Monday, September 2, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၈)

အခန်း (၇)

အန္တရာယ်ကင်းစွာ အလုပ်လုပ်ရမည့် လုပ်ကိုင်နည်းစနစ်များ (Safe Work Procedures)

၇၊ ၁။ ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း (Handling and Storage of Material)




ပစ္စည်းသိုလှောင်သည်ဆိုရာတွင် ပစ္စည်းကို သိုလှောင်ခြင်းသီးသီးမဟုတ်မူ၍ ပစ္စည်းကို ဂိုဒေါင်သို့သယ်လာခြင်း၊ ဂိုဒေါင်အတွင်း သွင်းခြင်း၊ သိုလှောင်ထားခြင်းနှင့် ဂိုဒေါင်မှ ထုတ်ပေးလိုက်ခြင်း ဟူသော အဆင့်များလည်း ပါဝင်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အမျိုးအမည်စုံလင်လှသော ပစ္စည်းအများအပြား ၀င်ရောက်လာမည် ဖြစ်ရာ ထိုပစ္စည်း များကို မည်ကဲ့သို့အန္တရာယ်ကင်းအောင် လုပ်ငန်းခွင်အတွင်း သယ်လာမည်။ အန္တရာယ်ကင်းစွာ မည်ကဲ့သို့ချမည်။ မည်ကဲ့သို့ သယ်မည်။ မည်ကဲ့သို့သိုလှောင်မည်၊ မည်ကဲ့သို့ စာရင်းသွင်းမည်၊ မည်ကဲ့သို့ ထုတ်ပေးမည် အစရှိသည်တို့ကို စနစ်တကျ ပြုလုပ်ရန် လိုပါသည်။
ပစ္စည်းကိုင်တွယ်ပုံ၊ သိုလှောင်ပုံမတတ်လျှင် အလွန်အန္တရာယ်များလှသလို အလေအလွင့် အပျောက်အရှလည်း အလွန်များမည်ဖြစ်၍ ငွေကုန်ကြေးကျလည်း များပေမည်။ ထို့ကြောင့် ပစ္စည်းထိန်း (Material Controller) ကို ပစ္စည်း ကိုင်တွယ်ထိန်းသိမ်းခြင်း၊ စာရင်းသွင်းခြင်း၊ ထုတ်ပေးခြင်းတို့ စနစ်တကျပြုလုပ်တတ်စေရန် သင်တန်းပေးထားရပါမည်။
            ပစ္စည်းထိန်းတစ်ဦးသည် မိမိကိုင်တွယ်မည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအကြောင်း နှံ့နှံ့စပ်စပ် သိနား လည်ထားသူဖြစ်ရမည်။ သို့မှသာ မည်သည့်ပစ္စည်းမှာ အသုံးများသည်၊ မည်သည့်ပစ္စည်းမှာ အသုံးနည်းသည်။ ထို့ကြောင့် မည်သည့်ပစ္စည်းကို မည်သည့်နေရတွင် မည်ကဲ့သို့ထားရမည်။ မည်သည့်ပစ္စည်းများကို အတူတွဲထားရမည်။ မည်သည့်ပစ္စည်း နှင့် မည်သည့်ပစ္စည်းကို အတူတွဲမထားသင့် စသည်တို့ကို စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။
            စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့အနေနှင့် မိမိစီမံကိန်းအတွင်း မည်သည့်ပစ္စည်းများ၊ မည်သည့်အချိန်တွင် ပမာဏမည်မျှ ၀င်လာမည်။ မည်သည့်ပစ္စည်းမှာ သာမန်ပစ္စည်းဖြစ်၍ မည်သည့်ပစ္စည်းမှာ အန္တရာယ်ရှိသည့် ပစ္စည်းဖြစ်သည်။ မည်သည့် ပစ္စည်းကို မည်ကဲ့သို့ သိုလှောင်သင့်သည် စသည်တို့ကို သေသေချာချာ သိထားရပါမည်။ ထို့ပြင် ပစ္စည်းထိန်းကိုလည်း ထိုပစ္စည်းများအကြောင်း၊ ထိုပစ္စည်းများကို ကိုင်တွယ်ထိန်းသိမ်းနည်းအကြောင်း သေသေချာနားလည်ရန် သင်ကြားပေးထားရ ပါမည်။
            အဘယ်ကြောင့်ဆိုသော် စီမံကိန်းသို့ရောက်လာမည့် ပစ္စည်းများတွင် ဓာတုဗေဒပစ္စည်း၊ ဒီဇယ်၊ ဓာတ်ဆီတို့ကဲ့သို့ အန္တရာယ်များသော ပစ္စည်းများလည်း ပါလာမည်ဖြစ်ရာ ထိုပစ္စည်းများကို မည်ကဲ့သို့ အန္တရာယ်ကင်းစွာ ကိုင်တွယ်ရမည်၊ ထိန်းသိမ်းရမည်၊ စွန့်ပစ်ရမည် အစရှိသည်တို့ကို သေချာစွာ သိရှိနားလည်၊ သဘောပေါက်ထားရန် အလွန်အရေးကြီး၏။ သို့မဟုတ်ပါက မီးဘေးအန္တရာယ်၊ ပေါက်ကွဲမည့်အန္တရာယ်များနှင့် အချိန်မရွေး ကြုံတွေ့ရနိုင်ပါသည်။
            နောက်လိုအပ်ချက်တစ်ခုမှာ ပစ္စည်းထိန်းအား ဖောက်ကလစ်မောင်းနှင်နည်းသင်တန်း တက်ခိုင်းကာ ဖောက်ကလစ် လိုင်စင်ရယူထားစေရန် ဖြစ်ပါသည်။ ပစ္စည်းထိန်းတွင် ဖောက်ကလစ်လိုင်စင်ရှိထားခြင်းအားဖြင့် ပစ္စည်းများအား လော်ရီကား ပေါ်သို့ တင်/ချခြင်း၊ သယ်ပို့ခြင်း စသည်တို့အတွက် အလွန်အဆင်ပြေမည် ဖြစ်၏။
            ပစ္စည်းများ ကိုင်တွယ်၊ သိုလှောင်ရာတွင် သာမန်ဆောက်လုပ်ရေးပစ္စည်းများ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းနှင့် အန္တရာယ်ရှိသော ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းဟု နှစ်ပိုင်းခွဲနိုင်၏။

၇၊ ၁၊ ၁။ သာမန်ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း

            ပစ္စည်းများကို ကိုင်တွယ်၊ သိုလှောင်ရာ၌ တွေ့ရမည့်အန္တရာယ်များမှာ ပစ္စည်းကို လူနှင့်သယ်ရာတွင် အကိုင်အတွယ် မတတ်၍ ခါးနာခြင်း၊ ပစ္စည်းများဖြင့် ဖိမိခြင်း၊ ညပ်ခြင်း၊ ရိုက်မိခြင်း၊ ပစ္စည်းများပြုတ်ကျခြင်း၊ ပုံထားသောပစ္စည်းများ ပြိုလဲခြင်း၊ စက်ပစ္စည်းများကြောင့် ဖြစ်သောအန္တရာယ် စသည်တို့ဖြစ်၏။ သိုလှောင်ထားသည့် ပစ္စည်းကြောင့် တစ်စုံတစ်ယောက်ကို အန္တရာယ်မဖြစ်စေရ။
            ပစ္စည်းသိုလှောင်မည့်နေရာကို စီမံကိန်းမစမီကပင် ကြိုတင်သတ်မှတ်ထားရန် လိုပါသည်။ သိုလှောင်ရုံတွင် ပစ္စည်းများကို အချိန်နှင့်အမျှ ကိုင်တွယ်၊ ရွှေ့ပြောင်းနေရမည်ဖြစ်ရာ သိုလှောင်ရုံ၌ တာဝန်ကျသူသည် ပစ္စည်းများကို မည်ကဲ့သို့ စနစ်တကျ ရွှေ့ပြောင်းရမည်၊ ချီမ,ရမည်စသည်တို့ကို နားလည်ထားရပါမည်။ ပစ္စည်းထိန်းသည် ဤပစ္စည်းကား မည်မျှ လေးသည်၊ တစ်ယောက်တည်း မ,နိုင်၊ မ,မ နိုင်ကို ချိန်ဆတတ်ရမည်။ ပစ္စည်းများကို မည်ကဲ့သို့ အန္တရာယ်ကင်းစွာ မ,ရမည်ကို အခန်း ၇၊ ၅ တွင် အပြည့်အစုံ ဖော်ပြထားပါသည်။

  • ပစ္စည်းများကိုင်တွယ်သည့်အခါတိုင်း လက်အိတ်၊ အန္တရာယ်ကင်းမျက်မှန်၊ အန္တရာယ်ကင်း ဘွတ်ဖိနပ်တို့ကို ၀တ်ဆင်ပါ။
  • ချွန်ထက်သောအရာ၊ လွှ၊ ဒါး၊ သွပ်ပြားကဲ့သို့ရှနိုင်သောပစ္စည်းများ၏ အစွန်း၊ အနားများကို စက္ကူစသည်တို့ဖြင့် ဖုံးအုပ်ထားပါ။
  • ပစ္စည်းများကို ဖောက်ကလစ်ဖြင့်မ,လျှင် ၀န်ပိုမ,ခြင်း (overload) ကို ရှောင်ရှားပါ။
  • ဖောက်ကလစ် နောက်ဘက်တွင် မည်သည့်ပစ္စည်းမှ မတင်ပါနှင့်။
  • ပစ္စည်းများကို ထပ်ကာ၊ ဆင့်ကာတင်ပြီး ဖောက်ကလစ်ဖြင့် မ,ခြင်းကို ရှောင်ပါ။ ထပ်ထားသည့်ပစ္စည်းများကို သေချာစွာ တုပ်နှေင်ပြီးမှ မ,ပါ။
  • ပစ္စည်းများ၏ မြေဆွဲဗဟို (Centre of Gravity) သည် ဖောက်နှစ်ခုအလယ်တွင် ရှိနေပါစေ။
  • ဖောက်ကလစ်ကို မောင်းသည့်အခါ ပစ္စည်းများကို အနိမ့်ဆုံးအနေအထားထိ ချပြီး မောင်းပါ။
  • ဖောက်ကလစ်ကို မည်သည့်အခါမှ အမြန်မမောင်းပါနှင့်။
  • ဖောက်ကလစ်မှ ဖောက်(လက်တံ)များပေါ်တွင် မည်သည့်အခါမှ လူမတင်ရ။
  • ပစ္စည်းများပုံသည့်အခါ အန္တရာယ်မဖြစ်အောင်၊ မလဲပြိုအောင် ပုံပါ။



  • လူများလမ်းလျှောက်၍မရနိုင်လောက်အောင် ပစ္စည်းများကို ကြပ်သိပ်၊ ပုံမထားပါနှင့်။ ပစ္စည်းများကို ကဖျဲကရုန်း ပုံထားခြင်းသည် ခလုတ်တိုက်လဲစေသည်။ မီးအန္တရာယ်ရှိသည်။ ကြွက်များပုန်းခိုရန် နေရာကောင်းဖြစ်သည်။ ခြများ၊ ပိုးဟပ်များ လာရောက်နေထိုင် စားသောက်မည်။
  • ဓာတ်မတည့်သည့်အရာများကို အတူတွဲမထားပါနှင့်။ ဥပမာ - မီးလောင်လွယ်သည့်ပစ္စည်းများနှင့် မီးပွားထွက်စေ သော အရာများကို ပူးတွဲမထားပါနှင့်။
  • မီးလောင်စေတတ်၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများကို သီးသန့်သိုလှောင်ပါ။ အခြားပစ္စည်းများနှင့် ရောမထားပါနှင့်။
  • ပစ္စည်းတင်ရန် စင်များလုပ်ထားလျှင် နေရာပိုကျယ်လာပြီး ပို၍ သပ်သပ်ယပ်ယပ် သိုလှောင်နိုင်ပါသည်။
  • ပစ္စည်းများကို ညီညာသော ကြမ်းပြင်ပေါ်တွင် ပုံပါ။
  • ပစ္စည်းထားရာကြမ်းပြင်သည် မာကျောတောင့်တင်းသော ကြမ်းပြင်ဖြစ်ပါစေ။ ထိုကြမ်းပြင်သည် ထားမည့်ပစ္စည်း၏ ၀န်အားကို ခံနိုင်တာ သေချာပါစေ။
  • ပိုက်များ၊ သံချောင်းများကို ၀င်ဝထွက်ဝများတွင် မထားပါနှင့်။ ခလုတ်တိုက်လဲတတ်သည်။
  • ပစ္စည်းများကို မြေကြီးပေါ်တွင်ပုံသည့်အခါ အောက်တွင် သစ်သားချောင်းများ ခုပြီးပုံပါ။ ပစ္စည်းအောက်ဘက်နှင့် မြေကြီးအကြား အနည်းဆုံး ၆ လက်မခန့် လှပ်ထားပါ။
  • ပုံးများ၊ တိုင်ကီများ၊ သေတ္တာများကို အတန်းလိုက် စနစ်တကျ စီထားပါ။
  • ပစ္စည်းအသေးအဖွဲများကို ခွက်များ၊ ပုံးများနှင့်ထည့်ပြီး အမျိုး တူရာတူရာစုထားပါ။
  • လိမ့်နိုင်သောပစ္စည်း (ဥပမာ - ပိုက်) များကို မလိမ့်နိုင်ရန် တစ်ဖက်တစ်ချက်၌ သေချာစွာခုထားပါ။
  • ပစ္စည်းများ ပုံထားသည့်အခါ ပြိုမကျနိုင်စေရန် ဘေးမှတန်းများဖြင့် ကာရံပေးထားပါ။
  • အုတ်ခဲများကိုစီသည့်အခါ ၇ ပေထက်ပိုမမြင့်ပါစေနှင့်။ ပုံသည့်အခါ အောက်ခြေကို ကျယ်ထားပြီး အပေါ်ပိုင်းသို့ ကျုံ့ပေးသွားပါ။
  • ပစ္စည်းများကို စနစ်တကျ အစီအရီထားပါ။ ပစ္စည်းပုံများကြားတွင် လူလမ်းလျှောက်နိုင်အောင် နေရာလပ်ထားပါ။
  • သိုလှောင်ရုံအလယ်လမ်းကို လော်ရီကား၊ ဖောက်ကလစ် စသည်တို့ဝင်နိုင်ထွက်နိုင်အောင် ချန်ထားပေးပါ။ ပစ္စည်းအကြီးများ ပုံထားသည့်နေရာတွင်လည်း ဖောက်ကလစ်ဝင်နိုင်ရန် လမ်းလုပ်ထားပေးပါ။
  • ပစ္စည်းများကို နံရံနှင့်ကပ်လျက် မထားပါနှင့်။ လေ၀င်လေထွက်ကောင်းအောင် အနည်းဆုံး ၁ ပေခန့်ခွါထားပါ။
  • သိုလှောင်ရုံ၏ အပေါက်ဝများအနီးတွင် မီးသတ်ဘူး ထားပေးပါ။ မီးသတ်ဘူးသည် ကောင်းမွန်စွာ အလုပ်လုပ်သော မီးသတ်ဘူးဖြစ်ရမည်။
  • အရေးပေါ်ထွက်ပေါက်ကို အမြဲရှင်းထားရမည်။ မည်သည့်ပစ္စည်းနှင့်မှ ပိတ်မနေပါစေနှင့်။
  • အရေးပေါ်မီးအချက်ပေးခေါင်းလောင်းကို မြင်သာထင်သာရှိသည့်နေရာတွင် တပ်ဆင်ထားပါ။
  • အရေးပေါ်အခြေအနေတွင် အမြန်ဆုံးအပြင်ထွက်နိုင်ရန် လမ်းများကို ဆိုင်းဘုတ်များဖြင့် ညွှန်ပြထားပါ။


၇၊ ၁၊ ၂။ အန္တရာယ်ရှိသောပစ္စည်းများ (Hazardoud Material) ကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း

            အန္တရာယ်ရှိသောပစ္စည်းများဆိုသည်မှာ လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်များကိုသော်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုသော်လည်းကောင်း ဘေးဖြစ်စေတတ်သည့် ပစ္စည်းများကိုခေါ်ပါသည်။ ၎င်းတို့မှာ မီးလောင်စေတတ်သော၊ ပေါက်ကွဲစေတတ်သော၊ တစ်နည်းနည်းဖြင့် အဆိပ်သင့်စေတတ်သော၊ စားစေတတ်သော၊ ဓာတ်ပြုတုံ့ပြန်စေတတ်သော ပစ္စည်းများလည်းဖြစ်၏။ ထိုပစ္စည်းများတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်၊ တာပင်တိုင်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ သုတ်ဆေး၊ မှုတ်ဆေးများ၊ ကော်၊ ဓာတုဗေဒပစ္စည်းများ စသည်တို့ပါဝင်သည်။ ထိုပစ္စည်းများကို သာမန်ပစ္စည်း များဖြင့် တွဲမထားသင့်။ သီးသန့်နေရာတွင် ထားရ ပါမည်။ 
            အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်နည်း၊ သုံးစွဲနည်း၊ သယ်ယူပို့ဆောင်နည်း၊ သိုလှောင်နည်း၊ စွန့်ပစ်နည်း စသည်တို့ကို သေချာကျနစွာ သိထားရန်လိုပါသည်။ အကယ်၍ ကိုင်တွယ်သုံးစွဲနည်း စသည်တို့ကိုမသိပါက မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ လူနှင့်ပတ်ဝန်းကျင်ကို အဆိပ်သင့်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါသည်။
            ထိုအန္တရာယ်များမှာ တစ်ခါတစ်ရံ မပြောပလောက်သော်လည်း၊ တစ်ခါတစ်ရံ အသက်ဘေးထိ စိုးရိမ်ရပါသည်။ ထို့ကြောင့် အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်မည့်သူကို သင်တန်းပေးထားရန် လိုပါသည်။ အောက်ပါတို့မှာ အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်သုံးစွဲ၊ သိုလှောင်ရာတွင် ယေဘူယျအားဖြင့်လိုက်နာရမည့် နည်းလမ်းများ ဖြစ်ပါ သည်။ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကိုင်တွယ်ပုံ၊ သိုလှောင်ပုံ၊ စွန့်ပစ်ပုံစသည်တို့ ကွာသွားနိုင်ပါသည်။
            ဓာတုပစ္စည်းများနှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ပုံအကြောင်းကို “၇၊ ၁၉။ ဓာတုဗေဒပစ္စည်းများနှင့် အလုပ်လုပ်ခြင်း (Chemical Safety)” တွင် အသေးစိတ် ဖော်ပြထားပါသည်။

၁။ ထိုပစ္စည်းအကြောင်းရေးသားထားသည့် သတင်းအချက်အလက် (MSDS – Material Safety Data Sheet) ကို ဖတ်ပြီး ကောင်းစွာ နားလည်ထားရမည်။
၂။ ထိုပစ္စည်း၏အပေါ်တွင် မည်ကဲ့သို့ကိုင်တွယ်ပါ၊ မည်ကဲ့သို့သိမ်းဆည်းပါ၊ မည်ကဲ့သို့ သယ်ဆောင်ပါ၊ မည်ကဲ့သို့ စွန့်ပစ်ပါ ဆိုသည်များကို ရေးသားထားပါသည်။ ထိုအညွှန်းအတိုင်း ကိုင်တွယ်သိမ်းဆည်းရပါမည်။ 


၃။ ထိုပစ္စည်းများအား လေ၀င်လေထွက်ကောင်းသည့်၊ အေး၍ခြောက်သွေ့သော နေရာများတွင် သိုလှောင်သိမ်းဆည်း ရပါမည်။ အလုံပိတ်နေရာများတွင်သိုလှောင်ပါက ထွက်လာသည့်အငွေ့များစုနေကာ အခန်းတွင်း ၀င်လာသူများကို အန္တရာယ်ဖြစ်စေ နိုင်ပါသည်။
၎။ များသောအားဖြင့် ထိုပစ္စည်းများကို နေရောင်တိုက်ရိုက်ကျသည့်နေရာများ၊ စိုထိုင်းသောနေရာများ၌ မထားသင့်ပါ။
၅။ အချို့ဓာတုပစ္စည်းများမှာ သတ်မှတ်ထားသည့် အပူချိန်တစ်ခုတွင် သိုလှောင်ထားရန်လိုပါသည်။ ထိုအပူချိန်ထက် မြင့်လာပါက ပစ္စည်းများပျက်စီးတတ်သလို အလိုလိုမီးထလောင်ခြင်းလည်း ဖြစ်တတ်ပါသည်။ ဤသည်ကို သိထားရန် လို၏။
၆။ ထိုပစ္စည်းများကို မူလပုံးအတွင်း၌သာ ထည့်သိုသိမ်းဆည်းရပါမည်။ သောက်ရေသန့်ဘူးများ၊ အစားအသောက်ဘူးခွံ အလွတ်များအတွင်း မထည့်ရ။ အကယ်၍ ပုံးငယ်များအတွင် ခွဲယူမည်ဆိုလျှင် ထိုပုံးငယ်များပေါ်၌ မည်သည့်ပစ္စည်းဖြစ် ကြောင်း ထင်ရှားစွာရေးသား ဖော်ပြထားရမည်။
၇။ ထိုပစ္စည်းများထားသည့် အနီးအနားတစ်ဝိုက်တွင် မီးလောင်လွယ်သော၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ မထားရ။
၈။ ထိုပစ္စည်းများထားသည့် အနီးအနားတစ်ဝိုက်တွင် ဆေးလိပ်သောက်ခြင်း၊ မီးဖိုခြင်း၊ မီးရှို့ခြင်း၊ မီးပွားထွက်စေမည့် အလုပ်များကို တင်းတင်းကြပ်ကြပ် ထားမြစ်ထားရမည်။
၉။ အန္တရာယ်ရှိသော ပစ္စည်းများထားသိုရာနေရာတွင် ထိုပစ္စည်းနှင့်သင့်တော်မည့် မီးသတ်ဘူး ထားပေးရပါမည်။ ရေသည် မီးမှန်သမျှကို မငြိမ်းသတ်နိုင်ပါ။ အချို့ ဓာတုဗေဒပစ္စည်းများသည် ရေနှင့်ထိလျှင် ပိုဆိုးသွားတတ်ပါသည်။ သို့အတွက် မိမိ သိုလှောင်ထားသည့် ဓာတုပစ္စည်းကို မီးလောင်သည့်အခါ မည်သည့်နည်းဖြင့် မီးငြိမ်းသတ်ရမည်ကို သိထားရန် လိုပါ သည်။
၁၀။ ဓာတုဗေဒပစ္စည်းများ ထားသိုသည့်နေရာတွင် သတိပေးဆိုင်းဘုတ်များကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါ။
၁၁။ အန္တရာယ်ရှိသော ပစ္စည်းများထားသိုရာနေရာတွင် ထိုပစ္စည်းအကြွင်းအကျန်များကို စွန့်ပစ်ရန် အမှိုက်ပုံးသီးသန့် ထားရပါမည်။ ထိုပစ္စည်းများကို သာမန်ဆောက်လုပ်ရေးအမှိုက်များနှင့် ရောမပစ်ရ။ ထို အန္တရာယ်ရှိသောပစ္စည်းများမှ ထွက်သော အမှိုက်များကို မြေကြီးပေါ်သို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း လုံးဝစွန့်ပစ်ခြင်းမပြုရ။
၁၂။ ထိုပစ္စည်းများရှိသည့်နေရာ၊ အသုံးပြုသည့်နေရာများတွင် ရှေးဦးသူနာပြုသေတ္တာ၊ မျက်လုံးဆေးရန်ရေ၊ လက်ဆေးရန်ရေ စသည်တို့ အရံသင့်ထားပေးရပါမည်။


၁၃။ ထိုဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့လျှင် မည်ကဲ့သို့ ရှေးဦးသူနာပြုစုပေးရမည်ကို သိထားရန်လိုပါသည်။ ထိုပစ္စည်း ရှိသည့်နေရာ၌ အရေးပေါ်ဆက်သွယ်ရမည့် ရှေးဦးသူနာပြု၏ဖုံးနံပါတ်၊ ဆေးရုံဆေးခန်းဖုံးနံပါတ်၊ နီးစပ်ရာမီးသတ်နှင့် အနီးဆုံးရဲစခန်း များ၏ ဖုံးနံပါတ်များကို စာလုံးကြီးကြီးနှင့် ထင်ရှားစွာရေးသားပြီး ချိတ်ဆွဲပြသထားရပါမည်။
၁၄။ ထိုဓာတုဗေဒပစ္စည်းများကြောင့်ဖြစ်နိုင်သော အရေးပေါ်အခြေအနေများကို ရေးသားထားကာ အကယ်၍ ဤကဲ့သို့ အရေးပေါ်အခြေအနေဖြစ်ပေါ်လာခဲ့ပါက မည်ကဲ့သို့ တုံ့ပြန်ရမည်၊ အရေးယူဆောင်ရွက်ရမည်၊ မည်သည့်ဌာနများသို့ အကြောင်းကြားရမည်၊ မည်သည့်ဆေးရုံဆေးခန်းများက ကုသမှုပေးနိုင်သည် စသည်တို့ကို စီမံချက်ရေးဆွဲထား (Emergency Preparedness Programme) ရပါမည်။
၁၅။ အန္တရာယ်ရှိသော ပစ္စည်းများထားသိုရာနေရာတိုင်း၌ ၀တ်ဆင်ရမည့် တစ်ကိုယ်ရေကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ (PPE) အရံသင့်ထားပေးရန်လိုပါသည်။
၁၆။ ထိုပစ္စည်းများဖိတ်စဉ်သည့်အခါ မည်ကဲ့သို့ သန့်ရှင်းရေးလုပ်ရမည်ကို သိထားရန်လိုပြီး ဤကဲ့သို့ သန့်ရှင်းရေးလုပ်ရန် လုံလောက်သော ပစ္စည်း (တံမြက်စည်း၊ ခပ်ခွက်၊ ရေမြှုပ်၊ အညစ်အကြေးထည့်ရန်ပုံး စသည်) များ ထားပေးရပါမည်။
၁၇။ အန္တရာယ်ရှိသောပစ္စည်းများ ထည့်ထားသည့် ပုံး၊ ခွက်၊ တိုင်ကီစသည်တို့ကို ယိုစိမ့်နေခြင်းရှိမရှိ အမြဲစစ်ဆေးနေရ ပါမည်။ အကယ်၍ ယိုစိမ့်နေကြောင်းတွေ့ရလျှင် ချက်ချင်းပြုပြင်ရန် လိုပါသည်။
၁၈။ အန္တရာယ်ရှိသော ပစ္စည်းများထားသည့်နေရာကို အလင်းရောင်လုံလောက်စွာ ပေးထားရန်လိုပါသည်။ မှောင်ထဲတွင် သို့မဟုတ် ကောင်းစွာမမြင်ရလျှင် မည်သည့်အခါမှ ထိုပစ္စည်းများကို ထည့်သိုခြင်းမပြုပါနှင့်။ 

            ဤသည်တို့ပြုလုပ်ရမည်ကို သိထားရုံမျှသာမဟုတ်သေး။ လက်တွေ့လိုက်နာကျင့်သုံးရန်လည်း လို၏။ မည်သည့် အရာကိုမှ ပေါ့လေးတဆတွက်လို့မရပါ။ မဖြစ်သေးလျှင် မသိသာသော်လည်း ဖြစ်ပြီးမှဆိုလျှင် ပြင်ရန် အလွန်အချိန်နှောင်း သွားပြီ ဖြစ်ပါသည်။ မိမိပေါ့ဆမှုကြောင့် အသက်များဆုံးရှုံးနိုင်သည်။ ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးနိုင်သည်။ လူအပေါင်းတို့ စိတ်နှလုံး ညှိုးချုံးရမည်။ မိသားစုပေါင်းများစွာ ဒုက္ခရောက်သွားနိုင်ပါသည်။ ထို့ကြောင့် အရာရာကို သတိနှင့်ဆင်ခြင်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မဖြစ်မီက ကြိုတင်ပြင်ဆင်၊ အရေးယူဆောင်ရွက်ထားရန် လိုပါသည်။

၇၊ ၂။ လုပ်ငန်းခွင်သို့ ပစ္စည်းလာပို့မည့်ယာဉ်များ၏ လမ်းအန္တရာယ်ကင်းရှင်းရေး (Traffic Safety for Material Delivery Vehicles)

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ လူအများသွားလာ လှုပ်ရှားနေကြသည်။ မြေတူးစက်၊ ၀န်ချီစက်၊ ဖောက်ကလစ်၊ မြေသယ်သော ထရပ်ကား၊ ပစ္စည်းလာပို့သည့် လော်ရီကားတို့သည်လည်း ပျားပန်းခပ်မျှ သွားလာ လှုပ်ရှား နေကြ၏။ ကုန်ပစ္စည်းများကိုတင်သည်၊ ချသည်၊ တစ်နေရာမှ တစ်နေရာသို့ရွှေ့သည်၊ စသည်ဖြင့်။ ထိုအခါ ထိုမော်တော်ယာဉ် များနှင့် အလုပ်သမားများ မတိုက်မိစေရေးသည်လည်း လွန်စွာ အရေးကြီး လှပေသည်။ ယာဉ်တိုက်မှုဖြစ်သည့်အခါ ခြေလက် ကျိုးခြင်းစသော ဒဏ်ရာကြီးကြီးမားမားများရတတ်၍ အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်။ စနစ်တကျ အစီအမံများ ရေးဆွဲ ကျင့်သုံးခြင်းဖြင့် ဤမတော်တဆမှုများကို တားဆီးနိုင်သည်၊ လျှော့ချနိုင်သည်။ မတော်တဆမှုမဖြစ်သော လုပ်ငန်းသည် အလုပ်တွင်ကျယ်သည်။ ငွေကုန်ကျေးကျသက်သာစေသည်။
ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မော်တော်ယာဉ်မတော်တဆမှု ကာကွယ်ရေးမှာလည်း အလွန် အရေးကြီးရခြင်း ဖြစ်ပေသည်။
  
၇၊ ၂၊ ၁။ ကြုံတွေ့ရနိုင်သော အန္တရာယ်များ

  • မော်တော်ယာဉ် နောက်ဆုတ်သည့်အခါ ယာဉ်နောက်ပိုင်းနှင့်လူတို့ ထိခိုက်မိခြင်း၊ ညပ်မိခြင်း
  • မော်တော်ယာဉ်ချင်း တိုက်မိခြင်း
  • ၀န်တင်၊ ၀န်ချလုပ်သည့်အခါ စက် သို့မဟုတ် ၀န်များနှင့် ထိခိုက်မိခြင်း
  • ၀န်တင်၊ ၀န်ချလုပ်ပုံမမှန်သဖြင့် တိမ်းမှောက်ခြင်း
  • ဖောက်ကလစ်ဖြင့် တိုက်မိခြင်း
  • လည်ပတ်နေသော စက်အစိတ်အပိုင်းများတွင် ညပ်မိခြင်း
  • လှုပ်ရှားနေသော စက်အစိတ်အပိုင်းများနှင့် ရိုက်မိခြင်း


၇၊ ၂၊ ၂။ ကာကွယ်ရန် နည်းလမ်းများ


  • မော်တော်ယာဉ်အ၀င်အထွက်ကို အချက်ပြပေးမည့် လမ်းပြ (Traffic Controller / Banksman) တစ်ဦးထားပါ။
  • ယာဉ်ကိုမှန်ကန်စွာ အချက်ပြနိုင်ရန် အချက်ပြသမားကို သင်ကြားပေးထားပါ။
  • ယာဉ်နောက်ဆုတ်သည့်အခါ အချက်ပြတစ်ဦးသေချာပေါက် ရှိနေပါစေ။ အချက်ပြမရှိဘဲ လုံးဝနောက်ဆုတ်ခြင်း မပြုပါနှင့်။
  • ယာဉ်နောက်ဆုတ်သည့်အခါ ဆုတ်မည့်နေရာ၌ မည်သည့် ပစ္စည်း၊ လူမှ ရှိမနေကြောင်း သေချာပါစေ။
  • ယာဉ်များတွင် အချက်ပြမီးများ၊ ဟွန်းများ၊ နောက်ဆုတ်သည့် အချက်ပေးအသံများ၊ နောက်ကြည့်မှန်၊ ကားရေသုတ်တံ၊ မီးသတ်ဘူး စသည်တို့ ကောင်းမွန်ပြည့်စုံနေပါစေ။
  • ကားရပ်ရန်နေရာနှင့် ၀န်အတင်အချလုပ်မည့်နေရာ (loading / unloading bay) ကို သတ်သတ်မှတ်မှတ် ထားပေးပါ။
  • ၀န်တင်ချနေစဉ် ၀န်အတင်အချလုပ်သူများမှလွဲ၍ အခြားသူမည်သူမှ အနီးအနား၌ ရှိမနေပါစေနှင့်။
  • လူများလျှောက်လမ်းကို လက်ရမ်းများဆင်ထားခြင်းဖြင့် သီးသန့်သတ်မှတ်ပေးထားပါ။
  • ကြီးမားသော လော်ရီကားကြီးများ၊ ရှည်လျားသော ယာဉ်ကြီးများအတွက် လုံလောက်သော လမ်းအကျယ်ရှိပါစေ။
  • လမ်းအချက်ပြ အမှတ်အသားများကို လိုအပ်သည့်နေရာတိုင်းတွင် ထားပေးပါ။
  • လူဖြတ်ကူးမည့်နေရာတိုင်းတွင် လူကူးသည့်အမှတ်အသား ဆိုင်းဘုတ်ပြထားပါ။
  • ယာဉ်အမြန်နှုန်း (လုပ်ငန်းခွင်အတွင်း၌ သာမန်ယာဉ်များ တစ်နာရီ ၁၅ ကီလိုမီတာနှုန်း။ ယန္တယားကြီးများ၊ ၀န်လေးတင်သည့် ထရေလာများ တစ်နာရီ ၅ ကီလိုမီတာနှုန်းထက်မပိုရ) ဆိုင်းဘုတ်များ ချိတ်ဆွဲပြသထားပါ။
  • လူဖြတ်သည့်နေရာများ၊ အကွေ့များ၊ ဂိတ်အ၀င်အထွက်များ၌ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းပါ။
  • ကားမောင်းနေစဉ် ဖုံးမပြောရ။
  • မောင်းသူမရှိဘဲ မော်တော်ယာဉ်များကို စက်နှိုးမထားရ။
  • လမ်းနှုတ်ခမ်း၊ ကျင်းနှုတ်ခမ်းများနှင့်ကပ်လျှက် ယာဉ်၊ အထူးသဖြင့် ၀န်တင်ထားသောယာဉ်များမရပ်ပါနှင့်။
  • ယာဉ်များသွားမည့်လမ်းပေါ်တွင် မည်သည့်ပစ္စည်းမှ ပုံမထားပါနှင့်။ ပစ္စည်းများကို ချပြီးလျှင် သိုလှောင်မည့်နေရာသို့ ချက်ချင်းပို့ပါ။
  • ယာဉ်သွားလမ်းပေါ်တွင် အမှိုက်သရိုက်များ၊ ချိုင့်ခွက်များ ရှင်းနေပါစေ။
  • ယာဉ်သွားလမ်းများ၊ ၀န်အတင်အချလုပ်သည့်နေရာများ၊ လူလျှောက်လမ်းများတွင် မီးများအလုံအလောက် ထွန်းပေးထားပါ။
  • ယာဉ်များမှ မတော်တဆ ဆီများ၊ အင်ဂျင်ဝိုင်များ ယိုဖိတ်ကျခဲ့သော် ချက်ချင်း သုတ်သင်ရှင်းလင်းပါ။


ဆက်ပါဦးမည်။

အေးငြိမ်း
၂၊ ၉၊ ၂၀၁၃။ ည ၁၀း ၄၇ နာရီ

No comments: