Friday, September 6, 2013

Big Splash - (စင်ကာပူရောက် ပရဟိတအဖွဲ့များ)

အမှန်က ကျွန်တော် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) စာအုပ်ကို ဒီဇင်ဘာလမတိုင်မီ အပြီးရေးချင်၍ တခြားဘာမှ မလုပ်တော့ဘဲ စာအုပ်ကိုသာ ဇောက်ချရေးရန် ဆုံးဖြတ်ထားတာ ဖြစ်ပါသည်။ သခွတ်ပင်က မီးတကျည် ဖြစ်နေသော safety သင်တန်းမှ assignment များကလည်း ခုမှပြီးသွားသဖြင့် လွတ်လွတ်လပ်လပ် ရေးမည်ကြံကာရှိသေး ကိုသောင်းတန်က ဖုံးဆက်လာပြန်၏။

အခြားမဟုတ်။ လူကြီးမင်းတို့ သိတော်မူကြသည့်အတိုင်း လူအများနှုတ်ဖျား တရွရွဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာမည့်ကိစ္စဖြစ်၏။ သူက ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာလျှင် အခွင့်အရေးရတုံး စင်ကာပူမှ ပရဟိတ အဖွဲ့များ၏ ဆောင်ရွက်နေပုံများကိုလည်း ပြောလိုက်ချင်သည် ဆို၏။ သူကသာ လောဆော်နေသော်လည်း ကျွန်ုပ်မှာ ရေခဲတုံး ဖင်ခုထိုင်ထားသကဲ့သို့ အေးတိအေးစက်ဖြစ်နေလေရာ သူ့မှာမနေနိုင်မထိုင်နိုင် လက်လှမ်းမီသမျှ စင်ကာပူမှ အဖွဲ့များကို စုံစမ်းမေးမြန်း၊ ဆက်သွယ်ရမည့်နံပါတ်များယူလျှက် ဒေါ်သန်းသန်းနုထံ သွားပေးပြီး အကျိုးအကြောင်း ပြောပြလေ၏။ ထိုအခါ ဒေါ်သန်းသန်းနုက သူပေးထားသည့် ဖုံးနံပါတ်များလိုက်ဆက်။

အချို့လူများမှာ တစ်ဖက်သား အားမှန်းမသိ၊ မအားမှန်းမသိ ကိုယ်ပြောချင်တာချည်း၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ တစ်ဖက်မှ အရမ်းရောကာရော ဇွတ်အတင်းပြောနေလေရာ ဒေါ်သန်းသန်းနုမှာ စိတ်ရှည်လက်ရှည် ပြန်ရှင်းပြရှာပါသည်။ ဘေးမှထိုင်နားထောင်နေရသည့် ကျွန်တော်သည်ပင်လျှင် စိတ်တိုလာပါသည်။ အစ်မကြီးမို့သာ အဲသလောက် စိတ်ရှည် လက်ရှည်ရှင်းပြနေတာ၊ ကျွန်တော်သာဆို ဘုတောလွှတ်လိုက်တာကြာပြီ ဟုပြောသောအခါ ဘယ်တတ်နိုင်မလဲရှင်၊ ကျွန်မတို့က အများနဲ့ဆက်ဆံနေရတာမဟုတ်လား ဟု ပြော၏။ သြော်၊ ဒါ့ကြောင့်လည်း အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတာပေပဲ ဟု ကျွန်တော် အလွန်လေးစားမိပါသည်။ ကိုယ့်စိတ်နှင့် မတွေ့လျှင် ဘုတောတတ်သည့် ကျွန်တော့်လိုလူမျိုး မအောင်မြင်တာ ဘာဆန်းပါသလဲ။

ကျွန်တော်ကတော့ လိုရင်းတိုရှင်းသာ ပြောပါသည်။ စင်ကာပူမှ ပရဟိတအဖွဲ့များ၏ ဆောင်ရွက်မှုအကျဉ်းကို စုစည်းကာ စာစောင်လေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ပေးလိုက်ရန်ဖြစ်၏။ ကိုသောင်းတန်က အီးမေးနဲ့ ပို့လိုက်ပါလားဗျာ ဟု ဆိုလေသော် ကိုရင့်လို ဘာကောင်မှမဟုတ်တဲ့လူ့ဆီက အီးမေးလောက်ကတော့ ဟို တစ်ကမ္ဘာလုံး သူ့လုပ်စာစားနေရတဲ့ မျက်နှာထားနဲ့ အမျိုးသမီးလက်ထဲမှာတင် ပျောက်သွားမှာပေါ့ဗျ ဟု ဘုတောလိုက်ပါ၏။

ချုပ်ရလျှင် ကျွန်ုပ်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းအကျဉ်းကို ပြင်ပေးလိုက်ကာ အခြား စင်ကာပူရောက် ပရဟိတအဖွဲ့များသို့ လက်ဆင့်ကမ်းပြီး ထိုအတိုင်းပြင်ဆင်လျှက် ကျွန်ုပ်ထံပြန်ပို့ပေးရန် ၄၊ ၉၊ ၁၃ ရက်နေ့ညက ကိုသောင်းတန်ဆီ ပို့လိုက်ပါသည်။ မောင်မင်းကြီးသားက ၂ ရက်ကြာသည့်တိုင် ဘာမှမလုပ်။ ယနေ့ ဖုံးဆက်တော့မှ ဟုတ်လား ဟု ဆိုပါသည်။ ဤကဲ့သို့သော ဇွဲလုံ့လများနှင့် မြန်မာပြည်ကြီးကို အဘယ်ကဲ့သို့ ထူထောင်ရပါမည်နည်း။

သည်တော့ ကျွန်တော် စိတ်ကူးတစ်ခု ရပါသည်။

စင်ကာပူတွင် သူတစ်လူ၊ ငါတစ်မင်း။ ကိုယ့်အစီအစဉ်နှင့်ကိုယ် လှုပ်ရှားနေသည့် မြန်မာအဖွဲ့များ များစွာရှိပါသည်။ ပရဟိတအဖွဲ့၊ ပညာရေးအဖွဲ့၊ မြို့နယ်အဖွဲ့၊ ကျောင်းအဖွဲ့၊ ဘာသာရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့၊ အမေချစ်သူများအဖွဲ့၊ ယောက္ခမချစ်သူများအဖွဲ့၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ စသည့် အဖွဲ့များစွာ ရှိလေ၏။ ကမ္ဘာ့လူမျိုး တစ်ရာ့တစ်ပါးတွင် မြန်မာတို့လောက် အသင်းအဖွဲ့များတာ ရှိအံ့မထင်။ သို့သော်လည်း အဖွဲ့အားလုံးလိုလိုမှာ ကောင်းရာကောင်းကြောင်း လုပ်နေကြသောအဖွဲ့များဖြစ်သဖြင့် ကောင်းချီးနုမော် သာဓုခေါ်ပါ၏။

သူများတိုင်းပြည်တွေမှာဆို ခွေးချစ်သူများအဖွဲ့၊ ကြောင်ချစ်သူများအဖွဲ့။ သည်မျှမက သောက်ကျိုးနည်း၊ ဘာတဲ့၊ လိင်တူချစ်သူများအဖွဲ့ တဲ့။ အရှက်ကလည်း နည်းပါ့။ ကိုယ့်ဟာကိုယ် ဟိုဟာကို ရိုးရိုးသားသား သူများတွေလိုမလုပ်ဘဲ အဆန်းထွင်ပြီး ဟ၀ှာလုပ်တာများ ကြော်ငြာနေလိုက်ရသေး။ ကမ်းကို ကုန်ပါရော့။

Big Splash

If all the oceans were one ocean, what a great ocean that would be
If all trees were one tree what a great tree that would be
If all the men were one man what a great man that would be
If all axes were one axe what a great axe that would be
And if the great man takes the great axe, and cuts down the great tree
And it fell into the great ocean, what a big splash that would be

အကယ်၍သာ ကျွန်ုပ်တို့ ဤအစည်းပြေနေသော ၀ါးများကို စုစည်းနိုင်ခဲ့လျှင် - - -

ထားပါတော့။ စိတ်ကူးယဉ်ဇာတ်လမ်းများ မပြောကြပါစို့နဲ့။ ၂ ယောက်ရှိလျှင် ၃ ပါတီကွဲသည်ဟု ဆိုရိုးစကားရှိသော သည်လူများကို စုစည်းဘို့ရာ အလွန်စိတ်ကူးယဉ်ဆန်လှပါသည်။

ကျွန်တော်စိတ်ကူးသည်မှာ သည်ဝါးများကို လိုက်စုစည်းရန်မဟုတ်။

ဤအဖွဲ့များ၏ဆောင်ရွက်ချက်များကို စုစည်းကာ စာစောင်တစ်ခုအဖြစ် ထုတ်ဝေရလျှင် မှတ်တမ်းမှတ်ရာတစ်ခုအနေနှင့် ကျန်ခဲ့မည်။ လူကြီးများလည်း သိသွားနိုင်သည်။ (အသက် ၅၀ ကျော်နေပြီဖြစ်သည့် ကျွန်တော့်မှာ ခုထိ လူကြီးမဖြစ်သေး?)
ထို့ကြောင့် ပရဟိတလုပ်နေသည့် စင်ကာပူမှ အဖွဲ့များခင်ဗျား။ ကျွန်တော့်အီးမေး (aye475@gmail.com) သို့ လူကြီးမင်းတို့ အဖွဲ့၏ ဆောင်ရွက်ချက်များကို အကျဉ်းဖြစ်စေ၊ အကျယ်ဖြစ်စေ ပို့ပေးပါရန် မေတ္တာရပ်ခံပါသည်။

အကျဉ်းရေးပုံ နမူနာ


ဒေါ်အောင်ဆန်းစုကြည်သို့ တင်ပြရန် စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များ၏ ဆောင်ရွက်ချက် အကျဉ်း


ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၆၊ ၉၊ ၂၀၁၃ ည ၁၀း၁၈ နာရီ

No comments: