Tuesday, September 15, 2015

လက်မှတ်အတုဖြင့် လိမ်လည်ခြင်း

(၁)

Honesty is the best policy. ဟူသောစကားသည် ရှိ၏။
မည်သည့်အခါမှ လိမ်ညာခြင်းအလုပ်ကို မလုပ်ပါလေနှင့်။ မညာပါနှင့်။ မလုပ်တတ်ဘဲ လုပ်တတ်သည် မပြောပါနှင့်။ လုပ်ငန်း အတွေ့အကြုံမရှိဘဲ ဘယ်နှနှစ်လုပ်ဖူးသည်ဟု မလိမ်ပါနှင့်။ လက်မှတ်အတုမထိုးပါနှင့်။ အသက်ကို မလိမ်ပါနှင့်။  ပညာ အရည်အချင်း အောင်လက်မှတ်များကို အတုမလုပ်ပါလေနှင့်။

ပထမတစ်ခါလိမ်မိသူသည် ထိုအလိမ်ပေါ်မည်စိုး၍ နောက်တစ်ခါ ထပ်လိမ်ရသည်။ တစ်ဖန် ထိုအလိမ်ကိုဖုံးရန် နောက်တစ်ခါ ထပ်မံ လိမ်ရပြန်သည်။ ပြဿနာမှာ ပထမ ဘာလိမ်ထားမှန်းကိုယ့်ဘာသာကိုယ် မမှတ်မိ။ ထိုအခါ အာဏာပိုင်အဖွဲ့အစည်းက မသင်္ကာ၍ စစ်စစ်ပေါက်ပေါက် လိုက်မေးလျှင် သုံးလေးခွန်း မေးရုံမျှနှင့် အလိမ်ပေါ်သွားတတ်သည်။ အလိမ်ပေါ်ပြီဆိုသည်နှင့် ဒုက္ခနှင့် လှလှနှင့် တိုးရတော့မည်။

ထို့ပြင်တ၀ လိမ်ထားသောသူသည် မိမိလိမ်ထားသည်ကို အခြားသူများ မသိသည့်တိုင် မိမိကိုယ်မိမိ ကောင်းကောင်းသိသဖြင့် အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းခြင်း မစားရ။ ဘယ်နေ့များ ငါလိမ်ထားတာ ပေါ်တော့မလဲ ဟု နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ် ဖြစ်နေရ၏။ လိမ်တာကနည်းနည်း စိတ်ဒုက္ခရောက်တာက များများ ဖြစ်သဖြင့် လိမ်ရတာနှင့် စိတ်ဒုက္ခရောက် တာနှင့်ပင် မကာမိပါ။

သို့ဆိုလျှင် အဘယ်ကြောင့် လိမ်ချင်ရပါမည်နည်း။
မလိမ်ပါနှင့်။ ရိုးသားပါ။
အရှိကိုအရှိအတိုင်း ၀န်ခံပါ။
မဟုတ်တာလုပ်ထားသည်ပင်ဖြစ်စေ။ မဟုတ်တာ လုပ်မိကြောင်း ရိုးသားစွာ ၀န်ခံလိုက်ပါက လူအများမှာ ၀ိုင်းဝန်းအပြစ်တင်ဘို့ ထက် ခွင့်လွှတ်ကြဘို့ များလေသည်။ သို့သော် မဟုတ်တာ လုပ်ထားသည်များကို အတင်းအဓမ္မ အဟုတ်လုပ်သူများအား လောကကြီးတစ်ခုလုံးက ကဲ့ရဲ့သဂြိုဟ် အတင်းဆိုဘို့ ၀န်လေးလိမ့်မည် မဟုတ်ပါလေ။

(၂)

July 20, 2013; The Straits Times သတင်းစာပါ သတင်း . . . မှ

ပရာဗီယန် ကူမားဘိုလူ ဆိုသူ အိန္ဒိယအမျိုးသားကလေးတစ်ယောက်ကို ပရာဘူဒေ၀ အကအကယ်ဒမီကျောင်းက အကသင်တန်း နည်းပြအဖြစ် ၂၀၁၂ ဇူလိုင်လက ငှားရမ်းလိုက်သည်။ ပရာဗီယန်သည် အိန္ဒိယတက္ကသိုလ်တစ်ခုမှ ဘွဲ့လက်မှတ်ဖြင့် မန်နေဂျာ၊ အမှုဆောင်၊ စပယ်ရှယ်လစ်စ် ရာထူးများအတွက်သာ ချပေးသော EP (Employment Pass) ကို ရခဲ့သည်။

၎င်း၏လခမှာ တစ်လလျှင် စင်းဒေါ်လာ ၄၇၀၀ ဖြစ်၏။ သို့သော် အသက် ၂၇ နှစ်မျှသာရှိသော သကောင့်သားကလေးမှာ အလုပ်တစ်ခုရလိုမှုဖြင့် လိမ်လည်ခဲ့သည်။ သူ့ဘွဲ့လက်မှာ အစ်အမှန်မဟုတ်။ အတု ဖြစ်၏။

ပရာဗီယန်မှာ ၂၀၁၃ ခုနှစ်အတွင်း ဖမ်းမိသော ဘွဲ့လက်မှတ်အတုလုပ်သူ ၅၃ ဦးထဲမှ တစ်ယောက်ဖြစ်၏။ ဤအရေအတွက်မှာ လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ဖမ်းမိသည့် ၄၃ ဦးထက် ၁၀ ဦးပိုများလာခြင်းဖြစ်၏။ အတော်များများမှာ S Pass ရလိုမှုဖြင့်       လက်မှတ်အတု လုပ်ခဲ့ကြခြင်းဖြစ်၏။ ၎င်းတို့အထဲမှ အများစုမှာ အရောင်းကိုယ်စားလှယ်၊ စားဖိုမှုး၊ ဆံပင်အလှပြင်သူတို့ ဖြစ်၏။

လက်မှတ်အတုလုပ်သူများအနက် ၂၀၁၃ ဇူလိုင်လက ၂၅ ယောက်ကို ရုံးထုတ်ခဲ့သည်။ ၎င်းတို့မှာ မြန်မာ၊ အိန္ဒိယ နှင့် ဖိလစ်ပိုင် တို့မှ ဖြစ်၏။ ထိုအထဲမှ အယောက် ၂၀ ကို  ထောင် ၄ ပတ် ချခဲ့သည်။ ကျန် ၅ ဦးမှာ ရုံးတော်မှ ချမှတ်သော ငွေဒဏ် စင်းဒေါ်လာ ၅၀၀၀ ကိုမပေးနိုင်၍ ထောင်ဒဏ် အရက် ၂၀ ချခံခဲ့ရသည်။

ယခင်က လက်မှတ်အတုလုပ်လျှင် ပြစ်ဒဏ်မှာ အမြင့်ဆုံးငွေဒဏ် တစ်သောင်းခွဲနှင့် ထောင်ဒဏ် ၁ နှစ်ဖြစ်၏။ ၂၀၁၃ ခုနှစ်မှစကာ ထိုပြစ်ဒဏ်အား ထောင်ဒဏ် ၂ နှစ် နှင့် ငွေဒဏ် ၂ သောင်းသို့ တိုးမြှင့်လိုက်သည်။

(၃)

၂၀၁၂ အောက်တိုဘာလ ၃၀ ရက်နေ့က မြန်မာအမျိုးသား ကျော်စွာဝင်းကို လက်မှတ်အတုလုပ်မှုဖြင့် ထောင် ၄ ပတ်ချခဲ့သည်။ ကျော်စွာဝင်းသည် Leong Guan Food Manufacturer ကုမ္ပဏီတွင် ဆူပါဗိုက်ဆာရာထူးဖြင့် လုပ်ကိုင်ရန် ဘွဲ့လက်မှတ်အတုဖြင့် S Pass လျှောက်ခဲ့ခြင်းဖြစ်၏။ S Pass လျှောက်ရန် မြန်မာပြည်မှ အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ကို ၎င်း၏ဘွဲ့လက်မှတ်အတု အား ပေးအပ်ခဲ့သည်။  အမှန်မှာ ၎င်းသည် အထက်တန်းထိသာ ကျောင်းနေခဲ့ဖူးသူဖြစ်၏။

တတိယကမ္ဘာနိုင်ငံများတွင် လက်မှတ်အတုလုပ်ခြင်းမှာ ထမင်းစားရေသောက်ကဲ့သို့ပင် ဖြစ်နေတော့၏။ ဥပမာ - မနီလာတွင် ဘွဲ့လက်မှတ်အတုတစ်ခုကို အမေရိကန် ၁၀ ဒေါ်လာ မျှပေးရုံဖြင့် ၂ နာရီအတွင်း ရနိုင်ပေသည်။ မနီလာမြို့တော်၌ လက်မှတ် ကိုသာမက စာတမ်း (Term paper) နှင့် ဘွဲ့ယူစာတမ်းများကိုပင် ၀ယ်ယူရရှိနိုင်ပေသေး၏။ ကျောင်းပြီးခါနီးအချိန်တွေမှာ စာတွေ ပိနေတာနဲ့ ဘယ်နှာလုပ် term paper တွေ ရေးနေနိုင်မတုံး။ ပိုက်ဆံပေးဝယ်ရတာပေါ့။ ဒါ အဆန်းမဟုတ်ပါဘူးကွာ။ လူတိုင်း ဒီလိုလုပ်နေတာပဲ ဟု ဖိလစ်ပိုင်မှ ပိုလီတက္ကနစ်ယူနီဗာစီတီတက်နေသူ စီစီလီယာ ရိုဟာ့စ် က ပြောသည်။

(သူပြောတော့ ကျွန်တော်တို့ နောက်ဆုံးနှစ်တွင် ကျောင်းမှပေးသော ပရောဂျက်များကို ပိုက်ဆံပေးဝယ်ခဲ့တာ သွားသတိရမိပါ၏။ အဲလေ၊ ကျွန်တော်ကျောင်းပြီးသွားတော့လည်း နောက်ဆုံးနှစ်ကျောင်းသားများအတွက် ပရောဂျက်များ လုပ်ရောင်းဖြစ်ခဲ့ပါ သေးသည်။)

လက်မှတ်အတုလုပ်ခြင်းမှာ အသစ်အဆန်းမဟုတ်တော့ပါ။ မနှစ်ကပင် နာမည်ကြီးကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးဖြစ်သူ မစ္စနီရှာ သည်  South Pacific University မှ မဟာဘွဲ့ရခဲ့သည်ဆိုပြီး ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည်။ သူ့ဘွဲ့လက်မှတ်မှာ အတုဖြစ်၏။ သူဘွဲယူခဲ့သည်ဆိုသောကျောင်း South Pacific University မှာ ၂၀၀၂ ခုနှစ်ကပင် အမေရိကုန်အစိုးရ၏ အမိန့်ဖြင့် ပိတ်သိမ်းခဲ့ပြီး ဖြစ်လေသည်။

ယခုတစ်ခေါက် ရန်ကုန်မှပြန်လာတော့ အတူပြန်လာသူ မိန်းကလေးအား လေဆိပ်တွင် ICA က ခေါ်ယူ စစ်မေးမှုများ ပြုလုပ်နေ သည်မှာ အတော်ကြာ၏။ အပြင်မှစောင့်နေသော ကျွန်တော့်မှာ ရင်တထိတ်ထိတ်၊ သားက ဘာကိစ္စစောင့်နေရမလဲ ဟု စိတ်မရှည်။ ဂျီကျနေသည်။

နောက် - ထွက်လာတော့မှ သိရသည်မှာ S Pass မို့လို့ လိုအပ်တာတွေ စစ်ဆေးနေရတာပါ ဆိုလေသည်။ လက်ဗွေများလည်း နှိပ်ယူ၏။

ဤဒွန္နယာကြီးတွင် လူအများသာ ရိုးသားကြပါမူ၊ တစ်ဦးနှင့်တစ်ဦး လိမ်ညာခြင်းကင်းရှင်းကြပါမူ၊ နိုင့်ထက်စီးနင်း မပြုခဲ့ကြပါမူ၊ ခိုက်ရန်ဒေါသ မဖြစ်ပွားကြပါမူ . . .
အစိုးရဆိုတာ မရှိနိုင်၊ ဥပဒေဆိုတာ မရှိနိုင်၊ ထောင်ဆိုတာ ရှိစရာမလို၊ ရှေ့နေဆိုသူများ ပေါ်လာစရာမရှိ။

သည်ကမ္ဘာလောကကြီးတွင် ကျွန်ုပ်တို့လို လူမျိုးချည်းသာဆိုပါမူ လက်နက်ကုန်သည်များ ထမင်းငတ်ရမည်။ ဦးဟန်ရှင်ဝင်းတို့ ကဲ့သို့သော ရှေ့နေများ အလုပ်လက်မဲ့ ဖြစ်ချေမည်။ ထောင်မှူးနှင့် ထောင်ဝါဒါများမှာ လုပ်စရာအလုပ်မရှိသောကြောင့် တစ်နေကုန် အိပ်ငိုက်နေရကိန်းရှိ၏။ အလုပ်ပါးလွန်းလှသောကြောင့် အလုပ်ပင်ပြုတ်သွားနိုင်ပေသေးသည်။

ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်လုပ်ပါမူ မည်သည့်ပြဿနာမှ တက်စရာမလိုသော်လည်း ကူလီကူမာလုပ်မိသည့်အတွက်  ဒုက္ခနှင့် လှလှနှင့်တိုးတော့မှ အဖေကယ်ပါ၊ အမေကယ်ပါ (မှတ်ချက်။      ။ ကယ်ပါဆိုသည်မှာ သူတောင်းစားကို ဆိုလိုချင်းမဟုတ်။ ကယ်ကြပါအုံးခင်ဗျာ ဆိုသည့်စကားကို အတိုကောက်ရေးခြင်းသာ ဖြစ်၏။ ဤကား စကားချပ်) ဖြစ်နေသူများ ကျွန်တော့်ဆီ လှမ်းလှမ်း ဒုက္ခပေးနေကြသည့်အတွက် ဤစာကို ရေးရပါကြောင်း။


လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃၁ သြဂုတ်၊ ၂၀၁၅။ ၀၀း၅၅ နာရီ

No comments: