Thursday, February 26, 2015

သားရှင်ပြု

(၁)

ဘာလိုလိုနဲ့ ကိုယ်ကိုယ်တိုင်တောင် မိဘနေရာရောက်လာပါပေါ့။ အရင်တုံးကတော့ ကျွန်တော်တို့မောင်နှစ်မတစ်သိုက်ကို ကျွန်တော်တို့ ကြီးဒေါ်အပျိုကြီးများက ကြည့်ရှုထိန်းကျောင်းခဲ့သည်။ ယခု ကျွန်တော်တို့က သူတို့တာဝန်ကို ဆက်လက် ထမ်းဆောင်ရသည်။ ကျွန်တော်တို့မောင်နှမတစ်သိုက်က အခြားနှမများက မွေးထားသည့် သားသမီးအားလုံးကို ခေါ်ယူကျွေးမွေး စောင့်ရှောက်ထား၏။ ဟော၊ အခု အချိန်တန်အရွယ်ရောက်လာတော့ ရှင်ပြုပေးရတော့မည်။

ကျွန်တော်ငယ်စဉ်က ရှင်ပြုတော့ ၇ နှစ်သားသာ ရှိသေးသည်။ ကလေးဆိုတော့ ထိုစဉ်က ရှင်ပြုခဲ့သည်ကို ကောင်းကောင်း မမှတ်မိတော့။ သို့သော် ဓာတ်ပုံကိစ္စနှင့်ပတ်သက်၍ အစ်မကြီး (ကျွန်တော့်အမေ) ဒေါသပုန်ထသည်ကို ယခုထိတိုင် မှတ်မိနေပါသေး၏။ ကျွန်တော်တို့ရွာက ရခိုင်ရိုးမတောင်ခြေမှာ ကပ်နေတာဆိုတော့ အင်မတန်ခေါင်လှသည်။ ထိုကာလ (၁၉၆၉ ခုနှစ်) များက ဓာတ်ပုံရိုက်ဘို့ဆိုတာ အင်မတန်ခဲယဉ်းလှ၏။ သို့သော် ကျွန်တော်တို့ရှင်ပြု၌ ဓာတ်ပုံဆရာ ငှားသည်ထင့်။ ဓာတ်ပုံ နှစ်ပုံလား၊ သုံးပုံလား ရလာသည် ထင်ပါသည်။

အလှူတွင် ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ ကိုတင်ထူးက ရှင်ပြု။ နောက် ဦးလေးတော်သူ မောင်ခါဘူး က ပဉ္ဖင်းခံ။ (မောင်ခါဘူးမှာ သူ့အမည်ရင်းမဟုတ်။ ငယ်စဉ်က အနာများအလွန်ပေါက်လေရာ ထိုအနာများကို ခါဘူး တစ်ဘူးပြီးတစ်ဘူး ၀ယ်ကာ သိပ်ပေးခြင်းဖြင့် အနာများ ပျောက်ကုန်ရာမှ မူရင်းအမည်ပျောက်လျက် မောင်ခါဘူး ဖြစ်လာရသော ဟူသတတ်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။ အနှီ  ဦးပဉ္ဖင်းမောင်ခါဘူးမှာ ထိုပဉ္ဖင်းခံမှစ၍ မထွက်တော့ဘဲ ဘုန်းကြီးအပြီးဝတ်သွားလေရာ ဦးပဉ္ဖင်းမောင်ခါဘူးဘ၀မှ ဦးကေတုမာလာဖြစ်လာပြီးသကာလ ယခုအခါ ဒိုက်ပျက်အနီး ကွင်းပြားကျေးရွာတွင် ကျောင်းထိုင်လျက်ရှိသတည်း။) (ပေါင်ဒါမှုန့်ဘူးကို ကျွန်တော်တို့ဘက်က ခါဘူးဟု ခေါ်သည်။ အဘယ်ကြောင့်ခေါ်သနည်း ဆိုတာ ကျွန်တော်လည်း မသိပါ။ ပေါင်ဒါများ ထွက်လာစေရန် ခါ၍ချရသောကြောင့် ခါဘူးဟု ခေါ်သည်ထင်ပါသည်။ သိလိုသူများ ကျွန်တော်တို့ရွာတွင် သွားမေးကြပါခင်ဗျား။ ဤကား စကားချပ်။)

အလှူတွင်ရိုက်ထားသော ဓာတ်ပုံများတွင် ကျွန်တော်တို့အားလုံးပါသောပုံက တစ်ပုံသာရှိသည်။ နောက်တစ်ပုံက ကျွန်တော် မပါ၊ ဦးပဉ္ဇင်းချည်းပါသည်။ ရှင်နှင့်ပဉ္ဖင်း အားလုံးပါသော ဓာတ်ပုံကို ကျွန်တော်တို့ဝမ်းကွဲအဘွားဖြစ်သူ ဘွားအေးတင် (ပဉ္ဖင်းအစ်မ) ကယူပြီး ကျွန်တော့်ပုံမပါဘဲ ဦပဉ္ဖင်းချည်းပါသည့်ပုံကိုသာ ကျွန်တော်တို့ကို ပေးသည်။ သည်တော့ ကျွန်တော့် အမေဖြစ်သူမှာ အကြီးအကျယ် ဒေါကန်လေ၏။ ငါ့သားမပါတဲ့ပုံကို ဘာလုပ်ဖို့လဲ ဆိုကာ ဆွဲဆုတ်ပစ်သည်ထင်ပါသည်။ သို့တိုင် ကျွန်တော်ပါသည့်ပုံကို မရခဲ့ပါ။ ကျွန်တော့်မှာ ကိုယ်ရှင်ပြုတုံးကပုံကိုပင် ကောင်းကောင်းမကြည့်ခဲ့ရ။

ရှင်ပြုတုံးက မှတ်မိတာဆို၍ ဤတစ်ခုသာရှိသည်။ သြော် နေဦး။ နောက်တစ်ခုရှိသေးသည်။ ကျွန်တော်တို့ကို ရှင်ပြုမည် ဆိုတော့ သင်္ကန်းတောင်း ထင်ပါသည်။ သင်ပေးသည်။ ယခုတိုင် မှတ်မိနေသည်မှာ ပဋိသင်္ခါယောနိသော၊ အပျိုမြင် ငါ့ပြော ဆိုတာ ဖြစ်ပါသည်။ (မဟုတ်တာကျ မှတ်မိတယ်။) နောက်ပြီး ပိဏ္ဍပါတံ၊ ထမိန်စ အသာလှန် ဆိုတာရှိသေး၏။ ကိုရင်ဝတ်ရန် ကျွန်တော် တစ်ပတ်ဆယ်ရက်လောက် ကျက်ခဲ့သည့်စာများတွင် ထိုနှစ်ကြောင်းသာ မှတ်မိသည်။ ကျန်တာ ဘာဆိုဘာမှ မမှတ်မိ။

အလှူတွင် ဘာတွေကျွေးခဲ့သည်။ ဘယ်လိုရှင်လောင်းလှည့်ခဲ့သည် အစရှိသည်တို့ကို သိပ်မမှတ်မိတော့ပါ။ ကျွန်တော့်စိတ်ထဲ တွင် ကျွန်တော့်ကို လူကြီးတစ်ဦးကထမ်းပြီး ရှင်လောင်းလှည့်ခဲ့သည်ဟု ခပ်ရေးရေးသာ မှတ်မိပါတော့သည်။ ဦးပဉ္ဖင်းကိုမူ လက်တင်ပါသည့်ခုံကို လူလေးယောက်ထမ်းသည် ထင်ပါသည်။

(၂)

သားကို ၈ နှစ်သားတွင် ရှင်ပြုမည်ဟု မွေးကတည်းက စဉ်းစားထားခဲ့သည်။ သူတို့သားအမိကို နောင်နှစ်ကျလျှင် စင်ကာပူ ခေါ်မည်ဟု တွက်ထားသဖြင့် မခေါ်မီတစ်နှစ်တွင် ရှင်ပြုထားမှ ပိုအဆင်ပြေလိမ့်မည်။ သားလည်း ၈ နှစ်ပြည့်ပြီ။ ကျွန်တော့်အောက်ညီမ၏ သားဖြစ်သူ ဖိုးဝဏ္ဏလည်း ယခု ၁၆ နှစ်ရှိပြီ။ ရှင်မပြုရသေးဆိုတော့ သူတို့ညီအစ်ကိုနှစ်ဦးကို ရှင်ပြုပေးမည်။ ကျွန်တော်တို့အိမ်နားမှ ဘုန်းကြီးတစ်ပါးကို သိမ်ထပ်ပေးမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ မြန်မာပြည် ပြန်ကတည်းက စီစဉ်ခဲ့တာဖြစ်၏။

အလှူလုပ်ရန် ရသမျှ ဘိုးနပ်စ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရ၏။ ငွေပိုငွေလျှံက သိပ်ရှိတာမဟုတ်။ ဒါတောင် ချစ်ဘို့ကောင်းသောရုံးက လစာမဲ့ခွင့် ၈ ရက်ယူတာကို ၁၇၀၀ ဖြတ်လိုက်သဖြင့် အတော်အောင့်သွားရ၏။ တစ်သက်မှတစ်ခါ လှူရတာဆိုတော့ ကျွန်တော်တို့မောင်နှမက ကောင်းကောင်းလေး လုပ်ချင်သည်။ ကောင်းကောင်းဆိုသည်မှာ ရွာကလူတွေကို ထမင်းကောင်းကောင်း၊ ဟင်းကောင်းနှင့် ကျကျနန ကျွေးမွေး၊ အသီးများရသမျှဝယ်၊ တခြားမုံ့ပဲ သွားရေစာ၊ အချိုရည် စသည်ဖြင့် အလျှံမပယ်တောင် တော်တော်လေးတော့ ၀၀လင်လင်ဖြစ်အောင် ကျွေးကြမည်ဟု တွက်ထားကြ၏။ အဖိုးကြီး အဖွားကြီးများနှင့် ကလေးများကိုတော့ ကိတ်မုန့်အပါအ၀င် အခြားအစားအသောက်များဖြင့် အထူးစပယ်ရှယ် ကျွေးပါမည်။ (ကျွန်တော်တို့ဆီက လူတွေက ကလေးတွေဆို အင်မတန် နှိမ်လှသည်။ ကလေးများမှာ လူကြီးတွေ စားတာသောက်တာကို အဝေးမှ မျှော်ကြည့်နေကြရရှာ၏။ မည်သူကမှ ကလေးတွေကို အရေးတယူခေါ်ပြီး ကျကျနနကျွေးမည်ဟု မစဉ်းစား။ အားလုံး တ၀တပြဲစားသောက်ကြပြီးမှ ကလေးတွေကို ခေါ်ကျွေးသည်။ ကျွန်တော်ငယ်စဉ်ကဆို ထမင်းစားနေရင်းတန်းလန်း ထမင်းဝိုင်းထဲမှ ဆွဲထုတ်တာကိုပင် ခံခဲ့ရဖူးသည်။ အသည်းနုနုမှ ထိုဒဏ်ရာမှာ ခုထိ အကင်းမသေတတ်သေး။) 

အလှူလုပ်မည်ဆိုတော့ ကျွန်တော်တို့မောင်နှမမှာ ဘာတွေကျွေးမည်၊ ဘယ်လိုလုပ်မည်နှင့် တိုင်ပင်ကာ အူမြူးနေကြလေ၏။ ဘုန်းမြတ်ငြိမ်းတို့ရှင်ပြုကျရင် ဘိုဘိုတို့တီးဝိုင်းငှားရမယ် ဟု သူ့ကြီးကြီးက ဟို့ယခင်ကတည်းက တေးထားတာဖြစ်၏။ ယခု အလှူလုပ်ဖို့သေချာတော့ အဖေကြီးက ဘိုဘိုတို့ကို သွားခေါ်ကာ ကြိုတင်ညှိနှိုင်းရသည်။ သူတို့က ရေဒီယိုအဆိုကျော်များပါ ခေါ်လာမည် ဖြစ်ကြောင်း၊ လူရွှင်တော်များပါထည့်မှ ပွဲစည်မည်ဖြစ်ကြောင်းပြော၍ ကျွန်တော်တို့ကလည်း ကိုရင်တို့ အဆင်ပြေသလိုလုပ်ပါဟု သူတို့ကို အားလုံးလွှဲလိုက်သည်။

နောက်တစ်ခါဖုံးဆက်တော့ ဖြူဖြူက ဦးကြီးတို့က တီးဝိုင်းပါမယ်ဆိုတော့ ရွာကလူတွေ အဲဒီရက်မတိုင်ခင် တောင်ပေါ်က အလုပ်တွေ အပြီးလုပ်ထားမှ ဖြစ်မယ်ဟေ့ဆိုပြီး တီးဝိုင်းနားထောင်ဘို့ အားခဲထားကြတယ် ဟု ပြောလေသည်။ ဟုတ်ပါ့။ ကျွန်တော်တို့ရွာသူရွာသားများမှာ ပွဲငတ်လှသည်။ ဘာမှ ကြည့်စရာမရှိ။ အရင်တုံးကမှ နတ်ပွဲလေးဘာလေးကလို့ ကြည့်ရ သေး။ ခုတော့ ပိုက်ဆံရှားပါးသည်နှင့် နတ်တောင် မကနိုင်တာ အတော်ကြာပြီ။ ယခင်ပြခဲ့သော ဗီဒီယိုဆိုင်များလည်း မရှိတော့။ လွန်ခဲ့သည့် လေးငါး ခြောက်နှစ်ကမှ ရွာမှာ မီးစက်တွေ ဘာတွေရှိသေး။ ယခုတော့ မီးစက်ထောင်ကာ အိမ်များသို့ မီးပေးသူများလည်း မီးလခကလည်း မပေး၊ ကြွေးတောင်းတော့လည်း မရ ဆိုတော့ မီးများအားလုံး ဖြတ်လိုက်သည်။ ဆိုတော့ တစ်ရွာလုံး မှောင်နှင့်မဲမဲ။ သည်တော့ ကျွန်တော်တို့က အလှူလုပ်မည့် ၄-၅-၆ ညအတွက် မီးပေးထားရန် မီးစက်ကြိုငှားထားရ သည်။

ကျွန်တော်တို့ငယ်စဉ်ကမူ နွေရာသီရောက်လျှင် ရွာမှ လေးငါးမိုင်ခန့်ဝေးသော အောင်ဘော်၊ ပန်းတောကြီး စသည့် ရွာများတွင် ရုံများဆောက်ကာ ရုပ်ရှင်ငှားပြကြသည်။ ကွင်းကောက်တွင်လည်း နန်ကသူချောင်းအတွင်း ဇာတ်ရုံကြီးဆောက်ကာ မိုးမင်း၊ မိုးဝင်း၊ စိန်မာဒင်၊ ဆောင်းမင်းသမီးလေး ၀င်းဝင်းအေး စသဖြင့် ဇာတ်များငှားပြကြ၏။ သို့သော် ဗီဒီယိုများပေါ်လာပြီး နောက်ပိုင်း ထိုရုပ်ရှင်၊ ဇာတ်များမှာ အတော် အ,သွား၏။ ငှားရမ်းခများ တက်လာသဖြင့် ပိုက်ဆံမတတ်နိုင်တာ တစ်ကြောင်း၊ ခေတ်ကာလ သားသမီးများမှာ မြန်မာဖြစ်ဇာတ်ထက် ကိုးရီးယားကိုသာ ပိုသွားရေယိုကြသဖြင့်တစ်ကြောင်း တို့ကြောင့် (တောဘက်ဆိုတော့ ကျွန်တော်ထင်တာ မှန်ချင်မှ မှန်ပါမည်။ ပို၍ဖြစ်နိုင်သည်မှာ ပိုက်ဆံမတတ်နိုင်တာ ဖြစ်ပါလိမ့်မည်။) ရုပ်ရှင်၊ ဇာတ်ပွဲများကို ကျွန်တော်တို့ဘက်ကလူများ မကြည့်ရသည်မှာ အတော်ကြီးကို ကြာနေလေပြီ။

ဆိုတော့ ကျွန်တော်က သူတို့ကို ရုပ်ရှင်နှစ်ညပြမည်ဟု ကြေငြာလိုက်၏။ ပိတ်ကားကြီးတော့ မဟုတ်ပေဘူးပေါ့။ ပရိုဂျက်တာ နှင့် ပိတ်ကားထောင်ကာ ပြမည်ဖြစ်၏။ ကျွန်တော့်တွင် အင်္ဂလိပ်ကားကောင်း အတော်များများရှိ၏။ ကျွန်တော်ကြိုက်၍ ၀ယ်ထားသော ဒီဗီဒီကားများရော၊ ကိုအောင်မြင့်မြတ် မပြန်ခင်ပေးသွားသောကားများ၊ ကိုဇော်ကြီးပေးထားသောကားများ အားလုံးဆိုလျှင် ကားပေါင်း ၁၀၀ - ၁၅၀ လောက်ရှိပါသည်။ ထိုအထဲကမှ လက်ရွေးစင် ၆ ကားလောက်ရွေး ပြမည်။ ကလေးများအတွက် Ice Age 4, King Lion, Chronicle of Nania, Jack the Giant Slayer  စသည့်ကားများ။ လူကြီးများ အတွက်တော့ မြန်မာကား တစ်ကားနှစ်ကားနှင့် အင်္ဂလိပ် ဟာသကား၊ စွန့်စားခန်းကားများ၊ ချာလီချက်ပလင်၊ Mr. Bean, Life of Pi, Pirates of the Caribbean, Lord of the Ring, Prince of Persia, Harry Potter, Clash of Titans ။ သောက်ကျိုးနဲ များတောင်နေပြီ။ (ထိုကားများမှာ ကျွန်တော့်အဖို့ ဘယ်နှစ်ခါပြန်ကြည့်ကြည့် မရိုးသောကားများဖြစ်သတည်း။)

တရားပွဲလည်း ထည့်ချင်သေးသည်ဟု မမက ဆိုသဖြင့် ၂ ရက်နေ့ညတွင် တရားပွဲလုပ်ပေးရန် သဘောတူကြ၏။ အလှူနေ့က ဧပြီလ ၅ ရက် ဗျောဝင်၊ ၆ ရက်နေ့ ရှင်လောင်းလှည့်။ ဆိုတော့ ၃ ရက်နှင့် ၄ ရက်နေ့ ညများတွင် ရုပ်ရှင်ပြမည်။ ၅ ရက်နေ့ အလှူညတွင် တီးဝိုင်းနှင့် ဧည့်ခံမည်။ ၆ ရက်နေ့ညကျရင်တော့ ပြန်မှာနဲ့ သိမ်းမှာဆည်းမှာနဲ့ဆိုတော့ အချိန်ရမှာ မဟုတ်ဘူးဟဲ့ ဟု ဆိုသဖြင့် ကျွန်တော်က Facebook မှ ကူးထားသော မျက်လှည့်များ၊ ဟာသများနှင့် ထူးထွေတည့် အံ့ရာသော်လေးများကို တစ်နာရီခန့်ပြမည်ဟု စိတ်ကူးထားပါသည်။ ကျွန်တော်စုဆောင်းထားသည့် ဖေ့စ်ဘုတ်ဗီဒီယိုတင် ၅၀၀ ကျော်ရှိသည်။ (သိပ်ဝါသနာမပါရှာဘူး။ Download အခက်အခဲကြောင့် စိတ်ညစ်နေသူ ရန်ကုန်မှမိတ်ဆွေများ လိုချင်လျှင် ဧပြီလ ၇ ရက်နေ့ ည ကျွန်တော့်အိမ်ကို လာခဲ့ပါ။ ကျွန်တော် အကုန်ပေးလိုက်ပါမည်။ စုစုပေါင်း 4GB လောက်ရှိပါသည်။)

မမက သူများရွာတွေသာ လျှောက်ပြောနေတယ်။ ဒို့ရွာမှာလည်း ကလေးတွေကို ပညာရေးအကြောင်းလေးဘာလေး ပြောပါအုံးဟဲ့ ဟု ဆိုပြန်၏။ နောက်ပြီး ရွာသူရွာသားတွေကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြောဘို့လည်း လုပ်အုံးဟဲ့၊ သစ်ပင်စိုက်ဘို့တို့၊ သစ်ပင်ခုတ်တာတွေ လျှော့ဘို့တို့ စသဖြင့်ပေါ့ ဟု ဆိုသောကြောင့် ၃ ရက်နေ့နေ့လည်တွင် ပညာရေး။ ၄ ရက်နေ့နေ့လည်တွင် ပတ်ဝန်းကျင်အကြောင်း စသဖြင့်ပြောမည်ဟု မှန်းထားပါသည်။ တစ်ချက်ခုတ် လေးချက် ပြတ်ပေါ့။

(၃)

ဗုဒ္ဓဘာသာမှန်လျှင် မိမိသားရတနာလေးများကို ရှင်သာမဏေ၀တ်စေလျှက် သာသနာ့ဘောင်သို့ သွတ်သွင်းပေးကြမြဲ။ သမီးရှိလျှင် သမီးများကိုပါ နားထွင်းမင်္ဂလာဟု ထည့်သွင်းပြုလုပ်ကြသေးသည်။ ရှင်ပြုခြင်းကို ပဗ္ဗဇိတမင်္ဂလာ ဟု ခေါ်၏။  ပဗ္ဗဇိတမင်္ဂလာတွင် ဆံရိတ်ခြင်း၊ သင်္ကန်းပေးခြင်း နှင့် သရဏဂုံပေးခြင်း ဟု သုံးမျိုးပါသည်။

ဆံရိတ်ရာတွင် မောင်ရှင်လောင်းများ ကျောင်းသို့လာပြီး သံဃာအား ဆံရိတ်မည့်အကြောင်း အပလောကန - ကံဖြင့် ပန်ကြားပြီး မှ ရိတ်ရမည်။ ရိတ်နေစဉ် မောင်ရှင်လောင်းအား တစပဉ္စက ကမ္မဌာန်းကို သင်ပေးရမည်ဟု အဋ္ဌကထာဆရာ မိန့်သည်။ ဆံချပြီး ရေချိုးသည့်အခါ လူနံ့ပျောက်စေရန် နံနွင်း သုတ်လိမ်းပေးရမည်။ ဤကား ပထမပဗ္ဗဇ္ဖ အမှုတည်း။*

သင်္ကန်းပေးသည့်အခါ “ဆယ်ဝါပြည့်တင်း၊ ၀ိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ဟောစွမ်းနိုင်၊ ကျောင်းထိုင် ငါးအင်္ဂါ” ဟူသည်နှင့်အညီ ကျောင်းထိုင်အင်္ဂါနှင့်ပြည့်စုံသော ဥပဇ္ဈာယ်ဆရာသည် သင်္ကန်းပေးခြင်း ဟူသော ဒုတိယ ပဗ္ဗဇ္ဖအမှုကို ပြုလုပ်ထိုက်သည်။ ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံသော ဆရာတော်က ရှင်လောင်းကို သင်္ကန်းပေးလိုက်တော့ ဟု စေခိုင်းလျှင် ရဟန်းငယ်လည်း သင်္ကန်းပေးကောင်းသည်။ မခိုင်းသော်မှ ဥပဇ္ဈာယ်၏ ကိုယ်စား သင်္ကန်းပေးကောင်းသည် ဟု ဆို၏။*

သရဏဂုံပေးမှု၌ ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ပေးမှုသည်သာ ကျမ်းဂန်တို့၌လာ၏။ သင်္ကန်းပေးမှုကဲ့သို့ ဥပဇ္ဈာယ်ဆရာက စေခိုင်း၍သော်လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာ၏ ကိုယ်စားသော်လည်းကောင်း ပေး၍ရပါသည် ဟုလည်းဆိုပါသေးသည်။ ရှင်ပြုခြင်း၌ ဤအပိုင်းသည် အလွန်အရေးကြီး၏။ ဗုဒံ္ဓ သရဏံ ဂစ္ဆာမိ ဆိုသည်ကို ဌာန်၊ ကရိုဏ်းကျကျ ရွတ်ဆိုနိုင်ရမည်။ ရှင်ပြုရာတွင် ဆရာလည်း ပီသ၊ တပည့်လည်း ပီသ၊ ဥဘတော သုဒ္ဓိ ဖြစ်မှ သာမဏေဖြစ်နိုင်ရာ ဆရာ, တပည့် နှစ်ဦးလုံး အတူ ကြိုးစားသင့်သည်။ ထို သရဏဂုံ ပီသ အောင်မြင်ခဲ့လျှင် တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ အဆုံးတွင် ရှင်သာမဏေ အစစ် ဖြစ်တော့သည်။* 

သရဏဂုံအဆုံးတွင် သာမဏေဖြစ်သော်လည်း မိမိကျင့်ရမည့် သိက္ခာပုဒ်များ ကျေပွန်ရန် (၁၀)ပါးသော သီလကို ဆက်လက် ဆောက်တည်စေရသည်။ ရှင်သာမဏေသည် အပြစ်ကြီး၊ အပြစ်ငယ်ကို အနီးကပ် ကြည့်ရှုဆုံးမတတ်သော ဥပဇ္ဈာယ် ဆရာနှင့် ကင်း၍ မနေကောင်းသောကြောင့် “ဥပဇ္ဈာယော မေ ဘန္တေ ဟောတိ - အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါ” ဟု သုံးကြိမ်ဆို၍ ဥပဇ္ဈာယ် ယူရသည်။ ဥပဇ္ဈာယ်ဆရာက “ပါသာဒိကေန သမ္မာဒေဟိ” ဟု တိုက်တွန်းစကား ပြောကြားရသည်။*

ကိုရင်သည် လိင် (၁၀)ပါး တွင် တစ်ပါးပါးကို ပြုမိသည်ရှိသော် သရဏဂုံပျက်၏။ သင်္ကန်းပေးမှုကား မပျက်၊ လူဖြစ်သည် မဟုတ်။ နောင်ရှောင်ကြဉ်ပါမည်ဟု ကတိပြုလျှင် သဲဒဏ်၊ ရေဒဏ်ပေး၍ သရဏဂုံထပ်ပေးရ၏။ နောင် ထပ်မံ ကျူးလွန်အံ့။ ထပ်မံ၍ သရဏဂုံပေးအပ်၏။ နောင်ရှောင်ကြဉ်မည့်သူမဟုတ်လျှင်ကား တစ်ခါတည်း ထွက်သွားစေအပ်၏။*

* အရှင်ဇ၀န(ပဲခူး) ၏ ကျောင်းထိုင်ဘုန်းကြီး မှတ်စု - မှ

ရှင်သာမဏေတို့ ရှောင်ကြဉ်ရမည့် လိင် ၁၀-ပါး။ (သုတေသန သရုပ်ပြ အဘိဓာန် မှ)

(၁) သူ့အသက်ကို သေအောင်ကိုယ်တိုင်သတ်ခြင်း, သူတပါးကိုသတ်ခိုင်းခြင်း၊ 
(၂) အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်း၊ သူတပါးကို ခိုးခိုင်းခြင်း၊ 
(၃) မေထုန်မှုကို ကံမြောက်အောင်ပြုခြင်း၊ 
(၄) လိမ်ညာ၍ပြောခြင်း (ရယ်စရာအဖြစ်ပင် မပြောရ။)
(၅) သေရည်အရက် သောက်စားခြင်း၊ 
(၆) ဘုရားရှင်၏ ဂုဏ်သရေကို ရှုတ်ချကဲ့ရဲ့ခြင်း၊ 
(၇) တရားတော်၏ ဂုဏ်ကို ရှုတ်ချကဲ့ရဲ့ခြင်း၊ 
(၈) သံဃာတော်၏ ဂုဏ်ကို ရှုတ်ချကဲ့ရဲ့ခြင်း၊ 
(၉) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူခြင်း၊ 
(၁၀) ဘိက္ခုနီမကို ဖျက်ဆီးခြင်း။


(၄)

ရွာသွားမည်ဆိုတော့ သားက ဖေဖေတို့ရွာမှာ လျှပ်စစ်ရှိသလား၊ အင်တာနက်ရှိသလား၊ ဂိမ်းကစားလို့ရသလား၊ ကားရှိသလား ဟု မေး၏။ သားမေးတာတွေ ဘာတစ်ခုမှ မရှိဘူးလကွ ဟု ပြန်ဖြေသော် အဲလိုဆို သား မသွားချင်ဘူး ဟု ဆိုလေ၏။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတော့၍ ဒေသန္တရ ဗဟုသုတဆိုတာ အဲသလိုရွာတွေမှာ ရှာရတာကွဟု ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ရမ်းဖြီးလိုက်ရလေသတည်း။

သားမွေးထားသူများ ရှင်ပြုအလှူတော်မင်္ဂလာအတွက် ယခုကတည်းက ပိုက်ဆံစုထားကြပါကုန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၄ ဖေဖော်ဝါရီ၊ ၂၀၁၅။ ည ၁၀း၃၅ နာရီ

No comments: