Thursday, October 8, 2009

Bitter Life XVIII (မခင်လေး)

(၁၂)

နာမည် - မခင်လေး
အသက် -
ပညာအရည်အချင်း -
လက်ရှိအလုပ်အကိုင် -
လစာ -

ဘ၀တွင် မမျှော်လင့်ဘဲ အလွန်ခါးသီးသော အတွေ့အကြုံများကို တွေ့ကြုံ ခံစားရတတ်ကြသည်။ အချို့မှာ ထို အတွေ့အကြုံများကြောင့် လက်မြှောက် အရှုံးပေးလိုက်ကြ ရသလို အချို့မှာလည်း ထို အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ကြသည်။ မခင်လေးသည် ဒုက္ခကို လက်မြှောက်အရှုံးမပေးဘဲ မဖြစ်ဖြစ်သည့်နည်းနှင့် အခက်အခဲများကို ရုန်းကန် ကျော်လွှားကာ မိမိလိုချင်သော ပန်းတိုင်ရောက်အောင် တက်လှမ်းခဲ့သူ ဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ ဘယ်လို ဒုက္ခကိုမှ မှုမည့်ပုံ မပေါ်။ ခပ်သာသာပင် ဖြစ်သည်။ ဤမျှ ဆိုးရွားသော ဒုက္ခများ ကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပြီးဖြစ်၍ နောင်တွင် တွေ့ရမည့် အခက်အခဲများမှာ သူ့အတွက် ဘာမှ မဖြစ်လောက်သော ပြဿနာကလေးများသာ ဖြစ်နေပါလိမ့်မည်။ ထို့ပြင် မခင်လေးက အရှိကို အရှိအတိုင်း ခံယူတတ်သည်။ မိမိကဲ့သို့သော ခါးသက်သည့် အဖြစ်ဆိုးများ အခြားသူများ မတွေ့ကြုံရစေရန် သူပိုင် ဘလော့တစ်ခုဖြင့် ရေးသား ဖြန့်ဝေနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ သူက ထိုအဖြစ်အပျက်များမှာ အမှန်တရားများ ဖြစ်သဖြင့် အခြားသူ တစ်ဦးသို့ ပြန်လည် မျှဝေရန် ဘာမှ ရှက်နေစရာမလို။ ဤကဲ့သို့ ဖွင့်ချပြလိုက်ခြင်းဖြင့် မဖြစ်တန်သည်တို့ မဖြစ်အောင် ကြိုတင် ကာကွယ် တားဆီးနိုင်သည် ဟု ယူဆ ထားသူတစ်ဦးလည်း ဖြစ်သည်။
မြန်မာမိန်းကလေး အများစုမှာ မိမိ၏ အရှက်နှင့် မိသားစု၏ ဂုဏ်သိက္ခာ တို့ကြောင့် မိမိတို့၏ အဖြစ်မှန်များကို ပြန် ပြောပြရန် အလွန် ၀န်လေးတတ်ကြလေရာ စင်ကာပူတွင် လာရောက် အလုပ်လုပ်နေသော မြန်မာ maid များ၏ ဒုက္ခ၊ သုက္ခများ အကြောင်း သိသူ အလွန် နည်းပါးလှပါသည်။
ထို့ပြင် မခင်လေးမှာ မိမိကိုယ်တိုင် ခါးသီးသော အတွေ့အကြုံများကို တွေ့ကြုံခံစားခဲ့ရသည် ဖြစ်ရာ အခြား ဒုက္ခရောက်နေသူများကိုလည်း ကိုယ်ချင်းစာစိတ်ဖြင့် တတ်နိုင်သမျှ ကူညီပေးနေသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤသို့ ကူညီသည် ဆိုရာ၌လည်း အကျိုးအမြတ် တစ်ပြားမှ မရသည့်ပြင် အိတ်ထဲမှပင် စိုက်ထုတ် ကုန်ကျပေးရသော အမှုကိစ္စ များလည်း ရှိခဲ့ပေသည်။ သို့သော် သူက ဤသည်ကို တွက်ကပ်မနေ။ မိမိကူညီလိုက်သည့် အတွက် သူတစ်ပါး အဆင်ပြေ သွားလျှင်ပင် သူ့မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပါသည်။
ကိစ္စမရှိပါဘူး။ ကျွန်မနာမည်အရင်းကို သုံးနိုင်ပါတယ် ဟု ဆိုသဖြင့်လည်း ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့သူများ အားလုံးအနက် အထူးခြားဆုံး ဖြစ်နေပါသည်။ သို့သော် ကျွန်တော် သူ့နာမည်အရင်းကို မသုံးပါ။
မခင်လေး၏ အတွေ့အကြုံများကို ဖတ်ပြီး မြန်မာပြည်မှ ဘုမသိ၊ ဘမသိ။ အထင်တကြီးနှင့် နိုင်ငံခြားသို့ ထွက်လာမည့် မိန်းကလေးများအတွက် အကျိုးရှိမည်ဟု ယူဆပါသည်။

၁၂၊ ၁။ Nurse Aid ဟု ပြောကာ Maid အဖြစ် အလိမ်ခံရခြင်း

ကျွန်မက ပဲခူးကပါ။ နိုင်ငံခြားသွားမယ် ဆိုတော့ အင်္ဂလိပ်စာ သင်တန်းတွေ ဘာတွေ တက်တာပေါ့။ စလုပ်တုံးက အစ်မတစ်ယောက်နဲ့ အတူတူလုပ်တာ။ သူက အမေရိကား သွားချင်တယ်။ သူ့ဘကြီးက ဘုန်းကြီး။ အင်္ဂလန်နဲ့ အမေရိကား မှာ ကျောင်းထိုင်တယ်။ အဲဒါ သူ့ကို ကပ္ပိယ အနေနဲ့ခေါ်မယ် ပေါ့။ ဒါပေမဲ့ သူ့ကိုခေါ်ဘို့ အဆင်မပြေဘူး ဖြစ်ကရော။ ဒါနဲ့ ကဲ ဒါဆိုလည်း စင်ကာပူ သွားကြရအောင် ပေါ့။ တိုင်ပင်ကြတယ်။
အင်္ဂလိပ်စာ သင်တန်းကို လှည်းတန်းက ဦးမြကြိုင် မှာ တက်တာ။ သင်တန်းတက်ရင်းနဲ့ စင်ကာပူ သွားလို့ရမဲ့ နည်းလမ်းတွေ လျှောက် လေ့လာကြည့်တယ်။ အဲဒီတုံးက ကျွန်မမှာ မှတ်ပုံတင်ကို မရှိသေးဘူး။ အဖိုးက ပြည်ကြီးက လာတာ။ FRC ။ အဖေကလည်း FRC (Foreigner’s Registration Certificate) ဆိုတော့ ကျွန်မတို့မှာ မှတ်ပုံတင် မရှိဘူး။ အရင်တုံးကတော့ သူတို့က ပြည်ကြီးပြန်ဘို့ ရည်ရွယ်ချက်နဲ့ မှတ်ပုံတင် မလုပ်တာ။ ကျွန်မတို့ကျ မြန်မာပြည်မှာ နေဘို့ ဘာလက်မှတ်မှ ထုတ်မပေးတော့ဘူး။ အမေကတော့ မှတ်ပုံတင် လုပ်ထားလိုက်လို့ နိုင်ငံသား ပေါ့။ အရင်တုံးက မှတ်ပုံတင် လုပ်ရတာ လွယ်သေးတယ်။ ခုတော့ မလွယ်တော့ဘူး။ ဟိုလိုက်ရ။ ဒီလိုက်ရ။ ဆယ်တန်းအောင်တော့လည်း အမှတ် ကောင်းတာတောင် တက္ကသိုလ် ကောင်းကောင်း ဆက်တက်ခွင့် မပြုဘူး။ ကျွန်မ သူငယ်ချင်းတစ်ယောက် အဖေကလည်း FRC။ သူလည်း အမှတ်ကောင်းတယ်။ ဒါပေမဲ့ ဆေးတက္ကသိုလ် တက်ခွင့်မရဘူး။ အဲဒီတုံးက ၂၀၀၀ ပြည့်နှစ်။
အဲဒီမှာ နိုင်ငံခြားထွက်မယ် ဆိုတော့ မှတ်ပုံတင်က မလုပ်မဖြစ် လုပ်ရတော့တယ်။ ၂၀၀၁ ခုနှစ်ကျော်မှ ရတယ်။ ဒါတောင် လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူး။ အဲဒီ မှတ်ပုံတင်တစ်ခုရဘို့ လိုက်လိုက်ရတာ တော်ကြာ တစ်သိန်း၊ တော်ကြာ နှစ်သိန်း နဲ့ စုစုပေါင်း ၁၇ သိန်းကျော် ကျတယ်။ လ.၀.က ဦးစီးမှူးတွေကလည်း တစ်ယောက်ပြီး တစ်ယောက်ပြောင်း။ တစ်ယောက်ပြောင်းလာလိုက် ပိုက်ဆံ သွားပေးလိုက်။ တော်ကြာ သူ မရှိတော့လို့ အဲဒီ မှတ်ပုံတင် ကိစ္စ အလုပ်မဖြစ် ပြန်ဘူး။ အဲဒီတော့ နောက်ပြောင်းလာတဲ့ သူဆီ ပိုက်ဆံထပ်ပေးရ။
တော်သေးတယ်။ အဲဒီတုံးမှာ တရုပ်သံရုံးက မြန်မာပြည်မှာ နေတဲ့ တရုပ်တွေကို မှတ်ပုံတင်လုပ်ဘို့ ဆိုပြီး ပရောဂျက် တစ်ခု ကျလာတယ်။ လူ ၁၀၀ ထင်တယ်။ ဒါတောင် ကျွန်မတို့ သိတော့ အတော်နောက်ကျ နေပြီ။ တော်သေး တယ်။ ကျွန်မတို့လည်း တရုပ်သံရုံးသွား ပုံစံလဲ ဖြည့်ပြီးရော ပိတ်သွားရော။ အဲဒါနဲ့ မှတ်ပုံတင် လုပ်လို့ရတာ။ နို့မို့ ရချင်မှ တောင် ရမယ်။
အမှန်က ကျွန်မတို့ အမျိုးတွေ စင်ကာပူမှာ ရှိတယ်။ အဖွားရဲ့ မောင်တွေ။ သူတို့က စင်ကာပူရီးယန်းတွေ ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်မ စင်ကာပူလာချင်တယ် ဆိုတော့ သူတို့က မလာခဲ့နဲ့ တဲ့။ အတင်းတားတယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ့်ဟာကိုယ် သွားမယ် ပေါ့။ အဆက်အသွယ် လိုက်ရှာရတယ်။ အဲလိုနဲ့ စီဒိုးနားတို့၊ ထရိတ်ဒါးတို့မှာ ခဏခဏ အင်တာ ဗျူးတွေ ရှိတယ် ဆိုတာ သိလာရတယ်။ အဲဒီကို သွားကြည့်တယ်။ အဲဒီအထဲဝင်ရင် ပိုက်ဆံ ၇၀၀၀ ပေးရတယ်။ ၀င်ပြီးရင် ပြန်ထွက်လို့ မရဘူး။ အရမ်း ဒုက္ခရောက်တာ။ အဲဒီထဲမှာပဲ တစ်နေကုန် နေရတယ်။
သူတို့ကတော့ စင်ကာပူက လာဗျူးတယ် ပြောတာပဲ။ ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ။ စင်ကာပူတရုပ် ဆိုပြီး ဗမာပြည်က သားသားနားနား တရုပ်တွေကို ဘောင်းဘီအကျအန၀တ်၊ ကုတ်တွေဘာတွေနဲ့ နက်ကတိုင် ဆွဲပေးလိုက်တာ လည်း ဖြစ်နိုင်တာပဲ လေ။ အင်တာဗျူးလာတဲ့ သူတွေဆိုတာ ထောင်နဲ့ချီ ရှိတယ်။ လူတစ်ယောက် ၇၀၀၀ နဲ့ တစ်နေ့ လူတစ်ထောင် တွက်ကြည့်လေ။ သူတို့ စီဒိုးနားမှာ အခန်းငှားခ ဘယ်လောက် ပေးရမှာလဲ။ ဒါတွေက နောက်မှ သိရတာ။ အဲဒီတုံးကတော့ စင်ကာပူ သွားချင်စိတ်က မွှန်နေတော့ ဘာတွေ ညာတွေ ဘယ်စဉ်းစားမှာလဲ။ ဆီဒိုးနား ဆိုလည်း သွား လိုက်။ ဆမ်းမစ် ပါ့ဗျူး ဆိုလည်း သွားလိုက်ပေါ့။ အဲဒီ အင်တာဗျူးတွေတင် လေးငါး ဆယ်ခုလောက် သွားလိုက်တယ်။ ဘာမှ မထူးပါဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။
အင်တာဗျူးခေါ်တာတော့ တချို့ကျတော့ သတင်းစာထဲက ခေါ်တယ်။ တစ်ခါတလေကျတော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ပါတယ်။ ၂၀၀၃ ခုနှစ်လောက်က ပေါ့။ အင်တာဗျူးတာက Nurse Aid အလုပ်အတွက် ဗျူးတာ။ ကိုယ်ကလည်း စင်ကာပူ ဗဟုသုတ ဘာမှမရှိတော့ မြန်မာပြည်က သွားတဲ့သူတွေ account တို့၊ admin တို့မှာ လုပ်လို့ ရမှန်း၊ S Pass ဆိုတာ ဘာမှန်း ဘာမှ မသိဘူးလေ။ စင်ကာပူ သွားရ ပြီးရော ဆိုပြီး ဘာနဲ့သွားရင် လွယ်မလဲ လို့ စုံစမ်းပြီး Nurse Aid ၆လ သင်တန်း တက်ထားလိုက်တယ်။ အဲဒါနဲ့ပဲ အင်တာဗျူးတွေ သွားတယ်။
အဲလို အင်တာဗျူးတွေ သွားနေရင်းကပဲ အေးဂျင့်တစ်ခုနဲ့ စပ်မိတယ်။ သူ့ယောက်ျားက စင်ကာပူမှာ PR တဲ့။ သူတို့က စင်ကာပူ သွားမလို့၊ သူတို့ မိသားစုနဲ့ လိုက်ခဲ့ပေါ့လို့ ပြောတယ်။စရံဆိုပြီး ပိုက်ဆံ ၃ သိန်း တောင်းလို့ ပေးလိုက်ရ တယ်။ အဲဒီလိုနဲ့ ဟိုနေ့သွားရမယ်၊ ဒီနေ့သွားရမယ်နဲ့ ဘာမှ အလုပ်မဖြစ်ဘူး။ ပိုက်ဆံ ပြန်တောင်းတော့ မပေးချင်ဘူး။ မနည်းပြန် တောင်းရတယ်။ ဒါတောင် အပြည့်ပြန်မရဘူး။ အလီလီခွဲပေးတာ နှစ်သိန်းခွဲလားပဲ ပြန်ရတယ်။
ဒါနဲ့ နောက် ဆေးရုံကို ဘီပိုး ကာကွယ်ဆေး သွားထိုးရင်းနဲ့ နာ့စ် ဆရာမ တစ်ယောက်နဲ့ ခင်သွားတယ်။ သူက သူ့အသိ တစ်ယောက်ရှိတယ် ဆိုပြီး ခေါ်သွားပေးလို့ နောက် အေးဂျင့်တစ်ယောက်ဆီ ရောက်ပြန်ရော။ လိပ်စာနဲ့ နာမည် တော့ ဖွင့်မပြောပြစေနဲ့။ မြို့ထဲမှာပဲ။ အောင်မယ်။ ရုံးခန်းနဲ့ ဘာနဲ့၊ အကျအနပဲ။ သူက သင်္ဘောသားတွေ ပို့တယ် လို့လည်း ကြားတယ်။
သူက အေးဂျင့်ခ နှစ်ဆယ့်ရှစ်သိန်း ပေးရမယ်။ သိပ်မကြာခင် သွားရမယ်။ ဟိုရောက်ရင် ကျောင်းလည်း တက်လို့ ရတယ်။ အလုပ်ကလည်း ဘာမှ မပင်ပန်းဘူး။ အဖိုးကြီး၊ အဖွားကြီးတွေ ကြည့်ရုံပဲ။ နောက်ပိုင်းကျ ကိုယ့်မိသားစု ခေါ်ချင် လည်း ခေါ်လို့ရတယ် တဲ့။ လခက တစ်လကို ၃၆၀ ကနေ ၄၀၀ ထိ ရမယ်။ နောက်ပြီး အားတဲ့အချိန်တွေ၊ အချိန်ပိုတွေမှာ အပြင်ကို အလုပ်ထွက်လုပ်ချင်လည်း ရတယ်ပေါ့။ အပြောကတော့ ကောင်းသလား မမေးနဲ့။ ဒါနဲ့ပဲ ကိုင်း သူနဲ့ လုပ်မယ် ပေါ့။ အင်တာဗျူးရှိတယ် ဆိုလို့ သူ့ရုံးခန်းမှာ သွားသွား စောင့်ရတယ်။ ဒီရက် အင်တာဗျူးရှိတယ် ဆို ခေါ်လိုက်။ သူဌေးက မအားလို့ ဆိုပြီး ပြန်လာရလိုက်။ ခဏခဏ ခေါ်တယ်။ နောက်ကျတော့ တစ်မျိုးဖြစ်ပြန်တယ်။ သူဌေးက အင်တာဗျူး မခေါ် တော့ဘူး။ ဒီအတိုင်းပဲ တန်းလာခဲ့လို့ ပြောတယ် တဲ့။ လုပ်ပြန်ရော။
အဲဒီမှာတင် ကျွန်မ သူတို့ကို သိပ်မယုံတော့ဘူး။ ဒါဖြင့် ကျွန်မကို ပါမစ်ပြပါ ဆိုတော့ တကယ်ဆို သူတို့ရုံးမှာ ဖက်စ် တို့၊ အင်တာနက် တို့ ရှိတာပဲ။ အင်တာနက်ကနေ ပရင့် ထုတ်ပေးလိုက် ပြီးတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကို အယုံသွင်း ချင်တော့ စင်ကာပူ သံရုံးကို ခေါ်သွားတယ်။ ကျွန်မတို့လည်း မသိတော့ အဲဒီ ပါမစ်ကို မကြည့်မိလိုက်ဘူး။ ကြည့်ရင်တော့ ဒါ maid ပါမစ် ဆိုတာ သိမှာပေါ့။ ကျွန်မတို့ လုပ်တာ နှစ်ယောက်။

မှတ်ချက်။ ။ သူပြောသည့် ပါမစ် ဆိုသည်မှာ IPA (In Principle Approval) ကို ခေါ်ခြင်း ဖြစ်ပါသည်။

သူက သံရုံးကနေ ပါမစ်ထုတ်ပြီး လေယာဉ်လက်မှတ် ၀ယ်ဘို့ ဒီပါမစ် လိုတယ်။ နင်တို့ ပတ်စ်ပို့ပေး ဆိုတော့ နှစ်ယောက်စလုံး ပတ်စ်ပို့ပေးလိုက်ရတယ်။ နောက်နေ့ကျတော့ လေယာဉ်က ပြည့်နေပြီ။ သူကတော့ အရင်လိုလို့ အရင်သွားနှင့် ဆိုပြီး ကျွန်မနဲ့ အတူတူ လုပ်တဲ့ တစ်ယောက်ကို တစ်ယောက်ထဲ ခွဲလွှတ်လိုက်တယ်။ ကျွန်မက နောက်မှ တစ်ယောက်ထဲ သွားရတာ။ အဲဒီလိုနဲ့ စင်ကာပူ သွားရရော ဆိုပါတော့။
လေဆိပ်ကို လိုက်ပို့တော့လည်း လေယာဉ် ထွက်ခါနီး တစ်နာရီလောက် အလိုကျမှ လာပို့တယ်။ အဲဒီတော့မှ ကျွန်မတို့ကို အလုပ်ခန့်တဲ့ ပါမစ်ကို မြင်ရတာ။ မြင်လိုက်တော့ ပါမစ်က အိမ်လိပ်စာကြီးနဲ့ ဆိုတော့ အဲဒီမှာ Nurse Aid ဆိုတာ ညာတာ။ တကယ်လုပ်ရမှာ maid ဆိုတာ သိလိုက်တယ်။ စင်ကာပူ သွားမယ် ဆိုတော့ နည်းနည်းပါးပါး လေ့လာ ထားလို့ အဲဒါလောက်တော့ သိသေးတာပေါ့။
ဒါပေမဲ့ အကုန်လုံးက လက်လွန်ကုန်ပြီ။ ပိုက်ဆံလည်း အကုန်ချေပြီးပြီ။ ခု လေယာဉ်ပေါ်တောင် တက်ရတော့ မယ် ဆိုတော့ ဘာမှ မတတ်နိုင်တော့ဘူး။ သူတို့က အပိုင်၊ တစ်ခါထည်း ချည်ပြီး တုပ်ပြီး လုပ်တာ။ ပိုက်ဆံက အေးဂျင့်ဖီး သီးသီးချည်းပဲ ၂၈ သိန်းပေးခဲ့ရတယ်။ လေယာဉ်လက်မှတ်ခလည်း ကိုယ့်ဟာကိုယ် ပေးရတယ်။ နောက်ပြီး စာရွက် စာတမ်း ဟိုဟာကြေး၊ ဒီဟာကြေးတွေနဲ့ စုစုပေါင်း ၃၅ သိန်းလောက် ကုန်တယ်။

၁၂၊၂။ အေးဂျင့်နှင့် အိမ်ရှင်များ အနိုင်ကျင့်တိုင်း ခံနေရသော စင်ကာပူ မှ မြန်မာ အိမ်ဖော်များဘဝ

နေ့ခင်း လေယာဉ်နဲ့ လိုက်လာတာ စင်ကာပူကို ညနေ ၆ နာရီလောက် ရောက်တယ်။ ရောက်ရောက်ချင်း လာမကြိုဘူး။ ည ၉ နာရီလောက်မှ လာတယ်။ အေးဂျင့်ဆီမှာ အလုပ်လုပ်တဲ့ ကောင်တစ်ယောက် လာကြိုတာ။ အဲဒီည အေးဂျင့်အိမ်မှာ အိပ်ရတယ်။ အဲဒီအိမ်မှာလည်း အင်ဒိုနီးရှားမတွေ၊ ဖိလစ်ပင်းမတွေ အများကြီးပဲ။ အယောက် ၂၀ လောက် ရှိတယ်။ သူတို့ရုံးခန်းက city hall နဲ့ သိပ်မဝေးဘူး။ Ruby Plaza မှာ။ Rangoon Road တို့၊ Mandalay Road တို့ရဲ့ ဟိုဘက် နည်းနည်း ဆက်သွားရတယ်။
အခန်းကလည်း ကျဉ်းကျဉ်းလေး။ အဲဒီမှာ နှစ်ထပ်ကုတင်လည်း ရှိတယ်။ စက္ကူပုံးတွေ ဆိုတာလည်း အများကြီး ပဲ။ ထပ်ထပ်ထားတာ။ ဘာပုံးတွေမှန်း ကို မသိဘူး။ သူတို့နဲ့ အဆင်ပြေတဲ့ သူတွေကျတော့ ကုတင်ပေါ်မှာ အိပ်ရတယ်။ ဒါပေမဲ့ အများစုကတော့ ကြမ်းပြင်ပေါ်မှာ အိပ်ရတာပဲ။ အိမ်က ကျဉ်းပါတယ် ဆိုမှ ခွေးတစ်ကောင်ပါ မွေးထားသေးတယ်။
အဲဒီမှာ တစ်ညအိပ်ပြီး နောက်နေ့ကျတော့ အိမ်ရှင်ဆီ တန်းပို့တယ်။ အိမ်က Jurong ဘက်မှာ။ Corporation Drive မှာ။ နှစ်ထပ်အိမ်။ အိမ်ရှင် အဖိုးကြီးက အသက် ၆၀ ကျော်။ သူ့မိန်းမက အသက် ၄၀ ကျော်။ အဲဒီ အတူနေတဲ့ မိန်းမ က မယားငယ်။ နှစ်အိမ်ကျော်မှာက မယားကြီး ရှိတယ်။ မယားကြီးအိမ်မှာက maid သုံးယောက် ရှိတယ်။ မြန်မာ အမျိုးသမီး တစ်ယောက်၊ ဖိလစ်ပိုင် တစ်ယောက်၊ အင်ဒိုနီးရှား တစ်ယောက်။ မယားကြီး အိမ်မှာက အိမ်ထောင်ကျနေတဲ့ သားကြီး တစ်ယောက်ရယ်၊ သားငယ် တစ်ယောက်ရယ်၊ အဲဒီ အဖိုးကြီးရဲ့ အမေရယ် စုနေကြတယ်။ အဖွားကြီးက ၉၀ ကျော်နေပြီ။
ဖိလစ်ပင်းမက သားအကြီးရဲ့ ကလေးတွေကို ကြည့်ရတယ်။ အင်ဒိုနီးရှားမက အိမ်သန့်ရှင်းရေး လုပ်ရတယ်။ ဗမာမ အစ်မကြီးက ချက်ရ ပြုတ်ရတယ်။ သူ့နာမည်က မသင်းသင်း တဲ့။ အဲဒီ မြန်မာမက မကောင်းပါဘူး။ တွန်းလိုက်၊ တိုက်လိုက်။ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့။
ကျွန်မမှာ လိုရင် သုံးဘို့လို့ ပိုက်ဆံ ၁၀၀ ယူသွားတယ်။ အိမ်ရှင်တွေ တွေ့ရင် သိမ်းမှာ စိုးလို့ ၀ှက်ထားတာပေါ့။ ဒါပေမဲ့ ရောက်ခါစ ဆိုတော့ သူက အလျင် ရောက်နှင့်နေတော့ အားကိုးတကြီးနဲ့ တိုင်ပင်တယ်။ ပိုက်ဆံပါလာတဲ့ အကြောင်း သူ့ကို ပြောပြတာပေါ့။ အဲဒီကတည်းက သူက အဲဒီ ပိုက်ဆံကို သူ့ကို အပ်ထားပါ ဆိုပြီး အတင်းတောင်းတယ်။ ရောက်ခါစ ဆိုတော့ ကျွန်မကလည်း ဘယ်သူ့မှ မယုံနိုင်ဘူး။ ပိုက်ဆံ ၁၀၀ ဆိုတာ ကိုယ့်အတွက် မနည်းဘူးလေ။ မယုံတော့ မပေးဘူးပေါ့။ သူတောင်းတဲ့ ပိုက်ဆံ မပေးတော့ ကျွန်မကို အမျိုးမျိုး ပြဿနာ ရှာတယ်။ အိမ်ရှင်မကို ထောင် ပေးတယ်။ မဟုတ်တန်းလျားတွေ ပြောတယ်။ တကယ် ကျွန်မကို ကူညီတာက အင်ဒိုနီးရှားမလေးက ကူညီတာ။
ရောက်ခါစက ကျွန်မမှာ ဖုံးဘယ်ရမလဲ။ ကျွန်မ အသိဆီ ဖုံးဆက်ချင်တော့ အဲဒီ အင်ဒိုမလေးက ကျွန်မကို သူ့ ဖုံး ပေးပြီး ဆက်ခိုင်းတယ်။
မသင်းသင်းက ထမင်းချက်ရတာ ဆိုတော့ ညနေ ၅ နာရီလောက်မှ ချက်ရတာ။ သူက ထမင်းချက်ရုံက လွဲလို့ ဘာမှ ကူမလုပ်ဘူး။ ကျန်တဲ့ အချိန် သူ့အခန်းထဲ သူဝင်အိပ်နေတာ။ အဲဒီတော့ အိမ်ရှင်တွေက သဘောမကျဘူး။
ကျွန်မ ရောက်ရောက်ချင်းပဲ၊ ကျွန်မ လုပ်ရမဲ့ အိမ်က ဖိလစ်ပင်း အိမ်ဖော်မကို အေးဂျင့်က ပြန်ခေါ်သွားတာ တွေ့လိုက်တယ်။ ကျွန်မလုပ်တဲ့ အိမ်မှာက ကျွန်မ တစ်ယောက်ထဲ။ ထမင်းစားတဲ့ အချိန်ကျတော့ ဟိုဘက်အိမ် သွားစားရတယ်။ အဲဒီ မသင်းသင်းချက်တဲ့ ထမင်း စားရတာပေါ့။

မနက် ၅ နာရီ ဆိုရင် ကိုယ့်ဝေယျာဝစ္စ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ရေမိုးချိုး၊ သနပ်ခါးလိမ်း၊ အိမ်သာတက် တာ အားလုံး ပြီးအောင် လုပ်ထားရတယ်။ ပြီးပြီ ဆိုရင် သူတို့ လင်မယားနေတဲ့ အခန်းက အိမ်သာရယ်၊ ကောင်မလေး နေတဲ့အခန်းက အိမ်သာရယ်၊ အောက်ထပ်မှာရှိတဲ့ ဘုံသုံး အိမ်သာရယ်၊ နောက်ထပ် အခန်းပို တစ်ခု ရှိသေးတယ်။ အဲဒီ အခန်းက အိမ်သာရယ်၊ စုစုပေါင်း အိမ်သာလေးလုံး နေ့တိုင်းဆေးရတယ်။
ဆိုးတာက အဖိုးကြီးက ဆေးလိပ်သောက်တယ်။ နောက်ပြီး ဆေးလိပ်တိုတွေကို အိမ်သာထဲ လွှင့်ပစ်ပြီး အဲဒီ ဆေးလိပ်တိုတွေကို လက်နဲ့ ကောက်ခိုင်းတယ်။ အိမ်သာတွေ သန့်ရှင်းရေး လုပ်ပြီးပြီ ဆိုရင် တစ်အိမ်လုံးကို ကြမ်းတိုက်ရ တယ်။ အဲဒီ သန့်ရှင်းရေးလုပ်တယ် ဆိုတာ ကိုယ့်အိမ်မှာသာ ယော်ကာ မယ်ကာ နည်းနည်းပါးပါး လုပ်တာ။ သူတို့ အိမ်မှာ သန့်ရှင်းရေးလုပ်ရတာ မနက် ၅ နာရီကတည်းက ထ လုပ်လိုက်ရတာ နေ့လည် ၂ ချက်တီးမှ ပြီးတယ်။
ဘယ်လိုလုပ်ရသလဲ ဆိုတော့ ကြွေပြားခင်းထားတဲ့ ကြမ်းပြင်မှာ ကြွေပြားတွေ ကြားထဲက ဂျီး(ချေး) တွေကို သွားပွတ်တံနဲ့ ပြောင်နေအောင် လိုက်တိုက်ရတယ်။
အဖိုးကြီးက နည်းနည်း ဆိုးတယ်။ ဘာလို့လည်း ဆိုတော့ သူက မယားနှစ်ယောက် ယူထားပြီး နှာဘူးကျတယ်။ အိမ်ဖော်ကောင်မလေးတွေကို တို့ကနန်း ဆိတ်ကနန်း ရိသဲ့သဲ့ လုပ်ချင်တယ်။ ကျွန်မကို ပေးထားတဲ့ အခန်းက မှန်တွေ ကာထားတယ်။ ညကျ ကျွန်မက မှန်တွေကို အားလုံး ပိတ်ထားတယ်။ ကြောက်တော့ ကိုယ်နေတဲ့ အခန်းကို သော့ခတ်ပြီးမှ အိပ်တယ်။ တံခါးဝမှာလည်း ကျွန်မပါလာတဲ့ Luggage ကြီးကို အရံအတားအဖြစ် ချထားတယ်။ အဖိုးကြီးက ညဘက် ကျွန်မအိပ်တဲ့ အချိန် အဲဒီမှန်ကို လာလာ ဖွင့်ကြည့်တယ်။ သူက တော်တော်နဲ့ အိပ်တာ မဟုတ်ဘူး။ နောက်ပြီး မအိုက် ဘူးလား၊ မှန်တွေ ဖွင့်ထား ဘာညာ နဲ့ ပြောသေးတယ်။
အရင် ဒီမှာ လုပ်သွားတဲ့ ဖားမက အဖိုးကြီးနဲ့ အရမ်းရောတယ် တဲ့။ အဖိုးကြီးနဲ့ ရှုပ်ရှုပ်ရှက်ရှက် ဆိုတော့ အိမ်ရှင်မ က မကြိုက်လို့ အေးဂျင့်ဆီ ပြန်ပို့လိုက်တာ။
အဲဒီလို အဖိုးကြီးက ကျွန်မကို ရောလို့မရတော့ သန့်ရှင်းရေးလုပ်တဲ့ အခါ အရမ်း ကဂျီကဂျောင် ကျတယ်။ သူက နေ့ခင်း ၁၂ နာရီလောက်မှ အိပ်ယာက ထလာပြီး တစ်ရှူးကို ဖြဲ၊ နောက် ကြမ်းကို သုတ်ကြည့်တယ်။ ကိုယ်က အစောကြီး ကတည်းက ကြမ်းတွေကို တိုက်ထားတာ။ သူ့သမီးက ကျောင်းသွားဘို့ လုပ်ရင်းဟိုသွား ဒီသွား၊ သွားလာထားတာ ဆိုတော့ နည်းနည်းပါးပါးတော့ ညစ်ပတ်မှာပေါ့။ အဲဒါ တစ်ရှူးနဲ့ သုတ်ကြည့်လို့ ညစ်နေတာ တွေ့ရင် ဆဲဆို၊ ရိုက်ပုတ် လုပ်တာ။
ပိုဆိုးတာက သူ့ကလေး။ အသက်က ၇ နှစ်ရှိပြီ။ ဟိုဘက် မယားကြီးအိမ်မှာကျတော့ ကလေးတွေက များ၊ သူ့မိသားစုနဲ့ သူ ဆိုတော့ နွေးနွေးထွေးထွေး ရှိတာပေါ့။ ဒီက မယားငယ်ရဲ့ သမီးဆိုတော့ မျက်နှာငယ်ရ။ ဂရုစိုက်တာ မခံရ ဆိုတော့ psycho ၀င်နေတယ်။ ပေါက်တတ်ကရတွေ လျှောက်လုပ်တယ်။ အ၀တ်လျှောက်တဲ့ ဇလုံကြီးထဲ ၀င်ထိုင်ပြီး ဇလုံလိုက် သူ့ကို အပေါ်ထပ် ချီတင်ခိုင်းတယ်။ အရမ်းပူနေတဲ့ မီးပူနဲ့ လာကပ်တယ်။ ရေနွေးပူနဲ့ ပက်တာ မကြာခဏ။ နောက်ပြီး အ၀တ်လှန်းတဲ့ တုတ်က အချွန်နဲ့ လာပြီး ထိုးတယ်။ အရမ်းနှိပ်စက်တယ်။
အဲဒီကိစ္စတွေ စိတ်ညစ်တော့ ကျွန်မ မသင်းသင်းကို ပြောပြတယ်။ ပြောတော့ သူက အိမ်ရှင် မိန်းမကို သွားပြီး အတို့အထောင်လုပ်တယ်။ အရမ်း complain တက်တယ်ပေါ့။ ကျွန်မကလည်း ရောက်ခါစ ဆိုတော့ complain တက်တယ် ဆိုတာ ဘာမှန်းသိတာ မဟုတ်ဘူး။
အဲဒီလိုနေရင်းနဲ့ ပိုပို ဆိုးလာတယ်။ တစ်နေ့ကျတော့ ဓါတ်ဘူးထဲ ရေနွေးထည့်နေတုံး ရေနွေးကရားကို အတင်း တွန်းလိုက်တော့ လက်မှာ ရေနွေးပူ လောင်သွားတာ အနာကြီးကို အကြီးကြီးပဲ။ ကျွန်မလည်း မခံနိုင်လို့ သူ့အဖေနဲ့ အမေရှေ့မှာ နင်တို့ သမီးလုပ်တာသိပ်လွန်လွန်းလို့ ပြောတာ။ ဒီမှာကြည့် ဆိုပြီး အနာကြီးပြတယ်။ အိမ်ရှင်မိန်းမက ဆေးတစ်ဗူးထုတ်ပေးပြီး အဲဒါ လိမ်းတဲ့။
အစ်မတစ်ယောက်ရဲ့ အမျိုးသား၊ အသိ အစ်ကိုကြီး တစ်ယောက်က စင်ကာပူက LTA မှာလုပ်နေတာ။ လေဆိပ် မှာတုံးက ကျွန်မလုပ်ရမဲ့ အိမ်လိပ်စာ သူ့ကို ပြောခဲ့တယ်။ အရင်က အဲဒီအစ်ကိုကြီး လာပြီး ဟိုဘက်အိမ် ထမင်းစားဘို့ အသွားမှာ ဖုံးလေး လာပေးထာတာ ရှိတယ်။ အဲဒီ ဖုံးလေးနဲ့ သူ့ဆီဆက်ပြီး အကျိုးအကြောင်းပြောပြတော့ သူက ဒါဆို အေးဂျင့်ဆီ ပြန်ပို့၊ ရဲတိုင်မယ် လို့ပြောလို့ ပြောတယ်။
အဲသလို ပြောရုံရှိသေး။ နောက်နေ့ကျတော့ အေးဂျင့်က လာပြန်ခေါ်တယ်။ နင့်ကို အိမ်ရှင်က မကြိုက်တော့ဘူး ပြောတယ်။ ပြန်လိုက်ခဲ့ပေါ့။ ကိုယ်ကလည်း မသိတော့ မကြိုက်နေပေါ့။ ပိုတောင်ကောင်းသေး။ မကြိုက်ရင် နောက် တစ်အိမ် ပြောင်းမယ်။ ဒီလို ခပ်ပေါ့ပေါ့ တွက်တာကိုး။ ဒါပေမဲ့ သူတို့က ဘယ်လိုလုပ်လဲ ဆိုတော့ အလုပ်ပြောင်းဘို့ကို လက်မှတ် မထိုးပေးဘူး။ အဲဒီလိုနဲ့ အေးဂျင့်ဆီ ပြန်ရောက်သွားပြန်ရော။ နောက်တစ်အိမ် ထပ်ရှာတယ်။ ဟို အစ်ကိုကြီးက အရမ်းစိတ်ဆိုးတာပေါ့။ ဒီလောက် ဒါဏ်ရာကြီး ဖြစ်နေတဲ့ဟာကို။ သူက ရဲနဲ့တိုင်မယ် တဲ့။ ဒါပေမဲ့ ကျွန်မ ကျတော့ ရဲအမှုတွေ ဘာတွေဖြစ်လာရင် အလုပ်ဆက်လုပ်လို့ မရမှာ စိုးတာနဲ့ တိုင်မနေပါနဲ့တော့ လို့ ပြောလိုက်တယ်။

အင်မတန် ကောင်းတဲ့သူငယ်ချင်း အကြောင်းလည်း ပြောရဦးမယ်။ နာမည်တော့ ထားလိုက်ပါတော့။ ရန်ကုန်မှာ တုံးက သူလိုတာ ကျွန်မ အကုန်ကူညီခဲ့တယ်။ ပိုက်ဆံလိုရင်လည်း ထုတ်ချေးပေးလိုက်တာပဲ။ အဲဒါ သူက ဒီမှာ S Pass နဲ့ လုပ်နေတာ အဆင်ပြေနေတယ်။ အဲဒါ နင် င့ါကို S pass ရအောင် ဘယ်လို လျှောက်ရသလဲ ပြောပြပါဟယ်။ အလုပ် ကလေး ဘာလေးရှိရင်လည်း ကူညီပါပေါ့ ဆိုတော့ သူက နင်ကတောင် ငါ့ထက် ပိုကောင်းပါသေးတယ် ဟယ်၊ ငါ့ ယောက်ျားကလည်း အဲဒီလို ရှုပ်ရှုပ်ရှက်ရှက် တွေ မကြိုက်ဘူး တဲ့။ အင်မတန် ကူညီဘို့၊ အားကိုးဘို့ ကောင်းတယ်။ သူ ဒုက္ခရောက်နေတုံးက ကိုယ်ကူညီခဲ့တာ နည်းနည်းလေးမှ သတိရဖော် မရဘူး။ ထားလိုက်ပါတော့။ အကြောင်းသိရ တာပေါ့။ မကြိုက်လည်း နောက် မဆက်သွယ်နဲ့ပေါ့။ ဒါပဲရှိတာပဲ။
လူတွေဆိုတာ ဒုက္ခရောက်နေတုံးသာ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့။ သူ အဆင်ပြေလို့ ကိုယ့်ကို ကူညီရမဲ့ အလှည့်ကျ မသိချင်ယောင် ဆောင်နေတတ်ကြတာ။ ဘယ်သူ့မှ ယုံကိုးလို့၊ ကူညီဘို့ မကောင်းဘူး။ ကိုယ့်အားကိုယ် ကိုးပဲ။

No comments: