Tuesday, September 10, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၀)


၇၊ ၃၊ ၄။ နားအကာအကွယ် ကိရိယာများ (နားအဆို့ - Ear Plug, နားကြပ် - Ear Muffs)

            လူတို့သည် အသံများကို အချိန်တိုင်းကြားနေကြရသည်။ ကျယ်လောင်သော အသံများသည် လူတို့၏ အကြား အာရုံကို ချွတ်ယွင်းပျက်စီးစေနိုင်သည်။ နားမကြားခြင်းကို မည်သည့်ဆေးဝါနှင့်မှ ကုသ၍မရပါ။ နားပင်းခြင်းသည် ထာဝရ ဖြစ်၏။ ထို့ကြောင့် နားမလေးမီ ကြိုတင်ကာကွယ်ထားရန် အရေးကြီးပါသည်။


အသံ၏ပြင်းအားကို ဒက်စီဘယ် (dB) ဖြင့်တိုင်းပါသည်။ ဒက်စီဘယ်သည် လောဂရစ်သမ်စကေး ဖြစ်၏။ အသံကို နှစ်ဆချဲ့လိုက်ပါက 10 dB တိုးသည်။ ထို့ကြောင့် 30 dB ရှိသောအသံသည် 20 dB ရှိသောအသံထက် ဆယ်ဆလောက် ပိုပြင်းပြီး အသံနှစ်ဆပိုကျယ်သည်။ 40 dB ရှိသောအသံသည် 20 dB ရှိသော အသံထက် အဆတစ်ရာလောက် ပိုပြင်းပြီး အသံလေးဆလောက် ပိုကျယ်သည်။
            လူတို့ခံနိုင်ရည်ရှိသော ပမာဏကို PEL (Permissible Exposure Limit) ဟု ခေါ်၏။ လူတစ်ဦး၏ နားသည် ၈၅ ဒက်စီဘယ်ရှိသောအသံကို ၈ နာရီထိ ခံနိုင်ရည်ရှိသည်။ ၈ နာရီထက်ပိုကြားနေရလျှင် နားလေးဘို့ရာ အလားအလာများသည်။ အောက်ပါဇယား (Ref: စင်ကာပူစံနှုန်း CP 076 – Selection, Use, care of hearing protection) မှာ လူတစ်ဦး ခံနိုင်ရည် ရှိသော အသံအကျယ်များ ဖြစ်ပါသည်။ ထို့ထက်ပိုလျှင် နားလေးရန် မကြာတော့ပါ။


ထိုအသံအကျယ်များကို နားအကာအကွယ် ကိရိယာများဝတ်ဆင်ခြင်းဖြင့် လျှော့ချနိုင်သည်။ ထိုပစ္စည်းများသည် နားလေးခြင်းကို ကာကွယ်ရာ၌ အကောင်းဆုံးဖြစ်သည်။ နားလေးခြင်းသည် အချိန်တိုအတွင်းဖြစ်သည့်ရောဂါမဟုတ်သဖြင့် လူအများမှာ ဂရုမစိုက်ကြ။ နှစ်အတန်ငယ်ကြာမှ မိမိနားလေးနေမှန်း သိကြရသည်။ သိသည့်အခါတွင်မူ အချိန်နှောင်းသွားပြီ ဖြစ်၏။ ထို့ကြောင့် နားမလေးမီ ကြိုတင်ကာကွယ်ရန် အလွန်အရေးကြီးပါသည်။





ကျောက်စက်တိုက်ခြင်း၊ တူထုခြင်း၊ ကျောက်ခွဲခြင်း၊ ဖိအားမြင့်လေ (compressed air) သုံးခြင်း၊ ကွန်ကရိလောင်း ခြင်း၊ မီးစက်စသော အင်ဂျင်များအနီး၌ အလုပ်လုပ်ခြင်း စသည့်ဆူညံသည့် အလုပ်များလုပ်သည့်အခါ၊ သို့မဟုတ် ထိုအလုပ် လုပ်နေသည့် အနီးအနား၌ ရှိနေသည့်အခါများတွင် နားအကာအကွယ်များ ၀တ်ဆင်ရန်လိုပါသည်။
            နားအကာအကွယ်ကိရိယာ အမျိုးအစား အမျိုးမျိုးရှိသော်လည်း အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးနှစ်စား ခွဲနိုင်ပါသည်။ နားအဆို့ (အီးယားပလပ်) (ear plug) နှင့် နားအကာ (အီးယားမတ်ဖ်) (ear muff) တို့ဖြစ်၏။



ထိုနှစ်မျိုးအနက် နားအဆို့မှာ ဈေးသက်သာသည်။ ပေါ့ပေါ့ပါးပါး တပ်ဆင်နိုင်သည်။ သယ်ရလွယ်သည်။ မကောင်း တော့လျှင် အလွယ်တကူ ပြန်လဲလိုက်လို့ရသည်။ နားအကာမှာမူ ဈေးကြီးသည်။ တပ်ဆင်ရ အနည်းငယ် လေးလံသည်။ အသစ်လဲရန် ငွေကုန်ကျေးကြများသည်။ သို့သော် နားအဆို့ထက်စာလျှင် ၀တ်ဆင်ရ သက်တောင့်သက်သာ ပိုရှိသည်။ ဆူညံသံကို ပိုထိန်းနိုင်သည်။ ဆူညံသံကို မည်မျှထိလျှော့ချလိုသည်ကို ရွေးချယ်ဝယ်ယူနိုင်သည်။
            သို့တိုင် အလွန်ဆူညံသောအသံများကို နားအဆို့ သို့မဟုတ် နားအကာတစ်ခုတည်းဖြင့် ကာကွယ်ရန် မလုံလောက်။ ထိုအခါမျိုးတွင် နားအဆို့ရော အကာပါ နှစ်မျိုးလုံးဝတ်ဆင်ရန်လိုသည်။
            ဆူညံသံများမှ ထိရောက်စွာကာကွယ်ပေးနိုင်ရန် နားအဆို့နှင့် အကာများကို စနစ်တကျ ၀တ်ဆင်တတ်ရန် လိုပါ သည်။ အောက်တွင် နားအဆို့နှင့်အကာများ ၀တ်ဆင်နည်းကို ဖော်ပြထားပါသည်။
            နားအဆို့များမှာ နေ့စဉ်နှင့်အမျှ နားအတွင်းထည့်သွင်း ၀တ်ဆင်ရသည်ဖြစ်ရာ အမြဲသန့်ရှင်းနေရန် လိုပါသည်။ နားအဆို့ကို ဆပ်ပြာအနည်းငယ်ပါသည့် ရေဖြင့်ဆေးကြော သန့်စင်နိုင်ပါသည်။ မသန့်ရှင်းသော နားအဆို့သည် နားအတွင်း ယားယံမှုကို ဖြစ်စေ၏။ သို့သော် နားအကာ (ear muff) များကို ရေဖြင့်ဆေးကြော သန့်စင်ရန် မလိုပါ။ ဦးခေါင်းနှင့် ထိသည့် အပိုင်းကိုသာ ရေအနည်းငယ်ဆွတ်ထားသည့် အ၀တ်စဖြင့် သန့်ရှင်းပေးရန် လိုပါသည်။
            အသုံးမပြုသည့်အခါ နားအဆို့များကို ဘူးအတွင်း ထည့်သွင်း၍ စနစ်တကျ သိမ်းဆည်းထားရပါမည်။



စင်ကာပူတွင် နားကြပ်များအတွက် သတ်မှတ်ထားသော စံနှုန်းမှာ SS 549 - Code of Practice for Selection, use, care and maintenance of hearing protectors ဖြစ်ပါသည်။

၇၊ ၃၊ ၅။ လုပ်ငန်းသုံးအ၀တ်အစား (Working Suit, Coverall)

            လုပ်ငန်းခွင်သုံးအ၀တ်ဟူ၍ သတ်သတ်မှတ်မှတ် စံချိန်စံညွှန်းများ မရှိသည့်တိုင် မီး သို့မဟုတ် ဓာတုဆေးဝါးများနှင့် လုပ်ရသည့်နေရာများတွင်မူ မီးဒဏ်၊ ဓာတုဆေးများဒဏ် ခံနိုင်သည့် အ၀တ်များ ၀တ်ရပါသည်။ အင်္ဂလိပ်လို Fire Retardent Cloth (FRC) ဟု ခေါ်ပါသည်။ ထိုအ၀တ်များကို မီးခံပစ္စည်း (Flame Resistant Material) ဖြင့် ပြုလုပ်ထားသည်။ ထိုအ၀တ် များအတွက်မူ အပူချိန်မည်မျှရှိသည့် မီးဒဏ်ကို ဘယ်နှစ်မိနစ်ခံနိုင်ရမည်။ မည်ကဲ့သို့သော ဓာတုဆေးရည်များကို မည်မျှထိ ကာကွယ်ပေးရမည်ဆိုသည့် စံသတ်မှတ်ချက်များ၊ ဥပမာ - ASTM F1001-99A, ASTM F1461-07 စသဖြင့် ရှိပါသည်။ သို့သော် ဤနေရာတွင် ထိုစံနှုန်းများအကြောင်း အသေးစိတ် မဖော်ပြတော့ပါ။
ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လုပ်ငန်းသုံးအ၀တ် သီးသန့်မရှိဟုဆိုစေ အလုပ်လုပ်သည့်အခါ နေပူဒဏ် ခံနိုင်ရန်၊ အခြား ထိခိုက်ရှနာမှု ဒဏ်များမှကာကွယ်နိုင်ရန် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်များ ၀တ်ဆင်သင့်ပါသည်။ မြန်မာများဝတ်ဆင်သည့် လုံချည်မှာ အလုပ်လုပ်ရာတွင် သိပ်အဆင်မပြေလှပါ။ ခြေထောက်လုံရန် လုံချည်ကို ရှည်ရှည် ၀တ်လျှင် ဘိုသီဘတ်သီဖြစ်နေပြီး လုံချည်ကို တိုတိုဝတ်ပြန်ပါကလည်း ဒူးအောက်ပိုင်း ခြေထောက်ကို အကာအကွယ် မပေးနိုင်ပါ။ ထို့ပြင် လှုပ်ရှားရာ၌လည်း ဘောင်းဘီလောက် မလွတ်လပ်ပါ။
လုပ်ငန်းသုံးအ၀တ်များ၌ အင်္ကျီသပ်သပ်၊ ဘောင်းဘီသပ်သပ်ရှိသလို အင်္ကျီနှင့်ဘောင်းဘီတွဲလျက်လည်း ရှိပါသည်။ မိမိနှစ်သက်ရာ ရွေးချယ်ဝတ်နိုင်ပါသည်။ မီးနှင့်အလုပ်လုပ်ရသော ဂဟေဆော်သူများ ၀တ်သည့်အင်္ကျီကို နှစ်ထပ် ချုပ်ထား လေ့ရှိ၏။ မီးပွားများကျပါက အပေါ်လွှာကိုသာမီးပေါက်ပြီး အောက်လွှာက ခန္ဓာကိုယ်ကို မီးပွားများဒဏ်မှ ကာကွယ်ပေးနိုင်ရန် ဖြစ်သည်။
အင်္ကျီနှင့်ဘောင်းဘီ တွဲလျက်အ၀တ်ကို အင်္ဂလိပ်လို ကာဗာအော (Coverall) ဟု ခေါ်၏။ Boiler Suit ဟုလည်း ခေါ်သေးပြီး မြန်မာများကတော့ ဘွိုင်လာစွပ်ဟု မြန်မာမှု ပြုလိုက်သည်။


အလုပ်ထဲတွင် အ၀တ်အစားများကို ဘိုသီဘတ်သီ၊ ဖယိုဖရဲ၊ မသေမသပ်ဝတ်ဆင်ထားခြင်းသည် အန္တရာယ်များလှ ၏။ လည်ပတ်နေသော စက်အစိတ်အပိုင်းများအကြား အ၀တ်အစားများညပ်လျှင် ဒဏ်ရာအပြင်းအထန်ရနိုင်သည့်ပြင် အသက်ဆုံးရှုံးရသည်ထိ ဖြစ်နိုင်သည်။
စက်ပစ္စည်းများနှင့် အလုပ်လုပ်သည့်အခါ ဖိုးယိုးဖားယား အ၀တ်များ မ၀တ်ပါနှင့်။ ဆံပင်များကို သပ်သပ်ယပ်ယပ် စည်းနှောင်၊ ထုံးဖွဲ့ထားပါ။ လက်ကောက်၊ ဆွဲကြိုး၊ ဟန်းချိန်းစသည့် လက်ဝတ်ရတနာများမှာ အလုပ်ထဲ၌ အန္တရာယ်ကို ဖိတ်ခေါ်နေသော အရာများဖြစ်၏။ အလုပ်သွားတော့မည်ဆိုလျှင် ထိုလက်ဝတ်ရတနာမှန်သမျှ ချွတ်ပြီး အိမ်တွင်ထားခဲ့ပါ။ စတန့်ထွင်ထားသည့် ဒူး၊ ပေါင် စသည့်နေရာများ၌ ဖြဲထားသော ဘောင်းဘီများ မ၀တ်ပါနှင့်။ သံချောင်းစသည်တို့နှင့် ငြိတတ် သည်။ မီးပွားများ ထိုနေရာမှ ၀င်တတ်သည်။
            အလုပ်လုပ်သည့် အင်္ကျီမှ ကြယ်သီးများပြုတ်လျှင် အမြန်ဆုံးပြန်တပ်ပါ။ အကယ်၍ ကျောက်စက်တိုက်လျှင် ထိုအင်္ကျီ ဟပြဲနေရာမှ မီးပွားများဝင်လာနိုင်ပါသည်။

၇၊ ၃၊ ၆။ လက်အိတ် (Hand Gloves)

            အရာဝတ္တုများကို လက်နှင့် ကိုင်တွယ်၍ လုပ်ငန်းအမျိုးအစားကိုလိုက်၍ လုပ်ငန်းသုံးလက်အိတ်လည်း အစားစား ရှိပါသည်။ လက်အိတ်ဒီဇိုင်းများစွာရှိသည့်အနက် အကြမ်းဖျဉ်းအားဖြင့် သုံးမျိုးခွဲနိုင်၏။
v  သာမန်အလုပ်များများလုပ်ရာတွင် သုံးသောလက်အိတ် (ချည်လက်အိတ်၊ ဂျင်းလက်အိတ်)(Cotton/Jean Hand Glove)
v  ဂဟေဆော်သည့်အခါ ၀တ်သည့်လက်အိတ် (ဂဟေလက်အိတ်) (Welding Hand Glove)
v  အရည်၊ ဓာတုဗေဒဆေးဝါးများကိုင်တွယ်သည့်အခါ ၀တ်သောလက်အိတ် (Rubber Hand Glove)

ကြမ်းတမ်းသော၊ စူးရှသော၊ ချွန်ထက်သောအရာများကို ကိုင်တွယ်ရသည့်အခါ သာမန်ချည်လက်အိတ်ထက် ဂျင်းလက်အိတ်က ပိုကောင်းပါသည်။ ထို့ပြင် ကြိမ်ဖန်များစွာ ပြန်သုံးနိုင်သည်။ ညစ်ပတ်နေသည့်တိုင် လျှော်၍သုံးနိုင်သည်။ သို့သော် ချည်လက်အိတ်နှင့်စာလျှင် ဂျင်းလက်အိတ်က ဈေးပိုကြီးသည်။
တစ်ခုသတိထားရမည်မှာ စက်ကိရိယာများနှင့် အလုပ်လုပ်သည့်အခါ ချည်လက်အိတ်သည် စက်များအတွင်း ညပ် တတ်သည်အန္တရာယ်ရှိသည်။ သံပြား၊ သံချောင်းများမှ သံစကလေးများနှင့် လက်အိတ်ငြိကာ လက်ကို စက်အတွင်း ဆွဲသွင်း သွားတတ်သည်။




လက်အိတ်ထုတ်လုပ်ရာတွင် သတ်မှတ်ထားသည့် ဥရောပစံနှုန်းအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • BS EN388- Mechanical hazards including Abrasion, cut, tear and puncture.
  • BS EN388:2003 - Protective Against Mechanical Rist (Abrasion/Blade Cut Resistance/Tear Resistance/Abrasion Resistance)
  • BS EN374-1:2003 Protective Against Chemical And Micro-Organisms
  • BS EN420- General requirements for gloves includes sizing and a number of health and safety aspects including latex protein and chromium levels.
မိမိအလုပ်နှင့် သင့်တော်သည့်လက်အိတ်ကို ရွေးချယ်ဝတ်ဆင်ရပါမည်။ ဓာတုဗေဒဆေးရည်၊ ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေး စသည်တို့ကိုင်တွယ်လျှင် ရာဘာလက်အိတ်ကိုသာ သုံးရပါမည်။ ချည်လက်အိတ်ကို သုံးပါက ဆေးရည်များ လက်အိတ်တွင် စိုသွားနိုင်သဖြင့် အခြေအနေကို ပိုဆိုးစေသည်။ ထို့ပြင် ဓာတုဆေးရည်များကိုင်တွယ်သည့်အခါ ထိုဆေးရည် ဒဏ်ကိုခံနိုင်သော လက်အိတ်မှ စိတ်ချလက်ချ သုံးနိုင်ပါသည်။ သို့မဟုတ်လျှင် လက်အိတ်ဝတ်ရကျိုးမနပ်ပါ။


၇၊ ၃၊ ၇။ အန္တရာယ်ကင်း ကိုယ်သိုင်းကြိုး (Safety Harness)

            အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် အဓိကအန္တရာယ်မှာ လိမ့်ကျခြင်း၊ ပြုတ်ကျခြင်းဖြစ်၏။ ခေါင်မိုးအစွန်း၊ ပွင့်နေ သော ကြမ်းပြင်အစွန်း၊ အကာအရံမရှိသော ကြမ်းပြင်အပေါက်များ စသည်တို့မှ လိမ့်ကျနိုင်သည်။ ပထမဦးစွာလုပ်ရမည်မှာ ထို ပွင့်နေသော ကြမ်းပြင်အစွန်း၊ ခေါင်မိုးများကို လက်ရမ်းတန်းများဖြင့် ကာရံထားရန်၊ ကြမ်းပေါက်များကို ဖုံးထားရန် သို့မဟုတ် ခိုင်ခံ့သော လက်ရမ်းတန်းများဖြင့် ကာရံထားရန်ဖြစ်ပါသည်။ ဤသည်မှာ ပထမဆင့် ကာကွယ်ရေးဖြစ်၏။
            အကယ်၍ ထိုအမြင့်နေရာများသည် လိမ့်ကျ၊ ပြုတ်ကျရန် အန္တရာယ်ရှိလျှင် ပြုတ်ကျသည့်အခါ ဖမ်းထားပေးမည့် အကာအကွယ်တစ်မျိုးမျိုး လုပ်ပေးထားရပါမည်။ ဤအကာအကွယ်များအကြောင်းကို အမြင့်တွင် အလုပ်လုပ်ခြင်းအကြောင်း ၌ အပြည့်အစုံဖော်ပြပါမည်။ ယခုဖော်ပြမည့် အန္တရာယ်ကင်းကိုယ်သိုင်းကြိုးမှာ ထိုအကာအကွယ်များအနက် တစ်ခုဖြစ်၏။
            ယခင်က ပြုတ်ကျခြင်းမှ ဖမ်းထားပေးမည့် ကိရိယာအဖြစ် အန္တရာယ်ကင်းခါးပတ် (Safety Belt) ကို သုံးသည်။ သို့သော် ခါးပတ် (safety belt) မှာ ပြုတ်ကျသူအား ခါးရိုးကျိုးစေနိုင်သည့် အန္တရာယ်ရှိသဖြင့် ခါးပတ်အစားး တစ်ကိုယ်လုံးကို ကာကွယ်ပေးမည့် ကိုယ်သိုင်းကြိုး (Full Body Harness) ကို အစားးထိုးသုံးစွဲခဲ့သည်။           
            အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးဒီဇိုင်းအမျိုးမျိုးရှိသော်လည်း အခြေခံအလုပ်လုပ်ပုံမှာ အတူတူပင်ဖြစ်ပါသည်။ အောက်တွင် အန္တရာယ်ကင်း ကိုယ်သိုင်းကြိုး၊ ကိုယ်သိုင်းကြိုးတစ်ခုတွင် ရှိသင့်သည့်စံနှုန်းနှင့် ၀တ်ပုံများကို ဖော်ပြထား၏။
            အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးတွင် နှစ်ပိုင်းပါဝင်ပါသည်။ တစ်ပိုင်းမှာ ကိုယ်ပေါ်တွင် ၀တ်ဆင်ရသော ခါးပတ်ကြိုး (webbings) များဖြစ်ပြီး နောက်တစ်ပိုင်းမှာ ထိုခါးပတ်ကြိုးများနှင့် ချိတ်ရမည့်ချိတ်ကို ဆက်ပေးထားသောလင်းယတ် (lanyard) ဖြစ်၏။



လင်းယတ်တွင် အစိတ်အပိုင်း သုံးခုပါသည်။ ချိတ်များ (Hook and Connectors)၊ ကြိုး (sling) နှင့် ပြုတ်ကျလာ သည့်ဝန်အားကို လျော့ပါးသက်သာစေရန် ဆွဲပေးထားသော မျှော့ကြိုး (energy absorber or shock absorber) တို့ဖြစ်၏။




အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးများမှာ အလျှော့အတင်းလုပ်၍ရသည်။ သို့သော် ကြီးလွန်း၊ ငယ်လွန်းလျှင် ၀တ်ဆင် တာ သက်တောင့်သက်သာမရှိ။ ထို့ပြင် ကိုယ်သိုင်းကြိုးများမှာ ဈေးကြီးသည်၊ ပြန်လဲရန်မလွယ်။ တစ်ခါဝယ်ပြီး နှစ်နှစ် တန်သည်၊ သုံးနှစ်တန်သည် ၀တ်ရမည်ဖြစ်သည့်အတွက် ကိုယ်သိုင်းကြိုးဝယ်တော့မည်ဆိုလျှင် မိမိနှင့် သင့်တော်သည့် အရွယ်အစားကို ရွေးချယ်ဝယ်ယူရန် အရေးကြီးပါသည်။ ကိုယ်သိုင်းကြိုး စနစ်တကျ ၀တ်ဆင်နည်းမှာ အောက်ပါအတိုင်း ဖြစ်၏။



ကိုယ်သိုင်းကြိုးကို မှန်ကန်စွာမ၀တ်ဆင်လျှင် ပြုတ်ကျသည့်အခါ သေချာစွာ အကာအကွယ် မပေးနိုင်ပါ။ အောက်သို့ လုံးဝပြုတ်ကျမသွားသည့်တိုင် ပြုတ်ကျသည့်အားကြောင့် ကြိုးများနှင့် ခန္ဓာကိုယ်ပွန်းရှကာ ဒဏ်ရာပြင်းထန်စွာ ရနိုင်ပါသည်။ ထို့ကြောင့် ကိုယ်သိုင်းကြိုးကို စနစ်တကျ သေချာစွာဝတ်ဆင်ရန် အလွန်အရေးကြီး၏။


ကိုယ်သိုင်းကြိုးချိတ်များအားလည်း ကောင်းမွန်မှန်ကန်စွာ ချိတ်တတ်ရပါမည်။ ပြုတ်ကျသည့်အားကြောင့် ချိတ်ကျိုးသွားပါကလည်း လူကို အကာအကွယ်ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ၀တ်ဆင်သော ကိုယ်သိုင်းကြိုး ကောင်းမွန်နေရန်လိုသကဲ့သို့ ချိတ်ပုံချိတ်နည်းလည်း မှန်ရပါမည်။ ချိတ်မည့်နေရာသည်လည်း ခိုင်မာတောင့်တင်းသည့်နေရာ၊ လူပြုတ်ကျသည့်ဒဏ်ကို ကောင်းစွာခံနိုင်သည့်နေရာ ဖြစ်ရမည်။



ကိုယ်သိုင်းကြိုးမှ ချိတ်ကို ချိတ်သည့်အခါ မိမိဦးခေါင်းအထက်တွင်သာ ချိတ်ပါ။ မည်သည့်အခါမှ ခြေထောက် အောက်နိမ့်သည့်နေရာများတွင် မချိတ်ပါနှင့်။ အလွန်အန္တရာယ်များပါသည်။ ဤအကြောင်းများကို အမြင့်တွင် အလုပ်လုပ်ခြင်း အခန်း၌ ပြည့်စုံစွာ ဖော်ပြပါမည်။

ကိုယ်သိုင်းကြိုးအား ထိန်းသိမ်းခြင်း

            ပြုတ်ကျလျှင် သင့်အသက်ကို ကယ်မည့်ကိရိယာဖြစ်သည့်အတွက် ကိုယ်သိုင်းကြိုးကို ပေါ့လေးတဆ မလုပ်ပါနှင့်။ အောက်တွင် ကိုယ်သိုင်းကြိုးကို ဂရုတစိုက်ထိန်းသိမ်းနည်းများအား ဖော်ပြထားပါသည်။

၁။ ကိုယ်သိုင်းကြိုးကို တတ်နိုင်သမျှ ရေမစိုပါစေနှင့်။ ခြောက်သွေ့အောင်ထားပါ။ သို့သော် နေမလှန်းပါနှင့်။ အပူမပေးပါနှင့်။
၂။ ကိုယ်သိုင်းကြိုးကို အေးပြီး ခြောက်သွေ့သည့်နေရာတွင်ထားပါ။
၃။ ကိုယ်သိုင်းကြိုးကို သိမ်းဆည်းရာတွင် ကျောဘက်ရှိကွင်းမှချိတ်ထားပါ။
၎။ ကိုယ်သိုင်းကြိုးကို မည်သည့်ဓာတုဗေဒဆေးရည်များနှင့်မှ မထိပါစေနှင့်။ မာကာပင်နှင့် ကိုယ်သိုင်းကြိုးပေါ်တွင် အမှတ်အသားမပြုပါနှင့်။

 



၅။ ကိုယ်သိုင်းကြိုးအား အသုံးမပြုမီ နေ့စဉ်စစ်ဆေးပါ။
၆။ ကိုယ်သိုင်းကြိုး၏ သက်တမ်းကို စစ်ဆေးပါ။ သက်တမ်းကုန်နေပြီဖြစ်သော ကိုယ်သိုင်းကြိုးကို မသုံးပါနှင့်။



၇။ တစ်ကြိမ်ပြုတ်ကျထားပြီးဖြစ်သည့် ကိုယ်သိုင်းကြိုးကို ပြန်မသုံးရ။
၈။ အဆက်များပြုတ်နေသော၊ သံကွင်းများ သံချေးကိုက်နေသော၊ ချွတ်ယွင်းနေသော ကိုယ်သိုင်းကြိုးကို မသုံးရ။
၉။ ကိုယ်သိုင်းကြိုးသည် မိမိအသက်ကို ကယ်တင်ပေးမည့်ပစ္စည်းဖြစ်သဖြင့် အလွန်ရိုသေစွာကိုင်တွယ်ပါ။ တွေ့ကရာတွင် ပစ်ချ မထားပါနှင့်။ ကိုယ်သိုင်းကြိုးကိုလုပ်ငန်းခွင်အတွင်း ထားခဲ့ပြီး လူကပြန်လာခြင်းမျိုးမလုပ်ရ။ ကိုယ်သိုင်းကြိုးသည် လူနှင့်မကွာ အမြဲရှိနေရမည်။

စင်ကာပူတွင် အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးအတွက် သတ်မှတ်ထားသော စံနှုန်းမှာ SS 528 - Specification for Personal fall-arrest systems Part 1: Full-body harnesses ဖြစ်ပါသည်။



ဆက်ပါဦးမည်။

အေးငြိမ်း
၁၀၊ ၉၊ ၂၀၁၃။ ည ၁၀း ၁၃ နာရီ







No comments: