Sunday, February 3, 2013

ခရစ္စတိုဖာပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၂၇)


(၁၀၅) နာဂစ်အရေးတွင် ပါဝင်လှုပ်ရှားကြခြင်း - အဆက်

            ကျွန်တော်တို့ငယ်စဉ် ၀ါဝင်ဝါထွက်၊ နှစ်ကူး စသည့် အခါကြီးရက်ကြီးများတွင် လူကြီးသူမများကို သွားရောက် ကန်တော့လေ့ ရှိကြသည်။ အင်မတန်ချစ်စရာကောင်းသော မြန်မာ့ဓလေ့ပါတည်း။ ထိုသို့ ကန်တော့သောအခါများ၌ ဘိုးဘွားများက ဆုပေးရာတွင် ကပ်ကြီးသုံးပါး ကျော်နိုင်နင်းနိုင်ရှိကြပါစေဟု ကန်တော့တိုင်းလိုလို ဆုပေးလေ့ရှိ၏။ ငယ်စဉ်ကတော့ ထို ကပ်ကြီးသုံးပါး ကျော်နိုင် နင်းနိုင်ရှိပါစေဆိုသော ဆုပေးအဓိပါယ်ကို နားမလည်။ တန်ဘိုးထားရကောင်းမှန်းမသိ။ ထို့ထက် ကပ်ကြီးသုံးပါးဆိုသည်ကို စာတွေ့အရသာ အနည်းအကျဉ်း ရိပ်မိခဲ့သည်။ အတိအကျမသိခဲ့။ အသက်ကလေး နည်းနည်းရလာသည့်အခါ ဖိလစ်ပိုင် မုန်တိုင်းများ၊ ဘင်္ဂလားနိုင်ငံမှ ကြောက်မက်ဖွယ် ရေကြီးမှုနှင့် မုန်တိုင်းများ၊ လူပေါင်းများစွာ သေကြေပျက်စီး ဒုက္ခရောက်ကြရသည့် အီရန်အီရတ်စစ်ပွဲများ၊ လေယာဉ်ပျက်ကျမှု သတင်းများ၊ ရထားတိုက်မှု သတင်းများ၊ ရုရှားမှ ရှာနိုဘိုင်း နူကလီးယားစက်ရုံပေါက်ကွဲမှု၊ အိန္ဒိယမှ ဘိုပါး အဆိပ် ဓါတ်ငွေ့ယိုစိမ့်မှုများအကြောင်း ဖတ်ရသိရသော အခါတွင် ကပ်ကြီးသုံးပါးအကြောင်း စာတွေ့အရနားလည်ခဲ့ရသည်။ သို့သော် တခြားနိုင်ငံ တွေမှာ ဖြစ်တာဆိုတော့ စာတွေ့သာဖြစ်ပြီး ငါတွေ့နားမလည်သေး။
ယခု နာဂစ်မုန်တိုင်း ကျွန်တော်တို့တိုင်းပြည်ကို ၀င်မွှေလိုက်သောအခါ ကပ်ကြီးသုံးပါးမှ ဒုက္ဘိခန္တရကပ်နှင့် ရောဂါန္တရကပ် အကြောင်း ကျွန်တော် အတော့်ကိုတုန်လှုပ်ခြောက်ခြားစွာ ငါတွေ့ နားလည်သဘောပေါက်ခဲ့ရပါတော့သည်။ သဘာဝဘေးအန္တရာယ်ကို ကျွန်တော်တို့ဘာမှ မတတ်နိုင်။ သည်အတိုင်း လည်စင်းခံရုံသာရှိသည်။ သို့သော်လည်း သည်လောက် နည်းပညာတိုးတက်နေသော ခေတ်ကြီးတွင် ငလျင်လှုပ်မည့်ဘေး၊ မီးတောင်ပေါက်မည့်ဘေး၊ မုန်တိုင်းတိုက်မည့်ဘေးများကို အလွန်တိကျစွာ ကြိုတင် ဟောကိန်းထုတ်နိုင်နေပြီ ဖြစ်ပါသည်။ သို့သော် လူတွေ၏ပေါ့ဆမှုကြောင့်သာ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရခြင်းဖြစ်ပါ၏။ ထို့ထက် မသိကျိုးကျွန်ပြုမှုနှင့် တာဝန်မကျေမှုက ပိုဆိုးသည်။ သဘာဝဘေးအန္တရာယ် ကျရောက်တော့မည်ကို ကြိုတင်သတိပေးနိုင်ပါက မပျက်စီး တန်တာမပျက်အောင်၊ မသေသင့်သူများမသေအောင် ကာကွယ်တားဆီးနိုင်မည် မဟုတ်ပါလော။
            ပထမသော် ကိုဌေးဝင်းနိုင်က သူ နာဂစ်ကိစ္စအလှူအတန်းများအတွက် မြန်မာပြည်ပြန်ကာ ဆောင်ရွက်ပေးမည်ဆိုပါသည်။ သို့သော်လည်း မလွင်လွင်မိုးက သူလာမည့်စနေနေ့ရန်ကုန်ပြန်ရန် လက်မှတ်ဝယ်ထားသည်ဆိုတော့ ယခုအခေါက် မလွင်လွင်မိုးအားလုပ်စေ ပြီး နောင်လိုအပ်လျှင် သူထပ်သွားမည်ဟု ဆိုပါသည်။ ပထမဆုံးကျွန်တော်ပို့လိုက်သောအလှူငွေမှာ ၁၅ သိန်းဖြစ်၏။ သို့သော် အချိန်မရ တော့သဖြင့် မမျိုးမျိုးတို့က ဆယ်သိန်းဘိုးပဲ အရင်ဝယ်သွားမည်။ ကျန်တာ နောက်အခေါက်များတွင် ၀ယ်သွားမည်ဆို၏။
            မြောင်းမြကပြန်လာတော့ ကျွန်တော် မမနှင့် ဖုံးအဆက်အသွယ်ရသည်။ သူက သူတို့ မြောင်းမြတွင်သွားရောက် လှူဒါန်းခဲ့ပုံများ ပြောပြ၏။ သူတို့က အချိန်ကနည်းပြီး လုပ်စရာတွေကများလှသည်ဖြစ်ရာ ကမန်းကတန်း၊ အပြေးအလွှားလုပ်ခဲ့ရကြောင်း အောက်ပါအတိုင်း ပြောပါသည်။
စနေဓမ္မမိတ်ဆွေများအဖွဲ့က မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူငွေ ၁၅ သိန်းပို့လိုက်မယ် လို့ နင် မမျိုးမျိုးတို့ဆီ ဖုံးဆက် ထားတာသိရတယ်။ မမျိုးမျိုး ငါ့ဆီဖုံးဆက်တယ်။ ဒါပေမဲ့ အချိန်မရှိတော့လို့ အဲဒီကပို့မဲ့ ပိုက်ဆံကိုစောင့်မနေတော့ပဲ သူပဲစိုက်ထားပြီး နင်မှာလိုက်တဲ့ပစ္စည်းတွေ လိုက်ဝယ်နေတယ် လို့ပြောတယ်။ စုစုပေါင်း ၉၉၆၀၀၀ ဘိုး စတီးပန်းကန်၊ စတီးဇလုံ၊ စတီးဇွန်းစတာတွေ ၀ယ်ထားတယ်တဲ့။ ဘီစကွတ်တို့ ချိုချဉ်တို့လဲ ပါတာပေါ့။ အစ်မလိုက်ချင်ရင် နက်ဖြန် မနက် ၃ နာရီသွားကြမယ်လို့ပြောတော့ ငါလဲ လိုက်မယ်ဆိုပြီး အနီးအနားက အ၀တ်ဟောင်းတွေ လိုက်အလှူခံတာ စုစုပေါင်း ပီနံအိတ်နဲ့ ၇ လုံး ရတယ်။
၁၂-၀၅-၀၈ နေ့ မနက် ၄ နာရီမှာ ကားစထွက်တယ်။ ခဏနေတော့ နင်ဖုံးဆက်ပြီး နောက်ထပ် အလှူငွေ ၁၅ သိန်းရတယ်။ အဲဒါ ကိုနွယ်ဝင်း အမျိုးသမီးဆီမှာသွားယူဘို့ ပြောတယ်။ မမျိုးက အချိန်မရတော့လို့ ၀င်ယူမနေတော့ဘူး။ တကယ်လို့လိုတယ်ဆိုရင် မြောင်းမြက သူ့အမျိုးတွေဆီမှာ ခဏယူသုံးထားပြီး တော်တာကြည့်လှူမယ် ပြောတယ်။ ပထမ ၁၅ သိန်းကလဲ ၅ သိန်းကျော် ကျန်သေးတာကိုး။ အဲဒါနဲ့ပေါင်းလှူလို့ ရတာပေါ့။ ဒါနဲ့ ငါတို့လဲ ဘယ်မှမ၀င်တော့ပဲ မြောင်းမြကို ဆက်ထွက်ခဲ့ကြတယ်။
မနက် ၇ နာရီခွဲ ညောင်တုံးကိုရောက်တော့ မနက်စာစားကြတယ်။ မြောင်းမြကို ၁၁ နာရီခွဲလောက်မှ ရောက်တယ်။ လမ်းကလည်း ကြမ်းလိုက်တာ မပြောပါနဲ့တော့။ ရောက်တော့ သူတို့မြို့ခံတွေနဲ့ အရင်ဆွေးနွေးရတာပေါ့။ ဒုက္ခသည် စခန်းပေါင်း ဘယ်လောက်ရှိတယ်။ ဘယ်စခန်းတွေကတော့ အလှူရှင်တွေ အရောက်များတယ်။ ဘယ်စခန်းတွေကတော့ သိပ် အလှူရှင်မရှိဘူး။ ဘယ်စခန်းကို အရင်လှူမယ်။ နောက် ဘယ်စခန်း ဘယ်စခန်းတွေ သွားလှူကြမယ် စသဖြင့်ပေါ့။ သူတို့က သေသေချာချာသိတော့ သူတို့ပါလိုက်ခဲ့ကြတယ်။
ပထမဆုံးသွားတာက စခန်းအမှတ် ၂၄ တဲ့။ အဲဒီမှာက တခြားစခန်းတွေမှာ မဆန့်တော့လို့ နောက်ထပ်ရောက်လာတဲ့ လူအကုန်လုံး ဒီမှာ လာထားတာလို့ ပြောတယ်။ တို့ရောက်သွားတော့ ဒိုင်နာကား တစ်စီးနဲ့အပြည့် နောက်ထပ် လူတွေထပ်ရောက်လာတာ စခန်းအ၀င်ဝမှာ တွေ့ခဲ့ရတယ်။
စခန်းက အရင် လျှော်ရွေးလျှော်ထုပ်စက်ရုံ ဂိုဒေါင်အဟောင်း ၂ ခုကို စခန်းလုပ်ထားတာ။ အဲဒီ ဂိုဒေါင် ၂ ခုထဲမှာ သူတို့စာရင်း အရ လူပေါင်း ၄၅၀၀ ကျော်လောက်ရှိတယ်။ အဲဒီစခန်းက မြို့ပြင်မှာဆိုတော့ အလှူရှင်တွေလာတဲ့အခါ သိပ်မရောက်ဘူးလို့ပြောတယ်။
ဒို့ရောက်သွားတော့ ကန်ကြီးဒေါင့် (ပုသိမ်ဘက်မှ) က ထမင်းထုပ်တွေ လာဝေနေတာတွေ့တယ်။ သူတို့ပြီးအောင်စောင့်ပြီး သူတို့ပြီးတော့ အားလုံးကို တန်းစီထိုင်ခိုင်း၊ ပစ္စည်းတွေ လျှောက်ဝေတယ် ပေါ့။ နောက်တစ်ခါကျတော့ လူတွေအကုန်လုံးကို ဂိုဒေါင်အပြင်ထွက်ခိုင်း၊ ၀င်ပေါက်တံခါးကို လူတစ်ကိုယ်စာပဲ ဖွင့်ထားပြီး ၀င်ပေါက်ကနေ စောင့်ဝေတယ်။ ရပြီးတဲ့လူတွေ အထဲရောက်သွားပြီး ပြန်ထွက်လို့မရတော့ မရှုပ်တော့ဘူး။ မရတဲ့သူလည်း မရှိ။ နှစ်ခါပြန် ယူတဲ့သူလည်းမရှိ ဆိုတော့ တော်တော်အဆင်ပြေတယ်။ မမျိုးမျိုးတို့ ကြော်လာတဲ့ ငါးပိကြော်နဲ့ ငံပြာရည်ကြော်တွေတော့ သူတို့ ထမင်းစားပြီးသွားတာနဲ့ဝေဘို့ အဲဒီမှာအပ်ခဲ့တယ်။
အဲဒီမှာဟယ်၊ ကြီးကြပ်ပြီး လုပ်ကိုင်ပေးမဲ့သူလည်းမရှိဘူး။ စက်ရုံမှုး တစ်ယောက်ထဲ ၀က်လချီးလည်နေတာပဲ။ (၀က်လချီး လည်နေတယ် ဆိုသည်မှာ ကျွန်တော်တို့ဘက်မှ အသုံးအနှုံးဖြစ်ပါ၏၊ လက်မလည် နိုင်လောက်အောင် အလုပ်ရှုပ်နေခြင်းကို ခေါ်ပါသည်။) လူတွေကလည်း ဝေရတာမလွယ်ဘူးဟဲ့။ ကလေးတွေဆို ရပြီးသားကလေးတွေက နောက်ထပ်ပြီး ထပ်စီနေလို့ မနည်းကြည့်နေရတယ်။ နို့မို့ပြီးမှာ မဟုတ်ဖူး။


နောက် ဂိုဒေါင်တစ်လုံးကျတော့ အတန်းလိုက်ဝေတယ်။ သူတို့က နဂိုကတဲက အတန်းလိုက် ထိုင်နေကြတာဆိုတော့ ဝေရတာ အဆင်ပြေတယ်။ ပထမ ကလေးတွေကို မုံ့တွေဝေတယ်။ ဝေလို့မပြီးသေးခင်မှာပဲ နောက်ထပ်ဒုက္ခသည်တွေ ထပ်ရောက်လာကြသေးတယ်။ စာရင်းတော့ အတိအကျ မရသေးဘူးလို့ပြောတယ်။ သူတို့ကိုတော့ ထမင်းချက်ကျွေးနေတာ တွေ့ခဲ့တယ်။ ဟင်းကတော့ ချဉ်ဟင်းလိုမျိုး ဟင်းတွေပဲ။ ထမင်းကို အထုပ်လိုက် စားကြရတယ်။ ပန်းကန်မရှိကြဘူး။ အဲဒီမှာ ဒို့ဝေလိုက်တဲ့ ပန်းကန်တွေရသွားတော့ စားရသောက်ရ တော်တော် အဆင်ပြေသွားတာ တွေ့ရတယ်။
မင်္ဂလာဈေးက လူတွေကလည်း အစုံလှူကြတာပဲဟေ့။ ပုဆိုး၊ ထဘီ၊ ဘော်လီ၊ မိန်းမ၀တ်အင်္ကျီ၊ တီရှပ်၊ ကလေးဝတ် စသဖြင့်ပေါ့။ ဒိုင်နာတစ်စီး၊ ဟိုင်းလတ်တစ်စီး ဆိုတော့ အများကြီးပဲ။ အဲဒီမှာ ယောက်ျားတွေ များတယ်။ မိန်းမနဲ့ ကလေးတွေက သေကုန်ကြတာတဲ့။ ပုဆိုးကနည်းနေတော့ လူမစေ့ခဲ့ဘူး။
အဲဒီစခန်းပြီးတော့ နောက်စခန်းတွေ လိုက်ဝေကြတယ်။ အဲဒီစခန်းတွေကျတော့ လူသိပ်မများတော့ဘူး။ တချို့စခန်းမှာ ၃၅ ယောက်လောက်။ တချို့စခန်းကျတော့ ၅၀။ တချို့ ၁၅၀။ တချို့ ၆၀၀။ တချို့ ၁၅၀၀။ အစုံဘဲ။ ဒို့တော့ နောက်ထပ် စခန်း ၄ ခုသွားပြီး ညနေ ၅ နာရီခွဲနေပြီမို့ ကျန်တာတွေကို အဲဒီမှာပဲ အပ်ခဲ့ရတယ်။ ဝေဘို့အချိန်မရှိတော့ဘူး။ နောက်တော့ အဆာပြေ စားကြသောက်ကြပြီး ပြန်ခဲ့ ကြတယ်။ ရန်ကုန်ကို ည သန်းခေါင် ၁၂ နာရီကျော်လောက် ပြန်ရောက်ကြတယ်။
အဲဒီမှာ ကျော်သူတို့အဖွဲ့ လာလှူနေတာလည်း တွေ့ခဲ့ရတယ်။ သူတို့ကတော့ ရက်ကြာကြာနေပြီး လှူတာ။ ဒုက္ခသည်တွေမှာလေ ဆားငန်ရေတွေထိပြီး မီးအပူလောင်သလို အသားနီလန်နေတာတွေ။ သစ်ပင်ပေါ် ဖက်တက်ရလို့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်နေတာတွေ။ သစ်ပင်ပိပြီး ခြေထောက်ကွဲသွားတာတွေ စသဖြင့် ဒါဏ်ရာမျိုးစုံတွေ့ရတယ်။ ဖျားတဲ့နာတဲ့သူတွေတော့ ဆေးရုံပို့တယ် တဲ့။
အဖိုးကြီး အဖွားကြီးတွေကို တစ်ယောက် ၁၀၀၀ မျိုး ၂၀၀၀ မျိုး၊ ငါတို့ သပ်သပ် ထပ်ပေးခဲ့ ကြသေးတယ်။ အဲဒီမှာ လပွတ္တာ ဆန်စက်မှာ သွားအလုပ်လုပ်နေတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူပြောတာတော့ သူရို့ဆန်စက်မှာ အားလုံး ၂၆ ယောက်ရှိတာ ၂၃ ယောက်သေသွားတယ်တဲ့။ ဆန်စက်လဲ အကုန်ပါသွားတာ ဘွိုင်လာပဲ ကျန်ခဲ့တော့တယ်လို့ ပြောတယ်။
ဒီကြားထဲ မိုးတွေကရွာနေတော့ လုပ်ရတာအတော့်ကို အဆင်မပြေဘူး။ နောက်ပြီး နေရာကျယ်ရင် တော်သေးတယ်။ တချို့နေရာ တွေဆို နေရာကကျဉ်း လူကအရမ်းများတော့ ဝေလို့ဘယ်လိုမှအဆင်မပြေဘူး။ ဒီတော့ ဒို့လည်း အထုပ်လိုက် အဲဒီကလူကြီးကို ပေးထားခဲ့ ရတယ်။ မပေးလို့ကလည်း မဖြစ်တော့ဘူး။ ဝေရင်းဝေရင်း ည ၈ နာရီလောက်ရောက်သွားတော့ ပြန်ဘို့ကလည်း ရှိသေးတယ်လေ။ တချို့နေရောတွေကျတော့ ၀ါးလုံးတန်းလေးတွေနဲ့ တန်းစီဘို့ လုပ်ပေးထားတော့ ပစ္စည်းဝေရတာ တော်တော်ကိုအဆင်ပြေတယ်။
အယ်မယ်လေး။ မင်္ဂလာဈေးက လူအများကြီးပါလာလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီအထုပ်ကြီးတွေ တင်ဘို့ချဘို့ဆိုတာ တော်တော့်ကို မလွယ်ဘူးဟေ့။ လမ်းဆိုတာလည်း ကြမ်းလိုက်တာ မပြောပါနဲ့တော့။
ပစ္စည်းဝေရ၊ လူတွေကိုစီရနဲ့ ဓါတ်ပုံတောင်ရိုက်ဘို့ အချိန်မရဘူးဟေ့။ နောက်တစ်ခေါက်သွားရင်တော့ ဓါတ်ပုံရိုက်ဘို့ တစ်ယောက်သပ်သပ် ခေါ်သွားမှရမယ်။ နောက်ပြီးတွေ့ကရာလူ ရိုက်ခိုင်းလို့လည်း မဖြစ်သေးဘူး။ အကွက်အကွင်းကျကျလဲ ရိုက်တတ်အုံးမှကိုး။”
နောက်နေ့ ကျွန်တော်ဖုံးဆက်တော့ မမျိုးမျိုးက ကျွန်မတို့ကားလဲဆိုက်ရော ကားပေါ်ကို စစ်ဘောင်းဘီ ၀တ်ထားပြီး စွပ်ကျယ် လက်ပြတ်နဲ့ လူတစ်ယောက် တက်လာတယ်။ ပါးစပ်ကလဲ အရက်နံ့တထောင်းထောင်းထလို့။ အဲဒါနဲ့ ကျွန်မက အဲဒါ ဘယ်ကလူလဲ။ ဘာလုပ်တာလဲလို့မေးတော့ ဘေးကလူတွေက စစ်သားလို့ပြောတယ်။ ကျွန်မက စစ်သားဆိုရင် ကျွန်မတို့ကားပေါ်က ခုဆင်းပါလို့ ပြောလိုက်တယ်။ သူက ဟိုလူယူ ဒီလူယူ ဖြစ်မှာစိုးလို့ လုပ်ပေးတာပါလို့ပြောတယ်။ ကျွန်မတို့ ဒီလူတွေကို ပေးရအောင်လာတာ။ သူတို့ ယူချင်တယ်ဆို ယူစမ်းပါစေ။ ခု ကားပေါ်က ဆင်းပါလို့ ပြောတော့ အဲဒီလူက ခင်ဗျားကဘယ်သူလဲ လို့ မေးတယ်။ ကျွန်မပြန်မဖြေခင် ဘေးကနေပြီး သူကအလှူရှင် လို့ပြောလိုက်တော့ အဲဒီစစ်သား မကျေမနပ်နဲ့ ဆင်းသွားပြီး သူ့အရာရှိလို့ယူဆရတဲ့လူဆီ သွားပြောတယ်။ ဟိုက ဘာပြန်ပြောလိုက်သလဲမသိဘူး။ သူတို့ မကျေမနပ်နဲ့ နောက်ဆုတ်သွားတယ်။ ဘေးကလူတွေလဲ ကျွန်မအဲဒီလို ပြောလွှတ်လိုက်တာ ကို အတော် ၀မ်းသာအားရ ဖြစ်နေကြတယ်။ သူတို့မှာ တောက်လျှောက် အနိုင်ကျင့်ခံလာရတာ။ ဒီတစ်ခါ မှ ဒင်းတို့ကို နိုင်မဲ့သူ ပေါ်တော့တယ်” လို့ - ဟု ပြန်ပြောပြပါသည်။ အရေးထဲမှ ဒင်းတို့က တမှောင့်။
နောက်နေ့ ကျွန်တော် ကိုကြည်လင့်ထံဖုံးဆက်မေးတော့ သူ မမတို့အဖွဲ့နှင့် မဆုံဖြစ် လိုက်မှန်းသိရပါသည်။ လာလှူသော အဖွဲ့ တွေကလည်း အတော်များလှသည်ဖြစ်ရာ ဘယ်သူတွေမှန်းမသိဟု ဆိုပါသည်။ သူက စင်ကာပူမှဆိုသော အဖွဲ့တစ်ဖွဲ့လာသွားကာ ၃၃သိန်းဘိုး ဘဲဥ အလုံးတစ်သောင်း လှူသွားကြောင်းပြောပြပါသည်။ ကိုင်း - တစ်နပ်စာတော့ ကောင်းကောင်း ဖူလုံသွားတာပေါ့ ဟု ကျွန်တော်တွေးနေမိပါသည်။ ဒါတောင် လူ လေးသောင်းနှင့်စာလျှင် လေးပုံတစ်ပုံမျှသာ ရှိပါသေးသည်။ သောင်းနှင့်ချီနေသော ထိုလူထုကြီး၏ ပါးစပ်ပေါက်ကို တစ်နေ့ထမင်းနှစ်နပ် ဖြည့်ပေးနေဘို့ဆိုတာ ဘယ်မှာလွယ်ပါလိမ့်မတုံး။
“အမှန်ဆို မြောင်းမြက လေဘေးဒါဏ်မခံရဘူးဗျ။ ဘိုကလေးဘက်ကတက်လာတဲ့ ဒုက္ခသည်တွေများတာဘဲ။ သူတို့ရောက် လာတော့လဲ ကျွန်တော်တို့မြို့ခံတွေက ကိုယ်တတ်နိုင်သလောက် ချက်ပြုတ်ကျွေးမွေးရတာပေါ့ဗျာ။” ဟု မြောင်းမြဒုက္ခသည် စခန်းများတွင် ကြီးကြပ် ဆောင်ရွက်ပေးနေသူ ကိုကြည်လင်က ပြောပြပါသည်။




နောက်ပြီး လုပ်ရင်းကိုင်ရင်း တွေ့လာရသည်မှာ လှူဒါန်းခြင်း၏ ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်။ သူများလာလှူတာ အချောင် စားနေရသောအခါ အလုပ်မလုပ်ချင်ကြတော့ခြင်း ဖြစ်ပါ၏။ အလုပ်လုပ်ဘို့ လယ်သမားများက လာငှားသောအခါတွင် နည်းမျိုးစုံဖြင့် ပညာပြ နေပါတော့၏။ လုပ်ခကို မတန်တဆတောင်းလိုတောင်း။ ဖင်နာတယ်၊ ရင်နာတယ် ဆိုလိုဆို။ နောက်ပြီး နင်တို့ဟာလုပ်ရမှ ငါတို့စားရမှာ မှတ်လို့၊ ငါတို့အလုပ်မလုပ်လဲ အလှူရှင်တွေ အမြဲရှိနေတာပဲ ဟု ပြောသေးသည်ဆို၏။ မမျိုးပြောသည်ကို ဤကဲ့သို့ ပြန်ကြားရသောအခါ ကျွန်တော့်စိတ်ထဲတွင် တခါတခါ စေတနာတောင် ပျက်ပျက်သွားပါသည်။ သို့သော် လယ်များမထွက်ခင်တော့ သူတို့စားစရာရှိမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် လှူမြဲလှူနေရဦးမည် ဖြစ်ပါသည်။
ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ ကောက်ခံရရှိငွေများအပါအ၀င် အခြားအလှူရှင်များ၏ အလှူငွေအားလုံးကို ဧရာဝတီ တိုင်းမှ နာဂစ်ဒါဏ်ခံဒေသများသို့ စားစရာ၊ သောက်စရာ၊ အ၀တ်အထည်၊ အိမ်ဆောက်ပစ္စည်း၊ ငါးပိငါးခြောက်မှ အစ၊ အိုးခွက်ပန်းကန်၊ ဒါး၊ ရေဒီယို၊ မြန်မာဆေးဝါး၊ လက်နှိပ်ဓါတ်မီး အလယ်၊ ဖယောင်းတိုင်၊ မီးခြစ်၊ စိပ်ပုတီး၊ ဘုရားရှိခိုးစာအုပ်အဆုံး ၀ယ်ခြမ်းကာ စေတနာဗလပွနှင့် သွားရောက်လှူဒါန်းခဲ့ကြပါသည်။
မုန်တိုင်းကျပြီဟေ့ဆိုသည်နှင့် ထိုဒုက္ခသည်များအတွက် ဘာလုပ်ပေးရင်ကောင်းမလဲဟု ကျွန်တော့်မှာ ခေါင်းခြောက်အောင် စဉ်းစားလျှက် အင်တာနက်သတင်းများကို ဖတ်ရှုစနည်းနာရင်း သူငယ်ချင်းများနှင့် တိုင်ပင်ကာ အလှူငွေများကို ကျွန်တော်တို့ တတ်စွမ်း သရွေ့ လိုက်လံကောက်ခံပါသည်။ ထို့နောက်တော့ အစားအစာကို ပထမဦးစားပေး၊ အ၀တ်အထည်နှင့် အိုးခွက်ပန်းကန်များကို ဒုတိယ ဦးစားပေး၊ နောက်ဆုံးမှ အိမ်ဆောက်ဖို့နှင့် သက်မွေးဝမ်းကျောင်းကိရိယာများ၊ ကျောင်းအဆောက်အဦးများ ထောက်ပံ့ပေးရေး စသဖြင့် အစီအစဉ်များ ချမှတ်လှူဒါန်းခဲ့ပါ၏။
မုန်တိုင်းကျပြီးစ သွေးပူနေတုံးတော့ အလှူငွေကောက်ခံရတာ ကောင်းပါ၏။ နိုင်ငံတကာကလည်း အာရုံစိုက်နေချိန်ဆိုတော့ ကိုယ့်မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများကိုပါ ကောက်ခံလို့ အဆင်ပြေပါသည်။ သို့သော် မုန်တိုင်းကာလလွန်မြောက်ပြီး တစ်လ လောက်ကြာသွားတော့ အားလုံး သွေးအေးသွားပြီဖြစ်ရာ အလှူငွေကောက်ရတာ အရင်ကလောက် တာမသွားတော့ပါ။ မုန်တိုင်းကျအပြီး တစ်လလောက်အကြာ ဒုတိယအသုတ်အနေနှင့် ကျွန်တော် အလှူငွေများလိုက်လံကောက်ခံတော့ ကျွန်တော်နှင့် အလုပ်အတူတူလုပ်နေသူ ဟော်လန်ကြီးက ဘာပြောလွှတ်သည် ထင်ပါသနည်း။
“ဟိုတစ်ခါ ငါ လှူပြီးပြီပဲကွ၊ မင်းကို အပတ်တိုင်း လတိုင်းလှူဘို့ရာ ငါ့မှာတာဝန်မရှိဘူး” - ဟူ၏။ ကျွန်တော့်မှာ အတော်လေး အောင့်သွားပါသည်။ ကိုင်း၊ အလှူခံချင်အုံးဟဟုလည်း ကိုယ့်ကိုယ်ကို ပြန်ဆုံးမရပါ၏။ သူပြောတာရော မမှန်ပါလား။ လှူတယ်ဆိုတာ စေတနာ၏ အလုပ်ဖြစ်ပါသည်။ တာဝန်ဝတ္တရားနှင့် ဘာများဆိုင်ပါသနည်း။ (သူတို့အနောက်တိုင်းကလူတွေအဖို့ ဆိုင်လျှင်တော့လည်း မပြောတတ်ပါ။)
သူရို့လို နိုင်ငံခြားသားမပြောနှင့်၊ ကိုယ့်ဗမာ အချင်းချင်းတောင် အလှူခံလို့မရပါ။ မသိချင်ယောင်ဆောင်နေသူ များပါသည်။ သူမလှူချင်မှန်းသိလျှင် ကိုယ်ကလည်း အလိုက်တသိနှင့် အသာလေးနောက်ဆုတ်ရပါ၏။
ဘာပဲပြောပြော ပထမတစ်သုတ်တော့ အတော်လေး ထည့်ဝင်လှူဒါန်းကြပါ၏။ ကျွန်တော်၊ ကိုနွယ်ဝင်း၊ ကိုမြင့်သိန်းတို့ စုတာ စင်ကာပူဒေါ်လာ တစ်သောင်းကျော်ရပါသည်။ သိပ်မများလှပေမင့် သိပ်နည်းလှသော ပိုက်ဆံတော့ မဟုတ်ပါ။ ထိုကောက်ခံရရှိငွေများကို ရန်ကုန်မှ ကျွန်တော့်အစ်မကြီးထံပို့ကာ အ၀တ်အထည်၊ စားစရာများစသဖြင့် လိုအပ်သည်များကိုဝယ်ခြမ်းကာ မြောင်းမြရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် လှူဒါန်းခဲ့ကြပါ၏။ ထိုသို့လှူဒါန်းရာတွင် အဓိကကူညီသူများမှာ မင်္ဂလာဈေးမှ မမျိုးမျိုးနှင့်အဖွဲ့ ဖြစ်ပါသည်။ သူတို့ မှာက ငွေအင်အား၊ လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းသဖြင့် သူတို့ကူညီပေလို့သာ ကျွန်တော်တို့ ချောချောမောမော လှူဒါန်းနိုင် ခဲ့ခြင်းဖြစ်ပါ၏။ သို့အတွက် မမျိုးမျိုးတို့အဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်းပါခင်ဗျား။

(၁၀၆) တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များသို့ သွားရောက်လှူဒါန်းခြင်း

ဇွန်လလယ်လောက်တွင် ကျွန်တော် မမနှင့်ဖုံးပြောစဉ် သူက တွံတေးနှင့်ကွမ်းခြံကုန်းဘက်တွင် အစာရေစာ များပြတ်လပ်နေသည် ဟု သတင်းရကြောင်း၊ တွံတေးဘက်မှ လူကြီးသုံးလေးဦး စားစရာမရှိသဖြင့် ဆန်လာပြီး အလှူခံကြောင်း၊ ထမင်းချက်မစားရတောင် ဆန်ပြုတ်လောက်ကလေး ပြုတ်သောက်ရရင် တော်ပါပြီဟု ပြောသည်ဆိုသဖြင့် ကျွန်တော်စိတ်မကောင်းလိုက်သည်မှာ ဘယ်လိုခံစား လိုက်ရမှန်းပင်မသိပါ။ သို့နှင့် ကျွန်တော်က ကိုယ်နှင့်နီးစပ်ရာသူငယ်ချင်းများသို့ အတင်းလိုက် အလှူခံရပြန်ပါ၏။ ကိုရေချမ်းက သူတို့အဖွဲ့ တွေ ပြီးခဲ့သည့်အပတ်ကမှ ... ဆရာတော် (ဘွဲ့မမှတ်မိတော့ပါ) ကို လှူလိုက်ပြီးဖြစ်သဖြင့် သိပ်မသေချာကြောင်း၊ သူ အတတ်နိုင်ဆုံး စည်းရုံးပါမည့်အကြောင်း ပြောပါ၏။ သို့သော် တကယ်အလှူခံတော့ သူ့ဆီမှ ဆန် ၁၈ အိတ်စာရပါသည်။ ကျွန်တော်လည်း သူတို့ထံမှစာရင်း ကို အပူတပြင်းတောင်းပြီးသကာလ စနေဓမ္မမိတ်ဆွေများအလှူငွေအပါအ၀င် ရသမျှအလှူငွေများကို သူတို့ထံမှ ပိုက်ဆံအရောက် စောင့်မနေတော့ပဲလွှဲလိုက်ကာ မမကို တွံတေးသို့ ချက်ခြင်းသွားခိုင်းလိုက်ပါ၏။ ထုံးစံအတိုင်း မမျိုးတို့နှင့်အတူ ဖြစ်ပါသည်။
အလှူငွေ ကျပ် ၁၈၁၆၅၆၀ ရပြီး ရသမျှအားလုံးကို ဆန်ချည်းဝယ်သွားရာ ဆန်အိတ် ၁၀၀ ရပါ၏။ ဆန်မှာ အ၀ါရောင်ပေါက်နေပြီး အတန်ငယ်ညံ့သည်ဟု ဆိုပါသည်။ ကျွန်တော်က နောက်တစ်ခါဝယ်လျှင် ကောင်းသောဆန်ဝယ်သွားရန် အကြံပေးပါ၏။ ဆန်အိတ် ၁၀၀ သာဆိုတယ်၊ ဝေလိုက်တော့ တစ်အိမ်ထောင်ကို သုံးပြည်စီပဲရတာဟဲ့ ဟု မမကပြောပါ၏။ အလှူကိစ္စအတွက် ဆန်အိတ်များသယ်ရာတွင် တွံတေးမှ စက်လှေက အကူအညီပေးပါ၏။
            ကျွန်တော်လုပ်ပေးနိုင်တာ ပိုက်ဆံစုပေးခြင်းသာဖြစ်၏။ တကယ်လုပ်ရသည်မှာ မမတို့ဖြစ်ပါသည်။ သို့ဖြစ်၍ သည်နေရာတွင် သူတို့လုပ်ခဲ့သည်များကို ဖော်ပြပါမည်။





စနေဓမ္မမိတ်ဆွေများအဖွဲ့က နင်ပို့လိုက်တဲ့ ၁၈ သိန်းကျော်ရယ်၊ မခင်သိန်းညွန့်က သပ်သပ်လှူတာ တစ်သိန်းရယ်၊ အရင် ၀ိသာခါ ကျောင်းက ကျန်တာ ၃၇၅၀၀၀ ရယ် ပေါင်း အလှူငွေ ၂၂ သိန်းခွဲကျော် လက်ထဲမှာရှိတယ်ပေါ့။ လပွတ္တာကရွာတွေက ခရီးလည်းဝေးတယ်။ လှူရမဲ့ရွာတွေလည်းများတယ်။ လူအသေအပျောက်လည်း များတယ်ဆိုတော့ သူ့ဘို့များများချန်ထားပြီး ကော့မှူးဘို့ ၂၇၅၀၀၀ လပွတ္တာဘို့ သိန်း ၂၀ စသဖြင့် ခွဲလိုက်တယ်။ တွံတေးက ဆန်ပြတ်နေတဲ့သူတွေအတွက် ဒီမှာ ငါတို့လိုက်ပြီးအလှူခံတာ ဒေါ်အိုင်းရစ်က ဆန်တစ်အိတ်၊ ဆရာမကြီး ဒေါ်ခင်မမ က တစ်အိတ်၊ အန်တီပြုံးတို့က တစ်အိတ်၊ ဦးသန်းအောင်က တစ်အိတ် ပေါင်း လေးအိတ်ရတယ်။ ကော့မှူးကိုတော့ ငါနဲ့ မြတ်ထားနဲ့ သွားလိုက်တယ်။
မျိုးမျိုးတို့ကားက နေ့လည်စာအတွက် ဒန်ပေါက်သွားဝယ်ရင်း ငါတို့ကိုလာခေါ်လို့ မနက် ငါးနာရီလောက် မျိုးမျိုးတို့အိမ်ကို သွားကြပြီး အဲဒီကနေမှ ၂၆-၆-၂၀၀၈ မနက် ၆ နာရီလောက်မှာ အစ်မကြီးဒေါ်လှစိန်တို့အိမ်မှာ မုံ့ဟင်းခါးစားကြတယ်။ မနက် ၇ နာရီ လောက်မှ ရန်ကုန်ကထွက်ဖြစ်ကြတယ်။ ကော့မှူးက သွားရမဲ့ခရီးကလည်းနီးတယ်။ ဝေရမဲ့ပစ္စည်းကလည်းနည်းပြီး အမယ်သိပ်မများတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ။
ခုတစ်ခေါက်သွားတာက မျိုးမျိုးတို့အိမ်က ဒိုင်နာနဲ့သွားကြတာ။ ငါရယ်၊ မျိုးမျိုးရယ်၊ မျိုးမျိုးအစ်မ နှစ်ယောက်ရယ်၊ ဆွေဆွေရယ်၊ မအေးမိုးရယ်၊ F.M.I က မခင်မာကြည်ရယ်၊ ကိုသူရရယ်၊ ခြောက်ထပ်ကြီးက ဘုန်းကြီးရယ်၊ မြတ်ထားရယ် ပေါ့။ ဒိုင်နာနဲ့သွားရတာကို ငါတော့ ပိုသဘောကျတယ်။ အကုန်လုံးစုထိုင်ပြီး သွားရတာဆိုတော့ စကားပြောလိုက် ရီလိုက်မောလိုက်နဲ့ ပိုပြီးအဆင်ပြေတယ်။ မီနီဘတ်စ် နဲ့ကျတော့ တစ်ယောက်တစ်ခုံဆိုတော့ စကားပြောရတာအဆင်မပြေဘူး။ ခါတိုင်းဆို အစ်မကြီးဒေါ်လှစိန် အမြဲပါနေကျ။ ခုတစ်ခေါက်တော့ သူ တရားစခန်းဝင်နေတာနဲ့ မလိုက်ဖြစ်ဘူး။ အဲဒီအစ်မကြီးဆို သိပ်ကျန်းမာရေးမကောင်းတဲ့ကြားက သွားတဲ့အခေါက်တိုင်း သူလိုက်တယ်။ ငွေအားရော၊ လူအားရော၊ တကယ့်ကို အားတက်သရောပဲဟေ့။ ပစ္စည်းဝေတာတို့ဘာတို့မှာလည်း သူ တောက်လျှောက် ၀င်လုပ်တာပဲ။
ကော့မှူးရောက်တော့ ၈ နာရီခွဲ။ ကော့မှူးမှာ ဆန်ဝေမဲ့ရွာကလူတွေ လာကြိုနေတယ်။ မျိုးမျိုးက တစ်ရက်ကြိုသွားပြီး ဆန်အိတ်တွေ အရင်ဝယ်နှင့်၊ နောက်ပြီး နောက်နေ့ငါတို့လာတော့ အဆင်သင့်ဝေနိုင်အောင်လို့ ကြိုစီစဉ်ထားနှင့်တာ။ ကော့မှူးကနေ ရွာကို စက်လှေနဲ့ တစ်နာရီလောက်မောင်းရတယ်။ လမ်းမှာတွေ့တဲ့ရွာကလူတွေကိုလည်း ဝေသွားတာပေါ့။ မျိုးမျိုးက လုံချည်တွေ၊ အင်္ကျီတွေသယ်လာလို့ အဲဒီအထည်တွေရယ်၊ နောက်ပြီး ပိုက်ဆံလည်းထည့်ဝေတယ်။
တို့ဆန်သွားဝေတဲ့ ရွာနာမည်က ညောင်ပင်သာရွာတဲ့။ တို့လည်းအချိန်ဆွဲမနေပဲ ရောက်ရောက်ချင်း ဆန်အိတ်တွေထားတဲ့ အိမ်မှာ ဝေဘို့ လုပ်ကြတယ်။ ဆန်က တစ်အိတ်ကို ၁၂၀၀၀ ဈေးဝယ်ရတယ်။ ဆန်ဝါတွေပါတယ်။ သိပ်မကောင်းလှဘူး။ ဒါပေမဲ့ အဲဒီဆန်တွေပဲ ရှိတယ်တဲ့။ လိုသေးလို့ နောက်ထပ် နည်းနည်းလောက် ထပ်ဝယ်ချင်သေးတာတောင် ၀ယ်လို့မရတော့ဘူး။ ခွဲလိုက်တော့ အိမ်ထောင်စု တစ်ခုကို သုံးပြည်ကျစီရတယ်။ အဲဒါနဲ့ ရသလောက်ပဲ အိမ်ထောင်စုအားလုံးကို ဝေပေးလိုက်တာပေါ့။ အိမ်ထောင်စုတစ်ခုကို ဝေပုံကျတစ်စု ရတာပေါ့ဟယ်။ တစ်ချို့ကျတော့ အိမ်ထောင်စု စာရင်းတစ်ခုထဲမှာ အိမ်ထောင်စု နှစ်ခုနေကြတော့ သူတို့ဘို့ မရ-ရကောင်းလားလို့ ရန်တွေဖြစ်ကြလို့ဟေ့။ ဖြစ်ပုံက အဲဒီမိသားစုမှာ အိမ်ထောင်ကျသွားတဲ့သားက အိမ်မခွဲပဲ သူ့မိဘများအိမ်မှာပဲ ပေါင်းနေတယ်။ ဒီတော့ ရပ်ရွာက အလှူငွေစုတဲ့အခါဖြစ်စေ ရပ်ရွာအရေးတွေမှာ သူတို့ကအနပ်တင်ပြီး မိသားစုနှစ်စုစာတော့မလုပ်ပဲ ဘာ အခု ရစရာရှိမှ မိသားစုနှစ်ခုစာ လိုချင်လို့ဖြစ်မလဲ စသဖြင့်ပေါ့ဟယ်။ ရွာလူကြီးကတော့ အိမ်ထောင်စု စာရင်းပေါက်တဲ့အတိုင်း ဝေတာပေါ့။ အဲဒါ သူတို့မရလို့ဆိုပြီး ရန်လုပ်တာ။ ထားပါတော့။
ရွာကစာသင်ကျောင်းကလည်း အကုန် ဘာမှမကျန်အောင် ပြိုပျက်သွားတော့ စာသင်စရာနေရာမရှိဘူး။ အိမ်တွေမှာပဲ ခွဲသင်နေကြရတယ်။ သူငယ်တန်းက တစ်အိမ်၊ ၄ တန်းက တစ်အိမ်၊ ၅ တန်းက တစ်အိမ် စသဖြင့်ပေါ့။ ၆ တန်းနဲ့ ၇ တန်းကတော့ ဘုန်းကြီးကျောင်းဇရပ်မှာ သင်နေတာတွေ့ရတယ်။ လယ်တွေပြီးကြပြီလား လို့မေးကြည့်တော့ အတော်များများ မပြီးကြသေးဘူး။ အနည်းအကျဉ်းပဲ ပြီးသေးတယ်။ လယ်သမားတွေကို တစ်ယောက်ကို မျိုးစပါး ၄ တင်းခွဲ ပေးတယ်တဲ့။ ပေါက်တာပေါက်၊ မပေါက်တာ မပေါက်ပဲလို့ ပြောတယ်။ အဲဒီရွာတွေကျတော့ ပင်လယ်နဲ့ နည်းနည်းဝေးသွားလို့ လူအသေအပျောက်တော့ သိပ်မရှိဘူး။ တစ်ယောက်ပဲ သေတယ်လို့ပြောတယ်။ အိမ်တွေတော့ အကုန်ပျက်စီးကုန်တာပေါ့။ ဒါပေမဲ့ အိမ်တွေတော်တော်များများ ပြန်ဆောက်ပြီးကုန်ကြပြီ။ နေလို့ရရုံပေါ့။
ဒို့တွေ လေဘေးသွားလှူတယ်ဆိုတာ ကိုယ့်ထမင်းကိုယ် စားကြရတာပေါ့။ အနို့ သူတို့မှာလည်း ကိုယ့်ကျွေးဘို့နေနေသာ သူတို့တောင်မှ စားစရာမရှိတာ။ နို့ပေမဲ့ အဲဒီရွာမှာတော့ ထမင်းချိုင့်လေးတွေနဲ့ လာပို့ကြတယ် ဟဲ့။ ဒို့လည်း အဲဒီထမင်းတွေပဲ စားလိုက်ကြ တယ်။ အောင်မယ်၊ စားလို့အရမ်းကောင်းတယ်ဟဲ့။ ဒို့ရွာတွေဘက်က ချက်သလိုမျိုး။ ဒို့မှာ နေ့လည်စာဘို့ ဒန်ပေါက်တွေပါလာတယ်။ အပြန်မှစားမယ်ဆိုပြီး ကားပေါ်မှာထားခဲ့ကြတာ။ အဲဒီရွာမှာ စားလိုက်ကြတော့ ဒန်ပေါက်ထုပ်တွေ မစားဖြစ်တော့ဘူးပေါ့။
ဆန်အားလုံးဝေပြီးတော့ ၁၀ နာရီခွဲနေပြီ။ နောက်တော့ ကော့မှူးကိုပြန်လာကြတယ်။ အဲဒီကမှ ငှက်အော်စမ်းကို သွား။ ငှက်အော်စမ်းမှာ ကားထားခဲ့ပြီး ညောင်တုန်းဆိုတဲ့ရွာကို ထော်လာဂျီနဲ့ ဆက်သွားကြတယ်။ အဲဒီရွာက လာကြိုနေတာ။ ဆန်ကတော့ အရင်ရက်က မျိုးမျိုး ကြိုလာပြီး ၀ယ်ထားခဲ့တယ်။ လမ်းကလည်း ဆိုးလိုက်တာမပြောပါနဲ့တော့။ လမ်းမှာ ထော်လာဂျီနစ်နေရင် တို့က ခြေလျင်ဆင်းလျှောက်၊ ထော်လာဂျီကိုဝိုင်းတွန်း။ လမ်းက မြေနီလမ်း။ ချိုင့်တွေခွက်တွေနဲ့။ အဲဒီရွာကလူတွေက အဲဒီတောထဲက ၀ါးပိုးဝါးတို့၊ သိုက်ဝါးတို့ကို ခုတ်။ လက်တွန်းလှည်းပေါ်တင်ပြီး လူအားနဲ့ဆွဲကြတယ်။ အရမ်းပင်ပန်းတာပေါ့ဟယ်။ လက်တွန်းလှည်းတစ်စီးကို တို့ဆီက ၀ါးဖောင်နှစ်ဖောင်စာလောက်(၀ါးအလုံး ငါးဆယ်ခန့်) ရှိတယ်။
ရွာကို နေ့ခင်း ၂ နာရီကျော်လောက်ရောက်ကြတယ်။ ဆန်ထုပ်တွေက အဆင်သင့်ဆိုတော့ ရောက်ရောက်ချင်းပဲ ဆန်တွေ ဝေလိုက်ကြတယ်။ ဆန်ဝေပြီးတော့ အဲဒီကျောင်းကဘုန်းကြီးဆီမှာ (ကပ္ပိယကပြောတာနဲ့) လက်ဖွဲ့တွေတောင်းကြတယ်။ ငါ့ကိုလဲပေးတော့ ယူထားလိုက်တာပေါ့။ ညနေစာအတွက်ကတော့ မနက်ကမစားဖြစ်လိုက်တဲ့ ဒန်ပေါက်တွေ ရှိသေးတာနဲ့ စားလိုက်ကြပြီး ညနေ ၅ နာရီ လောက်မှာ ပြန်ခဲ့ကြတယ်။ အိမ်ကို ည ၈နာရီခွဲလောက် ပြန်ရောက်တယ်။ ဒီခရီးကတော့ ရာသီဥတုကလည်းကောင်း၊ လမ်းကလည်း သိပ်မဆိုးလို့ အတော်အဆင်ပြေတယ်၊ သိပ် မပင်ပန်းဘူးဆိုရမယ်။
 
(၁၀၇) ၀၅-၀၈-၂၀၀၈ နေ့က မော်လမြိုင်ကျွန်းမြို့နယ်၊ မိတ်သလင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သော မှတ်တမ်း

ငါတို့ အရင်တစ်ခေါက်မေလတုံးက ဖျာပုံကိုသွားလှူဘို့လို့ ငါးခြောက်တွေကြော်တော့ ထန်းတစ်ပင်ကျောင်း ဆရာတော် ဦးသုဇာတ က သူ့ကျောင်းမှာလာကြော်ဘို့ ဒေါ်ခင်အေးမူကတဆင့် ပြောခိုင်းတယ်။ သူ့ကျောင်းမှာက ရေမီးအားလုံးပြည့်စုံတယ်၊ လူအင်အားလည်း သူစုပေးမယ်တဲ့။ အဲဒီတုံးက စကားစပ်ရင်းနဲ့ ဘုန်းကြီးကပြောတယ်။ သူတို့ရွာက လူတော့မသေဘူး။ ဒါပေမဲ့ ရွာလုံးကျွတ် ပျက်စီးသွားတယ်။ ဘာမှမကျန်ခဲ့ဘူး။ ဒီတော့ ရွာမှာ အရေးတကြီး ရေသောက်စရာလိုနေတာနဲ့ သူက သူ့မှာရှိတဲ့ပိုက်ဆံနဲ့ပဲ အ၀ီစိတွင်း (လက်နှိပ်တွင်း) သွားတူးပေးလိုက်တယ် လို့ပြောတယ်။
သူတို့ရွာက တွဲဘက်အထက်တန်းကျောင်းမှာ ဘေးပတ်ဝန်းကျင်ကရွာ ၁၅ ရွာလောက်က ကလေးတွေ ကျောင်းလာတက်ကြ တယ်တဲ့။ ကျောင်းက မုန်တိုင်းတိုက်လို့ ပျက်စီးသွားတယ်။ ခုတော့ ဖြစ်သလိုစာသင်နေကြရတယ်။ ကျောင်းအနေနဲ့ကတော့ အကုန်လိုတာပဲ။ ကလေးတွေအတွက် စာအုပ်တို့၊ ခဲတံတို့ကစ မရှိဘူး။ အဲဒါ ဖြစ်နိုင်ရင် ကူညီပါအုံး တဲ့။ နင်တို့က စားဘို့သောက်ဖို့ ဆန်လည်းလှူချင်တယ်၊ ရေတွင်းလည်းလှူချင်တယ်။ ကလေးတွေအတွက် စာအုပ်စာတမ်းတွေလည်း ၀ယ်ပေးချင်တယ်ဆိုတော့ ငါ ဘုန်းကြီးကို ပြန်လျှောက်တယ်။
ဘုန်းကြီးက ဆန်အတွက် မော်ကျွန်းက သူ့ဒါယိကာ ဆန်ဆိုင်ကိုလှမ်းမှာပေးမယ်။ ပိုက်ဆံကိုတော့ သူ့ကျောင်းကဦးဇင်းက တာဝန်ယူပြီးလွှဲပေးမယ်။ အလှူအတွက် ရွာကိုသွားဘို့ သူ့ဒါယိကာတွေကားကို စီစဉ်ပေးမယ်တဲ့။ ဒီတော့ ငါတို့တိုင်ပင်တယ်။ အလှူငွေက ၁၂ သိန်းပဲရတာဆိုတော့ ဘယ်လိုခွဲကြမလဲပေါ့။ ရေတွင်းတူးဘို့ တစ်သိန်းသုံးမယ်။ ဒေါ်ခင်အေးမူနဲ့ ငါနဲ့ပေါင်းပြီး တစ်တွင်းတူးပေးမယ်။ နောက်ပြီး ဆန်အိတ် ၂၀ ၀ယ်မယ်။ တစ်အိတ်ကို ၁၆၀၀၀ ဈေးတဲ့။ မော်ကျွန်းကနေ အဲဒီရွာကို ဆန်အိတ်ဘိုးရော၊ လုပ်အားခရော၊ မော်တော်ဘိုးရော အားလုံးပေါင်း ၃သိန်း၊ ၃ သောင်း၊ ၅ထောင် ကျတယ်။ ကျန်တာကို ကလေးတွေအတွက် စာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဗူး၊ ပေတံ စတာတွေဝယ်တယ်။
ကျောင်းအတွက် စာအုပ်နဲ့စာရေးကိရိယာတွေတော့ ငါနဲ့ မူမူနဲ့ သိမ်ကြီးဈေးမှာ ၀၄-၀၈-၂၀၀၈ နေ့က သွားဝယ်တယ်။ ၅ ရက်နေ့ မှာသွားဘို့ပဲ။ ငါဝယ်ထားတာ ဗလာစာအုပ်ကတင် ဒါဇင် ၄၀၀၊ နောက်ပြီး မုံ့တွေ ချိုချဉ်တွေလည်း တော်တော်များတယ်။ ည ၁၀ နာရီ လောက်ကျတော့ ဘုန်းကြီးက သူ့ဒါယိကာကားကတော့ မဆန့်တော့ဘူး။ ကားတစ်စီး သပ်သပ်ငှားပါလို့ ဖုံးဆက်လာတယ်။ ဒါနဲ့ ငါလည်း ငါတို့နဲ့အတူတူလိုက်မဲ့ ဒို့ရပ်ကွက်ထဲက ပေါင်ချိန်ကို ကားသွားငှားခိုင်းရတယ်။ ငှားတော့ ကားခ နှစ်သိန်းခွဲနဲ့ တည့်တယ်။
၀၅-၀၈-၂၀၀၈ နေ့ကျတော့ မနက် ၂ နာရီ အိပ်ယာထ၊ ပြင်ဆင်ပြီး ၃ နာရီခွဲမှာ ခရီးစထွက်ဖြစ်ကြတယ်။ ခုတစ်ခေါက်တော့ တခြားလူတွေမပါဘူး။ ငါရယ်၊ ဂွမ်း(ကျွန်တော့်ညီမ အငယ်ဆုံး) ရယ်၊ မြတ်ထားရယ်၊ ပေါင်ချိန်ရယ်၊ စုစုပေါင်းလေးယောက်။ အောင်မယ်လေး၊ လှိုင်သာယာက စထွက်ပြီဆိုကတည်းက ဆိုးလိုက်တဲ့လမ်း၊ မပြောပါနဲ့တော့။ မိုးရေစားသွားလို့ ဖြစ်နေတဲ့ချိုင့်ကြီးတွေ ဆိုတာ ဒူးလောက်နက်တယ်။ မနည်းရှောင်မောင်းရတယ်။ တချို့နေရာတွေဆို ရှောင်စရာကိုနေရာမရှိဘူး။ ချိုင့်ထဲပဲ ဖြတ်မောင်းရတာပဲ။
မအူပင်ရောက်တော့လည်း ဆိုးတာပဲ။ ဖျာပုံနဲ့ ဘိုကလေးကတော့ ပြောစရာ့ကိုမရှိတော့ဘူး။ အဆိုးတကာ့ထိပ်ခေါင်။
လူတွေဆိုတာ စကောထဲ ဇီးဖြူသီးထည့် လှိမ့်ထားသလို ဖြစ်နေတော့တာပဲ။ အဲဒီ ဇီးဖြူသီးကမှ နည်းနည်းတော်အုံးမယ်။ ငါတို့မှာ အထက်အောက်ဆောင့်လိုက်၊ ဘေးဘယ်ညာယိမ်းလိုက်။ ရှေ့ဘက်ဝင်တိုးလိုက်၊ နောက်ဘက်ရောက်သွားလိုက်။ ရင်ခေါင်းတွေလဲအောင့်။ ခေါင်းတွေလည်းမူး။ တင်ပါးတွေဆိုတာ ကြိမ်းလိုက်တာ မပြောပါနဲ့တော့။ ကားသမားလေးက ခပ်ငယ်ငယ်။ သူ့ခမျာလည်း ထိန်းတော့ မောင်းတာပဲ။ ဒါပေမဲ့ ဒီလောက်ကြမ်းနေတဲ့လမ်းကို ဘယ်လိုလုပ် ထိန်းမောင်းလို့ရမလဲ။ ဖြေးဖြေး ဖြေးဖြေးပဲ မောင်းရတာပေါ့။ 




 ဒါနဲ့ပဲ ဘိုကလေးကို ညနေ ၅ နာရီလောက် ရောက်သွားတယ်။ လူတွေဆိုတာလည်း ငြုပ်ဆုံထဲ ထည့်ထောင်းထားသလို ဖွတ်ဖွတ်ညက်ညက်ကို ကျေနေပြီ။ ပင်ပန်းလိုက်တာလည်း မပြောပါနဲ့တော့။ ဂွမ်းက အရမ်းနေကောင်းလှတာ မဟုတ်ဘူး။ သြော်-သူလည်း လိုက်ပြီးတို့လှူတာ ကြည့်ရအောင်လို့ တစ်ခေါက်တလေ ခေါ်မိပါတယ်။ ငါ့ဟယ်၊ သူ့ကို အားနာလိုက်တာ မပြောပါနဲ့တော့။ ဒို့ကတော့ အရင်အတွေ့အကြုံတွေနဲ့ ထုသားပေသား ကျနေပြီကိုး။
တို့နဲ့အတူတူသွားတဲ့ ဘုန်းကြီးဒါယိကာကားကတော့ ကောင်းလို့ နည်းနည်းမြန်မြန် မောင်းလို့ရတော့ သူတို့က ဘိုကလေးကို အရင်ရောက်နှင့်နေတာပေါ့။ တို့ ဘိုကလေးကိုရောက်သွားတော့ သူတို့ ရွာမှာ ပစ္စည်းတွေဝေပြီး ပြန်တောင်လာပြီ။ တို့ကားက လမ်းမှာ ဘီးပေါက်လို့ လဲနေရသေးတာကိုး။ ဒါနဲ့ ငါတို့လည်း လာကြိုတဲ့မော်တော်နဲ့လိုက်သွားတာ ဘိုကလေးကနေ ညနေ ၆ နာရီလောက် ဆက်ထွက်ကြတယ်။ ရွာရောက်တော့ ည ၈ နာရီနဲ့ ၁၅ မိနစ်။ တို့လည်း ရောက်တော့ ရေမိုးချိုး၊ အ၀တ်အစားတွေဘာတွေလဲ၊ ထမင်းစားပြီး စကားစနေ နည်းနည်းပါးပါးပြော။ နောက်တော့ ပင်ပန်းတာနဲ့ ည ၁၀ နာရီလောက်မှာ အိပ်ယာဝင်ကြတယ်။
အဲဒီအိမ်က ကျောင်းဆရာ့အိမ်လို့ ပြောတယ်။ အိမ်က ကွမ်းသီးတိုင်တွေ၊ ကွမ်းသီးသားတွေနဲ့ ဆောက်ထားတယ်။ အလှူရှင်တွေ လာလှူထားတဲ့ မိုးကာစတွေနဲ့ မိုး၊ ကာထားတယ်။ ဒို့လည်း အလှူရှင်တွေ လာဝေထားတဲ့ စောင်တို့၊ ခြင်ထောင်တို့၊ ခေါင်အုံးတို့နဲ့ အိပ်ခဲ့ရတယ်။ အတွေ့အကြုံသစ်ပေါ့ဟယ်။
မနက် ၆ နာရီ အိပ်ယာကထ။ သူတို့ကြော်ထားတဲ့ ခေါက်ဆွဲကြော် မနက်စာစား။ စားသောက်ပြီးတော့ ဆန်ကိုအရင်ဝေတယ်။ ဆန်ဝေပြီးတော့ ကျောင်းကိုသွားကြတယ်။ ကျောင်းမှာ ကလေးတွေကို ဗလာစာအုပ် အရင်ဝေတယ်။ အထက်တန်း ကျောင်းသားကျောင်းသူ တွေကို တစ်ယောက် တစ်ဒါဇင်စီ။ အလယ်တန်းတွေကို တစ်ယောက် ၆ အုပ်စီ။ မူလတန်းကလေးတွေကိုတော့ တစ်ယောက်ကို ၃ အုပ်ကျစီ ဝေပေးတယ်။ ၅တန်း ကလေးတွေကိုတော့ တစ်ယောက် ကွန်ပါဗူးတစ်ဗူးစီ ထည့်ဝေတယ်။ ကျောင်းသားကျောင်းသူအားလုံးကို တစ်ယောက် ဘောပင် ၃ ချောင်း၊ ခဲတံ ၃ ချောင်းကျစီ ဝေပေးလိုက်တယ်။ ပုံနှိပ်စာအုပ်ကတော့ အားလုံးအတွက် လောက်မှာမဟုတ်ဘူး။ ဒီတော့ မရှိတဲ့ကလေးတွေကို ကြည့်ရှုဝေပေးလို့ရအောင် ဆရာတွေ၊ ဆရာမတွေပဲ အပ်ထားခဲ့လိုက်တယ်။
သူတို့ကပြောတယ်။ ခုလို ကလေးတွေအတွက်ဆိုပြီး တစ်ခါမှ လာမလှူဖူးဘူးတဲ့။ ခုလိုလာလှူလိုက်တော့ ဗလာစာအုပ်အတွက် အတော်လေး ဖူလုံသွားတာပေါ့။ နောက်ပြီး တို့က ကလေးတွေအတွက် မုံ့တွေ ချိုချဉ်တွေလဲ ဝေသေးတာကိုး။ ဆရာဆရာမတွေရော၊ ကလေးတွေရော အားလုံး ၀မ်းတွေသာကြလို့ဟေ့။ တကယ့်ကို ပျော်စရာကြီးပဲ။ ကျောင်းမှာက ကျောင်းသားဦးရေ စုစုပေါင်း ၅၉၃ယောက် ရှိတယ်။ ကျောင်းမှာက လပတ်စာမေးပွဲ အမြဲတမ်းစစ်နေရတယ် ဆိုတော့ မေးခွန်းထုတ်ဖို့ အခက်အခဲရှိတယ်။ သူတို့ဆီမှာ လက်နှိပ်စက်မရှိတော့ ဖယောင်းစက္ကူကို လက်နဲ့ဖောက်ပြီး မီးချောင်းနဲ့ လှိမ့်သုံးနေရတာ လိုက်ပြတယ်။
ကျောင်းအုပ်ဆရာမကြီးက ဖြစ်နိုင်ရင် လက်နှိပ်စက်ကလေးပါလှူဘို့ မေတ္တာရပ်ခံတယ်။ (မမထံမှ ဤကဲ့သို့ကြားလိုက်ရသည်နှင့် တပြိုင်နက် ချက်ခြင်းပင် ကျွန်တော်က မမကို အင်္ဂလိပ် လက်နှိပ်စက်၊ ဗမာလက်နှိပ်စက်နှင့် စာကူးစက် (Gestener) များဈေးကို စုံစမ်းခိုင်း လိုက်ပါသည်။ မမက ကျွန်တော်တို့ အလှူလုပ်သည့်အခါတိုင်း ၀ယ်နေကျ ဂန္ဓမာဆိုင်တွင် သွားရောက်စုံစမ်းပါ၏။ လက်နှိပ်စက်က နှစ်သိန်းခွဲ၊ စာကူးစက်က ငါးသိန်းခွဲ ဟု ပြောပါသည်။ ဆိုင်ကလည်း ကျွန်တော်တို့ လှူဘို့ဝယ်မှန်းသိသည်နှင့် အိုလံပီယာ ကောင်းသော စက်များကို ပေးလိုက်မည်။ သို့သော် ဆေးပြန်မှုတ်ချင်သေး၍ ဗုဒ္ဓဟူးနေ့မှလာရန် ပြောလိုက်သည်ဆို၏။ ထို့ပြင် စနေဓမ္မမိတ်ဆွေများအဖွဲ့မှ လှူဒါန်းသည်ဆိုသောစာတမ်းပါ ထိုးပေးမည်ဟုလည်း သိရပါသည်။ စက်များပို့ရန်ကိုမူ ဘုန်းကြီးကတာဝန်ယူမည် ဖြစ်ပါ၏။ ဆရာမကြီးတော့ အတော့်ကို ၀မ်းသာရှာလိမ့်မယ်ဟေ့ ဟု မမက ပြောပါသည်။ ဆရာမကြီး ၀မ်းသာတာကနောက်၊ သူတို့လိုအပ်နေတာကို လှူလိုက်ရခြင်းအတွက် ကျွန်တော်ဝမ်းသာတာကအရင် ဖြစ်ပါသည်။)
ဝေပြီးပြီးချင်း ဘုန်းကြီးကို သင်္ကန်းတွေကပ်ကြတယ်။ အားလုံးပြီးလို့ ပြန်လာတော့ ၉ နာရီကျော်။ လမ်းမှာ ကန့်ကော်တစ်ထောင် ကျောင်းကိုဝင်ကြတယ်။ သူတို့ဓါတ်လုံးလိုချင်လို့တဲ့။ ဘာမှမဆန်းပါဘူးဟယ်။ သူတို့ပေးလို့သာ ငါ ယူထားလိုက်တာပါ။ သူတို့ဓါတ်လုံးက ကိုယ့် ကံဉာဏ် ၀ီရိယလောက် စွမ်းပါ့မလား။ အဲဒီမှာတင် တော်တော်ကြာသွားတယ်။ အဲဒီကနေ ဆက်ပြန်လာတော့ ဘိုကလေးကို နေ့လည် ၁၂ နာရီလောက်ရောက်။ ဘိုကလေးမှာပဲ နေ့လည်စာထမင်းစားကြတယ်ပေါ့။ စားသောက်ပြီး နာရီပြန် ၁ ချက်တီးလောက်မှာ ဆက်ထွက် လာခဲ့ကြတယ်။
လပွတ္တာမှာတုံးက စခန်းတွေမှာ သောက်ရေသန့်စံနစ်တွေ တွေ့ခဲ့ရတယ်။ UNDP လိုအဖွဲ့တွေနဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့တွေကလည်း ဆေးတွေဝေ၊ ဆေးကုပေး စသဖြင့် လုပ်ကြတယ်။ လပွတ္တာမှာ အိမ်ငှားထားပြီး အလှည့်နဲ့ ရွာတွေကို ဆေးထွက်ပြီး ကုပေးကြတယ်။ အခု ဘိုကလေးမှာလည်း အဲဒါမျိုးတွေ တွေ့ရတယ်။
ဖျာပုံရောက်တော့ ည ၈ နာရီကျော်နေပြီ။ အဲဒီမှာပဲ ညစာစားလိုက်ကြတယ်။ အပြန်ကျတော့ မအူပင်လမ်းက ကြမ်းလွန်းလို့ အဲဒီလမ်းအစား ဒေးဒရဲ၊ ကွမ်းခြံကုန်းဘက်က လှည့်ပြန်တယ်။ အဲဒီဘက်က လမ်းနည်းနည်းကောင်းတာ တွေ့ရတယ်။ ကားသမားလေးက သူတစ်ယောက်ထဲ အလှည့်မရှိပဲ တောက်လျှောက်မောင်းလာရတော့ ပင်ကလည်း ပင်ပန်းပြန်၊ ညဥ့်ကလည်း နက်လာပြန်၊ နားကလည်း မနားရဆိုတော့။ သူလည်း သူကိုယ်သူ ပါးတွေလိမ်ဆွဲလိုက်၊ ခေါင်းကို ရေတွေနဲ့လောင်းလိုက်၊ လုပ်လာတာပဲ။ နောက်ပြီး အနားမှာက ဘုန်းကြီး။ စကားပြောဖော်ကလည်း မရှိ။ အားလုံးကလည်း အိပ်ငိုက်လာတာဆိုတော့ သူ့ကိုယ်သူ ဘယ်လိုမှမဟန်နိုင်တော့ဘူး။ ည ၁ နာရီ လောက်လဲကျရော၊ လှိုင်သာယာတံတား မရောက်ခင်လေးမှာ လမ်းဘေးရပ်ထားတဲ့ လမ်းကြိတ်စက်ကြီးကို တည့်တည့်ကို ၀င်တိုက် တော့တာပဲဟေ့။ ကံကြီးပေလို့ အကုန်သေမကုန်တယ်။ ကားကလည်း ဖြေးဖြေးလေးမောင်းလာလို့ တော်တော့တယ်။ မသေလို့ တွေ့ရ မေ့နိုင်ပါရိုးလား ဖြစ်ကရော။
တို့လည်း ကားသမားလေးရော၊ ဘုန်းကြီးရော၊ ကားရောထားခဲ့ပြီးပြန်ခဲ့ကြတာ အိမ်ကို နာရီပြန် နှစ်ချက်တီးကျော်မှ ပြန်ရောက်တော့တယ်။ သွားခဲ့သမျှ ဒီခရီးကတော့ တကယ့်ကို အမှတ်တရပဲဟေ့။ နောက်နေ့ကျတော့ သူတို့ပြန်ပြောပြတာ၊ ကားသမား လေးက မိုးလင်းရင် ရဲတွေနဲ့ ဇယားရှုပ်တော့မှာမို့ ညတွင်းချင်းပဲ ကားကို ရန်ကုန်ပြန်ဆွဲလာရတယ် တဲ့။ သူလည်း ကားငှားလို့ရတဲ့ ပိုက်ဆံနဲ့ ပြင်ရတဲ့စရိတ်နဲ့ ကိုက်မှ ကိုက်ပါ့မလားမသိဘူး ဆိုပြီး ဘုန်းကြီးပြောတာနဲ့ ငါလည်း သူ့ကို သုံးသောင်းထပ်ပေးလိုက်သေးတယ်။ တို့က ပထမဘုန်းကြီးက သူ့ဒါယိကာ ကားနဲ့သွားမယ်ဆိုတော့ အလှူငွေအားလုံးကို ပစ္စည်းတွေ ၀ယ်ပစ်လိုက်တာပေါ့။ သွားခါနီးည ကျမှ ဘုန်းကြီးက ကားမဆန့်တော့လို့ ငှားပါဆိုတော့ ကားငှားခ ငါပဲ စိုက်လိုက်ရတယ်။ နင်တို့ ပြန်ပေးတော့လည်း ကောင်းတာပေါ့။ မပေးတော့လည်း ငါတို့အလှူပဲ သဘောထားရတော့မှာပေါ့။ (စနေဓမ္မမိတ်ဆွေများ အဖွဲ့ ရံပုံငွေတွင်လည်း ရံပုံငွေလက်ကျန် တော်တော် များများရှိသေးရာ ထိုရန်ပုံငွေများမှာ စ စုစဉ်ကတည်းက လမ်းစရိတ်အပါအ၀င် အထွေထွေအသုံးစရိတ်များ အတွက်ဖြစ်သဖြင့် ကျွန်တော်က ကားငှားခကို ထိုအထဲမှ ထုတ်ယူသုံးစွဲလိုက်ပါသည်။)


(၁၀၈) ၂၇-၀၅-၂၀၀၈ နေ့၌ အစားအစာနှင့် အခြားပစ္စည်းများလှူဒါန်းရန် ဖျာပုံသို့ သွားရောက်ခြင်း

နင်တို့ ဖျာပုံအတွက် ၁၈ သိန်း ၄ သောင်း ၄ ထောင် ထပ်ပို့လိုက်တော့ ငါမျိုးမျိုးဆီ ဖုံးဆက်တယ်။ သူက အစ်မရေ၊ ဒီတစ်ခါ ငါးနီတူကြော်ရအောင်လို့ ပြောတယ်။ ငါလဲ ဘာမှ သိပ် မလုပ်ပေးရသေးတာနဲ့ ဒါဆို ငါပဲကြော်လိုက်မယ်လို့ ပြောလိုက်တယ်။ ၃ သိန်းဘိုး ကြော်မယ်ဆိုတော့ ငါတစ်ယောက်ထဲ သီရိမင်္ဂလာဈေးမှာ ငါးခြောက်တို့၊ ငြုပ်သီးတို့၊ ကြက်သွန်တို့ သွားဝယ်တယ်။
ကြော်ဘို့နေရာကို ဒေါ်ခင်အေးမူက ထန်းတစ်ပင်ဘုန်းကြီးကျောင်းမှာ ကြော်ပါလားတဲ့။ ဒါနဲ့ ဘုန်းကြီးသွားလျှောက်တော့ လာသာလာခဲ့ ဒါယိကာမကြီး၊ ဒီမှာ မီးဖိုဆောင်လည်းရှိတယ်။ ထင်းလည်းရှိတယ်။ ရေလည်းမပူရဘူး။ ကြော်ဘို့လူတွေပါ သူစီစဉ်ပေးမယ် လို့ပြောတယ်။ အိမ်ပြန်ရောက်တော့ အဖေကြီးက ဆိုဒ်ထဲ (ကျွန်တော်တို့ဝယ်ထားသော တိုက်ခန်းပါသည့် ယခုဆောက်လက်စတိုက်) သွားကြော်ပါလား။ ငါ ၀င်းဇော်ဦးကို ပြောပြီးပြီ။ အဲဒီမှာ ထင်းလဲမပူရဘူး၊ ရေလည်းပေါတယ်ဆိုတာနဲ့ ငါလဲ အိမ်နဲ့နီးတာကြောင့် အဲဒီမှာပဲ ကြော်လိုက်တော့တယ်။



 ဒါနဲ့ ငါလဲ ငါးခြောက်ခေါင်းခြွေဘို့ အနီးအနားကလူတွေကို လိုက်မေးတော့ တစ်ဦးနှစ်ဦးပဲ စိတ်ပါလက်ပါရှိတယ်။ တော်တော် များများက စိတ်မ၀င်စားကြဘူး။ ခဏနေတော့ ဒေါ်ခင်အေးမူပေါက်ချလာပြီး ငါ့ကို ပြောတယ်။ “ဟဲ့ - အကျင်၊ ဟိုမှာ ဘုန်းကြီးကမျှော်လို့၊ ရပ်ကွက်ထဲကလူတွေကို ငါးခြောက်ကြော်ဘို့ ပြောထားတယ်။ ဒီ့လောက်အများကြီး ဘယ့်နှယ် တစ်ယောက်နှစ်ယောက်ထဲနဲ့ ပြီးနိုင်ပါ့မလဲ၊ ငါ့ပေးလိုက်” ဆိုပြီး ငါးခြောက် အချိန် ၆၀ ကို သူ့ဟာသူတက္ကစီငှားပြီး သယ်သွားတယ်။ ဘုန်းကြီးကျောင်းမှာ ခြွေကြတာပေါ့။ ဘုန်းကြီးက လူစုပေး။ ငါးခြောက်တွေလဲ ခေါင်းတွေခြွေပြီးရော ဘုန်းကြီးက လှမ်းဖုံးဆက်တယ်။ တို့လည်း ဆိုက္ကားငှားပြီး သွားသယ်ရတာပေါ့။
ကြက်သွန်ကလည်း အဖြူ၊ အနီ စုစုပေါင်း အချိန် ၃၀ လောက် ခွါရ လှီးရတာ။ မူမူတို့ (ကျွန်တော့် ညီမအငယ်) ဌာနက ဆရာမ သုံးယောက် ကူပြီး ခွါကြ လှီးကြပေါ့ဟယ်။ ကြော်တာက ၀င်းဇော်ဦးရယ်၊ ဒို့ ရပ်ကွက်က ပေါင်ချိန် ရယ်၊ အောက်ထပ်က အစ်မကြီး နှစ်ယောက်ရယ် ကြော်ကြတယ်။ နေ့ခင်း ၁ နာရီက စ ကြော်ကြတာ။ ည နာရီပြန် တစ်ချက်တီးမှ ပြီးတယ်။ ဒါ ကြော်ရုံသက်သက်ပဲ ရှိသေးတယ်။
နောက်နေ့ကျတော့ ဒေါ်ခင်အေးမူ သူတို့ရပ်ကွက်က အမျိုးသမီး ဆယ်ယောက်လောက် ခေါ်လာပြီး မနေ့က ကြော်ပြီးသားတွေကို စပ်ပေး၊ ဝေဘို့လို့ အထုပ်ကလေးတွေ ထုပ်ပေးလုပ်လို့ အားလုံးပြီးသွားရော။ ၀ိုင်းပြီး ကြော်တဲ့သူတို့၊ ကူညီညာလုပ်ပေးတဲ့သူတို့ကို ငါ လဖက်သုတ်ကျွေး၊ ကော်ဖီတိုက်တယ်။ ညနေစာလဲ ငါပဲကျွေးလိုက်တာပေါ့။ နောက်နေ့ ငါးခြောက်ကြော် ကူပြီးထုပ်ပေးတဲ့ သူတွေကိုတော့ ကောက်ညှင်းပေါင်း ကျွေးလိုက်တယ်။
လူတွေဆိုတော့ အမျိုးမျိုးဟဲ့။ တချို့ကျတော့လဲ အရမ်းကို အားတက်သရောရှိတယ်။ ငါ မတတ်နိုင်လို့ မလှူနိုင်ပေမဲ့ လူအားစိုက်ပြီး အကုန်လုပ်ပေးမယ် ဆိုတာမျိုး။ လှူနိုင်တဲ့သူတွေကျပြန်တော့ ငွေအားရော၊ ပစ္စည်းအားရော၊ လူအားရော တကယ့်ကို အင်တိုက်အားတိုက် လုပ်ကြတာ။ နင့်ဟယ်၊ မင်္ဂလာဈေးက လူတွေဆိုတာ တကယ့်ကို အားတက်သရောပဲ။ ပစ္စည်းတွေလဲ အများကြီးလှူသလို လူကိုယ်တိုင်လဲ ဟို ဘိုကလေးတို့ လပွတ္တာတို့အရောက် ငါတို့နဲ့ လိုက်လုပ်ပေးကြတယ်။ သူတို့အင်အားနဲ့ကြောင့် ဒါလောက် ချောချောမောမော ပြီးတာ။ ငါတို့ချည်းပဲဆို ဘယ်လွယ်လိမ့်မတုံး။
ဟော - တချို့ကျပြန်တော့ ငါတို့ အနီးအနားကလူတွေ ပြောပါတယ်။ ငါးခြောက်ခေါင်းကလေး ကူခြွေပေးပါ ဆိုတာတောင် မလုပ်ပေးချင်ကြဘူး။ အဲဒီလူတွေဟာ အိမ်မှာလဲ ဘာမှအလုပ်ရှိတာ မဟုတ်ဘူး။ သူများတကာ လဖက်ရည်ဆိုင်လှည့်ထိုင်ပြီး တစ်နေကုန် တစ်နေခန်း ချဲတွက်၊ နှစ်လုံးသုံးလုံးအကြောင်း ပြောနဲ့ပဲ အချိန်တွေ ကုန်နေကြတာ။ အေးပေါ့လေ၊ ကိုယ် ကိုယ်တိုင် ဘေးမတွေ့သေးတော့ ဒီလိုပဲပေါ့။ ကိုယ့်ခေါင်းမြွေပေါက်မှ အမယ်လေးဘလေး၊ အရပ်ကူပါ၊ လူဝိုင်းပါ ဖြစ်ကြတော့မှာကိုး။ မုန်တိုင်းဘေးအတွက် တိုက်တစ်တိုက်လုံးမှ ဆယ်ကောင်လောက် အလကားပေးတဲ့ ငါး ကျတော့ မဲနှိုက်ယူရတဲ့ဟာတောင် သေရေးရှင်ရေးတမျှ အပြေးအလွှား သွားပြီးယူကြတယ်။ စားအုံးဆီ ၂၀ သား ၅၀၀ နဲ့ ရောင်းပေးတာကို တစ်မနက်ခင်းလုံးတန်းစီပြီး သွားဝယ်ကြတယ်။ မိုးတွေရွာ၊ လေတွေ တိုက်လို့မှ မပြီးသေးဘူး။ သူများအိမ်တွေက လွင့်ပျံကျလာတဲ့ သွပ်တွေကို လိုက်ကောက်နေတဲ့ သူတွေကလည်း တပုံကြီး။ အဲဒီလို သွပ် အကောက်ကောင်းလို့ သေတဲ့သူတွေတောင် ရှိပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့၊ ဒီအစိုးရနဲ့ ဒီလူတွေနဲ့တော့ တန်မှတန်။ ဒီမိုး ဒီလေ၊ ဒီလူတွေနဲ့၊ ဒီမင်းဒီစိုး၊ ဒီသူခိုးနဲ့ဆိုတာ တကယ့်ကို ကွက်တိပဲဟေ့။ ဒါတွေ ထားလိုက်ပါတော့လေ။
ငါးခြောက်တွေ ကြော်ပြီး ထုပ်ပြီးတော့ ဆိုဒ်ထဲက ကောင်လေးတစ်ယောက်ခေါ်ပြီး ၀င်းဇော်ဦး သူ့ဟာသူ အိမ်အရောက် လာပို့ပေးတယ်။ ငါ့မလဲ အိမ်မှာက အ၀တ်ဟောင်းထုပ်တွေနဲ့ ပြည့်နေလို့ ထားစရာမရှိတော့ဘူး။ မျိုးမျိုးကို ဖုံးဆက်ပြီး လာယူခိုင်းတော့ သူလာသယ်သွားတယ်။
(မလွင်လွင်မိုးက ကျွန်မတို့အိမ်ရှေ့က အစ်ကို့အိမ်မှာ ဘယ်သူမှမနေတော့ အားနေတယ်။ ပစ္စည်းတွေကို အဲဒီမှာ သွားထားလိုက်တော့ တော်တော်အဆင်ပြေသွားတယ်ဟု ပြန်ပြောပြပါသည်။ နို့မဟုတ်လျှင် သည်လောက်များသော အလှူပစ္စည်းများကို ဘယ်မှာသွားထားမည်နည်း။ မမျိုးမျိုး မှာ မင်္ဂလာဈေးတွင် ဈေးထွက်နေသော မလွင်လွင်မိုး၏ညီမ ဖြစ်ပါ၏။ ကျွန်တော်တို့ အလှူကိစ္စမှာ မမျိုးမျိုး အင်တိုက်အားတိုက် ကူညီမှုကြောင့်သာ ဤမျှ ချောချောမောမောနှင့် ပြီးမြောက်ရခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့နှင့် မင်္ဂလာ ဈေးသူဈေးသားများ ပူးပေါင်းလိုက်သောအခါ အလှူအင်အား အတော့်ကို တောင့်တင်းသွားပါသည်။ သို့အတွက် ကျွန်တော့်မှာ မမျိုးမျိုးရော၊ မလွင်လွင်မိုးကိုပါ အလွန်ကျေးဇူးတင်မိပါ၏။ ကျွန်တော်တို့ချည်းလုပ်ရလျှင် တော်တော့ကိုမလွယ်ပါ။ စနေဓမ္မမိတ်ဆွေများ အဖွဲ့အနေနှင့် မမျိုးမျိုးနှင့် မင်္ဂလာဈေးသူဈေးသားအပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည်။)
နောက် “ထန်းတစ်ပင်ဘုန်းကြီးက မန္တလေးကနေ အ၀တ်ဟောင်းတွေ စုဆောင်းပြီးသယ်လာတာ ကွန်တိန်နာနဲ့ လေးလုံးရှိတယ်။ အဲဒါ လိုချင်သလောက်လာယူပြီး လှူပေးပါလို့ ပြောတယ် တဲ့” လို့ ဒေါ်ခင်အေးမူ လာပြောတယ်။ မမျိုးတို့ကားရောက်လာတော့ အဲဒီအကြောင်း ငါပြောပြလို့ သူက သုံးထုပ်လောက်တော့ ဆန့်သေးတယ်ဆိုတာနဲ့ ဒေါ်ခင်အေးမူပါ လိုက်လာပြီး သုစိတ္တာရုံကျောင်းမှာ ညဘက် ၉ နာရီလောက် သွားသယ်ကြတယ်။ အ၀တ်တွေတင် မကဘူး။ ဆန်တွေရော၊ သကြားတွေပါ ပါတယ်။ ဆန်တွေနဲ့ သကြားတွေ တော့ မသယ်နိုင်တော့ဘူး။ ကားက မဆန့်တော့ဘူး။ နောက်ပြီး တို့လဲ ဖျာပုံမှာ ဆန်အိတ် ၁၀၀ ၀ယ်ထားတာ ရှိသေးတယ်။
မေလ ၂၇ ရက်နေ့ကျတော့ ငါရယ်၊ ငါးခြောက်ကြော်တုံးက ၀ိုင်းလုပ်ပေးတဲ့ တို့ရပ်ကွက်ထဲက ပေါင်ချိန်ရယ်၊ သူတို့အိမ်က တက္ကစီနဲ့ မျိုးမျိုးတို့အိမ် သွားကြတယ်။
ပစ္စည်းတင်တဲ့ကားတွေကတော့ ည ၁၀ နာရီကတည်းက သွားနှင့်ကြပြီတဲ့။ မနက် ၃ နာရီခွဲတော့ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ ဖျာပုံကို မနက် ၆ နာရီခွဲလောက် ရောက်ကြတယ်။ ရောက်ရောက်ချင်း မျိုးမျိုးတို့ကြော်လာတဲ့ ကြာဇံကြော်စားကြတယ်။ စားသောက်ပြီး ကားပေါ်ကပစ္စည်းတွေ မော်တော်ပေါ် ပြောင်းတင်ကြတယ်။ ဖျာပုံကထွက်လာတော့ မနက် ၈နာရီ အတိ။
လမ်းပြတစ်ယောက် ပါတယ်။ ၁၂ နာရီကျော်ကျော်မှာ ကျုံတဲရွာကို ရောက်တယ်။ ရောက်တော့ ပစ္စည်းတွေချ။ သူတို့က အိမ်ထောင်စုစာရင်းအလိုက် ဝေမှာလို့ ပြောတယ်။ စာရင်းရတော့ ဆန်တွေကို ထုပ်တဲ့သူကထုပ်၊ ပဲတွေကို ထုပ်တဲ့သူကထုပ်၊ အ၀တ်တွေ ထုပ်တဲ့သူကထုပ် ပေါ့။ အားလုံးထုပ်ပိုးပြီးသွားတော့ ကဒ်ပြားတွေနဲ့ဝေတယ်။ မဝေလောက်တဲ့ ပစ္စည်းတွေကျတော့ မဲနှိုက်ရတာပေါ့။ မဲမှာ ဗလာကျတဲ့သူကိုကျတော့ ပစ္စည်းတစ်မျိုးပေးတယ်။
ပစ္စည်းအားလုံးဝေပြီးတော့ ၄ နာရီခွဲနေပြီ။ မော်တော်စထွက်တော့ ၅ နာရီကျော်။ အလာတုံးကလို မော်တော်ချည်းပဲ မစီးရ တော့ဘူး။ မော်တော် ၁ နာရီကျော်ကျော်စီးပြီး ကားလမ်းပေါက်တဲ့ရွာ ရောက်တော့ ကားတစ်စီးလာကြိုနေလို့ အဲဒီကားနဲ့ ဖျာပုံကို ပြန်ခဲ့ကြတယ်။ ဒါပေမဲ့ ကားက အားလုံးမဆန့်ဘူး။ လူတစ်ချို့နဲ့ ပစ္စည်းတချို့ ကျန်နေသေးတယ်။ တို့ကတော့ ပထမကားနဲ့ လိုက်ခဲ့တယ်။ ကားနဲ့ဆိုတော့ မြန်တာပေါ့။ တစ်နာရီကျော်ပဲ မောင်းရတယ်။ ဖျာပုံပြန်ရောက်တော့ ည ၇ နာရီ ခွဲနေပြီ။ တို့နောက်မှာ ကျန်တဲ့သူတွေကို နောက်ကားတစ်စီးနဲ့ သွားခေါ်ရတာပေါ့။ ဖျာပုံမှာပဲ ညစာစားကြတယ်။ အသွားတုံးကတော့ နေ့လည်စာကို မော်တော်ထဲမှာပဲ စားလိုက်ကြ တယ်။



နောက်ကားရောက်လာတော့ ရန်ကုန်ကို ပြန်ခဲ့ကြတယ်။ အိမ်ကို နာရီပြန် တစ်ချက်တီးကျော်မှ ရောက်တယ်။ နောက်အပတ်တော့ ဘိုကလေးကို သွားကြမယ်။
အဲဒီမှာ တွေ့ခဲ့၊ ကြုံခဲ့ရတဲ့ လူတွေအကြောင်း နည်းနည်းတော့ ပြောချင်သေးတယ်။ မုန်တိုင်း ဒုက္ခသည်တွေဆီ လှူရအောင် သွားကြမယ်ဆိုတော့ ငါ ကိုယ်နဲ့နီးစပ်တဲ့ အနီးပတ်ဝန်းကျင်မှာ အ၀တ်ဟောင်းကလေးတွေ လိုက်ပြီးအလှူခံတာပေါ့။ အင်္ကျီ၊ လုံချည် စသဖြင့်ပေါ့။ များသောအားဖြင့်တော့ ကိုယ်ဝတ်တဲ့အထဲကနေ ကောင်းကောင်းမွန်မွန်လေးတွေရွေးပြီး သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင် လုပ်ပေးကြပါရဲ့။ တချို့ကျတော့လဲဟယ်၊ မဖြစ်နိုင်ဘူး၊ နံစော်နေလွန်းလို့ အမှိုက်ပုံထဲ လွှင့်ပစ်လိုက်ရတာ တွေတောင် ရှိတယ်။
အ၀တ်ဟောင်းတွေရလာပြီ ဆိုကတဲက ငါတို့က မိန်းမ၀တ်၊ ယောက်ျားဝတ်၊ ကလေးဝတ်စသဖြင့် သပ်သပ်စီ ခွဲထုတ်၊ အထုတ်တွေပေါ်မှာ စာရေးထားလိုက်တာ။ ဝေရလွယ်အောင်လို့။ ဥပမာ - ယောက်ျားဝတ် အင်္ကျီနဲ့ ပုဆိုးအတွဲ ဘယ်နှစုံ စသဖြင့်ပေါ့။ အထုပ်တိုင်းမှာ စာနဲ့ရေးမှတ်ထားတော့ ဒီအိတ်ထဲမှာ ဘာပါတယ် အလွယ်တကူသိနိုင်သလို ယောက်ျားဝတ်က ဘယ်နှစုံ၊ မိန်းမ၀တ်က ဘယ်နှစုံ စသဖြင့် လွယ်လွယ်ကူကူ သိနိုင်တာပေါ့။ အသစ်တွေလဲပါတယ်။ တအားစုတ်တဲ့ ဟာတွေတော့ ထည့်မပေးကြပါဘူး။ တစ်ဦးစ နှစ်ဦးစတော့လည်း ပါတာပေါ့လေ။ အိမ်မှာ ဘီရိုတွေ သေတ္တာတွေ ရှင်းပြီးရောဆိုပြီး ထည့်ပေးလိုက်ကြတာ။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ချေး (ဂျီး) လက်လေးသစ်နဲ့ ကြောင်သေးစော်ကလဲ နံနေသေးတယ်။ သူတို့မို့လို့ပဲ ပေးရက်သေးတယ်ဟယ်။ စေတနာ နုံ့နဲ့ကြပုံတွေ ပြောပါတယ်။ တချို့ကျတော့လည်း ငါးခြောက်ကို ခေါင်းခြွေရုံတင် မဟုတ်ဘူး။ ခါးမှာစိုးလို့ဆိုပြီး ဗိုက်ကချေးနေရာတွေပါ ခြွေပေးကြတယ်။ လူအမျိုးမျိုး စိတ်ဓါတ်အဖုံဖုံ တွေ့ရတာပေါ့ဟယ်။
သည်ကဲ့သို့လုပ်ကြရာတွင် အားလုံး ကိုယ်ကျိုးမပါ၊ စေတနာအပြည့်ဖြင့်လုပ်ကြခြင်း ဖြစ်၏။ သို့သော် တစ်ခါတစ်ရံတွင် လူတို့၏ သဘောထားများကို နားလည်ရန် ခက်လှပါသည်။ ဤကဲ့သို့ စေတနာလွဲခဲ့ကြခြင်းကို ကျွန်တော်နားမလည်နိုင်ပါ။ အကြောင်းကား ဒုက္ခသည်စခန်းများသို့ အ၀တ်အစားများသွားဝေရာတွင် အသစ်များကိုမဝေဘဲ ချန်ထားပြီး အဟောင်းများကိုသာဝေရာ နောက်ဆုံးတွင် အချိန်မရတော့သဖြင့် အသစ်များကိုမဝေရတော့ဘဲ နီးစပ်ရာ(အလိုအပ်ဆုံးမဟုတ်သူများကို) ပေးခဲ့ရသည်ဆို၏။ မမအပါအ၀င် လိုက်ပါသွားသူအများစု စိတ်လက်မချမ်းမသာ ဖြစ်ခဲ့ကြရသေးသည်။ သို့သော်လည်း ကောင်းတာလုပ်ခဲ့တာနှင့်စာလျှင် သည်ကိစ္စမှာ ဘာမှ မပြောပလောက်သဖြင့် အားလုံးမှာ ဘာမှမပြောပဲ ရေငုံနှုတ်ပိတ် နေလိုက်ကြသည် ဆိုပါသည်။
ဤသည်တို့မှာ ကျွန်တော့်အစ်မကြီး ပြန်ပြောပြသော သူတို့ နာဂစ်ဒဏ်ခံဒေသများသို့ သွားရောက်လုပ်ကိုင်ခဲ့ပုံများ ဖြစ်ပါသည်။ ကျွန်တော် အကုန်ထည့်ရေးမပြတော့ပါ။ မည်မျှအခက်အခဲ အကြပ်တည်းများကြားမှ လုပ်ရကြောင်း သည်လောက်ဆိုလျှင် သဘောပေါက် လောက်ပါပြီ။ ကျွန်တော်က စင်ကာပူမှနေကာ ပိုက်ဆံစုလျှက် ပါးစပ်ကလေးဖြင့် ဟိုလိုလုပ်လိုက်ပါလား၊ သည်လိုလုပ်လိုက်ပါလားဟု ပြောရုံသာ ဖြစ်သည်။ သူတို့ကမှ တကယ့်ကို အပင်ပန်း အဆင်းရဲခံကာ လုပ်ကြရခြင်းဖြစ်ပါသည်။ သည့်အတွက်လည်း ကျွန်တော့်အစ်မကြီး နှင့်အတူ လုပ်ကိုင်ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရပါသည်။ 

ဆက်ပါဦးမည်။

အေးငြိမ်း (လေးမျက်နှာ)
၃ - ၂ - ၂၀၁၃။ ည ၁၀း၃၈ မိနစ်
Tel: (65) 97303027
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


No comments: