Sunday, September 25, 2011

စင်ကာပူက “ရေ”

ဤဆောင်းပါးတွင်ပါသမျှ အချက်အလက်အားလုံးမှာ PUB, NEA နှင့် Wikipedia Website များမှ ဖြစ်ပါသည်။



၁။ အချီး

ပြီးခဲ့သော နွေရာသီက မြန်မာပြည်တစ်ဝှမ်း သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံရကတည်းက ရေ အကြောင်း စာလေးတစ်ပုဒ် ရေးချင်နေတာကြာပါပြီ။ အကြောင်းအပေါင်းမသင့်သေးသဖြင့် မရေးဖြစ်ခဲ့။ ခုတော့ ECO သင်တန်းက ရလိုက်သော ဗဟုသုတ များနှင့်ပေါင်းကာ ကျွန်တော် စုဆောင်းထားသမျှ မိတ်ဆွေများကို ပြန်လည် ဖောက်သည်ချလိုက်ပါသည်။

ရေတောင်ဝယ်သောက်ရတဲ့နိုင်ငံ ဟု နှိမ်ချင်သလိုလို၊ လှောင်ချင်သလိုလို ပြောသံများ ကျွန်တော်တို့မကြာခဏ ကြားကြရ ပါသည်။ သို့သော် စင်ကာပူအစိုးရသည် သူတို့တိုင်းပြည်၊ သူတို့နိုင်ငံသားများအတွက် ရေကိစ္စမပူပင်ရအောင် မည်ကဲ့သို့ စီမံထားသည်ကို မည်သူလေ့လာဖူးပါသနည်း။

ငါတို့တိုင်းပြည်က သယံဇာတ သိပ်ပေါတာကွ ဟု မြေကြီးထဲရှိနေတာတွေကို အသားလွတ် ထုတ်ထုတ်မကြွားချင်ပါနှင့်။ ထို သယံဇာတများကား ဘိုးဘိုးအောင်ဝလုံးလို တစ်လုံးဖျက်တိုင်း နှစ်လုံးတိုးနေတာမဟုတ်။ ရေနံတစ်စည်ဖြစ်ဖို့ နှစ်သန်းနှင့်ချီ စောင့်ရသည်။ သုံးလို့ရသော ကျွန်းတစ်ပင်ဖြစ်ဖို့ပင် အနှစ် ၅၀ စောင့်ရသည်။ ပတ္တမြားမြေမှ ကျောက်သံပတ္တမြားများကား သုံးလို့မကုန် ထုတ်လို့မခမ်းမဟုတ်။ အားလုံး အကန့်အသတ်ရှိသည် ဆိုသည်ကို မေ့မထားပါလင့်။

လူတို့၏ အဆင်အခြင်၊ အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲမှုကြောင့်ပင် ယခုအခါ ချင်းတွင်းမြစ်ကြီးမှာ ကောလုနီးဖြစ်နေပါပြီ။ ကျောက်စိမ်းထွက်ရာဒေသရှိတောများ တောင်များမှာ ပြောင်တလင်းခါနေပါပြီ။ မကြာမတင်သောကာလတွင် ဧရာဝတီသည် ဘယ်သောင်၊ ဘယ်ကမ်းဆိုက်မည်မသိ။ ရခိုင်ရိုးမတောင်ခြေတွင် ကပ်နေသော ကျွန်တော်တို့ရွာတွင်ပင် ထမင်းချက်ရန် အတွက် ထင်းမီးလောင်စာ အခက်အခဲဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခု မကတော့ပါ။

ကျွန်တော်တို့တိုင်းပြည်တွင် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း စသော ရေချိုမြစ်ကြီးများအပြင် ချောင်းများမြောင်းများ၊ အင်းလေးအိုင်၊ အင်းတော်ကြီးအိုင် တို့ကဲ့သို့ အိုင်ကြီးများ အများအပြားရှိပါသည်။ ကိုလိုနီခေတ်က ရန်ကုန်သို့ အင်းလျားမှ ရေ ပေးခဲ့သည်။ ယခင်က တောင်သမန်အင်း ဆိုသည်မှာ ဟိုဘက်သည်ဘက် မသွားနိုင်သောကြောင့် ဦးပိန်က တံတားဆောက် ပေးခဲ့ရသည်။ သိပ်မကြာခင်ကာလတွင် သည်တံတား လိုချင်မှတောင် လိုတော့မည်။ အင်းဟိုဘက်သည်ဘက် ပုဆိုးကို ခါးတောင်းကျိုက်ကာ သွားနိုင်တော့မည်။ နောက်ဆယ်စုနှစ် အနည်းငယ်အတွင်း အင်းသားများက သူတို့ သားသမီး မြေးမြစ်များကို အရင်တုံးက ဒီနေရာဟာ ရေအိုင်ကြီးပေါ့ကွယ်။ အင်းလေးအိုင်လို့ ခေါ်သကွဲ့။ တစ်ရွာနဲ့တစ်ရွာ သွားချင်ရင် စက်လှေတွေနဲ့သွားကြရတာကလား။ ခုလို ကားတွေနဲ့ ဘယ်သွားနိုင်လိမ့်မလဲ ဟု ပုံပြင်သဖွယ်ပြောကြရတော့မည် ဖြစ်ပါသည်။

သည်မျှ မြစ်ချောင်းအင်းအိုင်များ ပေါများနေပါလျှက် ယခုနှစ်နွေရာသီက နေရာတော်တော်များများတွင် သောက်သုံးရေပြတ် လတ်ခဲ့သည်မှာ ကောင်းလှသော နိမိတ်မဟုတ်ပါ။ လူတို့၏ သဘာဝတရားအပေါ် မဟားတရားပြုမူမှုများကြောင့် သဘာဝတရားကြီးက တန်ပြန်ဒါဏ်ခတ်တာပင်ဖြစ်ပါသည်။ ဤသည်ကို အချိန်မီမကုစားပါလျှင် နောင်လာမည့်နှစ်များ၌ ရေပြဿနာပိုလို့တိုးလာစရာ ရှိပါသည်။ ပျောက်လွယ်ဆုံးလွယ် ရေအရင်းအမြစ်များ ဟု လင်းရောင်ခြည်မဂ္ဂဇင်းတွင် လွန်ခဲ့သော ၂ နှစ်လောက်က ဖတ်လိုက်ရပါသည်။ အဖိုးတန် ဆောင်းပါးတစ်ပုဒ် ဖြစ်ပါ၏။

သည်းခံပါခင်ဗျား။ စင်ကာပူမှ ရေ စီမံချက်အကြောင်းပြောဘို့ဟာ ဘယ့်နှာကြောင့် ဗမာပြည်က ရေဒုက္ခတွေပြောနေရသတုံး ဟု အပြစ်တင်မစောပါနှင့်။

ကျွန်တော်တို့က သည်မြစ်ကြီးများ၊ အင်းကြီးများအားကိုးနှင့် ငါတို့တော့ ဘယ်သောအခါမှ ရေဒုက္ခကြုံရလိမ့်မယ် မဟုတ်ဘူး ဟု ထင်မနေကြစေရန် သတိပေးလိုရင်းဖြစ်ပါသည်။ စင်ကာပူကတော့ နဂိုကတည်းက ရေမရှိလေတော့ ရေအတွက် အထူးတလည်စဉ်းစားရသည်။

သည်လိုဆိုလျှင် သူတို့မည်သို့မည်ပုံ စီမံထားပါသနည်း။

၂။ စင်ကာပူရေ

ယနေ့ စင်ကာပူတွင် သုံးနေသော ရေပမာဏမှာ တစ်ရက်လျှင် ဂါလံသန်းပေါင်း ၃၈၀ (၁,၇၃၀,၀၀၀ ကုဗမီတာ) ရှိသည်။ နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ဤပမာဏထက် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားပါသည်။ ဤပမာဏ၏ ၇၀ ရာခိုင်နှုံးမှာ စက်မှုလုပ်ငန်းသုံးဖြစ်ပြီး အိမ်သုံးမှာ ၃၀ ရာခိုင်နှုံးသာ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က လူတစ်ဦး၏ ရေအသုံးပမာဏမှာ တစ်ရက်လျှင် ၁၆၅ လီတာရှိရာမှ ယခု ၂၀၁၀ တွင် ၁၅၄ လီတာသို့ လျှော့ချနိုင်ခဲ့ပါသည်။ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး တစ်ရက် ၁၄၇ လီတာ၊ ၂၀၃၀ ခုနှစ်တွင် ၁၄၀ လီတာ ဖြစ်ပါသည်။ လူတို့အသုံးအများဆုံးမှာ ရေချိုးခန်း (၂၉%) နှင့် မီးဖိုဆောင် (၂၂%) ဖြစ်၏။ ဤအသုံးများတွင် မလိုဘဲ ဖြုန်းတီးနေမှုများ အများအပြား ပါဝင်နေပါသည်။
မလိုပဲ ရေကို မဖြုန်းမိအောင် ပညာပေးအစီအစဉ်များလုပ်နေရာ ထိုအကြောင်း နောက်ပိုင်းတွင် ဖော်ပြပါမည်။
စင်ကာပူတွင် လက်ရှိ နေ့စဉ်သုံးနေသောရေကို အဓိက ရေအရင်းအမြစ် ၄ ခုမှရယူထားသည်။
၁။ ကုန်းတွင်းစုဆောင်းရေ (Local Catchment Water)
၂။ မလေးရှားမှဝယ်ယူသောရေ (Imported Water from Johor)
၃။ ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၎။ သုံးရေကို ပြန်လည်ပြုပြင်သောရေ (New Water)

PUB (Public Utility Board) မှ စင်ကာပူတွင်လိုသမျှရေကို ထောက်ပံ့ပေးနေရာ ထိုရေများကို ကုန်းတွင်းစုဆောင်းရေမှ ၅၀%၊ မလေးရှားမှ တင်ပို့သောရေ ၃၃%၊ ပင်လယ်ရေမှ ချက်သောရေ ၁၀% နှင့် ပြန်ပြင်ထားသောရေ ၇% ဟု ပေါင်းစပ်ကာ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။  
၂၊ ၁။ ကုန်းတွင်းစုဆောင်းရေ
ကုန်းတွင်းစုဆောင်းရေတွင် နှစ်ပိုင်းရှိ၏။ တစ်ပိုင်းမှာ မိုးရေဖြစ်ပြီး နောက်တစ်ပိုင်းမှာ သုံးပြီးရေ ဖြစ်သည်။
ပင်လယ်ထဲမှ ကျွန်းတစ်ခုဖြစ်သော စင်ကာပူတွင် အ၀ီစိတွင်းတူးဘို့ မဖြစ်နိုင်။ သည်တော့ မိုးရေကို အားကိုးရသည်။ သည်ရေကို Surface water ဟု ခေါ်သည်။ စင်ကာပူလို ကျွန်းသေးသေးလေးအတွက် တစ်နိုင်ငံလုံးသုံးနိုင်လောက်အောင် မိုးရေခံစရာ ကုန်းမြေပင် အလုံအလောက်မရှိပါ။ သည်တော့ မိုးရေကို အဖိတ်အစင် အလေအလွင့်မရှိအောင် မည်ကဲ့သို့ ကဲ့ယူ စုဆောင်းထားသည်ကို ဗဟုသုတရစေရန် ပြည့်ပြည့်စုံစုံလေး တင်ပြပါမည်။ (ဤသည်ကို နမူနာယူပြီး ရန်ကုန်မြို့တော်၏ ရေလိုအပ်ချက် တစ်စိတ်တစ်ပိုင်းကို ကန်တော်ကြီးနှင့် အင်းလျားကန်များမှ ပံ့ပိုးပေးသွားလို့ ရပါသည်။) ဤကဲ့သို့ ရေစုဆောင်းခြင်းကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်ပြည့်စုံစုံ ပြဌာန်းထားပါသည်။ ဤဥပဒေ နှင့် လုပ်ထုံး လုပ်နည်းများအကြောင်းလည်း အနည်းငယ် မိတ်ဆက်ပေးပါမည်။ လျှာရှည်သည်ဟု မယူဆစေလိုပါ။ ပညာတတ်သူများ လုပ်တာ မည်မျှစနစ်ကျသနည်းဆိုတာ ပြောလိုရင်းဖြစ်ပါသည်။
ရွာချလိုက်သော မိုးရေကို ပထမ ရေမြောင်းများဆီ ကဲ့ယူသည်။ ထိုရေမြောင်းများမှသည် ကန်များအတွင်းသို့ဖြစ်စေ၊ မြစ်များ အတွင်းသို့ဖြစ်စေ စီးစေသည်။ ထို တူးမြောင်း၊ မြစ်များမှရေကို လှောင်ထားကာ သန့်စင်ပြီး သုံးရေအဖြစ် ဖြန့်ဝေသည်။
စင်ကာပူတွင် ကုန်းတွင်းရေကန် စုစုပေါင်း ၁၇ ခုရှိသည်။ Punggol နှင့် Serangoon Reservoir များမှာ ယခုမှပြီးသော ၁၆ ခု နှင့် ၁၇ ခုမြောက် ရေလှောင်ကန်များဖြစ်သည်။ မရီနာရေကန်သည်ကား စင်ကာပူမြို့တွင်း ဟက်တာ တစ်သောင်းမျှသော မိုးရေခံဧရိယာများမှ ရေကို Ang Mo Kio, Kallang မြစ်များမှတစ်ဆင့် စုဆောင်းသည်။ ထိုပမာဏသည် မနည်းပါ။ စင်ကာပူ ရေလိုအပ်ချက်၏ ၁၀% ထိ စုပေးနိုင်သည်။  Punggol, Serangoon နှင့် Marina ရေကန်များ၏ ရေစုဆောင်းဧရိယာသည် စင်ကာပူတစ်နိုင်ငံလုံး၏ ထက်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံထိ ရှိသဖြင့် အကြီးဆုံးဟု ပြော၍ရပါသည်။ ထိုမိုးရေခံဧရိယာကို နည်းပညာအသစ်များသုံးလျှက် စင်ကာပူဧရိယာ၏ ၉၀% ထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားပါသည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေမှ ရေချိုချက်လုပ်ခြင်းစရိတ်စကမှာ အလွန်ကြီးမြင့်သောကြောင့် မိုးရေကို အဓိကအားထား သုံးစွဲရန် ဖြစ်သည်။
လက်ရှိ စင်ကာပူတွင် ရေသယ်ပေးရန် မြစ် ၃၂ ခု နှင့် မြောင်း၊ တူးမြောင်း စုစုပေါင်း ကီလိုမီတာ ၇၀၀၀ မျှရှိသည်။



စင်ကာပူကုန်းတွင်း ရေကန်ကြီးများ

Pandan Reservoir
Kranji Reservoir
Murai Reservoir
Tengeh Reservoir
Jurong Lake Reservoir
MacRitchie Reservoir
Sarimbun Reservoir
Pulau Tekong Reservoir
Upp Peirce Reservoir
Lower Peirce Reservoir
Marina Reservoir
Serangoon Reservoir
Bedok Reservoir
Upp Seletar Reservoir
Pungol Reservoir
Poyan Reservoir
Lower Seletar Reservoir



 စင်ကာပူ မြစ်များ

Jurong River
Pandan River
Mandai Kechi River
Seletar Simpang River
Ulu Pandan River
Peng Siang River
China River
Sembawang River
Tengah River
Kangkar River
Mandai River
Punggol River
Singapore River
Kallang River
Khatib Bongsu River
Seletar River
Rochor River
Geylang River
Tong Kang River
Serangoon River
Bedok River
Changi River
Pinang River
Api Api River
Selarang River
Loyang River
Tampines River



၂၊ ၂။ ဂျိုဟိုးမှ တင်သွင်းသောရေ

စင်ကာပူသို့ ရေတင်ပို့ရန် မလေးရှားနှင့် စင်ကာပူတို့ ၁၉၆၁ နှင့် ၁၉၆၂ ခုနှစ်တို့တွင် စာချုပ်ခဲ့သည်။ ပထမစာချုပ်သည် ၂၀၁၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ဒုတိယစာချုပ်သည် ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်။ ဆိုလိုသည်မှာ ၂၀၆၁ ခုနှစ် ရောက်လျှင် စင်ကာပူသည် မလေးရှားမှ ရေမ၀ယ်တော့ဘဲ မိမိရေဖြင့်သာ လည်ပတ်မည်ဖြစ်ပါသည်။
ထိုစာချုပ်အရ မလေးရှားမှဝယ်သော ရေဈေးနှုံးမှာ အင်မတန် သက်သာပါသည်။ ဂါလံတစ်ထောင်(၄၅၀၀ လီတာ) မှ ၁ ပြားသာ ကျသင့်၏။ သို့သော်လည်း ဤဈေးနှုံးကို မလေးရှားဘက်မှ ကျေနပ်သည်တော့မဟုတ်ပါ။ သည့်အတွက် စင်ကာပူ အစိုးရကလည်း ရေကိစ္စတွင် မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆပါတော့သည်။

မလေးရှားမှ ရေတင်ပို့သော ပိုက်လုံးကြီးများအား တွေ့ရစဉ်
၂၊ ၃။ ပင်လယ်ရေကို ကျိုချက်သောရေ
၂၀၀၅ ခုနှစ်တွင် Tuas ၌ SingSpring desalination plant ကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စင်ကာပူပံ့ပိုးရေ ကဏ္ဍသစ်တစ်ရပ် ဖွင့်လိုက်သည်။ ထိုစက်ရုံမှ တစ်နေ့လျှင် ရေဂါလံ သန်း ၃၀ (၁၃၆၀၀၀ ကုဗမီတာ) ကျိုချက်နိုင်သည်။ ကမ္ဘာပေါ်တွင် ပင်လယ်ရေကို အများဆုံးကျိုသုံးသည့်နိုင်ငံများအနက် တစ်နိုင်ငံပင်ဖြစ်ပါတော့သည်။ နယူးဝါးတားကဲ့သို့ပင် PUB ၏ ငွေကုန်ကြေးကျများစွာခံကာ ရင်းနှီးမြှုပ်နှံထားသော သုတေသနလုပ်ငန်းများ၏ ရလာဒ်ပင် ဖြစ်ပါသည်။ ရေသည် အသက်၊ အသက်သည်ရေ ဖြစ်သဖြင့် ရေကိစ္စ အထူးသုတေသနပြုနိုင်ရန် လာမည့် ၅ နှစ်အတွက် သုတေသနရံပုံငွေ စင်ကာပူဒေါ်လာ သန်းပေါင်း ၃၃၀ သုံးစွဲရန် ချမှတ်ထားပါသည်။
တစ်နေ့လျှင် ရေဂါလံ သန်း ၇၀ ထုတ်ပေးနိုင်မည့် နောက် ပယ်လယ်ရေချက်စီမံကိန်းတစ်ခုမှာလည်း Tuas တွင်ပင်ရှိ၏။ ထိုစီမံကိန်းမှ ထုတ်မည့်ရေကို PUB သို့ ၂၀၁၃ ခုနှစ်မှ ၂၀၃၈ ခုနှစ်ထိ ၂၅ နှစ်ရောင်းမည်။ ဈေးတော့နည်းနည်းကြီးသည်။ တစ်ကုဗမီတာကို ၄၅ ပြား ဖြစ်၏။
၂၀၆၀ ခုနှစ်သို့ရောက်လျှင် စင်ကာပူရေလိုအပ်ချက်၏ ၃၀% ကို ပင်လယ်ရေကိုကျိုသောရေမှ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက် ထားပါသည်။
၂၊ ၄။ နယူးဝါးတား (သုံးပြီးသားရေကို ပြန်လည်ပြုပြင်ထားသောရေ)
၂၀၀၂ ခုနှစ်မှစကာ အများပြည်သူသုံးသောရေထဲသို့ နယူးဝါးတားကို စမ်းလွှတ်ခဲ့သည်။ သုံးပြီးသားရေကို ပြန်သုံးခိုင်းတာ ဆိုတော့ လွယ်လွယ်လေးတော့မဟုတ်။ သည်အဆင့်ရောက်အောင် သိပ္ပံစမ်းသပ်ချက် ၆၅၀၀၀ လုပ်ခဲ့ရသည်။ WHO ၏ လိုအပ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အတည်ပြုချက်ရတော့မှ လွှတ်ရတာဖြစ်၏။ သည်ရေအတွက် ၂၀၀၇ ခုနှစ်တွင် PUB သည် Stockholm Industry Water Award ကို ရခဲ့သည်။
လက်ရှိကျွန်တော်တို့သုံးနေသောရေတွင် နယူးဝါးတား (ရေသစ် ဟုတော့ ဘာသာမပြန်ပါရစေနှင့်) ၇% ပါသည်။ ထိုပေါင်းစပ်နှုံး ကို နှစ်စဉ်တဖြည်းဖြည်း တိုးမြှင့်သွားမည်။ ၂၀၆၀ ရောက်လျှင် နယူးဝါးတား ပေါင်းစပ်မှုမှုအချိုးကို ၅၀% ထိ တိုးမြှင့်မည်။
နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ ပါသောအဖွဲ့က နယူးဝါးတားအတွင်း ဓါတုဗေဒပေါင်းစပ်ပါဝင်မှု၊ အဆိပ် နှင့် အဏုဇီဝများအတွက် တစ်နှစ်လျှင်နှစ်ကြိမ် စမ်းသပ်စစ်ဆေးသည်။
နယူးဝါးတားထုတ်လုပ်မှုတွင် အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ပါသည်။
ပထမအဆင့်မှာ micro filtration အနုစိတ်စစ်ထုတ်ခြင်း ဖြစ်၏။ မလိုလားအပ်သော အမှုန်အမှိုက်၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် စသည်တို့ကို membrane (ရေစစ်စက္ကူ ဟုပဲ အနီးစပ်ဆုံးပြန်လို့ရပါမည်။ သို့သော် စက္ကူမဟုတ်ပါ။) များဖြင့် စစ်ထုတ်သည်။ သို့သော် သောက်သုံးရေအတွက် လိုအပ်သော ပျော်ဝင်ဆားအချို့နှင့် အော်ဂဲနစ်မော်လီကျူးများကိုတော့ ဖြတ်ခွင့်ပေးသည်။
ဒုတိယအဆင့်တွင် ပထမအဆင့်စစ်စင်က ပါလာနိုင်သေးသော ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကို ပိုပြီး အနုစိတ်သော ဆန်ခါဖြင့် ထပ်စစ်ခြင်းဖြစ်သည်။ ထိုဆန်ခါကို semi-permeable membrane ဟုခေါ်၏။ ထိုအဆင့်ကိုဖြတ်လာပြီးသောရေမှာ အလွန်သန့်စင်သော high grade water ဖြစ်ပါသည်။ ထိုအဆင့်ပြီးလျှင် ထွက်လာသောရေကို မည်သည့်အကောင်ပလောင်မှ မကျန်ရအောင် ခရမ်းလွန်ရောင်ခြည်ဖြင့် ထပ်မံသန့်စင်ခြင်း၊ ရေအတွက်လိုအပ်သော pH ရအောင်လုပ်ခြင်း၊ မင်နရယ် ဓါတ်သတ္တုများ ထည့်ခြင်း စသည်တို့ လုပ်ပါသည်။
ဤအဆင့်မှ ကျော်လွန်လာသောရေမှာ သောက်သုံးရန် အဆင်သင့်ဖြစ်နေပါပြီ။
သို့သော်လည်း နယူးဝါးတား၏ မူလရည်မှန်းချက်မှာ သောက်သုံးရေအတွက်မဟုတ်။ စက်မှုလုပ်ငန်းသုံးအတွက်သာ ဖြစ်သည်။ စက်မှုလုပ်ငန်းသုံးထဲရောက်စေရန် ရေကို သီးသန့်ပိုက်လိုင်းများဖြင့်ပေးသည်။ သို့သော်လည်း အားလုံးတော့ မဟုတ်။ အချို့နယူးဝါးတားကိုမူ အိမ်သုံးရေအတွက် သုံးသည်။ စင်ကာပူရေလိုအပ်ချက်၏ ၁% (တစ်နေ့လျှင် ၉၀၀၀ ကုဗမီတာခန့်) ကို စင်ကာပူရေကန်ကြီးများသို့ ထည့်သည်။ ကန်ရေများနှင့်ရောသွားသော နယူးဝါးတားကိုမှ သောက်သုံးရေ ဖြစ်လာအောင် ထပ်မံပြုပြင်ကာ PUB ရေအဖြစ် လွှတ်ခြင်းဖြစ်ပါသည်။ သို့သော် ယခုအခါ နယူးဝါးတား ၂.၅% (၄၅၀၀၀ ကုဗမီတာ) ခန့် ရောနှော သုံးနေပြီဖြစ်ပါသည်။
ဤပုံမှာ ရေစစ်ဆန်ခါအရွယ် နှင့် အမှုံအမှိုက်များ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၏ အရွယ်ကို နှိုင်းယှဉ် ပြထားခြင်း ဖြစ်ပါသည်။

ဤပုံမှာ နယူးဝါးတား ထုတ်လုပ်မှုအဆင့်ဆင့် သရုပ်ဖော်ပုံဖြစ်ပါသည်။
ထိုမျှသာမက နယူးဝါးတားကို အများပြည်သူ သောက်သုံးရေပုလင်းများအဖြစ် ထုတ်လုပ်ခဲ့ပါသေးသည်။ ယခုအခါ နယူးဝါးတား သောက်ရေသန့် ပုလင်းပေါင်း ၁၇သန်း ထုတ်လုပ်ခဲ့ပြီးဖြစ်ပါသည်။

စင်ကာပူတွင် နယူးဝါးတားစက်ရုံများ တစ်ရုံပြီးတစ်ရုံတည်လျှက်ရှိရာ ပထမဦးဆုံးစက်ရုံများဖြစ်သော Bedok နှင့် Kranji စက်ရုံများကို ၂၀၀၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် Seletar ၊ ၂၀၀၇ မတ်လတွင် Ulu Pandan ကို ဖွင့်လှစ်ခဲ့၏။ ထိုစက်ရုံ ၄ ခု၏ ထုတ်လုပ်အားမှာ စင်ကာပူရေလိုအပ်ချက်၏ ၁၅% ကို ဖြည့်ဆည်းပေးနိုင်သည်။ ၅ ရုံမြောက် နှင့် အကြီးဆုံးစက်ရုံကို Changi တွင် ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့ရာ ထိုစက်ရုံ ၅ ရုံမှ ထုတ်လုပ်သော နယူးဝါးတားမှာ စင်ကာပူ ရေလိုအပ်ချက်၏ ၃၀% ထိ ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်ပါသည်။
သုံးပြီးသားရေများကို နယူးဝါးတားစက်ရုံများသို့ ပို့ပေးရန် ရေဆိုးပိုက်လိုင်းများ လိုမည်။ ထိုရေဆိုးပိုက်လိုင်းများမှာ တစ်နိုင်ငံ လုံးကို ကွန်ယက်သဖွယ် ဖြန့်ကျက်ထားရမည်ဖြစ်သဖြင့် အခြားမြေအောက်လိုင်း၊ ဥပမာ MRT ဥမင်၊ လျှပ်စစ်ဓါတ်ကြိုးလိုင်း၊ ဂက်စ်လိုင်း စသည်တို့နှင့် လွတ်နေရန် အရေးကြီးသည်။ သည့်အတွက် မြေအောက်အတော်နက်နက် (အနက် ၅၅ မီတာ) တွင် ပြေးရသည်။ သည်မျှအနက်ကြီးတူးရသော ပိုက်လိုင်းများဖြစ်သဖြင့်လည်း မကြာခဏပြင်လို့မရ။ အနည်းဆုံး အနှစ် ၁၀၀ စီမံကိန်းချကာ လုပ်ထားသည်။
အင်မတန် ချီးကျူးစရာကောင်းသော ဦးဏှောက်များပါပေတည်း။
နယူးဝါးတားစက်ရုံများမှ ရေခွဲဝေပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



နယူးဝါးတားသည် သာမန်ရေထက် ပိုကြည်၏။

နယူးဝါးတားသည် သာမန်ရေထက် ပိုသန့်ရှင်း၏။

နယူးဝါးတားသည် သာမန်ရေထက် ပိုပြီးရောဂါပိုး (ဘက်တီးရီးယားစသည်) ပါဝင်နှုံးနည်း၏။

နယူးဝါးတားသည် သာမန်ရေထက် ပိုပြီး အော်ဂဲနစ်ဓါတ်ပစ္စည်းများ ပါဝင်နှုံးနည်း၏။

ချန်ဂီနယူးဝါးတား စက်ရုံ


မှတ်သားစရာအချက်မှာ ဤနယူးဝါးတားစီမံကိန်းမှာ မနေ့တစ်နေ့ကမှ စိတ်ကူးပေါက်၍ ထလုပ်ခြင်းမဟုတ်ဘဲ လွန်ခဲ့သော အနှစ် ၃၀ ကျော် (၁၉၇၂ ခုနှစ်) ကတည်းက စီမံချက်ချ လုပ်ကိုင်လာခဲ့ခြင်း ဖြစ်ပါသည်။

၃။ ရေအရည်အသွေး

မြန်မာစကားပုံကတော့ ရေတစ်ပိသာရှိရင် သန့်တယ် ဟူ၏။ ဤအယူအဆသည် လွန်ခဲ့သော အနှစ် ၅၀ ကျော်၊ ၁၀၀ က မှန်ချင်မှန်ပါလိမ့်မည်။ ရေအတွင်း ဘာအမှိုက်သရိုက်၊ မည်သည့်စွန့်ပစ္စည်းမှ အများအပြားမရှိသေး။ ကျွန်တော်တို့ဘက်တွင် မြစ်ရေကိုသာ သောက်ကြသည်။ သောက်သည် ဆိုတာတောင် ဘာကျိုချက်နေတာမှ မဟုတ်။ မြစ်လယ်သို့ လှေဖြင့်သွား ခပ်ကာ သည်အတိုင်း သောက်ခြင်းဖြစ်သည်။ ကျွန်တော့် အမျိုးအနွယ် ဘကြီး၊ ဘထွေး၊ ဒေါ်ကြီးဒေါ်လေးများ အသက် ၈၀ ကျော်၊ ၉၀ ထိ သည်အတိုင်း ဘာရောဂါမှ ထူးထူးထွေထွေမဖြစ်ဘဲ နေသွားခဲ့ကြသည်။ သို့သော် ယခုခေတ်တွင် ဤမျှလောက်ထိ စိတ်ချဘို့ရာ မဖြစ်နိုင်တော့ပါ။

စင်ကာပူတွင် ပိုက်မှလာသောရေ (tap water) ကို ဘာမှ စစ်နေစရာမလို၊ ကျိုချက်နေစရာမလိုဘဲ သည်အတိုင်း သောက်လို့ရသည်။ သောက်လို့ရကြောင်း အစိုးရမှ အာမခံထားသည်။ မည်သည့်အတွက် အာမခံနိုင်သနည်း။ ကဲသည်ဟု ဆိုချင်ဆို။ စင်ကာပူမှရေကို PUB က တစ်လလျှင် စစ်ဆေးချက်ပေါင်း ၈ သောင်းထိ လုပ်သည်ဆို၏။ ဤသည်မှာ တစ်လထဲ မဟုတ်။ လတိုင်းလုပ်တာဖြစ်သည်။ ဤစစ်ဆေးချက်များတွင် အရည်အသွေးစံ စမ်းသပ်ချက် (parameter) ၂၉၀ ပါသည်။ ဤသည်မှာ WHO (World Health Organization) မှ သတ်မှတ်ထားသော အချက် ၁၃၀ ပေါ်တွင် စမ်းသပ်ရမည် ဟူသည့် စံနှုန်းထက် နှစ်ဆကျော် ပိုထားခြင်း ဖြစ်သည်။ သည့်အတွက် PUB က ရေပိုက်ခေါင်းမှလာသောရေကို စိတ်ချလက်ချ သောက်ရန် အာမခံနိုင်ခြင်း ဖြစ်ပါသည်။

စမ်းသည်ဆိုရတွင်လည်း စမ်းသည့်ရေကို တစ်နေရာထဲမှ ယူတာမဟုတ်။ စင်ကာပူတစ်နိုင်ငံလုံး နေရာအနှံ့အပြားမှ လိုက်ယူ ခြင်းဖြစ်သည်။ ထိုမျှသာမကသေး။ PUB မှ စမ်းသပ်ချက်ကို NEA (National Environment Agency) မှလည်း ထပ်မံ စစ်ဆေးသေးသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က PUB ရေကို စစ်ဆေးပြီး စင်ကာပူတွင် ရေပိုက်မှလာသောရေသည် အဆင့်မြင့်ရေအရည်အသွေးဖြင့်ပြည့်ဝကြောင်း အစီရင်ခံသွားပါသည်။



သို့ဆိုလျှင် အဘယ်ကဲ့သို့ ရေကို သန့်စင်အောင် ပြုပြင်ပါသနည်း။

ပထမ ရေထဲတွင်ပါလာသော ရောဂါဖြစ်စေနိုင်သည့် ပိုးမွှား၊ ဘက်တီးရီးယားများကို ဓါတုဆေးရည်များဖြင့် သန့်စင်သည်။ ထိုသန့်ပြီးသားရေကို မြေဆွဲအားအသုံးပြုကာ အမှုန်အမှိုက်ကင်းစေရန် ရေစစ်ဆန်ခါများအတွင်း ဖြတ်စေသည်။ ထို့နောက် ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြောင့် ရောဂါမဖြစ်ပွားစေနိုင်ရန် ကလိုရင်းရောသည်။ လုံးဝစိတ်ချရပြီ ဆိုမှ ပိုက်လိုင်းများအတွင်း ပန့်များဖြင့် မောင်းထည့်သည်။ (ဓါတုသန့်စင်နည်း စသည်တို့ကို ကျွန်တော်နားမလည်ပါသဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။ သိလို့လည်း အကျိုးမထူးနိုင်ပါ။)

သာမန်လူများနားမလည်နိုင်သော ပျင်းစရာကောင်းလှသည့် ရေအရည်အသွေးဇယားကြီးကို ဤနေရာတွင် ချန်ခဲ့ပါမည်။ သိလိုလျှင် PUB Website တွင် ဖတ်ကြည့်ကြပါခင်ဗျား။

၎။ ရေဈေးနှုံး

ရေဈေးနှုံးသတ်မှတ်ရာတွင် နှစ်မျိုးသတ်မှတ်ပါသည်။ ပထမတစ်ခုမှာ အမျိုးအစား (အိမ်သုံးလား၊ အိမ်သုံးမဟုတ်တာလား) နှင့် ဒုတိယတစ်ခုမှာ ရေမည်မျှ သုံးသနည်း ဆိုခြင်းအပေါ် မူတည် သတ်မှတ်ပါသည်။ ကျွန်တော်တို့နှင့် တိုက်ရိုက်မဆိုင်သော အိမ်သုံးမဟုတ်တာ မေ့သာထားလိုက်ပါ။ အိမ်သုံးအတွက် (တစ်လလျှင်) -

ရေ သုညကုဗမီတာ မှ  ၄၀ ကုဗမီတာအတွက် - ၁ ကုဗမီတာလျှင် ၁.၁၇ ဒေါ်လာ

၄၀ ကုဗမီတာအထက် ဆိုလျှင် - ၁ ကုဗမီတာလျှင် ၁.၄ ဒေါ်လာ

Water conservation tax မှာ -

ရေ သုညကုဗမီတာ မှ  ၄၀ ကုဗမီတာအတွက် - ရေဘိုးကျသင့်ငွေ၏ ၃၀%

၄၀ ကုဗမီတာအထက် ဆိုလျှင် - ရေဘိုးကျသင့်ငွေ၏ ၄၅%

သို့ဖြစ်ရကား ရေများများသုံးသူ ပိုက်ဆံပိုပေးရမည် ဟုဆိုလိုပါသည်။ တနည်းအားဖြင့်လည်း ရေအသုံးကို ပိုက်ဆံနှင့် ထိန်းထားတာ ဖြစ်ပါသည်။

PUB Bill ပေးဖူးသူများကတော့ သတိထားမိပါလိမ့်မည်။ Bill စာရွက်နောက်ကျောတွင် ယခင်လများက ရေမီးအသုံး မည်မျှရှိသည်။ ယခုလတွင် မည်မျှ ဆိုသည်ကို ဂရပ်ဖြင့် ဖော်ပြထားပါသည်။ ထိုမျှသာမက ရေအသုံး ပုံမှန်ထက်ပိုများ လာပါက ရေယိုနေသလား ပိုက်လိုင်းများကို စစ်ဆေးပါ ဟု သတိပေးစာပါ ထည့်ပေးလိုက်ပါသည်။ ထိုမျှသာမကသေး၊ ရေကို မည်ကဲ့သို့ ချွေတာသင့်သည် စသော သိသင့်သိထိုက်သည့် လက်ကမ်းစာစောင်ကလေးများပါ ဘီလ်စာအိတ်နှင့်အတူ ထည့်ပေးတတ်ပါသေးသည်။

၅။ ရေကိုချွေတာ သုံးစွဲပါ

မူလလှောင်သော ရေကန်များမှ တကယ်သုံးမည့် နေအိမ်များရောက်သည်ထိ အကြားတွင် ဆုံးရှုံးသွားသောရေကို UFW (Unaccounted For Water) ဟု ခေါ်၏။ ထိုရေပမာဏလည်း အရေးကြီးပါသည်။ မလိုအပ်ပဲ ရေများမဆုံးရှုံးရအောင် ကာကွယ်ရမည်။ အခြားတိုင်းပြည်များတွင် ဤပမာဏသည် ၁၀ မှ ၃၀% ထိပင်ရှိသော်ငြား စင်ကာပူတွင် ၅% သာရှိအောင် ထိန်းထားနိုင်သည်။ ရေယိုခြင်း ရှိမရှိ ရေပိုက်လိုင်းများကို အမြဲစောင့်ကြည့် စစ်ဆေးနေသည်။

သင့်အိမ်တွင် ရေသုံးသည့်ပမာဏကို သင်သိပါ၏လော။

ရေကိုချွေတာသုံးစွဲနည်းများ
၁။ လုံလောက်ရုံသာ ရေချိုးပါ။ မလိုအပ်ပဲ ဖြုန်းတီးတာမျိုး မဖြစ်ပါစေနှင့်။
၂။ ဆပ်ပြာတိုက်နေစဉ် ရေပိတ်ထားပါ။
၃။ သွားတိုက်လျှင် ရေပိုက်ခေါင်းကိုဖွင့်သုံးမည့်အစား ရေခွက်ဖြင့်ခံသုံးပါ။
၎။ အိမ်သာရေဆွဲလျှင် အပေါ့သွားသောအခါ ဆွဲခြင်းနှင့် အလေးသွားသောအခါ ဆွဲခြင်းကို ခွဲခြားသိပါစေ။
(အပေါ့သွားပြီး နှိပ်လျှင် တစ်ချက်နှိပ်ရုံမျှနှင့် လုံလောက်သည်။ အလေးသွားပြီး နှိပ်လျှင် ခပ်ကြာကြာနှိပ်ထားရမည်။)
၅။ အအေးခန်းထဲမှ ထုတ်လာသော အသားငါးများကို ရေခေါင်းဖွင့်ပြီးပျော့သွားအောင် မလုပ်ပါနှင့်။ မနက်ဖြန်ချက်မည့် အသားငါးများကို ယနေ့ညကတည်းက အပေါ်ရေခဲခန်းမှ အောက်ဖက် အသီးအရွက်ခန်းသို့ ပြောင်းထည့်ထားခြင်းဖြင့် ရေခဲများ အရည်ပျော်သွားပေမည်။
၆။ အသီးအရွက်များကို ရေဆေးခြင်း၊ ပန်းကန်ခွက်ယောက်များကို ဆေးခြင်းအား ဇလုံဖြင့်သုံးပါ။ ရေပိုက်ခေါင်းဖွင့် သုံးခြင်းသည် မလိုအပ်ပဲ ရေကို ပိုကုန်စေသည်။

၇။ အ၀တ်တစ်ထည်၊ နှစ်ထည်ထဲဖြင့် အ၀တ်လျှော်စက်သုံးကာ လျှော်ခြင်းသည် မီးကိုရော ရေကိုပါ မလိုအပ်ပဲ ဖြုန်းတီးခြင်း ဖြစ်သည်။ အ၀တ်လျှော်စက် တစ်လုံးစာပြည့်မှ လျှော်ပါ။ လူတစ်ဦးအတွက် တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်ပါသည်။


၈။ အ၀တ်လျှော်စက်မှ ထုတ်လိုက်သောရေကို လွှင့်မပစ်ပါနှင့်။ အိမ်သာလောင်းရန် သို့မဟုတ် ကြမ်းတိုက်ရန် ပြန်သုံးပါ။

၉။ ရေအသုံးကို PUB မှပို့လာသော ငွေတောင်းခံလွှာ ဘီလ်တွင် အမြဲစစ်ပါ။ မသင်္ကာစရာ ပိုများလာပြီဆိုလျှင် ရေယိုနေပြီလား စစ်ဆေးပါ။

၁၀။ ရေခေါင်းကို ပိတ်ပြီဆိုလျှင် သေချာစွာပိတ်ပါ။ ရေများ တစ်စက်စက်ကျမနေပါစေနှင့်။

၁၁။ Water Efficient ဟု ရေးထားသော ရေခေါင်းများသုံးပါ။

၁၂။ မသုံးသောအခါများတွင် (ခေတ္တပင်ဖြစ်စေ) ရေခေါင်းကို ပိတ်ထားပါ။

၁၃။ ရေယိုနေပြီ ဆိုပါစို့။ ချက်ခြင်းပြင်ပါ။

၁၄။ ရေယိုခြင်းကို စစ်နိုင်သည့်တစ်နည်းမှာ အိမ်ရှိရေခေါင်းများအားလုံးကို သေချာကျနစွာ ပိတ်ပါ။ ထို့နောက် ရေမီတာကို စစ်ကြည့်ပါ။ ရေလုံးဝမသုံးသည့်တိုင် ရေမီတာ တက်နေသေးသည်ဆိုလျှင် ရေယိုတာ သေချာပါသည်။ Plumber ကို အမြန်ဆုံးခေါ်ပါ။


၁၅။ ကားဆေးရာတွင် ရေပိုက်အစား ရေပုံးကို သုံးပါ။


၁၆။ သစ်ပင်ပန်းမန်များကို ရေလောင်းရာတွင် နံနက် ၄ နာရီမှ ၇ နာရီအတွင်း၊ ညနေ ၆ နာရီမှ ၉ နာရီအတွင်း ရေပုံးကို သုံး၍လောင်းပါ။ (ထိုအချိန်များသည် ရေငွေ့ပျံအနည်းဆုံးဖြစ်သည်။)

၆။ ရေပိုက်ပြင်လိုလျှင်

ရေပိုက်ပျက်၍ ပြင်လိုလျှင် လိုင်စင်ရ ပိုက်ပြင်သမားကိုသာ ခေါ်ပါ။ လိုင်စင်ရပိုက်ပြင်သမားကို PUB Website ၌ကြည့်နိုင် ပါသည်။ သို့မဟုတ်ပါကလည်း PUB ၏ ၂၄ နာရီ hotline ဖုံးနံပါတ်ဖြစ်သော 1800-2846600 သို့ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် Singapore Plumbing Society ဖုံးနံပါတ် 6294 9252 သို့ဖြစ်စေ NTUC Income Home Service နံပါတ် 6788 8788 သို့ဖြစ်စေ ခေါ်နိုင်ပါသည်။

လိုင်စင်ရ ပိုက်ပြင်သမားဟုတ်မဟုတ် သူတို့လက်မှတ်ကို တောင်းကြည့်နိုင်ပါသည်။ လက်မှတ်တွင် WS12345678 ဟု နံပါတ် နှင့်တကွ နာမည်၊ IC No. တို့ကို ဖော်ပြထားပါသည်။

အရေးကြီးသော မှတ်ချက်

လိုင်စင်ရ ပိုက်ပြင်သမားသာ PUB ရေပိုက်လိုင်းကို ပြင်လို့ရပါသည်။ လိုင်စင်ရပိုက်ပြင်သမားမဟုတ်ဘဲ အခြား ကျွမ်းကျင်သူ တစ်ဦးဦး သို့မဟုတ် သင်ကိုယ်တိုင် ပြင်သည်ဖြစ်အံ့။ စင်းဒေါ်လာ တစ်သောင်းထက်မပိုသော ဒါဏ်ကြေး  သို့မဟုတ် သုံးနှစ် ထက်မပိုသော ထောင်ဒါဏ် သို့မဟုတ် ငွေဒါဏ် ထောင်ဒါဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ပါသည်။

၇။ နိဂုံး

ဤသည်မှာ စင်ကာပူမှ ရေအကြောင်း သိသင့်သိထိုက်သည်တို့ကို စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့တိုင်းပြည် တွင်လည်း သောက်သုံးရေကို အရေးတကြီးထားကာ စီမံချက်များချမှတ်၍ လုပ်သင့်နေပြီ ဖြစ်ပါသည်။ ရေအခက်အခဲ ဖြစ်သဖြင့် အလှူခံလာသောကြောင့် ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့က လှူထားတာပင် အ၀ီစိတွင်း ဆယ်လုံး မကတော့ပါ။ နှစ်စဉ်လည်း သောက်သုံးရေပြဿနာကို ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ ဖြစ်၏။

ကျွန်တော်ငယ်စဉ်က ဗကပများအား နှိမ်နှင်းရန် ကျွန်တော်တို့ရွာတွင် စစ်တပ်များလာရောက် စခန်းချသည်။ (ထိုစဉ်က စစ်ဗိုလ်စစ်သားများမှာ ယခုခေတ် စစ်ဗိုလ်စစ်သားများကဲ့သို့မဟုတ်။ စစ်သားများနှင့် ကျွန်တော်တို့ရွာသားများမှာ ချစ်ခင်စည်း လုံးစွာ နေထိုင်ခဲ့ကြသည်။ မည်မျှချစ်သနည်းဟူမူ ကျွန်တော်တို့ရွာမှ အပျိုတော်တော်များများမှာ စစ်သားများနှင့် ညားကုန်ကြ သတည်း။ ဤကား စကားချပ်)

ထိုအထဲမှ စစ်ဗိုလ်ကြီးတစ်ဦးက တောမြို့ကလေးမှ ဈေးခံတောင်းခေါင်းရွက်ကာ ပြန်လာသော အဒေါ်ကြီးများအား မေး၏။

ဘာတွေများတုံး ဒေါ်ကြီးရဲ့။

ကွင်းကောက်က ဈေးဝယ်ပြီး ပြန်လာတာပါကွယ်။ ငရုတ်သီးတို့၊ ဗူးသီးတို့၊ ဂေါ်ဖီတို့ ပေါ့။ ဖရုံသီးလည်း ပါတယ်။

အယ်မယ်မင်းဗျာ။ ခင်ဗျားတို့ဟာ ကပြောင်းပြိ ကပြောင်းပြန်ဖြစ်နေပါရော့လား။ ဒေါ်ကြီးတို့တောက စိုက်လို့ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက်ကို ကွင်းကောက်သွားရောင်းရမှာ။ ခုတော့ ကွင်းကောက်က အသီးအရွက်တွေ ပြန်ဝယ်စားရတယ်လို့ဗျာ။ ဒါကြောင့် ဒေါ်ကြီးတို့ လူမွေးလူတောင်မပြောင်တာပဲ။

ဤသည်မှာ ပုံပြင်မဟုတ်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ ကြားခဲ့ရတာ ဖြစ်ပါ၏။ သည်ဗိုလ်ကြီးပြောတာ သွေးထွက်အောင်မှန်လှပါသည်။

ယခု ရေနံထွက်သော ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံတော်ကြီးသည် ရေနံမထွက်သော စင်ကာပူကျွန်းကလေးမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ဘိုး ရေနံဝယ်သုံးနေရပါသည်။

ဧကပေါင်းများစွာသော မြေကြီးများရှိပါလျှက်၊ စိုက်ပျိုးမည့်တောင်သူ သောင်းပေါင်းများစွာရှိပါလျှက်ကနှင့် ကျွန်တော်တို့ မြန်မာနိုင်ငံက အခြား နိုင်ငံများအား အရည်အသွေးကောင်း မြေပဲဆီကို ဈေးကောင်းကောင်းနှင့် တင်ပို့ရောင်းချရမည့်အစား မလေးရှားမှ ကျန်းမာရေးနှင့် မညီညွတ်သည့် ခဲနေသော စားအုန်းဆီများကို အမေရိကန်ဒေါ်လာနှင့်ဝယ်ကာ တင်သွင်း စားသုံးနေရသည်။ (မြေပဲဆီကိုတော့ စိတ်မ၀င်စား၊ မဟုတ်သည့် သစ်ဆိမ့်ပင် စိုက်လိုစိုက်ခိုင်း၊ ကြက်ဆူပင် စိုက်လိုစိုက်ခိုင်း၊ ပေါက်တတ်ကရများခိုင်းတာ လုပ်နေရသော စိုက်ပျိုးရေးပညာရှင်ကြီးများအား ကြည့်ကာ ကျွန်တော့်မှာ ရယ်ချင်ပက်ကျိ ဖြစ်မိပါဘိတောင်း။)

သည်တော့ မိတ်ဆွေများခင်ဗျား -

သည်အတိုင်းသာဆက်သွားနေလျှင် မကြာမတင်သောကာလမှာ မြန်မာနိုင်ငံက စင်ကာပူမှ နယူးဝါးတားကို တင်သွင်းရသည့် ဘ၀သို့ ဆိုက်ရောက်ပါလိမ့်မည်။ မဆိုက်ပါစေနှင့်ဟု ဆုသာနာနာတောင်းကြပါတော့ ဟု တိုက်တွန်းလိုက်ရပါသတည်း။

(အလကားပြောတာမဟုတ်။ ယခု ချင်းတွင်းမြစ်ကောပြီ။ အင်းလေးအိုင်ရေခန်းပြီ။ မကြာခင် ဧရာဝတီက ဘယ်သောင် ဘယ်ကမ်းဆိုက်မယ်မှန်းမသိ။ သည်အတွက်မှ ရေကို အလေးမထားပါသေးလျှင် - - - - )

စိတ်မချမ်းမြေ့စရာ ဧရာဝတီသတင်းများ ဆက်တိုက်ကြားနေရ၍ စိတ်ပေါက်ပေါက်ဖြင့် တစ်နေ့လုံးထိုင်ကာ မထတမ်း ရေးပါသည်။



အေးငြိမ်း

25/09/2011, 1:07 am

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: 97303027

11 comments:

Zaw Wonna said...

facebook ပေါ်မှာ ရှယ်ထားကြတာကြောင့် ဒီပို့စ်ကိုဖတ်ရပါတယ်။ ဘလော့ကို ဝင်ဖတ်မိမှ အကျိုးပြုတဲ့ ဆောင်းပါးကောင်းတွေချည်း ရေးထားတာတွေ့ရလို့ စေတနာကို ချီးကျူးပါတယ်ခင်ဗျာ။ ကျနော့်အနေနဲ့ အကြံပြုလိုတာက ပို့စ်တွေရဲ့ အောက်ခြေမှာ Share button လေး ထားပေးစေလိုပါတယ်။ အဲဒါဆို copy paste လုပ်ပြီး ရှယ်နေစရာ မလိုတော့ဘူး မဟုတ်လား။ ခင်ဗျား ဘလော့ထဲက ပို့စ်တွေအားလုံးက လူတိုင်း ဖတ်သင့်တယ်လို့ ယူဆပါတယ်။ အထက်ကနေ အောက်ခြေလူတန်းစားတွေအထိ အသိပညာ တိုးတက်ဖို့ လိုအပ်ပါတယ်။

Zaw Wonna said...

ကျေးဇူးပါခင်ဗျာ။ Share button လေး တွေ့ပါပြီ။ ရှယ်ခွင့် ပြုပါခင်ဗျာ။

Aye Nyein said...

စိတ်ကြိုက် ဝေမျှနိုင်ပါသည် ခင်ဗျား။

min han said...

ကျနော်လည်းရှယ်သွားပြီ...

min han said...

ကျနော်လည်းရှယ်သွားပြီ...

Burma Herald said...

ကျေးဇူးအထူးတင်ပါ၏

phyo aung said...

ကျေးဇူးပါ အစ်ကို ....စလုံးက သူငယ်ချင်းတွေအ
တွက် share လိုက်ပါပြီ....
ကျေးဇူးတင်ပါတယ်....
စာကောင်းတွေဆက်ရေးနိုင်ပါစေဆုတောင်းပါတယ်...
ခင်ဗျား.....

yanIT said...

ကျေးဇူးပါဆရာ...ရှယ်သွားပါတယ်..

yanIT said...

ကောင်းတယ်ဆရာရေ..ကျွန်တော်လည်းရှယ်လိုက်ပီ...

Yan Htay said...

ကျေးဇူးပါ။ စင်ကာပူက ၁၀၀% ရေ၀ယ်သုံးရတာလို့ ထင်ခဲ့တာပါ။စာကောင်းတွေဆက်ရေးနိုင်ပါစေဆုတောင်းပါတယ်။ share ခွင့်ပြုပါ။

Anonymous said...

Thks, Ko AN.. btw, i have sent a friend request to ur fb account.. Pls accept.. Cheers!