ မသိပါ။)

ယခင် ၂၀၀၄ - ၂၀၀၅ ခုနှစ်များ ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ကို တက်တက်ကြွကြွလုပ်ခဲ့ကြတုံးက မြန်မာနိုင်ငံ တနံတလျားရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တော်တော်များများကို လိုက်လံလှူဒါန်းခဲ့ဖူးကြသည်။ သာသနာရေး ဦးစီးဌာနက ညွှန်မှူး ဦးတင်ထွဋ်က ကျွန်တော်တို့ကို မြန်မာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများစာရင်း စာအုပ်ကြီးကို ပေး၏။ ယခုတော့ အသက်ကလေးတွေလည်း ရလာ၊ ကျွန်တော်တို့သူငယ်ချင်းများမှာလည်း အိမ်ထောင်ရက်သား များ ကျကုန်ကျ၊ ကလေးတွေ၊ မြေးကင်းတွေနှင့်ဖြစ်လာ။ နောက်ပြီး စင်ကာပူမှာ တစုတစည်းတည်းမရှိကြတော့။ မြန်မာပြည် ပြန်သူကပြန်၊ သြစတေးလျရောက်သူကရောက် စသဖြင့် တကွဲတပြားစီဖြစ်ကုန်ကြပြီဆိုတော့ ယခင်ကလောက် မလုပ်နိုင်တော့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အဆက်ပြတ်သွားတာ ၇ နှစ် ၈ နှစ်လောက်တောင်ရှိပြီ။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာမက သီလရှင်သင် ပညာရေးကျောင်းများလည်း ရှိပါသေး၏။ ပုလဲမြို့သစ်ရှိ မြသိင်္ဂီ သီလရှင်သင် ပညာရေးကျောင်းမှာဆိုလျှင် မိန်းကလေးတွေချည်း ၁၀၀ လောက်ရှိသည်။ (အခုဆို ပိုများနေလောက်ပါပြီ။) ကျွေးရမွေးရလွယ်အောင် ဆရာကြီးတို့က အားလုံးကို သီလရှင်ဝတ်ပေးထား၏။ သီလရှင်တွေဆိုတော့ ဘုန်းကြီးတွေလောက် အလှူအတန်းမပေါ။ ထို့ကြောင့် မနည်းရုန်းကန် နေရသည်။ ထို့ပြင် ၀ိသာခါ၊ သာသနာ့ဂုဏ်ရည်၊ ပညာရာမိက စသည့်ကျောင်းများ လည်း ရှိပါသေး၏။

(၂)

မန္တလေးခရီးစဉ် ဒုတိယနေ့ (၁၀၊ ၈၊ ၁၅) နေ့တွင် ကိုခင်မောင်စိုးက ကျွန်တော့်ကို ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့လိုက်ပို့၏။ သည်ကျောင်းကမူ အခြားကျောင်းများနှင့်မတူ။ Integrated ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်၏။ ပညာရေး (Academic) ရော သက်မွေးဝမ်းကျောင်း အတတ်ပညာ (vocational) ကိုပါ သင်ကြားပေးသည်။ ကိုယ်တိုင်လေ့လာ သင်ယူသည့်စနစ်ကိုလည်း ၂ တန်းဆိုလား၊ ၄ တန်းဆိုလား အကောင်အထည်ဖော် သင်ကြားနေလိုက်သေး၏။

ကျောင်းရုံးခန်းအတွင်း ရောက်သွားတော့ အုပ်ချုပ်ရေးပိုင်းမှ ဆရာများနှင့် တွေ့၏။ ဆံပင်တိုတိုနှင့် ဗိုလ်အောင်ကျော်နှင့်တူသူ ပုဂ္ဂိုလ်က (သူ့နာမည် မိတ်ဆက်ပေးသော်လည်း မမှတ်မိတော့) ကျောင်းအတွင်း လိုက်လံရှင်းပြပါသည်။ သူပြောသည်များကို ခေါင်းနှင့်သာ မှတ်ရခြင်းဖြစ်၍ အလွန်နုံချာလှသော ကျွန်တော့်မှတ်ဉာဏ်အတွင်း ဘာမှ မကျန်တော့ပါ။ ယခုရေးပြမည်များမှာ မျက်စိနှင့်မြင်ခဲ့ရသည့် အနည်းငယ်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် အချက်အလက်အားဖြင့်မူ ပြည့်စုံမည်မဟုတ်ပါ။

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဖောင်တော်ဦး ဘ/ကကျောင်း ဖေ့စ်ဘုတ်စာမျက်နှာမှ ဖြစ်ပါသည်။ ကျောင်းအုပ် ဆရာတော်မှာ ဦးနာယကဖြစ်ပြီး ကျောင်းကို ၁၉၉၃ တွင် စတင်တည်ထောင်ခဲ့သည်။ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာဆရာမ ၁၇ ယောက်၊ ကျောင်းသား ၄၅၀ ရှိခဲ့သည်။ ၁၉၉၅ တွင် အလယ်တန်း၊ ၂၀၀၀ ခုနှစ်တွင် တွဲဖက်အထက်တန်းထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့၏။ ဆရာတော်၏စွမ်းဆောင်မှုများအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ နိုင်ငံ့စွမ်းဆောင်ရည်ဆု ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ခုနှစ်ဖော်ပြမထားသော်လည်း ပို့စ်တင်ထားသည့်ရက်စွဲမှာ ၃၀ ဧပြီ၊ ၂၀၁၃ ဖြစ်၏။ ၂၀၀၂ ခုနှစ်တွင် ဂျပန်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်ကြီးကို ဆောက်လုပ်ပေးခဲ့သည်။

ကျောင်းတွင် ကျောင်းသား ၆၀၀၀ ကျော်ရှိသည်ဟုသိရပြီး အုပ်ချုပ်ရေးအဖွဲ့လည်း ရှိသည်ဆို၏။
ပထမဆုံးစကြည့်သည်မှာ လက်သမားအတတ်သင်ကျောင်းဖြစ်၏။ သင်တန်းခန်းထဲတါင် အသက်ခပ်ငယ်ငယ် ဆရာလေး တစ်ယောက်ကို တွေ့ရ၏။ သူ့ကို ဂျာမနီမှာလေ့ကျင့်ပေးထားတာ ဆိုလေသော် ဟ၊ တယ်ဟုတ်ပါလား ဟု ကျွန်တော့်မှာ အတော်အံ့သြသွားမိ၏။

ဖြတ်စက်၊ ဖောက်စက်၊ ရွေပေါ်စက်၊ စရွေးစက် စသဖြင့် စက်များမှာ အတော်စုံပါသည်။ ကျွန်တော်တို့က ပရိဘောဂတွေ လုပ်ရောင်းပြီး မှာတဲ့သူရှိရင်လည်း လုပ်ပေးတယ်။ ကျောင်းရံပုံငွေရတာပေါ့ ဟု ရှင်းပြသည်။ ဒါတွေက သံမသုံးဘဲ စရွေးနဲ့ ဆက်ထားတာဟု လုပ်ထားသည့် စင်ကလေးများကို ပြပါသည်။ သင်တန်းသားများအား စကေး၊ ပုံဆွဲပညာတို့ပါ သင်ပေးသည်။ မော်ဒယ်လုပ်ထားသော အိမ်ကလေးတစ်လုံးကိုပါ တွေ့ရ၏။ ဤကျောင်းမှထွက်သွားလျှင် အတန်းပညာမတတ်တောင် အနည်းဆုံး လက်သမားအလုပ်ဖြင့် သက်မွေးဝမ်းကျောင်းသွားလို့ရသည်။ ကောင်းလေစွ။

ထို့နောက် ကျောင်းအတွင်းလျှောက်သွားရင်း ဟောဒါက ကျောင်းသူတွေထားတဲ့အဆောင်၊ ဟောဒါက ဆေးခန်း၊ ဒါက စာသင် ဆောင် စသည်ဖြင့် ရှင်းလင်းပြောပြသွား၏။

ဆရာမဒေါ်မြမြလည်း ဒီမှာ စာသင်နေတယ်။ အခု ခရီးထွက်သွားလို့ မတွေ့ရတာ ဟု ကိုခင်မောင်စိုးက ပြော၏။ ဒေါ်မြမြနှင့် ကျွန်တော်တို့မှာ စိုက်ပျိုးရေးတက္ကသိုလ်တွင်ရှိစဉ်က အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြ၏။ သူ့အဆောင် (မြနန္ဒာဆောင်) နှစ်ပတ်လည်ညစာစားပွဲများ၌ ကျွန်တော် ပြဇာတ်ရေးပေးဖူးသည်။ နောက်ပြီး မြန်မာစာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် လှုပ်ရှားကြတော့လည်း အတူတူ။

ကျောင်းဆောင်တစ်ခုကို ရွှံ့စေးများဖြင့် ဆောက်ထားပြီး ၀ါးကပ်များမိုးထားသည်။ ဟောဒါက အာဖရိကကနည်း၊ စပါးခွံရယ်၊ မြေ စေးရယ်၊ (ဘာရယ်ဆိုပါလိမ့်) ရောစပ်ပြီးဆောက်ထားတာ၊ ဘိလပ်မြေမပါဘူး ဟု ရှင်းပြသည်။ ဆောက်လက်စ အဆောက်အအုံ တစ်ခုကိုလည်း တွေ့ရသည်။ အင်သားချောင်းများကို ဖောင်ဝပ်အဖြစ်သုံးထားတာ တွေ့ရသည်။

လူအများကြီးကို ထားရတာဆိုတော့ ဘယ့်နှာလုပ် စနစ်တကျ၊ အဆောင်တွေ အခန်းတွေနဲ့ ထားနိုင်ပါလိမ့်မတုံး။ ကွပ်ပျစ်များ တန်းစီချကာ ထိုအပေါ်တွင် တန်းစီအိပ်ကြရတာ ဖြစ်သည်။ လေးထပ်ကျောင်းဆောင်တစ်ခုပေါ်တွင် သင်္ကန်းပေါင်း မြောက်များစွာ လှမ်းထားသည်ကို ကြည့်ခြင်းဖြင့် သည်တွင်နေသူအင်အားကို ခန့်မှန်းလို့ရသည်။ ထိုကျောင်းဆောင်၏ နောက်ဘက်တွင်လည်း သင်္ကန်းဟောင်းများကို တောင်ပုံရာပုံ စွန့်ပစ်ထား၏။ ပတ်ဝန်းကျင်မှာတော့ အတော်ညစ်ပတ်သည်။

ကျောင်းဝင်းဆုံးခါနီးတွင် နှစ်ထပ်ဆောင်တစ်ခုတွေ့ရ၏။ စစ်ဖြစ်နေတဲ့ဒေသက မိန်းကလေးတွေကို စောင့်ရှောက်ထားတာ။ တော်တော်များများက မြန်မာစကားမပြောတတ်ဘူး ဟု ဆို၏။ စစ်ခေါင်းဆောင်များ၏ ခေါင်းမာမှု၊ အတ္တကြီးမှု၊ တစ်ဦးကိုတစ်ဦး မယုံကြည်မှုများကြောင့် တိုင်းသူပြည်သား လူအများတို့ ဒုက္ခရောက်ကြရသည်။ အလုပ်မဖြစ်သော ဟန်ပြဆွေးနွေးပွဲများဖြင့် အချိန်ကုန်လျက် လူအများ၏ ဒုက္ခကိုလျစ်လျူရှုထားရက် အားကြသည်။

အစွန်ဆုံးကျောင်းဆောင်အတွင်း ၀င်သွားသော် တန်းလျားပေါ်ထိုင်လျက် laptop ဖြင့်ကစားနေသော ကလေးတစ်သိုက်ကို တွေ့ရ၏။ သူ့ကို ၅ လသားကတည်းက ခေါ်မွေးထားရတာ ဟု ဆို၏။ ထိုကလေးမှာ မိဘဆိုသည့်ဝေါဟာရကို မေ့လျော့လျက် သည်ပတ်ဝန်းကျင်တွင်ပင် ပျော်မွေ့နေရကြောင်း ခေါင်းထဲ ဖျတ်ကနဲ ၀င်လာသော် မျက်ရည်က စို့ချင်ချင်။

ထိုနေရာမှ ပြန်လှည့်လာသော် စာကြည်တိုက်အတွင်း ၀င်ကြည့်ကြ၏။ ဘ/ကကျောင်း စာကြည့်တိုက်ဆိုလို့ အထင်မသေးလိုက်ပါနှင့် မိတ်ဆွေများခင်ဗျား။ စာအုပ်များထားပုံ၊ ကက်တလောက်စီပုံများမှာ တကယ့်နိုင်ငံခြားစံချိန်မီ ဖြစ်လေ၏။ စာအုပ်များမှာလည်း အတော်စုံလှသည်။

စာကြည့်တိုက်မှ ထွက်လာပြီး နောက်တစ်ဆောင်မှာ စက်ချုပ်အတတ်သင်တန်းကျောင်း ဖြစ်လေသည်။ စက်ချုပ်သင်တန်း ခန်းမထဲ၌ စက်အလုံးရေ အတော်များများ တွေ့ရ၏။ အခန်းတံခါးသော့ခတ်ထား၍ အပြင်ကနေပဲ ချောင်းကြည့်ခဲ့ရသည်။ အနည်းဆုံး အလုံး ၃၀ လောက်တော့ ရှိသည်။ အပ်ချုပ်သင်ဘို့ ဘာစက္ကူဆိုလား ၀ယ်မရလို့ သင်တန်းရပ်ထားရတယ် ဆိုလေသည်။ (ယခင်တုံးကတော့ မှိုင်းခံစက္ကူသုံးသည်။)

ထိုအခန်းနှင့်ကပ်လျက် နောက်တစ်ခန်းဝင်သွားတော့ အပ်ချုပ်စက်များနှင့်တကွ ချုပ်ပြီးသား အ၀တ်အထည်များ တွေ့ရသည်။ လွယ်အိတ်၊ ပိုက်ဆံအိတ်၊ laptop အိတ်၊ နက်ကတိုင်၊ ရေဘူးအိတ် စသည်ဖြင့် အတော်များများတွေ့ရ၏။ ကောင်တာတစ်ခု ရှိလျက် ထိုအထည်များကို ရောင်းချပေးနေသည်။ လက်ချုပ်ထည်များဖြစ်၍ တန်ဖိုးရှိပါ၏။ ကျောင်းအတွက် တစ်ဖက်တလမ်းမှ ၀င်ငွေရှာပေးနိုင်သလို ကျောင်းသူများအား အပ်ချုပ်ပညာ သင်ပေးခြင်းဖြင့် သက်မွေးဝမ်းကျောင်းပညာတစ်ရပ်ကိုပါ တတ် မြောက်သွားစေသည်။

အခန်းတစ်ခုထဲတွင်မတော့ ရေဘေးအတွက်နှင့် အခြားကျောင်းများအတွက် ကိုယ်တိုင်လုပ် ရှေးဦးသူနာပြုသေတ္တာများ ဆင့်ထားသည်ကို အမြောက်အများတွေ့ရ၏။ ထိုအဆောင်နှင့်ကပ်လျက် နောက်တစ်ဆောင်က ဂျာမန်-မြန်မာချစ်ကြည်ရေး စနစ်သစ် ဆရာအတတ်သင် လေးထပ်ကျောင်းဆောင် ဖြစ်၏။  ၂၀၁၃ ခုနှစ် အောက်တိုဘာလက ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းတည်ရှိရာမှာ အမှတ် ၄၄၊ ၁၉ လမ်း၊ မင်္ဂလာဥယျာဉ်၊ နန်းရှေ့၊ မန္တလေး ဖြစ်၏။

(၃)

ကျွန်တော် ဗျိုင်းရေအိုးစင်တွင်နေခဲ့စဉ်က ထိုလမ်းပေါ်ရှိ Salvation Army ကို သတိပြုမိခဲ့၏။ ခရစ်ယာန်များဖွင့်ထားသော မိဘမဲ့ ဂေဟာ ဖြစ်သည်။ ယောက်ျားလေးကျောင်း၊ မိန်းကလေးကျောင်း ခွဲထား၏။ သို့သော် ထိုဝင်းရှေ့က ဖြတ်သွားရုံလောက် သာဖြစ်ပြီး ထဲထဲဝင်ဝင်မလေ့လာမိ။ သူလည်း ပရဟိတဂေဟာ သဘောမျိုးပင် ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ဦးရေက ပိုများသဖြင့် salvation army ထက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအရေအတွက်က ပိုများ၏။

မိဘက ပိုက်ဆံမတတ်နိုင်သဖြင့် ကျောင်းမထားနိုင်သောကြောင့် လေလွင့်သွားမည့် ကလေးငယ်များအား ခေါ်ယူစောင့်ရှောက် စာသင်ပေးခြင်းသည် တစ်နည်းအားဖြင့် မြန်မာနိုင်ငံအတွက် လူအရင်းအမြစ်ကို ပျိုးထောင်နေခြင်းလည်း မည်ပေ၏။ မြန်မာတစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီလရှင်သင်ပညာရေးကျောင်း ရာနှင့်ချီ ရှိပါသည်။ ထိုကျောင်းများ၌ (အခမဲ့) ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားဦးရေမှာလည်း မနည်းလှပါ။ သို့ဆိုလျှင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သီလရှင်သင်ပညာရေးကျောင်းများသည် မြန်မာနိုင်ငံအတွက် အရေးမကြီးပါသလော။ အမှန်ပင် အရေးကြီး၏။

သို့မို့ကြောင့် အစိုးရဆိုသူများသည် ထိုအရေးကြီးလှသော ဘုန်းတော်ကြီးသင် / သီလရှင်သင်ပညာရေးကျောင်းများကို တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်ကြပါဟု အလေးအနက် တိုက်တွန်းလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၈ သြဂုတ်၊ ၂၀၁၅။ ည ၁၁း၅၅ နာရီ


















































No comments: