Wednesday, September 30, 2009

Bitter Life XVII (မတင်ဇာမော်)

နာမည် - မတင်ဇာမော်
အသက် - ၂၄
ပညာအရည်အချင်း - SMU (Singapore Management University) တွင်ကျောင်းတက်နေဆဲ
လက်ရှိအလုပ်အကိုင် - ကျောင်းသူ

မတင်ဇာမော်မှာ အလွန်အေးဆေးပုံရပါ၏။ စကားများများ မပြောတော့ ကျွန်တော်သိချင်တာကို မနည်း နှိုက်ယူ ရပါသည်။ သို့သော် သူ့အတွေ့အကြုံကလေးများသည်လည်း စင်ကာပူသို့ ကျောင်းလာတက်မည့် သူများအတွက် အဖိုးတန် ပါသည်။ သူကတော့ စင်ကာပူတွင် အစ်မရှိနေသည့်အတွက် အဆင်ပြေပါသည်။ လူခံမရှိသူများအနေနှင့် ဘယ်ကဲ့သို့ ကြုံတွေ့ရနိုင်ကြောင်းများပါ ထည့်သွင်းပြောပြပါသည်။ သူကျောင်းတက်သည့် အတွေ့အကြုံကို နားဆင်ကြည့်ကြပါစို့။

ဒီမှာ ကျောင်းလာတက်ဘို့ အခြေခံ လိုအပ်ချက် အနေနဲ့ SAT (Scholastic Aptitude Test) (School Assessment Test) (Scholastic Assessment Test) နဲ့ TOEFL (Test Of English as a Foreign Language) အောင်ဘို့ လိုပါတယ်။ TOEFL ဖြစ်ဖြစ် IELTS(International English Language Testing System) ဖြစ်ဖြစ်ပေါ့နော်။
ဒီ အင်္ဂလိပ်စာ စာမေးပွဲတွေ ဖြေဘို့အတွက် သင်တန်းတွေ တက်ပါတယ်။ ရှစ်မိုင်က ဆရာ ကယ်လ်ဗင်မှာ။ ဆယ်တန်းပြီးကတည်းက လေ့လာနေတာပါ။ စာမေးပွဲ ဖြေခါနီးမှ ပြန်လေ့ကျင့်တာက ၆ လလောက် ကြာတယ်။ TOFEL ဖြေတာ အမှတ် ၆၄၃ ရတယ်။ နောက်ပြီးတော့ SAT ဖြေရပါတယ်။ ဒါမှ မဟုတ်ရင်လည်း GCE’A’ အောင်ထားရပါတယ်။ ဒါ့အပြင် ဆယ်တန်း အမှတ်တွေလည်း ကြည့်ပါတယ်။ ဒါပေမဲ့ ဆယ်တန်းအမှတ်ထက် SAT မှတ်က ပိုအရေးကြီးတယ်။ ဆယ်တန်းအမှတ်လည်း သိပ်နည်းလို့တော့ မရဘူး ပေါ့။ အရင်က SAT မှတ်ကို ၁၆၀၀ ပေးထားတယ်။ ကျွန်မက ၁၃၇၀ ရတယ်။ ခုတော့ SAT မှတ်ကို ၂၄၀၀ ပေးထားပြီး စာမေးပွဲရမှတ် ၂၀၀၀ ကျော်မှ ၀င်ခွင့်ရတယ်။ IELTS ကိုတော့ 6.0 လို့ သတ်မှတ်ထားတယ်။
တစ်ခုတော့ ရှိတာပေါ့။ ကျောင်းလက်ခံဘို့ သူတို့ သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ လျှောက်လာတဲ့ ဦးရေ ပေါ်လည်း မူတည်တယ်။ လျှောက်တဲ့သူ သိပ်များနေရင် အမှတ်တွေ အရမ်းမြင့်တတ်ပြီး လျှောက်တဲ့သူ နည်းရင်တော့ အမှတ်သိပ်မများပဲ လက်ခံတဲ့ သဘောပေါ့။ သတ်မှတ်ထားတာကတော့ Local (စင်ကာပူ နိုင်ငံသား) က ၈၀ ရာခိုင်နှုံး လက်ခံပြီး နိုင်ငံခြားသားကို ၂၀% လက်ခံတယ်။
ကျောင်းအပ် စလက်ခံတဲ့ အချိန်မှာ ကျောင်းwebsite ကနေ လျှောက်လွှာကို download လုပ်ပြီး supporting document တွေနဲ့ ပို့လိုက်တာပေါ့။ စင်ကာပူက သူငယ်ချင်းက ပိုက်ဆံ သွင်းပေးတယ်။ နောက် short listed ထွက်လာ တော့ သူတို့ ဖုံးနဲ့ လှမ်း အင်တာဗျူးတယ်။ ပြီးတော့ Essay ရေးခိုင်းတယ်။ Essay က အင်တာဗျူးအပြီး နာရီဝက်အတွင်း အပြီးရေးပြီး e-mail နဲ့ ပို့ရတာ။ ဒီမှာ ရှိနေတဲ့သူတွေကတော့ ကိုယ်တိုင်သွား အင်တာဗျူးရတာပေါ့။ သူတို့ကျတော့ ပိုပြီး အပြိုင်အဆိုင်များတယ်။ ပိုအပြောကောင်းတဲ့ သူတွေ ရတာပေါ့။

မှတ်ချက်။ ။ ကျောင်း၏ website ဖြစ်သော -http://www.smu.edu.sg/admissions/applysmu/internationalQuali/index.asp တွင် ကျောင်းဝင်ခွင့်ကို အောက်ပါ အတိုင်း သတ်မှတ်ထားသည် ကို တွေ့ရပါသည်။
 အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
 (မြန်မာကျောင်းသားများအတွက်) အထက်တန်းအောင်ဖြစ်ရမည်။ (အမှတ်ဖော်ပြထားတာ မတွေ့ရပါ။)
 TOEFL (Paper Based) – 550 or IELTS – Overall band of 6.5
 A score of more than 1300 (old SAT format) or more than 1900 (new SAT format) will be minimally sufficient for applicants to make a competitive application. (မှတ်ချက် - SAT အောင်မှတ်ရရုံမျှနှင့် ကျောင်းဝင် ခွင့် သေချာပြီ ဟု မဆိုလိုပါ။)

တစ်နှစ်မှာ တစ်တန်းပဲ ခေါ်တယ်။ သြဂုတ်လ အတန်းအတွက် ဧပြီလ ကတည်းက ကျောင်းလျှောက်ရတာ။ သြဂုတ်လမှာ စတက်ရတယ်။ သြဂုတ်လကနေ ဒီဇင်ဘာလထိ တစ်တန်း၊ ဇန္န၀ါရီကနေ ဧပြီလထိ တစ်တန်း တက်ရတယ်။ ကျောင်းသားတွေက အာဆီယံနိုင်ငံတွေက ပိုများတယ်။ မြန်မာပြည်က လာတက်တဲ့ကျောင်းသားတွေလည်း တော်တော် များများ တွေ့ရတယ်။ အရင်ကတော့ တစ်တန်းကို ၃ ယောက်လောက်ပဲ တွေ့ရတယ်။ ကျွန်မတို့တက်တုံးက ၇ ယောက် လောက် ရှိတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း အယောက် ၂၀၊ ၃၀ စသဖြင့် တော်တော်များများ လာတက်ကြတယ်။
ကျောင်းတက်ပြီး ဘွဲ့မရဘဲ ပြန်သွားရတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်လဲလို့ တိတိကျကျတော့ မပြောတတ်ဘူး။ တချို့ဆိုလည်း အမှတ်နည်းလို့ warning ပေးခံရတဲ့သူတွေလည်း ရှိတယ်။ တစ်ခါ notice စာ ပို့တယ်။ နှစ်ခါ ပို့တယ်။ ဒါမှ အမှတ်က တက်မလာဘူးဆို ကျောင်းထုတ်လိုက်တာပဲ။ အတန်းဘယ်လောက် ရောက်မှရယ် မဟုတ် ဘူး။ စာညံ့လို့ကတော့ ရောက်ရာအတန်းကနေ ထုတ်ပစ်လိုက်တာပဲ။

နေတာကတော့ အစ်မနဲ့ အတူတူနေပါတယ်။ ဒါပေမဲ့ ကျောင်းကထားပေးတဲ့ အဆောင်တွေလည်း ရှိတယ်။ အဲဒီမှာ တစ်ခုကောင်းတာက ကျောင်းကို စောရောက်နေတဲ့ senior residence တွေက ကျောင်းသားတွေရဲ့ အကျိုးကို ဆောင်ကြဉ်းပေးတယ်။ အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို လမ်းညွှန်ပြသ ကူညီတယ်။ ကျောင်းကလုပ်တဲ့ activity တွေမှာ ၀င်ပါလေ့ ရှိတယ်။ အဆောင်စည်းကမ်းတွေ လိုက်နာတယ် ဆိုရင် အဆောင်လခကို ထက်ဝက်ထိ လျှော့ချပေးတယ်။ အခန်းလခက တစ်လကို ၄၀၀ ကျော်ထင်တယ်။ နည်းနည်း ဈေးကြီးတယ်။ ကျောင်းက မြို့ထဲ ကျတာ ကိုး။ အဆောင်မှာနေရင် တစ်ခုကောင်းတာက အဆောင်တွေက ကျောင်းနဲ့နီးတော့ သွားရလာရတဲ့ အချိန်နဲ့ လမ်းစရိတ် သက်သာတယ်။

မှတ်ချက်။ ။ ကျောင်း၏ website ဖြစ်သော http://www.smu.edu.sg/leasing/Prinsep/rates.asp တွင် အခန်း လခများကို -
Semester 1 အတွက် တစ်ယောက်ခန်း ငါးလစာအတွက် အခန်းငှားခချည်း ၂၅၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၂၉၆၈.၅၀။ နှစ်ယောက်ခန်း ငါးလစာအတွက် အခန်းငှားခချည်း ၂၀၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၂၃၆၃.၅၀။
Semester 2 အတွက် တစ်ယောက်ခန်း လေးလစာအတွက် အခန်းငှားခချည်း ၂၂၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၂၂၅၂.၅၀။ နှစ်ယောက်ခန်း လေးလစာအတွက် အခန်းငှားခချည်း ၁၈၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၁၈၅၂.၅၀ -
ဟု ဖော်ပြထားပါသည်။

ကျောင်းကတော့ ကိုယ်ယူတဲ့ ဘာသာပေါ်မူတည်ပြီး သုံးနှစ်ခွဲကနေ လေးနှစ်ထိ တက်ရပါတယ်။ ဗမာပြည်နဲ့ မတူ တာက ဒီမှာက ပိုပြီး interactive ဖြစ်တယ်။ Team work တွေ၊ group system တွေ နဲ့ လုပ်ရပါတယ်။ စာမေးပွဲတော့ စစ် တာပဲ။ ဒါပေမဲ့ ကျောင်းတက်နေတဲ့ တစ်လျှောက်လုံးမှာ class presentation တွေနဲ့ Team Work တွေကိုလည်း အမှတ် ပေးတယ်။ မြန်မာပြည်မှာကျတော့ ကိုယ့်ရမှတ်အားလုံးဟာ စာမေးပွဲတစ်ခုထည်း မှာပဲ မူတည်နေတယ်။
ဒါပေမဲ့ presentation က ဘယ်နှစ်မှတ်၊ team work က ဘယ်နှမှတ် ဆိုတာကို ကိုယ့် professor ကပဲ သတ်မှတ်ပေးတယ်။ အဲဒါကို ကျောင်းတက်ပြီး ပထမ တစ်ပတ်အတွင်းမှာပဲ အားလုံးရှင်းပြ ထားတယ်။ များသောအားဖြင့် ပထမနှစ်ဝက်မှာ ရမှတ်အားလုံးရဲ့ ၇၀% ပြီးသွားလေ့ ရှိတယ်။ IT နဲ့ Economics မှာတော့ Final Thesis ရေးရတယ်။ ကျန်တဲ့ ဘာသာတွေမှာ ရေးရတယ်လို့ မကြားမိဘူး။
စစချင်း ပထမနှစ်မှာ စာသင်ပုံစနစ် အပြောင်းအလဲကြောင့် ကျောင်းသားတော်တော်များများဟာ work load အရမ်းပိတယ်။ မနည်းကြိုးစားကြရတယ်။ Assignment တွေပေးတာ အရမ်းများတော့ အဲဒါတွေကို မနည်းပြီးအောင် လုပ်နေရတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအပေါ်မှာလည်း အမှတ်ပေးတာကိုး။
ရောက်ခါစမှာ ဆရာတွေစာသင်တာကလည်း စကားပြောတာ မြန်တော့ သူတို့ပြောတာ မနည်းလိုက် နားထောင် ရတယ်။ သိပ်နားမလည်ဘူး။ နောက်တစ်ခုက ဗမာပြည်နဲ့ Teaching style မတူတာ။ ဒီမှာ ဆရာက အများကြီး သင်ပေး တာ မဟုတ်ဘူး။ သူတို့က reference ပေးပြီး ဖတ်ခိုင်း။ ပြီးရင် အဲဒီ အပေါ်မှာ discussion ပြန်လုပ်ခိုင်းတယ်။
ကျွန်မတို့က အလေ့အကျင့်မရှိတဲ့ အခါကျတော့ သူတို့ပေးလိုက်တဲ့ reference စာမျက်နှာ အများကြီးထဲက ဘယ်ဟာ အရေးကြီးမှန်း မသိဘူး။ နောက်ပြီး စာတွေက အသစ်ဆိုတော့ အကုန်နားမလည်။ အကုန်လျှောက်ဖတ်။ သူတို့ ဘာလိုချင်တာလဲ ဆိုတာ မသိ။ အဲဒီတော့ စိတ်တွေပူ။ Stress အရမ်းများတာပဲ။
တကယ်ဆို ကိုယ်က ဒီဟာ ၅ မှတ်လောက်ပဲ ပေးတယ်လို့ သိထားရင် လက်လွှတ်လိုက်လို့ ရတာပဲ။ အရေးကြီးတာပဲ ဖိလုပ် ပေါ့။ ဒါပေမဲ့ လန့်နေတော့ အဲဒီ ၅ မှတ်အတွက်နဲ့လည်း မတန်တဆ ကြိုးစားလိုက်ရတာတွေ ရှိတယ်။ လုပ်ရတာနဲ့ ရတာနဲ့ မတန်ဘူးပေါ့။
နောက်တစ်ခုက ကျောင်းက စင်ကာပူရီယမ်တွေကို ၈၀ ရာနှုံးလက်ခံထားတော့ သူတို့အချင်းချင်းပဲ ၀ိုင်းဖွဲ့ နေတော့ Team Work လုပ်တဲ့အခါ အခက်အခဲရှိတယ်။ နောက် ဒုတိယနှစ်၊ တတိယနှစ်တွေကျမှ သူတို့နဲ့ သူငယ်ချင်း တွေ ဖြစ်သွားပြီး အဆင်ပြေတာ။ နောက်တစ်ခုက participation ပြဿနာ။
ဗမာပြည်မှာတုံးက ဆရာသင်သွားတာကို နားထောင်။ စာကိုကုန်းရုန်းကျက်။ စာမေးပွဲကျမှ မေးတဲ့မေးခွန်း ပြန်ဖြေ ဆိုတော့ ဆရာ စာသင်တဲ့အပေါ်မှာ ဘာမှ ပြန်ပြီး ဆွေးနွေး မေးမြန်းတဲ့ အလေ့အကျင့် မရှိခဲ့ဘူး။ အဲဒါက ဒီမှာ လာပြီး ဒုက္ခပေးတယ်။ Group ဖွဲ့ပြီး ၀ိုင်းဆွေးနွေးကြရာမှာ ကိုယ်က ဘာမှ မပြောတတ်ဘူး ဖြစ်နေတယ်။ ဘယ်လို ဆွေးနွေးရမှန်း မသိဘူး။ အဲဒီ participation ကိုလည်း အမှတ်ပေးတယ်။ ကျောင်းမှာက discussion ၀ိုင်းတွေမှာ ဘေးက နေ အကဲဖြတ်ပေးတဲ့ လူတစ်ယောက် စောင့်ကြည့်နေတာ။ Discussion လေးငါးခုမှာ ကိုယ်က တစ်လုံးမှ ၀င်ပြီး မဆွေးနွေး နိုင်ရင် အမှတ်လျော့ပြီ။ သိက္ခာလည်း ကျတယ်။ အဲဒီအခါကျတော့ ကိုယ်က ဘာ ၀င်ဆွေးနွေးရမှန်းမသိရင် stress ၀င်တော့တာပဲ။
အစပိုင်းတော့ ကိုယ်က ဘာမှ ၀င်မပြောနိုင်တဲ့အခါ အားငယ်တယ်။ စိတ်ထဲမှာလည်း သိမ်ငယ်သလို ခံစား ရတယ်။ နောက်တစ်ခုက အသက် အရမ်းငယ်တာလည်း မကောင်းဘူး။ အတွေ့အကြုံမရှိသေးတော့ ဒုက္ခရောက်တယ်။ အသက် နည်းနည်းကြီးသွားပြီ ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုလဲ ရှိလာပြီ ဆိုတော့ အစစ ပြင်ဆင်နိုင် တယ်။

ကျွန်မ အဲဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ ဆိုတော့ မဖြစ်မနေ ၀င်ဆွေးနွေးရမယ် ဆိုတော့ ကိုယ် ဆွေးနွေးမဲ့ အကြောင်းအရာကို သေသေချာချာ ကြေကြေညက်ညက် ဖြစ်အောင် အထပ်ထပ် ဖတ်ထား။ ကြိုပြီး လေ့ကျင့်ထားတာပေါ့။ နောက်ပြီး အရမ်းစိုးရိမ်မနေဘို့၊ ကြောက်မနေဘို့ လိုတယ်။ ကြောက်နေရင် တကယ်လဲ ထပြောလိုက်ရော ကြောက်တဲ့ စိတ်နဲ့ ကိုယ်ကျက်ထားတာလေးတွေတောင် အကုန်မေ့ကုန်ရော။ အဲဒီတော့မှ ပိုဆိုးတော့တာ။ ချွေးတွေပြန်။ ဒူးတွေ ရင်တွေတုန် ပေါ့။
Group Discussion တွေကျတော့ စင်ကာပူရီယမ်က လေးယောက် ဗမာက တစ်ယောက် စသဖြင့် တွဲပေးထား တာဆိုတော့ ကိုယ်က ကျကျနန မပြောနိုင်ရင် သူတို့ idea တွေချည်း ဖြစ်ကုန်တာပဲ။ ကိုယ် နေရာမရဘူး။ ဒီတော့ ကိုယ်က သူတို့ထက် ပိုတော်နေမှ ပိုထက်နေမှ ကိုယ်ပြောတာ သူတို့လက်ခံနိုင်မယ်။ တစ်နည်းအားဖြင့် လူရာဝင်မယ် ပေါ့။

မှတ်ချက်။ ။ပညာသင်စရိတ်မှာ အလွန်ကြီးပါသည်။ ဥပဒေဘွဲ့မှ လွဲ၍ ကျန်ဘွဲ့များအတွက် နှစ်စဉ်ကြေးမှာ စင်ကာပူ ဒေါ်လာ ၂၇၉၀၀ ဖြစ်ပါသည်။ သို့သော် ထိုငွေအားလုံးကို ကျောင်းသားက ပေးရန်မလိုဘဲ အချို့အ၀က်ကို အစိုးရက subsidise(ကျခံ) ပေးပါသည်။ အစိုးရက ကျခံပေးပြီးနောက် ကျောင်းသားကိုယ် တိုင်ပေးရန် ကျန်သော ကြေးမှာ (နိုင်ငံခြားသားများအတွက်) ၁၃၇၀၀ ဖြစ်ပါသည်။ ထိုငွေကြေးကိုလည်း ဘဏ်မှ Tution Loan အဖြစ် ချေး၍ ရပါသည်။ သို့အတွက် ကျောင်းသားမှာ လောလောဆယ် ပိုက်ဆံစိုက်ထုတ်ပေးရန် မလိုသလောက် ဖြစ်ပါသည်။
Ref: http://www.smu.edu.sg/financial/fees/index.asp

ကျောင်းစရိတ်တွေအတွက် အစိုးရက grant ပေးတယ်။ အဲဒီလို ပေးတဲ့အတွက် သူတို့ဆီမှာ သုံးနှစ်ပြန်လုပ် ပေးရတယ်။ ဒါပေမဲ့ တချို့ အရမ်း ချမ်းသာတဲ့သူတွေကျတော့ အလုပ်မလုပ်ချင်ဘူး။ စာပဲသင်ချင်တယ်။ အဲဒီအတွက် သူတို့က သုံးနှစ် ပြန်မလုပ်ပေး တော့ဘူး။ ဒီတော့ ရလဒ်အနေနဲ့ နောက်နှစ်တွေ ကျတော့ Government grant ကို လျှော့ချ လိုက်သလို bank loan လည်း သိပ်မရတော့ဘူး။ ကျောင်းသားက ပေးရတဲ့စရိတ် ပိုများလာတာပေါ့။ ခုဆို အရင်ကထက် ကျောင်းလခတွေ ပို ဈေးတက်သွားပြီ။ အရင်ကတော့ တစ်နှစ်မှ ၆၀၀၀ လောက်ပဲပေးရတာ။ ခုဆို ၂ သောင်းကျော် ဖြစ်သွားပြီ။
Grant ယူထားတဲ့အတွက် သူတို့က PR Offer ပေးတယ်။ နောက်ဆုံးနှစ် second semister မှာ စာပို့တယ်။ အဲဒီ စာနဲ့ PR လျှောက်လို့ ရတယ်။ အဲဒီ grant တို့ loan တို့ နဲ့ PR လျှောက်တဲ့ ကိစ္စတွေအတွက် ကျောင်းမှာ သူတို့ seminar ပေးပြီး ရှင်းပြတယ်။
Grant လက်မှတ်ထိုးတာကတော့ ကိုယ့်မိဘကလည်း ထိုးပေးလို့ရတယ်။ သူတို့ ပတ်စ်ပို့နံပါတ် ဖော်ပြပေးရ တာပေါ့။ အသက် ၂၁ နှစ်ပြည့်တဲ့ သူမှန်ရင် ထိုးပေးလို့ရတာ ဆိုတော့ အသက် ၂၁ နှစ်ပြည့်တဲ့ သူငယ်ချင်း အချင်းချင်း လည်း ထိုးပေးလို့ရတာပဲ။ အပြင်ကသူတွေ ထိုးခိုင်းရင်တော့ PR ဖြစ်မှ ရတယ်။
ဒါပေမဲ့ grant မရတဲ့သူတွေလည်း ရှိတယ်။ အဲဒီသူတွေကျတော့ Full fee ပေးရတာပေါ့။ ပိုက်ဆံ အများကြီး ချမ်းသာမှ တက်နိုင်မှာ။ ကျွန်မကြားတာကတော့ နေရာကလည်း နည်းနေပြီ ဆိုရင် အမှတ်နည်းတဲ့သူတွေ မရတတ်ဘူး လို့ ကြားတယ်။

မှတ်ချက်။ ။ Tuition Grant ကို ပညာရေး ၀န်ကြီးဌာန (Ministry of Education) သို့ online မှ လျှောက်နိုင်ပါ သည်။ Grant ကို အသက် ၂၁ နှစ်မှ ၆၅ နှစ်အတွင်း ရှိသူ (မည်သည့်နိုင်ငံသားမဆို) နှစ်ဦးမှ လက်မှတ် ထိုးပေးရပါမည်။ သို့သော် ခြွင်းချက်အနေနှင့် ထိုသူများသည် bankrupt ဖြစ်ထားသူများ မဟုတ်ရပါ။ Tution Fee အတွက်သာ grant ပေးခြင်းဖြစ်၍ အခြားစရိတ်စကများကို မိမိဘာသာ ကျခံရမည် ဖြစ်ပါသည်။

ကျွန်မတို့ကျတော့ အစိုးရက grant လည်းပေးတယ်။ နောက်ကျန်တဲ့ဟာကို bank loan ယူတယ် ဆိုတော့ ကိုယ့်အိတ်ထဲက တစ်ပြားမှ စိုက်ပေးစရာ မလိုတော့ဘူး။ ကိုယ့်အသုံးစရိတ် နည်းနည်းပါးပါးပဲ ကုန်တယ်။ နောက်ပြီး laptop တို့လို ကျောင်းသုံး စာအုပ်၊ စာရေးကိရိယာနဲ့ တခြားပစ္စည်းတွေကို အစိုးရ subsidise နဲ့ ၀ယ်ရတဲ့အတွက် အရမ်း ဈေးသက်သာတယ်။
ပြန်ဆပ်တဲ့အခါကျတော့ အလုပ်ရတဲ့ အခါ အရစ်ကျ ပြန်ဆပ်ရတယ်။ အတိုးကတော့ တစ်နှစ်ကို ၄% ထင်တယ်။ အလုပ်မရသေးခင်တော့ ပြန်ဆပ်စရာ မလိုသေးဘူးပေါ့။

ဒီမှာ တစ်ခုကောင်းတာက သူတို့က စာတင် သင်ပေးတာ မဟုတ်ဘူး။ စာ (hard skill) အပြင် soft skill တွေ ဖြစ်တဲ့ negotiation တို့ communication တို့ပါ ကျွမ်းကျင်အောင် သင်ပေးတယ်။ အဲဒါတွေကျ တကယ့်လက်တွေ့ထဲမှာ အရမ်း အသုံးတည့်တယ်။ နောက်ပြီး Team Work ပါ လုပ်တတ်အောင် သင်ပေးတယ်။

Student Pass ကို ၅ နှစ်ပေးတယ်။ ဆိုတော့ ကျောင်းပြီးရင် အေးအေးဆေးဆေး အလုပ်ရှာလို့ ရတာပေါ့။ အလုပ်ရှာနေတုံးလည်း အချိန်ပိုင်း အလုပ်လုပ်လို့ ရတယ်။ ကျောင်းပြီးသွားရင် အလုပ်ရှာဘို့အတွက်လည်း Resume ပြင်တတ်အောင်၊ interview ၀င်တဲ့အခါ ဖြေတတ် အောင် လေ့ကျင့်ပေးတာမျိုးတွေလည်း ရှိပါတယ်။ နောက်ပြီး ကျောင်းနဲ့ အပြင် ကုမ္ပဏီတွေ Link လုပ်ထားတဲ့အတွက် အပြင်မှာ အလုပ်ခေါ်ရင် ကျောင်းကနေ ကျောင်းသားတွေဆီကို အကြောင်းကြားပေးတယ်။ ခုကတော့ စီးပွားရေး ကျနေတဲ့ အတွက် အလုပ်ခေါ်တာတွေ နည်းပြီး လခလဲ ကျသွားတယ်။
ခုနေ အလုပ်ဝင်မယ်ဆိုရင် လခ ၂၀၀၀ - ၂၅၀၀ လောက်တော့ ရမယ် မှန်းတယ်။ ကျွန်မလည်း အလုပ်မ၀င်ရ သေးဘူး ဆိုတော့ သေသေချာချာ မပြောတတ်သေးဘူး။ သိပ် အတွေ့အကြုံရင့်သွားရင်တော့ ၃၀၀၀ လောက် မှန်းလို့ ရပါတယ်။ ကျောင်းဆင်းတွေအနေနဲ့ကတော့ လုပ်ငန်း အတွေ့အကြုံမရှိသေးတော့ လခကို သိပ်မာမာ မတောင်းရဲသေး ဘူးပေါ့။ ကိုယ်မှ ဘာမှ မတတ်သေးတာကိုး။ ဒါပေမဲ့ လုပ်သက် ၂ နှစ်၊ ၃ နှစ်လောက်ရသွားပြီ ဆိုရင်တော့ ကိုယ့် စိတ်ကြိုက် ဈေးတောင်းလို့ ရတာပေါ့။
နောက်တစ်ခုက သူတို့က Singaporean ဒါမှမဟုတ် PR ကိုပဲ ခေါ်ချင်တယ်။ ကိုယ်ကလည်း ခုမှ ကျောင်းက ဆင်းလာတာ။ အလုပ်လုပ်ပြမှ PR ဖြစ်မှာကိုး။ အဲဒီ စပ်ကူးမတ်ကူး ကာလမှာ အလုပ်ရာရ သိပ်မလွယ်ဘူး။ တချို့ကျတော့ part time အလုပ်ကို ၀င်လုပ်ကြတယ်။ လခ နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ ရွေးမနေတော့ဘူး။ အဓိက က အတွေ့အကြုံ လိုချင် လို့။ နောက်တစ်ခုကလည်း သူက အလုပ်လုပ်နေတဲ့သူ ဆိုတဲ့အတွက် ကျောင်းပြီးတာနဲ့ PR လျှောက်တဲ့အခါမှာ ပို အဆင်ပြေတယ်။
ဒီမှာ အားသာချက်တစ်ခုက ကျောင်းတက်ရင်းနဲ့ အချိန်ပိုင်း အလုပ်လုပ်လို့ရတာပဲ။ ကျောင်းတက်ချိန်က ၇ လ လောက်ပဲ ရှိတာ။ ၅ လ လောက် ကျောင်းပိတ်တယ်။ ဆိုတော့ အဲဒီ ကျောင်းပိတ်ချိန်တွေမှာလည်း အလုပ်လုပ်လို့ ရတာပဲ။ အလုပ်လုပ်ရင်း ကျောင်းစရိတ်အတွက် ငွေစုလို့ ရတာပေါ့။
ဒီဘာသာရပ်ရဲ့ အားသာချက်က Finance Management ဆိုတော့ သူက လုပ်ငန်းတိုင်းအတွက် common ဖြစ်တယ်။ အလုပ်ရှာတဲ့နေရာ ကျတော့ သူက ဘယ်ကုမ္ပဏီကိုမဆို လျှောက်လို့ရတယ်။ အလုပ်ပေါတယ် ဆိုပါတော့။ နောက်ပြီး ငွေကြေးစီမံခန့်ခွဲမှု ဆိုတော့ လုပ်ခကောင်းကောင်း ရနိုင်တယ်။ ဥပမာ ဆိုပါတော့ Electrical Engineering ဆိုရင် လျှပ်စစ်လုပ်တဲ့ ကုမ္ပဏီတွေပဲ လျှောက်လို့ရမယ်။ Marine Engineering ဆိုလည်း သင်္ဘောကျင်းကလွဲလို့ အပြင်မှာ အသုံးမတည့်ဘူး။
Finance Management ကတော့ ကုမ္ပဏီကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သင်္ဘောကျင်းဖြစ်စေ၊ ဆောက်လုပ်ရေး ဖြစ်စေ၊ ကုန်ကုန်ပြောရရင် ကိုယ်ပိုင် စီးပွားရေး အငယ်စားလေးတွေလုပ်ရင် တောင်မှ အသုံးဝင်တယ်။ အဲဒါ ဒီဘာသာရပ်ရဲ့ အားသာချက်ပဲ။ ဘယ်လောက်ပဲ စီးပွားရေးကျကျ ဒီအလုပ်ကတော့ လက်လွှတ်လို့ ရမှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် စီးပွားရေးကျလေ ငွေကြေးစီမံခန့်ခွဲမှု လုပ်ဖို့ ပိုလိုလေ ဆိုတော့ စီးပွားရေး တက်သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ ကိုယ့်အလုပ်ကို တိုက်ရိုက်ထိခိုက်လာမှာ သိပ် စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
တစ်ခါ ကိုယ်ပိုင်အလုပ်သာ မကပဲ ပရဟိတ လုပ်ငန်းတွေမှာပါ ၀င်ပြီး ကူညီလို့ရတယ်။ ဆိုပါတော့၊ ခု ဗမာပြည်မှာ လုပ်နေတဲ့ နာရေးကူညီမှု အသင်းလိုဟာမျိုးမှာ ငွေကြေးကို ဘယ်လို ထိထိရောက်ရောက် ဖြစ်အောင် စီမံခန့်ခွဲ မလဲ ဆိုတာ အကြံပေးလို့ရတယ် ပေါ့။

စင်ကာပူမှာ ကျောင်းလာတက်တော့မယ် ဆိုရင် အဓိက ကတော့ အင်္ဂလိပ်စာကို သေသေချာချာ ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်အောင် လေ့ကျင့်ထားဘို့ လိုပါတယ်။ ဒါမှ ကိုယ်ပြောချင်တာတွေကို ပြောလို့ ရမယ်။ သူတို့နဲ့ ဆွေးနွေးလို့ ရမယ်။ presentation တွေမှာ ပိုပြီး ၀င်ဆန့်နိုင်မယ်။ စာတမ်းရေးတဲ့အခါမှာလည်း ကိုယ့်အတွေးအခေါ်တွေကို မှန်မှန်ကန်ကန် ဖော်ထုတ် ခွင့်ရမယ်။ အင်္ဂလိပ်စာ သေသေချာချာ မရေးတတ်ရင် ကိုယ့်မှာ idea တွေ ရှိနေရင်တောင်မှ ဘယ်လိုရေးရမှန်း မသိတာနဲ့ အမှတ်လျော့တယ်။
သူတို့ပြောတာ ကိုယ်ဝင်မဆွေးနွေးနိုင်ရင် inter-personal skill အမှတ်ပေးတဲ့အခါ မျက်နှာငယ်ရတယ်။ စာသင် ရတဲ့ နေရာမှာတော့ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာ ပိုကောင်းတဲ့လူက ပိုတက်သွားနိုင်တယ်။ နောက်ပြီး report ရေးတဲ့ အခါ အရမ်းမစဉ်းစားရတော့ဘူး။ ကိုယ်သိတာလောက် ကောက်ကက်ရေးသွားလိုက်ရင် အချိန်ကုန် အရမ်း သက်သာသွားတယ်။ ဒါမှ မဟုတ်ပဲ ကိုယ်က အင်္ဂလိပ်လို ကောင်းကောင်းမရေးတတ်ရင် အဲဒီဟာကြီးကကို အလုပ်ကြီး တစ်ခု ဖြစ်နေတယ်။
နောက်ပြီး ကိုယ်က မတတ်တတတ်နဲ့ ရေးထားတာမို့ သိပ်မကောင်းတော့ဘူး။ အဲဒီတော့ စင်ကာပူရီယမ်တွေက ကိုယ့် report ယူကြည့်ပြီး မကောင်းလို့ ပြင်လိုက်ရင် စိတ်ထဲမှာ အရမ်းအားငယ် သွားတာပဲ။ သိမ်ငယ်တာပေါ့။ သူတို့ကျ တော့ ငယ်ငယ်ထဲက report ရေးတာ အကျင့်ရနေတော့ ခပ်လွယ်လွယ်ပဲ။ များသောအားဖြင့်တော့ ပထမနှစ်မှာ အဲဒါ အများဆုံးတွေ့ရတယ်။ နောက်နှစ်တွေရောက်သွားတော့ ကိုယ့်ဟာကိုယ် confidence ရလာတဲ့အတွက် သိပ်မခဲယဉ်း တော့ဘူး။ ရေးတတ်သွားပြီ။

နိုင်ငံခြားမှာ ကျောင်းလာတက်တော့မယ် ဆိုရင် အသိရှိထားရင် ပိုပြီး အဆင်ပြေတယ်။ ဆိုပါတော့ အဆောင်မရ တဲ့အခါ အခန်းကြိုငှားတာတို့ စသဖြင့်ပေါ့။ တစ်ခုတော့ရှိတယ်။ ကိုယ်က ဗမာပြည်တုံးက အိမ်မှာနေခဲ့တာ။ ဒီကျမှ အခန်း လေးထဲမှာ နေရတယ် ဆိုတော့ အိပ်ယာတစ်ခုထဲ။ အရမ်းကျဉ်းသွားတယ်။ တစ်ခန်းထဲမှာ တစိမ်းနဲ့ အတူနေရတော့မယ် ဆိုရင် ကိုယ်နဲ့ အခန်းဖော် အပြန်အလှန် နားလည်မှု ရှိဘို့ လိုတယ်။ နေ့တဓူဝ အတူနေနေရတဲ့သူနဲ့ အဆင်မပြေတဲ့အခါ အရမ်း စိတ်ဆင်းရဲဘို့ ကောင်းတယ်။
နောက်ပြီး အိမ်လွမ်းနာ ပေါ့။ သူများတိုင်းပြည်မှာ အသိအကျွမ်းကလည်း မရှိသေး။ စာတွေကလည်း အသစ်၊ မနည်းလိုက် ရတယ်။ လည်စရာ အဖော်ကလည်း မရှိ။ စကားပြောဖော်လည်း မရှိနဲ့ ရောက်စမှာ အထီးကျန်တဲ့ ဝေဒနာကို အတော် ခံစားရတယ်။ အိမ်အရမ်းပြန်ချင်တာပဲ။
နောက်တစ်ခုက ဗမာပြည်မှာက ကလေးတွေကို ဦးစားပေးလွန်းတယ်။ သူတို့ကိုယ် သူတို့ လူကြီးမိဘတွေရဲ့ အမှီခို ကင်းအောင် လေ့ကျင့်ပေးတာမျိုး မရှိဘူး။ အစစ မိဘတွေကပဲ အကုန်လုပ်ပေးတာ။ စာသင်တယ် ဆိုလဲ ကျူရှင် ကောင်းကောင်း ထားပေးရတာနဲ့။ ဆရာကို အိမ်ခေါ်ပြီး စာသင်ရတာနဲ့။ အ၀တ်ဆိုလည်း လျှော်ပေး။ မီးပူတိုက်ပေး။ အစား အသောက်ဆိုလည်း အဆင်သင့် လက်ဆေးစားရုံ။ ပန်းကန်တောင် ဆေးရတာ မဟုတ်ဘူး ဆိုတော့ ဒီကျတော့ အစစ ကိုယ့်အားကိုယ်ကိုးရပြီလည်း ဆိုရော ဘာမှ မလုပ်တတ်တော့ဘူး။
ကျွန်မကတော့ ဒီမှာ အစ်မနဲ့ အတူနေတာ ဆိုတော့ သိပ်မဆိုးပါဘူး။ အကုန်အဆင်ပြေပါတယ်။ တခြား သူငယ်ချင်းတွေထဲမှာတော့ အခန်းဖော်နဲ့ အဆင်မပြေတာ။ အိမ်ရှင်နဲ့ အဆင်မပြေတာ တွေ တွေ့ရတတ်တယ်။

ကျောင်းအတွက် Scholarship(ပညာသင်ဆု) လည်း လျှောက်လို့ ရတယ်။ ဒါပေမဲ့ တော်ရုံတန်ရုံ တော်ရုံနဲ့တော့ မရတတ်ဘူး။ အင်မတန့်ကို တော်တဲ့ တစ်နိုင်ငံလုံးမှာ one to ten ၀င်တဲ့သူတွေပဲ မှန်းလို့ရနိုင်မယ်။ နောက်ပြီး SAT အမှတ်လည်း အရမ်းကောင်းရမယ်။ Scholarship ဆုတွေကတော့ အများကြီးပဲ။ ASEAN Undergraduate Scholarship, SAS Scholarship, SMU Scholarship စသဖြင့် အများကြီးပဲ။ http://www.smu.edu.sg/financial/scholarships/scholarships01.asp မှာ ၀င်ကြည့်လို့ ရတယ်။ လာအိုက လာတဲ့သူ တွေ တွေ့တယ်။ သူတို့ကျတော့ အကုန်လုံးလိုလို scholarship တွေချည်းပဲ။ အစိုးရက စီစဉ်ပေးသလား ဘာလားတော့ မသိဘူး။
ဆရာတွေထဲမှာ စင်ကာပူရီယမ်တွေ နည်းတယ်။ ကိုးရီးယားတို့၊ ယိုးဒယားတို့၊ ဂျပန်တို့ တွေတွေ့ရတယ်။ အမေရိ ကန်တွေလည်း ပါတယ်။ ကျောင်းသားတွေထဲမှာ စင်ကာပူရီယမ်တွေ များတယ် ဆိုပေမဲ့ ခွဲခြားဆက်ဆံတာတို့၊ နှိမ်ပြီး ဆက်ဆံတာတို့တော့ မတွေ့ရပါဘူး။ နောက်တော့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါပဲ။
ကျွန်မတို့က သူတို့နဲ့စာရင် အသက်ပိုငယ်တယ်။ သူတို့ကျတော့ မိန်းကလေးဆိုရင် အသက် ၁၉ နှစ်၊ ယောက်ျား လေးဆိုရင် အသက် ၂၀၊ ၂၁ မှ တက္ကသိုလ် စတက်ကြတာ။ ဒီတော့ ရင့်ကျက်မှု နဲ့ အတွေးအခေါ်ပိုင်းမှာ ကွာတယ်။ ဗမာ ပြည်က လာတက်တဲ့ တချို့တွေဆို ခုမှ ၁၆ နှစ် ပြည့်ရုံပဲ ရှိတာတွေတောင် ပါတယ်။ သူတို့ကျတော့ ရုပ်ပိုင်းမှာရော၊ စိတ်ပိုင်းမှာပါ ရင့်ကျက်မှု အများကြီး လိုသေးတယ်။
သူတို့က ငယ်ငယ်ထဲက အလေ့အကျင့်ရထားတာ ဆိုတော့ ကျွန်မတို့နဲ့ စာရင် အရမ်း စာလုပ်နိုင်တယ်။ အရေးကြီးလို့ စာကျက်ရတော့မယ် ဆိုရင် စာကြည့်တိုက်ထဲမှာ မအိပ်မနေ ရက်ပေါင်းများစွာ လုပ်နိုင်ကြတယ်။ ကျွန်မတို့ ကျ အဲဒီလောက် မတတ်နိုင်ဘူး။ ကျွန်မအတွက်တော့ အစ်မရှိနေလို့ တော်တော်လေး အဆင်ပြေတယ် လို့ ပြောရမှာပါ။ ကျေးဇူးတင်ပါတယ်။

သုံးသပ်ချက်

၁။ ယခင် အတွေ့အကြုံများတွင် ရေးခဲ့ ပြောခဲ့ကြသလို မြန်မာပြည်မှ စင်ကာပူ သို့ ကျောင်းလာတက်မည့် သူများ သည် အင်္ဂလိပ်စာ ကို ကောင်းကောင်း သေသေချာချာ လေ့ကျင့်ရန် အလွန် အရေးကြီးပါသည်။ သို့မှ စင်ကာပူသို့ ကျောင်းလာတက်သော အခါ အထက်တွင် မတင်ဇာမော် တွေ့ခဲ့ရသော အခက်အခဲမျိုးများကို ရှောင်ရှားနိုင်မည် သို့မဟုတ် လျှော့ချနိုင်မည် ဖြစ်ပါသည်။
၂။ ကျောင်းတက်လာမည့် သူများအနေနှင့်ရော မိဘများကိုယ်တိုင်ကပါ ကိုယ့်သားသမီးကို ကျောင်းပို့ချင် အလျင်မလိုပဲ အသက်နည်းနည်းရလာအောင် ကိုယ့်အားကိုယ်ကိုး လာနိုင်အောင် လေ့ကျင့်ပေးဘို့ လိုပါသည်။ သို့မဟုတ် ပါက သားသမီးကို ချစ်ရာမရောက်။ နှစ်ရာ ရောက်ပါလိမ့်မည်။ ကလေးစာမလိုက်နိုင်ပဲ စာမေးပွဲ ကျမည်။ သို့မဟုတ် စိတ်ဓါတ်ကျပြီး ကျောင်းထွက်ကာ အိမ်ပြန်လာမည် ဆိုပါက ဆုံးရှုံးမှု ပမာဏ ကြီးမားလှပါသည်။
၃။ မိမိတက်မည့် ကျောင်းအကြောင်း နှင့် မိမိယူမည့် ဘာသာရပ်အကြောင်း သေသေချာချာ လေ့လာထားရန်လည်း အရေးကြီးပါသည်။ သို့မှ ဘာတွေသင်မည်။ ဘာတွေ ကြိုလေ့လာထားလျှင် အကျိုးရှိနိုင်မည် ကို သိနိုင်ပါသည်။
၎။ အမေ့အိမ်နှင့် ခွဲခွာပြီး တစ်ပြည်ရပ်ခြားတွင် နေရလျှင် အထက်ဖော်ပြပါ အခက်အခဲများ တွေ့နိုင်ကြောင်း သိရှိ ထားပါက လက်တွေ့မျက်တွေ့ ကြုံတွေ့လာရသော အခါ ခုသာခံသာ ရှိပါလိမ့်မည်။

No comments: