Tuesday, February 19, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၁ ဂ)


သစ်ပင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ဦးတင်ဇော်အောင် ပြောကြားချက်များ

စင်ကာပူမှာ Tree Conservation Area ၂ ခုရှိတယ်။ TCA1 နဲ့ TCA2 ။ TCA1 ကို Central Conservation Area လို့လည်း ခေါ်တယ်။ TCA2 ကို Changi Conservation Area လို့ခေါ်တယ်။ အဲဒီ TCA အတွင်းမှာရှိတဲ့အပင်တွေဆို girth size – girth ဆိုတာ လုံးပတ်။ လုံးပတ်ကို ဘယ်နေရာမှာတိုင်းလဲဆိုတော့ 0.5m နဲ့ 1m အမြင့်ကြားထဲမှာတိုင်းတယ်။ construction site ထဲကအပင်ဆိုရင် အမြင့် မီတာဝက်နေရာမှာလုံးပတ်ကိုတိုင်းတယ်။ လမ်းဘေးသစ်ပင်ဆိုရင် ၁ မီတာအမြင့်မှာတိုင်းတယ်။ တိုင်းလို့ လုံးပတ်ဆိုဒ် ၁ မီတာ နဲ့အထက်ဆိုရင် အဲဒီအပင်ဟာ TCA Act နဲ့ ငြိနေတယ်။ ငြိတော့ဘာဖြစ်လဲ။ ဒီအပင်ကို ဘယ်သူပဲပိုင်ပိုင် အစိုးရအဖွဲ့အစည်းကပဲပိုင်ပိုင်၊ ကုမ္ပဏီကပဲ ပိုင်ပိုင်၊ ပုဂ္ဂလိကခြံပိုင်ရှင်ကပဲ ပိုင်ပိုင်။ ဘယ်သူပဲပိုင်ပိုင်။ ၁ မီတာထက်ကျော်နေပြီဆိုရင် ဒီအတိုင်း အရမ်းရောကာရော ခုတ်ခွင့်မရှိဘူး။
ဒီအပင်ကိုခုတ်ဘို့ Arborist ခေါ်ရမယ်။ မလိုတဲ့ အပင်ကိုမခုတ်ဘဲ လိုတဲ့အပင်ပဲခုတ်ရအောင်။ ခုတ်ဘို့တကယ်လိုတဲ့အပင်ပဲ ခုတ်ရအောင်။ ဒီဇိုင်း stage မှာ architech နဲ့ Arborist နဲ့ အလုပ်အတူတူလုပ်ရတယ်။ architech က ဒီနေရာမှာ ဘာတွေရှိတယ်လို့ ပြောမယ်။ Arborist က ဒီအပင်ဟာ ဒီနေရာနဲ့ ဘယ်လောက်ကွာရမယ်။ အဲဒါကြောင့် ဒီအကိုင်းကို ခုတ်ရမယ် စသဖြင့် report ရေးရတယ်။
Arborist ပေါ်မူတည်ပြီး report ရေးပုံကွာချင်ကွာမယ်။ ဒါပေမဲ့ NParks က လက်ခံအောင်ရေးရတယ်။ ဥပမာ ကျွန်တော်တို့ orchard မှာ ခြံဝယ်တယ်ဆိုပါစို့။ ခြံထဲမှာ အပင် ၅ ပင်ပါလာတယ်။ တကယ်လို့ ဒီဥပဒေသာမရှိရင် အိမ်ကို လွတ်လွတ် လပ်လပ်ဆောက်ဘို့ ၅ ပင်လုံးခုတ်ချလိုက်မှာဘဲ။ ဥပဒေရှိနေတော့ ခုတ်ချင်တိုင်း ခုတ်လို့မရတော့ဘူး။ ဒီတော့ Arborist ခေါ်ရတယ်။
Arborist က ဒီအပင်ဟာ ဆောက်မဲ့အိမ်ရဲ့ ဂျင်မနေစီယမ်နဲ့ ဘယ်လောက်ဝေးလဲ။ ရေကူးကန်နဲ့ ဘယ်လောက်ဝေးသလဲ။ မီးဖိုဆောင်၊ ဧည့်ခန်း၊ အိပ်ခန်းတွေနဲ့ ဘယ်လောက်ဝေးသလဲ။ အဲဒါတွေ တိုင်းပြရတယ်။ နောက်ပြီး အမြစ်ကို ဖြတ်ဘို့လိုမယ်။ ဖြတ်မယ် ဆိုရင် ဘယ်လောက်ဖြတ်ဘို့လိုသလဲ။ ဖြတ်မဲ့နေ၇ာဟာ အပင်မကြီးကနေ ဘယ်လောက်ဝေးသလဲ။ သီအိုရီအရ ဒီအမြစ်ကို ဘယ်လောက် ဖြတ်ထုတ်လိုက်ရင် အပင်ကို ထိခိုက်နိုင်သလား စသဖြင့် ပြရတယ်။
ပြီးတော့ trial trench တူးရတယ်။ အမြစ်ကို ဖြတ်လို့မရဘူး။ မြေတူးတဲ့အခါ အမြစ်ကိုမထိအောင်တူးရတယ်။ တူးပြီး ပေါ်လာတဲ့ အမြစ်တွေကို R1, R2, R3 စသဖြင့် report ထဲမှာပြရတယ်။
ရေကူးကန်ဆောက်တော့မယ်ဆိုရင် မြေအနက် ၁မီတာခွဲတူးရတယ်။ တူးမဲ့မြေကြီးဟာ အပင်နဲ့ ဘယ်နှမီတာဝေးသလဲ။ အဲဒီမှာကျတော့ ကျွန်တော်က girth ကို မသုံးတော့ဘဲ DBH (Diameter at Breast Height) ကို သုံးတယ်။ အပင်ပင်စည်ရဲ့ ရင်ခေါင်း အမြင့်မှာရှိတဲ့ အချင်းပေါ့။ တူးမဲ့နေရာသည် DBH ရဲ့ ဘယ်နှဆရှိတယ်။ ဘယ်လောက်ထိခိုက်မယ်။ Coder Guidelines အရ 37-40% ဆို ထိခိုက်မယ်။ Structural root တွေကို ထိသလား။ တခြားဘယ်အမြစ်တွေ ဘယ်ဘက်ကိုသွားသေးလဲ။
ဒီအပင်ထားလို့ရမရဆိုတာကို recommend လုပ်ရတယ်။ အဲဒါက root assessment, တစ်ခါ crown assessment, canopy assessment တွေလုပ်ရတယ်။ Building တက်လာတဲ့အခါ သစ်ပင်ရဲ့ crown ရဲ့ ဘယ်လောက် % of biomass ကို clear လုပ်ပေးရမလဲ ဆိုတာ တွက်ရတယ်။
          အပင်ဟာ တကယ်တော့ အဆောက်အဦကနေ ၄ မီတာ ဝေးတယ်။ ဒါပေမဲ့ ငြမ်းထိုးဘို့က ၁.၁ မီတာ လိုတယ်။ ဒါပေမဲ့ working space နဲ့ဆို ၁.၅ မီတာလောက် ချန်ရမယ်။ ဒီတော့ တကယ့်တကယ်မှာ ၄ မီတာမရတော့ဘူး။ နောက်ထပ် ၁.၅ မီတာထပ်နှုတ်လိုက်တော့ ၂.၅ မီတာပဲ ကွာတော့တယ်။ အဲဒီတော့ အပင်ရဲ့ crown ကို pruning လုပ်ပေးရတော့မယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ အပင်ဟာ eccentric ဖြစ်သွားတယ်။ သူ့ centre of gravity ဟာ ရွေ့သွားတယ်။ လဲနိုင်တယ်။ အဲဒါကို ပြန်ထိန်းဘို့ တစ်ဖက်ကလည်း ထပ်ဖြတ် ပေးရတယ်။ ဒီတော့ မူလက ၃၀%ပဲဖြတ်ရမဲ့ဟာ အခု ၆၀% ဖြစ်သွားတယ်။ အဲဒီလိုဖြတ်တဲ့အခါ ကိုင်းကြီးတွေပါလာတယ်။ အကိုင်းကြီးတော့ ဖြတ်ထုတ်လိုက်တဲ့အခါ ဖြတ်ပိုင်းက မပိတ်နိုင်တော့ဘူး။ မပိတ်နိုင်ရင် မှိုတက်မယ်။ အနာတွေများလို့ သူ့ retension value တွေကျသွားမယ်။ Coder Guidelines နဲ့ trial trenches ထဲ တကယ်တွေ့ရှိချက်ပေါ်မူတည်ပြီး Arborist က Root loss ရာခိုင်နှုန်းကို တွက်ရတယ်။ ဒီမှာ ကျွန်တော်ကတော့ Coder Guidelines ကိုပဲ အသုံးများတယ်။
          SULE (Safe useful life expectancy) table အရ အပင်ကို ဆက်ထားသင့်မထားသင့် evaluate လုပ်ရတယ်။ ဒီအပင်ကို ခုတ်ဖို့လိုကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံတွက်ချက်ပြရမယ်။ ဟိုအပင်နဲ့ ဒီနဲ့က ၂ မီတာဘဲ ဝေးတယ်။ အမြစ်ကို ထိသွားသလား။ ဘယ်နှမြစ်ထိသလဲ။ အမြစ်အရွယ်အစားက ဘယ်လောက်လဲ။ အမြစ်ပဲလား။ တခြား crown ကိုထိသေးလား။ ဘယ်လောက်ထိသလဲ စသဖြင့်ပေါ့။ အပင်ခုတ်မဲ့လူက Npark ကို ဒီ report ရေးပေးရတယ်။ သူတို့ မကျေနပ်မခြင်း ကျေနပ်တဲ့ထိေ၇းပေးရတယ်။ မလိုအပ်ဘဲ ခုတ်တာကို Npark က လက်မခံဘူး။
          DBH ရဲ့ ၅ ဆမှာ အမြစ်ဖြတ်ရင် 20% ပဲထိတယ်။ DBH ရဲ့ ၄ ဆမှာ အမြစ်ဖြတ်ရင် 30% ထိတယ်၊ DBH ရဲ့ ၃ ဆမှာ အမြစ် ဖြတ်ရင် 37% ပဲထိတယ်လို့ Coder က ဆိုတယ်။ ဒါပေမဲ့ ဒါက အပင်ပတ်ပတ်လည်မှာ ဖြတ်တာတော့မဟုတ်ဘူး။ တစ်ဖက်ခြမ်းမှာဘဲ ဖြတ်တာ။ အမေရိကမှာတော့ DBH ပဲသုံးတယ်။ စင်ကာပူမှာသာ Girth size သုံးတာ။ Coder အပြင် တခြားသီအိုရီတစ်ခုက Bartlett Tree Research Laboraties ပါ။ အဲဒါမှာတော့ သစ်ပင်ရဲ့တစ်ဖက်မှာ အမြစ်ဖြတ်ရင် အနည်းဆုံး 3 x DBH ရှိရမယ်။ ဒါပေမဲ့ 5 x DBH ဆို ပိုကောင်းတယ်လို့ ဆိုပါတယ်။  
          TCA Act က TCA ဧရိယာရဲ့အပြင်မှာဆိုရင် state land ဆိုရင် ငြိတယ်။ TCA အတွင်းမှာဆိုရင်တော့ state land ဖြစ်စေ၊ private ဖြစ်ဖြစ်၊ public ဖြစ်ဖြစ် TCA နဲ့ အကြုံးဝင်တယ်။ JTC, HDB စတဲ့ပိုင်ရှင်တွေဟာ အပင်ကို ထိန်းနိုင်ရင် green thum တို့ green mark တို့ရတယ်။ TCA ရဲ့အပြင်မှာလည်း အပင်ခုတ်ခွင့်ပါမစ်တော့ ယူရတယ်။ Town Council, HDB တွေပိုင်တဲ့မြေတွေမှာလည်း ပါမစ်ယူရတယ်။
Anex 5 မှာ အပင် ၉ မျိုးပါတယ်။ ပိန္နဲပင်နှစ်မျိုး၊ အုန်းပင် စတဲ့အပင် ၉ မျိုးကို ခုတ်ခွင့်ရှိတယ်။ အဲဒီအပင် ၉ မျိုးကို NParks က public နေရာတွေနဲ့မသင့်လျော်ဘူးလို့ သတ်မှတ်ထားတယ်။ အုန်းပင်၊ အုန်းသီးကြွေကျရင် လူတွေပေါ်ပြုတ်ကျရင် အန္တရာယ်များတယ်။ နောက်တစ်ခုက မဒရပ်စ်သွန်း (Madrass Thorn) က ဆူးတွေများလို့ ကလေးတွေကို ဆူးစူးနိုင်တယ်။ Maintenance လုပ်တဲ့အခါ အကိုင်းခုတ်ပြီးသိမ်းရင် အလုပ်သမားတွေကို ဆူးစူးနိုင်တယ်။ ပိန္နဲပင်ကလည်း အသီးသီးပြီးကြွေကျရင် ညစ်ပတ်တယ်။ Albizia က အရည်ကို အရမ်း စုတ်တယ်။ ရေစုတ်တော့ သဘာဝအလျောက် သူ့မှာ အမြစ်အများကြီးမလိုတော့ အပင်လဲနိုင်တဲ့ အန္တရာယ်ရှိတယ်။ အဲဒီလို public safety မဖြစ်တဲ့အပင်တွေဆို ခုတ်ခွင့်ရှိတယ်။ ဒါပေမဲ့ ပါမစ်တော့ ယူရသေးတယ်။
          အဆောက်အဦတစ်ခုဆောက်တော့မယ်၊ အပင်ခုတ်တော့မယ်ဆိုရင် ပထမဦးဆုံး အပင်ရဲ့ health ကိုစစ်ရတယ်။ အပင် ကျန်းမာရေးကောင်းမကောင်း၊ ကျန်းမာရေးမကောင်းရင် သူ့ကျန်းမာရေးကို improve လုပ်လို့ ရမရစစ်ရတယ်။ physical health က Good, Average, Poor စစ်ပေးရတယ်။ နောက်ပြီး structural defect, အမြစ်တွေ ပုပ်နေလား။ ပင်စည်၊ အကိုင်းတွေမှာ defect ရှိသလား။ ပင်စည် လဲနိုင်သလား။ ကိုင်းကျိုးနိုင်သလား။ ကိုင်းသေ၊ ကိုင်းခြောက်တွေများသလား။ ပင်စည်မှာ decay ဖြစ်နေရင် အထဲကို ဘယ်လောက်ထိ ပြန့်နေသလဲ။ အဲဒီလို အပင်ရဲ့ defect တွေတွေ့ပြီဆိုရင် construction constraints တွေဆီမရောက်တော့ဘူး။ အဲဒီမှာတင် ဒီအပင်ကို ဆက်ထားသင့်မထားသင့် ဆုံးဖြတ်ရတယ်။ decay မှာလည်း မျက်စိနဲ့ကြည့်လို့ သိသာတာရှိတယ်။ ဒီ decay ဟာ အန္တရာယ်ရှိသလား။ မရှိဘူးလား။ အဲဒါကို စစ်ဘို့ Resistograph နဲ့ Tomograph နဲ့စစ်တယ်။
          ဒီနေရာမှာ tree health နဲ့ structure ဟာ ပတ်သက်မှုမရှိဘူး။ ဒေါက်တာ Claus Maltheck က အပင်ကို ရေပိုက်နဲ့ နှိုင်းယှဉ် တယ်။ ရေပိုက်က transport က အထဲမှာ။ support ကအပြင်မှာ။ အပြင်က support ပိုက်ကွဲသွားရင် ရေတွေ အပြင်ကိုထွက်တယ်။ အပင်ကျ ပြောင်းပြန်။ အပင်ရဲ့ transportation က အပြင်မှာ။ support ကအထဲမှာ။ အခေါက်နဲ့အသား အမာကြားထဲမှာ အကြမ်းအားဖြင့် အလွှာ ၃ လွှာရှိတယ်။ ၃ လွှာရဲ့ အလယ်လွှာက cambium ။ Xylem က အောက်ကရေကို စုပ်ပြီး အပေါ်ကိုတင်ပေးတယ်။ Phloem က ချက်ပြီးသားဟာတွေကို ပို့ပေးတယ်။ အထဲမှာ အနာဖြစ်ပြီးလှိုက်ပုပ်နေပေမဲ့လည်း အပြင်ကအခေါက်က ကောင်းနေသေးရင် အပင်မသေနိုင်ဘူး။ အရွက်တွေ ကောင်းကောင်းထွက်တယ်။ အဲဒီအခါ ဒီအပင်ဟာ အပေါ်ကအလေးချိန်ကို မခံနိုင်တော့ဘဲ လဲနိုင်တယ်။ အဲဒီအခါ အပင်ရဲ့ structural stability ကျသွားကြောင်း ကျွန်တော်တို့က ရေးတင်ရတယ်။ Resistograph နဲ့ Tomograph တွေရဲ့ result တွေကိုလည်း ဖတ်တတ်ရတယ်။
          အပင်ကို ဖောက်တဲ့အခါ ကောင်းတဲ့နေရာကို reference ယူဘို့လို့အရင်ဖောက်ရတယ်။ ဒီဂရပ်က တက်လာတယ်။ နောက်ပြီး တန်းလာတယ်။ နောက်ပြီး ရုတ်တရက် ကျသွားတယ်။ ကျပြီး ရုတ်တရက်ပြန်တက်လာတယ်။ အလယ်လောက်မှာ အောက်ဆုံးထိမကျဘဲ ဂရပ်က smooth ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အခေါင်းထဲကို သံချောင်းက ၀င်သွားပေမဲ့ အသားကောင်းထဲမှာ ညှစ်ထားတဲ့ resistance force ရှိနေတော့ အောက်ကိုကျမသွားဘဲ အလယ်မှာတင်ခံနေတာ။ အဲဒါကို ကောင်းကောင်းနားလည်ထားဘို့လိုတယ်။ ဒါလဲ ကိုယ့်ဟာကိုယ်လဲလေ့လာ။ နားလည်တတ်ကျွမ်းတဲ့သူနဲ့လည်း တွဲလုပ်ရင်းနဲ့ မှ ဒါတွေသိလာရတာ။ Arborist သင်တန်းတစ်ခုထဲနဲ့ မလုံလောက်ဘူး။
          နောက်ပြီး ဒါတွေကို NParks ကိုရေးတင်ရတယ်။ Particular cross section တစ်ခုမှာ decay က ၃၀% ထက်ပိုနေရင် လဲနိုင် တယ်။ ကောင်းတဲ့အသားဟာ အနည်းဆုံး ၇၀%ထက်ပိုနေရမယ်။ Resistograph မီတာကလည်း ငှားသုံးရတယ်။ ငှားရင် အနည်းဆုံး ၃ ရက် ငှားရတယ်။ တစ်ခါငှားရင် ၄၃၀ ပေးရတယ်။ ဒီ ၃ ရက်အတွင်းတော့ တစ်ပင်ထဲပဲ ဖောက်ဖောက်၊ ဘယ်နှပင် ဖောက်ဖောက်၊ ကြိုက်သလောက် ဖောက်လို့ရတယ်။
          Tomograph ကတော့ သူတို့လာတိုင်းပေးတယ်။ အပင်တစ်ပင်ကို ground level ကနေ ပုခုံးလောက်ထိ၊ ၃ နေရာထိ တိုင်းခိုင်းလို့ ရတယ်။ အဲဒီလို ၃ နေရာစမ်းပေးတာကို ၁၈၅၀ ယူတယ်။ တစ်ပင်ထဲကို။ Tomograph က sound wave နဲ့တိုင်းတာ။ ပထမ အပင်ကို သံနဲ့ ရိုက်တယ်။ ပြီးတော့ အသံလှိုင်းတွေ လွှတ်လိုက်တယ်။ တစ်ချောင်းက emission, နောက်သံချောင်းတွေက receiver ။ အဲဒီလို အသံလှိုင်း တွေ လွှတ်လိုက်တဲ့အခါ sound wave က အသားကောင်းရင် မြန်မယ်။ အသားပွရင်နှေးမယ်။ အခေါင်းဆို ပိုနှေးသွားတယ်။ အဲဒီအပေါ် မူတည်ပြီး diagram က အစိမ်း၊ အပြာ၊ အနီ၊ အနက် စသဖြင့် အရောင်နဲ့ထွက်လာတယ်။ အပြာဆိုရင်တော့ အခေါင်း။ အစိမ်းနဲ့ ခရမ်းရောင် က suspect, အညိုနဲ့အနက်က အသားကောင်း။ ဒါပေမဲ့ သူက ဘာမှဆုံးဖြတ်မပေးဘူး။
          ဆရာဝန်နဲ့ ဓါတ်မှန်ဆရာဝန်လိုပဲ။ ဒီဂရပ်ကို သူကပေးရုံပေးသွားတာ။ ကောင်းတယ်မကောင်းဘူး။ ဘယ်နှရာနှုန်းဆိုတာကို ကျတော့ Arborist က ဆုံးဖြတ်ပေးရတယ်။ ဒီမီတာကိုတော့ သိပ်အရေးကြီးတဲ့အခါမှသုံးတယ်။ ကျွန်တော်တို့က သုံးဘို့ recommend ပေးရတယ်။ ဒီအပင်မှာ အခေါင်းတွေ့တယ်။ ဒါကို Resistograph သုံးပါ။ ဒါမှမဟုတ် Tomograph သုံးပါလို့ ပြောရတယ်။ တကယ်လို့ ပိုင်ရှင်က ကပ်စေးနဲတယ်။ ပိုက်ဆံအကုန်မခံချင်လို့ မစစ်ချင်ဘူးဆိုရင် အပင်လဲခဲ့ရင် သူ့ကြောင့်။ ကျွန်တော်တို့က safe ဖြစ်ပါတယ်။ မဖြစ်ဘူး မပြောဘူး။ စက်နဲ့စမ်းဘို့ပဲ ပြောတာ။ အပင်သေးရင်တော့ Resistograph နဲ့ရတယ်။ ဒါပေမဲ့ လုံးပတ်ကြီးရင်တော့ Tomograph နဲ့ပဲကောင်းတယ်။
          ချုပ်လိုက်ရင် ရည်ရွယ်ချက်က အပင်ကို ခုတ်ဘို့လိုမလို စမ်းသပ်တာပဲ။ နောက်တစ်ခု။
          အမြစ်ဖြတ်ဘို့လိုသလား။ ဖြတ်ဘို့လိုတယ်ဆိုရင် mitigation measures လုပ်ပေးရတယ်။ ဒီအတိုင်းဖြတ်လိုက်လို့မရဘူး။ ဥပမာ လူကောင်းတစ်ယောက်အနေနဲ့ ပုံမှန်စားတယ်၊ သွားတယ်၊ လာတယ်။ ဘာ mitigation measures မှ လုပ်စရာ မလိုဘူး။ ဒါပေမဲ့ အဲဒီလူ အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ခံရတော့မယ်ဆိုရင် mitigation measures လုပ်ရတော့မယ်။ ခွဲတဲ့ဒဏ်ခံနိုင်အောင် တစ်နေ့ကို ဆေးသုံးခါ သောက်ရမယ်တို့။ သွေးစစ်ရမယ်။ ဆီးဝမ်းစစ်ရမယ် စသဖြင့်။ အဲဒါတွေ အားလုံးဟာ mitigation measures တွေ။ ဘယ်သူမှတော့ ဗိုက်မခွဲချင်ဘူး။ ဒါပေမဲ့ လိုအပ်လို့ခွဲရမယ်။ ခွဲတာနဲ့တပြိုင်နက် mitigation measures တွေပါလာတယ်။ ပက်လက်လှန်နေရမယ်။ ဆန်ပြုတ်ပဲသောက်ရမယ်။ ဘာဆေးတွေ သောက်ရမယ်။ ဘာဆေးတွေ ထိုးရမယ်။ စသဖြင့်ပေါ့။
          ဒီလိုပဲ အပင်တစ်ပင်ကို အမြစ်ဖြတ်ရတော့မယ်ဆိုရင် mitigation measures လုပ်ရတော့မယ်။ mitigation measures ရဲ့ basic principle ကတော့ ဒီဘက်ကအမြစ်တစ်ခုဖြတ်တော့မယ်ဆိုရင် မဖြတ်တဲ့နေရာမှာ အမြစ်တွေ ပိုထွက်လာအောင် vertical trenching တွေ soil injection တွေ လုပ်ပေးရတယ်။  vertical trenching ဆိုတာက တိုင်ကျင်းတူးသလို 100mm လောက်အမြစ်ကို မထိအောင်တူးပြီး အရိုးမှုန့်၊ ငါးကန်ကထွက်တဲ့ မြေသြဇာ စသဖြင့် အမြစ်ကိုအားပေးတဲ့ဟာတွေကို ၃ လ တစ်ခါဖြည့်ဖြည့်ပေးတယ်။ တစ်နှစ်လောက် ကြာအောင် ဖြည့်ပေးရတယ်။ အဲဒီအခါ အမြစ်တွေပွားလာတယ်။
          ကျန်းမာရေးကောင်းနေတဲ့ မြေကြီးတစ်ခုဟာ သူ့မှာ ပါသင့်ပါထိုက်တာတွေပါတယ်။ ပွားများသင့်ပွားများထိုက်တဲ့ ဘက်တီးရီးယား တွေ၊ တီကောင်တွေအသက်ရှင်ဘို့ ပွားများဘို့ သြဇာဓါတ်တွေ အကုန်ပါတယ်။ ပြည့်ဝနေတယ်။ တစ်ခုနဲ့တစ်ခု အမှီသဟဲ ပြုနေတာ။ soil web လို့ခေါ်တယ်။


မြေကြီးထဲမှာက ဘက်တီးရီးယားတို့၊ တီကောင်၊ ပုရွက်ဆိတ်တို့ရှိတယ်။ အမြစ်ကိုအားပေးတဲ့မှို စတာတွေပွားများလာအောင် လုပ်ပေးတာ။ ဒါက vertical trenching. နောက်တစ်ခုက soil injection. Bio simulam, Liquid gipsum, humid acid, high EC molesses ဆိုတာ ပျားရည်လိုဟာမျိုး။ အဲဒါတွေကို ရေထဲမှာ 1:100 volume နဲ့ရောတယ်။ နောက်ပြီး မြေကြီးထဲကို high pressure နဲ့ထိုးထည့်။ မြေကြီး အကျစ်အမာကိုလည်းတိုင်းကြည့်ရတယ်။ အဲဒါကို psi နဲ့ပြတယ်။ မြေကြီးကျစ်နှုန်းက 500 psi ထက်ကျော်နေရင် soil injection လုပ်ရတယ်။ လုပ်ပြီးထပ်တိုင်းကြည့် 400, မရသေးဘူး။ ထပ်လုပ်ထပ်တိုင်း 300psi, နောက်ဆုံးစိတ်ကြိုက်ရတဲ့ထိ လုပ်ရတယ်။ မြေကြီးကျစ်နေရင် လေအ၀င်အထွက်မလုပ်နိုင်ဘူး။ မြေကြီးထဲမှာ လေမရှိရင် အမြစ်က လေမရဘူး။ အသက်ရှူလို့မရရင် လေမရရင် အစာနဲ့ ရေကိုစုပ်ဘို့ အားမရှိဘူး။
          လမုပင်တို့၊ စပါးပင်တို့လို aquatic plant တွေကျ တစ်မျိုး။ ရေ၀ပ်နေလဲရတယ်။ လမုပင်အမြစ်မှာ အပေါ်ကို ထောင်နေတာ လေးတွေရှိတယ်။ အဲဒါက လေကိုရှူတဲ့ အမြစ်ကလေးတွေ။ သူကရေ၀ပ်လဲကိစ္စမရှိဘူး။ ရေငုပ်သမားတွေ ပါးစပ်မှာပိုက်စွပ်ပြီး ရေမျက်နှာပြင် ပေါ် ဖော်ထားသလိုမျိုး။ လမုပင်က။ ဒါပေမဲ့ ကုက္ကိုပင်မျိုးကျတော့ ရေ၀ပ်ပြီဆိုရင် ရေငတ်လက္ခဏာပြတယ်။ အောက်ဆီဂျင်မရလို့။
          မြေကြီးကျစ်ရင်လည်း ဒီလိုပဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကားတွေက ဘိလပ်မြေအိတ်တွေလာချတယ်။ ဘယ်မှာထားလဲ။ သစ်ပင်ရင်းမှာထားလိုက်။ နောက်သံချောင်းတွေ၊ အုတ်တွေ၊ သွပ်တွေလာလည်း အပင်ရင်းမှာထား။ ဒီတော့ မြေကြီးရဲ့အပေါ်ယံအလွှာက ကျစ်သွားတယ်။ အမြစ်က ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က လေထဲကို မထွက်နိုင်တော့ဘူး။ အမြစ်ကလိုတဲ့ အောက်ဆီဂျင်လဲ လေထဲက မ၀င်နိုင်တော့ဘူး။
          သဘာဝအားဖြင့်တော့ အမြစ်က မြေကြီးထဲက အောက်ဆီဂျင်ကိုရှူတယ်။ ဒီတော့ မြေကြီးထဲမှာ အောက်ဆီဂျင်နည်း သွားတယ်။ အဲဒီအခါ မြေပေါ်၊ လေထဲမှာရှိတဲ့အောက်ဆီဂျင် မြေကြီးထဲဝင်လာတယ်။ ဒါပေမဲ့ မြေကြီးအပေါ်လွှာ ကျစ်သွားရင် အောက်ဆီဂျင် မ၀င်နိုင် တော့ဘူး။ တဖြည်းဖြည်းအမြစ်က suffocate ဖြစ်သွားတယ်။ အသက်ရှူကျပ်လာတယ်။ အပင်က ကြည့်ရင်းကြည့်ရင်း အရွက်တွေ စကြွေလာတယ်။ အပင်ကြီးရင် ဒီလက္ခဏာချက်ချင်းမပြဘူး။ ၈ လ၊ တစ်နှစ်လောက်နေမှ ပြတယ်။ အပင်ကြီးတော့ ခံနိုင်ရည်ရှိတာကိုး။
          အားလုံးဆောက်လုပ်ပြီးစီးသွားတော့ မြက်တွေဘာတွေစိုက်ပြီး ပြန်သွားတယ်။ ဒီအပင်က အကောင်း၊ ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ၈ လ လောက်ကြာတော့ အရွက်တွေ ၀ါလာပြီ။ ၁ နှစ်လောက်ကြာတော့ အရွက်တွေစကြွေတယ်။ နောက်ထပ် တစ်လလောက်လဲနေရော အပင်ပေါ်မှာ တစ်ရွက်မှ မကျန်တော့ဘူး။
          ဒါကို Arborist က သိတယ်။ မြေကြီးကိုတိုင်းကြည့်လိုက်တော့ 100mm လောက်မှာ 600psi လောက်ပြနေတယ်။ ဒီတော့ Arborist ကမေးတယ်။ မင်းဒီနားမှာ အရင်က excavator တွေနင်းထားသလား။ (မနင်းပါဘူး။ ငါ့အလုပ်သမားတွေ ပြောတယ်ကွ။ ပြီးခဲ့တဲ့ ၁ လလောက်က မိုးကြိုးပစ်တာတွေ့တယ်တဲ့။) အမှန်က မိုးကြိုးပစ်တာ အသိသာကြီး။ Arborist က သိတယ်။ မိုးကြိုးပစ်ရင် အပေါ်ကနေအောက်ကို အကွဲရာကြီးက စာရွက်ပေါ်မှာ ဘောပင်နဲ့ခြစ်ထားသလို ထင်ထင်ရှားရှား မြင်ရတယ်။ ဟို့ အပေါ်ကနေ အောက်ထိ တောက်လျှောက် ကွဲကျနေတာ။ ဒါ ဒီကောင်တွေ သက်သက်ညာတာ။ ဒါကြောင့်လည်း NParks က Arborist ခေါ်ခိုင်းတာ။
          တကယ်လို့သူတို့ Arborist သာခေါ်ရင် Arborist က ဘာပြောမလဲ။ အပင်ရဲ့ပတ်ပတ်လည် ၅ မီတာအတွင်း လူအားနဲ့လုပ်။ excavator မလာစေနဲ့။ ၅ မီတာရဲ့အပြင်ဘက်မှာ လုပ်ချင်တာလုပ်။ အဲတော့ construction site မှာ ဘာပေါ်လာသလဲဆိုတော့ Tree Protection Zone (TPZ) ဆိုတာပေါ်လာတယ်။ NParks ရဲ့ guideline ရှိသလို Arborist ကလည်း determine လုပ်ရတယ်။ အပင်ရဲ့ ၅ မီတာအကွာမှာ ထားမလား။ ၃ မီတာအကွာမှာထားမလား။ တစ်ခါတလေ အပင်ရဲ့အနောက်ဘက် ၂ မီတာအကွာမှာ မဖြစ်မနေလုပ်ရမယ် ဆိုရင် ကိစ္စမရှိဘူး။ အပင်ရဲ့အရှေ့ဘက် ၅ မီတာ ခွါထားလိုက်လိုက်။ Footing ကို localize footing လုပ်ထား။ localize ဆိုတာ ဟိုမှာတစ်ခု၊ ဒီမှာတစ်ခုထားတာ။ အဲဒီ footing ရဲ့ location ကို Arborist က determine လုပ်တယ်။ ကိုယ်က အရင် footing plan ဆွဲထား။ အဲဒီ footing plan ကိုကြည့်ပြီး Arborist က trial trench တူးခိုင်းမယ်။ တူးကြည့်လို့မလွတ်ဘူးဆိုရင်ရွှေ့။ Footing ကလည်းမလွတ်ဘူး။ အရေးလည်းကြီးတယ်ဆိုရင် ဒီအမြစ်ကို ကွန်ကရစ်ထဲတခါတည်း ထည့်သာလောင်းခိုင်းလိုက်။ အမြစ်ကို ဖြတ်မပစ်နဲ့။ ဒါဆို ဘာဖြင့် ကွန်ကရစ်ထဲ ထည့်လောင်းရတာလဲ တဲ့။ ဒါ အဓိပ္ပါယ်ရှိတယ်။
          ကွန်ကရစ်ထဲထည့်လောင်းလိုက်တော့ အမြစ်က သေသွားတယ်။ ဒါပေမဲ့ ချက်ချင်း ပုပ်သွားဆွေးသွားတာ မဟုတ်ဘူး။ ဒီ ကုလားထိုင်တွေ၊ စားပွဲတွေ ဘာလို့သုံးရနေသလဲ။ သစ်ပင်သေသွားတာမှန်ပေမဲ့ ပျက်စီးသွားတာမဟုတ်ဘူး။ ဒါကြောင့် မာနေတယ်။ ပုပ်သွား၊ ဆွေးသွားမှ ပျက်စီးသွားတာ။ အထဲကအမြစ်မပုပ်ခင် ကွန်ကရစ်သားအပြင်မှာရှိနေတဲ့ အမြစ်ကနေ အမြစ်သစ်တွေ ထပ်ထွက် လာတယ်။
          နောက်တစ်ခါ အမြစ်အားလျော့သွားတော့ အပင်ရဲ့ crown, canopy ရဲ့ weight ကို လျှော့ချရတယ်။ အကိုင်းတွေ ဖြတ်ပစ်ရတယ်။ DBH ရဲ့အကွာအဝေးနဲ့တွက်တယ်။ အပင်က NParks ပိုင်တဲ့အပင်ဖြစ်နေရင် TCA လိုပဲလုပ်ရတယ်။ တခါတလေကျတော့ ခုတ်လိုက်တဲ့ အပင်ကို အစားထိုးပြန်စိုက်ပေးရတာလဲရှိတယ်။ အပင်သိပ်ကြီးရင်တော့ အစားထိုးလို့ မရဘူးပေါ့။ အဲဒီ report တွေကို NParks ကို တင်ရတယ်။ တင်ပြီးတော့ NParks ကိုလှမ်းဖုံးဆက်တယ်။ NParks ကလည်း  ဖုံးနဲ့ပြန်ဖြေတယ်။ အမြစ်ဖြတ်လို့ရပြီ။ ခွင့်ပြုတယ်။ ဆိုတော့ ကန်ထရိုက်တာက Arborist ကိုအကြောင်းကြားတယ်။
ဟာ၊ မစ္စတာတင်၊ NParks ကလက်ခံတယ်။ အမြစ်ဖြတ်လို့ရပြီ။ ဆိုတော့ ကျွန်တော်က သူတို့ပါးစပ်နဲ့ပြောတာကို လက်မခံနိုင်ဘူး။ WD (Written Direction) ပေးပါ။ NParks က ပါးစပ်နဲ့ အိုကေဆိုတာကို ကျွန်တော်တို့လက်မခံနိုင်ဘူး။ မင်းတို့ အမြစ်ဖြတ်မဲ့ ကန်ထရိုက်တာ ကို ဘယ်နေ့ချိန်းလိုက်ပါ။ ဒါပေမဲ့ NParks က WD ရအောင်တောင်းပါ။ WD ရပြီဆိုတော့မှ ငါလာမယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေကို ယုံလို့မရဘူး။ သူတို့အလုပ်ပြီးချင်လို့ ညာတာဖြစ်ချင်ဖြစ်မယ်။ ဒါ တစ်ချက်။ နောက်တစ်ချက် က NParks ကတော့ ရတယ်လို့ ပြောလိုက် တာပဲ။ ပါးစပ်နဲ့။ ကိုယ်က သူတို့ကိုယုံကိုးပြီး ဖြတ်ချလိုက်ရော။ ပြီးတော့မှ လာကြည့်တယ်။ ဟကောင်တွေ၊ ဒါ ဘာဖြစ်လို့ဖြတ်တာလဲ။ မင်းတို့ မရဘူးနော်။ ဟာ၊ ငါမင်းတို့ အိုကေပြောလို့ဖြတ်တာပဲ။ ဘယ်မှာပြောလို့လဲ လို့ သူတို့က ငြင်းရင်သေပြီ။ ပြဿနာတက်မယ်။ ကိုယ့်ဆီအတင်းထိုးချမယ်။
          ဒီတော့ ကျွန်တော်က NParks ကပို့တဲ့ WD ကိုမြင်မှ သွားတယ်။ မဟုတ်လို့ကတော့ မသွားဘူး။ အဲဒီလောက် အရေးကြီးတယ်။ အပင်ကို pruning လုပ်မယ်ဆိုရင်လည်း NParks က WD ယူရတယ်။ အပင်ကို ထိတာမှန်သမျှ ခွင့်ပြုချက်လိုတယ်။ အပင်ကိုဖြတ်တော့မယ် ဆိုရင်လည်း ဘယ်အကိုင်းကိုဖြတ်ပါမယ်ဆိုတာ အသေးစိတ် ဆွဲပြီးတင်ရတယ်။ Pruning လုပ်တာနှစ်မျိုးရှိတယ်။ တစ်ခုက construction မှာ အဆောက်အအုံနဲ့မလွတ်လို့ဖြတ်ရတာ။ နောက်တစ်ခုက အမြစ်ကို ဖြတ်လိုက်လို့ crown, canopy weight လျော့သွားအောင် ဖြတ်ပေး ရတာရှိတယ်။ canopy ပေါ်မှာတွန်းတဲ့လေရဲ့တွန်းတဲ့အားကို အောက်က အမြစ်ရဲ့ anchorage ခံနိုင်ပ့ါမလားဆိုတာ ဘယ်သူသိသလဲ ဆိုတော့ အပင်ကသိတယ်။
          ဒါတွေသိထားဘို့ စာများများဖတ်ရတယ်။ တစ်အုပ်ကောင်းနဲ့ လုပ်စားလို့မရဘူး။
          Market ထဲမှာ Report မကောင်းရင် ကြာကြာလုပ်စားလို့မရတော့ဘူး။ တစ်ယောက်ကပြောတယ်။ ဟာ ဒီအပင်က ဘာမှ အရေးမကြီးပါဘူးကွာ။ တော်ရုံတန်ရုံရေးတင်ရုံနဲ့ရပါတယ်။ ၅၀၀ ပဲထားပါ ပေါ့။ ကျွန်တော်က လူကိုခင်လို့ ဈေးလျှော့ယူတာ ဖြစ်ချင်ဖြစ်မယ်။ report ကိုတော့လျှော့ရေးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ report က သူတို့ဆီမှာတင် ရပ်နေမှာမဟုတ်ဘူး။ NParks ကိုသွားမှာ။ ဖြစ်ကတတ်ဆန်းရေးလိုက်ရင် ဟာ၊ ဒီကောင် ဘယ်လိုလုပ်လာတာလဲ။ ဘာမှလည်းမပါဘူး ဆိုရင် နာမည်ပျက်ပြီ။ အဲဒီအတွက် ကျွန်တော် တန်ရာတန်ကြေးရမှ လုပ်တယ်။ လုပ်တယ်ဆိုရင်လည်း သေသေချာချာလုပ်ပေးတယ်။ ကျွန်တော့ standard ကိုတော့ မလျှော့နိုင်ဘူး။
          နောက်ပြီး Obstruction ဆိုတာက ဆိုင်းဘုတ်တွေကို ကွယ်နေတာ။ လမ်းဘေးမှာ အပင်ပေါက်နေလို့ တစ်ဖက်ကလာတဲ့ကားကို မမြင်နိုင်တာ စသဖြင့်ပေါ့။ Lean ဆိုတာကအပင်တစ်ဖက်ကို စောင်းနေတာ။ ဒီလိုစောင်းနေရင် ဒါ natural လား၊ unnatural လား။ Natural ဆိုတာက အပင်က လိုတဲ့နေရောင်ရအောင်တို့ဘာတို့ သူ့ဘာသာသူ စောင်းတာ။ unnatural ဆိုတာက မြေပျော့လို့ စောင်းတာမျိုး။ Self corrected ဆိုတာက အပင်စောင်းသွားပြီး သူ့ဟာသူပြန်တည့်သွားတာ။ အပင်စောင်းပြီဆိုတာနဲ့ အမြစ်တွေ ကျိုးသွားသလား။ မြေကြီး အက်သွားသလား ကြည့်ရတယ်။
          တခါတော့ Bedok က အင်တာချိန်းကိုပြင်ဘို့ရှိတော့ ဒီဘက်မှာ ယာယီအင်တာချိန်းလုပ်တယ်။ အပင်ကြီးတွေက အကြီးကြီးတွေ။ အမြစ်ကြီးတွေက လျှောက်သွားနေတာ။ ဒီတော့ သူတို့ Arborist တစ်ယောက်ကိုငှားတယ်။ အဲဒီ Arborist က သူတို့ကို အမြစ်ကို မဖြတ်ခိုင်း ဘဲ အမြစ်ပေါ်ကနေ cantilever လုပ်ခိုင်းပြီး ကြမ်းခင်းလုပ်ခိုင်းတယ်။ သံချောင်းတွေထည့်၊ ကွန်ကရစ်လောင်းနဲ့ ပိုက်ဆံအများကြီး အကုန်ခံ လုပ်ထားတာ။ ဒါပေမဲ့ လမ်းဘက်က ရေမြောင်းလုပ်တဲ့ ကန်ထရိုက်တာက anyhow ရမ်းတူးချလိုက်တာ အမြစ်တွေ ပြတ်ကုန်ရော။ ဒီတော့ သူတို့ ကျွန်တော့်ကိုလှမ်းခေါ်တယ်။
          အမြစ်ဖြတ်ချင်ရင် ဘာလုပ်ရမလဲတဲ့ မေးတယ်။ ကျွန်တော်ကသိလိုက်ပြီ။ ဒီကောင်တွေ ဖြတ်ပြီးမှ ကျွန်တော်တို့ကိုခေါ်တယ် ဆိုတာ။ မစ္စတာအန်း၊ မင်းဘာလုပ်ချင်တာလဲ မေးတော့ ငါ အမြစ်ဖြတ်ချင်တာလေကွာ တဲ့။ ဒီကောင်တွေ ညာတာ။ သူက client, ကျွန်တော်တို့က service provider ဆိုတော့ ဒီကောင်တွေက လေသံမာတယ်။ အမြစ်ဖြတ်ချင်ရင် assessment အလျင်လုပ်ရတယ် လို့ ပြောတော့ ဘာ assessment လဲတဲ့။ ကျွန်တော့် assistant က စိတ်မရှည်တော့ဘူး။ ဟေ့ကောင်၊ မင်းဖြတ်ပြီးပြီလား မဖြတ်ရသေးဘူးလား။ ငါ့ကို အမှန်အတိုင်းပြော ဆိုတော့မှ ဖြတ်ပြီးပြီတဲ့။ ဒီတော့ -
ကိုင်း - ဟေ့ကောင်၊ မင်းဖြတ်ပြီးပြီဆိုရင် နံပါတ် ၁။ လုပ်လက်စအလုပ်ကို ရပ်လိုက်ပါ။ နံပါတ် ၂။ အာခီတက်ကိုခေါ် ဓါတ်ပုံရိုက်၊ NParks ကိုစာတင်။ နံပါတ် ၃။ မင်းပိုက်ဆံစုထား၊ ဒါသေချာပေါက် ဒဏ်ရိုက်ခံရမယ် ဆိုချရောဗျို့။ ဟိုကောင်က ဒေါကန်နေတာကိုး။
          တူးတာတွေကို တာလပတ်အုပ်ထားတယ်။ အမြစ်ကြီးတစ်ခုက မီတာဝက်လောက်ရှိတယ်။ သွားပြီ။ ဒါ ဒီတစ်မြစ်ထဲ ရှိသေးတာ။ ကျန်တဲ့အမြစ်တွေရှိသေးတယ်။ ဒီကောင်တွေ မလွယ်ဘူး။
          စိုက်ပျိုးရေးသမားဆို သိတယ်။ အပင်မှာ အုပ်စု ၂ မျိုးရှိတယ်။ Angiosperms နဲ့ Gymnosperms ။ Angiosperms က သူ့ရဲ့ structure က tension ပေါ်မူတည်တယ်။ Gymnosperms ကျတော့ compression ပေါ်မူတည်တယ်။ ဒီအပင်က ကုက္ကိုပင်။ ကုက္ကိုပင်က Angiosperms ။ အပင်က ညာဘက်ကိုစောင်းနေတာ။ ဖြတ်တာက tension side. ဒီဘက် လမ်းပေါ်ကိုစောင်းနေတာ။ Target rating ကလည်း ဘာမြင့်သလဲ မမေးနဲ့။ ကားတွေဆိုတာ ၀ူးကနဲ။ ၀ူးကနဲဖြတ်မောင်းနေတဲ့နေရာ။ အင်တာချိန်းဆိုတော့ လူတွေရော ကားတွေရော မရပ်မနားမောင်းနေတာ။ အဲဒီတော့ ကျွန်တော်က Derek ကို ဖုံးခေါ်တယ်။ သူက ဟိုဘက်က Arborist ။ စင်ကာပူမှာ အတော်နာမည်ရတဲ့ ပုဂ္ဂိုလ်။ NParks ကလည်း သူ့ကိုလေးစားတယ်။ သူက ဒေါကန်တယ်။ အမြစ်မဖြတ်ရရေးအတွက် ငါ့ကန်ထရိုက်တာတွေက အကုန်အကျ ခံပြီး ကန်တီလီဗာထိုးခိုင်းထားတာ။ ကိုင်း မင်းတို့ ဒဏ်ငွေဆောင်ဘို့သာ ပြင်ထား။ ဖိုင်းက ၅၀၀၀။ compensation က လေးသောင်းခွဲ။ ငါးသောင်းပေးရမယ်။ ဒီအပင်ကို ခုတ်ကိုခုတ်ရမယ်။
          ကျွန်တော့်ဘက်ကလည်း ခေါင်းမာလို့မရဘူးလေ။ ဒီအပင် ထားလို့ကိုမဖြစ်ဘူး။ ခုတ်ကိုခုတ်ရမယ်။ မခုတ်ရင် အိပ်လို့ပျော်မှာ မဟုတ်ဘူး။ ဘယ်အချိန်လဲမလဲလို့ ရင်တထိတ်ထိတ်ဖြစ်နေရမှာ။ လဲကျလို့ကတော့ သေပြီ။ လမ်းပေါ်မှာက ကားတွေ လူတွေ ဥဒဟို သွားနေတာလေ။
          ဒီတော့ ကျွန်တော့် assistant က Ang ကိုဟောက်တယ်။ မင်းတို့ငါ့ကိုဘာလို့ခေါ်တာလဲ။ တရားရုံးသက်သေလိုက်ရအောင် ခေါ်တာလားလို့ ဟောက်ရော။ ခုနက သူက ကျွန်တော်တို့ကို ဟောက်ထားတာကိုး။ မင်း 5 digit ပေးရမယ်ဆိုတာ နားလည်ရဲ့လား လို့ပြောလိုက်တယ်။ NParks ကလည်း မင်း၊ ဒါ ငါတို့ရဲ့ authority ကို ချဲလင်းလုပ်တာ။ အပင်က သာမန်အပင်မဟုတ်ဘူး။ ဒါ heritage tree။ Bedok ဧရိယာကိုသွားကြည့်စမ်းပါ။ Girth size – 3.0 m လောက်ကြီးတဲ့ ကုက္ကိုပင်ကြီးတွေ အများကြီးပဲ။ အဲဒီ အပင်တွေဟာ heritage tree တွေ။ သွားမထိနဲ့။ အဲဒါ ဘိုးအေခေါင်းကို ဒါးနဲ့ခုတ်သလိုဘဲ။ အရမ်းအရေးကြီးတယ်။   
          ဒါကြောင့်မို့ စင်ကာပူမှာ လုပ်ရင်းကိုင်ရင်း အပင်တစ်ပင်တွေ့ရင် သဘောပေါက်။ Arborist ကို အရင်ခေါ်ရတယ်။ အဲဒါကို အာခီတက်တွေက သိတယ်။ Orchard မှာရေကြီးတယ်။ Bukit Timah canal ကို improve လုပ်တယ်။ အဲဒီအခါ တချို့အပင်တွေကို မဖြစ်မနေခုတ်ရတယ်။ အဲဒါက National Project ။ အဲဒီကျတော့ စည်းဝေးပွဲခန်းထဲမှာ PUB နဲ့ NParks နဲ့ အကြီးအကျယ် စကားများရော။ ဘယ်သူမှမလျှော့ဘူး။ ဒီဘက်ကလည်း government ။ ဟိုဘက်ကလည်း government ၊ ချကုန်ရော။
          ကျွန်တော်ကတော့ ခုတ်ရမယ်လို့ပြောရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အမြစ်တွေဖြတ်ပစ်တာကိုး။ မခုတ်ရင် အကုန်လဲကုန်မှာ။ ဒုက္ခရောက်မယ်။ အဲဒီမှာ NParks က တကယ့် ၀ါရင့် Arborist ဆရာကြီးတွေလာတယ်။ ကျွန်တော့် client က ပြောတယ်။ ဟာမစ်လာမယ်တဲ့။ ကျွန်တော်က ဟာမစ်လာရင်ရပြီ။ မပူနဲ့။ ငါဘာဖြစ်လို့ခုတ်ခိုင်းတာလဲဆိုတာ သူနားလည်တယ်။ Parks and Trees Regulatory Section က ပုဂ္ဂိုလ်တွေက မခုတ်ဘို့ပဲပြောနေတာ။ တော်ကြာကျတော့ ဟာမစ် နေမကောင်းလို့မလာနိုင်ဘူး။ သူ့အထက်က Mr. Tee Swee Ping လာမယ်။ ကျွန်တော်က ပိုတောင်ကြိုက်သေးတယ်။ လာပစေ။
          နောက် Mr. Tee Swee Ping ရောက်လာတယ်။ ကျွန်တော်ကရှင်းပြတယ်။ ဒီလိုဒီလိုရှိတယ်ဆိုတော့ Mr. Tee Swee Ping ကလည်း လက်ခံတယ်။ ဟုတ်တယ်။ ဒီအပင်တွေ ခုတ်မှဖြစ်မယ်။ မဟုတ်ရင် ဒီကောင်လည်း အိပ်လို့ရမှာမဟုတ်ဘူး။ ငါလည်း အိပ်ပျော်မှာ မဟုတ်ဘူး။
          ဒီတော့ ကျွန်တော်က ကျွန်တော့်ကောင်တွေကို Red-White tape သုံးလေးခွေ အဆင်သင့်ဆောင်ပြီး စောင့်ခိုင်းထားတယ်။ နောက်ပြီး ဟေ့ကောင်တွေ Mr. Tee Swee Ping က ဒါခုတ်၊ ဒါခုတ် ဆိုတဲ့အပင်တွေကို တိပ်နဲ့ပတ်ပြီး သေသေချာချာ မှတ်ထား။ သူခုတ်ခိုင်းတဲ့ အပင်အားလုံးခုတ်။
          Mr. Tee Swee Ping က site ထဲဆင်းသွားပြီး ဒါခုတ်၊ ဒါခုတ်၊ ဒါခုတ်ဆိုပြီး လက်ညှိုးထိုးသွားတယ်။ ပြီးပြီ။ ပွဲပြီးသွားပြီ။ ဒီလို ရှင်းမှ ကျွန်တော်လည်း ပိုက်ဆံရမှာ။ နောက်တစ်ခု -
          Kim Tiam Road မှာ ပရောဂျက်တစ်ခုရတယ်။ အဲဒီပရောဂျက်မျက်နှာစာတန်းမှာ ကုက္ကိုပင်ကြီးတွေ တန်းစီနေတယ်။ အပင်တွေကို ကျွန်တော် girth တိုင်းတယ်။ ကျွန်တော်ဖက်လို့မီရင် အဲဒီအပင်ဟာ 1.3 m, ကျွန်တော်ဖက်လို့မမီရင် 1.3m ထက်များတယ်။ အဲဒီ ပရောဂျက်မှာ 1.3m ထက်ကြီးတဲ့အပင်တွေက လေးငါးခြောက်ပင်။ TCA ထဲက state land မှာဆိုရင် အပင်သေရင်၊ လဲကျသေသွားရင် တောင် death certificate ယူရတယ်။ ကျွန်တော်ဝင်သွားတော့ အပင်တွေ ရေ၀ပ်နေတယ်လို့ပြောတော့ မင်းကိုကြည့်ဘို့ခေါ်တာ နောက်က အပင်တွေခေါ်တာ။ ဒါတွေအတွက်တော့မပူနဲ့။ နောက်ကိုသာသွားလို့ ပြောတယ်။ ကျွန်တော်လည်း မပြောတော့ဘူး။ သူတို့ပြောတဲ့ အပင်တွေအတွက်ပဲ Death Certificate ရေးပေးလိုက်တယ်။
          နောက်တစ်နှစ်လောက်ကြာတော့ အဲဒီအပင်ကြီးတွေ အရွက်တွေဝါပြီး ကြွေကျကုန်တယ်။ အပင်ခြေရင်းမှာ ရေ၀ပ်တာ။ သူတို့က site ကထွက်တဲ့ရေတွေ အဲဒီကို မြောင်းသွယ်ချထားတာကိုး။ အပင်တွေသေတော့ သူတို့ခုတ်တယ်။ နောက်ဆုံး ၃ ပင်ပဲကျန်တယ်။ အဲဒီအချိန်မှာ NParks က အဲဒီခြံဖြတ်သွားတော့ အပင်တွေသေနေတာ သွားတွေ့တော့ ကျွန်တော့်ကိုခေါ်တယ်။ ကျန်တဲ့အပင်တွေ ရှင်အောင်လုပ်နိုင်မလား ပေါ့။ ကျွန်တော်က နောက်ဆုံးကျန်တဲ့ အပင်နှစ်ပင်ထဲက ဒီအပင်ကိုတော့ ရာနှုန်းပြည့် အာမခံတယ်။ ဒီအပင်ကတော့ 40% ပဲအာမခံနိုင်မယ်လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ကျွန်တော်ပတ်ကြည့်တယ်။
          ရေမြောင်းမှာက ရေဆင်းဘို့အပေါက်တွေ ဖောက်ပေးထားတာ။ မြေကျစ်နေတော့ ရေမဆင်းနိုင်ဘူး။ ရေ၀ပ်နေတယ်။ အဲဒီနေရာကို ကျွန်တော်က အမြစ်တွေရှောင်ပြီး မြောင်းလေးတွေ လေးငါးမြောင်းတူးတယ်။ အဲဒီ မြောင်းတွေထဲကို မြေဆွေးနဲ့ granite chips တွေထည့်တယ်။ ရေဆင်းအောင်။ အဲဒီမှာ အပင်တွေ ပြန်ရှင်သွားတယ်။
          ဆိုတော့ မိန်းကွန်းက ပိုက်ဆံရှင်းပေးတယ်။ နောက်ပြီး မေးခွန်းတွေလည်း အများကြီးမေးတယ်။ မင်းဒီအပင်တွေ သေသွားရင် ဘယ့်နဲ့လုပ်မလဲတဲ့။ မေးတော့ ကျွန်တော့်သူဌေးက ပြောတယ်။ မင်း ဆေးရုံတက်လို့သေသွားရင် ဆရာဝန်ကမင်းကို ပိုက်ဆံ ပြန်အမ်း သလားတဲ့။ ကျွန်တော့်ကို နာရီဝက်လောက်မေးနေတော့ သူဌေးက တင်းနေပြီ။ အဲဒါကြောင့် သောက်မြင်ကပ်လို့ ၀င်ပြောတာ။ အဲတော့မှ ဟိုကောင် ငြိမ်သွားတော့တယ်။ အဲဒါမျိုးလည်း ကြုံရတယ်။ စိတ်ဝင်စားဘို့လည်း ကောင်းတယ်။






ှစင်ကာပူမှ Heritage Tree များ

ကျေးဇူးတင်ပါသည်။
ဆက်ပါဦးမည်။

No comments: