Wednesday, March 5, 2014

မတ်လ (၁) ရက်၊ ၂၀၁၄ ရက်နေ့ UMFCCI ဟောပြောဆွေးနွေးပွဲ (၂)

(၄)

            အားလုံးပြီးတော့ မော်ဒရေတာ ဦးအောင်နိုင်ဦးက ကိုသိန်းသန်းဝင်းနှင့် မစိမ့်တို့ကို မေးခွန်းမေးသည်။ သူမေးပြီးတော့ ပရိသတ်များနှင့် အမေးအဖြေကဏ္ဍ ဖြစ်၏။ ဤအမေးအဖြေများကို အကျဉ်းချုပ် ဖော်ပြပါမည်။

ဦးအောင်နိုင်ဦး။                ။ Righ to Information Act နဲ့ ခြစားမှုကို ဘယ်လိုဆက်စပ် ဖြေရှင်းနိုင်ပါသလဲ။ Righ to Information Act ကိုသေသေချာချာလုပ်နိုင်ရင် ခြစားမှုကို လျှော့ချနိုင်ပါသလား။

ဒေါက်တာသိန်းသန်းဝင်း။          ။ ဒီနှစ်ခုက ဆက်စပ်နေပါတယ်။ ပွင့်လင်းမြင်သာရင် ခိုးလုပ်လို့မရပါဘူး။ ခိုးလုပ်လဲ မိမှာပဲ။ စင်ကာပူမှာ Gebiz (Government Electronic Business) ဆိုတာရှိပါတယ်။ အဲဒီမှာ အိမ်သာပြင်တာကစ အဆောက်အဦ အကြီးကြီးဆောက်တာထိ ဖော်ပြထားပါတယ်။ အဲဒီမှာ စင်ကာပူမှာလုပ်မဲ့ လုပ်ငန်းမှန်သမျှကို တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး သိအောင် ဖော်ပြထားပါတယ်။ လုပ်ငန်းလုပ်ရာမှာလိုအပ်တဲ့ specification ကို အတိအကျဖော်ပြထားပါတယ်။ တင်ဒါတင်မဲ့ သူက ကိုယ်လုပ်နိုင်မဲ့ဈေးနဲ့ quotation ကို အစိုးရဌာနကို လျှို့ဝှက်တင်ရပါတယ်။
            တင်လာတဲ့အထဲကမှ လေးငါးခုရွေးပြီး သက်ဆိုင်ရာဌာနတွေကိုခေါ်၊ စိစစ်ပါတယ်။ ဒီကုမ္ပဏီကတော့ ကောင်းတယ်။ ဒီကုမ္ပဏီကတော့ ဈေးသက်သာတယ် စသဖြင့် သူတို့သတ်မှတ်ထားတဲ့ criteria တွေနဲ့ Evaluate လုပ်ပါတယ်။ အားလုံး assessment လုပ်ပြီးသွားတဲ့အခါ ဒီကုမ္ပဏီကတော့ သင့်တော်တယ်ထင်ပါတယ် စသဖြင့် admin ကို တင်ပါတယ်။ ဒီတော့မှ လုပ်ငန်းကိုချပေးမဲ့အဖွဲ့က ရွေးပြီး ချပေးလိုက်တဲ့ကုမ္ပဏီကို အကြောင်းကြားပါတယ်။
            အလုပ်လုပ်နေစဉ်တစ်လျှောက်လုံးမှာလဲ သူတို့ပြောထားတဲ့ specification အတိုင်းလုပ်သလား၊ မလုပ်သလားဆိုပြီး အပိုင်းလိုက်ခွဲပြီး စစ်နေပါတယ်။
            ဒီလို Tendering process in place က စနစ်တကျရှိနေတဲ့အခါကျတော့ ဒီကြားထဲမှာ ကိုယ်နဲ့ ပလဲနံပသင့်တဲ့သူကို ချပေးလိုက်ဘို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ အကယ်၍တင်ဒါမရလိုက်တဲ့ ကုမ္ပဏီက မကျေနပ်ခဲ့လို့ရှိရင် သူဘာလို့ မရသလဲဆိုတာ တရားဝင်စာနဲ့မေးပြီး တောင်းပိုင်ခွင့်ရှိပါတယ်။
            အဲဒီတော့ FOIA ဟာ ခြစားတဲ့ကိစ္စမျိုးတွေကိုတိုက်ဖျက်တဲ့နေရာမှာ တော်တော်အရေးကြီးတဲ့နေရာက ပါဝင်နေကြောင်း သိနိုင်ပါတယ်။

ဦးအောင်နိုင်ဦး။                ။ Food Safety နဲ့ပတ်သက်လို့ FDA မှာ တာဝန်ရှိတယ်ဆိုပေမဲ့ လက်တွေ့မှာ ဘယ်သူက အရေးယူဆောင်ရွက်နိုင်သလဲ။ စင်ကာပူမှာဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ အရေးယူဆောင်ရွက်နေသလဲ။

မစိမ့်။                             ။ အစားအသောက်လုပ်ငန်းတွေကို စင်ကာပူမှာ နှစ်မျိုးခွဲထားပါတယ်။ ပထမတစ်ခုက manufacturing ထုတ်လုပ်ပြီးတော့ ဖြန့်ဖြူးရောင်းချမှာ။ နောက်တစ်ခုက စားသောက်ဆိုင်တွေ။ လမ်းဘေးစားသောက်ဆိုင် (wet market, food court. . etc) တွေ၊ ဈေးကြီးတဲ့စားသောက်ဆိုင်တွေ၊ ဟိုတယ်က စားသောက်ဆိုင်တွေ စသဖြင့် ဖြစ်ပါတယ်။
            Manufacturing – import, export ကို AVA က ကိုင်တွယ်ဖြေရှင်းပါတယ်။ အဲဒါတွေကို လိုင်စင်နဲ့ကိုင်ပါတယ်။ လိုင်စင်ရဘို့အတွက် AVA က လိုတဲ့ requirement တွေပြည့်အောင် စက်ရုံတွေက ဖြည့်ဆည်းပေးရမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာနိုင်မှ ကုန်ထုတ်လုပ်လို့ရမယ်။ လိုင်စင်ကို ၂ နှစ်ပဲ ပေးထားပါတယ်။ လိုင်စင်ရတာနဲ့ ရပ်မထားဘဲ တစ်နှစ်တစ်ခါ စစ်ဆေးရေး ၀င်ပါတယ်။ ဒါက ထုတ်လုပ်ရေးပိုင်းကို ကိုင်တွယ်နည်းပါ။
            နောက်ပြီး လမ်းဘေးမှာပဲဖြစ်ဖြစ်၊ ဟော်တယ်မှာပဲ ဖြစ်ဖြစ် စားသောက်ဆိုင်အားလုံးကိုတော့ NEA (National Environment Agency) က ကိုင်ပါတယ်။ သူက သန့်ရှင်းရေး၊ ကြွက်ခြင်ယင်စတာတွေကိုပါ ကိုင်ပါတယ်။ လမ်းဘေးဆိုင်တွေ ကနေ Food Court တွေဆီရောက်အောင် သူတို့ အချိန်များစွာယူပြီး ဆွဲတင်ခဲ့ပါတယ်။
            ဘာကြောင့်လည်းဆိုတော့ လမ်းဘေးဆိုင်တွေမှာ သန့်ရှင်းရေးလုပ်ဖို့ ရေအလုံအလောက်မရှိဘူး။ ရေခဲသေတ္တာ၊ heater စတာတွေလည်းမရှိဘူး။ ဒီတော့ food court တွေဆောက်။ ရေတို့၊ ရေခဲသေတ္တာ၊ heater တို့ အလုံအလောက် ပံ့ပိုးပေးပြီး လမ်းဘေးဆိုင်တွေကို food court တွေဆီ ဆွဲသွင်းခဲ့ပါတယ်။
            နောက်ပြီး စားသောက်ဆိုင်ဖွင့်မဲ့သူတွေဟာ food handler သင်တန်းတက်ရပါတယ်။ ဆိုင်ဖွင့်ဘို့လည်း လိုင်စင်လိုပါတယ်။ လိုင်စင်ရဘို့လိုအပ်ချက်အားလုံး ဖြည့်ဆည်းနိုင်မှ လိုင်စင်ချပေးပါတယ်။ နောက်ပြီး အဲဒီဆိုင်တွေကိုလည်း ပုံမှန်စစ်ဆေးရေးတွေ ရှိပါတယ်။ ဒါက စင်ကာပူမှာ လောလောဆယ် ကျင့်သုံးနေတဲ့ ပုံစံပါ။

ဦးအောင်နိုင်ဦး။    ။ တက်ရောက်လာတဲ့ ပရိသတ်ကို ဆွေးနွေးမေးမြန်းရန် ဖိတ်ခေါ်ပါတယ်။ မေးမြန်းတဲ့အခါ ကိုယ့်နာမည်၊ အဖွဲ့အစည်း စတာတွေပြောပြီး မိတ်ဆက်ပေးပါ။ တိုတိုရှင်းရှင်းပဲမေးစေလိုပါတယ်။ တချို့ကျတော့ ကိုယ့်ခံစားချက်တွေကို  ပြောတာ ကြုံရပါတယ်။ တချို့ကျတော့ ကိုယ်သိကြောင်း၊ တတ်ကြောင်း ပြချင်ပါတယ်။ အဲဒီလို ခံစားချက်တွေ၊ တတ်ကြောင်း၊ သိကြောင်းတွေပြချင်ပါတယ်ဆိုရင်လည်း တိုတိုတုတ်တုတ်ပဲ ပြကြပါလို့ မေတ္တာရပ်ခံပါတယ်။  

Eleven Media ။               ။ ဒေါက်တာသိန်းသန်းဝင်းကို မေးချင်ပါတယ်။ ကျွန်မတို့ဆီမှာ အစိုးရဌာနတွေကို သိချင်လို့ မေးတဲ့အခါ ဖုံးမကိုင်တာ၊ ပြန်မဖြေတာတွေ အမြဲတမ်းကြုံရပါတယ်။ အဲဒီလို သူတို့က မဖြေတော့ ကျွန်မတို့က ရေးလိုက်ရင် သူတို့က တစ်ဖက်သတ်ရေးတယ်လို့ စွပ်စွဲပါတယ်။ အဲဒီတော့ ဒါမျိုးတွေမဖြစ်အောင် အစိုးရကို ဘယ်လို စည်းရုံးသိမ်းသွင်းနိုင် မယ်ဆိုတာ သိချင်ပါတယ်။

ကိုသိန်းသန်း။                   ။ ကျွန်တော်ထင်တာကတော့ အစိုးရဌာနတွေကို မေးတဲ့အခါ အကြောင်းမပြန်တာ ကြောက်လို့ပါ။ ဘာဖြစ်လို့ကြောက်သလဲဆိုတော့ ဘယ်သတင်းအချက်အလက်သည် ထုတ်ပြန်ပေးလို့ရတဲ့သတင်းအချက်အလက်လဲ။ ဘယ်သတင်းအချက်အလက်သည် ထုတ်ပြန်ပေးလို့မရတဲ့သတင်းအချက်အလက်လဲ ဆိုတာကို ဖုံးအခေါ်ခံရတဲ့ ပုဂ္ဂိုလ်၊ အရာရှိက မသိဘူး။ မသိလို့ တစ်ခုခုမှားပြောမိတယ်ဆိုရင် သူ ပြဿနာတက်မယ်။ ဒါ အဓိကအချက်လို့ ကျွန်တော် ထင်ပါတယ်။ ခုနက ကျွန်တော်ပြောတဲ့အထဲမှာ information publication scheme ဆိုတာပါပါတယ်။ အဲဒါကတော့ အစိုးရဌာန တစ်ခုချင်းစီက ကိုယ့်ဌာနရဲ့ သတင်းအချက်အလက်တွေမှာ ဘယ်အချက်တွေကိုတော့ဖြင့် public information လို့ သတ်မှတ်မလဲ။ ဘယ်အချက်တွေကိုတော့ဖြင့် confidential information လို့ သတ်မှတ်မလဲ စသဖြင့် ဌာနဆိုင်ရာနဲ့ သတင်းလွတ်လပ်ခွင့်ကော်မရှင်တွေနဲ့ ပူးပေါင်းပြီး သေသေချာချာ ရှင်းရှင်းလင်းလင်း ရေးဆွဲထားဘို့ လိုပါတယ်။
            တခြားနိုင်ငံတွေမှာတော့ အစိုးရဌာနတိုင်းမှာ corporate communation department လို့ထားပါတယ်။ media ကပဲမေးမေး၊ member of public ကပဲမေးမေး ဒီအဖွဲ့က operation လုပ်နေတဲ့ အဖွဲ့တွေရဲ့ feedback ကိုယူပြီး ဒိုင်ခံဖြေပါတယ်။
အကယ်၍ FOIA ရှိခဲ့ရင် information publication scheme သာရှိခဲ့ရင် ဘာကိုထုတ်ပြန်ရမယ်၊ ဘာကိုတော့ ထုတ်ပြန်လို့မရဘူးလို့ အတိအကျသိမယ်။ role and responsibility ကွဲပြားသွားမယ်။ အခု ၀န်ကြီးဌာနတွေမှာ ပြောရေးဆိုခွင့် ရှိသူတွေခန့်အပ်ထားတာ ရှိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်၊ နှစ်ယောက်ထဲနဲ့မရပါဘူး။ ဌာနတစ်ခုဖွဲ့ပြီး စနစ်တကျ လုပ်ရပါမယ်။
အဲဒါကြောင့် ဒီဥပဒေရှိဘို့လိုပါတယ်။ ဘယ်ဟာကတော့ လျှို့ဝှက်၊ ဘယ်ဟာကိုတော့ထုတ်ပြန်မယ်လို့ သတ်သတ် မှတ်မှတ် ပြဌာန်းပေးထားရပါမယ်။ အဲဒီလိုလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့တွေဖွဲ့ပြီး သူတို့ကို လုပ်ပိုင်ခွင့်တွေ ပေးထားဘို့လိုပါတယ်။

Eleven Media ။               ။ နောက်တစ်ခုက မစိမ့်ရည်ထက်ကို မေးချင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့မတတ်တဲ့ တရုတ်စာနဲ့ဝင်တဲ့အစားအစာတွေ အများကြီးရှိပါတယ်။ ၁၀၀ ဘိုးဆိုရင် မုံ့ထုပ်အကြီးကြီးရတော့ ကလေးတွေကလည်း စားတယ်။ တစ်ခါတစ်လေ စားပြီးပြီးချင်းကို ပါးစပ်ယောင်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ ခုချိန်ထိ ဒီအစားအသောက်တွေဟာ တရားဝင်လား၊ မ၀င်လား၊ အန္တရာယ်ကင်းလား၊ မကင်းလား ဘယ်သူကမှ မပြောသလို ခုထိ အများကြီးတွေ့နေရပါသေးတယ်။ (၁) အဲဒီလိုဖြစ်နေတာတွေဟာ ဘယ်သူ့မှာ အဓိက တာဝန်ရှိပါသလဲ။ (၂) အဲဒီအစားအသောက်တွေကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာ သိချင်ပါတယ်။

မစိမ့်။                 ။ ကျွန်မတို့မဖတ်တတ်တဲ့စာတွေ ရေးထားတဲ့ အစားအသောက်၊ ပိုးသတ်ဆေးစတာတွေ ဈေးကွက်ထဲမှာ အများကြီးတွေ့ရပါတယ်။ တခြားဘာသာနဲ့ရေးထားတယ်ဆိုကတည်းက ဒါဟာ import ပစ္စည်းတွေဆိုတာ သေချာပါတယ်။ ဒါဆိုရင် import product တွေကို ကျကျနနကိုင်တဲ့ အဖွဲ့ရှိသလား။ ပင်မဥပဒေထဲမှာတော့ ဒီ import product တွေကို control and regulate လုပ်ဖို့ရေးဆွဲထားပါတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဥပဒေအရတော့ ရှိနေပြီလို့ ဆိုရပါမယ်။
            ဒီထက်ပိုအသေးစိတ်သွားရမယ်ဆိုရင် ဒါက labelling ပြဿနာပါ။ ကုန်ပစ္စည်းပေါ်မှာရေးထားတဲ့စာတွေဟာ မြန်မာပြည်သားတိုင်းဖတ်တတ်တဲ့ စာဖြစ်ရမယ်လို့ နည်းဥပဒေနဲ့ပြဌာန်းထားဘို့ လိုပါမယ်။ ခုလက်ရှိ ရှိနေပြီလားဆိုတာတော့ ကျွန်မမသိပါဘူး။
            နောက်တစ်ချက်က ဒီအစားအသောက်တွေထဲမှာ သကြားကဘယ်လောက်၊ ဘာအရောင်ဆိုးဆေး စသဖြင့် ဘာတွေ ပါတယ်ဆိုတာကို ကြေငြာခိုင်းဘို့ labelling ဥပဒေတစ်ခု ရှိရပါမယ်။
            အဖွဲ့အစည်းဆိုရင်တော့ ဒီပစ္စည်းတွေဟာ import ဖြစ်လို့ FDA ဖြစ်ပါလိမ့်မယ်။ FDA က စားသုံးရန် သင့်/မသင့် ဆိုပြီး recommendation ပေးပါလိမ့်မယ်။ အဲဒီ recommendation ကရော ဘယ်လောက်ထိခိုင်မာမှုရှိသလဲ။ FDA က မစစ်လိုက်ရဘဲ လွတ်သွားတဲ့ အစားအသောက်တွေရော ရှိသလားဆိုတာ သတိထားရပါမယ်။
            လောလောဆယ်တော့ ဒီအဖြေကိုရှာဘို့ ကျွန်မအဖြေမပေးနိုင်ပါဘူး။ ဒါပေမဲ့ အဖြေရှာဘို့ ဥပဒေထဲမှာ အဆင့်လိုက်ရှိ ပြီလား၊ ရှိတယ်ဆိုရင် ဘာတွေလဲ။ FDA အောက်မှာဘယ်ဌာနတွေ ရှိသလဲ။ FDA က recommendation ပေးလိုက်တာကို ဘယ်ဌာနက နောက်ဆုံး ဆုံးဖြတ်ချက်ပေးတာလဲ။ Import သွင်းခွင့်ပေးတဲ့အထဲမှာ FDA recommendation သည် pass ဖြစ်ရမယ်ဆိုတဲ့အချက် ပါသလား ဆိုတာတွေကို လေ့လာဘို့လိုပါတယ်။

ဦးအောင်နိုင်ဦး။                ။ ထိုင်းမှာဆိုရင် ပစ္စည်းတွေပေါ်မှာ label ကို ထိုင်းလိုရေးထားပါတယ်။ မူရင်း အင်္ဂလိပ်စာကို အပေါ်ကနေ ထိုင်းဘာသာနဲ့ အုပ်ပြီး ကပ်ထားတာပါ။ ဒါက ကျွန်တော်ဖြည့်စွက်ပြောပေးတာပါ။

အမည်မသိ (ကျား)။           ။ ဒေါက်တာသိန်းသန်းဝင်းပြောခဲ့တဲ့ Freedom of Act နဲ့ပတ်သက်လို့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ခု လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ၂ နှစ်လောက်က Journal of Democracy မှာ ပါလာလို့ ကျွန်တော် ဘာသာပြန်ပြီး မိုးဝေမဂ္ဂဇင်းမှာ ထည့်ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်ဆက်မရေးဖြစ်ဘူး။ အဲဒီတုံးကတော့ ကျွန်တော်အရမ်း သဘောကျမိတယ်။
            Freedom of Act နဲ့ပတ်သက်လို့ ကျွန်တော်တို့က အမှောင်ခေတ်ထဲမှာ နေခဲ့ရတော့ တော်တော်လေး ဝေးတယ်။ ဂျာနယ်လစ်တွေထဲမှာကို ဒီကိစ္စအတော်ဝေးသေးတယ်။ တကယ်တမ်းကတော့ ဒီကိစ္စ စလုပ်ဘို့ လိုနေပြီ။ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဘို့ ပြောနေကြတယ်။ ၁၉၆၁ ခုနှစ်တုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတစ်ခုဖွဲ့တယ်။ အဲဒီတုံးက ဒေါက်တာအေးမောင် ဦးဆောင်တယ်။ အတွင်းရေးမှူးက ဦးစိုးမောင်။ သူပြောပြတဲ့မှတ်တမ်းတွေအရ အဲဒီတုံးက တိုင်းရင်းသားအခွင့်အရေးတွေကို ၂၄ ချက်ဖြေလျှော့ပေးဘို့ရှိတယ်။ အဲဒီစာတမ်းက ကက်ဘိနက်ထဲမှာလည်း ဖြန့်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာလည်း ဖြန့်တယ်။ ဒါပေမဲ့ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းလိုက်တော့ အဲဒါကို မလုပ်လိုက်ရဘူး။
            ဆိုတော့ ကျွန်တော် အဲဒါကို အရမ်းသိချင်လို့လိုက်ရှာတာ ဘယ်မှာမှ ရှာလို့မရဘူး။ National Archieve မှာရှိချင်ရှိနိုင်တယ်။ ဒါပေမဲ့သွားတောင်းရင် ပေးမှာမဟုတ်ဘူး။ ပြဿနာလုပ်တာတောင် ခံရနိုင်တယ်။ လောလောဆယ် ကျွန်တော်တို့ ဒီကိစ္စကိုပြောနေတဲ့အခါကျတော့ အဲဒီ ၂၄ ချက်ကဘာတွေလဲလို့ အရမ်းသိချင်တယ်။ ဆိုတော့ -
            တကယ်တမ်းပြောရရင် ဒါကို စလုပ်ဖို့လိုကိုလိုနေပြီ။ ဒီအထဲမှာ ဂျာနယ်လစ်တွေ၊ CSO ထဲက ထက်ထက်မြက်မြက် ရှိတဲ့သူတွေ၊ လူငယ်တွေပါဝင်ပြီး လုပ်ဖို့သင့်နေပြီ။
            အဲဒါကို စပြီးအကောင်အထည်ဖော်မယ်ဆိုရင် ဘယ်လိုလူတွေက စသင့်သလဲ။ ဘယ်လိုအဖွဲ့အစည်းတွေက ဦးဆောင်သင့်သလဲ ဆိုတာကို ပြောကြည့်ပါအုံးလို့။

ကိုသိန်းသန်း။       ။ ကျွန်တော်တို့က နှစ်ပေါင်း ၅၀ လောက် အမှောင်ခေတ်ထဲမှာ နေလာရတဲ့အခါကျတော့ ကျွန်တော်တို့ စိတ်ထဲမှာ ဒီ disclosure ကို ကြောက်စရာလို့ ထင်နေတယ်။ တစ်ခုခုကို ထုတ်ပြောလိုက်ရမှာ အထူးသဖြင့် အစိုးရဌာနတွေမှာ သတင်းအချက်အလက်တွေကို ဘယ်သူမှမသိအောင် ထိန်းထားရမယ်၊ ဖုံးထားရမယ် စသဖြင့် ရှိနေတယ်။ Pro-disclosure culture ပေါ့။ အစိုးရဌာန၊ ၀န်ထမ်းတွေကိုက ဒီဟာသည် ငါတို့ဌာနရဲ့ image, performance အတွက် အရေးကြီးတယ် ဆိုတာကို သဘောပေါက်နားလည် လက်ခံလာဘို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါဟာ ချက်ချင်းဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဒါကို တဖြည်းဖြည်းချင်းလုပ်ယူရမှာပါ။
            ခုန ကျွန်တော် အင်ဒိုနီးရှားဥပမာပေးခဲ့သလိုပါပဲ။ သူတို့ ၂၀၀၂ ခုနှစ်မှာ ဒီဥပဒေပေါ်ဘို့ စပြီးကြိုးစားကြတယ်။ ၂၀၀၈ မှာစပြီး ဥပဒေပြဌာန်းတယ်။ ၂၀၁၀ မှာ စပြီးကျင့်သုံးတယ်။ အခု ၃ နှစ်ကျော်လောက်ရောက်လာတော့ ပြန်ပြီး review လုပ်ပါတယ်။ သူတို့မှာလည်း ပြဿနာတွေ အများကြီးရှိပါတယ်။ ခုချိန်ထိကို disclosure ဆိုတဲ့ mindset ကို မရနိုင်သေးဘူး ဖြစ်နေတယ်။
            ကျွန်တော်တို့ဆီမှာလည်း စသင့်နေပါပြီ။ ဘယ်လိုစမလဲဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဘို့လိုပါတယ်။ အစိုးရဌာနတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ရှေ့နေတွေ၊ စိတ်ပါဝင်စားတဲ့နယ်ပယ်အသီးသီးက တက်ကြွလှုပ်ရှားသူနဲ့ လူသိများ ထင်ရှားသူတွေ ပါဘို့လိုပါတယ်။ World Bank၊ UNESCO စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း လိုပါတယ်။  
            အခု အဲဒီလူတွေပါတဲ့ အဖွဲ့လေးတစ်ခု စဖွဲ့လိုက်ပါ။ အဲဒီအဖွဲ့ကနေ ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းစဉ်တွေ ရေးဆွဲပြီး ဆက်လုပ်သွားရမယ်လို့ ကျွန်တော်ထင်ပါတယ်။

အမည်မသိ (ကျား)။           ။ ကျွန်တော်က စီးပွားရေးလုပ်ငန်းရှင်ပါ။ Speaker တစ်ယောက်ကို မေးခွန်းတစ်ခုစီမေးပါမယ်။ ဒေါက်တာသိန်းသန်းဝင်းပြောတဲ့ သိပိုင်ခွင့်ဆိုလို့ ကျွန်တော့်အနေနဲ့စဉ်းစားရတာပြောပါမယ်။ ဒီလိုဘေးချင်းယှဉ်ထိုင်နေရင် တောင် သူရတဲ့လခနဲ့ ကျွန်တော်ရတဲ့လခ မသိစေရပါဘူး။ ဒီလို လခကလေးတောင်မှ မသိရရင် ကျန်တဲ့ကိစ္စကြီးတွေမှာ ဘာကြောင့် သိပိုင်ခွင့်လို့ တောင်းဆိုပါသလဲ။
မဟော်သဓာက လျှို့ဝှက်ချက်ဆိုတာ နားလေးဘက်ပဲ သိရမယ်တဲ့။ နောက်ပြီး ကိုယ့်ဟာကိုယ်လုပ်ကြည့်ပါ။ ပေါက်ကြားမဲ့သူတစ်ယောက်ယောက်ပါလာရင် ပြဿနာ။ အခု ဒီကပြန်သွားရင် ခင်ဗျားတို့ စားဝိုင်းတစ်ခုစားကြည့်။ ဘောက်ဆတ်ဆတ်ကောင် တစ်ယောက်ပါလာရင် ခင်ဗျားတို့စားဝိုင်း ဘယ်လောက်ပျက်သလဲဆိုတာ သိပါလိမ့်မယ်။ ဒါ လွယ်တဲ့ example တွေပါ။
ခင်ဗျား ဒီမှာပြောတာထက် လွှတ်တော်ကိုယ်စားလှယ်အမတ်တွေကို ပြောစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ခုချိန်ထိ မေးခွန်းထုတ်နေတာတွေဟာ တော်တော်လေး ဗရုတ်သုတ်ခ နိုင်ပါတယ်။ ဒီမေးခွန်းတစ်ခုဟာ ထုတ်သင့်လား၊ မထုတ်သင့်ဘူးလား၊ မေးသင့်လား၊ မမေးသင့်ဘူးလားဆိုတာ အားလုံး ဘွဲ့ရပညာတတ်တွေ၊ အမတ်တွေဖြစ်တဲ့အတွက် သူတို့ကို ဒီလိုလေးအသိပေးလိုက်ရင် လွှတ်တော်ကလည်း အခုလို အလကားနေရင်း အချိန်တွေမကုန်တော့ပါဘူးလို့ ပြောချင်ပါတယ်။
နောက် ဦးစိုးထက်မင်းကတော့ (သူပြောသည့်အတိုင်းဖြစ်ပါသည်။) အဆောက်အဦးနဲ့ ပတ်သက်လို့ပြောတာ။ ဗမာနိုင်ငံမှာကတော့ အဆောက်အဦးနဲ့ပတ်သက်လို့ ဒီလောက်ပြဿနာမရှိဘူး ထင်တယ်။ လုပ်ရတာလည်း လွယ်ပါတယ်။ နောက်ပိတ်ဆုံးမှာ ဘယ်လောက်ပဲ specification ရေးရေး၊ ဦးစိုးမင်းထက်က ဒီမှာလာပြီး ကန်ထရိုက်လုပ်တယ်။ ကျွန်တော့်ကို ပုတ်ပြတ်ပေးလိုက်တယ်။ ကျွန်တော်ကလည်း နှိပ်ထည့်လိုက်တာ၊ ဘယ်လောက်ထိနှိပ်လည်းဆိုတော့ ကျွန်တော်က အဆောက်အဦးပြင်တဲ့သူမို့လို့။ ဗမာတစ်နိုင်ငံလုံးကို ရေနံဖြန့်ဖြူးတဲ့ လူကြီးရဲ့အိမ်ဟာ၊ ယိုးဒယားခေါင်ဟာ အကြီးအကျယ်မိုးယိုနေတယ်။ ကျွန်တော်နဲ့တွေ့တော့မှ ကျွန်တော်က အဲဒါအဟောင်းတွေပြောလို့ အဲဒါ အတော် မကျေနပ်တာ။

(သူလျှောက်ပြောနေတာတွေ လက်ညောင်းခံပြီး ကျွန်တော်အကုန်ပြန်ရေးမပြတော့ပါ။ သိလိုသူများ အသံဖိုင်တွင် နားထောင်ကြပါခင်ဗျား။)

ဦးအောင်နိုင်ဦးက အတန်တန် ဟန့်တားသော်လည်း မရပ်ပါ။ လျှောက်ပြောနေပါသည်။ သူပြောတာတွေကို ကျွန်တော်က အားလုံးကိုယ်စား ခြုံဖြေလိုက်ပါသည်။

ကျွန်တော်။          ။ အားလုံးကိုယ်စား ကျွန်တော် ခြုံဖြေပါမယ်။ ဒါတွေအားလုံးဖြစ်နေတာဟာ System failure ။ စနစ်မရှိလို့ဖြစ်နေတာ။ ဒီအတိုင်း ဆက်သွားကြမလား။ ဒီအတိုင်း ဘာမှမလုပ်ဘဲဆက်သွားနေရင် ဒီအတိုင်းဘဲ ဆက်ဖြစ်နေမှာဘဲ။ အဲဒီစနစ်ကို ကျွန်တော်တို့ ပြင်ဘို့လိုနေပြီ။ သူများတွေ ဘယ်လိုလုပ်နေသလဲ။ ကျွန်တော်တို့ ဘာတွေ လုပ်သင့်သလဲ။ ဒါကို ကျွန်တော်တို့လာပြောတာ။ မဖြစ်နိုင်ဘူးဆိုတာ မပြောနဲ့။
            အဲဒီလို မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ကြလို့ ဒီအစားအသောက်နဲ့ ဒီလိုသေနေကြတဲ့သူတွေ ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ ကင်ဆာအဖြစ် အများဆုံးနိုင်ငံတွေထဲမှာပါတယ်။ နိုင်ငံခြားသားတွေလာလုပ်နေတယ်။ ဗမာတွေ ၁၀၀၀ ပဲရတယ်။ ဟိုလူတွေကို ဘယ်လိုခန့်မလဲ ဘာညာ ပြောတယ်။ မဖြစ်သေးခင် ကြိုပြီးကာကွယ်ထားရမယ်။ မီးဆိုတာ မလောင်ခင်က တားရတယ်။ လောင်သွားပြီဆို ဘာမှမတတ်နိုင်ဘူး။ မင်္ဂလာဈေးကြီးမီးလောင်တယ်။ သူ့မှာ Fire protection system မရှိလို့ဖြစ်တာ။ ဟိုတစ်နေ့က တောင်ငူမှာလောင်တယ်။ မီးဆိုတာ မလောင်ခင်တားမှ။
            ကျွန်တော်တို့ပြောတာအားလုံးသည် အတူတူပဲ။ Policy တစ်ခုကို ထူထောင်ဘို့၊ system တစ်ခုကို ထူထောင်ဘို့။ တစ်လုံးတည်းပါ။ ကျွန်တော် လေးခုစလုံးကို ဖြေစရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မေးခွန်းရဲ့ရည်ရွယ်ချက် အားလုံးက အတူတူဖြစ်နေတဲ့အတွက်ကြောင့်။
            အဲဒီတော့ ကျွန်တော်ခြုံဖြေရရင် ဒီကနေ့မြန်မာပြည်မှာဖြစ်နေတဲ့ ပြဿနာအားလုံးသည် system failure, စနစ်မရှိတဲ့ အတွက်ကြောင့်။ ဟိုနား ခုံးကျော်တံတားလေးကောက်ကက်ဆောက်လိုက်၊ ဒီနားဒါလေးလုပ်လိုက်။ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောတာပါ။
            ရန်ကုန်တစ်မြို့လုံးကြီးရဲ့မြေပုံကိုချ၊ ဘယ်နေရာကကားတွေ ဘယ်လောက် ရန်ကုန်ထဲကို ၀င်နေသလဲ။ ဘယ်နေရာက ရေတွေ ဘယ်ကို ဘယ်လောက်စီးနေသလဲ ချပြီးစဉ်းစားရမှာ။ ဟိုတိုက်ရှေ့မှာ ဟိုရေမြောင်းလေးဖောက်လိုက်။ ဒီတိုက်ရှေ့ လာပြီး ဒီရေမြောင်းလေးဖောက်လိုက်။ ဘာမှ အဓိပ္ပာယ်မရှိဘူး။
            ကိုစိုးမင်းဆက်က ကန်ထရိုက်စာချုပ်အရေးကြီးကြောင်းပြောတယ်။ ဆောက်လုပ်ရေးမှာ လုပ်ရမဲ့ ကန်ထရိုက်စနစ်။ စာရွက်ကြီး ဘယ်လောက်ကောင်းကောင်း ဘာမှအလုပ်မဖြစ်ဘူးဆိုတာ မဟုတ်ဘူး။ အဲဒီစာရွက်ကို လူတွေအသုံးမချသေးလို့။ လူတွေအသုံးချလာအောင် ကျွန်တော်တို့ လုပ်ရမယ်။ ဆရာဒေါက်တာသိန်းသန်းဝင်းပြောသွားတယ်။ အတူတူပဲ။
            ဒါတွေလုပ်လို့မရသေးဘူး။ ဒါတွေမရှိသေးတဲ့အတွက် အဲဒါတွေစပြီးလုပ်ရအောင် ကျွန်တော်တို့က စပြီး ခြေလှမ်းပြင်နေတာ။ အခု ခြုံးခြုံးကျနေတဲ့ ဗမာပြည်ကြီးကို ကောင်းလာအောင် တဖြည်းဖြည်းပြင်ဘို့ ကျွန်တော်တို့က စလုပ်နေတာ။
            မစိမ့်ကို မေးတာ။ အတူတူပါဘဲ။ အချိန်ကုန်မခံတော့ပါဘူး။ နောက်တစ်ယောက် ဆက်မေးပါ။

(ကျွန်တော်ပြန်ဖြေအပြီးတွင် ထိုလူကြီးမှာ ဆောင့်ကြီးအောင့်ကြီးနှင့် ပြန်ထွက်သွားသည်ဟု ကျွန်တော့်အမျိုးသမီးက ပြန်ပြောပြပါသည်။)

ကိုစိုးမင်းဆက်။                 ။ ကျွန်တော်နည်းနည်းဖြည့်ပြောချင်တာက လူတိုင်းလူတိုင်းဟာ တာဝန်သိတဲ့စိတ်ဓာတ် ထားပေးကြပါ။ တာဝန်သိတဲ့စိတ်ဓာတ်ရှိဘို့၊ တာဝန်ယူတတ်ဘို့ဆိုရင် စာရွက်စာတမ်းနဲ့ တိတိကျကျရေးသား ဖော်ပြဘို့ လိုပါတယ်။ တာဝန်သိတဲ့အတွက် တာဝန်ယူမှုတွေရှိလာပါမယ်။ ဒီတော့ system, တာဝန်ယူမှု၊ တာဝန်သိမှုတွေနဲ့ ကျွန်တော်တို့ တိုင်းပြည်ကိုထူထောင်ရမှာပါ။ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။
            ခုနကမေးခဲ့တဲ့ဆရာကြီးမှာလည်း တာဝန်ရှိပါတယ်။ စာချုပ်စာတမ်းကို မလိုက်နာဘူးဆိုကတည်းက ဒီစာချုပ်စာတမ်း နဲ့ ပတ်သက်တဲ့သူတွေဟာ တာဝန်မဲ့တာပါ။ တိုင်းပြည်ကိုတည်ဆောက်ရာမှာ system နဲ့ တာဝန်ပေါ်အခြေခံတယ်လို့ ကျွန်တော်ထင်ပါတယ်။

ရွှေနဂါးဦးတင်ဝင်း။            ။ ဖ.ဆ.ပ.လ ခေတ်၊ နတ်မောက် စက်မှုလက်မှုအထက်တန်းကျောင်းသားဟောင်းပါ။ ဒေါ်စိမ့်ရည်ထက်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ဖြန့်ဝေပေးဘို့ မေတ္တာရပ်ခံရင်း မေးမှာဖြစ်ပါတယ်။ UV light for processing unijuice by solar energy ဆိုတဲ့ ပရောဂျက်တစ်ခုကို စလုပ်နေပါတယ်။ UV light processing ဟာ ဗမာပြည်မှာ ရေသန့်လုပ်ငန်းမှာပဲ သုံးပါသေးတယ်။ Food processing မှာသုံးတာ နည်းပါသေးတယ်။
            အဲတော့ UV light for food processing ကို နိုင်ငံတကာမှာ ဘယ်လိုတွေလုပ်နေပါသလဲဆိုတာ ကျွန်တော်တို့ကို မျှဝေပေးစေချင်ပါတယ်။

မစိမ့်။                 ။ ကျွန်မတို့စက်ရုံမှာသုံးတာကတော့ နို့မှုန့်ဘူးတွေကို UV light ထဲကိုဖြတ်စေပြီး ပိုးသတ်တာပါ။ ကျွန်မဆီ email ပို့လိုက်ပါ။ ကျွန်မ email လိပ်စာက masaint@myanmartransition.org ဖြစ်ပါတယ်။ ကျွန်မပို့ပေးလိုက်ပါမယ်။

ဦးမျိုးညွန့်။           ။ ကျွန်တော်ကတော့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဖြစ်ပါတယ်။ ဒီအဖွဲ့လေးဟာ သေးပင်သေးငြား သော်လည်း နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်လို့ သဘောထားပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ဒီတိုင်းပြည်ကိုလာပြီး အကူအညီတွေပေးရင်း တန်ခိုးသြဇာထူထောင်ဘို့ သို့မဟုတ် သူတို့လိုလား တဲ့ အဖွဲ့အစည်းတွေကို တန်ခိုးသြဇာပိုရှိလာအောင် အားပေးဘို့ လာတဲ့ NGO များကို တွေ့ရပါတယ်။ တခြားတိုင်းပြည်တွေ သွားပြီး INGO တွေလုပ်ဖူးလို့ ကျွန်တော့်မှာ ဒီအတွေ့အကြုံတွေရှိပါတယ်။
            အခု ဒီ NGO ကတော့ ကျွန်တော်တို့တိုင်းပြည်ထဲလာပြီး ဘယ်သြဇာအာဏာကိုမှ ထူထောင်ဘို့၊ ဘယ်သူ့ကိုမှ သြဇာ အာဏာထူထောင်ပေးဘို့ ကြိုးစားတာမဟုတ်ဘဲ စေတနာရိုး၊ စိတ်ဆန္ဒအမှန်နဲ့ လာပြီးဆောင်ရွက်တာတွေ့ရလို့ အလွန်ကျေးဇူး တင်၊ ၀မ်းသာကြောင်း ပြောလိုပါတယ်။
            ကျွန်တော်က အသက်မွေးဝမ်းကြောင်းအနေနဲ့ ရှေ့နေလုပ်ပါတယ်။ ဒီမှာ Freedom of Information Act ဆိုတာနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။
            ဒေါက်တာသိန်းသန်းဝင်းပြောသွားတဲ့အထဲမှာ တိုင်းပြည်ကသိဘို့အတွက် ဌာနဆိုင်ရာတွေက အသိပေးရမယ်ဆို တာနဲ့ပတ်သက်လို့ပါ။ အများသိကြတဲ့အတိုင်း ယူနတီဂျာနယ်က တာဝန်ခံ၊ အယ်ဒီတာနဲ့ အုပ်ချုပ်ရေးမှူးများ အခု အချုပ်ခံနေရ ပါတယ်။ ရုံးလည်း စတင်နေပါပြီ။ အဲဒါဘာကြောင့်လဲဆိုတော့ secret act ကို ဖောက်ဖျက်လို့တဲ့။  
            တကယ်လို့သာ အခု Right to Information Act ကို အသေအချာပြဌာန်းထားပြီးတော့ ဒါကတော့ ရေးရမဲ့ကိစ္စ၊ ဒါကတော့ မရေးရမဲ့ကိစ္စလို့ ဥပဒေများနဲ့ ရှင်းရှင်းလင်းလင်း ပြဌာန်းထားမယ်။ ဒီဥပဒေတွေကို အကောင်အထည်ဖော်ဘို့ rules တွေလည်း ပါမှာပေါ့။ တကယ်လို့အဲဒီလိုပြဌာန်းထားနိုင်မယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ ပေါ်စရာရှိမှာမဟုတ်ဘူး ထင်ပါတယ်။ ဟုတ်ပါသလားခင်ဗျာ။ အဲဒါလေး ရှင်းပြပေးပါ။

ကိုသိန်းသန်း။                   ။ အစိုးရဌာနတွေအနေနဲ့ ဘယ်သတင်းအချက်အလက်ကတော့ public information ဖြစ်တယ်။ ဘယ်သတင်းအချက်အလက်ကတော့ confidential information ဖြစ်တယ်။ independent and actonomous body ဖြစ်တဲ့ informative commission လိုဟာမျိုးနဲ့ ညှိနှိုင်းပြီး ဒီအချက်အလက်တွေကတော့ public interest ဖြစ်ပါတယ် စတဲ့ သတ်မှတ် ချက်တွေကို လွှတ်တော်လိုမျိုးမှာ အတည်ပြုချက်ရယူဘို့။ အငြင်းပွားမှုတွေဖြစ်ရင်လည်း လွှတ်တော်၊ နောက်ပြီး တရားရုံးချုပ် စသဖြင့် အဆင့်ဆင့်တက်သွားရပါမယ်။ EU လို အင်မတန်ပွင့်လင်းတဲ့ နိုင်ငံမျိုးတွေမှာတောင် highest court ထိ တက်ရှင်း ရတဲ့ ပြဿနာတွေ ရှိပါတယ်။ အစိုးရဌာနတွေက အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ လူထုဘက်က အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူတဲ့အခါ အမြင့်ဆုံးတရားရုံးထိဝင်ပြီး ဆုံးဖြတ်ချက်ခံရတာမျိုးတွေ ရှိပါတယ်။
            ဒီတော့ ဘယ်ဟာသည် public information ဖြစ်တယ်။ ဘယ်ဟာသည် confidential information ဖြစ်တယ် ဆိုတာကို သေသေချာချာ စာရွက်ပေါ်မှာရေးထားတဲ့ပြင် အားလုံးသိအောင် ဌာနဆိုင်ရာ website တွေပေါ်တင်ထားပေးဘို့ လိုပါတယ်ခင်ဗျား။

ဦးအောင်နိုင်ဦး။                ။ အချိန်မရတဲ့အတွက် နောက်ထပ် မေးခွန်းနှစ်ခုလောက် မေးနိုင်ပါတယ်။

ဦးရန်လင်း။                      ။ ကျွန်တော်ကတော့ မြန်မာစားသုံးသူများ သမဂ္ဂဥက္ကဌ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာရပ်က စားသုံးသူဆိုတော့ အခု ၄ ယောက်စလုံးနဲ့ ဆိုင်ပါတယ်။ လူတွေက စားသုံးသူဆိုရင် အစားတစ်ခုတည်းပဲ မြင်ပါတယ်။ အိမ်ခန်းငှားနေတာ၊ ဆံပင်ညှပ်တာ၊ ဘတ်စ်ကားစီတာ၊ အလုပ်လုပ်တာ ဒါတွေအားလုံးဟာ စားသုံးသူများနဲ့ဆိုင်တယ် ဆိုတာကို လူများ မေ့နေကြပါတယ်။
            ကျွန်တော်တို့စားသုံးသူများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့ကြဘို့ မေတ္တာရပ်ခံချင်ပါတယ်။ မစိမ့်ပြောတာနဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်းပြောချင်ပါတယ်။ ကျွန်တော်တို့ consumer နဲ့ FDA က လာမဲ့ ၃၊ ၄၊ ၅ ရက်တွေမှာ ၀ပ်ရှော့တစ်ခု လုပ်ဖို့ရှိပါတယ်။ Food safety နဲ့ ဆိုင်ပါတယ်။
            FDA က အစားအစာတစ်ခုဟာ စားသုံးဘို့ မသင့်ဘူးလို့ သတ်မှတ်ရင် သက်ဆိုင်ရာ ကုမ္ပဏီကို အကြောင်းကြားပါ တယ်။ ခင်ဗျားအစားအစာ အမြန်ဆုံး ပြန်သိမ်းပါ ပေါ့။ နောက်ပြီးလိုက်သိမ်း၊ ပြန်စစ်၊ စစ်ပြီးလို့ ခွင့်ပြုမိန့်ရမှ ပြန်ရောင်းရ ပါတယ်။ ခွင့်ပြုမိန့်မရဘဲ ရောင်းနေတယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူဘို့ ဥပဒေမှာ ပါပါတယ်။
            ဒါပေမဲ့ လက်တွေ့မှာ အစားအသောက်တစ်ခုကို စစ်ဘို့တင်၊ စစ်ပြီး ပြန်ကျလာလို့ ဟောသည်အစားအစာတွေကို ရောင်းဘို့ မသင့်ဘူးလို့ မှတ်ချက်ပေးလို့ အစားအစာတွေကို လိုက်လည်းသိမ်းရော ဆိုင်ကပြောပါတယ်။ အဲဒါတွေ ရောင်းလို့ ကုန်သွားပြီ တဲ့။ ဒါ လက်တွေ့ ကျွန်တော်တို့ တွေ့ရတာပါ။

ဆရာဦးဖေမြင့်။     ။ ကျွန်တော်က စာရေးဆရာပါ။ ခုနက ဦးအောင်နိုင်ဦးပြောသလိုဆိုရင် ဦးအေးငြိမ်းပြောတာကလည်း အတော်ဝေးပါသေးတယ်။ ဦးစိုးမင်းဆက်ပြောတာတွေကလည်း သိပ်မနီးစပ်သေးပါဘူး။ မစိမ့်ပြောတာဆိုရင်လည်း အစား အသောက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ကျယ်ကျယ်တောင် မပြောရဲပါဘူး။ မပြောရဲတာက ဖမ်းမှာဆီးမှာကြောက်လို့ မဟုတ်ပါဘူး။ အကုန်ကြောက်ကုန်မှာ စိုးလို့။ ဘာမှမစားရဲ၊ မသောက်ရဲအောင် ဖြစ်သွားနိုင်တာပေါ့နော်။
            ကျွန်တော်တို့က မီဒီယာသမားတွေဆိုတော့ ကိုသိန်းသန်းဝင်းပြောတဲ့အကြောင်းတွေ ကျွန်တော်တို့ ဆွေးနွေးတာ တော်တော်များများရှိပါတယ်။ အဲဒီမှာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိသလဲဆိုတာ နည်းနည်း ဆွေးနွေး တာပါ။ စောစောက ကိုသိန်းသန်းဝင်းပြသွားတဲ့ အစိုးရ၀န်ကြီးဌာန website တွေပေါ့နော်။ အရပ်စကားနဲ့ ပြောရရင် ဒါလေးတင်ကြည့်ပြီး အထင်ကြီးလို့မရဘူး။ ဘာလို့လဲဆိုတော့ သူပြောချင်တာလေးပဲ ထုတ်ပြန်တာပဲ။ အစိုးရဌာနတွေက အရင်ကတည်းက ဒီအလုပ်မျိုးလုပ်ပါတယ်။ အခုက technology ပြောင်းလာလို့ website တွေဘာတွေနဲ့ လုပ်တဲ့သဘောပါ။ Freedom of expression ကို အဓိက ပြောပြောနေကြတယ်။
            အစိုးရဌာနက အဲဒီလို လုပ်ပေးထားပေမဲ့ မေးလို့မရဘူး။ အစိုးရဌာနတွေသည် သူပြောချင်တာလေးကို ထုတ်ပြီး ပြောလိုက်တယ်။ ကျွန်တော်တို့သိချင်တာမေးလို့ရတဲ့ စနစ်မရှိသေးဘူး။ မကြာခင်ကတော့ ပြောဆိုနေတာ ရှိပါတယ်။ အစိုးရ ၀န်ကြီးဌာန ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ အစိုးရက သူပြောချင်တာတွေ ပြောဘို့မဟုတ်ဘူး။ မေးရင်ဖြေဘို့လာတဲ့ အစိုးရရဲ့ press conference ပုံမှန်လုပ်ဘို့ ကျွန်တော်တို့ ပြောနေတာရှိတယ်။ ဒီအစိုးရသည် ဘယ်လောက် tranparent ဖြစ်သလဲ။ ဘယ်လောက် accountable ဖြစ်သလဲ။ ဘယ်လောက် မေးမြန်းစစ်ကြောတာ ခံနိုင်သလဲဆိုတာ ပြောချင်တာပါ။ ကျွန်တော်တို့ကိုယ်တွေ့အရတော့ ဒါဟာ တော်တော်ခက်နေပါသေးတယ်ဆိုတာ ပြောချင်တာပါ။
            ပြန်ချုပ်ရင် ဘာလည်းဆိုတော့ ဦးအေးငြိမ်း စောစောက ပြောသွားတဲ့ ကျွန်တော်တို့တိုင်းပြည်ဟာ system failure လို့ပြောတယ်နော်။ ဟုတ်တယ်နော်။ ခုပြောတာတွေကို သေသေချာချာနားထောင်ရင် အဲဒီအတိုင်းပဲ။ ငြင်းလို့မရပါဘူး။ လက်ခံရမှာပါဘဲ။ ဘာကြောင့်လဲဆိုတော့ စင်ကာပူကပညာရှင် လေးယောက်လာတယ်။ လေးမျိုးပြောတယ်။ အကယ်၍ ပညာရှင် ၄၀ လာရင် ကဏ္ဍ ၄၀ မှာ အသီးသီးကျွန်တော်တို့ လိုအပ်နေသေးတယ်။ ဝေးနေသေးတယ်ဆိုတာ ပြောဦးမှာပဲ။
            အဲဒီတော့ ကျွန်တော်မေးချင်တဲ့မေးခွန်းက -
            ဦးအေးငြိမ်းက System failure လို့ ရဲရဲတင်းတင်း ကြေငြာလိုက်တယ်။ အဲဒီအခါကျတော့ အဲဒီ system failure ကို ပြင်ဆင်ဘို့အတွက် သို့မဟုတ် ပြောင်းလဲဘို့အတွက် သို့မဟုတ် အသစ်ထူထောင်ဘို့အတွက် ဦးအေးငြိမ်းအပါအ၀င် ဒီပုဂ္ဂိုလ် တွေမှာ ဘယ်လို strategy တွေ၊ ဘယ်လိုစိတ်ကူးစိတ်သန်းတွေရှိသလဲဆိုတာ ဖြေဘို့ပါခင်ဗျား။

ဦးအောင်နိုင်ဦး။    ။ ဆရာဦးဖေမြင့်ရဲ့မေးခွန်းကို ဖြေပြီးရင် အဆုံးသတ်ပါမယ်။ ဒီ ပင်နယ်လစ်စ်တွေကို ကျွန်တော် မေတ္တာရပ်ခံချင်တာက ဆရာဦးဖေမြင့်မေးခွန်းကို ဖြေရင်းနဲ့ အခုဆွေးနွေးသွားတဲ့အပေါ် ကျွန်တော်တို့နိုင်ငံအတွက် take home ပေါ့။ ဘာလုပ်ရင်ကောင်းမလဲ ဆိုတဲ့ ဆက်စပ်တဲ့ အချက် နှစ်ချက်သုံးချက်လောက်ကို အကြံဉာဏ်လေးတွေ ပေးကြဘို့ပါ။

ကိုစိုးမင်းဆက်။     ။ ကျွန်တော့်အမြင်ကို ပြောရရင်တော့ rules of law ပါ။ တရားဥပဒေဆိုတာလည်း ရှိပြီးသား။ FDA law ဆိုတာလည်း ရှိပြီးသား။ ဆောက်လုပ်ရေးမှာဆိုလည်း Municipal Act ဆိုတာရှိပြီးသား။ ရှိပြီးသားဥပဒေတွေ အကျိုးသက်ရောက်မှုစေဘို့အတွက် အရေးကြီးတာက rules of law ပါ။ rules of law ကိုလိုက်နာဘို့ အစိုးရတစ်ခုတည်းတင် တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံသားတိုင်းမှာ၊ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်မြင်တာကတော့ rules of law လို့ပဲ မြင်ပါတယ်။

ကိုသိန်းသန်း။       ။ ဟိုဆရာကြီးမေးတာကို ကျွန်တော်ဖြေချင်ပါတယ်။ ကိုယ့်ဘေးနားကလူရဲ့ လခတောင် မသိဘဲနဲ့ ဘယ်လိုလုပ် ကြီးကျယ်တာတွေကို သိနိုင်မလဲလို့ ပြောသွားပါတယ်။ ဒါက personal information ပါ။ တကယ်တမ်းမှာ personal information ဟာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့ မဆိုင်ပါဘူး။ ဒါကို privacy act လို့ ခေါ်ပါတယ်။ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့အကျိုးစီးပွားသာပဲ ဖြစ်တယ်။ အဲဒီ အချက်အလက်တွေကို ထုတ်ပြန်ခြင်းအားဖြင့် အများပြည်သူအတွက် ဘာအကျိုးသက်ရောက်မှုမှ မဖြစ်ဘူး။ သူ့အတွက် မကောင်းတာပဲဖြစ်မယ်ဆိုရင် ထုတ်ပြန်ဘို့မလိုဘူး ဆိုပြီး အကာအကွယ် ပေးထားတာပါ။ ဒါကို privacy act လို့ ခေါ်ပါတယ်။ တစ်ဦးချင်းစီရဲ့ confidentiality ကို ထိန်းပေးထားတာပါ။
            ဆရာဦးဖေမြင့်ရဲ့ ဘာဆက်လုပ်မလဲဆိုတာကို ဖြေရရင် ဒီဥပဒေပေါ်ထွက်လာအောင် အားလုံးဝိုင်းလုပ်ကြရမှာပါ။ ချက်ချင်းဖြစ်မှာ မဟုတ်ပါဘူး။ သူများနိုင်ငံတွေမှာလည်း မဖြစ်ခဲ့ပါဘူး။ ဥပဒေထုတ်ပြန်လိုက်သည့်တိုင် ချက်ချင်း လိုက်နာကြဘို့ မဖြစ်နိုင်ပါဘူး။ မီဒီယာကလည်း မီဒီယာအခန်းကဏ္ဍ၊ လွှတ်တော်အမတ်တွေကလည်း လွှတ်တော်အမတ်တွေ အခန်းကဏ္ဍ စသဖြင့်။ တစ်ဦးတစ်ယောက်ချင်းစီကလည်း ဒီဥပဒေသည် အရေးကြီးတယ်လို့ ခံယူတယ်။ အပြောင်းအလဲမှာ ကောင်းတဲ့အပြောင်းအလဲဖြစ်ဘို့ အထောက်အကူဖြစ်စေတယ်လို့ ယူဆတယ်ဆိုရင် -
            ပထမ အဖွဲ့တစ်ခုဖွဲ့ပါ။ ဒီအဖွဲ့ကနေပြီး public campaign သဘောမျိုး စပြီးလုပ်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ training for trainers သင်တန်းတွေပေးလို့ရပါတယ်။ public campaign မှာ ချန်ပီယံလုပ်မဲ့အဖွဲ့တွေကို ဒီဥပဒေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ရမယ်ဆိုတာ သင်တန်းတွေပို့ချပေးနိုင်ပါတယ်။

မစိမ့်။                 ။ ကျွန်မက ဆရာဦးရန်လင်းမေးတာ ဖြေပါ့မယ်။ အဲဒါကို traceability record လို့ခေါ်ပါတယ်။ ဒီစက်ရုံက ဘယ်လောက်ထုတ်လိုက်တယ်ဆိုတာ record ရှိချင်မှရှိပါမယ်။ နောက်ပြီး စက်ရုံကထုတ်လိုက်တာတွေ ဘယ်ကို ဖြန့်လိုက်သလဲဆိုတာလဲ record ရှိချင်မှရှိပါမယ်။ ဒါက traceability issue ပါ။ ဒါကို ဥပဒေနဲ့ကိုင်တွယ်လို့ ရပါတယ်။
            ဒုတိယတစ်ခုက ဆရာဦးဖေမြင့်ပြောတဲ့ role of media ပါ။ food safety ကိစ္စတွေနဲ့ပတ်သက်လို့ မီဒီယာတွေရဲ့ အခန်းကဏ္ဍပေါ့။ ဒီမှာ မီဒီယာတွေလည်း အများကြီးလာကြတာမို့ ကျွန်မတစ်ခု မေတ္တာရပ်ခံချင်တာကတော့ food safety နဲ့ ပတ်သက်လို့ သတင်းရေးတော့မယ်ဆိုရင် အရင်ဆုံး သတင်းအချက်အလက်ခိုင်လုံအောင် စုံစမ်းစေချင်ပါတယ်။  
            နောက်တစ်ခုက ဘယ်ကနေစလုပ်ကြမလဲဆိုရင် mindset ကနေစလုပ်ရပါမယ်။ ကျွန်မဆိုရင်တော့ ကျွန်မရဲ့ mindset ပေါ့။ ခုလာပြီးနားထောင်ကြတဲ့သူတွေကိုလည်း ကိုယ့် mindset ကနေ စစေချင်ပါတယ်။ ဘာ mindset လဲဆိုတော့ ယုံကြည်စိတ်ပါ။ ကျွန်မမှာ food safety နဲ့ပတ်သက်လို့ယုံကြည်စိတ်ရှိမှ ဒီစကားတွေကို ပြောလို့ရမှာပါ။ ကျွန်မတို့ mindset မှာ ယုံကြည်မှုတစ်ခုရှိရမယ်။
            နောက် awareness ရှိရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲ။ အချိုမှုန့်တွေ အရမ်းရောင်းနေတယ်လို့ သိတာ ကောင်းတယ်။ ဒါ awareness။ နောက်ပြီး whistle blower ။ ဒါကို ကျယ်ကျယ်ပြောရမယ်။ လူတွေသိအောင် ပြောရမယ်။ စာတွေရေးရမယ်။ တော်တော်များများက ဒီနေရာမှာတင် ရပ်သွားတတ်တယ်။
            အရေးကြီးတဲ့ တတိယတစ်ချက်က ဘာဆက်လုပ်ရမလဲဆိုတော့ constructive input ပေးရမယ်။ ဒါတွေလျော့နည်း အောင် ငါ ဘာလုပ်ပေးနိုင်မလဲ စဉ်းစားပါ။ တစ်ယောက်တည်းလုပ်လို့မရရင် ဘယ်သူတွေနဲ့ ပူးပေါင်းပြီးလုပ်မလဲတွေးပါ။ ဒါတွေလျော့နည်း ပပျောက်သွားအောင် ဟောပြောပွဲတွေလုပ်မလား၊ စာတွေရေးမလား လုပ်ကြပါ။ ဒီလိုနဲ့ စစေချင်ပါတယ်။

ကျွန်တော်။          ။ ဘာလုပ်ရမလဲလို့မေးတဲ့ ဆရာဦးဖေမြင့်ကို အများကြီးကျေးဇူးတင်ပါတယ်။ ဒါ ကျွန်တော်တို့ပြောချင်တဲ့ အဓိကအချက်ပါ။
            ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျွန်တော် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို သွားပါတယ်။ အဲဒီက ဆရာမလေးတွေက ပြောတယ်။ ကျွန်မတို့ကိုယ် ကျွန်မတို့ ပျောက်နေတယ် တဲ့။ သူတို့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ အဲဒီမှာ သူတို့ကို ကျွန်တော် ပြောပြလိုက်တော့ သူတို့ဘာလုပ်ရမယ်ဆိုတာ သိသွားပါတယ်။
            သူတို့အထဲမှာ ဆရာတစ်ယောက်ပါတယ်။ သူက မြန်မာပြည်မှာ ပြောင်းတယ်၊ ပြင်တယ်နဲ့ ဘာတွေ ပြောင်းသလဲ၊ ဘာတွေပြင်သလဲ။ ခုထိ ဘာမှမပြောင်းလဲသေးဘူး တဲ့။ သူ ဒီကိစ္စကို မကျေနပ်ဘူး။ အဲဒီတော့ ကျွန်တော်သူ့ကို ပြောပါတယ်။ တစ်နိုင်ငံလုံးကို ဘယ်လိုပြောင်းမလဲ။ သူများကို ပြောင်းဘို့ မကြိုးစားပါနဲ့။ ခင်ဗျား၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းဘို့ ကြိုးစားပါ။
သေသေချာချာမှတ်ထားပါ။ နံပါတ် (၁) ကိုယ့်ကိုယ်ကိုယ် စပြောင်းပါ။ နံပါတ် (၂) ကိုယ်နဲ့နီးစပ်တဲ့ ကိုယ့်သားသမီး၊ ကိုယ်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်း၊ စတာတွေကို ပြောင်းပါ။
            ဒါဆို ဘာတွေပြောင်းရမလဲ။  
            နံပါတ် (၁) ရိုးသားဘို့။ ရိုးသားမှုအလွန်အင်မတန် အရေးကြီးပါတယ်။ ကိုယ်ကိုယ်နှိုက်က ရိုးသားပါ။ ကိုယ့်သားသမီး တွေကို ရိုးသားဘို့ သွန်သင်ပေးပါ။ နံပါတ် (၂) Duty and responsibility, တာဝန်သိစိတ်မွေးပါ။ အမှိုက်ပစ်တာကအစ တာဝန်ယူတတ်အောင် လေ့ကျင့်ပေးပါ။
            လူတွေကို စပြင်ဘို့ဆိုရင် ခုနက မစိမ့်ပြောသွားတဲ့ mindset, သူတို့ရဲ့ education level ကို မြှင့်ပေးဘို့လိုပါတယ်။ ဘယ်လိုနည်းနဲ့ မြှင့်မလဲ။
လီကွမ်ယုရဲ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ဆိုတာကို ဆရာဟိန်းလတ် ဘာသာပြန်ထားတာရှိပါတယ်။ လုံးစေ့ပတ်စေ့ ဖတ်ကြည့်ကြပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ အတုယူရမှာတွေ အများကြီးပါပါတယ်။ သူတို့ မနည်း အသည်းအသန် လုပ်ယူရတာပါ။ အထပ်မြင့်တိုက်တွေဆောက်ပေးတယ်။ တိုက်လှေခါး အတက်အဆင်းမှာ ၀က်တွေ ကျောင်းတယ်။ အိမ်ပေါ်မှာ ကြက်တွေက တကော်ကော်နဲ့။
အခု ကျွန်တော်တို့လို လူကြီးတွေကို ပြင်ဘို့မလွယ်ပါဘူး။ နောက်လာမဲ့ ကျွန်တော်တို့ သားမြေးမြီးမြစ်တွေကို သင်ကြားလေ့ကျင့်ပေးရမှာပါ။ ဒါ ချက်ချင်းလုပ်လို့မရပါဘူး။ ဖြည်းဖြည်းချင်း နှစ်ပေါင်းများစွာ အချိန်ယူ လုပ်ရမှာပါ။ ၁၀ နှစ်၊ ၁၅ နှစ်၊ အနှစ် ၃၀ လို့ မှန်းထားလိုက်ပါ။
အခု ကျွန်တော်တို့ပြောသွားတာတွေက ဒီနေ့လုပ် နက်ဖြန်ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူများတွေ ဒါတွေလုပ်နေတယ်။ ကျွန်တော်တို့ဘာတွေလုပ်သင့်သလဲ ဆိုတာကို ပြောပြတာပါ။ တခြားနိုင်ငံတွေမှာ ဒါတွေ ကျင့်သုံးနေတယ်။ ကျွန်တော်တို့ဆီမှာ မရှိသေးဘူး။ ဒါတွေလုပ်သင့်နေပြီ၊ ပြင်သင့်နေပြီ လို့ လာပြောတာပါ။
ဘယ်မလဲကွ နိုင်ငံခြားသား။ ဘာနိုင်ငံခြားသားမှ မရှိဘဲနဲ့ ဘာလုပ်မင်း နိုင်ငံခြားသားအလုပ်ခန့်တဲ့ ဥပဒေ လိုမလဲ လို့ မပြောပါနဲ့။ မီးဆိုတာ မလောင်ခင်က တားရတယ်။ မီးလောင်ပြီဆိုတော့မှ မီးသတ်ဘူးရှာပါဦးဟ၊ ရေရှာပါဦးဟ လုပ်လို့မရဘူး။ Prevention is better than cure. အဲဒါပါဘဲ။
ကျွန်တော်တို့ ဘာလုပ်ပေးနိုင်သလဲဆိုရင် ဟောပြောပွဲတွေကျင်းပပေးလို့ရတယ်။ ရက်တိုသင်တန်းတွေ ပေးမယ်။ စာတွေရေးမယ်။ ဒါတွေလုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ လူပိန်းတွေကိုပြောရမှာဖြစ်တဲ့အတွက် ချက်ချင်းရသွားလိမ့်မယ်လို့ မမျှော်မှန်းပါဘူး။ ခု လာနားထောင်တဲ့အထဲမှာတောင်မှ ကျွန်တော်တို့ပြောတာ အကုန်လုံးရသွားလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်မှန်းပါဘူး။ ဆိုတော့ သူတို့ကို ထပ်ခါတလဲလဲ ပြောပေးဘို့လိုပါတယ်။ တစ်ခါတည်း ပြောလို့မရပါဘူး။ ပြောပါများတော့မှ နားယဉ်ပြီး လက်ခံကျင့်သုံးလာမှာ ဖြစ်ပါတယ်။ Culture တစ်ခုကို ထူထောင်ရာမှာ ဖြည်းဖြည်းချင်းပဲ လုပ်ယူရမှာပါ။ ခုန ကျွန်တော်ပြောတဲ့ အနှစ် ၃၀။ နောက်ထပ် အနှစ် ၃၀ လောက်ကြာတဲ့အခါမှ ကျွန်တော်တို့လိုချင်တဲ့ စနစ်ကြီးတစ်ခု လုံးဝ အကောင်အထည်ပေါ်လာမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

ဦးအောင်နိုင်ဦး။                ။ ကျွန်တော်တို့ အများကြီးဗဟုသုတရပါတယ်။ နောက် တခြားနိုင်ငံကသူတွေကိုလည်း လာပြီး ဟောပြောကြဘို့ ဖိတ်ခေါ်ပါတယ်။

ပြန်လည်သုံးသပ်ချက် (ဦးလှမောင်ရွှေ)

            MTP ဖွဲ့မဲ့မိတ်ဆွေများနဲ့ ၂၀၁၂ ဒီဇင်ဘာမှာ ကျွန်တော်တွေ့ပါတယ်။ ၂၀၁၃ မေလမှာ ၀န်ကြီး ဦးအောင်မင်း၊ ဦးဘိုးလှိုင်၊ ဦးကိုကိုကြီးနဲ့ ကျွန်တော်တို့ကိုဖိတ်ပြီး Panel Discussion ကို စင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၃ ဒီဇင်ဘာမှာ သူတို့နဲ့ ပြန်တွေ့ပြီး UMFCCI ကိုယ်စားရော MPC ကိုယ်စားအနေနဲ့ပါ ဒီမှာလာပြောဘို့ ဖိတ်ခဲ့ပါတယ်။
            ဒီနေ့လာတက်တဲ့သူတွေထဲမှာ ဒီ မိတ်ဆွေတွေထက် ပိုသိတဲ့သူတွေ၊ ပိုပြောနိုင်တဲ့သူတွေ ပါချင် ပါပါလိမ့်မယ်။ ကျွန်တော်တို့ ရည်စူးတာကတော့ သူတို့လိုမျိုးအားထည့်ပြီး စေတနာအပြည့်နဲ့လုပ်ဖို့ လူတွေအများကြီး ပေါ်ထွက်လာအောင် ဒီပွဲကို စီစဉ်တာပါ။
            သူတို့အားလုံးဟာ အလုပ်လုပ်နေတဲ့သူတွေပါ။ ဒီနေ့လာတာ သူတို့စရိတ်နဲ့ သူတို့လာတာပါ။ သူတို့ရှိတဲ့ဟာကို ဝေမျှပေးချင်လို့ လုပ်ငန်းခွင်ထဲက ခွင့်ယူပြီး လာပြောကြတာပါ ဆိုတဲ့အကြောင်း ကျွန်တော် မီးမောင်းထိုးပြချင်ပါတယ်။ စင်ကာပူက GDP 278 billioin လောက်ရှိနေပြီးတော့ PPP က ၆၂၉၀၀ လောက်ရှိပြီး ကမ္ဘာပေါ်မှာ နံပါတ် ၇ လောက်ရှိတယ်။ United State တောင်မှ နံပါတ် ၁၃ လောက် ရှိတာနဲ့ယှဉ်ပြီးတွေးရင် ဒီမှာလာပြောတဲ့သူတွေ ကျင်လည်တဲ့ နိုင်ငံရဲ့အဆင့် ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ပါတယ်။
            မလေးရှားက PPP က ၁၇၅၀၀ လောက်ရှိပြီး ကမ္ဘာပေါ်မှာ နံပါတ် ၇၉ လောက်ရှိတယ်။ ကျွန်တော်တို့နိုင်ငံက PPP ဟာ ၁၇၀၀ လောက်ရှိတယ်လို့ United State က CIA facts book ထဲမှာရေးထားပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံ ၂၀၀ ကျော်ရှိတဲ့အနက် ကျွန်တော်တို့ အဆင့်က နံပါတ် ၂၀၁ ပါ။ ထိုင်းက PPP က ၉၉၀၀ လောက်နဲ့ ကမ္ဘာပေါ်မှာ အဆင့် ၁၁၀ လောက်ရှိပါတယ်။ ဆိုတော့ ခုနက ဦးအေးငြိမ်းပြောသလို ကျွန်တော်တို့ရှေ့ကို သွားဘို့ဟာ ပြောသလောက် မလွယ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှမလုပ်ဘဲ အပြစ်တင်နေမဲ့အစား ကိုယ်လုပ်နိုင်တာကို စလုပ်ကြဘို့ စင်ကာပူက မိတ်ဆွေတွေပြောတာကို ကျွန်တော်တို့က မိတ်ဆက်ပေးတာပါ။
            စင်ကာပူမှာဖွဲ့ထားတဲ့ Myanmar Transitional Platform လိုဟာမျိုး ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာတွေလည်း လုပ်နိုင်ရင် ကောင်းမယ်လို့ ကျွန်တော်တို့ဘက်က အကြံပြုပါတယ်။ နောက်ပြီး UMFCCI မှာဘဲဖြစ်ဖြစ်၊ Myanmar Peace Centre မှာဘဲဖြစ်ဖြစ် online ကနေ debate တွေ၊ discussion တွေ၊ forum တွေလုပ်နိုင်ဘို့လည်း ကြိုးစားနေပါတယ်။ သူတို့လည်း လုပ်နိုင်ပါလိမ့်မယ်။
            ဒီမှာ ကျွန်တော် အဓိကပြဿနာ သုံးခုတွေ့ပါတယ်။
နံပါတ် (၁) က ကျွန်တော်တို့ capacity က အရမ်းနိမ့်သွားတယ်။ ဒါကို ကျွန်တော်တို့ ထပ်တင်ရမယ်။
နံပါတ် (၂) က သူ့ဘက်ငါ့ဘက်ခွဲလွန်းတဲ့ပြဿနာ သိပ်များလွန်းတော့ ရှေ့ကိုရောက်ဘို့ အခက်အခဲဖြစ်ပါတယ်။
တတိယတစ်ခုက institution တွေအားမကောင်းဘူး။ ဒီတော့ institution တွေအားကောင်းလာအောင် လုပ်ဖို့လိုပါတယ်။
            ဒီသုံးခုမှာ ဒီနေ့တက်လာတဲ့ပရိသတ်အနေနဲ့ ကိုယ်ဘယ်နေရာကနေ တာဝန်ယူနိုင်မလဲဆိုတာ စဉ်းစားကြဘို့ တိုက်တွန်းလိုပါတယ်။
            ဥပဒေပြုဘို့ဆိုရင် နည်းလမ်း သုံးခု ရှိပါတယ်။ တစ်ခုက နိုင်ငံသားတစ်ယောက်က သူတင်ချင်တဲ့ဥပဒေကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ ရေးရာကော်မတီမှာ သွားတင်ပြီး အဲဒီကနေတစ်ဆင့် တင်လို့ရပါတယ်။ ဒုတိယက အစိုးရ အဖွဲ့အစည်း executive branch ကနေပြီးတော့ သတင်းစာထဲမှာ bill တွေကို float လုပ်နေပါတယ်။ ဒီ bill တွေကို ခင်ဗျားတို့ ကျွန်တော်တို့က ကိုယ်နဲ့မဆိုင်သလိုမနေဘဲ ဒီ bill တွေထဲမှာ ကိုယ်ဖြည့်ချင်တာ၊ ထည့်ချင်တာကို float လုပ်တဲ့ အစိုးရအဖွဲ့ အစည်းကို အဆိုပြုလို့ရတယ်။
            တတိယတစ်ခုက လွှတ်တော်ကနေ သူတို့ဟာသူတို့ ဥပဒေပြုလို့ရပါတယ်။
            MTP မှာရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုက ပြည်ပရောက်မြန်မာတွေအနေနဲ့ နိုင်ငံထူထောင်ရေးမှာ တတ်နိုင်တဲ့ နေရာက ချိတ်ဆက်ပါဝင်နိုင်မဲ့ အခြေအနေနဲ့ နည်းလမ်းကို ရှာဘို့။ ဒုတိယတစ်ခုက နိုင်ငံတော်အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူ လူထုကြားမှာ အပြန်အလှန် ရင်းနှီးထိတွေ့ခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်များကို ပိုမိုခံစား နားလည်နိုင်ပြီးတော့ နိုင်ငံ့ရေးရာကို အတူတကွဖြေရှင်းနိုင်မဲ့ နိုင်ငံရေး ယဉ်ကျေးမှုရှင်သန်စေဘို့။ ဒါ တကယ့် ရည်ရွယ်ချက်ကောင်းတွေပါ။
            ကျွန်တော်သူတို့နဲ့ ၅ ကြိမ်၊ ၆ ကြိမ်လောက်တွေ့ဆုံ ဆွေးနွေးပြီးဖြစ်လို့ သူတို့ရည်ရွယ်တာနဲ့ သူတို့ဖြစ်ချင်တာကို ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။ သူတို့ ဦးကိုကိုကြီးနဲ့ ဒေါက်တာတင်လှိုင်ကိုဖိတ်ထားပါသေးတယ်။ ဒါပေမဲ့ မလာနိုင်ကြပါဘူး။
            ဒီသုံးသပ်ချက်မှာ ခြုံပြီးတင်ပြရရရင် အနှစ် ၃၀ ဖြစ်ဖြစ်၊ အနှစ် ၄၀ ဖြစ်ဖြစ်၊ အနှစ် ၅၀ ဖြစ်ဖြစ်။ ဒီကနေ့ စလုပ်နိုင်ရင် တော့ အနှစ် ၃၀ လည်းဖြစ်နိုင်တယ်။ ဒီ့ထက်လည်း စောနိုင်တယ်။ ဒါပေမဲ့ ဘာမှမလုပ်ဘဲ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ဆိုနေကြရင်တော့ ဘယ်မှမရောက်တဲ့ဗမာပြည် ထပ်ဖြစ်နေအုံးမှာဘဲ။ ဒီတော့ ဒီနေ့လာဟောပြောတဲ့ မိတ်ဆွေများရဲ့ ခွန်အားနဲ့ စေတနာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဆက်ပြီး ဆောင်ရွက်ပေးကြဘို့လည်း မေတ္တာရပ်ခံချင်ပါတယ်။
            သူတို့နဲ့တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်နိုင်အောင် ဒီကနေ့တက်ရောက်လာတဲ့အဖွဲ့တွေ အပါအ၀င် ကျွန်တော်တို့ အဖွဲ့ပေါင်းစုံကို ကြိုးစားဖိတ်ပါတယ်။ ဒါပေမဲ့ ဒါလောက်ပဲတက်လာတယ်ဆိုတော့ ဖိတ်တဲ့သူတွေဘက်က ချို့ယွင်းချက်တွေ ရှိနေတာ ဖြစ်နိုင်ပါတယ်။
            ဘာပဲဖြစ်ဖြစ် ဒီက စင်ကာပူမိတ်ဆွေများလည်း ဒီ့ထက်ပိုပြီးအားထည့် ကြိုးစားပေးဘို့၊ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့လုပ်နိုင်တာကို ဒီ့ထက်ပိုလုပ်ဖို့ ဖြည့်စွက်တင်ပြလိုပါတယ်။
            ကျေးဇူးတင်ပါတယ်။

ဦးအေးလွင်။                    ။ အားလုံးကတော့ တိုင်းပြည်ကို ကောင်းစေချင်ကြတာပါဘဲ။ ဒီမှာ ပြောသွားသလို ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေဟာ တော်တော်အားနည်းပါတယ်။ ဥပဒေကို လိုက်နာတာလည်း အားနည်းတယ်။ လေ့လာတာလည်း အားနည်းတယ်။
            ကျွန်တော်တို့က ဥပဒေတစ်ခုထုတ်တော့မယ်ဆိုရင် သတင်းစာမှာ ကြိုကြေငြာပေးပါ လို့ လွှတ်တော်မှာ တင်ပြပါ တယ်။ ပုံ - သိန်းစိန် ဆိုမှ ကျွန်တော်တို့ မသိချင်ဘူး။ ဆိုတော့ သတင်းစာထဲမှာ ပါလာပါတယ်။ ဒီဥပဒေမူကြမ်းကို သေသေချာချာဖတ်ပြီး ပြန်တင်ပြတာ တော်တော့်ကိုရှားတယ်ထင်ပါတယ်။
            Corruption အပါအ၀င်တော်တော်များများကို ဘာသာတရားအရ ထိန်းချုပ်ပြီးသားပါ။ မလိုက်နာလို့ပါ။ မင်းကျင့်တရားတွေ၊ ဗြဟ္မစိုရ်တရားတွေရှိပါတယ်။ ဒါတွေအားလုံးက ဘုရားရှိခိုးခိုက်မှာပဲရွတ်ပြီး အလုပ်လုပ်တဲ့နေရာမှာ ဒါကို ခေါင်းထဲမထည့်ရင်တော့ အဂတိတရားတွေ ပေါက်ကြားမှာ ဖြစ်ပါတယ်။
            ကျွန်တော်တို့ငယ်စဉ်က ဆရာဝတ်၊ တပည့်ဝတ်၊ မိဘ၀တ်၊ ခေါင်းဆောင်ဝတ် အားလုံးကျက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃-၄ ရက်က စားသုံးသူကာကွယ်ရေးဥပဒေကို ပုသိမ်မှာသွားဆွေးနွေးတယ်။ စီးပွားကူးသန်းက ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ပါပါတယ်။ ကျွန်တော်က ဗဟိုကော်မတီပါ။ တောင်ကြီး၊ မော်လမြိုင်တို့မှာလည်း ဆွေးနွေးဖူးပါတယ်။ ၀န်ကြီးစကားပြောပြီး ခဏကြာရင် တက်ရောက်တဲ့ပရိသတ် ၃၀၀ ကနေ ၃၀ လောက်ပဲ ကျန်တော့တယ်။ စားသုံးသူတွေကို ဘယ်လိုကာကွယ် ရမယ် ဆိုတာ သွားရှင်းပြတာကို ပြောတဲ့သူတွေက အဝေးကြီးကလာပြောတာတောင် နားထောင်မဲ့သူမရှိဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ capacity ပေါ့။ ပေးတဲ့သူက ပေးတာတောင် လက်ခံမဲ့သူမရှိဘူး။  
            နောက်ဆုံးမတတ်နိုင်တော့ ဆရာအတတ်သင်မှာ သွားပြောတယ်။ ဆရာဆရာမလောင်း ၈၀၀ တက်တယ်။ FDA လည်း ပါတယ်။ FDA က သူတို့ ဘာတွေလုပ်နေသလဲဆိုတာ ပြောပြတယ်။ နောက်က ကလေးတွေက အိပ်နေတယ်။
            ဒီတော့ ကျွန်တော်တို့ အများကြီး mindset တွေပြောင်းရဦးမှာပါ။ ခုန ဦးလှမောင်ရွှေပြောသွားသလို ကျွန်တော်တို့ အခုမှ မလုပ်ရင် နောက် အနှစ် ၃၀ လည်း မဖြစ်ဘူး။ ကျွန်တော်တို့ မြေးမြစ်တွေလက်ထက်လည်း ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်ကြရအောင်။ အားလုံးဝိုင်းလုပ်ကြရအောင်။
            အိမ်ကြီးတစ်အိမ်လုံးပျက်နေတယ်ဗျာ။ အဲဒါပြင်ဘို့ တချို့က အဲယားကွန်းတပ်ဘို့ကြိုးစားတယ်။ တချို့က ဆက်တီတွေ လာထားတယ်။ တချို့ကတော့ တီဗီတွေ၊ စကိုင်းနက်တွေ၊ ၀ါယာလက်စ်တွေ လာတပ်တယ်။ ဒါပေမဲ့ အဓိကပျက်နေတဲ့ တိုင်၊ ကျိုးနေတဲ့ ကြမ်း၊ မလုံတဲ့ အမိုးနဲ့အကာတွေကိုပြင်ဘို့ထက်၊ ပကာသနတွေကိုပြင်ဘို့ များနေရင်တော့လည်း မဖြစ်သေးဘူး။
            ဒါကြောင့် ပျက်နေတဲ့အိမ်ကြီးကိုပြင်ဘို့ တိုင်တတ်နိုင်တဲ့သူကတိုင်၊ ကြမ်းတတ်နိုင်တဲ့သူက ကြမ်းလာပြင်ပါ။ တီဗီ တတ်နိုင်တဲ့သူက တီဗီလာတပ်ပေးပါ။ အဲယားကွန်းပြင်တတ်တဲ့သူက အဲယားကွန်းလာပြင်ပေးပါလို့ ပြောရင်းနဲ့ နိဂုံးချုပ် ပါတယ်။

ပသုံးလုံးနဲ့ ဆုံးကြစို့။

လူသားအားလုံးကို လေးစားပါသည်။

အေးငြိမ်း

၅ - ၂ - ၂၀၁၄ ညနေ ၅း၄၇ နာရီ (MRT ပေါ်၌ရေးလာရာ Chinese Garden အရောက်တွင် ပြီး၏။)

No comments: