Saturday, February 2, 2013

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (၇)

အောက်ဖော်ပြပါနမူနာမှာ လုပ်ငန်းကြီးကြပ်ရေးမှူးများ၏ လအကတာဝန်ဝတ္တရားများ ဖြစ်၏။





 ကြီးကြပ်မှုအဆင့်မည်မျှလိုသနည်းဟူသည်မှာ ထိုအလုပ်၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်၊ လုပ်သားများ၏ ကျွမ်းကျင်မှု စသည်တို့ပေါ် မူတည်ပါသည်။ အလုပ်သမားများ အထူးသဖြင့် အလုပ်သမားအသစ်များသည် ၎င်းတို့၏အလုပ်ကို မည်မျှ မှန်မှန်ကန်ကန်၊ အန္တရာယ်ကင်းကင်းလုပ်နိုင်သည်၊ လုပ်နိုင်အောင် ခေါ်ဆောင်သွားသည်ဆိုသည်မှာ အလွန်အရေးကြီး ပါသည်။
            အလုပ်ရှင်/မန်နေဂျာတို့မှာ ၎င်းတို့ချမှတ်ထားသည့် လအကဆိုင်ရာမူဝါဒနှင့်ရည်မှန်းချက်များ ပြည့်မီရေးအတွက် လုပ်ငန်းနှင့်ပတ်သက်သည့် လုံလောက်သော သတင်းအချက်အလက်များထောက်ပံ့ပေးရေးအပါအ၀င် ၎င်းတို့၏လုပ်ငန်းခွင် အတွင်း ပြုလုပ်သမျှလုပ်ငန်းတိုင်း၌ အန္တရာယ်ကင်းရှင်းရေးအတွက် အလုံးစုံတာဝန်ရှိပါသည်။
            ၎င်းတို့ကိုယ်တိုင်အတွက်ရော၊ မိမိတို့၏ လုပ်ဖော် ကိုင်ဘက်များ၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးအတွက်ပါ လအကလိုအပ်ချက်၊ စည်းမျဉ်းစည်းကမ်းများကို ကြိုးစားလိုက်နာရန်၊ အလုပ်ရှင်/မန်နေဂျာများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားတိုင်းမှာ တာဝန်ရှိပါသည်။

၆၊ ၁၊ ၃။ သင်တန်းများ


လအကရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရေး၊ အောင်မြင်မှုရနိုင်ရေးတို့အတွက် သင်တန်းများမှာ အခြေခံလိုအပ်ချက် ဖြစ်သည်။ ထိုသင်တန်းများတွင် အောက်ပါတို့ပါဝင်၏။
Ø  ယေဘူယျ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများ - ယေဘူယျအားဖြင့်လိုအပ်သော လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကျွမ်းကျင်မှုနှင့် အသိပညာပေးရေးသင်တန်းများဖြစ်သည်။ ဥပမာ - လုပ်ငန်းခွင် အကြိုသင်တန်း၊ အရေးပေါ်ကယ်ဆယ်ရေး သင်တန်း၊ လုပ်ငန်းခွင်အန္တရာယ်ဖြစ်နိုင်ချေ အကဲဖြတ်ခြင်းသင်တန်းများ
Ø  လအကဆိုင်ရာ သီးခြားသင်တန်းများ - လအကလုပ်ငန်းများကို တန်ဘိုးဖြတ်ရာ၌ ပါဝင်လုပ်ကိုင်ရမည့်သူများအတွက် သင်တန်းများ။ ဥပမာ - လအက ကော်မတီသင်တန်းများ၊ ရှေးဦးသူနာပြုသင်တန်းများ၊ ရေဒီယိုသတ္တိကြွမှု အန္တရာယ်ကင်းရှင်း ရေးသင်တန်းများ၊ ဓါတုပစ္စည်းကိုင်တွယ်ခြင်း အန္တရာယ်ကင်းရေးသင်တန်းများ။

လအကသင်တန်းများ၏ရည်ရွယ်ချက်မှာ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ရလဒ်များ ရစေရေးအတွက် အလုပ်သမားများ မိမိတို့၏ အန္တရာယ်ကင်းရေးကို မိမိတို့ကိုယ်တိုင် ပိုမိုဂရုတစိုက်လုပ်ဆောင် လာစေခြင်း အားဖြင့် လုပ်ငန်းခွင်အန္တရာယ်များနှင့်ပတ်သက်၍ ပိုမိုနိုးနိုးကြားကြားရှိလာစေရန်ဖြစ်သည်။ သင်တန်းများတက်ခြင်းအားဖြင့် မန်နေဂျာ၊ ကြီးကြပ်ရေးမှူး နှင့် အလုပ်သမားများသည် လုပ်ငန်းခွင်အန္တရာယ်များအကြောင်း ပိုမိုနားလည်လာပြီး ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖြေရှင်းလာနိုင်မည်ဖြစ်သည်။ လုပ်ငန်းကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုပ်ငန်းခွင်မတော်တဆမှုများ၊ နေထိုင် မကောင်းဖြစ်မှုများအား ကာကွယ်နိုင်ရန် အဖွဲ့အစည်းတိုင်းသည် သင်တန်းများအား လက်နက်တစ်ခုအနေဖြင့် သုံးသင့်သည် သာတည်း။
ထို့အတွက် စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် မည်သည့်သင်တန်းများတက်ရမည်ကို သတ်မှတ်ပြဌာန်းပေးထားရန် တာဝန်ရှိ ပါသည်။

လအကသင်တန်းများကို မည်သူတို့တက်သင့်သနည်း

            လုပ်သားအားလုံး လအကသင်တန်းများတက်သင့်သည်။ ဥပဒေကြောင်းအရလိုအပ်သည့်သင်တန်းများ တက်ထား ကြောင်းကိုလည်း နောက်ဆုံးရမှတ်တမ်းများထားရမည်။ အလုပ်သမားများအတွက် အောက်ပါသင်တန်းများ လိုအပ်မည်။
Ø  လုပ်ငန်းခွင်အကြို လအကသင်တန်း (Safety Induction Course)
Ø  အလုပ်နှင့်ပတ်သက်သည့် သီးသန့်သင်တန်း။ ဥပမာ - လူအားဖြင့်ပစ္စည်းမ,ခြင်း၊ အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်ခြင်း၊ ဆူညံသံနှင့်ပတ်သက်သည့်သင်တန်း၊ မတော်တဆမှုသတင်းပို့သည့် သင်တန်း စသည်
Ø  မွမ်းမံသင်တန်း (လိုအပ်လျှင်)

 သင်တန်းများထဲ၌ အဘယ်တို့ပါသင့်သနည်း

            သင်တန်း၏သင်ရိုး၌ ပါဝင်သင့်သည်များကို သင်တန်း၌ ဘာတွေလိုသနည်း ဆိုသည့်အရာနှင့် ဆန်းစစ်ချိန်ထိုး ကြည့်ရပါမည်။ သင်တန်းလိုအပ်ချက်များကို ဆန်းစစ်ရာ၌ အောက်ပါနည်းလမ်းများပါဝင်သင့်၏။
Ø  ၎င်းတို့၏အလုပ်ကို အန္တရာယ်ကင်းကင်းလုပ်နိုင်ရန် မည်သည့်အရာများလိုသနည်း ဆိုသည်ကို အလုပ်သမားများနှင့် ဆွေးနွေး မေးမြန်းခြင်း - ဤသို့ဆွေးနွေးမေးမြန်းခြင်းအားဖြင့် လက်တွေ့အလုပ်ထဲ၌ အမှန်တကယ်လိုအပ်သည်များကိုသာ သင်တန်း၌ သင်သည်ဆိုသည်ကို ၎င်းတို့အနေနှင့် လက်ခံနိုင်မည်ဖြစ်သည်။
Ø  အရေးကြီးဆုံးဂရုစိုက်ရမည့် အန္တရာယ်ဧရိယာကို သတ်မှတ်ခြင်း - ၎င်းကို ယခင်ကမတော်တဆမှုမှတ်တမ်းများအား ပြန်လည် လေ့လာကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ထိုအလုပ်ထဲမှလုပ်သားများနှင့် ဆွေးနွေးကြည့်ခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းကို လေ့လာခြင်းအားဖြင့်လည်းကောင်း သိနိုင်ပါသည်။

မည်ကဲ့သို့သော နည်းများဖြင့် သင်တန်းပေးမည်နည်း

            သင်တန်းပေးရာ၌ အထိရောက်ဆုံးနည်းလမ်းမှာ သင်တန်းသားများနားလည်နိုင်ရန် မည်ကဲ့သို့သော စကားလုံးများ ဖြင့်ပြောရမည်၊ အလွယ်တကူလေ့လာသင်ယူနိုင်ရန် မည်ကဲ့သို့ ပေးရမည်။ ကြာရှည်မှတ်မိနေနိုင်ရန် မည်ကဲ့သို့သော နည်းများ သုံးရမည် စသည်တို့ဖြစ်၏။ ဥပမာ - ယခင်ကဖြစ်ခဲ့သော မတော်တဆမှုဥပမာများပေးခြင်း၊ ပိုစတာများပြခြင်း၊ ဗီဒီယိုများ ပြခြင်း၊ ဆောင်ပုဒ်များပေးခြင်း၊ သူတို့နှင့် အပြန်အလှန်ဆွေးနွေးခြင်း စသည်။ ထို့ပြင် သင်နေရင်းမှလည်း သင်တန်းသားများ အား အကြံဉာဏ်များပေးရန် တိုက်တွန်းခြင်းဖြင့် သူတို့ပိုမိုစိတ်ဝင်စားလာမည်။ သင်နည်းမှာ အလုပ်သမားများ လုပ်ငန်းခွင် အတွင်း လက်တွေ့လုပ်နေရသည်များအပေါ် အခြေခံသည့်နည်းသာ ဖြစ်သင့်ပါသည်။

သင်တန်းကို တန်ဘိုးဖြတ်ခြင်း၊ ထက်ချပ်မကွာဆက်လက်ဆောင်ရွက်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း

v  သင်တန်းနှင့်ဆက်နွယ်နေသည့် လက်တွေ့လုပ်ငန်းများအားလေ့လာခြင်းနှင့် တုံ့ပြန်မှုများမှနေ၍ သင်တန်းကို တန်ဘိုးဖြတ်နိုင်ပါသည်။
v  သင်တန်းဟူသည် စဉ်ဆက်မပြတ်သွားနေရမည်ဖြစ်သဖြင့် မွမ်းမံသင်တန်းများပေးရန်လည်း ဇယားဆွဲထားရန်လိုပါသည်။
v  လက်ရှိချမှတ်ထားသည့်ဥပဒေများနှင့် ကိုက်ညီစေရန်နှင့် ပိုမိုထိရောက်စေရန် သင်တန်းအစီအစဉ်များကို ပြုပြင်ရေးဆွဲရန် လိုပါသည်။

မည်ကဲ့သို့ သင်တန်းပေးနိုင်သနည်း

အောက်ပါအစီအစဉ်အတိုင်း သင်တန်းများပေးနိုင်ပါသည်။

အဆင့် - ၁။ သင်တန်းဇယားရေးဆွဲရန် သင့်အဖွဲ့အစည်းအတွင်း မည်ကဲ့သို့သောသင်တန်းများ လိုအပ်မည်နည်း ဟူသည်ကို ရှာဖွေလေ့လာပါ။

လအက သင်တန်းဇယားက အလုပ်ရှင်၊ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးများအား ၎င်းတို့အလုပ်သမားများအတွက် မည်ကဲ့သို့ သော လအကကျွမ်းကျင်သင်တန်းများ ပေးရန်လိုအပ်သည်ကို စစ်ဆေးရန် အထောက်အကူပြုသည်။ ထိုသင်တန်း ဇယားက အလုပ်သမားများအား ၎င်းတို့နေ့စဉ်လုပ်ငန်းခွင်ထဲတွင် ကြုံတွေ့နေရသည့် အန္တရာယ်များအား မည်ကဲ့သို့စီမံမည်ကို ထိရောက်သော သတင်းအချက်အလက်များ၊ အသိသညာများ နှင့် ကျွမ်းကျင်မှုများပေးရန် လိုအပ်သော သင်တန်းမှန်သမျှ ဖော်ပြပေးထားသည်။ 
            အောက်တွင် လအကသင်တန်းဇယား နမူနာကို ဖော်ပြထားပါသည်။

အဆင့် - ၂။ သင်တန်းအစီအစဉ်ကို ပြင်ဆင်ပါ။

            သင့်အဖွဲ့အစည်းအတွက် လိုအပ်မည့်သင်တန်းများကို ဦးစားပေးအစီအစဉ်အလိုက်ရေးဆွဲပါ။ အရေးကြီးသည်မှာ ဥပဒေကြောင်းအရ နှင့် အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းများကို ပထမဦးစားပေးအဖြစ် ထားရပါမည်။ အခြားသင်တန်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် လုပ်သားများအား အလှည့်ကျ သင်ကြားပေးရမည်ဖြစ်ပါသည်။ သင်တန်းဇယား နမူနာကို နောက်ဆက်တွဲပုံစံ - ၁၀ တွင် ဖော်ပြထားပါသည်။

အဆင့် - ၃။ သင်တန်းပေးခြင်း။

            သင်တန်းအစီအစဉ်ရေးဆွဲပြီးသည်နှင့် တပြိုင်နက် ရေးဆွဲထားသော သင်တန်းဇယားအလိုက် လုပ်သားများကို သင်တန်းပေးပါ။ သင့်လုပ်ငန်းထဲမှ လုပ်ငန်းများအားလုံးနှင့် ခြုံမိငုံမိဖြစ်စေသည့် သင်တန်းအားလုံးပါဝင်ရန် ရေးဆွဲ ထားရပါမည်။ အရေးကြီးသည်မှာ လုပ်ငန်းနှင့်ပတ်သက်၍ သင်ပေးလိုသော သိသင့်သိထိုက်သည့် အချက်အလက်များကို အလုပ်သမားများ ကောင်းစွာနားလည်အောင် ပြောပြနိုင်ရေးပင်ဖြစ်ပါသည်။ သူတို့အလွယ်တကူနားလည်နိုင်မည့် နည်းလမ်း များကို ရွေးချယ်အသုံးပြုရပါမည်။ သင်တန်းဆရာအားလည်း သင်တန်းပို့ချရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ရန် အချိန် လုံလုံလောက်လောက်ပေးရပါမည်။





သင်ကြားပို့ချပေးသမျှ သင်တန်းအားလုံးအား မှတ်တမ်းတင်ထားပါ။ ထိုမှတ်တမ်းထဲတွင် သင်တန်းဆရာ၊ သင်တန်း သားများ၏ နာမည်၊ ပို့ချသည့်ရက်စွဲ၊ သင်တန်းနေရာ၊ မည်သည့်နေ့ရက်တွင် သင်တန်းပြီးဆုံးသည်၊ မည်သူတို့က သင်တန်း ဘယ်နှရက်ပျက်သည်၊ မည်သူတို့ ကောင်းစွာအောင်မြင်ပြီးဆုံးသည် စသည်တို့ကို ပြည့်ပြည့်စုံစုံဖော်ပြပါ။ သင်တန်းမှတ်တမ်း နမူနာကို နောက်ဆက်တွဲပုံစံ အမှတ် ၁၀ တွင်ဖော်ပြထားပါသည်။
            အောက်ပါဇယားမှာ သင်တန်းချိန်ဇယားနှင့် သင်တန်းမှတ်တမ်းနမူနာဖြစ်ပါသည်။



အဆင့် - ၄။ သင်တန်းကို ပြန်လည်သုံးသပ်ခြင်း

            သင်တန်းသည် တကယ်အသုံးတည့်မတည့် ပြန်လည်စစ်ဆေးကြည့်ပါ။ သင်တန်းအစီအစဉ်များသည် မိမိတို့ ရည်ရွယ်ချက်အတိုင်း ထမြောက်အောင်မြင်တာ သေချာပါစေ။ သင်တန်းကို တန်ဘိုးဖြတ်ကြည့်ခြင်းသည် အသုံးတည့်ပါသည်။ သင်တန်း၌ အရေးကြီးသည့်အပိုင်းတစ်ခုမှာ သင်တန်းထိရောက်မှုကို တိုင်းတာစစ်ဆေးသောနည်းပင်ဖြစ်၏။
            သင်တန်းရည်ရွယ်ချက်နှင့် သင်ရိုးများကို ပြင်ဆင်ပြီးသည်နှင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာသည် သင်တန်း အကဲဖြတ်ခြင်းအစီအစဉ်ကိုပါ တပါတည်း ထည့်သွင်းရေးဆွဲထားရပါမည်။ သင်တန်းအကဲဖြတ်ခြင်းကို သင်တန်းအားလုံး ပြီးဆုံးသွားသည်ထိ အချိန်ဆွဲမထားပါနှင့်။ သင်တန်းအကဲဖြတ်ခြင်းများက လုပ်သားများသည် သင်တန်းကိုတက်ပြီး ရလာသည့်အသိသညာဖြင့် အလုပ်ခွင်အတွင်း၌ စွမ်းရည်မည်မျှ တက်လာသည်ဆိုသည်ကို အလုပ်ရှင်နှင့် ကြီးကြပ်ရေးမှူးများ အဆုံးအဖြတ်ပြုရာတွင် များစွာအထောက်အကူပြုသည်။
            သင်တန်းကို အကဲဖြတ်ရာတွင် အောက်ပါနည်းလမ်းများ သုံးနိုင်သည်။

၁။ သင်တန်းသားများ၏ ထင်မြင်ယူဆချက်များ
မေးခွန်းများဖြေစေခြင်း သို့မဟုတ် စကားစနေပြောကြည့်ခြင်းအားဖြင့် သင်တန်းများသည် ၎င်းတို့အတွက် တကယ်အသုံးတည့် မတည့် အလုပ်ရှင်များက သိနားလည်နိုင်ပါသည်။

၂။ ကြီးကြပ်ရေးမှူးများ၏ လေ့လာတွေ့ရှိချက်များ
သင်တန်းမပေးမီနှင့် ပေးပြီးနောက် မိမိအလုပ်သမားများ၏ စွမ်းရည်တိုးတက်လာမှုကို လေ့လာရန် ကြီးကြပ်ရေးမှူးအဆင့်သည် လွန်စွာမှသင့်လျော် လျှောက်ပတ်လှသော အဆင့်ဖြစ်ပေ၏။

၃။ လုပ်ငန်းခွင်အတွင်း တိုးတက်လာမှုအခြေအနေ
ကောင်းမွန်အောင်မြင်သည့် သင်တန်းအစီအစဉ်များက ထိခိုက်ဒဏ်ရာရမှုနှင့် မတော်တဆမှု လျော့ကျလာခြင်းတည်းဟူသော လုပ်ငန်းခွင်အတွင်း ပြောင်လဲမှုများကို သိသာစွာမြင်တွေ့ရနိုင်ပေသည်။

သင်တန်းများပေးသည့်တိုင် သင်တန်းများကို တန်ဖိုးဖြတ်ခြင်းအားဖြင့် အလုပ်သမားများ သင်တန်းမှသင်ကြား ပေးလိုက်သည်ကို သေသေချာချာရမရ၊ နောင်တွင် မွမ်းမံသင်တန်းများထပ်မံပေးရန် လို၊ မလိုစသည်တို့ကို အလုပ်ရှင်အား အထောက်အကူ ဖြစ်စေသည်။
            နိဂုံးချုပ်အားဖြင့် သင်၏သင်တန်းလိုအပ်ချက်၊ အစီအစဉ်နှင့် သင်ရိုးကို အချိန်နှင့်အမျှ ပြန်လည်သုံးသပ်နေရမည် ဖြစ်ပါသည်။

၆၊ ၂။ အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှု


စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအတွင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်ချခြင်းများအတွက် အလုပ်သမားများ၏ ပါဝင်ဆောင်ရွက်မှုရရှိခွင့်ကို အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုဟု ခေါ်ပါသည်။ အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုကို စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် လေးလေးစားစားအားပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အန္တရာယ်ကင်းရေးအတွက် အသင့်တော်ဆုံးအလွှာမှာ အလုပ်သမားများဖြစ်သဖြင့် ၎င်းတို့ကိုယ်တိုင် အန္တရာယ်ကင်းရေးကို အလေ့အထတစ်ခုဖြစ်လာစေရန် ဖြစ်ပါသည်။
            အလုပ်သမားများပူးပေါင်းပါဝင်မှု ပုံစံအမျိုးမျိုးရှိပါသည်။ အကြံပေးခြင်း၊ အဖွဲ့ငယ်ကလေးများဖွဲ့၍ လုပ်ငန်းခွင်၌ အန္တရာယ်ကင်းရေး ပိုမိုတိုးတက်လာစေ၇န် မည်ကဲ့သို့လုပ်မည့်အကြောင်း ပုံမှန်ဆွေးနွေးပွဲ ကလေးများကျင်းပစေခြင်း စသည်တို့ ဖြစ်သည်။

လအကနှင့်ပတ်သက်၍ မည်သည့်အကြံဉာဏ်များပေးနိုင်သနည်း

            လအကနှင့်ပတ်သက်၍ ပေးနိုင်သော အကြံဉာဏ်များတွင် အောက်ပါတို့ပါဝင်သည်။
Ø  လအကဖြစ်စေ၊ လူမှုဖူလုံရေးကိစ္စဖြစ်စေ သိသင့်သောအချက်များကို အလုပ်သမားများသို့ ရှင်းပြခြင်း
Ø  လအကနှင့် လူမှုဖူလုံရေးကိစ္စရပ်များအပေါ် အလုပ်သမားများ၏ အမြင်နှင့်သဘောထားကို တောင်းခံခြင်း၊ ၎င်းတို့အား ပြောရေးဆိုခွင့်ပေးခြင်း
Ø  အလုပ်သမားများပေးလာသော အကြံဉာဏ်များကို တန်ဖိုးထားပြီး လက်တွေ့ကျင့်သုံးပြခြင်း

ဆုံးဖြတ်ချက်ချရာ၌ အလုပ်သမားများပေးသည့် အကြံဉာဏ်များသည် ၎င်းတို့ကိုယ်တိုင်၏ အန္တရာယ်ကင်းရေးနှင့် လူမှုဖူလုံရေးကိစ္စရပ်များအတွက် အကျိုးရှိပါသည်။ ဤနည်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့လက်တွဲပြီး ပိုမို အန္တရာယ် ကင်းသော၊ ပိုမိုကျန်းမာသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။
အဖွဲ့အစည်းသည် လအကမူဝါဒနှင့် ရည်မှန်းချက်များကို အထောက်အပံ့ပြုနိုင်မည့် ကောင်းသော လအကအလေ့ အကျင့်များတွင် ပါဝင်လာကြစေရန် အားပေးရပါမည်။ အကြံပြုခြင်း၌ အောက်ပါတို့ပါဝင်ပါသည်။
Ø  စီမံခန့်ခွဲရေးအဖွဲ့နှင့် ၀န်ထမ်းများသည် လအကကောင်စီနှင့် အလားတူအဖွဲ့အစည်းများမှတဆင့် အကြံဉာဏ်များရယူခြင်း
Ø  ၀န်ထမ်းများသည် အန္တရာယ်ကိုရှာဖွေဖော်ထုတ်ခြင်း၊ အန္တရာယ်ကို ထိန်းချုပ်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ချေများကို အကဲဖြတ်ခြင်း တို့တွင် ပါဝင်ခြင်း
Ø  စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန် လုပ်သားတို့၏ လအကကိုယ်စားလှယ်ကို တာဝန်ဝတ္တရားသတ်သတ်မှတ်မှတ် ပေး၍ ဆောင်ရွက်စေခြင်း
Ø  လုပ်ငန်းခွင်စစ်ဆေးခြင်း၊ မတော်တဆမှုများတွင် စုံစမ်းစစ်ဆေးခြင်းများ၌ ပါဝင်ဆောင်ရွက်စေခြင်း

အကြံဉာဏ်ပေးခြင်းကို မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ရမည်နည်း

            လုပ်ငန်းအကြီးအသေးကိုလိုက်၍ လုပ်သားများအား မည်ကဲ့သို့အကြံပေးရမည်ဆိုသည့်နည်းလမ်း ကွာသွားနိုင် ပါသည်။ အကယ်၍သာ သင်တို့နိုင်ငံ၌ လုပ်သားများပါဝင်ဆောင်ရွက်စေရေးနှင့်ပတ်သက်သည့် ဥပဒေ၊ စည်းမျဉ်းများရှိခဲ့ပါက ထိုအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ သို့သော်လည်း ဥပဒေဖြင့်ပြဌာန်းထားခြင်းမရှိပါက အောက်တွင်ဖော်ပြထားသော နည်းလမ်း ၃ သွယ်အနက်တစ်ခုခုဖြင့် ဆောင်ရွက်နိုင်ပါသည်။
Ø  လအကကော်မတီ - လအကကော်မတီသို့ လုပ်သားများရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များ ပါဝင်စေခြင်း
Ø  လုပ်သားကိုယ်စားလှယ်များ - လုပ်သားများရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များ
Ø  အခြားသဘောတူညီချက်များ - ဥပမာ -
v  အလုပ်သမားများသည် ၎င်းတို့၏အရေးကိစ္စများကို အလုပ်ရှင်သို့တင်ပြနိုင်သည့် ၀န်ထမ်းများ၏ ပုံမှန်အစည်းအဝေးများ
v  ထိုအရေးကိစ္စများကို အရေးယူဆောင်ရွက်မည့် အစည်းအဝေးများ
v  အလုပ်ရှင်နှင့် အလုပ်သမားများ လအကဆိုင်ရာကိစ္စများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်သည့် (စနစ်တကျ၊ အခန်းအနား များနှင့် လုပ်ခြင်းမဟုတ်သည့်) စည်းဝေးပွဲများ

အကြံပေးခြင်းမှရသည့် အဓိက အကျိုးအမြတ်များ

လုပ်ငန်းအတွက်
Ø  လအကပိုင်းတွင် အလုပ်သမားများပိုမို စိတ်ပါဝင်စားစွာ ဆောင်ရွက်လာခြင်း
Ø  စီမံခန့်ခွဲရေးအဖွဲ့နှင့် အလုပ်သမားများအကြား ယုံကြည်မှုပိုရလာခြင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားသမှု ရလာခြင်း၊ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ရှိလာခြင်း
Ø  လုပ်သားများ မိမိတို့အလုပ်အပေါ် ပိုမို၍ ကျေနပ်မှုရလာခြင်း
Ø  ကုန်ထုတ်လုပ်မှု ပိုမိုမြင့်မားလာခြင်း

အလုပ်သမားများအတွက်
Ø  ပိုမို၍ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်တစ်ခု ရရှိခြင်း
Ø  မိမိပိုင်ဆိုင်မှုကို ယုံကြည်မှုပိုလာခြင်း

အဖွဲ့အစည်းအတွက်
Ø  အာမခံကြေး လျော့နည်းသွားခြင်း
Ø  ဘုံကောင်းမွန်သည့်အချက်များပေါ်တွင် အလုပ်ကိုညီညာဖျဖျလုပ်ကိုင်နိုင်ခြင်း

လအကစီမံချက်အတွက် အလုပ်ရှင်နှင့်အလုပ်သမားအကြား အကြံပေးမှုဖြစ်စဉ်မှာ အလွန်အရေးကြီးပါသည်။ အလုပ်သမားများ၏ အသံကိုနားထောင်ခြင်း၊ သူတို့အကြံဉာဏ်ကို လက်ခံခြင်း၊ သူတို့ထံမှ သတင်းစကားရယူခြင်းတို့သည် အလုပ်ရှင်အတွက် အလွန်အသုံးတည့်ပါသည်။ လအကစနစ်ကို ဖွံ့ဖြိုးစေခြင်းနှင့် အကောင်အထည်ဖော်ရာတွင် အလုပ်သမား ရော အလုပ်ရှင်ပါ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပိုမိုအလုပ်ဖြစ်စေသည်။ သင့်လုပ်ငန်းနှင့်အသင့်တော်ဆုံးဖြစ်မည့် နည်းလမ်းကို ရွေးခြင်းဖြင့် အထိရောက်ဆုံးအကြံပြုချက်ကို ရနိုင်ပါသည်။ 


၆ ၊ ၃။ စာရွက်စာတမ်းများပြင်ဆင် သိမ်းဆည်းခြင်း

            ယေဘူယျအားဖြင့် အလကစနစ်တွင် စာရွက်စာတမ်းပြင်ဆင်သိမ်းဆည်းခြင်းမှာ ပိရမစ်ပုံကဲ့သို့ အဆင့် ၃ ဆင့် ရှိသည်။ ၎င်းတို့မှာ -
Ø  ထိပ်ဆုံးအဆင့်၌ လအကစ၏ မူဝါဒများကိုရည်ညွှန်းသည့် လအကစနစ်လက်စွဲ
Ø  အလယ်ဆင့်၌ စံလုပ်ကိုင်မှုနည်းစနစ်များ - လုပ်ငန်းလုပ်ပုံလုပ်နည်းများ၊ လအကလုပ်ထုံးလုပ်နည်းများ၊ သီးသီးသန့်သန့် သတ်မှတ်ထားသော အခြားကုန်ထုတ်လုပ်နည်းစနစ်များ
Ø  အောက်ခြေအဆင့်၌ လအကစွမ်းဆောင်ရည်ကို သက်သေထူနိုင်မည့် မရှိမဖြစ်လိုအပ်သော ပုံစံများ၊ ဇယားများစသည့် မှတ်တမ်းများ

အလကစာရွက်စာတမ်းများတွင် လုပ်ငန်းလမ်းညွှန်ချက်များ၊ ပုံစံများနှင့် စစ်ဆေးချက်ဇယားများပါဝင်သည်။ လအက စာရွက်စာတမ်းများသည် မိမိမှီငြမ်းပြုထားသည့် ဖွဲ့စည်းပုံပေါ်မူတည်သည်။ အရေးကြီးသည်မှာ ထိုစာရွက်စာတမ်းများသည် အဖွဲ့အစည်းအတွင်း လက်တွေ့အသုံးချနိုင်ပြီး စီမံခန့်ခွဲမှုကို လမ်းညွှန်ပေးနိုင်ရမည်။ သို့တိုင် အသုံးချမှုနယ်ပယ်မှာမူ အဖွဲ့အစည်း၏ လုပ်ငန်းသဘောသဘာဝ၊ ရှိနိုင်သည့်အန္တရာယ်များ နှင့် လုပ်ငန်းအဆင့်များပြားမှုပေါ် မူတည်ကွဲပြားသွား ပါမည်။

သို့ဆိုလျှင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးလက်စွဲ ဟူသည် အဘယ်နည်း ?

 လုပ်ငန်းလိုအပ်ချက်ကိုဖော်ပြထားသည့် စနစ်တစ်ခုခြင်းအား မည်ကဲ့သို့လိုက်နာနိုင်သည်ကို ဖော်ပြထားချက်သည် လက်စွဲစာအုပ်ပင်ဖြစ်၏။

သို့ဆိုလျှင် လုပ်ငန်းအစီအစဉ်များဆိုသည်မှာ အဘယ်နည်း ?

လုပ်ငန်းအစီအစဉ်မှာ အလုပ်နှင့်ဆက်စပ်နေသည့် လှုပ်ရှားမှုများဖြစ်သည်။ ဥပမာ - စက်ရုံပြင်ဆင်ထိန်းသိမ်းရေး အစီအစဉ်၊ အန္တရာယ်ကင်းစွာ လုပ်ကိုင်ရေးအစီအစဉ်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးချက်အစီအစဉ်များ

သို့ဆိုလျှင် လုပ်ငန်းလမ်းညွှန်ချက်များဆိုသည်မှာ အဘယ်နည်း ?

            လုပ်ငန်းလမ်းညွှန်ချက်များဟူသည် အလုပ်တစ်ခုချင်းစီအတွက် စာဖြင့်ရေးသားညွှန်ကြားထားသော စာရွက်စာတမ်း များဖြစ်ပြီး လုပ်ရမည့်အလုပ်ကို အဆင့်လိုက်ဖော်ပြထားသည်။

            လအကစနစ်ကို သေသေချာချာနားလည်သဘောပေါက်နိုင်စေရန်၊ ထိရောက်ပြီး လုံလောက်စွာ လည်ပတ်နိုင်စေရန် အဖွဲ့အစည်းသည် နောက်ဆုံးရစာရွက်စာတမ်းများကို စနစ်တကျ သေချာစွာ သိမ်းဆည်းထားရပါမည်။ ထိုအထဲတွင် အောက်ပါတို့ပါဝင်၏။
၁) လအကစနစ် လက်စွဲစာအုပ် သို့မဟုတ် ခြုံငုံသုံးသပ်ချက်
၂) မှတ်ပုံတင်စာများ၊ အညွှန်းစာများ နှင့် မာတိကာစာရင်းများ
၃) လုပ်ထုံးလုပ်နည်း နှင့် လုပ်ငန်းညွှန်ကြားချက်များ

            စာရွက်စာတမ်းအားလုံးမှာ အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် လအကစနစ်လည်ပတ်မှုအတွက် အရေးကြီး သည့် အချက်အလက်များဖြစ်ရာ သေချာစွာ ကန့်သတ် သိမ်းဆည်းထားရပါမည်။ လအကစာရွက်စာတမ်းများအား သိမ်းဆည်း ခြင်း၊ ကန့်သတ်ခြင်း၊ အတည်ပြု ခြင်း၊ ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်းစသည်တို့ကို လုပ်ပုံလုပ်နည်းများအား စာဖြင့်ရေးသား မှတ် တမ်းတင်ထားရပါမည်။
            ထိုစာရွက်စာတမ်းမှတ်တမ်းတင်နည်းများတွင် ယေဘူယျအားဖြင့် အောက်ပါတို့ပါဝင်ပါသည်။
၁) စာရွက်စာတမ်းကန့်သတ်ခြင်း လုပ်ပုံကိုင်နည်း
၂) စာရွက်စာတမ်းများ၏ အညွှန်းများ၊ မာတိကာများ၊ စာရင်းများ၊ ကန့်သတ်စာရွက်စာတမ်းစာရင်းများနှင့်
    ထားသည့်နေရာ
၃) မှတ်တမ်းမှတ်ရာ အချုပ်

            လအကစာရွက်စာတမ်းများကို သက်ဆိုင်သူများ အလိုရှိလျှင် အလွယ်တကူရနိုင်သည့်နေရာ၌ ထားရမည်။

သို့ဆိုလျှင် ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် သင့်အဖွဲ့အစည်းအနေနှင့် မည်ကဲ့သို့လုပ်ကိုဆောင်ရွက်သင့်သနည်း ?

             ဖိုင်များကို နာမည်တပ်ပါ။ ဥပဒေကြောင်းအရသော်လည်းကောင်း၊ လက်မှတ်ရယူရေး အတွက်သော်လည်းကောင်း (ဥပမာ - ISO 9000) လိုအပ်သည့် အရေးကြီးသောစာရွက်စာတမ်းများ (ဥပမာ - Material Safety Data Sheets, သင်တန်း မှတ်တမ်းများ၊ ထိခိုက်ရှနာမှုမှတ်တမ်းများ) ကို စနစ်တကျသိမ်းပါ။

၆၊ ၄။ မှတ်တမ်းတင်ခြင်း

            မူဝါဒဖော်ပြချက်၊ သင်တန်းချိန်များ၊ လအကစည်းဝေးပွဲများ၊ အလုပ်သမားများသို့ အသိပေးချက်များ၊ ဆေးမှတ်တမ်း များ စသည့် လှုပ်ရှားမှုမှတ်တမ်းများကို စနစ်တကျသိမ်းဆည်းထားရန် အရေးကြီးပါသည်။ လအကမှတ်တမ်းများတွင် ပုံစံများ၊ စစ်ဆေးချက်ဇယားများ၊ လုပ်ငန်းခွင်အန္တရာယ် အကဲဖြတ်ခြင်းများစသည့် လအကစနစ်တွင် ပါဝင်သည့် မှတ်တမ်းမှတ်ရာများ ပါဝင်ပါသည်။ သို့သော် ကန့်သတ်ချက်မရှိပါ။ ထို့ပြင် ပြင်ပမှရသည့် မှတ်တမ်းများဖြစ်သည့် Material Safety Data Sheet, ပြင်ပလုပ်ငန်းစစ်မှတ်တမ်း၊ ဆေးစစ်ချက်မှတ်တမ်းများ သို့မဟုတ် လုပ်ငန်းခွင် စောင့်ကြည့်ရေးမှတ်တမ်းများ စသည်တို့လည်း ပါဝင်ပါသေးသည်။

အဘယ်ကြောင့်မှတ်တမ်းတင်ထားရန် လိုပါသနည်း?

            လိုအပ်သည့်စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်းက လုပ်ငန်းစီမံခန့်ခွဲမှုအဖွဲ့၏ ခိုင်မာပြီး မိမိတို့စီးပွားရေး အပေါ်ယုံကြည်စိတ်ချမှုကို ပြသနေသည်။ ထို့ပြင်စာရွက်စာတမ်းများသိမ်းဆည်းခြင်းက လအကစနစ်ကို အပြည့်အ၀လိုက်နာ ကြောင်းပြသသည့် နည်းတစ်ခုလည်းဖြစ်၏။  
            ထို့ပြင် မှတ်တမ်းများက ကုမ္ပဏီသည် ပြဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းများကို လိုက်နာကြောင်းလည်း ပြသသည်။ ထိုစာရွက်စာတမ်းများကို သင့်လုပ်ငန်းအတွင်း လအကစနစ်ကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူအဖြစ်သုံးနိုင် သည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစွမ်းဆောင်မှုများကို ပြန်လည်သုံးသပ်ရာ၌လည်း အသုံးတည့်သော သတင်းအချက်အလက်များကို ထောက်ပံ့ပေးပါလိမ့်မည်။
            ထိုမှတ်တမ်းများမှာ တိကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သက်သေအထောက်အထားများ ဖြစ်၏။  ထိုမှတ်တမ်းများကပင် လိုအပ်သောအရေးယူမှုများပြုခဲ့ကြောင်း၊ လိုအပ်သော အခြေအနေများနှင့်လည်း ကိုက်ညီစေ ကြောင်း အထောက်အထားများဖြစ်သည်။
            ထိုအထောက်အထားများကို မိမိတို့စနစ်သည် ထိထိရောက်ရောက်၊ လိုအပ်ချက်များကို အတိအကျလိုက်နာကြောင်း သက်သေပြသည့်အနေနှင့် သိမ်းဆည်းထားရန် လိုပါသည်။ ထို့ပြင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ချမှတ်ထားသော အစီအစဉ်နှင့် အခြေအနေများကို မိမိတို့လုပ်ငန်းစဉ်က လိုက်နာဆောင်ရွက်ကြောင်းလည်း သက်သေအနေနှင့် ပြနိုင်သည်။

မည်သည့်မှတ်တမ်းများကို သိမ်းဆည်းထားသင့်သနည်း

            အဖွဲ့အစည်းများတွင် သေသေချာချာသိမ်းထားရမည့် ကွဲပြားခြားနားသော မှတ်တမ်းများ ရှိနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်။
v  ဥပဒေအရ သိမ်းကိုသိမ်းရမည့်မှတ်တမ်းများ
v  လအကစနစ်ကို လည်ပတ်စေရာတွင် အထောက်အကူပြုမည့် စာရွက်စာတမ်းများ
v  လုပ်ငန်းအတွင်း နေ့စဉ်လုပ်ကိုင်နေရသည့် အလုပ်များနှင့် ဆက်စပ်ပတ်သက်နေသည့် စာရွက်စာတမ်းများ

            လိုအပ်ချက်များကိုလိုက်နာရန် နှင့် စီမံခန့်ခွဲရေးစနစ်အတွက် လအကမှတ်တမ်းများကို ပြင်ဆင်ထားသင့်ပါသည်။ ထို့ပြင် ၎င်းတို့မှာ အလွယ်တကူဖတ်ရှုနိုင်ရမည်။ ပြည့်စုံရမည်။  

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာမှတ်တမ်းများ

ü  လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ မတော်တဆဖြစ်မှု၊ အန္တရာယ်ဖြစ်ခါနီးအခြေအနေ
ü  လုပ်ငန်းစစ်နှင့် ပြန်လည်သုံးသပ်ချက်များ
ü  ရှေးဦးသူနာပြုမှတ်တမ်းများ
ü  အလုပ်လုပ်ရန် ခွင့်ပြုမိန့်နှင့် လိုင်စင်များ
ü  ကာကွယ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း အရေးယူဆောင်ရွက်ချက်များ
ü  မတော်တဆမှုအစီရင်ခံစာများ နှင့် စနစ်ချို့ယွင်းမှုများ
ü  တာဝန်နှင့်ဝတ္တရားများ။ ဥပမာ - လုပ်ငန်းဖော်ပြချက်
ü  လအကကော်မတီစည်းဝေးပွဲမှတ်တမ်းများ၊ နံနက်ခင်းစည်းဝေးပွဲမှတ်တမ်းများ
ü  သင်တန်းများ
ü  လျော်ကြေးတောင်းခံမှုများ
ü  ပြန်လည်ထူထောင်ရေးအစီအစဉ်များ

လုပ်ငန်းလုပ်ဆောင်မှုမှတ်တမ်းများ

ü  အင်ဂျင်နီယာဆိုင်ရာလက်မှတ်များ
ü  ပတ်ဝန်းကျင်စောင့်ကြည့်ရေးဆိုင်ရာ စာရွက်စာတမ်းများ
ü  ပစ္စည်းကိရိယာများကို ပြန်လည်ချိန်ညှိခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း နှင့် စစ်ဆေးချက်မှတ်တမ်းများ
ü  စက်မောင်းသူလိုင်စင်များနှင့် လက်မှတ်များ
ü  စက်ကိရိယာ၊ စက်ရုံပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းများ
ü  အဆောက်အဦသံဘောင်များဆိုင်ရာ မှတ်တမ်းများ
ü  ကန်ထရိုက်တာနှင့် ပစ္စည်းပေးသွင်းသူများ၏မှတ်တမ်းများ

မည်သည့်ပုံစံများ သုံးသင့်သနည်း?

            မှတ်တမ်းမှတ်ရာများမှာ လုပ်ငန်းစစ်ကိုပြရုံသက်သက်သာမဟုတ်ဘဲ သင့်လုပ်ငန်း၌ အမှန်တကယ်အသုံးတည့်မည့် အရာများသာ ဖြစ်သင့်ပါသည်။ ၎င်းတို့တွင် ပြည့်စုံလုံလောက်သော အသုံးဝင်မှုနှင့် တိကျမှုတို့ အသေးစိတ်ပါရပါမည်။ ဤ မှတ်တမ်းများသည် မိမိတို့ အဖွဲ့အစည်းအတွက် မည်ကဲ့သို့ အကျိုးရှိမည်နည်း ဆိုသည်ကိုသာ အာရုံစိုက်ပါ။ မလိုလားအပ်ပဲ ပိုမိုအလုပ်ရှုပ်စေမည့် စာရွက်စာတမ်းများ မဖြစ်ပါစေနှင့်။ ထိုမျှသာမက လက်ရှိသုံးနေသော စနစ်များနှင့်လည်း သဟဇာတ ဖြစ်ရပါမည်။

မှတ်တမ်းများ သိမ်းဆည်းခြင်း

            မှတ်တမ်းများသိမ်းဆည်းရန် ပထမဆုံးလုပ်ရမည်မှာ သည်မှတ်တမ်းများနှင့်ပတ်သက်၍ မည်သူတွင်တာဝန်အရှိဆုံး လဲဆိုတာ ရှာခြင်းဖြစ်ပါသည်။ ထို့ပြင် ထိုသူအားလည်း မှတ်တမ်းများသိမ်းပုံသိမ်းနည်း သင်ကြားပေးရမည်ဖြစ်သလို သည် မှတ်တမ်းများနှင့်ပတ်သက်၍ သူ့တာဝန်နှင့်ဝတ္တရားကို ပြောပြထားရပါမည်။ မှတ်တမ်းများသိမ်းဆည်းရာတွင် စနစ်ရှိရပါမည်။ မှတ်တမ်းများကို နာမည်ရေးမှတ်ခြင်း၊ စုဆောင်းခြင်း၊ အညွှန်းအမှတ်အသားများပြုစုခြင်း၊ ဖိုင်တွဲခြင်း၊ သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန်ရှာခြင်း၊ သီးသန့်ခွဲထားခြင်း နှင့် လွယ်ကူစွာရှာနိုင်ရန် စီစဉ်ခြင်းတို့ ပါဝင်ပါသည်။

မှတ်တမ်းများကို အောက်ပါအတိုင်းစီစဉ်ထားပါ။
v  အလွယ်တကူရှာဖွေနိုင်စေရန် နေရာသတ်မှတ်သိမ်းဆည်းပါ။
v  ပုံမှန်ပြန်လည်သုံးသပ်ပါ။
v  လုံလောက်ကြောင်း တာဝန်ရှိသူ၏ အတည်ပြုချက်ရယူပါ။
v  အသုံးပြုမည့်နေရာနှင့် အနီးဆုံးနေရာတွင်ထားပါ။

ထပ်ကြိမ်များသော ဖြစ်ရပ်များအတွက် ပုံမှန်ပြန်လည်သုံးသပ်ရှာဖွေပါ။ မှတ်တမ်းများက အန္တရာယ်များသော လုပ်ငန်းများ၌ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုသည်တို့ကိုရှာဖွေရာတွင် အထောက်အကူပြုပါလိမ့်မည်။
            ဤမှတ်တမ်းများကို အစီအစဉ်တကျ သိမ်းဆည်းထားခြင်းဖြင့် အဖွဲ့အစည်းသည် ပုံမှန်နှင့် လက်မှတ်ရ လုပ်ငန်းစစ် များအတွက် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ပေးနိုင်ပါမည်။ ပိုမိုသင့်တော်သောလမ်းကြောင်းကို ရှာရင်းဖြင့် စည်းကမ်းနှင့်မညီ သော လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

နိဂုံး

            ယခု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံချက်နှင့် သဘောတရားများကို အပိုင်းလိုက် အကျဉ်းချုပ် ရှင်းပြခဲ့ပြီးပါပြီ။ သင့်အဖွဲ့အစည်းသည် ဤလမ်းညွှန်အကြောင်းနားလည်ပြီး သင်တို့၏ လုပ်ငန်းခွင်အတွင်း လက်တွေ့ အသုံးချနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

- - - - - - - - - - - - x x x x x x x x x - - - - - - - - - - - -






No comments: