Wednesday, March 19, 2014

သင်္ကြန်မိုးရေ၊ တန်ခူးလေ

(၁) သင်္ကြန်ပိုး

“. . . . သင်္ကြန်နှစ်ဦး တူးပို့၊ တူးပို့၊ တူးသံမြူးသာယာ . . . .
သင်္ကြန်မယ်များ တူးပို့၊ တူးပို့၊ တူးမာရဲ့နော်ဗျာ . . . .
ငွေငန်းသံစုံ တူးပို့၊ တူးပို့၊ အာရုံဖျော်ဖြေတာ . . . .
မယ်တို့ကိုလည်း တူးပို့တူးပို့၊ မာပါစေခင်ဗျာ . . . . ”

“ချိုပြုံးရွှင်သော နှမပျိုငယ်၊ တစ်ကိုယ်လုံး ပင်ချော အလှပိုတယ် . . . .
မြို့မနဲ့ တစ်မိတည်း ဖွားသလို ဆိုတော့မယ်ကွယ် . . . . .”

သည်အခါရောက်လာလျှင် သည်တေးသံများ ကြားလာရမြဲ။ သည်ပန်းများလည်း ပွင့်လာမြဲ။ ကျွန်ုပ်သည်လည်း (ဘာကိုမှန်းမသိ) ပုံမှန်လွမ်းလာစမြဲ။
မြန်မာမှန်က သင်္ကြန်ကိုမချစ်သူ မည်သူရှိပါသနည်း။ သင်္ကြန်တေးများကိုမကြိုက်သူ မည်သူရှိပါသနည်း။ သင်္ကြန်ယိမ်းများကို မနှစ်သက်သူ မည်သူရှိပါသနည်း။ အားလုံးကြိုက်သူ၊ နှစ်သက်သူချည်းဖြစ်မည် ထင်ပါသည်။
သင်္ကြန်တီးလုံးနှင့်တေးသွားများကား အလွန်မြူးမြူးကြွကြွ ရှိလှ၏။ သင်္ကြန်သီချင်းသံများကြားလိုက်ရလျှင် အလွန်ရှက်တတ်သော အပျိုကြီးပင် (ဘေးဘီကိုကြည့်လျက် လူအလစ်တွင်) တေးသွားကိုလိုက်၍ ဆိုညီးတတ်သေးသည် မဟုတ်လော။
.... လာဟေ့ လာဟေ့
ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုန်းရုန်းလာကြ
ဘဲ့နှာပါလိမ့်
ထိန့်လိုက်တဲ့အိုးစည်၊ နှဲကလဲ ပီသနဲ့
သီသူက သီကြ၊ ကသူက က လာ
နွားကြီးလည်း ပါသဟေ့
ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ
ရွှင်လိုက်မည့်ဖြစ်ခြင်း
...”

            လူကိုမဆိုထားဘိ၊ နွားကြီးတောင်မှ ပျော်လို့ပါလား။ သည်နွားကြီးမှာ ဘေးမဲ့လွှတ်ဘို့ ခေါ်လာသည့်နွားကြီးဖြစ်သည်။ နှစ်ကူးအခါသမယမှာ ဇီဝိတဒါန လုပ်ကြသည်ပေါ့။ အခုကာလမှာတော့ ငါးများကို လွှတ်ကြသည်။


ဟိုးယခင်ကာလတွေတုံးက ဘယ်လိုသင်္ကြန်သီချင်းများကို သီဆိုတီးမှုတ်ခဲ့သည် မသိပါ။ သို့သော် သင်္ကြန်မိုး ဇာတ်ကားပေါ်လာပြီးနောက် သင်္ကြန်ကာလကို သင်္ကြန်မိုးသီချင်းများကသာ လွှမ်းမိုးထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သင်္ကြန်မိုးသီချင်းများကို ခင်ဗျားတို့ ကျွန်တော်တို့ မကြိုက်သလော၊ ကြိုက်၏။ 


သင်္ကြန်မိုးဇာတ်ကားရုံတင်တော့ ကျွန်တော်တို့က RIT ၅ တန်းကျောင်းသားဘ၀ ထင်ပါသည်။ စံပြရုံမှာ ရောင်စုံ ပန်းချီကားကြီးနှင့် သင်္ကြန်မိုးကို သွားရည်ကျခဲ့သည်။ သို့သော် မကြည့်နိုင်။ နောက် မြန်မာ့ရုပ်မြင်သံကြားကလာမှ ကြည့်ရ သည်။ ကောင်းလိုက်သည့်ကား။ သည်ကားကိုကြည့်ပြီး လူတိုင်းရင်ထဲတွင် သင်္ကြန်မိုးသီချင်းများ စွဲငြိသွားခဲ့သည်။
ကျွန်တော်က သင်္ကြန်သီချင်းများအား ဇော်ဝမ်းနှင့် မေရွက်ဝါတို့ဆိုတာကို ပိုပြီးကြိုက်၏။ နောက် ရင်ဂို၊ စည်သူလွင်၊ ဂရေဟန်၊ ချောစုခင်တို့ ဆိုတာကိုလည်း ကြိုက်ပါသည်။ တစ်ယောက်တစ်မျိုးစီပေါ့။
            ယခင်ကတော့ ဘယ်လိုနေသည်မသိ။ သင်္ကြန်မိုးကြည့်ပြီးနောက် သင်္ကြန်ဆိုသည်နှင့် ရွှေငန်းကြီးပုံ သရုပ်ဖော်ထား သည့် ရေပက်ခံ၊ အလှပြကားကြီးနှင့် မြို့မတီးဝိုင်းတို့ကိုပါ တွဲဖက်မြင်ယောင်လာမိသည်။ ထိုးသုတ်တော့မည့်နှယ် ငန်းကြီးမှာ အသက်ပါလှသလို မြို့မသံစုံတီးဝိုင်းကြီးကလည်း အထူးမြိုင်လှသည်။ 


သင်္ကြန်၌ ကျွန်တော်ကြိုက်သောအရာများတွင် သင်္ကြန်ယိမ်းသည် ထိပ်ဆုံးကပါ၏။ တူညီဝတ်စုံလေးများနှင့် ကဗျာလွတ်အကကို ဘယ်ခါကြည့်ကြည့်ရိုးသည်မရှိပါ။ အဲလေ၊ အားလုံးညီတူညာတူဆိုရင်တော့ ပိုကောင်းသပေါ့။ ဒါပေမဲ့ မညီလည်း ကိစ္စမရှိပါ။ ကြည့်သူများက ဖြည့်ကြည့်သွားပါလိမ့်မည်။ မည်သူကမှ ဟင်၊ ညီလည်းမညီဘူးဟု ကဲ့ရဲ့သဂြိုဟ် အတင်းမဆိုပါ။




            သင်္ကြန်၌ ကျွန်တော်ကြိုက်သည့် နောက်အရာတစ်ခုမှာ မုံ့လုံးရေပေါ် ဖြစ်၏။ အမှန်က မုံ့လုံးရေပေါ်သည် အလွန်ရိုးစင်းလှသော မုံ့တစ်ခု ဖြစ်ပါသည်။ ဘာမှ ထူးခြားဆန်းပြားတာမပါ။ ကောက်ညှင်းဆန်ကိုကြိတ်၊ ရေစစ်၊ ရလာသော မုံ့နှစ်ကိုနှဲကာ လုံးပြီး ငြုပ်သီး (ဟုတ်ပေါင်) ထန်းလျက်အဆာသွတ်လျက် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ပစ်ချ။ မုံ့လုံးများ ရေပေါ်ပေါ်လာတော့ ဆယ်စားရုံ။ ရေပေါ်ပေါ်လာသည့် မုံ့လုံးဖြစ်သည့်အတွက် မုံ့လုံးရေပေါ်ဟု ခေါ်သည်မဟုတ်လော။ အမည်ကလည်း ရိုးသည်။ မုံ့လုပ်နည်းကလည်း ရိုးသည်။ အရသာကလည်း ရိုးစင်းလှပါသည်။ သို့သော် သင်္ကြန်တွင်း စားရသော ထိုမုံ့လုံးရေပေါ်ကို KFC ထက် ကျွန်တော် ပိုကြိုက်ပါသည်။
            ကျွန်တော်တို့ငယ်ငယ်၊ တောမှာတုံးက ကောက်ညှင်းဆန်ကို ကျောက် မုံ့ကြိတ်စက်၌ ကျွန်တော်တို့ မောင်နှမတတွေ ကိုယ်တိုင်သွားကြိတ်၊ ကိုယ်တိုင်မုံ့အိတ်ဆွဲ၊ ကိုယ်တိုင်မုံ့လုံးကာ စားကြတာဖြစ်၏။ သူ့အိမ်ငါသွားစား၊ င့ါအိမ်ငါပြန်စား (ဟုတ်ပေါင်) ငါ့အိမ် သူလာစား။ အပြန်အလှန်ပေါ့။ နောက်ပြီး ရေတွေလောင်းကြ။ တပျော်တပါးကြီး။





            သင်္ကြန်တွင်းမှ ကျွန်တော်ချစ်သော နောက်အရာတစ်ခုမှာ ပန်းပိတောက်များဖြစ်ပါသည်။ သို့သော် ကျွန်တော်ချစ်သည့် ပိတောက်မှာ အပင်ပေါ်က ပိတောက်ဖြစ်ပါသည်။ ပိတောက်ပန်းများကို ချိုင်ချတာ ကျွန်တော်မလုပ်လိုပါ။





“ . . . . မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြည်ပြည်လိမ်းကာပ
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပေါ့
ကြွားချင်လှ ပေလိမ့်မယ်။. . . . ”

            ကျွန်တော်ကား ကဗျာရူး၊ စာရူးဖြစ်သဖြင့် ကျောင်းမှာ သည်ကဗျာလေးများ သင်ရတော့ ကြွပ်ကြွပ်၊ ကြွပ်ကြွပ် နေအောင် ကြိုက်လှ၏။ ကျွန်တော်တို့ငယ်ငယ်က ဖတ်စရာစာအုပ် ရှားလှသည်။ တောဆိုတော့ ၀ယ်ဖတ်ချင်လို့တောင် စာအုပ်ဆိုင်ဆိုတာ သားသားနားနားရှိတာမဟုတ်။ အဲလေ၊ ခုလည်း ဟုတ်တိပတ်တိ မရှိပါဘူး။ ရန်ကုန်နဲ့ သွားရလာရ လွယ်နေလို့သာ စာအုပ်စာပေနဲ့ သိပ်အလှမ်းမကွာပေတာပဲ။
            အဲသည်တုံးက အင်မတန်စာဖတ်ဝါသနာပါသော ကျွန်တော်က မဂ္ဂဇင်းအဟောင်းများကို မရကုတ်က လိုက်ရှာ ဖတ်ရသည်။ ငွေတာရီ၊ မြ၀တီ၊ သွေးသောက်၊ သပြေတေးမဂ္ဂဇင်း စသဖြင့်။ ထိုမဂ္ဂဇင်းများထဲမှ စန္ဒာမဂ္ဂဇင်းတွင် ၀င်းဦး အခန်းဆက်ရေးသော “ဆယ်စုနှစ်တစ်ခေတ်စွန်း၊ မန်းသင်္ကြန်” ဆိုတာ ဖတ်ရ၏။ ဘယ့်နဲ့၊ ဟင်္သာတတောင် ကောင်းကောင်း မရောက်ဖူးသော ကျွန်တော်က အင်မတန်ကြီးကျယ်ခမ်းနားသည့် ၀င်းဦး၏ မန္တလေးသင်္ကြန်ကို စိတ်ကူးနှင့် ယော်ယမ်း လွမ်းရသည်။

(၂)

ဘယ်အချိန်မှာ ဟက်ပီးနယူးရီးယား ကြမလဲ

သင်္ကြန်ရောက်ပြီဆိုတော့ သင်္ကြန်ဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နှင့် လျှောက်ရေးကြလိမ့်ဦးမည်။ မဟုတ်တာ ရေးပြီး မဟတ်တဲ့သူတွေက ခုလိုဗဟုသုတတိုးရတဲ့အတွက် ကျေးဂျူးတင်ပါတယ်ချင့် ဆိုပြီး ရှောက် ရှယ်ကြလိမ့်ဦးမည်။
၂၀၀၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သူ ကိုဂိုင်ကြီးက ဘာဖြစ်လို့ ကျုပ်တို့ မြန်မာ့ယဉ်ကျေးမှုဖြစ်တဲ့ သင်္ကြန်ကို ဧပြီလ ၁၃ ရက်နဲ့ တွဲမှတ်ထားရတာလဲဗျ ဟု မကျေမချမ်း ဆိုလာပါ၏။ သူပြောလည်း ပြောလောက်ပါသည်။ မိတ်ဆွေတို့ကို သင်္ကြန်ဘယ်တော့ကျမလဲဗျ ဟု မေးလျှင်လည်း သည်အတိုင်းဖြေမှာ ဖြစ်ပါသည်။ မည်သူသည် မြန်မာသက္ကရာဇ် ဘယ်လ၊ ဘယ်ရက်တွင် သင်္ကြန်ကျမည်ဟု (ပြက္ခဒိန်မလှန်ဘဲ) ပြောနိုင်ပါ သနည်း။ မပြောနိုင်ပါ။ ခင်ဗျားရောပြောနိုင်လို့လားဗျာ ဟု ကျွန်တော့်ကိုမေးပါ။ ကျွန်တော်လည်း မပြောနိုင်ပါ။
အဘယ်ကြောင့်နည်း။ ဒါ အကြောင်းရှိ၏။ သင်္ကြန်အကြောင်း နည်းနည်းလေးပြောရုံမျှဖြင့် သဘောမပေါက်နိုင်ပါ။ သို့သော် ကျွန်တော် တတ်နိုင်သမျှရှင်းပြပါမည်။ အကျယ်ကိုသိလိုသူများ ကျွန်တော့်ဘလော့တွင် ၀င်ဖတ်ကြပါခင်ဗျား။


            အင်္ဂလိပ်နှစ်တစ်နှစ်၏ အစသည် ဇန္န၀ါရီလ (၁) ရက်နေ့၊ ၀၀း၀၀း၀၀ နာရီ ဖြစ်၏။ ထို့ကြောင့်ပင် တစ်ယောက်နှင့် တစ်ယောက်ဖက်လိုသော ကောင်ကလေး၊ ကောင်မကလေးများက (တစ်နှစ်မှတစ်ရက် ရတောင့်ရခဲအခွင့်အရေးကို လက်လွတ်မခံဘဲ) ဒီဇင်ဘာလ (၃၁) ရက် ညသန်းခေါင်တွင် ဟက်ပီး နယူးရီးယား ဟု အော်ကြသည် မဟုတ်လော။
            သူတို့က နှစ်တစ်နှစ်၏အဆုံးချိန် ဒီဇင်ဘာ (၃၁) ည သန်းခေါင်တွင် ဟက်ပီး နယူးရီးယားကြသည်။ အကျွန်ုပ်တို့ မြန်မာပြက္ခဒိန်တွင်ရော မည်သည့်အချိန်တွင် ဟက်ပီးနယူးရီးယား အော်မည်နည်း။ နည်းနည်းတော့ ရှုပ်မည်။ သည်းခံဖတ်ပါ။
            အင်္ဂလိပ်တို့၏ ပြက္ခဒိန်သည် မည်သည့်အမှတ်သညာမှ မထား။ တစ်နှစ်တွင်ရှိရမည့် ၃၆၅.၂၄၂၁၇၅၆ ရက် ရှိလျှင် တော်ပြီ။ သည်တော့ တစ်နှစ်ကို ၃၆၅ ရက်၊ လေးနှစ်မှာ တစ်ရက်တိုး ၃၆၆ ရက်လုပ်ကာ ဒီဇင်ဘာလ ၃၁ ရက် ညသန်းခေါင်ကို တစ်နှစ်တာကာလ၏အဆုံးမှတ်၊ နောက်တစ်နှစ်တာကာလ၏ အစမှတ်အဖြစ် သတ်မှတ်သည်။ အဲသည်အချိန်ဟာ ဘယ်နေရာက ဘာအချိန်လဲဆိုလျှင် ဘယ်နေရာက ဘာအချိန်မှမဟုတ်။ ဒီဇင်ဘာ ၃၁ သည် ဒီဇင်ဘာ ၃၁ သာ ဖြစ်၏။ ကောင်းကင်ဂြိုဟ်နေတို့နှင့် မပတ်သက်။
(တစ်နှစ်ဟူသည်မှာ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးက သူရိယနေမင်းကို တစ်ပတ်(ကွက်တိ) ပတ်မိသောအချိန်ကို ခေါ်၏။ ဆိုလိုသည်မှာ ကမ္ဘာကြီးသည် သူစထွက်ခဲ့ရာအမှတ်ကို နောက်တစ်ချိန် ကွက်တိ ပြန်ရောက်ရန် ကြာသောအချိန် ဖြစ်သည်။)
            သို့သော် မြန်မာပြက္ခဒိန်မှာ ကောင်းကင်မှ နေလ၊ နက္ခတ်တာရာတို့နှင့် ချိတ်ဆက်ထားသည်။ အင်္ဂလိပ်နှစ်မှ နှစ်အစကို လက်ညှိုးထိုး၍ပြစရာမရှိသော်လည်း မြန်မာပြက္ခဒိန်မှ နှစ်တစ်နှစ်၏အစကို ဟောဒါ ငါတို့နှစ်ရဲ့အစမှတ်ဘဲ ဟု လက်ညှိုးထိုးပြလို့ရသည်။
            မြန်မာနှစ်တစ်နှစ်၏အစမှတ်သည် ကောင်းကင်မှ သူရိယနေမင်းကြီးက ရာသီစက်ဝန်းကြီး၏ အစမှတ်ကို ၀င်ချိန် ဖြစ်၏။ မိုးကောင်းကင်ပေါ်မှ ကြယ်စုများကို နက္ခတ် (၂၇) လုံး၊ ရာသီအားဖြင့် မိဿ၊ ပြိဿ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် ဟု (၁၂) ရာသီ ခွဲစိတ်ထား၏။


နေမင်းကြီးသည် မိန်ရာသီ နောက်ဆုံးန၀င်းမှ မိဿရာသီ ပထမန၀င်းသို့ စတင်ဝင်ရောက်ချိန်ကို (အကြမ်းဖျဉ်း အားဖြင့်) နှစ်တစ်နှစ်၏ အစဟု ခေါ်၏။
သို့သော် ဤလောက်မရှင်းပါ။ ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၃.၅ ဒီဂရီတိမ်းစောင်းလည်ပတ်နေခြင်းကို အကြောင်းပြု၍ အာယနအံသာဆိုတာဖြစ်လာသည်။ (မသိသူများ မသိသလိုသာ ထားလိုက်ပါ။) ထို့ပြင် ကမ္ဘာကြီးက နေမင်းကို ပတ်နေတာ လုံးဝစက်ဝိုင်းပုံမဟုတ်မူ၍ အီလစ်ပုံ (ကြက်ဥပုံ အနည်းငယ် ရှည်မျောမျော) ဖြင့်ပတ်နေသဖြင့် နေသွားနှုန်းမှာ အမှန်မရှိ။ နှေးလိုက် မြန်လိုက် ဖြစ်နေသည်။ ထို့ကြောင့် တွက်ရလွယ်စေရန် ပျမ်းမျှနှုန်းဖြင့် တွက်ကြသည်။
၎င်းကို ဖုဋတနင်္ဂနွေနှင့် မဓျတနင်္ဂနွေဟု ခေါ်သည်။
မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ်ဝင်ချိန်အား မြန်မာပြက္ခဒိန်တွင် သင်္ကြန်ကျချိန်ဟု သတ်မှတ်သည်။ မိဿရာသီသို့ မဓျတနင်္ဂနွေဂြိုဟ်ဝင်ချိန်အား သင်္ကြန်တက်ချိန်ဟု သတ်မှတ်သည်။ ထိုအချိန်နှစ်ခု၏ ကြားကာလမှာ သင်္ကြန်ကာလဖြစ်ပြီး ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့်ရှိသည်။ (သောက်ကျိုးနဲ၊ ရှင်းလိုက်ခါမှ ပိုရှုပ်ကုန်ပြီ။ ပိုပြီးရှင်းရှင်းလင်းလင်း သိလိုသူများ ဗေဒင်သင်ကြပါခင်ဗျား။)

            ထို့ကြောင့် -

          မြန်မာနှစ်တစ်နှစ်၏အစမှာ “သင်္ကြန်တက်ချိန်” ဖြစ်ပါသည်။ ပို၍ တိတိကျကျပြောရလျှင် သင်္ကြန်တက်ချိန်၏ နောက်တစ်စက္ကန့် ဖြစ်၏။
           
            ၂၀၁၄ ခုနှစ် သင်္ကြန်ကျချိန် မှာ ၁၄၊ ၄၊ ၂၀၁၄ (မြန်မာ ၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်နေ့) နံက် ၁၀ နာရီ၊ ၁၈ မိနစ်၊ ၃၉ စက္ကန့် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သင်္ကြန်တက်ချိန်မှာ ၁၆၊ ၄၊ ၁၄ ရက် (မြန်မာ ၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်) နေ့ နေ့လည် ၂ နာရီ၊ ၂၃ မိနစ်၊ ၂၀ စက္ကန့် ဖြစ်သဖြင့် မြန်မာနှစ်ဆန်းချိန်တွင် ဟက်ပီးနယူးရီးယားအော်လိုသူ လူငယ်၊ လုံမငယ်များ အနှီသင်္ကြန်တက်ချိန် ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီ ၂၃ မိနစ်တွင် အော်ကြရန် ဖြစ်ပါသည် ခင်ဗျား။
            ထိုအခါ မြန်မာနှစ်ဆန်းရက်များသည် အမြဲပြောင်းနေသည်။ မှတ်ရမလွယ်။ ထို့ကြောင့် အင်္ဂလိပ်လို ဧပြီ ၁၄ ရက်ဟု မှတ်ရခြင်း ဖြစ်သတည်း။
မှတ်ချက်။            ။ မြန်မာနှစ်တစ်နှစ်တွင် ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၅၆ စက္ကန့် ရှိပါသည်။
            ထို့ကြောင့် မြန်မာနှစ်ဆန်း (၁) ရက်သည် တန်ခူးလပြည့်ကျော် (၃) ရက်နေ့ဖြစ်၏။ ဆိုလိုသည်မှာ ၁၃၇၅ ခုနှစ်၏ နောက်ဆုံးနေ့သည် တန်ခူးလပြည့်ကျော် (၂) ရက်နေ့ဖြစ်ပြီး ၁၃၇၆ ခုနှစ်၏ ပထမဆုံးနေ့သည် တန်ခူးလပြည့်ကျော် (၃) ရက်နေ့ဖြစ်သည်။
၁၃၇၅ ခုနှစ် နှောင်းပိုင်းမှရက်များဖြစ်သဖြင့် တန်ခူးလဆန်း (၁) ရက်နေ့မှသည် တန်ခူးလပြည့်ကျော် (၂) ရက်နေ့ထိ ရက်များကို နှောင်းတန်ခူး ဟုလည်းကောင်း၊
            ၁၃၇၆ ခုနှစ် နှစ်ဦးပိုင်းမှရက်များဖြစ်သဖြင့် တန်ခူးလပြည့်ကျော် (၃) ရက်နေ့မှသည် တန်ခူးလကွယ်ထိ နေ့ရက်များ ကို ဦးတန်ခူး ဟုလည်းကောင်းခေါ်ကြောင်း၊ တွံ - အသင် ခေတ်ပေါက် လူငယ်၊ လုံမငယ်များသည်၊ ဂဏှာဟိ - မှတ်သား ကြလေကုန်သတည်း။
  
(၃) သင်္ကြန်ဟူသည်

''သင်္ကြန်တာကူး၊
နှစ်ဦးညောင်ရေ၊
စာပလွေခင်း၊
ပဉ္စင်းတော်ခံ၊
စာရေးတံနှင့်
မြစ်ယံပွဲကြီး
ဆီမီးထွန်းချိန်၊
ကထိန်နတ်ကျင်း၊
မြင်းခင်းထွက်ဝင်၊
သဘင်မီးပုံး၊
ဂူလုံးသဲပုံ'' ဟု ဆယ့်နှစ်လရာသီ ပွဲတော်များရှိ၏။ (အင်မတန်ပျော်တတ်တဲ့ လူမျိုးပေကိုး ခင်ဗျ)
           
            သင်္ကြန်ဟူသည် သင်္ကန္တ မှ လာ၏။ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ အဘယ်ကူးပြောင်းသနည်း။ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဘာဏုရာဇာနေမင်းကြီးသည် မိန်ရာသီမှသည် မိဿရာသီသို့ ကူးပြောင်းဝင်ရောက်ခြင်းကို ဆို၏။ သို့ဆိုလျှင် သည်နေလုံးကြီး အနှီနေရာမှ ထိုနေရာသို့ ဤအချိန်တွင် ကူးပြောင်းဝင်ရောက်သည်ကို မည်ကဲ့သို့သိသနည်း။ နက္ခတ္တဗေဒတွက်ကိန်းများအရ သိသည်။
            ရေကစားခြင်းကိုမူ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ မဆောင်ယူလိုမူ၍ ဆေးကြောသည်ဟု အဓိပ္ပာယ် ကောက်ယူကြ၏။ ရေဟူသည် အေးမြသောဓာတ်သဘာဝ ရှိသောကြောင့်လည်း မေတ္တာနှင့်တင်စားကာ သတ္တ၀ါအများကို ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း မေတ္တာဓာတ်များ သွန်းလောင်းသည်ဟုလည်း တင်စားပါသည်။ မည်သို့ပင်ယူယူ ကောင်းသော အဓိပ္ပာယ်များချည်းဖြစ်၏။
            ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဟူသည့် မြန်မာ့ထုံးစံကို လေးစားလိုက်နာလျှက် သင်္ကြန်အခါ သမယတွင် လူကြီးသူမများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ ဖွယ်ဖွယ်ရာရာတို့ဖြင့် ပူဇော် ကန်တော့ခြင်းများ ပြုလုပ်ကြ၏။ လိမ္မာသော သားသမီးများကတော့ ဥပုသ်သီလဆောက်တည်ခြင်း၊ ရိပ်သာဝင်ခြင်းတို့ဖြင့် အချိန်ကို တန်ဘိုးရှိစွာ အသုံးချကြသည်။
            သင်္ကြန်ပေကပဲ။ လူငယ်တို့ဘာဝ ပျော်ကြပါးကြတာ ဘာမှမဆန်းပါ။ သို့သော်လည်း မလွန်စေနှင့်ပေါ့။ ခေတ်၊ ခေတ် ဆိုပြီး ကောင်းတာတော့ အတုယူဘို့မကြိုးစား၊ မဟုတ်တာ လျှောက်လုပ်နေသူများကိုတော့ဖြင့် အများက မျက်စိစပါးမွေး စူးကြပါမည်။ သူများမရှက်တောင် ကိုယ့်ကိုယ်ကိုယ် ရှက်တတ်ပါ။ မိကောင်းဖခင် သားသမီးဆို ဒီလိုလုပ်ပါ့မလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြပါ။



            သက်ဆိုင်ရာလူကြီးသူမများကလည်း - င်လှန် တုတ်နှင့်ရိုက် (ဟုတ်ပေါင်) ပြောဆိုဆုံးမကြရန် လိုပါသည်။ အဲလေ၊ အမေလုပ်တဲ့သူ ကိုယ်နှိုက်က သမီးနဲ့ပြိုင်ကဲနေရင်တော့ ဘယ်လိုလုပ်ရပါ့။ လွှတ်တော်သာ တက်အော်ဘို့ ရှိတော့သည်။


သင်္ကြန်တွင်းမှာ မိတ်သဟာ
ချမ်းသာကိုယ်စိတ် မြဲပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၈၊ ၃၊ ၂၀၁၄။ ၀၀း၁၅ နာရီ

No comments: