Friday, September 23, 2011

အရေးပေါ်ကယ်ဆယ်ရေး စီမံချက်

လွန်ခဲ့သောနွေရာသီက မြန်မာနိုင်ငံတွင် သောက်ရေပြတ်လတ်မှုများ ဒေသအနှံ့အပြားတွင် ဖြစ်ပွားခဲ့သည်။ သောက်သုံးရေ မရှိသော ဒေသများသို့ အစိုးရအနေနှင့် မည်ကဲ့သို့အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို အတိအကျမသိရပါ။ သတင်းများတွင်လည်း မတွေ့ရ။ အင်တာနက်တွင် အဓိကတွေ့ရသည်မှာ ပုဂ္ဂလိကအလှူရှင်များ သွားရောက်လှူဒါန်းသည့် သတင်းများဖြစ်ပါသည်။ ထို့ပြင်ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစသော သဘာဝဘေးအန္တရာယ်များတွင်လည်း အစိုးရ၏ အခန်းကဏ္ဍ မှေးမှိန်နေတာ တွေ့ရပါသည်။ ကျွန်တော် အစိုးရပိုင် မြန်မာသတင်းစာကို မဖတ်တာလဲ ပါပါလိမ့်မည်။ ပြည်သူကို သတင်းမှန်မပေးသော အစိုးရသတင်းစာများမှာ စိတ်ပျက်စရာကောင်းလှပါသည်။ သူတို့သတင်းကိုဖတ်လိုက်တိုင်း အားကိုး လောက်စရာ ဘာတစ်ကွက်မှမရှိ။ ဟိုနားသွားစစ်ဆေးလိုက်၊ သည်နားသွားညွှန်ကြားလိုက်။ သတင်းစာအား နာရေးနှင့် မင်္ဂလာ ဆောင်အတွက်သာ အားကိုးဖတ်သည့်တိုင်းပြည် သည်ကမ္ဘာတွင် မြန်မာပြည်သာ ရှိပါလိမ့်မည်။



ဒါ ဗမာကွ ဟု ဂုဏ်ယူဝင့်ကြွားစရာသည် ဤ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ ပေါ်လာ၏။ အရေးဟေ့ ဆိုလျှင် မြန်မာမှန်က သူသူငါငါတို့သည် အနေသာကြီးပါ၊ ငါနဲ့မှမဆိုင်ဘဲ ဟု စောင်ခေါင်းမြီးခြုံအိပ်မနေတတ်ကြဘဲ လာပါဟေ့၊ လုပ်ပါဟေ့၊ ကူပါဟေ့၊ လှူပါဟေ့ နှင့် တစ်ယောက်တစ်လက် ၀ိုင်းကြ၀န်းကြသည်မှာ လူတစ်ချို့မှလွဲ၍ တစ်တိုင်းပြည်လုံး သောသောညံနေပါသည်။ တစ်တိုင်းပြည်လုံး ဥစ္စာရင်လို ဥစ္စာရင်ခဲ ၀ိုင်းကြ ၀န်းကြ လုပ်နေချိန်တွင် အနှီလူတစ်စုမူကား ထိုသတင်းများကို မသိယောင်ဆောင်လျှက် မျက်စိစုံမှိတ်နေချေသည်။

သို့ဆိုလျှင် ဤကဲ့သို့အရေးပေါ်ကိစ္စများအတွက် Emergency Preparedness Programme သဘာဝဘေးဒါဏ်များအတွက် အရေးပေါ်စီမံချက် အစိုးရတွင် ရှိမရှိသိလိုလှပါသည်။ ပြီးခဲ့သော နာဂစ်ကိစ္စတုံးကမူ ဒေါက်တာအောင်ထွန်းသက်က ဤခေါင်းစဉ်နှင့် ဟောပြောပွဲလုပ်သွားပါသေးသည်။ သို့သော် အစိုးရတွင် ဤဌာနရှိမရှိ၊ ဤစီမံချက်ရှိမရှိ ကျွန်တော် မသိပါ။

ဤကဲ့သို့ မီးဘေး၊ လေဘေး၊ ရေဘေးများပေါ်လာသောအခါ လုပ်သားပြည်သူ စေတနာရှင်များ၏ ၀ိုင်းဝန်းပံ့ပိုးပေးမှုကို အားကိုးနေ၍ မရပါ။ ပြည်သူများက စေတနာအလျောက်ထည့်ဝင်မှုသည် အတိုင်းအတာတစ်ခုထိ အကျိုးသက်ရောက်မှု ရှိသည့်တိုင် နာဂစ်လို ကိစ္စမျိုးတွင်မူ ဆင့်ပါးစပ်ကို နှမ်းနှင့်ပက်သလိုသာ ဖြစ်နေပါသည်။ ဒါတောင် သပိတ်အိုင်ဆရာတော်လို အင်နှင့်အားနှင့် လုပ်နိုင်သူများ ရှိနေလို့ တော်သေးသည်ခေါ်ရမည်။

ဤကိစ္စမျိုးတွင် အစိုးရက နေရာချထားရေး၊ ရေနှင့် စားနပ်ရိက္ခာပံ့ပိုးရေး၊ ကူးစက်ရောဂါများ မပျံ့ပွားအောင် ထိန်းချုပ်ရေး၊ ဆေးကုသစခန်းများဖွင့်လှစ်ရေး စသည်တို့ကို စနစ်တကျ လုပ်ဆောင်ပေးရန် လိုပေသည်။ ဤသည်မှာလည်း ချေးယိုခါနီးမှ ချေးခါးတွင်းပေါက်ရှာ ဟူသော မြန်မာစကားပုံကဲ့သို့ ရေလျှံတော့မှ လုပ်ကြပါဦးဟ ဟု ထလုပ်၍မဖြစ်နိုင်။ သဘာဝဘေးအန္တရာယ်များ မကျမီကတည်းက ကြိုတင်စီစဉ်ထားရန် လိုပေသည်။

ဤကဲ့သို့ သဘာဝဘေးအန္တရာယ်များအတွက် အစိုးရတွင် အစီအမံလေးများ ရှိလိုရှိငြား အစိုးရ၏ အင်တာနက်စာမျက်နှာများ သို့ သွားရောက်လေ့လာကြည့်ပါသည်။


Social Welfare, Relife and Resettlement
http://www.myanmar.gov.mm/ministry/MSWRR/index.html ဖွင့်လို့ပင်မရပါ။

အောက်ပါသတင်းကို ဖတ်ကြည့်ခြင်းဖြင့် အစိုးရပိုင်းတွင် ဘာစီမံချက်မှ မရှိဆိုတာ သေချာလှပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရေကြီးရေလျှံမှု ဖြစ်ပွားသည့် နေရာအချို့တွင် အရေးပေါ် ရေဘေး ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထား ရေဘေးသင့် ဒေသများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်

Wednesday, 27 July 2011 07:23



ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ဒေသနှင့် ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ဒေသများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၂၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဗုဒ္ဓအသံ ဓမ္မဗိမာန် မြေညီထပ်၌ ဖွင့်လှစ်ထားသော အရေးပေါ် ရေဘေး ယာယီ ကယ်ဆယ်ရေးစခန်း အတွင်း ယာယီ ခိုလှုံနေရသည့် ရေဘေးသင့် ပြည်သူများအား သွားရောက် တွေ့ဆုံခဲ့ပြီး ရေပြန်ကျ၍ ရေဘေးသင့် ပြည်သူများ နေအိမ်ပြန်ရောက်သည် အထိ ဆန်၊ ဆီ၊ ဆားနှင့် အသုံးအဆောင်များကို ဖြည့်ဆည်းပေးရန် လိုကြောင်း မှာကြားခဲ့သည်ဟု သိရသည်။ ယင်းအပြင် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံ ဖြစ်ခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်များရှိ ရေဘေး ဒုက္ခသည်များအား ဇူလိုင်လ ၂၇ ရက်နေ့က နိုင်ငံတော်သမ္မတနှင့်ဝန်ကြီးများ၊ ပုဂ္ဂလိက အလှူရှင်များမှ လှူဒါန်းမှုများ ပြုခဲ့ကြောင်း သိရှိရပါသည်။


နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးများ၊ ပုဂ္ဂလိက အလှူရှင်များမှ ရေဘေးဒုက္ခသည်များ အတွက် အလှူငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား မြို့နယ်ရှိ တာဝန်ရှိသူများမှ တစ်ဆင့် နိုင်ငံတော် သမ္မတက ငွေကျပ်သိန်း ၁၀၀၊ ပညာရေးဝန်ကြီးမှ စာရေး ကိရိယာများ၊ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများ၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီးမှ ငွေကျပ်ငါးသိန်း နှင့် CDMA ဖုန်း၁လုံး၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးမှ ငွေကျပ် ငါးသိန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးမှ ငွေကျပ်ငါးသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးမှ ငွေကျပ်ငါးသိန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးမှ ငွေကျပ်ငါးသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ငွေကျပ် သိန်း ၁၀၀၊ ဧရာဟင်္သာ ကုမ္ပဏီများ အုပ်စုမှ ငွေကျပ် သိန်း ၁၀၀နှင့် ကယ်ဆယ်ရေး ရိက္ခာများ၊ အောင်မြင်သူ ကုမ္ပဏီမှ ငွေကျပ်သိန်း ၁၀၀ စသည်ဖြင့် စုစုပေါင်း ငွေကျပ် ၄၂၅ သိန်း နှင့် CDMA ဖုန်း ၁လုံး၊ စာရေး ကိရိယာနှင့် ရေဘေး ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း၊ အခြား အလှူရှင်များမှလည်း အ၀တ်အထည်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


ပဲခူးတိုင်းဒေသကြီး အတွင်း ရန်ကုန်-မန္တလေး ကားလမ်းမတွင် ရေပြန်လည် ကျဆင်းသွားသော်လည်း အနိမ့်ပိုင်း လယ်မြေများနှင့် ရပ်ကွက် အချို့တွင် ရေပြန်လည်ကျဆင်းမှု မရှိသေးကြောင်း၊ ဟင်္သာတမြို့နယ်ရှိ လယ်ယာများတွင်လည်း ရေပြန်လည် ကျဆင်းမှု မရှိသေးကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် င၀န်မြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ် တို့နှင့်ပတ်သက်၍ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ထားပြီး ပဲခူးမြစ်ရေမှာ ဇူလိုင်လ ၂၀ ရက်နေ့ ကတည်းက ပဲခူးမြို့ ရပ်ကွက်အချို့သို့
ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။



++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဟိုနားကအလှူခံ၊ သည်နားက အလှူခံ၊ ရလာသည့်အလှူငွေကို သွားလှူဆိုတာ အစိုးရတစ်ရပ် လုပ်ရမည့်အလုပ်မဟုတ်ပါ။ မိမိတို့ဘာလုပ်ရမည် ဆိုသည်ကိုပင် အစိုးရပိုင်း အရာရှိကြီးများ ကောင်းစွာသဘောမပေါက်သေးကြောင်း ဤသည့်လုပ်ရပ်များ က သက်သေပြ နေပါသည်။ သို့အတွက်ကြောင့်ပင်လျှင် ပြီးခဲ့သော ကျွန်တော့်ပို့စ် (ကြောင်ကို ဘယ်သူချူဆွဲပေးမလဲ) ၌ အစိုးရအရာရှိများ၏ ပညာရေး အရေးကြီးကြောင်း ကျွန်တော်ရေးခဲ့ခြင်း ဖြစ်ပါသည်။ မိမိက ဘာပညာမှမတတ်လျှင် သူများပြောတိုင်းယုံပြီး တရုတ်က တစ်နိုင်ငံလုံးဝါးမြိုသွားတာတောင် မြိုမှန်းမသိဘဲ သူတို့လုပ်ပေးလို့ ငါတို့သည်လောက် ရနေတာဟ ဟု ကျေးဇူးတင် နေရဦးမည်ဖြစ်ပါသည်။ ဤသို့ပြောလိုက်ခြင်းဖြင့် ကျွန်တော်တို့နိုင်ငံ့ခေါင်းဆောင်များကို ဘာပညာမှမတတ်သူ။ ဘာမှအသုံးမကျသူများဟု စော်ကားနေခြင်းမဟုတ်ပါ။ (သိလျက်သားနှင့်လုပ်တာ ဆိုလျှင်တော့လည်း မပြောတတ်ပါ။) ဖြစ်သင့်ဖြစ်ထိုက်သည်များကိုသာ ကျွန်တော်က မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။

ကျွန်တော် Safety Officer သင်တန်းတက်ခဲ့တုံးက Emergency Preparedness အကြောင်း ကောင်းကောင်းသင်ခဲ့ရပါသည်။ အလွန်အဖိုးတန်လှသော ပညာရပ်များဖြစ်ပါ၏။ သည်ပညာကိုတတ်လျှင် လူပေါင်းထောင်သောင်း၏ အသက်ကို ကယ်နိုင် မည်။ ဒါတောင် ကျွန်တော်လေ့လာခဲ့ရတာ ပါးပါးကလေးဖြစ်ပါသည်။ သည့်ထက် ပိုမိုနက်နဲသော ဒီဂရီတစ်ခု ပေးလောက်သည်ထိ သင်ရိုးများရှိပါသည်။ ကျွန်တော်တို့ထဲမှ ဘယ်နှယောက် သည်ပညာရပ်များကို လေ့လာရကောင်းမှန်း သိပါသနည်း။ ရှိတယ် ဆိုတာပင် သိပါ၏လော။ မပြောတတ်ပါ။

မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး (မင်းဘေးမပါ) တို့အတွက် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များအကြောင်း အလျဉ်းသင့်လျှင် စာတစ်စောင်၊ ပေတစ်ဖွဲ့ရေးလိုပါသေးသည်။ မီးဘေးအတွက်မူ Fire Safety Manager သင်တန်းတက်ပြီးသူ ကိုနွယ်ဝင်းတို့က ပိုသိပါလိမ့်မည်။ နောင်နှစ်တွင် ကျွန်တော်လည်း ဤသင်တန်းသွားတက်ရန် အစီအစဉ်ရှိပါသည်။

စင်ကာပူမှ မိတ်ဆွေများအနေနှင့် စင်ကာပူအစိုးရက အရေးပေါ်အတွက် မည်ကဲ့သို့စီမံသည်ကို အနည်းငယ် တီးမိခေါက်မိ ရှိပါလိမ့်မည်။ ဥပမာဆိုကြပါစို့။

MRTCircle Line တွင် မီးအားပြတ်တောက်မှုဖြစ်သည့်အတွက် ရထားလမ်းများ ပိတ်သွားခဲ့သည်။ သို့အတွက် MRT ဌာန မှ ဘတ်စ်ကား ၄၇စီး ဖြင့် ချက်ခြင်းပင် လူးလာခေါက်တုံ့သယ်ပေးခဲ့သည်။ အောချတ်လမ်းမကြီးပေါ်မှာ ရေကြီးတာကျတော့ ဘာပြောမလဲ ဟု မေးသူများရှိပါလိမ့်မည်။ ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့အဖြေရှာနေကြပါသည်။

သည်တွင် ကျွန်တော်သတိရမိတာလေးတစ်ခု ပြန်လည်ဖောက်သည်ချချင်ပါသည်။ ကျွန်တော်တို့လူမျိုးများ Emergency Preparedness နှင့် အကျွမ်းမ၀င်သေးသည့်အကြောင်းကလေး ဖြစ်ပါ၏။

မနှစ်က ရန်ကုန်ပြန်တော့ ညီမတစ်ယောက်က ပြင်သစ်သံရုံးတွင် ပြုလုပ်မည့် မြန်မာ့ရိုးရာတေးဂီတ ဖျော်ဖြေပွဲတစ်ခုအတွက် လက်မှတ်ရလာသဖြင့် ကျွန်တော့်ကို တစ်စောင်လာပေးပါသည်။ ကျွန်တော်လည်း တူ၊ တူမများကိုခေါ်ကာ ၀မ်းသာအားရ သွားကြည့်ပါသည်။ ကျွန်တော်က သည်လိုပွဲမျိုးကို အလွန်ဝါသနာပါ၏။

သံရုံးပွဲဆိုတော့ လူကြီးလူကောင်းများ လာသည်။ အခြားနိုင်ငံသံအမတ်ကြီးများပင် ပါချင်ပါပါလိမ့်မည်။

ပွဲစမည်ဆိုတော့ အရေးကောင်း ဒိန်းဒေါင်းဖျက်ဆိုသလို မီးပျက်ပါတော့သည်။ ထိုအခါ အဆင့်သင့် ရံထားသော မီးစက် မရှိရကား ကျွန်တော်တို့အားလုံးမှာ ဖယောင်းတိုင်မီးကလေးများအောက်တွင် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြရပါ၏။ ပွဲစီစဉ်သူများအနေနှင့် ကြွရောက်လာသော လူကြီးလူကောင်းများကို မျက်နှာပူစရာ မကောင်းပါသလော။ သံရုံးမှ လုပ်သည့်ပွဲပေကပဲ။ မသကာ မီးစက်တစ်လုံးလောက် အရံသင့်ငှားထားဘို့ မသင့်ပါသလော။ မြန်မာပြည်ကြီး မီးအခြေအနေလည်း သိလျက်သားကနဲ့။ (မဂ္ဂါဝပ် ၁၅၀၀ ပေးထားတာတောင် ကျွန်တော်တို့အိမ်မှာ ကုန်အောင်မသုံးနိုင်လို့ ရောင်းစားနေရတယ် တဲ့။ ခင်ဗျားတို့အိမ်မှာ သုံးလို့မကုန်ပေမဲ့ ရန်ကုန်မှာတော့ မီးပြတ်တုံးပဲဗျ)။

ညနေ ၆ နာရီမှ ၁၁ နာရီ ထားပါတော့ ညသန်းခေါင်ထိ မီးစက်ကြီးတစ်လုံးငှားပါက မည်မျှကုန်ကျမည်နည်း။ ပြင်သစ်သံရုံး အနေနှင့် သည်မီးစက်ငှားခ မတတ်နိုင်တာ မဖြစ်နိုင်ပါ။ ပွဲစီစဉ်သူများ လုပ်ရကောင်းမှန်း မသိတာ ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ဆိုင်းဆရာ ပတ်စမ်းနေတာ နားထောင်ရင်း၊ ကလေးများလည်း လူများအကြား ပြေးလွှားဆော့ကစားရင်း တစ်နာရီခွဲမျှ စောင့်လိုက်ရပါသည်။

ပွဲကတော့ ကောင်းပါသည်။ ကျော်ကျော်ဗိုတို့ညီအစ်ကိုက ပုဂံခေတ်က စောမွန်လှတို့သမိုင်းကို သရုပ်ဖော်သည်။ မေခလာ တို့၊ မို့မို့ဇော်ဝင်းတို့လည်း ပါသည်။

တရားပွဲများအပါအ၀င် အခြားပွဲလမ်းသဘင်များတော့ သိပ်မရောက်ဖြစ်ပါ။ မြန်မာပြည်တွင် အနေနည်းတာလည်း ပါပါသည်။  မြန်မာပြည်တွင်ရှိစဉ်ကလည်း ပိုက်ဆံမတတ်နိုင်တာနှင့် ဈေးကြီးပေးရသော စတိတ်ရှိုးများသို့ မသွားဖြစ်ပါ။ ထိုပွဲကြီးများတွင် တော့ Emergency Preparedness ရှိချင် ရှိပါလိမ့်မည်။ ကျွန်တော်မသိပါ။

မနှစ်က Jurong East တွင် ရထားလမ်းပိုင်းပြင်တော့ Jurong East နှင့် Clementi ဘူတာအကြား ရထားမပြေးနိုင်ပါ။ သည်တော့ သည်ဘက်ရထားနှင့် ဟိုဘက်ရထားကို လွန်းပျံဘတ်စ်များနှင့် သယ်ပို့ပေးတာ မိတ်ဆွေများ မှတ်မိပါလိမ့်မည်။ သည် လွန်းပျံဘတ်စ်ကားစီးခ ပေးစရာမလိုပါ။ MRT မှ စီစဉ်ပေးခြင်းဖြစ်ပါသည်။

နိဂုံးချုပ်ရလျှင် Emergency Preparedness Programme များမရှိလျှင်သော်မှ အရေးပေါ် ကောက်လုပ်လို့ရတာ အများကြီးရှိပါသည်။ သို့ပါသော်လည်း နာဂစ်ဖြစ်တုံးက နှမ်းဖြူးရုံလောက် နာမည်ခံ လုပ်ပေးပြီး တကယ်ထိထိရောက်ရောက် ဘာမှမလုပ်ပေးသည့်အပေါ် အစိုးရဆိုသူများကို ကျွန်တော် အကြီးအကျယ် စိတ်နာပါသည်။ ငါတို့လည်း မလုပ်ပေးဘူး။ မင်းတို့လည်း မလုပ်ရဘူး ဟု သဘောထားကာ အမေရိကန်သင်္ဘောများကို လုံးဝအ၀င်မခံ။ နိုင်ငံတကာကိုလည်း ငါတို့ဟာနဲ့တင် ဖြစ်ပါတယ်ကွာ၊ မင်းတို့လာစရာမလိုပါဘူး ဟု ပြောသည့်အပေါ် အသည်းနာလှပါသည်။
 
နာဂစ်ဖြစ်ပြီး များမကြာမီ တရုတ်တွင် ငလျင်အကြီးအကျယ်လှုပ်ပါသည်။ သည်ငလျင်ဘေးတွင် တရုတ်အစိုးရကယ်ဆယ်ရေး လုပ်ငန်းများလုပ်ပုံကို မြင်ရတော့၊ နောက်ပြီး ပညာရှင်များက မြန်မာပြည်မှ နာဂစ်အရေးတွင် မြန်မာအစိုးရလုပ်ကိုင် ဆောင်ရွက်ပုံနှင့် တရုတ်ငလျင်တွင် တရုတ်အစိုးရလုပ်ကိုင်ဆောင်ရွက်ပုံများကို power point ဖြင့် ယှဉ်ပြလိုက်သောအခါ ကျွန်တော့်နှလုံးသားများ တစစ်စစ်နှင့်နာကျင်လာပါသည်။

ယခု ရခိုင်လေဘေး၊ ပဲခူးရေဘေး၊ ဟင်္သာတ၊ တောင်ငူရေဘေး။ ရှမ်းပြည်ငလျင်၊ မင်္ဂလာဈေးမီးဘေး၊ ရတနာပုံမီးဘေး၊ ကျောက်ပန်းတောင်း လား အထက်ဘက်က မေ့တောင်နေပြီ မီးဘေး စသည့် သဘာဝဘေးအန္တရာယ်များသည် မြန်မာပြည်သူ အပေါင်းအား နှိပ်စက်ကလူ ပြုနေဘိ၏။ အစိုးရမင်းများ မျက်စိကို အတင်းစုံမှိတ် ထားတော်မမူကြပါလင့်။

ထိုမှတဖန် ပြည်သူအပေါင်း၏ စိတ်နှလုံးကို ညှိုးခြုံးစေမည့် ဧရာဝတီဘေးကို မသိသားဆိုးဝါးစွာ နိုင့်ထက်ကလူ ဆက်လုပ်ဦးမည် ဆိုပါလျှင် - - - -

(ဘာမှလုပ်စရာမရှိသောကြောင့် ရုံးချိန်တွင် ရေးပါသည်။ အများရှေ့တွင် ရေးခြင်းဖြစ်သည့်အတွက် အလီဘာလာ လုပ်တာမဟုတ်ဟု ခံယူပါသည်။)


အေးငြိမ်း
23/9/2011, 4:10 pm
Union Alloy Pte Ltd
227 Kaki Bukit Ave 1
Shun Li Industrial Park
Singapore 416048

No comments: