Monday, September 23, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက်မြန်မာများ တွေ့ဆုံခြင်း

(၁)

လှလိုက်သည့်ပွဲ။

လူ ၅၅၀၀ ကျော် ပရိသတ်ကို ဘာရုန်းရင်းဆန်ခတ်မှမဖြစ်ဘဲ စည်းကမ်းကျနစွာ သေသေသပ်သပ် ကျင်းပလိုက်နိုင်ခြင်း အတွက် ကျွန်တော် အလွန်ကျေနပ်မိပါသည်။ ဤကဲ့သို့ဖြစ်အောင် မအိပ်မနေကြိုးစားခဲ့သော မြန်မာကလပ်နှင့် ၎င်းတို့ကို ၀ိုင်းဝန်းပံ့ပိုးပေးကြသူ အားလုံးအားလည်း အထူးကျေးဇူးတင်ပါသည်။

အထူးသဖြင့် လူပင်ငယ်သော်လည်း ပွဲကြီးတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲသွားနိုင်သည့် ကိုဖြိုးမင်းခိုင်နှင့် ကိုဝေယံမင်းထက် တို့ကို နာမည်ထုတ်ဖော်၍ မချီးကျူးဘဲ မနေနိုင်ပါ။ သို့သော်လည်းလေ လူပေပဲ၊ ဘယ့်နှယ် ခြောက်ပစ်ကင်း သဲလဲစင်တော့ ရပါမတုံး။ ချို့ယွင်းချက်၊ အားနည်းချက်များရှိသည်ပေါ့။ သို့သော် ဒါ အပြစ်မဟုတ်ပါ။ နောင် အချိန်မရွေးပြင်လို့ရသော အရာများ ဖြစ်ပါသည်။ ဤအကြောင်း နောက်ပိုင်းတွင် အသေးစိတ်ရေးပါမည်။

မနေ့က အစမ်းလေ့ကျင့်ရာသို့ ကျွန်တော်တို့ ရောက်သည်။ အားလုံးပြီးမှ ပြန်သည်။ ယနေ့ ပွဲမစမီ အစောကြီးကတည်းက ကျွန်တော်တို့ ကြိုရောက်ကာ စီစဉ်၊ နေရာချကြသည်။ နောက်ပြီး ပတ်စာခွါ၊ ဖျာသိမ်းမှ ပြန်လာသည်။ ပွဲအစအဆုံး (အဲလေ၊ ဟိုဆရာကြီး တစ်ချက် လျှာခလုတ်တိုက်သွားတာကလွဲလို့) ဘာမှ ထွေထွေထူးထူး ပြောစရာမရှိဘဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ ရထားစီးတာကစ လူအများကြီးဆိုသော်လည်း သူ့ဟာနှင့်သူ စည်းစနစ်တကျ တန်းစီစနစ်ဖြင့် အေးအေးဆေးဆေး စီးသွားကြတာဖြစ်သောကြောင့် ရုန်းရုန်း ရုန်းရုန်းမဟုတ်ဘဲ၊ ပီဘိ အေးအေးဆေးဆေး ဖြစ်၏။

CISCO ရဲက ခွင့်မပြုသဖြင့် ထီးများအပေါက်ဝတွင် ထားခဲ့ရသူများအတွက်တော့ စိတ်မကောင်းပါ။ ခေါက်ထီး အလက် ၅၀ လောက် (သည့်ထက်ပိုချင်ပိုပါမည်) အပေါက်ဝတွင် စုပုံနေပါသည်။ ပွဲအပြီးတွင် ပိုင်ရှင်များ ပြန်လာရွေးမရွေး မသိပါ။


(၂) 






ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပေါင်းများစွာကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကျွန်တော်နားထောင်ဖြစ်ပါသည်။ သူ့ခရီးစဉ် တော်တော်များများနှင့် လှုပ်ရှားမှုများကိုလည်း အခြားမြန်မာများကဲ့သို့ပင် ကျွန်တော် ဂရုတစိုက် စောင့်ကြည့် လေ့လာပါသည်။ သူ ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေပြောသလဲ စသည်။

ကျွန်တော့်စိတ်ထဲရှိတာ ရိုးရိုးသားသားပြောရလျှင် သည်ကနေ့မတိုင်မီအထိ သူမကို ကျွန်တော်တို့နိုင်ငံအား ဦးဆောင်မှု ပေးနိုင်တာ သေချာရဲ့လား ဆိုတာ မပြတ်သားပါ။ အင်း၊ ဖြစ်နိုင်မယ်ထင်ပါရဲ့ ဟု ၀ိုးတ၀ါးမျှသာ ဖြစ်ပါသည်။ ဤသည်မှာ သူမ ညံ့လို့ မဟုတ်။ သူမ ပြောဆို၊ ပြုမူ၊ လှုပ်ရှားဆောင်ရွက်နေတာတွေ မြင်နေပါရက်ကနဲ့ မဆုံးဖြတ်နိုင်သည့် ကျွန်တော့် ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။

ယနေ့ သူပြောသွားသည်များကို တစ်လုံးမကျန် ကျွန်တော် သေသေချာချာ ဂရုစိုက် နားထောင်ခဲ့၏။ သူမ ပြောသည့်စကားများ က သူမ၏ ပညာထုထည်ပမာဏနှင့် ဆုံးဖြတ်နိုင်စွမ်းကို ဖော်ပြနေကြသည်။ မြန်မာနိုင်ငံအနေနှင့်ရော ကျွန်ုပ်တို့ နိုင်ငံသားများ အတွက်ပါ အလွန်တန်ဘိုးရှိလှသော စကားများ ဖြစ်ပါသည်။ (ထမင်းတစ်နပ်လျှော့စားပါလား)၊ (ဖယောင်းတိုင်ထွန်းပါလား)၊ (ငါသာ အသိဆုံးအတတ်ဆုံး) တို့နှင့် နှိုင်းစာလျှင်ကား နံ့သာဆီနှင့် အီး ပမာ ဖြစ်လေတော့၏။

သည်ကနေ့ သူမကိုယ်တိုင် ပြောတာကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရတော့ ယခင် သံသယများ အားလုံး၊ ပိန်းကြာရွက်ပေါ် တင်နေသည့် ရေစက်ကဲ့သို့ လျှောကျ ပျောက်ကွယ်သွားသည်။ သူမသည်သာ ကျွန်တော်တို့နိုင်ငံကို ဦးဆောင်ထိုက်သူ၊ ဦးဆောင်မှု ပေးနိုင်မည့်သူဆိုတာ ကျွန်တော် သေချာသွားပါသည်။

ကျွန်တော်အကြိုက်ဆုံးမှာ သူမ၏ ရိုးသားမှု ဖြစ်၏။ သူ့မျက်နှာထား၊ လေသံ၊ ပြောဟန်ဆိုဟန်များမှာ ပကတိ ရိုးစင်းလှသည်။ သူက နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ယောက် ဟန်ပန်၊ အလွန်ထယ်ဝါဟန်ဆောင်ထားကာ ပါးစပ်နှင့်မဆန့်သော စကားလုံး ထွားထွားကြီးများကို အလွတ်ကျက်လျှက် သူများကို စာချနေသည့်ပုံစံမျိုးမဟုတ်။

သူပြောနေပုံက ကွဲကွာနေသည့် ဆွေမျိုးသားချင်းများအား စကားပြောနေသည့် ပုံစံမျိုးဖြစ်သည်။ ကိုယ့်စိတ်ထဲရှိသည့် စေတနာအရင်းခံကို ပြောနေမှန်း သိသာထင်ရှားလှသည်။ မျက်နှာနေ၊ မျက်နှာထား၊ ပြောဟန်ဆိုဟန်၊ လေယူလေသိမ်း၊ သူသဘောကျသည့်အချက်များတွေ့လျှင် ရီလိုက်ပုံကအစ အားလုံး ပီဘိ သဘာဝအတိုင်း ဖြစ်၏။ ဘာဟန်ဆောင်မှုမှမပါ။ ဘယ်စာကိုမှ ကျက်ပြောနေတာမဟုတ်။ ကိုယ့်အယူအဆကို ကိုယ် တင်ပြသည်။ ကိုယ်ဖြစ်စေချင်တာကို ကိုယ်ပြောသည်။ ဒါပဲဖြစ်၏။

ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို အဘယ်ကြောင့် အသည်းစွဲချစ်ကြသနည်း။ သူ့ရင်ထဲမှ စေတနာအရင်းခံကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် စင်ပေါ်မှနေ၍ ကျွန်ုပ်တို့အား ဖာနိုင်ငံဖြစ်မှာဘဲ၊ ပြဲအောင်လုပ်နိုင်မှ စသဖြင့် အလွန် ရုန့်ရင်း ကြမ်းတမ်းလှသော စကားလုံးများဖြင့် ဆဲကာဆိုကာ ပြောသွားသည်ကို ကျွန်တော်တို့ နာနိုင်ကြပါသလား။ သူဤကဲ့သို့ ဆဲသဖြင့်ပင် အချစ်ပိုကြရသေး၏ မဟုတ်လော။ အကယ်၍ ဟိုလူကြီးများသာ ကျွန်တော်တို့ကို သည်လိုပြောကြည့်ပါလား။ သန်းခြောက်ဆယ်မျှသော တံတွေးခွက်တွင် ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်သွယ်ဖြင့်ပင် ငုပ်ချည် ပေါ်ချည် ဖြစ်သွားလိမ့်ဦးမည်။

အဘယ်ကြောင့်နည်း။ စေတနာ ဖြစ်ပါသည်။ တိုင်းပြည်ကို ကောင်းစားစေချင်သည့် ရင်ထဲမှ စေတနာဖြစ်၏။


ယနေ့လည်း ဗိုလ်ချုပ်၏သမီးက ပြောပါသည်။ ကျမတော့ အနစ်နာခံရပါတယ်ဆိုတဲ့သူတွေကို သိပ်ကြောက်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အနစ်နာခံရတာနဲ့ တန်အောင် ပြန်တောင်းမှာမို့လို့ပါ ဟု ရီကာမောကာ ပြောသွားပါသည်။ နောက်ပြီး ကျမ ပေးဆပ်လိုက်ရတာတွေအတွက် ဘယ်တော့မှ အနစ်နာခံရတယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ ရွေးခဲ့တဲ့လမ်း မို့လို့ပါ ဟု ပြောပါသည်။ ကျွန်တော်အလွန်ကြိုက်လှ၏။

နောက်ပြီး ကျွန်တော်တို့အားလုံး မပြတ်မသားဖြစ်နေသည့်၊ ကျွန်တော်တို့လုပ်ရမည့်လမ်းကိုလည်း ညွှန်ပြသွားပါသေးသည်။

သူ ကျောင်းသားလေးများအား မင်းတို့ မြန်မာပြည်ပြန်ကြဘို့ စိတ်ကူးရှိကြလား ဟု မေးကြည့်ရာတွင် သူတို့က အခြေအနေ ကောင်းရင် ပြန်မှာပါ ဟု ဖြေသည်ဆို၏။ သူမက အဲဒီအခြေအနေကောင်းဆိုတာကို သူများလုပ်ပေးတဲ့ထိ စောင့်မနေပါနဲ့၊ ကိုယ့်ဟာကိုယ် ဖန်တီးယူပါ။ ကိုယ့်ဟာကိုယ် ဖန်တီးနိုင်အောင် ကြိုးစားကြပါ ဟု တိုက်တွန်းပြောဆိုသွားလေသည်။

ဤသည်ကို ကျွန်တော် အလွန်သဘောကျပါသည်။ ကျွန်တော်တို့သည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးရန် မကြိုးစားချင် ကြဘဲ အခြားသူများ လုပ်ပေးမှာကို ထိုင်စောင့်နေကြလေသည်။ စင်ကာပူတွင်တော့ spoon feed ဟု ခေါ်၏။ ဘာမှ ချက်စရာ၊ ပြုတ်စရာ၊ ခူးခပ်စားစရာမလိုဘဲ လူကြီးမိဘ ခွံ့အကျွေးကိုသာ အသာလင့်အသင့် စောင့်နေခြင်းကို ခေါ်သည်။ သူတို့အစိုးရက တိုင်းသူပြည်သားများကို အစစ အဆင်ပြေအောင် လိုက်လုပ်ပေးရာတွင် သုံးနှုန်းခြင်း ဖြစ်၏။

သူက သည်လိုပြောသည့်အတွက် သိပ်မပြတ်မသားဖြစ်နေသေးသော ကျွန်တော်တို့အား ဒါလုပ်ပါဟု မီးမောင်းထိုးပြလိုက် သလို ဖြစ်၏။

နောက်တစ်ချက်။ ကျောင်းသင်ပညာရေးနှင့် ပတ်သက်၍ သူ့အယူအဆနှင့် ကျွန်တော့်အယူအဆမှာ တစ်ထပ်တည်း ဖြစ်၏။ ပညာရေးအပေါ်ခံယူချက်နှင့် ပတ်သက်၍ ပညာသင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက် ဟု ကျွန်တော် ရေးခဲ့ဖူးပါသည်။ ဤအကြောင်းကို လေးမျက်နှာနှင့် ကွင်းကောက်တို့တွင်လည်း ကျွန်တော် ဟောပြောပွဲလုပ်ခဲ့ပါသေး၏။ သည်တစ်ခေါက် ပြန်လျှင်လည်း လက်လှမ်းမီသမျှ ကျောင်းများသို့ သွားပြောပါဦးမည်။

သူက ကျောင်းတက်တာကို ထမင်းစားလက်မှတ်တစ်စောင်ရရုံမျှသာ သဘောမထားကြဘဲ တကယ့်ပညာဆိုတာကို ဆရာ၊ ဆရာမများကရော မိဘများကပါ ကောင်းစွာသဘောပေါက် နားလည်ပြီး သားသမီးများကို ဆိုဆုံးမကြဘို့ တိုက်တွန်းသွားပါ သည်။

နောက်ပြီး ဒေါ်စုက ယခုအခါ ယခင်ကာလများက သမိုင်းကြောင်းမကောင်းခဲ့သဖြင့် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းမလှ ဖြစ်နေရသည့်  မြန်မာဟူသော ပုံရိပ်ကို အားလုံးက ၀ိုင်းဝန်းပြီး ပြန်လည်မြှင့်တင်ကြဘို့လည်း တိုက်တွန်းသွားပါသည်။ ဤသည်မှာ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိသည်။ သို့ဆိုလျှင် အဘယ်ကဲ့သို့ မြှင့်တင်မည်နည်း။ ဤသည်မှာ ခုနကပြောခဲ့သည့် ပညာရေးနှင့် ဆက်စပ်နေပါသည်။ ယခု ကျွန်တော်တို့ ရာထူးကြီးကြီးနေရာတွင် လခကောင်းကောင်း စားနေသည်မှာ တူအထုကောင်းလို့မဟုတ်။ ဂဟေ အဆော်ကောင်းလို့မဟုတ်၊ ကျောက်စက် အတိုက်ကောင်းလို့မဟုတ်။

အသိပညာကြောင့် ဖြစ်ပါသည်။ 
စင်ကာပူတွင် အခွင့်အလမ်းကောင်းများ လက်တစ်ကမ်းတွင်ရှိပါသည်။ ထိုအခွင့်အလမ်းများကို မည်ကဲ့သို့ရယူအသုံးချသနည်း ဆိုသည့်အပေါ်မူတည်ကာ မည်သည့်အဆင့်သို့ရောက်နေသည်ဆိုသည်ကို ဆုံးဖြတ်သွားတာ ဖြစ်ပါသည်။ မြန်မာဆိုတာ ခေတဲ့ကောင်တွေမဟုတ်ဘူးကွ ဟု အများအထင်ကြီးလာစေရန် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်ဘို့၊ အရည်အသွေး မြှင့်တင်ဘို့ လိုပါသည်။

ဤကဲ့သို့ အရည်အသွေးမြှင့်တင်သည်ဆိုရာတွင် အသိပညာတက်လာတာ၊ လက်မှတ်တွေများလာတာ မဟုတ်ကြောင်းကို လည်း ဒေါ်စုက ပြောသွားပါသေးသည်။ အသိပညာသည် ကိုယ်ရည်ကိုယ်သွေးအတွက် အလွန်သေးငယ်လှသော အချက်ကလေး တစ်ခုမျှသာ ဖြစ်လျှက် ထိုအသိပညာအပြင် ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ အယူအဆ၊ တွေးခေါ်မြော်မြင်ပုံ၊ စိတ်ထားမြင့်မြတ်ပုံ အားလုံးနှင့် ဆက်စပ်ပတ်သက်နေသည်။

နောက်ပြီး မြစ်ဆုံကိစ္စမေးလာသည်ကို ပြန်ဖြေသွားတာလည်း အလွန်သဘောကျစရာကောင်းပါသည်။ သူတို့ ဘာတွေ စာချုပ် ထားမှန်း ကျမတို့ ဘာမှ မသိရပါဘူး။ ဒီစီမံကိန်းကိုရပ်လိုက်ရင် ဘယ်လောက်လျော်ကြေးပေးရမယ် စသဖြင့် ဘာမှ မသိတဲ့ အတွက်၊ ဘာမှ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဘယ်လိုမှ မပြောနိုင်င်ပါဘူး။ ဒီစာချုပ်ကို လက်မှတ်ထိုးသွားတဲ့သူတွေ ကလည်း ဘာလို့ရှင်းမသွားတာလဲဆိုတာ သူမသိပါဘူး ဟု ဖြေသွားပါသည်။ သူပြောတာ မှန်ပါသည်။ ကိုယ်မသိတဲ့ကိစ္စကြီးကို ဘယ်လိုရှင်းရပါမတုံး။

နောက်ဆုံးပြောချင်သည်မှာ ဒီမိုကရေစီကိစ္စဖြစ်၏။ ဒီမိုကရေစီရေးအတွက် အရေးကြီးဆုံးအချက်ကား ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြောင်းလဲရေးဖြစ်သည် ဆိုပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ မှားယွင်းနေသော ကုထုံးဖြင့် အဘယ်ကဲ့သို့ လူနာကို ကုစားပါမည်နည်း။ လူနာ နလံထလာအောင် ကုထုံးကို ပြင်ရပါမည်။

အချိန်ယူပြီး မိန့်ခွန်းမူရင်းကို နားထောင်ကြည့်ပါ။



သူမ ယခု အသက် ၆၈ နှစ်ရှိပါပြီ။ မငယ်တော့ပါ။ ကျွန်တော့်အမေနှင့် ရွယ်တူနီးပါးဖြစ်၏။ အသက် ၇၀ နီးပါး အဖွားအိုတစ်ဦး အနေနှင့် သည်မျှ နေ့နေ့ညည မရပ်မနားလှုပ်ရှားနေရခြင်းအပေါ် စာနာသနားမိပါသည်။ ယခုပွဲအပြီး နောက်တစ်ပွဲဆက်ရ ဦးမည်။ ကျွန်တော်တို့ပွဲမပြီးခင်ပင် အပြင်မှာ လာစောင့်နေကြပြီ။

ကျွန်တော်တို့လျှောက်ရမည့်ခရီးကား ဝေးသေးသည်။ မြန်မာပြည်အတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် သူမ၌အင်အားများ လိုသည်။ ထိုအင်အားများကား ကျွန်ုပ်တို့၏ အပြုံးများ၊ ထောက်ခံမှုများ နှင့် ပံ့ပိုးမှုများဖြစ်သည်။ ကျွန်ုပ်တို့တိုင်းပြည်အတွက် သူမကို ၀ိုင်းရံကြပါစို့။ တစ်ယောက်တစ်လက် ကြိုးစားကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။

ကျွန်တော် သူမကို အလွန်ချစ်ပါသည်။ ဤအတွက် ကျွန်တော် ယခင်ကထက် အလုပ်ပိုလုပ်ရပါလိမ့်မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

(ယခု ဗုဒ္ဓဟူးနေ့တင်ရမည့် Assignment နှစ်ခုရှိသဖြင့် ပွဲဖြစ်မြောက်ရေးကြိုးပမ်းမှုအကြောင်း နောက်မှ သီးသန့်ရေးပါမည်။)

No comments: