Tuesday, September 1, 2009

Bitter Life VIII

၇၊ ၃။ ရန်ကုန်မြို့တော်မှ ဖိုးတွမ်တီးများ

စင်ကာပူခရီးကတော့ ကံမကောင်းပါဘူးဗျာ။ စင်ကာပူ လာဘို့ စလုပ်ကတဲက မကောင်းလိုက်တဲ့ ကံဟာ ခုထိပဲ။ ဗမာပြည်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ စင်ကာပူအလုပ်အပ် လိုက်တယ်။
လုပ်တုံးကတော့ စင်ကာပူ မဟုတ်ဘူးဗျ။ မလေးရှားကိုပဲ ပြန်ထွက်ဘို့ လုပ်တာ။ အဲဒီတုံးမှာ သတင်းစာမှာ နိုင်ငံခြား အလုပ်တွေ ခေါ်တာတွေ့တယ်။ မလေးရှား အခြေစိုက်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ ရေနံရှာဖွေရေးနဲ့ ပတ်သက်တဲ့ အလုပ် ခေါ်တယ်။ Technician တွေ အများကြီးပဲ။ အေးဂျင့်ရုံးက Trader Hotel နောက်ဘက်မှာ ရှိတယ်။ ဒါနဲ့ အချိန်မဆွဲနေတော့ ဘူး။ နောက်နေ့မှာပဲ အလုပ်သွားလျှောက်လိုက်တယ်။
နောက် တစ်လခွဲလောက် ကြာတော့ အင်တာဗျူးခေါ်တယ်။ အင်တာဗျူးဝင်တော့ စပေါ် တစ်သိန်း ပေးရတယ်။ စပေါ်မပေးတဲ့လူတွေ ဆိုရင် ပတ်စ်ပို့ကို သိမ်းထားလိုက်တယ်။ အင်တာဗျူးပါရင် ဒီတစ်သိန်းက အေးဂျင့်ဖီးထဲမှာ အပါ အ၀င် ဖြစ်သွားမှာပေါ့။ တကယ်လို့ မပါခဲ့ရင် အဲဒီ တစ်သိန်း ပြန်ပေးမယ် လို့ ပြောတယ်။ ကျွန်တော်ကတော့ ပိုက်ဆံ မပေး ဘဲ ပတ်စ်ပို့ဘဲ ပေးထားလိုက်တယ်။
သူတို့ရုံးခန်းလေးက ကျဉ်းကျဉ်းလေး။ သတင်းစာထဲက ခေါ်ထားတာ ဆိုတော့ လာဖြေတဲ့သူ အတော်များတယ်။ လူ ၁၂၀ ကျော်လောက် ရှိတယ်။ ဒါတောင် ပထမနေ့ တစ်နေ့ထဲ ရှိသေးတာ။ နောက်နေ့တွေလဲ အင်တာဗျူး ရှိသေးတယ် ပြောတယ်။ အင်တာဗျူးတော့ သုံးယောက်တစ်တွဲ ၀င်ရတယ်။ တစ်ခါ အင်တာဗျူးရင် သုံးယောက်ပေါ့။
မလေးရှားက အင်တာလာဗျူးတဲ့ သူတွေက အေးဂျင့်တွေပဲဗျ။ တကယ့် အလုပ်ရှင်တွေ မဟုတ်ဘူး။ ဘယ်လို သိရလဲ ဆိုတော့ သူတို့က ကျွန်တော်တို့ ပြန်မေးတဲ့ မေးခွန်းတွေကို သေသေချာချာ မဖြေနိုင်ဘူး။ ကျွန်တော်တို့ အင်တာ ဗျူး ဖြေပြီး ပါမပါကို စောင့်နေရတာတင် ခြောက်လလောက် ကြာသွားတယ်။ နောက်တော့ အဲဒီ အေးဂျင့်လည်း အဲဒီနေရာ ကနေ ပျောက်သွားတယ်။ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။
ဒါပေမဲ့ ကျွန်တော် တစ်ခု ကံကောင်းသွားတာက အင်တာဗျူးပြီး သုံးလလောက်ကြာတော့ သူတို့က ဘာမှ ရေရေ ရာရာ မရှိတော့ ကျွန်တော် မစောင့်နိုင်တော့ဘူး၊ ကျွန်တော့် ပတ်စ်ပို့ ပြန်ပေးပါ။ တကယ်လို့ ပါတယ်ဆိုရင် လှမ်း ဆက်သွယ် လိုက်ပါ။ ကျွန်တော်လာခဲ့မယ် လို့ပြောပြီး ပတ်စ်ပို့ ပြန်ထုတ်ခဲ့တယ်။ တခြား စရံတစ်သိန်းပေးထားတဲ့ သူတွေ တော့ ပိုက်ဆံ ပြန်ရ၊ မရ ကျွန်တော် မသိဘူး။

အဲဒီမှာ အဆင်မပြေတော့ ကျွန်တော် တော်တော်လေသွားတယ်။ ဒါနဲ့ နောက်တစ်ခု ထပ်ချိတ်၊ အဆင်မပြေ။ နောက်တော့ ကိုင်း၊ ရွှေတောင်ကနေ လှမ်းလုပ်နေလို့တော့ ရမှာမဟုတ်ဘူး။ သေသေချာချာ လုပ်မှပဲ ဆိုပြီး ရန်ကုန် ဆင်းလာခဲ့တယ်။ အေးဂျင့်တွေဆီသွား၊ သင်တန်းတွေ တက် ဆိုတော့ ကျွန်တော် ရွှေတောင် မပြန်တော့ဘဲ ရန်ကုန်မှာပဲ နေဖြစ် သွားတယ်။ ရန်ကုန်မှာ အစ်မရှိတော့ သူတို့အိမ်မှာပဲ တည်းတယ်။ နေစရိတ်တော့ မကုန်တော့ဘူးပေါ့။
ရန်ကုန်ရောက်တော့ ကျွန်တော် ပထမအကြိမ် မလေးရှားထွက်တုံးက ဆက်ခဲ့တဲ့ အေးဂျင့်ဆီ သွားပြီး မလေးရှား ပဲ ပြန်ထွက်ဘို့ လုပ်သေးတယ်။ အဲဒီအေးဂျင့်က ခုနက ပြောခဲ့တဲ့ ရေနံရှာဖွေရေးအတွက် သူတို့ဆီမှာလည်း အလုပ်တွေ ရှိတယ် ဆိုပြီး လုပ်ပြန်ရော။ ကျွန်တော်ကလည်း အမှတ်မရှိသေးဘဲ အဲဒါနဲ့ ထပ်ဗျူးပြန်တယ်။
သူတို့က လခ ဘယ်လောက်ယူမလဲ လို့ မေးတယ်။ ကျွန်တော်က နေစရိတ်၊ စားစရိတ်ငြိမ်း၊ အိုဗာတိုင်မပါ၊ basic ၁၀၀၀ ရရင် လုပ်မယ် လို့ပြောလိုက်တယ်။ မလေးရှားသွားဘို့အတွက် အရင်ကနဲ့ မတူတာက ဘာပိုလာသလဲ ဆိုတော့ မလေးရှားသွားမဲ့ လူတိုင်းဟာ မလေးရှားနိုင်ငံရဲ့ ပထ၀ီအနေအထား၊ ရာသီဥတု၊ သမိုင်းကြောင်း စတာတွေနဲ့ ပတ်သက်တဲ့ သင်တန်းတက်ပြီး စာမေးပွဲကို မန္တလေး သို့မဟုတ် ရန်ကုန်မှာ ဖြေရမယ်။ အောင်လက်မှတ်ရမှ သွားရမယ် ဖြစ်ပြန်ရော။
အေးဂျင့်က အဲဒီသင်တန်း သွားတက်ဖို့ပြောတယ်။ တစ်ပါတ်ကြာမယ်။ ၆ သောင်းခွဲ ၇ သောင်းလောက် ကုန်မယ် လို့ပြောတယ်။ အရင်ကတော့ ရန်ကုန်မှာ ဖွင့်တယ်တဲ့။ ခုတော့ ရန်ကုန်နဲ့ မန္တလေးမှာ မဖွင့်ဘဲ ကျောက်ဆည်မှာ သွားဖွင့် တယ်။ အဲဒါနဲ့ အဲဒီသင်တန်း ကျွန်တော် သွားတက်လိုက်ရသေးတယ်။
သိပ်တော့လည်း မခဲယဉ်းပါဘူး။ အောင်ပါတယ်။ အင်တာနက်က ပို့ပေးလိုက်တဲ့ မေးခွန်းတွေကို အင်္ဂလိပ်လို ဖြေရတာပေါ့။ မလေးရှား သမ္မတက ဘယ်သူ။ အလံက ဘယ်ပုံ ရှိတယ်။ ဘယ်ရာသီဥတု တွေရှိတယ် စသဖြင့် ပေါ့လေ။ ဖြေပြီးတော့ အောင်စာရင်းထုတ်ပေးပြီး အောင်လက်မှတ်တွေကို online ကနေပို့ပေးလိုက်ပြီး ဆိုင်ရာဆိုင်ရာ အေးဂျင့် တွေဆီမှာ ထုတ် ဆိုပြီး ပို့ပေးလိုက်တယ်။
အဲဒီသင်တန်း သွားတက်တာ ကျွန်တော် ပိုက်ဆံ တစ်သိန်းခွဲလောက် ကုန်သွားတယ်။ သင်တန်းကြေး ခြောက် သောင်းခွဲ ထဲမှာ အဆောင်ကြေးလည်း ပါတယ်။ ဒါပေမဲ့ လမ်းစရိတ်က ကုန်သေးတာကိုး။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီ သင်တန်းလည်း တက်ပြီး၊ လက်မှတ်လည်း ရပြီး လို့ တစ်လလောက်ကြာတော့ အေးဂျင့်က အကြောင်းကြားတယ်။ အဲဒီ အလုပ်ပျက်သွားပါပြီ တဲ့။
ဒါနဲ့ မလေးရှားကို စိတ်ပျက်သွားပြီး စင်ကာပူလိုင်းကို ကူးလိုက်တယ်။ နာဂစ်မတိုင်မီ နှစ်လလောက် အလိုမှာ။
အဖေတို့ရဲ့ အသိတစ်ယောက်က ယုံကြည်ရပါတယ် ဆိုပြီး ဆက်ပေးလိုက်လို့ အင်းစိန်က အေးဂျင့် တစ်ခု ကို ရောက်ခဲ့ တယ်။ သူက အေးဂျင့် ဆိုပေတယ်လို့ ရုံးခန်းတွေ ဘာတွေ ကျကျနန မရှိဘူးဗျ။ သူနေတဲ့အိမ်မှာပဲ၊ တရားဝင်လုပ်နေတာ ဟုတ်၊ မဟုတ်တော့ မပြောတတ်ဘူး။
သူက မင်းက mechanical ဆိုတော့ CNC သင်တန်းတို့၊ AutoCAD သင်တန်းတို့ တက်ထားပါတဲ့ ပြောပြန်တယ်။ သူက တက်ဆိုတော့ ကျွန်တော်လည်း သွားတက်ပြန်ရော။ အဲဒီမှာ ၆ သောင်းခွဲ ၇ သောင်းလောက် ထပ်ကုန်ပြန်တယ်။ ကျွန်တော်က အဲဒီသင်တန်းနှစ်ခုကို မနက်သင်တန်းတစ်ခု၊ နေ့လည်ပိုင်း သင်တန်းတစ်ခု တပြိုင်နက် တက်တယ်။
တော်တော် ပင်ပန်းတယ်ဗျာ။ လုပ်ရတာ။ သူက လာခဲ့ပါအုံးဆိုသွား။ ဟိုကျ ဘာမှ မဟုတ်။ သင်တန်း ပြေးတက် စသဖြင့် ပေါ့။ ဒါပေမဲ့ အချိန်တွေသာ ကုန်သွားတယ်။ ဘာမှ ဖြစ်မလာခဲ့ဘူး။
သင်တန်းတက်ကောင်းနေတုံး နှစ်လလောက်ကြာတော့ ၀ုန်းဆို နာဂစ် ထဖြစ်လိုက်တော့ သင်တန်းလည်း ရပ်သွားတယ်။ သင်တန်းမှာ သင်ပေးတာတွေကတော့ ကောင်းပါတယ်။ တကယ် အသုံးတည့်မဲ့ ဟာတွေပဲ။ ဒါပေမဲ့လည်း အခြေခံလောက်ပေါ့။ နာဂစ်ဖြစ်လိုက်တော့ မီးကမလာ၊ ရေကပြတ် ဆိုတော့ ကျွန်တော် ရွှေတောင်ကို ပြန်ခဲ့တယ်။
ရွှေတောင်မှာ သုံးလေးလလောက် ထပ်ကြာသွားတယ်။ နောက် ရန်ကုန်မှာ ပုံမှန် အခြေအနေပြန်ရောက် သွား ပြီ ဆိုလို့ ကျွန်တော် ရန်ကုန်ပြန်လာခဲ့တယ်။ အဲဒီအထိ ဟို အင်းစိန်က ပုဂ္ဂိုလ်က ဘာမှန်း ရေရေရာရာ မသိသေးဘူး။ သူက အူလည်လည် လုပ်နေတော့ ကျွန်တော် စိတ်မရှည်ဘူး။ နောက်တစ်ခု ထပ်ရှာတယ်။ အဲဒီမှာ လှည်းတန်း အထက နားမှာ နောက်အေးဂျင့်တစ်ခု ထပ်တွေ့ပြန်တယ်။ သူ့ဆီမှာ ရှောက်ပြီး တစ်လလောက်ကြာတော့ အင်တာဗျူးရှိတယ် တဲ့။ လှမ်းခေါ်တယ်။ စင်ကာပူက အေးဂျင့်၊ တရုပ်တစ်ယောက်၊ တရုပ်မ တစ်ယောက် လာဗျူးတယ်။ မီးရထား ဟော်တယ်မှာ ပဲ။ သူတို့က S Pass တင်ပေးမယ်။ လစာ ၁၈၀၀ ပေးမယ်။ တစ်နေ့ကို ၁၂ နာရီ အလုပ်လုပ်ရမယ်။ လိုအပ်လို့ ဖုံးနဲ့ လှမ်း ခေါ်ရင်လည်း လာလုပ်ပေးရမယ် လို့ ပြောတယ်။
အဲဒီမှာ လာပြီး အင်တာဗျူးတာ တော်တော်များတယ်။ စုစုပေါင်း ၁၅၀ ကျော်လောက် ရှိမယ်။ မိန်းကလေးတွေ လဲ ပါတယ်။ ဒါပေမဲ့ သူတို့လည်း အဲဒီလို ပြောလိုက်ရော ထပြန်သွားလိုက်ကြတာ ကျွန်တော်တို့ ယောက်ျားလေး ၄ - ၅ ယောက်ပဲ ကျန်ခဲ့တော့တယ်။
ကျွန်တော်ကလည်း မလေးရှားလည်း အဆင်မပြေ၊ စင်ကာပူသွားဘို့ လုပ်တာကလည်း အဆင်မပြေနိုင် ဖြစ်နေ တော့ ကိုင်း၊ ၁၈၀၀ ပေးမယ်ဆိုရင် ခိုင်းချင်သလောက် ခိုင်းစမ်းကွာ၊ ချမယ်၊ ဖြစ်ချင်ရာ ဖြစ် ဆိုပြီး လုပ်မယ်လို့ ပြောလိုက် တယ်။ သူတို့လိုချင်တာက အများကြီး။ ဒါပေမဲ့ ခု ၄ ယောက်ပဲ ကျန်ခဲ့တော့ မပါစရာကို အကြောင်း မရှိဘူး။ ဒါနဲ့ ဘာလုပ်ရ မလဲ လို့ မေးတော့ ဗျူးတီး မိန်တိန်းနယ့် တဲ့။ ကျွန်တော်လည်း သေသေချာချာ နားထောင်တာပဲ။ ဒါပေမဲ့ သူတို့ ပြောတာ ဘယ်လိုမှ နားမလည်ဘူး။ နောက်မှာ အချင်းချင်း မေးကြပြောကြရင်း ဟေ့ကောင်တွေ၊ ဗျူးတီးမိန်းတိန်းနယ့် တော့ မဖြစ် နိုင်ဘူး။ Building Maintenance ပဲ ဖြစ်ရမယ် လို့ မှန်းရတယ်။
ဒါနဲ့ ကျွန်တော်ရယ် နောက်သုံးယောက်ရယ် စာချုပ်ကြတယ်။ စာချုပ်ချုပ်ပြီးတော့ အေးဂျင့်က deposit ငါးသိန်း တောင်းတယ်။ ကျွန်တော့်မှာက သုံးစရာပဲ ရှိတာ။ အပိုပါမသွားဘူး။ အဲဒါကြောင့် ကျွန်တော် ရွှေတောင်ပြန်ရောက်ရင် ဘဏ်ကနေ ငွေလွှဲပေးလိုက်ပါ့မယ် ဆိုပြီး ပြန်ခဲ့တယ်။ ဒါပေမဲ့ ပြန်ရောက်ရောက်ချင်း ကျွန်တော် မလွှဲသေးဘူး။ တစ်ပတ် လောက်ကြာတော့ သူတို့က ပိုက်ဆံ လှမ်းတောင်းတယ်။ ကျွန်တော်က ဘယ်တော့လောက် သွားရမလဲ လို့ မေးတော့ အများဆုံး သုံးလအတွင်း သွားရမယ် လို့ပြောတာနဲ့ ကျွန်တော်လည်း ရိုးမဘဏ်ကနေ ပိုက်ဆံ လွှဲပေးလိုက်တယ်။
နှစ်လလောက်ကြာတော့ ကျွန်တော် ဖုံးဆက်ပြီး မေးတယ်။ ဘယ်လိုလဲ ပေါ့။ အကြောင်းမထူးသေးဘူး။ နောက်တစ်ခါ နှစ်လခွဲလောက်ကြာတော့ ဖုံးထပ်ဆက်ပြန်တယ်။ ကောင်မလေးတွေကို အရင် ဦးစားပေးပြီး လွှတ်နေရ လို့ ခင်ဗျားတို့ မပါသေးဘူး။ လာတော့ လာတော့မှာပါ။ နီးပါပြီ လို့ ပြောတယ်။ ကျွန်တော်ကလည်း ခင်ဗျားတို့နဲ့ စာချုပ်တုံးက သုံးလအတွင်း လို့ ပြောထားတယ်။ ဒီတော့ သုံးလအတွင်း သွားရမှ ဖြစ်မယ်။ သုံးလကျော်လို့မှ မသွားရသေးရင် ကျွန်တော် သွင်းထားတဲ့ ပိုက်ဆံ ပြန်ထုတ်မယ် လို့ပြောလိုက်တယ်။ သူတို့ကလည်း ရပါတယ် တဲ့။
သုံးလလည်း ပြည့်ရော ကျွန်တော် ရန်ကုန်သွားပြီး မေးတယ်။ သူတို့က ထပ်စောင့်ပါဦးတဲ့။ ကျွန်တော်က ခု ခင်ဗျားတို့ ကတိပေးထားတဲ့ သုံးလ ပြည့်သွားပြီ။ ဘယ်လိုလဲ ပေါ့။ သူတို့က ဟိုကောင်မလေးတွေ ထွက်သွားပါပြီ တဲ့။ ကျွန်တော်မေးတာက ကောင်မလေးတွေကို မေးတာ မဟုတ်ဘူး။ Building Maintenance ဆိုပြီး ဘယ်သူမှ မလုပ်ပဲ ကျွန်တော်တို့ ၄ ယောက်ပဲ ကျန်ခဲ့တဲ့ အလုပ်ကို ပြောတာ။ အဲဒီ ၄ ယောက်ထဲက ဘယ်သူတွေ သွားပြီလဲ ဆိုတော့ လာပါ လိမ့်မယ်၊ ခဏစောင့်ပါ တဲ့။
ကျွန်တော်ကလည်း မစောင့်နိုင်ဘူး။ ကျွန်တော့်ပိုက်ဆံ ပြန်ပေးပါ။ နောက်တစ်ပတ်အတွင်း ပိုက်ဆံ လာထုတ် မယ် လို့ ပြောပြီး ပြန်ခဲ့တယ်။ နောက်ဆယ်ရက်လောက်ကြာလို့ ငွေသွင်းဖြတ်ပိုင်းယူပြီး ပိုက်ဆံ သွားတောင်းတော့ အောင်မယ်ဗျို့၊ လူတွေ အကုန် လဲထားတယ်။ စာရေးတွေကလည်း အသစ်။ မန်နေဂျာတွေရော ဆိုတော့ စင်ကာပူသွား ညှိနေတယ် တဲ့။ ကျွန်တော် ငွေလွှဲထားတဲ့ စာရွက်လဲ ပြလိုက်ရော အဲဒီလူက မန္တလေးမှာ ရုံးထိုင်နေပါတယ် တဲ့ ပြောတယ်။ အရင် လူဟောင်းတွေ အကုန်လုံး ကိုယ်ယောင် ဖျောက်ထားတယ်။
စလျှောက်ကတည်းက ကျွန်တော့် ပညာအရည်အချင်း အောင်လက်မှတ်တွေ၊ မလေးရှားက ပေးလိုက်တဲ့ ထောက်ခံစာတွေ၊ သင်တန်းဆင်းလက်မှတ် မူရင်းတွေ အားလုံး ပေးထားရတယ်။ အမှန်က ကျွန်တော် ပေးချင်တာ မဟုတ်ဘူး။ သူတို့ ဟိုကို လျှောက်ရင် ဒီမူရင်းတွေ လိုမှ မလိုဘဲဗျာ။ ဘာလို့ပေးရမှာလဲ။ ဒါပေမဲ့ သူတို့က အတင်း တောင်းလို့ ပေးထားရတာ။ အဲဒီလို ပေးထားရတဲ့အတွက် တခြား အလုပ်တွေလဲ လျှောက်လို့ မရတော့ဘူး။ နောက်ပြီး ဒါတွေပျောက်သွားရင် ထမင်းစားလက်မှတ် ပျောက်တာမို့ ကျွန်တော် အရမ်းစိုးရိမ်တယ်။ သူတို့ကို စပေးကတည်းက သေသေချာချာ မှာပြီးပေးထားတာ။
အဲဒီက တစ်ယောက်က သူတို့ နှစ်ပတ်လောက်ကြာရင် ပြန်လာမှာပါ။ အဲဒီတော့မှ လာခဲ့ပါ ဆိုလို့ ကျွန်တော် ပြန်ခဲ့ပြီး နောက်နှစ်ပတ်ကြာတော့ ကျွန်တော် ထပ်သွားတယ်။ မရောက်သေးဘူး တဲ့။ ကိုင်း ပြန်ရောက်ရောက်၊ မရောက် ရောက် ကျွန်တော့် စာရွက်စာတမ်းတွေနဲ့ ပိုက်ဆံ ပြန်ပေး။ ဟောဒီမှာ ဘောက်ချာ ဆိုပြီး ပိုက်ဆံပြန်တောင်းတယ်။ အဲဒီ လို ကျွန်တော် ပြဿနာတွေ တက်နေတုံးမှာဘဲ လျှောက်တဲ့သူတွေကလည်း လျှောက်နေတုံးဗျ။
သူတို့က ကဲ၊ နေ့ခင်းပိုင်း လာခဲ့ပါ တဲ့။ အဲလိုနဲ့ သူတို့က ဟိုနေ့ချိန်း၊ ဒီနေ့ချိန်း ဆိုတော့ ကျွန်တော် မစောင့်နိုင် တော့ဘူး။ ငွေသွင်းဘောက်ချာ မယားညီအစ်ကို ကို ပေးခဲ့တယ်။ ဒါနဲ့ သူသွားတောင်းတော့လည်း ဒီလိုပဲ၊ ဟိုနေ့ချိန်း၊ ဒီနေ့ ချိန်း။ ဒါပေမဲ့ ဟိုကောင်က စိတ်တိုတတ်တဲ့ လူဆိုတော့ ရဲခေါ်မယ်၊ ဂါတ်တိုင်မယ်၊ ဘာမယ် နဲ့ အတင်းသောင်းကြမ်းလို့ မဖြစ်နိုင်မှ ပေးလိုက်တာ။ ဒါတောင် နှစ်ခါ ခွဲပေးတယ်။ အပြည့်ပြန်မရဘူး။ ငါးသိန်းပေးထားတာ လေးသိန်းပဲ ပြန်ရတယ်။
ဒါပေမဲ့ စာရွက်စာတမ်းတွေ ပြန်မရသေးလို့ ရန်ကုန်သွားရပြန်ရော။ ဒါတွေ မရလို့ မဖြစ်ဖူး။ မန္တလေးကို ရောက်နေ တယ် ဆိုတဲ့လူဆီ ဖုံးလှမ်းဆက်တယ်။ ဆက်တယ် ဆိုတာ သူတို့ဆက်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် အပြင်ဖုံးနဲ့ ဆက်ရတာ။ ဆက်တော့ ဟိုလူက ဘုရားစင်အောက်က စာအုပ်ပုံတွေထဲမှာ ရှိတယ် လို့ ပြောတယ်။ အဲဒါ သူတို့ကို ရှာပေး ဘို့ ပြောတော့ သူတို့က ရှာမပေးချင်ဘူး။ ကိုင်း၊ ဆရာတို့၊ ခင်ဗျားတို့ ရှာမပေးချင်နေ။ ကိုယ့်ဟာကိုယ် ရှာမယ်။ အဲဒီ စာအုပ်ပုံ ဆိုတာသာ ပေးပါ ဆိုပြီး ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ ကိုယ့်ဟာကိုယ် မနည်း ရှာဖွေယူရတယ်။



၇၊ ၄။ ဒုက္ခနှင့် နပန်းလုံးရခြင်း

အဲဒီအေးဂျင့်မှာတင် ငါးလကျော်၊ ခြောက်လနီးပါး ကြာသွားတယ်။ အဲဒီမှာ အဆင်မပြေတော့ နောက်တစ်ခု ထပ် လုပ်ပြန်ရော။ အဲဒီမှာ ထပ်ခံရပြန်ရောဗျို့။ ဘယ်လိုလဲ ဆိုတော့ ကျွန်တော့်မရီးက သူ့သူငယ်ချင်း စင်ကာပူက အလည်ပြန် လာတယ်။ ဆယ်မိုင်ကုန်းမှာ နေတယ်။ သူလုပ်ပေးမယ် လို့ပြောတယ်။ သူ့ဆီကို သွားရအောင် လို့ပြောလာတယ်။ သူ့နာမည်က မိုးမိုးမြ။
မိုးမိုးမြက စင်ကာပူမှာ ကျောင်းတက်ရင်း part time အလုပ်လုပ်နေတာ တဲ့။ ဆိုတော့ သူ့ဆီ သွားတယ်။ သူက နင် စင်ကာပူကို visit visa နဲ့လာပြီး အလုပ်ရှာ။ ဗီဇာက ပထမ တစ်လရမယ်။ သုံးလထိ တိုးလို့ ရတယ် လို့ပြောတယ်။ သူ နှစ်ပတ်၊ သုံးပတ်လောက်နေရင် စင်ကာပူပြန်မယ်။ အဲဒီတော့ ခေါ်စာပို့ပေးလိုက်မယ်။ ကိုယ့်ဟာကိုယ် လာခဲ့။ စင်ကာပူမှာ သူ အိမ်ငှားထားပေးမယ်။ ကိုယ့်ဟာကိုယ် အလုပ်ရှာ တဲ့။
ကျွန်တော်ကလည်း ဟုတ်ပြီ။ အစ်မကို ကျွန်တော် ဘယ်လောက်ပေးရမလဲ ဆိုတော့ ဟာ၊ မဟုတ်တာပဲ။ အချင်းချင်းတွေ။ မလိုပါဘူး တဲ့။ ပြောတုံးကတော့ မလိုပါဘူး တဲ့။ ဒါပေမဲ့ တကယ့်တကယ် လုပ်တော့မှ ပိုက်ဆံပေးလုပ်တဲ့ အေးဂျင့်တွေထက် ပိုဆိုးနေတယ်။ အေးဂျင့်တွေကတော့ ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ် ရှိတာကိုး။ သူကတော့ ဘယ်လောက်လို့ မပြောထားဘဲ တစ်ခုလုပ်မယ် ကြံတိုင်း ပိုက်ဆံတောင်းတောင်းနေတာ ကျွန်တော့်မှာ ပတ်ပွန်းတိလိုက် အောင် ခံလိုက်ရတယ်။ ဒါ နောင်လာနောက်သားတွေ အတွက် သင်ခန်းစာကောင်းပဲ။
ဘာပဲလုပ်လုပ်၊ ဘယ်လောက် ရင်းနှီး ရင်းနှီး။ ပိုက်ဆံနဲ့ ပတ်သက်လာရင် ပြတ်ပြတ်သားသား ပြောထားပါ လို့ ကျွန်တော် အတော် ကြီးကြီးမားမား ပေးဆပ်လိုက်ရတဲ့ အတွေ့အကြုံနဲ့ ရင်းပြီး ပြောပြစေ။
ကျွန်တော့် မရီးက နင်လည်းလုပ်ပေးရတာပဲ၊ ပိုက်ဆံယူပါ ဆိုတော့ သူက ငါးသိန်းပေးပါ။ သူ ခေါ်စာ ပို့ပေးမယ်။ စင်ကာပူမှာ အိမ်ငှားထားပေးမယ်။ နောက်ပြီး နှစ်လပြည့်သည့်တိုင် အလုပ်မရသေးဘူး ဆိုရင် ကျောင်းတက်ဘို့ သူ စီစဉ် ပေးမယ်။ ကျောင်းတက်ရင်းနဲ့ သူလုပ်တဲ့ ဟော်တယ်မှာ တစ်နေ့ကို ၄၀၊ ၄၅ ကျပ်နဲ့ part time အလုပ် သွင်းပေးမယ် တဲ့။
ဟို အေးဂျင့်ဆီက မနိုင့်ရင်ကာ ပြန်တောင်းလို့ ရလာတဲ့ ပိုက်ဆံကို မိုးမိုးမြကို ပေးလိုက်တယ်။
သူစင်ကာပူ ပြန်သွားလို့ တစ်လလောက်ကြာတော့ ကျွန်တော့်ဆီကို အီးမေးလ် နဲ့ ဗီဇာ ပို့ပေးတယ်။ ပို့ပေးရင်း နဲ့ အရင်ပေးထားတဲ့ ငါးသိန်းအပြင် တစ်သိန်း ထပ်တောင်းတယ်။ ဒီဗီဇာရဖို့ ပင်နင်စူလာမှာ ပီအာတွေကို လက်မှတ်ထိုးခိုင်းရ တယ်တဲ့။ အဲဒီ လက်မှတ်ရဘို့ ရှစ်သောင်းခွဲ ပေးလိုက်ရတယ်။ မောင်လေးရေ၊ အစ်မကို တစ်သိန်းပေးပါ တဲ့။ လုပ်ကရော။
ကျွန်တော်ကလည်း လာချင်နေပြီ ဆိုတော့ အိုကေ၊ ပေးမယ် ဆိုပြီး ပေးလိုက်ပြန်တယ်။ သူက အဲဒီဗီဇာက တစ်လ အတွင်း ဘယ်အချိန်ထွက်ထွက် ထွက်လာလို့ ရတယ်။ မင်း အဆင်ပြေတဲ့ အချိန်လာခဲ့ တဲ့။ ဒါနဲ့ ကျွန်တော် လေယာဉ်လက်မှတ်ယူ။ သူ့ဆီကို ဘယ်နေ့လာခဲ့မယ်၊ အစ်မလာကြိုပေးပါ လို့ လှမ်းပြော။ ပြောတာက ကျွန်တော် ပီဖင်ဂိုးကနေ ပြောလို့ရမှန်း မသိသေးဘူး။ ပီစီအို ဖုံးနဲ့ ဆက်ရတာ။ ပိုက်ဆံ အရမ်းကုန်တာပေါ့။
အဲဒီလိုနဲ့ ကျွန်တော် Silk Air နဲ့ စင်ကာပူကို ထွက်လာတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့။ လေယာဉ် ပေါ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ စကားစနေ ပြောကြရင်း သူက ဟေ့ကောင်ရာ၊ ပီအာလက်မှတ် ထိုးတာများ ငါ့သူငယ်ချင်းက ငါ့ဆီ အီးမေးလ် ပို့ပေးလိုက်တာ၊ ဘာ ရှစ်သောင်းမှလည်း မပေးရဘူး၊ တစ်သိန်းလည်း ပေးစရာမလိုဘူး တဲ့ ပြောတယ်။ အာကွာ၊ ငါက ဘာအသိမှ မရှိတာ။ သူပြောတာပဲ အဟုတ် မှတ်နေရတာပေါ့ လို့ ပြောလိုက်ရတယ်။
စင်ကာပူ လေဆိပ်ကို ညကြီး ၈ နာရီလောက် ထင်တယ်၊ ရောက်လာတယ်။ သူလာကြိုပါတယ်။ ကျွန်တော့်မှာ ဘာဝန်စည် စလယ်မှ မပါဘူး။ Hand Carry လေးရယ်။ Luggage အသေးလေးရယ်။ ဒါပဲ ပါတယ်။ တကယ်ဆို MRT နဲ့ သွားရင် ခရီးစရိတ် အများကြီး သက်သာတာပေါ့။ အဲဒါကို သူ တက္ကစီ ငှားတယ်။ နေရမှာက Yeo Chu Kang မှာ။ လေဆိပ်နဲ့ အဝေးကြီး။ တက္ကစီခ ၂၉ ကျပ်ခွဲ ကျတယ်။ ရောက်မဆိုက် ကျွန်တော့်မှာ တော်တော် အင့်သွားတာပေါ့။ ရောက်လို့ တက္ကစီသမားက အိတ်ကြီးကို ပစ်ချလိုက်တော့ အိတ်က ဘီးလုံးကွဲသွားတယ်။ ဆွဲလို့ မကောင်းတော့ဘူး။ အလုပ်ရှာတုံး သုံးဘို့ နောက်ပြီး ကျောင်းတက်ရင်လည်း တက်ရမှာမို့ ကျွန်တော် စလုံး (စင်ကာပူဒေါ်လာ) ၂၅၀၀ လောက် ယူလာခဲ့ တယ်။
အဲဒါနဲ့ တည်းရမဲ့ အိမ်ကို ည ၉ နာရီခွဲလောက် ရောက်သွားတယ်။ အရင်ကတည်းက မိုးမိုးမြက အိမ်ငှားခ တစ်လ ကို ၃၀၀ နဲ့ ၂ လ နေမယ်လို့ ပြောထားတယ် တဲ့။ အိမ်ရှင် အမျိုးသမီးက ဗမာပဲ။ တစ်ခန်းကို နှစ်ယောက်နေရမှာတဲ့။ အဲဒီ အိမ်မှာတင် အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၄ ယောက်၊ စုစုပေါင်း ၇ ယောက် ငှားထားတယ်။ နောက်ပြီး သူတို့က အဲဒီ အခန်းကနေ နက်ဖြန်ပြောင်းတော့မှာ တဲ့။ ကုတင်မရှိဘူး။ မွေ့ယာနဲ့ပဲ။ ပင်လည်း ပင်ပန်းနေတာနဲ့ ကျွန်တော် လည်း ဘာမှ ချေးများမနေတော့ဘဲ ထိုးအိပ်လိုက်တယ်။
မနက်ကျတော့ တရုပ်မကြီး တစ်ယောက် ရောက်လာတယ်။ ဟဲလို၊ ဟဲလို နဲ့။ အိမ်မှာကလည်း အသီးသီး အလုပ် သွားကြတော့ ဘယ်သူမှ မရှိဘူး။ ကျွန်တော်ပဲ ကျန်ခဲ့တယ်။ သူက ဟိုအခန်းဝင်၊ ဒီ အခန်းထွက်နဲ့။ ကြည့်ရတာ အိမ်ရှင် ထင်ပါတယ်။ ခဏနေတော့ အိမ်ရှင် ဗမာမကြီး ပေါက်ချလာပြီး သူတို့ အိမ်ပြောင်းဘို့ အကြောင်း ထင်ပါတယ်။ ပြောကြ ဆိုကြတယ်။
နောက်တော့ အိမ်ပြောင်းတယ်။ ကျွန်တော့်မှာ ရောက်မဆိုက်ပဲ၊ သူတို့ အိမ်ပြောင်းတဲ့ ကိစ္စမှာ လုပ်အားပေးလိုက် ရသေးတယ်။ မရိုသေ့စကား။ မိန်းမ အတွင်းခံတွေပါ သိမ်းပေးရတယ်။ ပြောင်းမဲ့ အိမ်ကို အထုပ်အပိုးတွေ အကုန်လုံးလိုလို ကျွန်တော်ပဲ သယ်ပေးရတယ်။ တော်တော့်ကို ဝေးတယ်။ ခေါက်တုံ့ ခေါက်ပြန် သယ်ရတာ။ ထားပါတော့။ ကျွန်တော်က လည်း သိပ်တွက်ကပ် မနေပါဘူး။ လုပ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူတို့က အိမ်လခ နှစ်လခစာ တောင်းတယ်။ တစ်အိမ်လုံး ရှိသမျှ ပစ္စည်းသယ်ပေးရတဲ့ မျက်နှာတောင် မထောက်ဘူး။ နှစ်လခစာ ၇၀၀ ပေးပါတဲ့။ ကျွန်တော့်မှာ ပိုက်ဆံ များများစားစား ပါလာတာ မဟုတ်ဘူးဗျ။ သူတို့ တောင်းသမျှ ဘယ်ပေးနိုင်မလဲ။
နေ့ခင်းကျတော့ မိုးမိုးမြ ရောက်လာတယ်။ နောက် အိမ်ရှင် အစ်မကြီးနဲ့ စကားပြောတယ်။ အိမ်လခကို တိုး တောင်းတယ် ထင်တယ်။ နောက်တော့ သူက နင့်ကို ပင်နင်စူလာ လိုက်ပြမယ်။ အဲဒီမှာ အင်တာနက်သုံးပြီး နင် အလုပ်ရှာ ပေါ့တဲ့။ ကျွန်တော့် ကို ခေါ်သွားပြီး ရထားလက်မှတ် ၀ယ်ပုံဝယ်နည်း၊ ရထားစီးပုံ စီးနည်း စတာတွေ ပြတာပေါ့။ လမ်း ကျတော့ သူက နင့်ကို အိမ်လခ ၃၅၀ တောင်းနေတယ်။ ငါက နင့်ကို သူဌေးလို့ ပြောထားတာ။ နင့်မှာ လက်ပ်တော့ ပါလိမ့်မယ်။ အင်တာနက် သုံးလိမ့်မယ် လို့ပြောထားတာ တဲ့။
ကျွန်တော် အတော် မျက်လုံးပြူးသွားတယ်။ အစ်မ လို့။ မဟုတ်တန်းလျားတွေ လျှောက် မပြောပါနဲ့။ ကျွန်တော် အစ်မကို ဒါမျိုး ဘယ်တုံးက ပြောဘူးလို့လဲ ဆိုတော့ နင့်ကို သူတို့ အထင်မသေးရ အောင်လို့ပါဟယ် တဲ့။ အထင်သေးတာ၊ ကြီးတာ အကြောင်းမဟုတ်ပါဘူးဗျာ၊ အလုပ်ရဘို့သာ အဓိကပါ လို့ပြန်ပြောလိုက်တယ်။ နောက်ပြီးသူက ဈေးကြီးလို့ နင် မနေချင်လဲ အဲဒီအိမ်ကို ၃၅၀ ဈေးနဲ့ တွက်ပြီး ရက်ခပဲချေ။ ကြိုက်တဲ့အိမ်ရရင် ပြောင်းလိုက်ပေါ့၊ ငါထပ်ရှာပေးမယ် တဲ့ ပြောတယ်။
ပင်နင်စူလာရောက်လို့ စုံစမ်းတော့ ၃၀၀ နဲ့ နေလို့ရတဲ့အိမ် တွေ့ရော။ တွေ့တော့ အဲဒီဆိုင်က ငါတို့ ညနေ ၇ နာရီ လောက် အိမ်ပြန်မယ်။ နင် တခါထည်း လိုက်ခဲ့ လို့ပြောတယ်။ သူတို့ကို စောင့်ရင်း ကျွန်တော်လည်း စီဗီဖောင်တွေပြင်၊ တွေ့သမျှ အေးဂျင့်အကုန်လုံး လိုက်ပေး။ နောက်တော့ မိုးမိုးမြလည်း နင်စောင့်နေ၊ ငါတော့ ပြန်တော့မယ် ဆိုပြီး ပြန်သွား တယ်။ ကျွန်တော်လည်း အဆင်က မပြေတော့ စိတ်က ညစ်လာပြီ။
ညနေ ၇ နာရီလောက် ကျတော့ ဆိုင်ရှင်တွေ ပြန်တော့ ကျွန်တော်ပါ လိုက်သွားတယ်။ အိမ်က ခုနေတဲ့ အိမ်နား မှာဘဲ။ သုံးမှတ်တိုင်ပဲ ဝေးတယ်။ အိမ်က လုံးချင်းတိုက်ကြီး။ တစ်အိမ်လုံး နေလို့ရသမျှ နေရာ အကုန်လုံး ငှားထားတယ်။ လှေခါးအောက်တွေမှာရော၊ အပေါ်တွေမှာရော၊ ဧည့်ခန်းတွေထဲမှာရော၊ အိုး၊ တစ်အိမ်လုံး ပြည့်နေတာပဲ။ ကျွန်တော်လည်း နေတာထိုင်တာ သိပ်ဂရုမစိုက်နိုင်ဘူး။ သက်သာတဲ့ နေရာ နေရမှာပဲ။ ဒီမှာက တစ်လကို ၃၀၀ ပဲ၊ တစ်လခစီ ပေးရမယ်။ ဟိုအိမ်မှာက ၃၅၀ နဲ့ နှစ်လခစာ၊ တစ်ပြိုင်နက် ပေးရမယ် ဆိုတော့ ဒီမှာပဲ နေမယ်လို့ ရွေးလိုက်တယ်။
နင်နေမယ် ဆိုရင် ပတ်စ်ပို့ပေး၊ စပေါ်ပေး တဲ့။ ပေးဆိုတော့ ၁၅၀ ပေးလိုက်ရတယ်။ အဲဒီနောက် ကျွန်တော် ဟို အိမ်မှာ ထားခဲ့တဲ့ ကျွန်တော့် အထုပ်အပိုးတွေ သွားယူတယ်။ သူတို့က အောက်ကနေစောင့်နေတယ်။ အဲဒါနဲ့ ကျွန်တော် အိမ်ပေါ်တက်သွားတော့ အားလုံးပြန်ရောက်နေပြီ။ လူစုံတက်စုံပဲ။ ကျွန်တော် က အိမ်ရှင်ကို ဒီမှာ ဆက်မနေတော့မဲ့ အကြောင်း ပြောတော့ မရဘူး ဖြစ်ကရော။ ဘယ်လိုမှ ပြောမရတော့ မိုးမိုးမြဆီ ဖုံးခေါ်တော့ မကိုင်တော့ဘူး။ အောက်မှာ ကလည်း ဒုတိယ အိမ်ရှင်က စောင့်နေပြီ။ ဒီတော့ ကျွန်တော် ငိုပြရတာပေါ့။
အစ်မ၊ မိုးမိုးမြ ကျွန်တော့်ကို ပြောထားတုံးက တစ်လ ၃၀၀၊ ခုကျတော့ ၃၅၀ နဲ့ နှစ်လစာ တစ်ခါထည်းပေးရမယ် ဆိုတော့ ကျွန်တော် မပေးနိုင်ဘူး။ သူက နင် တစ်ရက်နေရင် တစ်ရက်စာပဲ တွက်ပေးလိုက်လို့ ပြောလိုက်တယ်။ ဒီတော့ ကျွန်တော် တစ်ရက်စာပဲပေးပြီး ပြောင်းတော့မယ် ဆိုတော့ သူတို့က ဒီလို ဘယ်လုပ်လို့ရမလဲ။ ဒါ စင်ကာပူ။ နင် ဒီလောက် မှ ဖြစ်နေရင် နှစ်လစာ မပေးနဲ့ တစ်လစာ ၃၅၀ ပဲပေး တဲ့ လုပ်ပြန်ရော။
သူတို့နဲ့ ညှိမရတော့ ကျွန်တော် အောက်မှာစောင့်နေတဲ့ ဒုတိယ အိမ်ရှင်ဆီ သွားရပြန်ရော။ သူကတော့ ဟုတ်လို့။ ရပါတယ် ညီလေးရာ၊ မင်းအစ်မဆီ ဖုံးဆက်လိုက်တဲ့။ ဆက်တော့ အမျိုးသမီးက ဟာ၊ မင်း ဘယ်ရမလဲ။ ငှားမယ်ပြောပြီးလို့ စပေါ်တွေ ဘာတွေတောင် ပေးပြီးမှ မနေလို့ ဘယ်ဖြစ်မလဲ။ မနေဘူးဆိုရင် စပေါ်ပြန်မပေးနိုင်ဘူး တဲ့။ ဖြစ်ပြန်ရောဗျို့။ အိမ်ရှင်နှစ်ယောက်ကြားမှာ ကျွန်တော်တော့ သေသာ သေလိုက်ချင်တော့တာပဲ။ ကျွန်တော့မှာ ဘယ်ခွေးကတက် သွား အိပ်လိုက်ရမှန်းတောင် မသိတော့ဘူး။ ကျွန်တော့ဘ၀မှာ အဲဒီအချိန်လောက် သွေးပျက်တာမျိုး တစ်ခါမှ မကြုံခဲ့ရဖူးဘူး။
သူကလည်း အတင်းပဲ။ နင် ဒါဆို အဲဒီအိမ်မှာ တစ်လနေ၊ နောက်လကျ ငါတို့ဆီ လာနေပေါ့။ စပေါ်တော့ ပြန် မပေးနိုင်ဘူး တဲ့။
ဗမာတွေများ ပြောပါတယ်။ ဒုက္ခရောက်နေတဲ့ သူကို ကူမယ်ဆိုတဲ့ စိတ်မျိုး လုံးဝ မရှိဘဲ သူများ ဒုက္ခရောက်လေ သူတို့မှာ အကျပ်ကိုင်ဘို့ အခွင့်ကောင်းလေ လုပ်နေတာ။ ကျွန်တော်လည်း တော်တော် ညစ်လာတာနဲ့ ကိုင်း၊ ဒါဖြင့်လည်း ပြန်ပေးမနေပါနဲ့ တော့ဗျာ။ ယူသာထားလိုက်ပါတော့ ဆိုပြီး ပထမ ငှားထားတဲ့ အိမ်ပေါ် ပြန်တက်လာခဲ့တယ်။ အဲဒီ အိမ်ရှင် က အေး၊ ဒီလိုမှပေါ့ တဲ့၊ နင်နေဘို့ ငါတို့ အဆင်သင့် အခန်းပြင်ထားတယ် တဲ့။
အောင်မယ်လေးဗျာ၊ ဟိုအိမ်ကနေ ဒီအိမ်ရောက်အောင် အထုပ်အပိုးအားလုံး အားလုံး နွားလိုရုန်းပြီး သယ်ခဲ့ရတာ ကျေးဇူးစကား တစ်ခွန်းဆိုဖော် မရပဲ ကျွန်တော် မနက်က ပြင်သွားတဲ့ အခန်းများ သူတို့က ပြင်ပေးထားသလို ပြောနေပြန် သေးတယ်။ ကျွန်တော်လည်း ညစ်ညစ်နဲ့ ဘာမှ ပြောမနေတော့ဘူး။ အိပ်လိုက်ကရော။ ရေတောင်မချိုးဘူး။
ရန်ကုန်က မရီးကို ဖြစ်ကြောင်းကုန်စင် ဖုံးဆက်လိုက်တာ ဖုံးကဒ် ၂၈ ကျပ်ဖိုး ကုန်ရော။ နင့်သူငယ်ချင်းကို ဖုံးဆက်လိုက်ဦး လို့ မှာလိုက်တယ်။ ဆက်မဆက်တော့ မသိဘူး။
တစ်ပတ်လောက်ကြာတော့ အင်တာဗျူး ခေါ်ရော။ မိုးမိုးမြဆီ ဖုံးဆက်ပြီး အင်တာဗျူးကို လိုက်ပို့ဘို့ ပြောတော့ မအားဘူးတဲ့။ သူ့ကို ပိုက်ဆံ ၆ သိန်းပေးထားရတာဗျာ။ အလျင်ကတော့ သူပဲ အင်တာဗျူးတွေ လိုက်ပို့မယ် လို့ ပြောထား တာ။ ခုကျတော့ တစ်မျိုး။ ဒါနဲ့ပဲ ကိုယ့်ဟာကိုယ် တက္ကစီ ငှားသွားရတယ်။ ကုမ္ပဏီ က ကျွန်တော့်ကို လခတော့ ၁၀၀၀ ပေးမယ်။ ဒါပေမဲ့ ၀ပ်ပါမစ်နဲ့ပဲ ခန့်နိုင်မယ် ပြောလို့ ကျွန်တော်လည်း မလုပ်ဘူးလို့ ငြင်းလိုက်ပြီး ပြန်ခဲ့တယ်။ ကျွန်တော်က S Pass ကို လခ ၁၈၀၀ အပြည့်မရရင်တောင် ၁၆၀၀ လောက်လိုချင်တာကိုး။
ဒါပေမဲ့ နောက်နေ့ကျတော့ သူငယ်ချင်းတွေက ဒီမှာ အလုပ်အကိုင်တွေ အရမ်းရှားနေတယ်။ မင်း - ရတဲ့ဟာကို အရင်လုပ်ထားနှင့် ဆိုလို့ နောက်နေ့ကျ ရုံးကို ပြန်သွားပြန်ရော။ ဒါပေမဲ့ ရုံးက လက်မခံတော့ဘူး။ သူတို့က အင်တာဗျူးပြီး ချက်ခြင်း ခန့်ပေါ့။ ဒါနဲ့ အဲဒီ အလုပ်လက်လွတ် သွားရော။
နောက် ထပ်ရှာတော့ သိပ်မကြာခင်မှာ ဒုတိယ အလုပ်တစ်ခု ရပြန်ရော။ S Pass လျှောက်ပေးမယ်။ လခ ၁၃၀၀ ပေးမယ် တဲ့။ ကျွန်တော်က ၁၆၀၀ တောင်းတယ်။ ညှိလို့မရဘူး။ ဒါနဲ့ ကျွန်တော် ငြင်းခဲ့ပြန်တယ်။ ကျွန်တော်ကလည်း ရက်တွေကြာလာတော့ ပိုက်ဆံနည်းလာပြီ။ ဒါနဲ့ ဒုတိယ အိမ်ရှင်ဆီ ပေးထား တဲ့ စပေါ် ၁၅၀ ကို ပြန်တောင်းတယ်။ အစ်မရယ် ပိုက်ဆံ ပြတ်တော့မှာမို့ပါ ဘာညာနဲ့ အသနားခံရတာပေါ့။ တောင်းတော့ ပေးမယ်၊ လာခဲ့တဲ့။ အဲဒါနဲ့ ပင်နင်စူလာက သူတို့ဆိုင် ကျွန်တော် အခေါက်ခေါက် အခါခါ သွားတယ်။ မတွေ့ဘူး။ ဒါနဲ့ အိမ်လိုက်သွားတယ်။ အိမ်ကျတော့ တွေ့ရော။ ဒါပေမဲ့ စောင့်အုံး၊ သူ့ယောက်ျားပြန်လာမှ ဘဏ်ကသွားထုတ်ရမှာ တဲ့။
အဲဒီအချိန်မှာ သူတို့တိုက်ကို ဆေးသုတ်နေတယ်။ ကျွန်တော်လည်း စောင့်ရင်း ဆေးကူသုတ်ပေးလိုက်တယ်။ အဲဒီတော့ သူလည်း အားနာသွားပုံရပါတယ်။ မင်းကို ငါ အကုန်ပြန်မပေးနိုင်ဘူး။ ၁၀၀ ပဲပေးမယ်။ ခုတော့ ၅၀ ပဲယူအုံး တဲ့။ ကျွန်တော်လည်း ဆေးသုတ်နေရင်းက အစ်မရယ် ကျွန်တော့်မှာ တကယ် အသုံးစရိတ် ပြတ်နေလို့ပါဗျာ။ ၁၀၀ လောက် တော့ လုပ်ပေးပါ။ တောင်းပန်ပါတယ် လို့ ပြောနေတုံး သူ့ယောက်ျား ပြန်ရောက်လာတယ်။ ရောက်တော့ သူ့ယောက်ျားကို တိုးတိုး တိုးတိုးနဲ့ ပြောပြီး နောက် ကိုဟိုဒင်း ရေ၊ သူ့ကို ၁၀၀ ပြန်ထုတ်ပေးလိုက်ပါ လို့ ပြောလိုက်တယ်။
သူ့ယောက်ျားက မင်း ခြေလျင်လျှောက် လိုက်လာခဲ့ ဆိုပြီး ဆိုက်ကယ်နဲ့ ထွက်သွားတယ်။ အဲဒီမှာ ကျွန်တော် ၁၀၀ ပြန်ရတယ်။ ကျန်တဲ့ ၅၀ ကတော့ ကမ္မသကာပဲ ထားလိုက်ရတာပေါ့။ ပြန်မရတော့ဘူး။ အချိန်ကလည်း နှစ်လ ပြည့် တော့မယ်။ ဒါနဲ့ ကျွန်တော်ရယ် သူငယ်ချင်းတစ်ယောက်ရယ် စင်ကာပူနိုင်ငံအနှံ့ လှည့်ပြီး ကုမ္မဏီတွေ ရှောက်သွား။ တွေ့ရင်ဝင်။ အလုပ်ခေါ်ခေါ် မခေါ်ခေါ် အလုပ်ရနိုင်မလားမေးပြီး သူတို့ လိုချင်လို့ အင်တာဗျူးရင် ၀င်ဖြေ။ အင်တာမဗျူးလဲ စာရွက်စာတမ်းတွေ ပေးခဲ့ စသဖြင့် လျှောက်လုပ်တယ်။ အဲဒီလိုနဲ့ အင်တာဗျူး လေးခါလောက် ဖြေခဲ့ရတယ်။
နှစ်လပြည့်လို့ မလေးရှားကို စတေးရှောင်ပြီး ပြန်ဝင်ရင် နောက်ထပ် တစ်လ ထပ်ရမယ် ဆိုတာသိတယ်။ ဒီတော့
နှစ်လပြည့်ခါနီး တစ်ပတ်အလိုမှာ မလေးဗီဇာ လျှောက်တယ်။ ရတယ်။ ဒါပေမဲ့ စင်ကာပူကို ပြန်ဝင်ဘို့ re-entry လိုတယ်။ သူတို့က မင်း ပတ်စ်ပို့ ပေးထား။ သူတို့လျှောက်ကြည့်မယ်။ တစ်ပတ်ကြာမယ်။ ဒါပေမဲ့ ရ မရ ဆိုတာ မသေချာဘူး။ သူတို့ က ဟိုပြော ဒီပြောပြောနေတော့ ကျွန်တော် ဟို ဒုတိယ အိမ်ငှားတဲ့ အိမ်ရှင် အမျိုးသမီးဆီ ထပ်သွားပြန်တယ်။ အစ်မလို့ re-entry က reject ဖြစ်တာတွေ ဘာတွေ ရှိသလား ဆိုတော့ ဟယ်၊ နင့်နှယ်၊ လူ ၁၀၀ လျှောက်ရင် ၉၉ ယောက် မဖြစ်ဘူး လို့ပြောတယ်။ ဒါနဲ့ သူ့ကို ပိုက်ဆံ ၈၀ ပေးပြီး လျှောက်ခိုင်းလိုက်တယ်။ ဒါပေမဲ့ သူပြောတဲ့ reject တစ်ယောက် ဆိုတာ ကျွန်တော် ဖြစ်နေမှန်း မသိခဲ့ဘူး။

နှစ်လပြည့်တဲ့ထိ ဘာရုပ်မှ မပေါက်သေးတော့ မိုးမိုးမြကို ထပ်ဆက်ရတယ်။ သူစကားခံ ရှိထားတဲ့ အတိုင်း အစ်မ၊ ကိုင်း အစ်မပြောထားတဲ့အတိုင်း ကျွန်တော့်ကို ကျောင်းအပ်ပြီး အချိန်ပိုင်း အလုပ်သွင်းပေးပေတော့။ ဆိုတော့ ဘာပြော တယ် မှတ်သလဲ။ ကျောင်းအပ်ဖို့ ဆိုတာ နင်ပြောသလောက် မလွယ်ဘူး ဟဲ့။ ဟော်တယ်မှာ အလုပ်သွင်းပေးဘို့ကလည်း ငါတောင် ပြုတ်မလိုလို ဖြစ်နေတာ တဲ့။ ပြီးရော၊ တစ်ခါတည်း။ ဘာဆို ဘာမှ ဆက်လို့ မရတော့ဘူး။ အဲဒါလုပ်ပေးဖို့ပဲ သူ ကျွန်တော့်ဆီက ပိုက်ဆံ ၆ သိန်းတောင်းသွားတာ။ ခုတော့ တစ်ခါတည်း ပစ်ပစ်ခါခါ ပြောထည့်လိုက်တာဗျာ။
ဒီတော့ ကျွန်တော့်မှာ ဘာမှ ရွေးစရာ လမ်းမရှိတော့ဘူး။ ဗမာပြည်ကို ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ ပါလာသမျှ ပိုက်ဆံ အကုန်ကုန်ရော ဆိုပါတော့ဗျာ။ စင်ကာပူမှာ သုံးတာတင် ဗမာငွေ သိန်း ၃၀ လောက် ကုန်သွားတယ်။
ပြန်မဲ့နေ့ကျ မှ ကျွန်တော်အပ်ထားတဲ့ ဗမာအေးဂျင့်က လှမ်းဖုံးဆက်တယ်။ နင် ဘယ်တော့ ပြန်ရမှာလဲ တဲ့။ ဒီနေ့ နေ့လည် ၁၁ နာရီ လို့ ဆိုတော့ နင် မနက်ပိုင်း အင်တာလာဗျူးလို့ ရမလား တဲ့။ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ သွားမယ်ပေါ့။ ဘယ်မှာလည်း ဆိုတော့ Little India နောက်ကျောမှာ တဲ့။ ပြန်ရမဲ့နေ့ ဆိုတော့ တက္ကစီငှားသွားတယ်။ အိတ်တွေပါ တစ်ခါတည်း သယ်သွားတယ်။ အင်တာဗျူးပြီးတာနဲ့ လေဆိပ်ကို တန်းဆင်းရမှာကိုး။
ဒါပေမဲ့ အဲဒီနေရာက ကုမ္ပဏီ မဟုတ်ပဲ နောက်အေးဂျင့်တစ်ခု ဖြစ်နေတယ်။ အဲဒီအေးဂျင့်က ကျွန်တော့်ကို အင်တာဗျူးရမဲ့ နေရာ ထပ်ခေါ်သွားတယ်။ ဗျူးလည်းပြီးရော သူတို့က Chinese New Year ကျော်ရင် အကြောင်းပြန်မယ် ဆိုလို့ ကျွန်တော်လည်း လေဆိပ်ဆင်းခဲ့တယ်။ လေဆိပ်ကနေ ဖုံးဆက်ပြီး အေးဂျင့်ကို ဗမာပြည်က ကျွန်တော့် ဖုံးနံပတ် ပေးပြီး ပါရင် လှမ်းအကြောင်းကြားဘို့ မှာခဲ့တယ်။

No comments: