Friday, September 25, 2009

Bitter Life XVI (ကိုဖေအောင်)

နာမည် - ကိုဖေအောင်
အသက် - ၄၆
ပညာအရည်အချင်း - သူနာပြု ဒီပလိုမာ။ ၀ိဇ္ဖာဘွဲ့ (စိတ်ပညာ)(အဝေးသင် တက္ကသိုလ်)
လက်ရှိအလုပ်အကိုင် - အကူ သူနာပြု (Assistant Nurse Grade 1)
လစာ - ၁၇၀၀

ကိုဖေအောင်မှာ အရပ်ရှည်ရှည်နှင့် အလွန်ရိုးသားပြီး စိတ်ရင်း စေတနာ ကောင်းသူတစ်ဦး ဖြစ်ပါသည်။ သူက အလုပ်ကို စေတနာထားပြီး လုပ်သည်။ သို့အတွက် တိုးတက်လမ်း ရှိသူတစ်ဦး ဖြစ်ပါသည်။ သူက ပညာတတ်တာချင်း အတူတူ၊ မြန်မာပြည်မှ လာသူများမှာ အခြားနိုင်ငံသားများလောက် အခွင့်အရေးမရ၊ မြန်မာ သူနာပြုများမှာ အခြားနိုင်ငံ မှ လာသော သူနာပြုများထက် အတွေ့အကြုံများ၊ ပိုတတ်သည့်တိုင်အောင် အလုပ်ထဲတွင် အနှိမ်ခံရကြောင်း စိတ်မကောင်း စွာ ပြောပြပါသည်။ ထိုသူများနှင့် တန်းတူ အခွင့်အရေး ရရန် မိမိတို့ဘက်က ပိုတော်၊ ပိုတတ်အောင် အမြဲ လေ့လာ ဆည်းပူးနေဘို့ လိုကြောင်း ပြောပြပါသည်။
ကိုဖေအောင်မှာ သူတစ်ပါးအပေါ် မေတ္တာထားတတ်သူ ဖြစ်သဖြင့် သူနှင့် သူ့အလုပ်မှာ အလွန်မှ ဟပ်မိပါသည်။ ဂုဏ်ယူဘွယ်တစ်ခုမှာ ကိုဖေအောင်က လူနာများအပေါ် ၀တ်ကျေ ၀တ်ကုန်မျှ မဟုတ်ပဲ တကယ့် စေတနာ၊ မေတ္တာ အပြည့်နှင့် ပြုစုစောင့်ရှောက် ပေးခြင်း ဖြစ်ပါသည်။ သို့အတွက် သူ့စေတနာ၏ အကျိုးကို သူ မလွဲမသွေ ပြန်လည် ခံစားရမည် မုချ ဖြစ်ပါသည်။ အခြားသော သူနာပြုများ အတုယူဘွယ် ဖြစ်ပါ၏။
အောက်ပါ အတွေ့အကြုံများမှာ စင်ကာပူသို့ လာရောက် အလုပ်လုပ်လိုသော၊ စင်ကာပူတွင် ရောက်ရှိလုပ်ကိုင် နေသော မြန်မာ သူနာပြုနှင့် သူနာပြုအကူများ အတွက် အဖိုးတန်လိမ့်မည် ဟု ယူဆပါသည်။

ကျွန်တော့် ဇာတိကတော့ မော်လမြိုင်၊ ဘီလူးကျွန်းကပါ။ ကျွန်တော် ဆယ်တန်းအောင်တော့ Nursing တက်တယ်။ Nursing သုံးနှစ်တက်ပြီး အဝေးသင် ဆက်တက်တယ်။ ကျွန်တော် အလုပ်စ၀င်တော့ ၁၉၈၃ နိုဝင်ဘာ။ အဲဒီတုံး က ရန်ကုန် - မန္တလေး အမြန်လမ်းဖောက်လုပ်ရေး စီမံကိန်း မှာ ကျတယ်။ ကျွန်တော်တို့ ကျန်းမာရေးဌာနကို အကျဉ်းဦးစီးက on loan နဲ့ ငှားလိုက်တဲ့ သဘောပေါ့။ သူတို့ ဆရာဝန်တစ်ယောက်နဲ့ သူနာပြု တစ်ယောက် ခေါ်တယ်။ သူနာပြုကို အမျိုးသား သူနာပြုပဲ ခေါ်တာပေါ့။ အဲဒီမှာ ဆေးထောင်မှူးဘ၀နဲ့ ၃ နှစ် လုပ်ခဲ့တယ်။
ကျွန်တော်တို့ တာဝန်က လမ်းဖောက်နေတဲ့ အကျဉ်းသားတွေရယ်၊ အကျဉ်းသားတွေကို အုပ်ချုပ်တဲ့ ထောင် ၀ါဒါ တွေရယ်ကို ဆေးကုသမှု ပေးရတယ်။ အဲဒီတုံးက စခန်း ၆ ခု ရှိတယ်။ အဲဒီမှာ ဆရာဝန်ကြီး တစ်ယောက်၊ လက်ထောက် ဆရာဝန် နှစ်ယောက်၊ စခန်းတစ်ခုကို အမျိုးသား သူနာပြု တစ်ယောက်စီ ထားပေးတယ်။ ပင်မ စခန်းကြီးမှာတော့ အမျိုးသား သူနာပြု လေးယောက်၊ တာဝန်ခံ ဆရာဝန် တစ်ယောက် ထားပေးတယ်။ အဲဒီမှာတော့ in patient (ဆေးရုံ တက်ရောက် ကုသခံရသည့် လူနာ) တွေ လက်ခံတယ်။
သက်ဆိုင်ရာ စခန်းတွေက သူနာပြုတွေက အကျဉ်းသားတွေ နေထိုင်မကောင်း ဖြစ်ရင် ကြည့်ရှုစောင့်ရှောက်ပေး ရပြီး ဆေးရုံတက်သင့်တယ် ဆိုလည်း ပင်မ စခန်းမှာရှိတဲ့ ဆေးရုံကို တင်ပေါ့။ ဆေးရုံကလည်း ကောင်းပါတယ်။ တကယ့် ဆေးရုံကြီးတွေ အတိုင်းပဲ။ ဆရာဝန်ကြီးက ညွှန်ကြားချက်ပေး။ ကျွန်တော်တို့က လုပ်ပေးပေါ့။ ဒီမှာတော့ Nursing Care နဲ့ treatment ကိုပါ ပူးတွဲ လုပ်ရတယ်။
အဲဒီမှာ ၃ နှစ်လုပ်ခဲ့ပြီး ရန်ကုန် စိတ်ရောဂါ အထူးကု ဆေးရုံကြီးကို ရောက်လာတယ်။ အဲဒီ ဆေးရုံမှာ Unit နှစ်ခု ရှိတယ်။ Psychiatric Unit နဲ့ Narcotic Unit ။ ကျွန်တော်က Narcotic Unit မှာ ကျတယ်။ မူးယစ်ဆေးဝါး လာဖြတ်တဲ့ လူနာတွေပေါ့။ ကျွန်တော်တို့ရောက်တော့ ဆရာဝန်ကြီး ဒေါက်တာ ဦးခန့် လက်ထက်။ အဲဒီမှာ ၂ နှစ်ကြာတယ်။ အဲဒီကနေ Psychiatric Unit ကို ပြောင်းရတယ်။ စိတ်ရောဂါသည်တွေ ထားတဲ့အဆောင်။ စင်ကာပူ အခေါ်တော့ Long Stay, ကျွန်တော်တို့ ဆီမှာတော့ Chronic Unit လို့ ခေါ်တယ်။ အဲဒီမှာ ၁ နှစ်ကျော် လုပ်ခဲ့တယ်။
အဲဒီနောက်တော့ မိသားစုနဲ့ အတူနေချင်တာနဲ့ ကျွန်တော် လှည်းကူးဆေးရုံကို ပြောင်းလာခဲ့တယ်။ ဆေးရုံက ကုတင် ၅၀ ဆန့် ဆေးရုံ။ အဲဒီကျတော့ ရိုးရိုး သာမန် လုပ်ရိုးလုပ်စဉ် သူနာပြု လုပ်ငန်းတွေပဲ လုပ်ရတာပေါ့။ အဲဒီမှာ မြို့နယ် ကျန်းမာရေး ဆရာဝန်ကြီး၊ မြို့နယ် ကျန်းမာရေး အရာရှိ၊ မြို့နယ် ဆရာဝန်၊ သူနာပြုထဲမှာဆို မြို့နယ် သူနာပြု ဆရာမ ကြီးပေါ့။ သူက အဆင့်အမြင့်ဆုံးပဲ။ Blue Staff (S/N – Staff Nurse) လို့ ခေါ်တာပေါ့။ TN (Trained Nurse = လေ့ကျင့် ထားပြီးသား သူနာပြု) က စုစုပေါင်း ၅ ယောက်။ အဲဒီမှာ ၁၂ နှစ်လောက် လုပ်ပြီး စင်ကာပူ ထွက်လာခဲ့တာပဲ။
စင်ကာပူမှာ လုပ်နေတဲ့ သူငယ်ချင်းက လှမ်းခေါ်တယ်။ ဒီမှာ လာလုပ်ပေါ့။ အမျိုးသမီးကလည်း နိုင်ငံခြား အတွေ့ အကြုံယူထားရင် ကောင်းမယ် ပေါ့။ အဲဒါနဲ့ စင်ကာပူထွက်ဘို့ ဖြစ်လာတယ်။ လုပ်ရတာတော့ တော်တော် လွယ်ပါတယ်။ အဲဒီ သူငယ်ချင်းကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးလိုက်တော့ သူ့ဟာသူ တင်တယ်။ ပိုက်ဆံလည်း သူ့ဟာသူပဲ စိုက်ပေးထားလိုက်တာ။ ၆ လ လောက်ကြာတော့ ကျပြီ ဆိုတော့မှ ကျွန်တော်က ကောက်ကက် ထွက်လာလိုက်တာ။ သူငယ်ချင်းက စင်ကာပူ အေးဂျင့်နဲ့ တင်ပေးတာ။ အေးဂျင့်ဖီး ၁၈၀၀ ပေးရတယ်။

ကျွန်တော် စင်ကာပူထွက်လာတော့ ၂၀၀၁ ခုနှစ်။ Nursing Home မှာ လုပ်ရတယ်။ လခ ၄၅၀ ပေးတယ်။ ရာထူး ကတော့ Nursing Aid ပေါ့။ ဗမာပြည်က လာတဲ့သူတွေ အားလုံးကို သူတို့က Nursing Aid ပဲ ပေးတာပဲ။ ကြည့်ပါဗျာ။ ကျွန်တော်ဆို ဗမာပြည်မှာ လုပ်သက် ၁၈ နှစ်လောက် ရှိပြီး အင်မတန် လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်နေပြီးသားကို ဒီလာတော့ Nursing Aid ပဲ ရတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။
ကျွန်တော် လုပ်ရတာ Tong Tat Home for Senior Citizen လို့ ခေါ်တယ်။ Geylang မှာရှိတယ်။ သူ့အနားမှာ ဟိန္ဒူ ဘုရားကျောင်း တစ်ခု ရှိတယ်။ ကျွန်တော်တို့ အောက်မှာ HCA (Health Care Assistant) ရှိတယ်။ နောက်ပြီး ကျွန်တော်တို့။ ကျွန်တော်တို့ အထက်မှာ Assistant Nurse။ နောက်ပြီးတော့ S/N ၊ နောက်ပြီးတော့မှ Sister ဆိုပြီး အဆင့် ဆင့် ရှိတယ်။

ကျွန်တော်တို့လုပ်ရတာကတော့ မိုးလင်းလာရင် လူနာကို ရေချိုးပေးရတယ်။ ဆေးလိမ်းပေးရတယ်။ အ၀တ် အစား လဲပေးရတယ်။ အစာမစားနိုင်တဲ့သူတွေကို ခွံ့ကျွေးရတယ်။ ကိုယ့်ဟာကိုယ် စားနိုင်တဲ့သူတွေ ကျတော့ စားဘို့ သောက်ဖို့ စီစဉ်ပေးရတာပေါ့။ Nurse တွေက ဆေးပေးသွားရင် လူနာ ဆေးသောက်မသောက် ကြည့်ရတယ်။ ဒီအတိုင်း အပြားလိုက်မသောက်နိုင်ရင် အမှုံ့ကြိတ်ပြီး ရေနဲ့တိုက်ပေး ရတယ်။ ဒီက အခေါ်နဲ့ ဆိုရင် Activity of daily living ခေါ်တာ ပေါ့။ တစ်နေ့စာ လူတွေ နေထိုင် လုပ်ကိုင်ရတဲ့ အလုပ်မှန်သမျှ အားလုံး လုပ်ပေးရတာပေါ့။ အဲဒီမှာက အသက်ကြီးတဲ့ သူ တွေကို ထားတာ။
အဲဒီ Nursing Home မှာ လူနာပေါင်း ၁၆၀ ရှိတယ်။ အမျိုးသား၊ အမျိုးသမီး ခွဲထားတယ်။ အမျိုးသားတွေကို အမျိုးသား နာ့စ်တွေကြည့်။ အမျိုးသမီးတွေကို အမျိုးသမီး နာ့စ်တွေက ကြည့်ပေါ့။ အမျိုးသမီး Nursing Aid က ၆ ယောက် ရှိတယ်။ အမျိုးသား Nursing Aid က ၆ ယောက် ဆိုတော့ စုစုပေါင်း ၁၂ ယောက်လောက် ရှိတယ်။ HCA က တစ်ဖက်ကို ၄ ယောက် နဲ့ ၈ ယောက် လောက်ရှိတယ်။
ဆိုတော့ ကျွန်တော်တို့ တစ်ယောက်ကို ပျှမ်းမျှခြင်း လူနာ ၆ ယောက် ကနေ ၁၀ ယာက်လောက် ထိ ကြည့်ရ တယ်။ ကိုယ့်ဟာကိုယ် လုပ်နိုင်ကိုင်နိုင်တဲ့ အဖိုးကြီး အဖွားကြီးတွေ ဆိုရင်တော့ သက်သာတာပေါ့။ သူတို့ကိုတော့ independent case ခေါ်တယ်။ ကိုယ့်ဟာကိုယ် မသယ်နိုင် မ၀ယ်နိုင်တဲ့ အဖိုးကြီး အဖွားကြီးတွေဆိုရင်တော့ ပင်ပန်းတာ ပေါ့။ များသောအားဖြင့်လည်း အသက်ကြီးတဲ့ သူတွေ လာတာ ဆိုတော့ မသယ်နိုင် မ၀ယ်နိုင်တွေ များပါတယ်ဗျာ။ ကိုယ့် ဟာကိုယ် လုပ်နိုင်တဲ့ သူတွေကျတော့ အိမ်တွေမှာပဲ ထားတာပေါ့။
အလုပ်ချိန် တစ်နေ့ကို ၈ နာရီ၊ Tea Break ၁၅ မိနစ်၊ Lunch Break နာရီဝက် သတ်မှတ်ပေးတယ်။ တစ်ပတ်ကို တစ်ရက်နားရတယ်။ အိုတီ (overtime) မရှိဘူး။ ဆေးကုသစရိတ် ပေးတယ်။ ဒါပေမဲ့ သွား နဲ့ ပတ်သက်တဲ့ ဆေးကုသ စရိတ်တော့ မပေးဘူး။ ဆေးရုံတက်တဲ့ အခတွေ ဘာတွေ သူတို့ ပေးပါတယ်။
နေတာကတော့ အဲဒီမှာပဲ နေရတယ်။ စားတာလဲ အဲဒီက ကျွေးတယ်။ မနက်စာကို ပေါင်မုံ့နဲ့ မိုင်လိုတို့ ကော်ဖီတို့ ကျွေးတယ်။ ကြိုက်သလောက် ယူစားလို့ရတယ်။ ထမင်းစားတဲ့ အချိန် ထမင်းဆင်းစား။ ထမင်းစားခန်းထဲမှာ ထမင်းတို့၊ ဟင်းတို့ကို ထားပေးတယ်။ ဘူဖေးစားသလိုပေါ့။ ကြိုက်သလောက် ထည့်စားလို့ ရတယ်။ စားတဲ့ အချိန်တော့ သတ်မှတ် ထားတာပေါ့။ ဆိုပါတော့၊ ညစာဆို ည ၉ နာရီ နောက်ဆုံးထားပြီး စားရမယ် ပေါ့။
စားရသောက်ရတာတော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ တာဝန်ကျတဲ့ Home က Vegetarian Home (သက်သတ်လွတ် ဘိုးဘွားရိပ်သာ) ဆိုတော့ အသီးအရွက် တွေပဲ စားရတာပေါ့။ သူတို့ ဗုဒ္ဓဘာသာကလည်း very strong ဗျ။ သက်သတ်လွတ်ဆို ဆီတို့ ဆားတို့ လုံးဝမပါရဘူး။ အသီးအရွက် ရေလုံပြုတ်ပေါ့ဗျာ။ အသီးအရွက်တွေကို ရေနဲ့ ကျော်လိုက်တာ။ ရေနဲ့ ဆိုတော့ ကျော်ရာ ဘယ်ရောက်တော့မလဲ။ ပြုတ်သလို ဖြစ်သွားတာပေါ့။ စားရတာတော့ ဘယ်တင်းတိမ် မလဲ။ အိမ်ကပို့တဲ့ အကြော်အလှော် လေးတွေနဲ့ စားရတာပေါ့။
သူတို့ကသာ အသားမကျွေးပေမဲ့ ကျွန်တော်တို့ အိမ်ကယူလာတဲ့ အသားငါးတွေတော့လည်း စားလို့ရပါတယ်။ ဒါတောင် ခုမှ စားလို့ရတာ တဲ့။ အရင်တုံးက ဒီထဲမှာ စားခွင့်မပြုဘူးလို့ သိရတယ်။
Nursing Aid ကနေ အလုပ်ကြိုးစားရင် ဒီက Nursing Board ကလုပ်တဲ့ စာမေးပွဲတွေ ဖြေခွင့် ပြုတယ်။ Registered Nurse, Staff Nurse စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီလို ဖြေခွင့်ရဘို့ကလည်း တော်တော်လေး ခဲယဉ်းတယ်။ နံပါတ် (၁) က ကုမ္ပဏီက ကြိုက်ရမယ်။ နံပါတ် (၂) က ကိုယ်ကိုယ်တိုင် အဲဒီစာမေးပွဲကို ဖြေဘို့ Qualify ဖြစ်ရမယ်။ အဲတော့မှ ဖြေခွင့်ရှိတယ်။ ဖြေတာက ကုမ္ပဏီ sponsor နဲ့ ဖြေရတာ။ ကုမ္ပဏီ sponsor မလုပ်ပေးပဲ ကိုယ့်ဟာကိုယ် ဖြေချင်ပါတယ် ဆိုလို့ မရဘူး။ အဲဒီ စာမေးပွဲ အောင်ရင် Assistant Nurse ဖြစ်တယ်။ Registered Nurse မဖြစ်သေးဘူး။ အဲဒီမှာ လုပ်လို့ ၂ နှစ်ပြည့်တော့ ကျွန်တော့်ကို အဲဒီ စာမေးပွဲ ဖြေခွင့်ပေးတယ်။ စာမေးပွဲဝင်ဘို့ အစိုးရက စရိတ်ပေးတာ။ ကျန်တဲ့ပိုက်ဆံကိုလည်း ကုမ္ပဏီက စိုက်ပေးတယ်။ ကျွန်တော်တို့က တစ်ပြားမှ မပေးရဘူး။
ဖြစ်ချင်တော့ အဲဒီမှာ အလျင်က ဗမာ အမျိုးသမီးတစ်ယောက် လုပ်ခဲ့သေးတယ်။ သူ့ကို စာမေးပွဲ ၀င်ဖြေခိုင်း တယ်။ သူ စာမေးပွဲမအောင်တော့ မင်းတို့ ဗမာတွေ အင်္ဂလိပ်စာ ညံ့တယ် ဆိုပြီး ဗမာတွေကို စာမေးပွဲ ၀င်ခွင့်မပေးတော့ ဘူး။ အဲဒီနောက် သုံးနှစ်လောက်ကြာတော့ ကျွန်တော်တို့ အမျိုးသား သူနာပြုနှစ်ယောက် ရောက်လာတယ်။ ဗမာတွေက အလုပ်တော့ ကြိုးစားပါရဲ့။ အင်္ဂလိပ်စာ ညံ့ပြီး communication မကောင်းတော့ သူတို့ ကျွန်တော်တို့ကို ကြည့်လိုက်ရင် အထင်သေးတဲ့ မျက်လုံးနဲ့ပဲ ကြည့်တာပဲ။
ဒါပေမဲ့ တစ်ခုရှိတာက လက်တွေ့လုပ်တဲ့နေရာမှာ ကျွန်တော်တို့က သူတို့ထက် အများကြီးသာတယ်။ ဆိုတော့ သူတို့နိုင်ငံသား supervisor တွေက အမြဲတမ်း အကဲခတ်နေတာ။ ဘယ်သူ ကြိုးစားသလဲ။ အခြေအနေကောင်းသလဲ ပေါ့။ အလုပ်လဲ ကြိုးစားတယ်။ လုပ်ငန်းလည်း ကျွမ်းကျင်ရမယ်။ လူနာတွေပေါ်မှာလည်း စေတနာ ကောင်းရမယ်။
ကျွန်တော်တို့ အဲဒီမှာ အရမ်းကြိုးစားခဲ့ရတယ်။ အချိန်တွေ၊ အင်အားတွေ၊ ဘ၀တွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ ကျွန်တော်တို့ ကြိုးစားမှန်းသိတော့ ရောက်ပြီး တစ်နှစ်ခွဲလောက် အကြာမှာ အဲဒီက Staff Nurse ဆရာမကြီးက ခေါ်ပြောတယ်။ မင်းတို့ အင်္ဂလိပ်စာ ကြိုပြီး ပြင်ဆင်ထားပါ။ မင်းတို့ ဗုဒ္ဓဘာသာတွေပဲ။ အရင်တုံးက လူတွေက ညံ့တဲ့ အတွက် စာမေးပွဲ ၀င်ခိုင်းလိုက်လို့ မအောင်တဲ့အခါ ငါ မျက်နှာပျက်ရတယ်။ ခု မင်းတို့ စာမေးပွဲဝင်နိုင်အောင် ကြိုးစား ထားပါ လို့ ပြောတယ်။
ကျွန်တော်တို့လည်း ၀မ်းသာတာပေါ့။ ဒါမျိုး အခွင့်အရေးက လွယ်လွယ်နဲ့ ရတာမဟုတ်ဘူး။ ဟုတ်ကဲ့၊ ကျေးဇူး အများကြီးတင်ပါတယ် လို့ ပြောပြီး တစ်ပတ်လောက် အတွင်းမှာ မေးခွန်ဟောင်းတွေ လိုက်စု။ ကျက်ရ မှတ်ရ တာပေါ့။ ဆယ်ရက်လောက်ကြာတော့ ဒုတိယ အကြီးဆုံး က ဆေးရုံထဲမှာ လမ်းလျှောက်လာရင်း မင်း စာရောဖတ်ရဲ့လား လို့ မေးတယ်။ ကျွန်တော်ကလည်း သေသေချာချာ ပြင်ထားတာ ဆိုတော့ မင်းတို့သာ ခွင့်ပြုမယ် ဆိုရင် ရှေ့လ စာမေးပွဲ ၀င်လို့ ရပြီ လို့ ရဲရဲတင်းတင်း ပြောလိုက်တယ်။ သူ အဲဒီမှာ အရမ်း အံ့သြသွားတယ်။ မင်း မေးခွန်းတွေ သေသေချာချာ သိလို့လား လို့ မေးတော့ မင်းတို့ မေးခွန်းတွေအားလုံးက ငါတို့ နိုင်ငံမှာ ငါတို့ လက်တွေ့လုပ်ထားတဲ့ မေးခွန်းတွေပဲ။ ဘာမှ မဖြေနိုင် စရာ မရှိဘူး လို့ ပြောလိုက်တယ်။ ဟုတ်လည်း ဟုတ်တယ်လေ။
လုပ်ငန်းခွင်ထဲမှာ တကယ် လုပ်ထားတဲ့ သူတစ်ယောက် အနေနဲ့ဆို ဘာမှ မခက်ဘူး။ သူတို့က အလုပ်ကို ဘယ် လောက်နားလည်သလဲ၊ ကျွမ်းကျင်သလဲ လို့ မေးထားတာကိုး။ တကယ် လုပ်တဲ့သူသာ ဆို ဒါ လွယ်လွယ်ကလေး ဖြေလို့ ရတယ်။ မေးခွန်းအားလုံးက Multiple Choice (မှားမှန်ရောထွေး၊ အမှန်ရွေး) ပဲ။ လက်တွေ့လည်း လုပ်ထားမယ်။ အင်္ဂလိပ် စာလည်း ကျွမ်းကျင်မယ်ဆို အောင့်ကိုအောင်တယ်။
ဒီမှာက ဗမာပြည်မှာလို အကုန် ကျက်ထားစရာမှ မလိုပဲ။ အဖြေကို မြင်နေရတာကို။ အဖြေက ဘာလဲ ဆိုတာ သိဘို့ပဲ လိုတယ်။ ဒါပေမဲ့ အိယောင်ဝါးတော့ သွားလုပ်လို့ မရဘူးပေါ့။ ပေးထားတဲ့ အဖြေတွေ အားလုံးက ဆင်တူယိုးမှား လေးတွေချည်း ဆိုတော့ သေသေချာချာ မသိဘဲ ရမ်းဖြေတဲ့သူ ဆိုရင်တော့ ကျမှာပဲ။
အဲဒီ ဆရာမကြီးက သူ sponsor လုပ်ထားတာ ဆိုတော့ ကာယကံရှင် ကျွန်တော်တို့ထက်တောင် ပိုပြီး စိတ်ပူ နေသေးတယ်။ သူက ဗမာဆို အရမ်းကြိုက်တာ။ ဗမာတွေက ကြိုးကြိုးစားစား လုပ်တယ်။ စေတနာကောင်းတယ် ဆိုတော့ သူ ဗမာတွေကို လက်မလွှတ်ချင်ဘူး။
ကျွန်တော်တို့ စာမေးပွဲဖြေပြီးတော့ သူ ပြူးပြူးပြာပြာနဲ့ လာမေးတယ်။ ဘယ့်နဲ့လဲ ပေါ့။ အစ်မ ဘာမှ မပူပါနဲ့၊ သေချာပေါက် အောင်ပါတယ် ဆိုတော့ သူ ပြုံးပြုံး ပြုံးပြုံး နဲ့။
တစ်လလောက်ကြာတော့ အောင်စာရင်းထွက်တယ်။ ခါတိုင်းဆို သူရုံးကို ၉ နာရီလောက်မှ အမြဲရောက်တယ်။ ကျွန်တော်တို့ အောင်စာရင်းထွက်တဲ့နေ့မှာ သူရုံးကို အစောကြီး ရောက်ချလာတယ်။ မနက် ၇ နာရီလောက်မှာ သူ ရုံးကို ၀မ်းသာအားရနဲ့ ပြေးလာပြီး နင်တို့အောင်ပြီ၊ နင်တို့အောင်ပြီ တဲ့။ ကျွန်တော်တို့ထက်တောင် သူက ပိုပျော်နေသေးတယ်။
ကျွန်တော်ကတော့ သေချာပေါက်အောင်မှာပဲ လို့ တွက်ထားတာကိုး။ ကျွန်တော် စာမေးပွဲအောင်တော့ အဲဒီ Home မှာ နောက်ရောက်လာတဲ့ ဗမာတွေဆို အကုန်စာမေးပွဲ ဖြေခွင့်ပေးတာပဲ။
စာမေးပွဲက မခဲယဉ်းပါဘူး။ အခြေခံ သူနာပြုစုနည်းတွေ သိရင် အောင်ပါတယ်။ ဗမာပြည်မှာ ဒီပလိုမာ သင်တန်း သုံးနှစ်သင်ထား ပေးတာနဲ့ ကောင်းကောင်း လုံလောက်ပါတယ်။ လက်တွေ့လည်း လုပ်ဖူးထားရမယ် ပေါ့။
စာမေးပွဲ ဖြေပြီး ငါးလ၊ ခြောက်လလောက် အဲဒီမှာ ကျွန်တော် ဆက်လုပ်လိုက်သေးတယ်။ နောက်တော့ အဲဒီက ထွက်ပြီး ဗမာပြည် ပြန်လာခဲ့တယ်။ အဲဒီမှာတင် ၃ နှစ်ကျော် ကြာခဲ့တယ်။ ဗမာပြည်မှာ သုံးနှစ်နီးပါး နေလိုက်သေးတယ်။
ခု နောက်တစ်ခေါက် ပြန်ရောက်လာတာ ၂၀၀၇ ခုနှစ် ဇန္န၀ါရီလ။ ခု နောက်တစ်ခေါက် ပြန်လာချင်တယ် ဆိုတော့ စင်ကာပူမှာ လုပ်နေတဲ့ သူငယ်ချင်းက မင်း ဒီတစ်ခါတော့ ဆေးရုံမှာပဲ လုပ်ပါကွာ ဆိုပြီး အလုပ်ရှာပေးတယ်။ ရှာတယ် ဆိုတာလည်း အေးဂျင့်နဲ့ ရှာရတာပါပဲ။ ဆေးရုံတွေကတော့ အေးဂျင့်တွေကနေ ရှာရတယ်။ အေးဂျင့်ဖီးက ၂၀၀၀ ပေးရ တယ်။ ဒါတောင် ဒီဟာ တော်တော် သက်သာတယ် ခေါ်ရမယ်။ ခု Nursing Aid နဲ့ လာတဲ့သူတွေ ၃၅၀၀ ပေးရတယ် ကြားတယ်။
ကျွန်တော် စင်ကာပူလာမယ် လို့ သူငယ်ချင်းကို ပြောလိုက်တဲ့ အချိန်နဲ့ အလုပ်ရတဲ့ အချိန်ဆို တစ်လလောက်ပဲ စောင့်လိုက်ရတယ်။ အရမ်းမြန်တယ်။ တချို့ကျတော့လည်း ကိုယ့်ဟာကိုယ် visit နဲ့ လာပြီး အင်တာဗျူးကြတဲ့ သူတွေ လည်း ရှိတယ်။
ခုတစ်ခေါက် ကျွန်တော်ပြန်လာတာ Gleneagles Hospital မှာ။ အဲဒီ ဆေးရုံက Parkway Health Group အောက်မှာ။ Parkway အောက်မှာ ဆေးရုံ သုံးရုံသုံးရုံ ရှိတယ်။ Gleneagles ရယ်၊ East Shore ရယ်၊ Mount Elizabeth ရယ် ပေါ့။ အဲဒီမှာ AN (Assistant Nurse) နဲ့ ၀င်လုပ်တာ ၂ နှစ်ခွဲလောက် ကြာတယ်။ လခက Basic Pay က ၁၃၀၀ ကျော်၊ တခြား allowance တွေနဲ့ ပေါင်းလိုက်ရင် ၁၆၀၀ နီးပါးလောက် ရတယ်။ တစ်ပတ်ကို ၆ ရက်၊ တစ်ရက်ကို ၈ နာရီ ဆင်းရ တယ်။ သူတို့ဆီမှာလည်း Tea Break ၁၅ မိနစ်၊ နေ့ခင်း ထမင်းစားချိန် နာရီဝက် ပဲ ပေးတာပါပဲ။
Nurse Aid နဲ့ Assistant Nurse နည်းနည်းတော့ ကွာတယ်ဗျ။ AN ကျတော့ သူတို့နိုင်ငံ Nurse စာရင်း ၀င်သွား ပြီ ဆိုတော့ Nursr Aid တွေလို ရောရာသောင်းပြောင်း အကုန် မလုပ်ရတော့ဘူး။ Nurse တွေ လုပ်ရမဲ့ အလုပ်ပဲ သီးသန့် လုပ်ရတော့တယ်။
ကျွန်တော်က ခွဲခန်းမှာ တာဝန်ကျတယ်။ အဲဒီမှာ ကျွန်တော်က ခွဲမဲ့၊ စိတ်မဲ့ ပစ္စည်းကိရိယာတွေ ပြင်ဆင်ပေးရမဲ့ အဖွဲ့ထဲမှာ ပါတော့ ဆရာဝန်တွေ ခွဲစိတ်ခန်း ၀င်တော့မယ် ဆိုရင် သူတို့လိုတဲ့ ပစ္စည်းတွေ အဆင်သင့် ပြင်ထားပေးရတယ်။ နောက်နေ့ခွဲမဲ့ လူနာအတွက် ဒီနေ့ကတည်းက ခွဲခန်းတွန်းလှည်းပေါ်မှာ လိုတဲ့ ပစ္စည်းတွေ အဆင်သင့် ပြင်ထားပေးရ တယ်။ ဥပမာ - Hernia ခွဲမယ် ဆိုရင် ဘာပစ္စည်းတွေ လိုမယ်ဆိုတာကို Trolley တစ်ခုမှာ တင်ပေးထားရ တာပေါ့။
ဘာတွေ ဘယ်နေ့မှာ ခွဲမလဲ ဆိုတာ အောက်မှာ reception department မှာ ကြေငြာပေးထားတယ်။ မနက် ၁၀ နာရီ ဆို ကွန်ပြူတာ password ထွက်လာပြီ။ အဲဒီ ကွန်ပြူတာထဲမှာ သွားကြည့်ပြီး လိုတာတွေ ပြင်ထားရုံပဲ။ လူနာတွေ ကို ကြည့်ရှုစောင့်ရှောက်ရတာတော့ မရှိတော့ဘူး။ one duty မှာ ၈ နာရီ။ morning duty ဆိုရင် မနက် ၇ နာရီကနေ မွန်းလွဲ ၂ နာရီခွဲ ထိ၊ ညနေပိုင်း ကျတော့ နေ့လည် ၁ နာရီခွဲကနေ ည ၉ နာရီထိ၊ ညပိုင်းကျတော့ ည ၉ နာရီကနေ မနက် ၇ နာရီ ထိ။ အလှည့်ကျ ၀င်ရတာပေါ့။
လခကို နှစ်နှစ် တစ်ကြိမ် တိုးပေးတယ်။ ကျွန်တော်တုံးက ၂ နှစ်ပြည့်တော့ ၅၀ တိုးပေးတယ်။ အဲဒီမှာ ၂ နှစ်ခွဲ လုပ်ပြီးတော့ သူငယ်ချင်း တစ်ယောက်က ဆေးရုံတစ်ခုမှာ အလုပ်တွေ ခေါ်နေတယ် ဆိုလို့ သွားစုံစမ်းကြည့်လိုက်တော့ သူတို့က form ဖြည့်ခိုင်းတယ်။ နောက် အင်တာဗျူးခေါ်ပြီး အရွေးခံရတယ် ပေါ့။
အဲဒီက ဘာလို့ ထွက်လာရသလဲ ဆိုတော့ လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရှေ့မှာ တက်လမ်း ပိတ်နေ တယ်။ နောက်ထပ် တစ်ဆင့်တက်ဘို့ ဘယ်လောက် စောင့်ရမလဲ မသိဘူး။ ဆေးရုံက သေးတဲ့အခါကျတော့ ရာထူး တစ် နေရာ လွတ်ဘို့ သိပ်မလွယ်ဘူး။ အကြာကြီး စောင့်ရမှာ။ အဲဒါကြောင့် ပိုပြီးကြီးတဲ့ ဆေးရုံကို ပြောင်းရတာ။
အဲဒီမှာ လခ ၁၇၀၀ လောက်ရတယ်။ Allowance အပါအ၀င်ပေါ့။ ဟို ဆေးရုံတုံးက AN2 ပေးတယ်။ ခု ဒီဆေးရုံ ကျတော့ AN1 (Assistant Nurse Grade 1 - အကူသူနာပြု အဆင့် ၁) ပေးတယ်။ ဘာကွာလဲ ဆိုတော့ AN အဖြစ်နဲ့ စ ၀င်ဝင်ချင်းမှာ လုပ်ငန်းအတွေ့အကြုံအရ AN2 ပဲ ပေးတယ်။ အဲဒီက ၂ နှစ်ပြည့်တော့ AN1 ကို တိုးပေးတယ် ဆိုပါတော့။
AN1 ဖြစ်ပြီး လုပ်သက် တစ်နှစ်ရရင် SRN (Singapore Registered Nurse) ဖြေလို့ရပြီ။ ကိုယ့်ရဲ့ လုပ်ရည် ကိုင်ရည် (work performance) ကို ကြည့်ပြီး ဆေးရုံကပဲ sponsor လုပ်ပေးတာ။
ကျွန်တော်တို့ Nursing field တစ်ခုလုံးက ဆေးရုံ sponsor နဲ့ ဖြေကြတာ များတာပဲ။ ကျွန်တော် သိရသလောက် အပြင်ကနေ ဖြေတယ်လို့ မကြားမိဘူး။
ဒီမှာ ITE (Institute of Technical Education) က ဆင်းလာတဲ့ သူတွေကို AN အနေနဲ့ စပေးတယ်။ Poly-technic က ဆင်းတဲ့သူတွေကျ SN2 တန်းပေးတယ်။ သူတို့က ဒီပလိုမာ ရတဲ့သူတွေပေါ့။ နောက်မှ SN1၊ အဲဒီ နောက်မှ Senior SN ဆိုပြီး အဆင့်ဆင့် တက်သွားရတယ်ပေါ့။ ဒီပလိုမာ ပြီးရင် Advance Diploma ဆက်တက်လို့ ရတယ်။ အဲဒီ အပိုင်းကျတော့ ကျွန်တော်လည်း သေသေချာချာ မသိတော့ဘူး။

မှတ်ချက်။ ။ Nursing ဘာသာရပ်နှင့် ပတ်သက်၍ မြန်မာအများစု တက်ရောက်နေသော Ngee Ann Polytechnic တွင် Diploma in Health Sciences (Nursing) သင်တန်းများပေးပါသည်။ သုံးနှစ် သင်တန်းဖြစ်ပြီး ဆေးခန်းများတွင် ၄၅ ပတ် လက်တွေ့ သင်တန်း ဆင်းရပါသည်။ ထိုသင်တန်းပြီးလျှင် Staff Nurse အလုပ် ရပါမည်။ ထိုမှ တစ်ဆင့် Advanced Diploma သို့မဟုတ် Bachelor Degree (B.Sc – Nursing) သင်တန်း ဆက်တက်ပြီး သင်တန်းပြီးပါက Nurse Manager သို့မဟုတ် Nurse Clinician ဖြစ်နိုင်ပါသည်။ ထိုမှ ဆက်၍ Master, Ph. D သင်တန်းများ ဆက်တက်မည် ဆိုပါက Assistant Director, Director များထိ ဖြစ်နိုင်ရန် အလားအလာ ရှိပါသည်။ အောက်ပါ အင်တာနက် website တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။
Ref: http://www.np.edu.sg/hs/courses/hsn/Pages/HSN.aspx

အမြင့်ဆုံး ရာထူးအနေနဲ့ Nursing Director အထိ ရှိတယ်။ SRN ဖြစ်ပြီ ဆိုရင် လခ ၂၅၀၀ ကနေ ၃၀၀၀ ထိ ရနိုင်တယ်။ ကျွန်တော်တို့ ဗမာတွေထဲက အဲဒီလို အလုပ်လုပ်ရင်း ကျောင်းတက်ပြီး တက်သွားတဲ့ သူတွေဆို Nursing Manager ထိ ရှိတယ်။

ကျွန်တော့်သဘော အရတော့ ကိုယ် ဘယ်နေရာမှာပဲ ကျကျ၊ ကိုယ်ကျရာနေရာမှာ အကောင်းဆုံး ဖြစ်အောင် စေတနာ ထားပြီး လုပ်ပေးဘို့ပဲ။ ဘယ်သူတွေ ဘာပဲပြောနေနေ ကိုယ့်အလုပ်ကို တာဝန်ကျေအောင် လုပ်ပေးကြရမယ်။ Nurse ပဲ ဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲ ဖြစ်ဖြစ်၊ စာရင်းကိုင်ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်နေ၊ ဖြစ်နေ။ ကျွန်တော်တို့ ဗမာတွေ ဟာ လူညံ့တွေ မဟုတ်ဘူး၊ ဒီလိုထူးချွန် ထက်မြက်တဲ့သူတွေ ဖြစ်တယ် ဆိုတာ ပြဘို့ အရေးကြီးတယ်။ အဲဒါ အင်မတန်မှ အရေးကြီးတယ်။ ကိုယ့် ဗမာ ဆိုတဲ့ နာမည်လည်း ကောင်းမယ်။
ကျွန်တော် နောက်ရောက်လာတဲ့ ကောင်လေးတွေ ကောင်မလေးတွေကို ပြောပြတယ်။ ပထမဦးဆုံး ကိုယ့်ရဲ့ ဂုဏ် သိက္ခာကို ထိန်းရမယ်။ ဒုတိယ ကိုယ့် Nursing ရဲ့ ဂုဏ်သိက္ခာကို ထိန်း၊ တတိယ ကိုယ့် နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ ကို ထိန်း။ အဲဒီလို ပြောပြတယ်။ လူ့အောက်ကြို့လို့ မသေဘူး။ ကိုယ်မသိလို့ ကိုယ့်ကို လာပြပေးတဲ့သူဟာ ကိုယ့်ဆရာပဲ။ ကိုယ်က အောက်ကျခံပြီး သူတို့ဆီက ပညာယူရမယ်။
ကျွန်တော် ဆရာတော် ဦးဇ၀န ဟောတဲ့တရား သိပ်ကြိုက်တယ်ဗျာ။ ဆိုးတဲ့လူလည်း ဆရာပဲ၊ ကောင်းတဲ့ လူလည်း ဆရာပဲ တဲ့။ ဆိုးတဲ့လူ ဘာဖြစ်လို့ ဆရာဖြစ်ရတာလဲ။ သူ့အဆိုးတွေ ကိုယ်မယူဘို့ နမူနာယူရမယ်။ ဒါဟာ ဆရာပဲ။ ဥပမာ - ကျွန်တော်တို့ အလုပ်ထဲမှာ ဘာတွေ့ရလဲ ဆိုတော့ တစ်ယောက်က အရမ်းအလုပ်ကြိုးစားလို့ နာမည် ကောင်း ရနေပြီ၊ တက်တော့မယ် ဆိုရင် စိတ်ယုတ်မာ ရှိတဲ့သူက အဲ ဟိုတစ်ယောက် လက်မှတ်ထိုးပြီး ထုတ်ထားတဲ့ ပစ္စည်း ကို ယူပြီး ဖျောက်ပစ်လိုက်တယ်။ ဟိုလူ့မှာ အရမ်း ဒုက္ခရောက်တယ်၊ ဒါ တမင်သက်သက် ယုတ်မာတာ။ အဲဒါကို ကိုယ်သိရင် သူ့လိုမလုပ်နဲ့၊ မလုပ်ဖြစ်အောင် သတိထား။ သူ့ အကုသိုလ်ကံ သူ့ပြန် အကျိုးပေးလိမ့်မယ်။ သူ မဟုတ်တဲ့ လမ်းကို သွားနေတယ် ဆိုတာ ကိုယ့်ကို လမ်းပြနေတာ။ အဲဒါကို ကိုယ်က ယူတတ်ရမယ်။
နောက်ပြီး အလုပ်ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ မရဘူး။ Team Work (အဖွဲ့လိုက် လုပ်ရသော အလုပ်) အင်မတန် အရေးကြီးပါတယ်။ အားလုံး တက်ညီလက်ညီ လုပ်ကြမှ လုပ်ငန်း အဆင်ပြေ ချောမွေ့မှာ။ အဖွဲ့ထဲမှာ ကပ်ဖဲ့ ယပ်ဖဲ့ လုပ်တတ်တဲ့သူ ပါလာရင် သွားပြီ။ အဲဒါ အလုပ်ကို မဖြစ်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် complain (ပြစ်တင်ဝေဖန်) လုပ်နေရုံနဲ့ အလုပ်ပြီးမှာ မဟုတ်ဘူး။ မိသားစု စိတ်ဓါတ်နဲ့ အလုပ်လုပ်ကြရမယ်။
ကျွန်တော် ခု လုပ်တဲ့ Wood Bridge Hospital ဆိုရင် စိတ္တဇ ဆေးရုံ။ ဆေးရုံရဲ့ ရှေ့မှာ မြောင်းကို ဖြတ်ဆောက် ထားတဲ့ သစ်သားတံတားလေး ရှိတယ်။ အဲဒီ တံတားလေးကို အစွဲပြု ခေါ်တာပေါ့။ စင်ကာပူမှာတော့ Mental Hospital လို့ ခေါ်တယ်။ ခုတော့ IMH (Institute of Mental Health) လို့ ပြောင်းခေါ်တယ်။ ဗမာပြည်က ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံလို ဟာမျိုးပေါ့။ ဒီဆေးရုံကျတော့ လူနာတွေကို ပိုပြီး ပြုစု စောင့်ရှောက် ပေးရတာပေါ့။
အရင် ရိုးရိုးဆေးရုံကျတော့ လူတွေက လူကောင်းတွေ။ သူတို့ဟာ သူတို့ လုပ်ပြီး သူတို့ မလုပ်နိုင်တာကျမှ ကျွန်တော်တို့ လုပ်ပေးရတာ။ ခု စိတ္တဇ ဆေးရုံကျတော့ သူတို့ကိုယ် သူတို့ ဘာမှန်းကို မသိတာ။ သူတို့ ကိုယ့်ဟာကိုယ် ဘာလုပ်နေမှန်းလည်း မသိ။ ဆိုတော့ ကျွန်တော်တို့က သူတို့ ဝေယျာဝစ္စ မှန်သမျှ အကုန်လုံးကို လုပ်ပေးရတာ။

Life is very short, Time is very fast တဲ့။ ကျွန်တော့် ခံယူချက်က ဘာလဲ ဆိုတော့ ကိုယ် အသက်ရှင်နေတုံး ကလေးမှာ ကိုယ်လုပ်နိုင်တဲ့ ဟာကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးချင်တယ်။ ဘ၀ဆိုတာ အင်မတန် တိုတောင်းတာ ကိုး။ အဲဒီ စိတ် မူမမှန်တဲ့ လူတွေကျတော့ ပြုစုယုယမဲ့သူ အမှန်တကယ့်ကို လိုနေတာ။ ကောင်းတဲ့လူတွေဟာဗျာ၊ နေမကောင်းတုံးသာ ဆေးရုံလာတက်တာဗျ။ ကောင်းသွားတာနဲ့ အိမ်ပြန်ကြမဲ့သူချည်းပဲ။ အိမ်မှာ သူတို့ကို ပြုစုယုယမဲ့သူ က အဆင်သင့်စောင့်နေပြီးသား။
ခု ဒီ စိတ္တဇ ဝေဒနာရှင်တွေ ကျတော့ ပတ်ဝန်းကျင်က ကိုက သူတို့ကို အရူးလို့ မြင်နေတာကိုး။ ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်။ မကျွေးချင်၊ မမွေးချင်။ ပြုစုဘို့ ဆိုတာ ဝေလာဝေးပေါ့ဗျာ။ သူတို့ဘ၀ဟာ အင်မတန်မှ သနား စရာ ကောင်းတယ်။ သူတို့မှာ မေတ္တာ ငတ်နေတယ်။ ကြင်ကြင်နာနာ ဆက်ဆံမဲ့သူ မရှိဘူး။
ကျွန်တော် ဒီအလုပ်လျှောက်တော့ အဲဒီက ဒါရိုက်တာက မေးတယ်။ မင်း ဘာလို့ ဒီ နေရာက ဒီ အလုပ်ကိုမှ ရွေး တာလဲ တဲ့။ ဒီတော့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
သူတို့ဟာ Acute Hospital တွေလို မဟုတ်ဘူး။ Acute Hospital တွေ ဆိုတာ နေမကောင်းတဲ့ ခဏသာ ဆေးရုံ လာတက်တာ။ ဆေးရုံတက်နေတဲ့ တစ်ချိန်လုံးလည်း အိမ်က လာကြည့်တယ်။ အနားမှာ ပြုစုစောင့်ရှောက်မဲ့ မိသားစုဝင် တစ်ဦးဦး၊ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေ ရှိနေမှာ မုချ။ ဟော၊ ကောင်းသွားပြီ ဆိုတော့လည်း အိမ်ပြန်မယ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေရတယ်။ စောင့်ရှောက်မဲ့ ကြင်နာမဲ့သူ ရှိတယ်။
ဒါပေမဲ့ ဒီ စိတ္တဇ လူနာတွေ ကျတော့ တချို့တလေပဲ ကိုယ့်ဝေယျာ ၀စ္စကိုယ် လုပ်နိုင်တာ။ များသောအားဖြင့် တော့ နာ့စ် တွေကပဲ ပြုစု စောင့်ရှောက်ရတာ။ သူတို့ကို လာကြည့်မဲ့သူ မရှိဘူး။ သူတို့အနားမှာနေပြီး စောင့်ရှောက်မဲ့၊ ပြုစု၊ ယုယမဲ့သူ မရှိဘူး။ ဒီတော့ သူတို့အတွက် ပြုစု စောင့်ရှောက်မဲ့သူ လိုတယ်။ မေတ္တာစေတနာ ထားပြီး နွေးထွေးမှု ပေးမဲ့သူ လိုတယ်။ အဲဒါကြောင့် ငါ သူတို့ကို ပြုစုစောင့်ရှောက်ဘို့ ရောက်လာခဲ့တာပဲ လို့ ပြန်ဖြေလိုက်တယ်။ ဆရာဝန်ကြီးလည်း သဘောတွေကျသွားပြီး ကျွန်တော့်ကို တန်းခန့်လိုက်တော့တာပဲ။
လူနာတွေထဲမှာ တချို့ကျတော့ စားလို့ စားရကောင်းမှန်း မသိ။ အိပ်လို့ အိပ်ရကောင်းမှန်း မသိ။ သူတို့ကို ချော့မော့ကျွေး။ နားဝင်အောင် ရှင်းပြ လုပ်ရတယ်။ ကိုယ်စေတနာထားရင် ထားသလို ကုသိုလ်တွေ အမြဲရနေတဲ့ နေရာပဲ။ သူတို့ဟာ မေတ္တာငတ်နေကြတယ်။ ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်ကြဘူး။
ကျွန်တော်တို့ဟာ ဘယ်ဘ၀က လာခဲ့ကြမှန်း မသိသလို ဘယ်ဘ၀ကို သွားကြရမယ်မှန်းလဲ ဘယ်သူမှ မသိနိုင်ကြဘူး။ ကိုယ့်သမိုင်းကို ကိုယ်ရေးနေတာပဲ။ ကိုယ်လုပ်နိုင်တတ်သရွေ့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကောင်းဆုံး ဖြစ်အောင် လုပ်ကြရမယ်။
ဗမာပြည်ကနေ စင်ကာပူကို အလုပ်လာလုပ်ကြတော့မယ် ဆိုရင် ပထမဦးဆုံး လုပ်ရမှာက အင်္ဂလိပ်စာကို ကောင်းကောင်း လေ့လာခဲ့ပါ လို့ မှာချင်တယ်။ အပြောရော၊ နားထောင်တာရော၊ အဖတ်ရော၊ အရေးရော။ သေသေချာ ချာ တတ်အောင် လုပ်ရမယ်။ အင်္ဂလိပ်လို ကောင်းကောင်းမတတ်လို့ သူတို့ကို ပြန်မပြောနိုင်၊ သူတို့ပြောတာ ရေရေ လည်လည် နားမလည် ဆိုရင် သူတို့ပြောတိုင်း ခံနေရမယ်။
နောက်တစ်ခုက ကိုယ်တိုင် သေသေချာချာ တတ်ဘို့လိုတယ်။ လက်မှတ်ကလေး တစ်ခု ရရုံမျှ မဟုတ်ပဲ လက်တွေ့လုပ်ငန်းခွင်မှာပါ ကျကျနန တတ်တတ်ကျွမ်းကျွမ်း ဖြစ်အောင် လေ့လာဘို့ လိုပါတယ်။ မဟုတ်ရင် ကိုယ်ပဲ ဒုက္ခ ရောက်မယ်။
နောက်တစ်ခုက စေတနာထားပြီး လုပ်ဖို့လိုတယ်။ ရေသာခို အချောင်လိုက်နေလို့ကတော့ တစ်သက်လုံး တိုးတက်မှာ မဟုတ်ဘူး ဆိုတာ ပြောချင်ပါတယ်။ စေတနာထားပြီး လုပ်မယ်ဆိုရင် အတိုက်အခိုက်ရှိသည် ဖြစ်စေ၊ အပြိုင် အဆိုင်ရှိသည် ဖြစ်စေ၊ ကုသိုလ်ကံဟာ ကိုယ့်ဘက်မှာ အမြဲရှိနေလိမ့်မယ်။ သူတို့ ဘယ်လိုတိုက်ခိုက်နေပါစေ။ အားလုံးကို ကျော်လွှားနိုင်လိမ့်မယ်။ ကိုယ့်အလုပ်အပေါ် စေတနာ ထားပြီးလုပ်ဖို့ အင်မတန် အရေးကြီးပါတယ်။ လဲကျသွားသည့်တိုင် အောင်မြင်စွာနဲ့ ပြန်ထလာနိုင်လိမ့်မယ်။ တစ်နပ်စားဉာဏ်မျိုးနဲ့ ဘယ်သောအခါမှ မလုပ်ကြပါနဲ့လို့ မှာချင်ပါတယ်။

ကြောက်စရာ အကောင်းဆုံးကတော့ အေးဂျင့်တွေပဲ။ ဗမာအချင်းချင်း လှည့်ပတ် ညာဝါး စားနေတာတွေ။ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး။ သူတို့စားလိုက်တဲ့ ပိုက်ဆံဟာ ဒီဘ၀တစ်ခုပဲ ဆိုတာ ထည့်မတွက်ဘူး။ သူတို့ လုပ်လိုက်တဲ့ မကောင်းမှု အကုသိုလ်ကံတွေဟာ သူတို့ဘယ်ဘ၀ရောက်ရောက် အရိပ်လိုအမြဲလိုက်နေမယ် ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး နည်းနည်းမှ ထည့်မတွက်တာ အင်မတန် အံ့သြစရာ ကောင်းတယ်။
ကျွန်တော့်ပတ်ဝန်းကျင်မှာ အေးဂျင့်ကြောင့် ဒုက္ခများနေရတဲ့သူတွေကို နေ့တဒူဝ တွေ့နေရတယ်။ တကယ့်ကို စိတ်မချမ်းသာ စရာပဲ။ သူတို့ကို ကြည့်ပြီး ကျွန်တော် ဘယ်လို သံဝေဂ ယူရသလဲ ဆိုတော့ ငါ့ကြောင့်မို့လို့ သူတစ်ပါး ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး။ ဒုက္ခမရောက်စေရဘူး လို့ ဒီလိုပဲ ဆုံးဖြတ်ချက် ချမိတယ်။ ဟုတ်တယ်မို့လား။ ကိုယ့် ပယောဂကြောင့် သူများ စိတ်ဆင်းရဲရတာ အကုသိုလ်ပဲ။
ခုလို ကျွန်တော့်အတွေ့အကြုံတွေ ဝေမျှခွင့် ရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။

သုံးသပ်ချက်

၁။ မိမိပြုလိုက်သော ကောင်းမွေ ဆိုးမွေသည် အခြားသူများကို သွားရောက် ရိုက်ခတ်နိုင်ကြောင်း ကိုဖေအောင်၏ အတွေ့အကြုံများက သက်သေပြနေသည်။ NTU တွင် ဘွဲ့လွန်သင်တန်း တက်ခဲ့သည့် မမျိုးသီတာကလည်း ၎င်းတို့ ကျောင်းဝင်ခွင့် အလွယ်တကူ ရခြင်းမှာ ရှေ့နှစ်က ကျောင်းပြီးသွားသော မြန်မာ ကျောင်းသား တစ်ဦး၏ ကျေးဇူး မကင်း ကြောင်း ပြောပြပါသည်။ ထို မြန်မာကျောင်းသားမှာ အလွန် စာတော်ပြီး ဒေါက်တာဘွဲ့ကိုပင် ဆက်တက်နိုင်သည်ထိ အရည်အချင်း ပြည့်မီသည့်အတွက် နောက်လျှောက်လာသည့် မြန်မာကျောင်းသားများကို ဦးစားပေး ရွေးချယ်ခြင်း ဖြစ်သည် ဟု ဆိုပါသည်။ သို့အတွက် မိမိဘ၀တိုးတက်ရေးအတွက် ကြိုးစားခြင်းသည် အခြားသူများကိုလည်း ကူညီရာ ရောက်၏ ဆိုသည့်အချက်ကို ခေါင်းထဲ စွဲထားကြရန် အရေးကြီးပါသည်။
၂။ ကိုဖေအောင်သည် အလုပ်အပေါ်တွင် စေတနာ ထားသဖြင့် ရောက်သည့်နေရာတိုင်း အဆင်ပြေသည်။ မိမိအလုပ်အပေါ်တွင် စေတနာထားပါက မည်သည့်အလုပ်ကို လုပ်ရသည်ဖြစ်စေ မိမိစေတနာ၏ အကျိုးကျေးဇူး ကို မုချပြန်လည် ခံစားရမည် ဖြစ်ပါ၏။ သို့အတွက် မိမိနှင့် မိမိ မိသားစုကို ထမင်းကျွေးထားသည့် အလုပ်အား စေတနာ ထား လုပ်ကြပါဟု တိုက်တွန်းလိုက်ပါသည်။

1 comment:

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

အရမ်းတန်ဖိုးရှိတဲ့ပို့စ်လေးပါဘဲ။
ဘယ်အလုပ်ဖြစ်ဖြစ် စေတနာထားလုပ်ရင်
စေတနာရဲ့  တန်ပြန်သက်ရောက်မှု အကျိုးကျေးဇူးခံစားရမှာ အမှန်ပါဘဲ။