Sunday, January 20, 2013

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (၅)

၅၊ ၉။ အရေးပေါ်အခြေအနေကို ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်း


            လုပ်ငန်းခွင်အတွင်း အရေးပေါ်အခြေအနေဆိုသည်မှာ ကြိုတင်ခန့်မှန်းလို့ရသည်မဟုတ်။ အရေးပေါ်အခြေအနေ သည် သင့်လုပ်သားများ၊ ဖောက်သည်များ၊ လုပ်သားပြည်သူများအား ခြိမ်းခြောက်နေသည်။ သင့်လုပ်ငန်းအား ရပ်တန့်သွား စေသည်။ ပျက်စီးဆုံးရှုံးခြင်း၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်ခြင်းများ ဖြစ်စေနိုင်သည်။

            အရေးပေါ်ဟူရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်နိုင်သလို လူတို့၏ ပယောဂကြောင့်လည်း ဖြစ်စေနိုင် ပေသည်။ ထိုအထဲတွင် အောက်ပါတို့ (သို့သော် ကန့်သတ်ချက်မရှိ) ပါဝင်သည်။


v  မီးလောင်ခြင်း

v  အဆိပ်ဓါတ်ငွေ့များ ယိုစိမ့်ခြင်း

v  ဓါတုဗေဒဆေးရည်များ ဖိတ်စဉ်ခြင်း

v  ရေဒီယို ဓါတ်ကြွခြင်း

v  ပေါက်ကွဲခြင်း

v  အများပြည်သူတို့အား အနှောင့်အယှက်ဖြစ်စေခြင်း

v  ဒဏ်ရာအနာတရဖြစ်ခြင်း၊ စိတ်ချောက်ခြားခြင်းစသည်တို့ ဖြစ်စေနိုင်သည့် လုပ်ငန်းခွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ

v  ရေကြီးခြင်း

v  မုန်တိုင်းတိုက်ခြင်း

v  ငလျင်လှုပ်ခြင်း


အရေးပေါ်စီမံချက်သည် လူကြောင့် သို့မဟုတ် သဘာဝကြောင့်ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို ကိုင်တွယ်ရန် ကောင်းမွန်ပြည့်စုံရသည်။ ၎င်းတွင် အောက်ပါ (လေးမျက်နှာ) ပါသည်။


v  လျှော့ချရေးအစီအမံ

v  ကြိုတင်ပြင်ဆင်ခြင်း

v  တုံ့ပြန်ခြင်း

v  ပြန်လည်ထူထောင်ခြင်း

ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီလေးမျက်နှာတကယ်ပါသလား ? အဲဒါက ဘာကိုဆိုလိုတာလဲ ?


လျှော့ချရေးအစီအမံမှာ ဘေးအန္တရာယ်ကျလာပြီဆိုလျှင် ထိုဘေးအန္တရာယ်နှင့်အတူပါလာမည့် ဒုက္ခ၊ သုက္ခများကို ကာကွယ်နိုင်ရန်၊ သို့မဟုတ် လျှော့ချနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်၏။ ဤအစီအမံသည် အခြားအစီအမံများနှင့် ကွဲပြား၏။ ထို အစီအမံသည် ဖြစ်လာမည့် ဘေးအန္တရာယ်ကို တတ်နိုင်သမျှလျှော့ချရန် သို့မဟုတ် ဖျောက်ဖျက်နိုင်ရန် စီစဉ်ထားသည့် ရေရှည်အစီအမံဖြစ်၏။ ဤအစီအမံသည် စနစ်တကျရေးဆွဲထားခြင်း ဖြစ်ချင်ဖြစ်မည်။ စနစ်တကျ ရေးဆွဲထားခြင်းလည်း ဟုတ်ချင်မှ ဟုတ်မည်။ စနစ်တကျရေးဆွဲထားခြင်း၌ မည်ကဲ့သို့ကာကွယ်ရမည်ဟူသည့် နည်းပညာများပါဝင်သည်။ စနစ်တကျ ရေးဆွဲမထားသည့် အရာများတွင် ဥပဒေအရ နှင့် မြေအသုံးချရေးအစီအမံများ၊ အာမခံကိစ္စများ ပါဝင်သည်။

            အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်းမျက်နှာ၌ အရေးပေါ်ကိစ္စများအတွက် ကြိုတင်ရေးဆွဲထားသော အစီအစဉ်များ၊ ပြင်ဆင်ထားမှုများ ပါဝင်သည်။ တင်ကြိုရေးဆွဲ၊ ပြင်ဆင်ထားမှုသည်ကား မှန်ကန်ကောင်းမွန်လှသည့် အာမခံချက်တစ်ရပ် ဖြစ်ပေသည်။ လူအနည်းငယ်သာလျှင် အရေးကြုံလာပါက မည်သည်တို့လုပ်ရမည်၊ မည်သည်တို့လိုအပ်သည် စသည်တို့ကို ရှင်းလင်းပြတ်သားစွာ တွေးခေါ်ကြံစည်နိုင်ကြသည်။ အရေးပေါ်ကာလ၌ မည်သို့လုပ်ရမည်ကို အချိန်ရှိခိုက် ကြိုတင်စီမံထားရန် အလွန်အရေးကြီးပေသည်။

            အရေးပေါ်အစီအမံဟူသည် အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်း၏ ရလဒ်တစ်ခုဖြစ်ပေသည်။ အရေးပေါ်အစီအစဉ်သည် သတ်မှတ်ထားသည့် အရေးပေါ်ကိစ္စများကို ခြုံမိငုံမိရှိရမည်။ အလုပ်ရှင်နှင့်အလုပ်သမားများသည် မီးနှင့်အခြားအရေးပေါ်ကိစ္စ ရပ်များအတွက် ၀န်ထမ်းအားလုံး၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေရမည်။ အရေးပေါ်အစီအမံသည် သင်ကိုယ်တိုင် ၊ သင့်လုပ်ဖော်ကိုင်ဘက်များ နှင့် သင့်လုပ်ငန်းအတွက် အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့လုပ်ကိုင်ရမည်ကို ပြသည့် နည်းလမ်းကောင်းတစ်ခုဖြစ်၏။

            အဖွဲ့အစည်းသည့် ဖြစ်နိုင်ချေရှိသည့် မတော်တဆမှုများ နှင့် အရေးပေါ်အခြေအနေတုံ့ပြန်မှုလိုအပ်ချက်များကို ဆန်းစစ်ထားရမည်။ ထို့နောက် ထိုအရေးပေါ်အခြေအနေအတွက် အစီအစဉ်များ ရေးဆွဲခြင်း၊ လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ဤရေးဆွဲထားသည့် အစီအစဉ်ကို စမ်းသပ်ကြည့်ခြင်း၊ ထို့နောက် မည်မျှထိရောက်သည်ကို သုံးသပ်ကြည့်ကာ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ခြင်းများ ပြုရမည်။

အရေးပေါ်အစီအစဉ်ရေးဆွဲသည့်အခါ လုပ်ငန်းခွင်အတွင်းကျပ် ဖြစ်နိုင်ချေရှိသည့် အရေးပေါ်အခြေအနေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရန် လိုအပ်သည်။ ၎င်းသည် လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်ရမည်။ ဖြစ်နိုင်ချေရှိသော အရေးပေါ် အခြေအနေအရင်းအမြစ်အားလုံး ပါရမည်။ အရေးပေါ်အစီအစဉ်ရေးဆွဲခြင်းဆိုသည်မှာ လုပ်ငန်းခွင်ရှိ အရေးပေါ်အခြေအနေ ဖြစ်ပေါ်စေနိုင်သည့် ရုပ် သို့မဟုတ် ဓါတုအန္တရာယ်များကို ဆန်းစစ်ခြင်း၊ မည်သည့်အရာဖြစ်သည်ကို ရှာဖွေခြင်း ဖြစ်သည်။ 

            အနည်းဆုံးအားဖြင့် အရေးပေါ်အစီအစဉ်တွင် အောက်ပါတို့ ပါဝင်ရမည်။ (သို့သော် ကန့်သတ်မထားပါ။)


Ø  မီး သို့မဟုတ် အခြားအရေးပေါ်အခြေအနေကို သတင်းပို့ရမည့် သင့်တော်သောနည်းလမ်း

Ø  ကယ်ဆယ်ရေးမူဝါဒနှင့် လုပ်ငန်းစဉ်

Ø  အရေးပေါ်လမ်းကြောင်းနှင့် ထွက်ပေါက်များသတ်မှတ်ခြင်း၊ ဥပမာ - အထပ်လိုက် ထွက်ပေါက်ပြမြေပုံ၊ လုပ်ငန်းခွင် မြေပုံ၊ အန္တရာယ်ကင်းသည့်နေရာ၊ ခိုနားရမည့်နေရာ

Ø  အရေးပေါ်အစီအစဉ်တွင်ပါဝင်သည့်သူများ၊ ဆက်သွယ်ရမည့်သူများ၊ ထိုအစီအစဉ်ကို ရှင်းပြနိုင်သည့် ရုံးတွင်း၊ ရုံးပြင် တာဝန်ရှိသူများ၏ နာမည်၊ ရာထူး၊ ဆက်သွယ်ရမည့်နံပါတ်၊ ဌာနစသည် 

Ø  အရေးကြီးသည့် စက်များကို ပိတ်ရန်ကျန်ရှိနေသူ၊ မီးသတ်မည့်သူ နှင့် စက်ပိတ်၍ မရနိုင် ခြင်းကဲ့သို့ အခြားအရေးကြီးသော ကိစ္စများဆောင်ရွက်ရမည့် သူများအတွက် အစီအစဉ်များ (အရေးပေါ်အခြေအနေအားလုံးအတွက် ကယ်ဆယ်ရေး လုပ်ငန်းများမလုပ်မီ)

Ø  ကယ်ဆယ်ရေးလုပ်ငန်းလုပ်မည့်သူ၊ ဆေးကုသရေးလုပ်ငန်း လုပ်မည့်သူများစာရင်း

Ø  အရေးပေါ်စုရပ်နေရာ၊ ကယ်ထုတ်လာပြီးနောက် လူဦးရေစာရင်းကောက်မည့်အစီအစဉ်၊ ပုံစံ

Ø  မီးလောင်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်းများအတွက် ဆက်သွယ်ရမည့် နောက်တစ်နေရာ

Ø  ဥပဒေကြောင်းဆိုင်ရာ စာရွက်စာတမ်းများ၊ စာရင်းအင်းဆိုင်ရာ စာရွက်စာတမ်းများ၊ အလုပ်သမားများ၏ အရေးပေါ် ဆက်သွယ်ရမည့်နံပါတ်များ နှင့် အခြားအရေးကြီးသော စာရွက်စာတမ်းများ ၏ မူရင်းကိုသော်လည်းကောင်း၊ မိတ္တူကိုသော်လည်းကောင်း ထိန်းသိမ်းထားရမည့် ရုံးတွင်ဖြစ်စေ၊ ရုံးပြင်ပတစ်နေရာရာတွင်ဖြစ်စေ လုံခြုံစိတ်ချရသည့် နေရာ

Ø  အရေးပေါ်အခြေအနေကို မည်ကဲ့သို့သတင်းပို့ရမည်၊ မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်၊ မည်ကဲ့သို့ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရမည် စသည်တို့ကို အလုပ်သမားများအား အသိပေးထားရမည့် နည်းလမ်း


နောက်ဆက်တွဲ ၇ သည် အရေးပေါ်စီမံခန့်ခွဲမှု စစ်ဆေးချက်ပုံစံဖြစ်၏။ သင့်လုပ်ငန်းခွင်အတွင်းမှ ဖြစ်နိုင်ချေရှိသော အရေးပေါ်ကိစ္စများပြင်ဆင်ရာတွင် ဤပုံစံကိုနမူနာယူ ပြင်ဆင်နိုင်ပါသည်။

            အရေးပေါ်အခြေအနေ မျက်နှာစာတွင် အရေးပေါ်ကယ်ဆယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ ရွှေ့ပြောင်းရောက်ရှိရေး နှင့် ဘေးအန္တရာယ်ကျရောက်သည့်နေရာတွင် ဦးဆုံးရောက်ရှိဆောင်ရွက်ရမည့်သူများလည်း ပါဝင်သည်။ မီးသတ်သမားများ၊ ရဲများ နှင့် အရေးပေါ်ယာဉ်လုပ်သားများကဲ့သို့ ချက်ချင်းတုံ့ပြန်ရန်လိုသူများသည် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျောရိုးလုပ်သားများပင် ဖြစ်၏။

            အရေးပေါ်စီမံခန့်ခွဲခြင်း၏ နောက်ဆုံးအဆင့်မှာ ပြန်လည်နေရာချထားရေးဖြစ်၏။ ပြန်လည်နေရာချထားခြင်း၏ ရည်ရွယ်ချက်မှာ အရေးပေါ်ဖြစ်ရပ်ကြောင့် ပျက်ယွင်းသွားသည့် အခြေအနေများကို မူလအတိုင်းပြန်လည်ရောက်ရှိရန် စီမံရေး ဖြစ်သည်။ အရေးပေါ်ဖြစ်လျှင်ဖြစ်ခြင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် မတူစွာပင် ပြန်လည်နေရာချထားရေး၌ ချက်ချင်း အရေးယူဆောင်ရွက်ရန် လိုအပ်သည်များအတွက် အားစိုက်လုပ်ကိုင်ရမည့်လုပ်ငန်းများစွာ ပါဝင်သည်။

            ပြန်လည်နေရာချထားရေးမှာ ပျက်စီးသွားသည့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခြင်း၊ ၀န်ထမ်းများ ပြန်လည်ခန့်ထားခြင်း၊ အရေးကြီးသည့် အခြေခံအဆောက်အဦများကို ပြန်လည်ပြင်ဆင်ခြင်း စသည့် ဦးစွာအလေးထားရမည့် အားထုတ်မှုများဖြစ်သည်။ 

၅၊ ၁၀။ စွမ်းဆောင်ရည်ကို စောင့်ကြည့်ခြင်း၊ တိုင်းတာခြင်း


            အဖွဲ့အစည်းတစ်ခု၌ လအကကိစ္စရပ်များ စီမံခန့်ခွဲရာတွင် ညွှန်းကိန်းများနှင့် စွမ်းဆောင်ရည် တိုင်းတာမှုများမှာ အရေးကြီးပေသည်။ မည်သည့်အရာများဖြစ်ပျက်နေသည်ကို ၎င်းတို့က ပြန်ပြောပြနိုင်သည်။ ထိုအခါမှသာလျှင် ကျွန်ုပ်တို့သည် ပြောင်းလဲနေသည့် အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် အရေးယူဆောင်ရွက်ချက်များကို ပုံဖော်နိုင်ပေမည်။

            ထိုအညွှန်းကိန်းများက အောက်ပါသတင်းအချက်အလက်များကို ပေးသည်။


Ø  ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ မည်သည့်အရာများဖြစ်နေသနည်း။

Ø  ကျွန်ုပ်တို့ မည်ကဲ့သို့လုပ်ကြမည်နည်း။

Ø  သို့ဆိုလျှင် မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။

Ø  တားဆီးရန် လိုအပ်သည့် ဖြစ်လတံ္တ့သော အန္တရာယ် သို့မဟုတ် ပြဿနာများကို ကြိုတင်အသိပေးခြင်း


ထိရောက်သော အညွှန်းကိန်းများဖြစ်စေရန် အရေးကြီးသည့်အချက်များ -

က) ရည်မှန်းချက်၊ လွယ်ကူစွာ တိုင်းတာနိုင်မှု၊ အချက်အလက်များစုဆောင်းနိုင်မှု

ခ) စွမ်းဆောင်မှုကို တိုင်းတာမည့် အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းအဖွဲ့များနှင့် ဆက်စပ်ပတ်သက်မှု၊

ဂ) စွမ်းဆောင်မှုအဆင့်အလိုက် လတ်တလောနှင့် စိတ်ချရလောက်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်မှု၊

ဃ) အချက်အလက်များစုဆောင်းရေးအတွက် လိုအပ်သည့် ကိရိယာ၊ လူ နှင့် ထပ်မံပံ့ပိုးပေးရသောနည်းပညာတို့နှင့်

     ပတ်သက်သည့် စရိတ်စကတတ်နိုင်မှု

င) စွမ်းဆောင်မှုကို တိုင်းတာမည့် လုပ်ငန်းအဖွဲ့များ၏ ပိုင်ဆိုင်မှု နှင့် နားလည်မှု


            အဖွဲ့အစည်းတစ်ခုသည် ၎င်း၏လအကစွမ်းဆောင်ရည်ကို တိုင်းတာနိုင်ရန် စံပေတံများရှာသင့်သည်။ ထိုအထဲတွင် အောက်ပါတို့ပါဝင်နိုင်သည်။ (သို့သော် ကန့်သတ်မထားပါ။)


Ø  ချမှတ်ထားသောမူဝါဒနှင့် ရည်မှန်းချက်တို့ကို အကောင်အထည်ဖော်နိုင်မှု

Ø  အန္တရာယ်ထိန်းချုပ်နိုင်မှု အား အကောင်အထည်ဖော်နိုင်မှု နှင့် ထိရောက်မှု

Ø  အန္တရာယ်ကျရောက်မှုအဖြစ်အပျက်အပါအ၀င် လအကစ စနစ်၏ မအောင်မြင်ရခြင်းမှ သင်ခန်းစာရယူနိုင်မှု၊  (ထိခိုက်ဒဏ်ရာ ရမှု၊ ကျန်းမာရေးချို့ယွင်းမှု၊ မတော်တဆမှုမှ လက်မတင်လေးလွဲချော်မှု စသည်)

Ø  လုပ်သားများနှင့် အခြားစိတ်ဝင်စားသည့်အဖွဲ့များအတွက် သတိရှိမှု၊ သင်တန်း၊ ဆက်သွယ်ရေးနှင့် အကြံပေး အစီအစဉ်များ၏ ထိရောက်မှု

Ø  လအကစကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် (နှင့်/သို့မဟုတ်) ပြန်လည်သုံးသပ်ရာတွင်အသုံးပြုနိုင်သည့် သတင်းအချက် အလက်များထုတ်ပြန်မှု နှင့် ၎င်းတို့ကိုအသုံးချမှု စသည်

စံပေတံနမူနာများ

ဥပမာ ၁။ အေဘီစီကုမ္မဏီမှ ၎င်းတို့၏ လအကစွမ်းဆောင်မှုများကိုတိုင်းရန် စံပေတံများ

ဥပမာ ၂။ အက်စ်ဝိုင်ဇီကုမ္မဏီ၏ သင်တန်းများအပေါ် ပုံမှန်အကဲဖြတ်မှုအားစောင့်ကြည့်ခြင်း အတွက် တိုင်းတာမှုပေတံ

၅၊ ၁၁။ စနစ်အတွက် လုပ်ငန်းစစ်


            လအကစလုပ်ငန်းစစ်ဟူသည် အဖွဲ့အစည်းတစ်ခုအနေနှင့် ၎င်းတို့၏ လအကစစနစ်၏ ထိရောက်မှုကို ပုံမှန် ပြန်လည် ဆန်းစစ်ခြင်းအပေါ် စနစ်ကျပြီးသီးခြားလွတ်လပ်သည့် စစ်ဆေးမှုအစီအစဉ်တစ်ရပ်ဖြစ်သည်။ ပုံမှန် လအကစလုပ်ငန်းစစ်သည် လည်ပတ်နေသည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်၏ စွမ်းဆောင်ရည်ထိရောက်မှုအတွက် အရေးကြီး ပေသည်။   

လအကစလုပ်ငန်းစစ်လုပ်ရခြင်း အဓိက အကြောင်းပြချက် သုံးမျိုးရှိ၏။

ü  လအကစစနစ်ကို လက်တွေ့ကျင့်သုံးခြင်းနှင့် ထိန်းသိမ်းထားခြင်းအား သေချာစေရန်

ü  လအကစစနစ်သည် ထိထိရောက်ရောက် အလုပ် လုပ်/မလုပ် စစ်ဆေးရန်

ü  လအကစစနစ်မှ အားနည်းချက်ချို့ယွင်းချက်များကို ဖော်ထုတ်ရန်။ သို့မှ စနစ်တိုးတက်နိုင်မည်။


လအကစလုပ်ငန်းစစ်သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးခြင်းမဟုတ်။ လုပ်ငန်းစစ်ဟူသည် လုပ်ကိုင်ဆောင်ရွက်ထားချက်များ၏ မှတ်တမ်းနှင့် စာရွက်စာတမ်းအထောက်အထားများကို စစ်ဆေးခြင်း သာ ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း စစ်ဆေးခြင်းတစ်ခုသည် လုပ်ငန်းစစ်ဝင်နေစဉ်အတွင်း စနစ်ကိုခွဲခြမ်းစစ်ဆေးခြင်းအတွက် ဘာအထောက်အကူမှ မပြုပါ။ လုပ်ငန်းစစ်ဟူသည် လုပ်ငန်းခွင်အတွင်း အချိန်တစ်ခုတိုင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ သည်ကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း ဖြစ်သည်။

            လအကစလုပ်ငန်းစစ်က လအကပန်းတိုင်ကို ရစေနိုင်ရန် ချမှတ်ထားသော လအကမူဝါဒကိုကြည့်သည်။ လုပ်ထုံး လုပ်နည်းနှင့် အစီအမံများကို ကြည့်သည်။ လအကစလုပ်ငန်းစစ်ကို ကုမ္မဏီအဖွဲ့မှသော်လည်းကောင်း၊ ပြင်ပအဖွဲ့မှသော် လည်းကောင်း စစ်နိုင်သည်။ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် အစီအမံများကို လက်တွေ့မည်မျှ လိုက်နာအကောင်အထည်ဖော်သနည်း ဆိုသည်ကို လုပ်ငန်းစစ်က လုပ်ငန်းမှတ်တမ်းနှင့် စာရွက်စာတမ်းအထောက်အထားများကို ကြည့်ကာ ဆုံးဖြတ်သည်။ ထိုမျှသာ မက ၎င်းတို့စစ်ဆေးတွေ့ရှိခဲ့သည့် မှတ်တမ်းများနှင့် လုပ်ငန်းခွင်အတွင်းရှိနေမှုများ ကိုက်ညီမှုရှိမရှိကိုလည်း လုပ်ငန်းခွင် အတွင်းမှ လုပ်သားများကို လူတွေ့မေးမြန်းခြင်း၊ လုပ်ပုံကိုင်နည်းများကို လက်တွေ့ကြည့်ရှုခြင်း စသည်ဖြင့်လည်း လုပ်ငန်းထဲ သို့ကွင်းဆင်းကာ စစ်ဆေးမှုများပြုသည်။

            လုပ်ငန်းစစ်သည် လအကစနစ်ကို လက်တွေ့လုပ်ငန်းခွင်အတွင်း မည်မျှလိုက်နာကျင့်သုံးကြောင်း အကဲဖြတ်နိုင်ရန် ရနိုင်သမျှသော သက်သေအထောက်အထားများကို စုဆောင်းသည်။ ရရှိလာသော အကဲဖြတ်ချက်များအပေါ်မူတည်၍ လုပ်ငန်းစစ်က လအကစနစ်၏ ချို့ယွင်းချက်၊ အားနည်းချက်များကို ထောက်ပြကာ ပိုမိုတိုးတက်ကောင်းမွန်သည့် စနစ်တစ်ခု ဖြစ်လာစေရန် အကြံပေးသည်။
            ကုမ္မဏီအတွင်းမှ ပုဂ္ဂိုလ်များ သို့မဟုတ် ကုမ္မဏီမှရွေးချယ်ထားသော ပြင်ပမှ ပုဂ္ဂိုလ်များပါဝင်လျှက် လအက လုပ်ငန်းစစ်စီမံချက်ကို ရေးဆွဲထားသင့်သည်။ ပြင်ပလုပ်ငန်းစစ်ဆိုသည်မှာ အဖွဲ့အစည်း၏လုပ်ငန်းများနှင့် ပါဝင်ပတ်သက်မှု မရှိသော အခြားတစ်စုံတစ်ယောက်ဖြစ်သည်။ ပြင်ပလုပ်ငန်းစစ်မှာ သဘောတူညီမှုရယူထားသည့် စံသတ်မှတ်နှုန်း နှင့် အချက် အလက်များပေါ်အခြေခံ စစ်ဆေးခြင်းဖြစ်သည်။ အတွင်းလုပ်ငန်းစစ်မှာ ကုမ္မဏီဝန်ထမ်းများမှ စစ်ခြင်းဖြစ်၏။ လအကစ စနစ် နှင့် လုပ်ထုံးလုပ်နည်းများကို ဆန်းစစ်ခြင်းမျှသာမက ထို စီမံချက်နှင့် လုပ်ထုံးလုပ်နည်းများကို လက်တွေ့တွင် အမှန်တကယ် လိုက်နာကျင့်သုံးခြင်း ရှိမရှိကိုလည်း လုပ်ငန်းစစ်က သက်သေပြစေသည်။ ထိုမျှသာမက စနစ် နှင့် လုပ်နည်းလုပ်ဟန်များကို လိုအပ်လျှင်လိုအပ်သလို လက်တွေ့ကျင့်သုံးရန်လည်း လုပ်ငန်းစစ်က သေချာစေသည်။

            အမှန်ကိုဆိုရလျှင် လုပ်ငန်းစစ်၌ ပြင်ပမှ ပုဂ္ဂိုလ်များရော၊ အဖွဲ့အစည်းအတွင်းမှ ပုဂ္ဂိုလ်များပါ ပါဝင်သင့်သည်။ အတွင်း နှင့် အပြင်ပူးပေါင်းစစ်ဆေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်များ ဖော်ထုတ်နိုင်သည်။



            လုပ်ငန်းစစ်အစီအစဉ်၌ ကျကျနနစီမံထားသည့် မျက်နှာစာများ ပါဝင်သည်။ မျက်နှာစာတစ်ခုချင်းစီတွင် တိကျသည့် ရည်မှန်းချက်များရရှိရန် ရည်ရွယ်ထားပြီး နောက်မျက်နှာစာတစ်ခု၏ ရလဒ်များပေါ်လည်း မှီခိုနေသည်။ လအကလုပ်ငန်းစစ်ကို အောက်ပါအတိုင်း ပိုင်းခြားထားသည်။


Ø 


လုပ်ငန်းစစ် မစမီ
စီမံခြင်း       


Ø 



ပြင်ဆင်ခြင်း


Ø 
 လုပ်ငန်းစစ်နေစဉ်အတွင်း    
စာရွက်စာတမ်းများကို ပြန်လှန်စစ်ဆေးခြင်း


Ø  အရေးပါသည့် ပုဂ္ဂိုလ်များကို လူတွေ့မေးမြန်းခြင်း

Ø 



လုပ်ငန်းအခြေအနေကို လေ့လာခြင်း

Ø 


လုပ်ငန်းစစ်ပြီးနောက်
ဆွေးနွေးပွဲကို အဆုံးသတ်ခြင်း


Ø  လုပ်ငန်းစစ် အစီရင်ခံစာ

စီမံခြင်းကား လုပ်ငန်းစစ်အစီအစဉ်၏ ပထမဦးဆုံး စမှတ်ဖြစ်၏။ လုပ်ငန်းစစ်လုပ်နေစဉ်အတွင်း သင် ခေါင်းထဲတွင် မှတ်ထားရမည့်ကိစ္စ များစွာရှိပေသည်။ လုပ်ငန်းစစ်ကို မည်သူက၊ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်၊ မည်သည့်အတွက်၊ မည်ကဲ့သို့လုပ်မည်နည်း ဆိုသည်ကို စီစဉ်ရန် ကြိုတင်စဉ်းစားထားရမည်။ လုပ်ငန်းစစ်၏ ရည်ရွယ်ချက်ကိုလည်း ခေါင်းထဲ ထည့်ထားရမည်။ ထိရောက်သော လုပ်ငန်းစစ်အစီအစဉ်ဖြစ်ရန် လုပ်ငန်းစစ်လုပ်မည့်နေရာမှ ရနိုင်သမျှသော သတင်းအချက် အလက်အားလုံးကို ပြန်လှန်စစ်ဆေးရန်လိုသည်။ လုပ်ငန်းစစ်နေစဉ်အတွင်း လိုအပ်မည့် လက်နက်ကိရိယာမှန်သမျှ စုဆောင်း ထားရမည်။ ကြိုတင်စီစဉ်ထားစရာရှိသည်တို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုသည်။ ထိုအထဲတွင် အောက်ပါတို့ ပါဝင်၏။


v  လုပ်ငန်းစစ်လုပ်မည့်ရက်ကို ကြိုတင်စီစဉ်ထားပြီး လုပ်ငန်းစစ်မည့်အဖွဲ့အနေနှင့် ပြင်စရာရှိသည်တို့ပြင်နိုင်ရန် ကြိုတင် အသိပေးအကြောင်းကြားထားရမည်။

v  လုပ်ငန်းစစ်အနေနှင့် လိုအပ်မည့် သတင်းအချက်အလက်များဖြစ်သော လုပ်ငန်းစစ်မည့် လုပ်ငန်းခွင်မှ လုပ်ပုံ ကိုင်နည်းများ၊ အန္တရာယ်၊ အန္တရာယ်ရနိုင်ချေကို ထိန်းချုပ်မှုအစီအစဉ် နှင့် နည်းလမ်းများ ကို ကြိုတင်စစ်ဆေးခြင်း၊ အချက်အလက်များ ရယူခြင်းများ ပြုလုပ်ထားရမည်။

v  စစ်ဆေးမည့်နေရာ၏ မြေပုံနှင့် လုပ်ငန်းအစီအစဉ်။ ဤမြေပုံနှင့် လုပ်ငန်းစဉ်များက လုပ်ငန်းစစ်အား ၎င်းတို့စစ်ရမည့် နေရာနှင့်လုပ်ငန်းအကြောင်း ပုံဖော်မိစေ၊ နားလည်နိုင်စေသည်။

v  ရနိုင်မည်ဆိုလျှင် ယခင်ကစစ်ဆေးထားခဲ့သည့် လုပ်ငန်းစစ်အစီရင်ခံစာ

v  လုပ်ငန်းစစ်အစီအစဉ်

v  လုပ်ငန်းစစ် စစ်ဆေးမှုဇယား (ရနိုင်ပါက)

v  လုပ်ငန်းစစ်မှ လိုအပ်မည့် လက်နက်ကိရိယာများ


အောက်ပါပုံစံမှာ သင့်လုပ်ငန်းစစ်အတွက် ပြင်ဆင်ရန် လမ်းညွှန်ဖြစ်သည်။ သို့သော် ဤလမ်းညွှန်ကို ပြည့်စုံ လုံလောက်ပြီဟု မမှတ်ယူပါနှင့်။ သင့်လုပ်ငန်းခွင်နှင့် သင့်လျော်အောင် ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ရန်လိုပါသည်။

            လုပ်ငန်းစစ်ဆောင်ရွက်ရန် အဓိကအဆင့်များမှာ အောက်ပါအတိုင်းဖြစ်၏။

v  လုပ်ငန်းစစ်မည့်နေရာကို နားလည်ခြင်း (အဦးဆုံး)

v  အရေးပါသည့် ပုဂ္ဂိုလ်များကို လူတွေ့မေးမြန်းခြင်း

v  မေးခွန်းများမေးမြန်းခြင်း

v  စာရွက်စာတမ်းများကို ပြန်လှန်စစ်ဆေးခြင်း

v  အခြေအနေများကို လေ့လာသုံးသပ်ခြင်း

လုပ်ငန်းစစ်အတွက် အခြေခံ လက်နက်ကိရိယာသုံးခုမှာ (၁) စုံစမ်းခြင်း (၂) လေ့လာခြင်း နှင့် (၃) သက်သေထူရန် စမ်းသပ်ခြင်း တို့ဖြစ်၏။ လုပ်ငန်းတွင်းရှိလုပ်သားအားလုံးကို လိုက်လံပြောဆို မေးမြန်းခြင်းမှာ ဖြစ်နိုင်သည့်ကိစ္စမဟုတ်။ ထို့ကြောင့် သူတို့အထဲမှ အချို့ကို ရွေးချယ်ပြောဆိုရမည်။ အဆင့်တစ်ခုစီမှ ပုဂ္ဂိုလ်အရေအတွက်ကို ရွေးချယ်ရန် ယေဘူယျ နည်းလမ်းမှာ သူတို့ထံမှ သတင်းအချက်အလက်များ ရှာဖွေခြင်းပင်ဖြစ်ပါသည်။

အေးငြိမ်း
၂၀ - ၁ - ၂၀၁၃။ ည ၁၁း၂၉ နာရီ

No comments: