Saturday, January 12, 2013

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (၂)

  အသုံးချခြင်း



          ဤလမ်းညွှန်ချက်သည် အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များအား လအကစ စနစ်ကို အကောင်အထည်ဖော်၊ ချမှတ်ကျင့်သုံးရာတွင်လည်းကောင်း၊ ဆန်းစစ်ရာတွင်လည်းကောင်း၊ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုရန် ရည်ရွယ်သည်။  

လအကစ စနစ်ကို ချမှတ်ကျင့်သုံးခြင်းဖြင့် ရလာမည့် အကျိုးကျေးဇူးများ


          လအကစစနစ်က ထိခိုက်ဒဏ်ရာရမှုများကို လျှော့ချပေး၊ သို့မဟုတ် ကာကွယ်ပေးနိုင်ရန် ထိရောက်သော လုပ်ငန်း ဘောင်တစ်ခုကို ပံ့ပိုးပေးသည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ညံ့ဖျင်းအားနည်းပါက လုပ်ငန်းထဲ၌ ထိခိုက်ဒဏ်ရာရမှုများ များမည်။ အကျိုးဆက်အားဖြင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်မည်။ လုပ်ငန်းအတွက် ငွေကုန်ကြေးကျ များစေမည်ဖြစ်သည်။ စနစ်ကျသောနည်းလမ်းများအားဖြင့်သာ လုပ်ငန်းအားပိုမိုထိရောက်၊ လွယ်ကူသော စီမံခန့်ခွဲမှုကို ပြုနိုင်မည်။ အလုပ်သမားတိုင်းသည် မည်သည့်အချိန်မဆို တူညီသောနည်းလမ်းကို လိုက်နာစေရန်နှင့် သော့ချက်ကျသော လှုပ်ရှားမှုများကို အကောင်းဆုံးကိုင်တွယ်ရပါမည်။

          အောက်ပါအချက်များကို ပုံမှန်လိုက်နာကျင့်သုံးခြင်းဖြင့် လုပ်ငန်းထဲ၌ အမှားများ၊ ပြန်လည်ပြင်ဆင်ရသည့် ကုန်ကျ စရိတ်များကို လျှော့ချနိုင်သည်။ ဤအချက်များမှာ သင့်လုပ်ငန်းအပေါ်ကောင်းစွာ အကျိုးပြုနိုင်ပေမည်။


ü  လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို တိုးတက်စေခြင်းဖြင့် မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုများကြောင့် ကုန်ကျရသည့် စရိတ်စကများကို လျှော့ချနိုင်သည်။

ü  အသင်ကသာ သူတို့၏ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ဂရုတစိုက်လုပ်ဆောင်ပေးကြောင်း အလုပ်သမားများ သိရှိ နားလည်လာပါက သူတို့၏ စိတ်ဓါတ်အင်အား ပိုမိုတိုးတက်လာမည်။

ü  အများပြည်သူကသာ အသင်က အသင့်လုပ်သားများအား သူတို့၏ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ဂရုတစိုက် လုပ်ကြောင်း သိလာပါက အသင်၏လုပ်ငန်းနာမည်ရလာသည်။ နာမည်ရလာသည်နှင့်အမျှ သင့်လုပ်ငန်းလည်း ပိုမို တိုးတက် လာမည်ဖြစ်ပေသည်။

ü  လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာသည်နှင့်အမျှ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပေသည်။

ü  အသင်သည် လုပ်ငန်းခွင်အတွင်း မတော်တဆမှုများမဖြစ်စေရန် ကောင်းမွန်စွာထိန်းထားနိုင်ကြောင်း ပြနိုင်လျှင် လုပ်ငန်း အတွက်ထားရသည့် အာမခံကြေးလျော့ကျသွားပေမည်။

ü  သင့်လုပ်ငန်းကို အသင်ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ကြောင်းသိလျှင် ဘဏ်နှင့် အခြားရင်းနှီးမြှုပ်နှံသူများက အသင်၏ လုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာလိမ့်မည်။  

ü  အသင်၏ လုပ်ငန်းမိတ်ဆွေများကလည်း အသင်နှင့် ပူးပေါင်းလုပ်ကိုင်ရခြင်းအပေါ် ပိုမိုယုံကြည်စိတ်ချလာလိမ့်မည်။ ကုမ္ပဏီ ကြီးများနှင့် အစိုးရအေဂျင်စီးများသည် ထိရောက်ကောင်းမွန်သော စီမံခန့်ခွဲမှုကို ပြသနိုင်သည့် လုပ်ငန်းများကိုသာ ၀ယ်ယူရန် စိတ်ဝင်စားသည်။

ü  ချမှတ်ထားသော ဥပဒေစည်းမျဉ်းများကို ပိုမိုသတိပြုမိလာခြင်းဖြင့် မထင်မှတ်ဘဲ ဥပဒေချိုးဖောက်မိခြင်းများကို လျှော့ချနိုင်ပေ လိမ့်မည်။ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါက အာဏာပိုင်အဖွဲ့အစည်းများ၏ စောင့်ကြည့်ခံရခြင်း လျော့ပါးသဖြင့် လုပ်ငန်း ကိုင်ငန်းများကို ပိုမိုလွတ်လပ်စွာ လုပ်ကိုင်နိုင်ပေမည်။

၂။ အဓိပ္ပါယ်သတ်မှတ်ချက်များ


          ဤလမ်းညွှန်ချက်တွင် သုံးထားသောစကားလုံးများ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၂၊ ၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ် (လအကစ) (Occupational Safety and Health Management System (OSHMS)

လအကစ ဆိုသည်မှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး မူဝါဒနှင့် ရည်မှန်းချက်များချမှတ်ရန် နှင့် ထိုရည်မှန်းချက်များကို အောင်မြင်စေရန် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်နွယ်နေသော အကြောင်းအချက်များ၏ အပေါင်း အစုတစ်ခု ဖြစ်ပါသည်။

          လအကစသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်နှင့် ၀တ္တရားများကိုပိုမို ထိရောက်အောင် စီမံနိုင်ရန် လုပ်ငန်းဘောင်တစ်ခု ပံ့ပိုးပေးသည်။ လအကစ သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆောင်ရွက်ချက် များ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေမည့် လုပ်ငန်းစဉ်ဖြစ်လာနိုင်ရန် သတ်မှတ်ထားသော စံနှုန်းများပေါ် အခြေခံ ထားသည်။

၂၊ ၂။ အန္တရာယ်ရနိုင်ချေ (Risk)


          အန္တရာယ်ရှိသော အဖြစ်အပျက်တစ်ခု ဖြစ်နိုင်ချေ နှင့် ထိုအဖြစ်အပျက်ကြောင့် လူများတွင်ရသောရသော ဒဏ်ရာ  သို့မဟုတ် ကျန်းမာရေးထိခိုက်ခြင်း၏ ပြင်းထန်မှုအတိမ်အနက်တို့၏ ပေါင်းစပ်မှု။

          လုပ်ငန်းခွင် ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရနိုင်ချေ သို့မဟုတ် ကျန်းမာရေးချို့တဲ့နိုင်ချေ။

၂၊ ၃။ ဘေးအန္တရာယ် (Hazard)


          လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်နိုင်သော သို့မဟုတ် ဒဏ်ရာရစေနိုင်သော မူလဖြစ်နိုင်ချေ အကြောင်းတရား။

          ရိုးရှင်းစွာပြောရလျှင် ဘေးအန္တရာယ်ဆိုသည်မှာ အနာတရဖြစ်နိုင်သော အကြောင်းတရား သို့မဟုတ် ဆုံးရှုံးနိုင်သည့် အခြေအနေ ဖြစ်သည်။ ၎င်းအနေနှင့် မည်သည့်အရာများကို ဆုံးရှုံးစေသနည်းဟူမူ -


ü  လူ - ဒဏ်ရာအနာတရဖြစ်ခြင်း

ü  ကိရိယာ - ကျိုးပျက်ခြင်း

ü  ပစ္စည်း - မီးလောင်ခြင်း


အင်္ဂလိပ်လို Risk နှင့် Hazard ကို နားလည်အောင် ဥပမာဖြင့် ရှင်းပြပါမည်။

ပစ္စည်းတစ်ခုကို စင်ပေါ်သို့တင်သည့်အလုပ်၌ ပစ္စည်း ခြေထောက်ပေါ်သို့ပြုတ်ကျ၍ ခြေထောက်ကို ထိခိုက်ဒဏ်ရာရစေ နိုင်ပါသည်။ ဤတွင် ပစ္စည်းပြုတ်ကျခြင်းသည် ဘေးအန္တရာယ် (hazard) ဖြစ်ပြီး ခြေထောက်ကို ဒဏ်ရာရစေနိုင်မှုသည် အန္တရာယ်ရနိုင်ချေ (risk) ဖြစ်ပါသည်။ အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း (Risk Assessment) အခန်းတွင် အသေးစိတ် ထပ်မံရှင်းပြပါမည်။  

၂၊ ၄။ အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း (Risk Assessment)


          လုပ်ငန်းခွင်ဘေးဥပဒ်များကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်ဖြစ်နိုင်ချေ၊ ကျန်းမာရေးထိခိုက်နိုင်ချေများကို အကဲဖြတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဤသည်မှာ လုပ်ငန်းခွင်အတွင်း၌ ဘေးအန္တရာယ်တစ်ခု ကျရောက်နိုင်သည့် ကြိမ်နှုန်း နှင့် ဒဏ်ရာပြင်းထန်မှုအနည်းအများတို့ကို ရှာဖွေဆန်းစစ်ကာ မည်မျှအန္တရာယ်ကြီးသည်ကို ကောက်ချက်ဆွဲသော လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ပါသည်။  

၃။ ရည်မှန်းချက်


          ဤလမ်းညွှန်စာစောင်၏ ရည်မှန်းချက်မှာ အလတ်စားနှင့် အသေးစားလုပ်ငန်းများသည် လုပ်ငန်းခွင်ကြောင့် လုပ်သားများ၏ အသက်ဆုံးရှုံးရမှု၊ ဒဏ်ရာအနာတရဖြစ်မှု၊ ရောဂါရမှု၊ နေထိုင်မကောင်းဖြစ်မှု၊ မတော်တဆမှုများမှ အကာအကွယ်ပေးနိုင်ရန် စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ အထောက်အပံ့ပေးရေးပင်ဖြစ်သည်။

          ထိုမျှသာမကသေး အောက်ပါအချက်များကို လုပ်ဆောင်ပေးရန်လည်း ရည်ရွယ်သည်။

ü  လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးလုပ်ငန်းများ တိုးတက်လာစေရန် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် လမ်းညွှန်ချက်များ ထောက်ပံ့ရန်

ü  အဖွဲ့အစည်းများအတွင်းတွင် လအကစ အစိတ်အပိုင်းများကို (OSH Management system elements) ပေါင်းစည်းပေးနိုင်ရေးအတွက် လမ်းညွှန်ချက်များ ထောက်ပံ့ရန်

ü  လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆောင်ရွက်ချက် များ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာ စေရေး အတွက် သင့်တော်သော လအကစ စနစ်နှင့် နည်းပရိယာယ်တို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အဖွဲ့အစည်းအတွင်း ရှိ လုပ်သားများအား စည်းရုံးလှုံ့ဆော်မှုပေးနိုင်ရန်

၎။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် ဖွဲ့စည်းပုံ

          လအကစ စနစ်သည် စဉ်ဆက်မပြတ်တိုးတက်မှုရနိုင်စေမည့် ဥပဒေသပေါ် အခြေခံထားသော “စီမံ၊ လုပ်၊ စစ်၊ ပြင်”  နည်းဖြင့် ချဉ်းကပ်မှု လိုအပ်သည်။ သို့ရာတွင် တစ်ခုချင်းသီးသန့်လုပ်ဆောင်ရန်အတွက်မူ မလုံလောက်ပါ။ ထိုအစား တစ်ခု နှင့် တစ်ခု ဆက်စပ်လုပ်ကိုင်ရပါမည်။ ဥပမာအားဖြင့် ကိုင်တွယ်ရမည့်နည်းလမ်းများကို လုံလုံလောက်လောက် ပြဌာန်းပေး မထားဘဲ၊ ထိထိရောက်ရောက် အသုံးမပြုဘဲ (အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်းများမှတစ်ဆင့်) ထိုနည်းလမ်းများဖြင့် ဘေးအန္တရာယ်များကို တားဆီးနိုင်လိမ့်မည် မဟုတ်ပါ။

          ကိုင်တွယ်ရမည့်နည်းလမ်းများ လိုအပ်သည်ဆိုပါလျှင် ထိုနည်းလမ်းများသည် တကယ်ထိရောက်သည့်နည်းလမ်းများ ဖြစ်သလား၊ လုံရောလုံလောက်ရဲ့လား စသည်တို့ကို စစ်ဆေးရပါမည်။ အကယ်၍ ထိုနည်းလမ်းများသည် မထိရောက်၊ မလုံ လောက်ခဲ့ပါက ထိရောက်၊ လုံလောက်သည်ထိ ပြန်လည်ပြင်ဆင်ရန် သတ်မှတ်ပြဌာန်းပေးရပါလိမ့်မည်။      


လအကစ စနစ်ကို အောက်ပါ ၁၄ ခန်းဖြင့် ဖွဲ့စည်းထားသည်။


၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး မူဝါဒ

၂။ အန္တရာယ်များကို ရှာဖွေခြင်း

၃။ အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း

၎။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးရည်ရွယ်ချက်များ တည်ဆောက်ခြင်း

၅။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း

၆။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအစဉ်များအား လက်တွေ့အကောင်အထည်ဖော်ခြင်း

၇။ တိုးတက်မှုအခြေအနေကို ပုံမှန်စောင့်ကြည့်ခြင်း

၈။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများ၊ မတော်တဆမှုများ နှင့် ရောဂါဘယများကိုစုံစမ်းစစ်ဆေးခြင်း

၉။ အရေးပေါ်အခြေအနေကို ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်း

၁၀။ စွမ်းဆောင်ရည်ကို တိုင်းတာခြင်း၊ စောင့်ကြည်ခြင်း

၁၁။ လုပ်ငန်းစစ်ဆေးခြင်း

၁၂။ ကြိုတင်ကာကွယ်ခြင်းနှင့် အမှားပြင်ဆင်ခြင်း

၁၃။ စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်

၁၄။ စဉ်ဆက်မပြတ်တိုးတက်မှု

အကောင်အထည်ဖော်ရေးတွင် လက်တွေ့ကျသော အကြံဉာဏ်များကို ဤလမ်းညွှန်ချက်က ပေးသွားပါလိမ့်မည်။

၅။ အဖွဲ့အစည်းတစ်ခုအတွင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ခြင်း

          ဤအပိုင်းက အဖွဲ့အစည်းအတွင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို မည်သို့စနစ်ကျစွာ ကျင့်သုံးရမည်ကို ညွှန်ကြားပါလိမ့်မည်။ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်၏။


၅၊ ၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး မူဝါဒ

ပထမဦးဆုံး အရေးကြီးသည်မှာ မူဝါဒ ဖြစ်၏။ မူဝါဒသည် အဖွဲ့အစည်းအတွင်း၌ လအကစ ကို ထူထောင်ရာတွင် လိုက်နာရမည့်အချက်များကို ညွှန်ပြပေးသည်။

          လအကစ ကို ထူထောင်ရာတွင် မူဝါဒသည် အဦးဆုံးစမှတ် ဖြစ်၏။ မိမိလုပ်ငန်းအတွင်း၌ လအက စနစ်အတွက် လိုအပ်ချက်များကို ရှာဖွေခြင်းဖြင့် စတင်သည်။

          စနစ်တကျရေးဆွဲချမှတ်ထားသော လအကမူဝါဒ သည် လအကနယ်ပယ်မှ ရည်မှန်းချက်များ၏ အခြေခံကို ပုံဖော်ပေးသည်။

          လအကမူဝါဒသည် လုပ်ကိုင်ရမည့်နည်းလမ်းများကို ချပြသကဲ့သို့ အဖွဲ့အစည်း၏ အခြားသော အရည်အသွေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမူဝါဒများနှင့် နှီးနွယ်နေခြင်းကိုလည်း မီးမောင်းထိုးပြသည်။ မူဝါဒသည် တိကျပြတ်သားပြီး တိုတောင်းရမည်။ မူဝါဒကို စီမံခန့်ခွဲရေးအဖွဲ့မှ ရေးဆွဲပြီး အဖွဲ့အစည်းအတွင်းရှိသူအားလုံး သိနေစေရမည်။

No comments: