Saturday, August 29, 2009

Bitter Life VII

(၇)

မောင်ရွှေအောင်

အမည် - မောင်ရွှေအောင်
အသက် - ၃၄
ပညာအရည်အချင်း - A.G.T.I (Mechanical Power)
လက်ရှိအလုပ်အကိုင် - Office Assistant
တစ်လ ၀င်ငွေ - စင်ကာပူဒေါ်လာ 450

“ထွက်လာတာချင်း အတူတူ၊ ပညာအရည်အချင်း အတူတူ ပေမဲ့၊ ကျွန်တော် ဒီလိုနေရာရောက်ပြီး ဒီလို ဖြစ်နေတာ ကျွန်တော့် အနေနဲ့ ကံလို့ပဲ သဘောထားပါတယ်။ သူငယ်ချင်းတွေ အပေါ် မနာလို တိုရှည် မဖြစ်ပါဘူး။ ဒီကိစ္စ မျိုးက ကျွန်တော်တို့ လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကိုယ်ကျတဲ့နေရာမှာပဲ ကောင်းအောင်၊ ပျော်အောင် နေရမှာပေါ့” ဟု ကိုရွှေအောင်က သူ့လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူ့ခံယူချက်ကို ပြောပြပါသည်။
ဤသည်ကို ယောနိသော မနသိကာရ ဟု ခေါ်မည် ထင်ပါသည်။ ကိုရွှေအောင်သာ ဤကဲ့သို့ နှလုံးမသွင်းဘဲ ကိုယ့်ထက်သာသူများကို မနာလို၊ မရှုစိမ့် ဖြစ်နေမည်ဆိုလျှင် အလကားနေရင်း အကုသိုလ် တိုးနေမည် ဖြစ်ပါသည်။ မိမိ ဘယ်နေရာမှာ လုပ်ရမည် ဆိုသည်ကို ကာယကံရှင် မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်သည် မဟုတ်ဘဲ ကုမ္ပဏီ အုပ်ချုပ်ရေး ပိုင်းမှ ဆုံးဖြတ်ရာ ကိုယ်က ကိုယ်ကျရာနေရာတွင် အကောင်းဆုံးဖြစ်အောင် လုပ်ပြရန်သာ ဖြစ်ပါသည်။
ကိုရွှေအောင် ဖြတ်သန်းခဲ့ရသော ဘ၀ကို လေ့လာကြည့်ကြပါစို့။

၇၊ ၁။ နိုင်ငံခြားထွက်ရန် ကြိုးစားခြင်း

စင်ကာပူ ထွက်မလာခင် ကျွန်တော် မလေးရှားကို အလျင် သွားခဲ့သေးတယ်။ မလေးရှားမှာ ၂၀၀၄ ကနေ ၂၀၀၇ ထိ သုံးနှစ် ကြာခဲ့တယ်။ ကျွန်တော် မလေးရှားမသွားခင် ရွှေတောင် ဆက်သွယ်ရေးမှာ လုပ်ခဲ့တယ်။ ဘာလုပ်ရလဲ ဆိုတော့ လမ်းဘေးမှာ ထီးလေးတွေနဲ့ ထိုင်တဲ့ အများပြည်သူသုံး ပီစီအို ဖုံးလေးတွေမှာ ထိုင်ရတယ်။ ထိုင်တော့ ရွှေတောင်ကနေ မလေးရှား သွားပြီး အလုပ်လုပ်နေတဲ့ သူတွေက သူတို့အိမ်တွေကို ဖုံးခေါ်တော့ ကျွန်တော်က ခေါ်ခေါ် ပေးရတယ်။ သူတို့ မိဘမောင်ဘွား၊ ဆွေမျိုးသားချင်း၊ ဇနီး သားသမီး စသဖြင့်ပေါ့။ တစ်လကို သုံးလေးယောက်လောက် ခေါ်ပေးရတယ်။
သူတို့က လတိုင်းခေါ်တော့ ကျွန်တော်နဲ့ ဖုံးထဲမှာ ရင်းနှီးနေပြီ။ သူတို့က သူတို့အိမ်ကို ခေါ်ခိုင်းရင် ကျွန်တော်နဲ့ စတွေ့တော့ သူတို့ အကြောင်းလေးတွေ မေးကြည့်တယ်ပေါ့။ ဟာ - ညီလေး၊ မင်းတို့ မလေးရှားမှာ လုပ်ရတာ အဆင်ပြေရဲ့ လား။ လခ ဘယ်လောက်ရလဲ။ ဘာတွေ လုပ်တတ်ရမလဲ စသဖြင့်ပေါ့။ သူတို့နဲ့ စကားပြောကြည့်တော့ သူတို့ မလေးရှား မှာ လုပ်ရတာ တော်တော် အဆင်ပြေကြောင်း သိရသလို တစ်လကို ပိုက်ဆံ ၂ သိန်းတန်သည် ၃ သိန်းတန်သည် အိမ်ပြန် ပို့နိုင်ကြောင်းလည်း သိလာရတယ်။ ဒီမှာတင် ကျွန်တော်လည်း မလေးရှားပိုး ထ လာတော့တာပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာ ကျွန်တော်လုပ်တာ စားပြီးသောက်ပြီး တစ်သိန်းတောင် မစုမိဘူး။ ဟို သွားလုပ်ရင် အိမ်ကို တစ်လ အနည်းဆုံး ၂ သိန်းတော့ ပြန်ပို့နိုင်မှာကိုး။ ဒီမှာတင် ကျွန်တော် မလေးရှား သွားမယ်လို့ စပြင်တယ်။
အဲဒီမှာ လုပ်ရင်း တစ်နှစ်ခွဲလောက် ကျွန်တော် ပိုက်ဆံစုတယ်။ နောက်ပြီး သူတို့သွားတဲ့ အေးဂျင့်လိပ်စာတွေ၊ သွားပုံသွားနည်း လမ်းကြောင်းလေးတွေလည်း မေးထားတယ်။ နောက်တော့ ကျွန်တော် ရန်ကုန်တက်ပြီး ခုန အေးဂျင့်တွေ လိုက်စုံစမ်းတယ်။ ဘယ်အေးဂျင့်ကဖြင့် အခြေအနေ ပိုကောင်းနိုင်မလဲ ပေါ့။ တပြိုင်နက်ထဲမှာပဲ ပတ်စ်ပို့ လုပ်တယ်။
ကျွန်တော်က တစ်ဖက်က ၀န်ထမ်းလုပ်နေသေးတော့ ရန်ကုန်ကို မကြာခဏ မဆင်းနိုင်ဘူး။ ဒီတော့ ပတ်စ်ပို့ လုပ်တာ အေးဂျင့်ကိုပဲ အပ်လိုက်တယ်။ ကိုယ်က လိုတဲ့ ဓါတ်ပုံနဲ့ စာရွက်စာတမ်းတွေ ပေးလိုက်ပြီး ကျန်တာ သူတို့ အပြီး အစီး လုပ်ပေးတယ်။ စုစုပေါင်း တစ်သိန်းနှစ်သောင်း ပေးရတယ်။ ပတ်စ်ပို့ ရပြီလို့ အကြောင်းကြားတော့မှ ကိုယ်တိုင် သွားထုတ်လိုက်တယ်။ နောက် ကျွန်တော် အေးဂျင့်တစ်ခုမှာ အလုပ်အပ်လိုက်တယ်။ အဲဒီ အေးဂျင့်က သူငယ်ချင်းတွေ စုထောင်ထားတဲ့ အေးဂျင့်။
သူတို့က ကျွန်တော့်ကို သင်တန်းတက်ခိုင်းတယ်။ သင်တန်းကြေးတော့ မယူဘူး။ ဒါပေမယ်လို့ အေးဂျင့်ဖီးထဲမှာ ပေါင်းတင်ထားတယ်။ အေးဂျင့်ဖီးက သိပ်တောင်မမှတ်မိတော့ဘူး။ ရှစ်သိန်းခွဲ ထင်တယ်။ ကျတယ်။ သိပ်မကြာပါဘူး။ အင်တာဗျူး သွားရတယ်။ Technician ရာထူးနဲ့။ မီးရထားဟော်တယ်ကြီးမှာ ဗျူးရတယ်။ ကျွန်တော်ကတော့ အင်တာဗျူး ၀င်ဘို့လို့ စရံတွေ ဘာတွေ ပေးစရာမလိုဘူး။ တချို့တော့လည်း ပေးရတယ်။ ကျွန်တော့်မှာ တစ်ခုသာကွက် ရှိတာက ကျွန်တော်က မလေးရှားနဲ့ အမြဲ အဆက်အသွယ် ရှိနေတော့ အေးဂျင့်ဖီး ဘယ်လောက် ပေါက်ဈေး ရှိသလဲ ဆိုတာ သိနေတယ်။ ဒီတော့ သူတို့ပြောချင်တိုင်း ပြောလို့မရဘူး။
နယ်ကလာတဲ့သူတွေ ကျတော့ သူတို့က camp သဘောမျိုး နေစရာ လုပ်ပေးထားတယ်။ အဲဒီအတွက်တော့ သူတို့ ပိုက်ဆံပေးရတာပေါ့။ ကျွန်တော်က ၀န်ထမ်းဆိုတော့ ရန်ကုန်မှာ အမြဲမနေနိုင်ဘူး။ ဒီတော့ သူတို့ကို မှာထားရ တယ်။ အင်တာဗျူးရှိရင် ကျွန်တော့်ကို ဖုံးဆက်ပေးပါ ပေါ့။ အင်တာဗျူးရှိမှ ရန်ကုန်ဆင်းသွား။ အမျိုးတွေဆီမှာ တည်းပြီး အင်တာဗျူးတာ ပေါ့။ နောက်ပြီး အင်္ဂလိပ်စကားပြော ရအောင်လို့ အင်္ဂလိပ်စာ သင်တန်း၊ မလေးစကားပြော သင်တန်း တွေလည်း ပေးတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်တွေလည်း တက်ခိုင်းတယ်။
ဒါပေမဲ့ ကျွန်တော်က နယ်က ခဏ လာတာဆိုတော့ အဲဒီ့သင်တန်းတွေ မတက်နိုင်ဘူး။ အင်တာဗျူးကာနီး သုံးလေးရက်လောက် ကြိုလာ၊ သူတို့ပြောတာ ဆိုတာတွေ နားထောင်၊ မှတ်သား။ အင်တာဗျူး နှစ်ခုပဲ ၀င်ရတယ်။ ဒုတိယ အင်တာဗျူးမှာ ပါတာပဲ။ ဒီလိုနဲ့ပဲ မလေးရှား သွားဖြစ်ရော ဆိုပါတော့။ ကျွန်တော်တို့ စုစုပေါင်း သုံးယောက် သွားရမယ်။
စထွက်တဲ့ နေ့ကျတော့ သူတို့ လေဆိပ်ကို လိုက်ပို့ပေးတယ်။ ကျွန်တော်ထင်တာက မလေးရှားရောက်ရင် လာကြိုတဲ့သူက ကျွန်တော်တို့ နာမည်တွေကို စက္ကူပေါ်မှာရေးပြီး ဆိုင်းဘုတ်လေးတွေ ထောင်ထား။ ကျွန်တော်တို့က ကိုယ့်နာမည် ပါတဲ့ဆိုင်းဘုတ်ပိုင်ရှင် လိုက်ရွေးပြီး သူ့နောက် အသာလိုက်သွားရုံပဲ၊ ဒီလို ထင်တာကိုး။ မလေးရှား လေဆိပ် ရောက်တော့မှ ကိုယ်ထင်တာနဲ့ တလွဲစီ ဆိုတာ သိရတော့တယ်။
မလေးရှားလေဆိပ်ရောက်တော့ လာကြိုတဲ့သူ မရှိဘူး။ ကျွန်တော်တို့လည်း ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘဲ ယောင်ယောင် ယောင်ယောင်နဲ့။ နောက်တော့ အဲဒီလေဆိပ်ထဲက လူတွေစုနေတဲ့နေရာ သွားကြတယ်။ အဲဒီမှာ မလေး တရုပ်တွေ၊ မလေးလူမျိုးတွေ၊ ကုလားတွေ သူတို့လူတွေကို လာလာခေါ်တာ တွေ့ရတယ်။
ခေါ်ပုံက သူတို့လူတွေရဲ့ နာမည်တွေ ရေးထားတဲ့ စာရွက်ကလေး တစ်ရွက်ကိုင်လာပြီး ကျွန်တော်တို့ စုစု စုစု လုပ်နေတဲ့ နေရာ လာဖတ်ပြတယ်။ သူတို့ဖတ်ပြတဲ့ အသံကို မနည်းနားထောင်ယူရတယ်။ အဲဒါနဲ့ တစ်သုတ်ပြီး တစ်သုတ် ခေါ်သွားလိုက်တာ ညအထိ ကျွန်တော်တို့ကို ခေါ်မဲ့လူ မလာသေးဘူး။ အစတုံးကတော့ မလေးရှားလေဆိပ်ရောက်တာနဲ့ ကြိုမဲ့လူလာ၊ သူနဲ့တည်းမဲ့နေရာ လိုက်သွား။ ကိုယ်အလုပ်လုပ်မဲ့ ကုမ္ပဏီ တစ်ခါထည်း လိုက်ပို့၊ ဒီလို ထင်ထားတာကိုး။
ဒီတော့ ပစ္စည်းမှန်သမျှ အားလုံး Luggage ထဲ ထည့်ထားတယ်။ Hand carry ထဲမှာ ဘာမှ သိပ်များများ စားစား မထည့်ထားဘူး။ အရေးကြီးတဲ့ စာရွက်စာတမ်းနဲ့ ပတ်စ်ပို့၊ ပိုက်ဆံ ဒါလောက်ပဲ ထည့်ယူလာခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ မှာ လဲစရာလည်း အ၀တ်မရှိ။ စားစရာလည်း ဘာမှ မရှိ။ နောက်ပြီး အဲဒီနေရာမှာက အစားအသောက် ရောင်းတဲ့ဆိုင် လည်း မရှိဘူး။
ဗမာပြည်က အေးဂျင့်ဆီကနေ ဒီက အေးဂျင့်လိပ်စာရယ် ဖုံးနံပတ်ရယ် တောင်းယူလာခဲ့တော့ ကျွန်တော် သူ့ဆီ ဖုံးဆက်တယ်။ ငါတို့ လေယာဉ်ကွင်းရောက်နေပြီ။ မင်းလာခေါ်မလားလို့ စောင့်နေတာ စသဖြင့်ပေါ့။ ဒီတော့ သူက သိပ်များများစားစား မပြောဘူး။ လာခေါ်မယ် စောင့်နေ၊ ဒါလောက်ပဲ။ ဒီတော့ ကျွန်တော်တို့လည်း စောင့်နေရတာပေါ့။ သူနဲ့ ဖုံးအဆက်အသွယ်ရပြီ ဆိုတော့ နည်းနည်းတော့ စိတ်အေးသွားတယ်။
အဲလိုနဲ့ ည ၁၀ နာရီလောက် ရောက်တော့ တရုပ် တစ်ယောက် ရောက်လာပြီး ထုံးစံအတိုင်း နာမည်တွေ ဖတ်ပြတယ်။ သေသေချာချာ နားထောင်လိုက်တော့ ကျွန်တော်တို့ နာမည်တွေဖြစ်နေတော့ အားလုံးပဲ တော်တော် ၀မ်းသာသွားကြတယ်။ ဒါပေမဲ့ ဒီကောင် ကျွန်တော်တို့ကို ကြည့်တာက မတူသလို၊ မတန်သလို၊ သူတို့ဆီမှာ အလုပ်လာ လုပ်တဲ့ အလုပ်သမားတွေ ဆိုပြီး အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တာ။ ဒီကောင့်အကြည့်ကို ကျွန်တော် မကြိုက်ဘူး။
ဒီကောင်တွေကလည်း ကျွန်တော်တို့ ဘာမှ မစားရသေးဘူး ဆိုတာ သိနေတယ်။ သူက ဂေါ်ဖီကို ခပ်ကြမ်းကြမ်း ကြော်ထားတာရယ်၊ ကြက်ဥ ဟပ်ဖရိုင် ကြော်ထားတာရယ် ရောထည့်ထားတဲ့ ထမင်းထုပ်တွေ ယူလာတယ်။ ကျွန်တော် တို့ကလည်း တော်တော် ဆာနေပြီဆိုတော့ အကုန်တီးလိုက်ကြတယ်။ ဆာနေတာ ဆိုတော့ စားလို့ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ခေါ်ထုတ်မသွားသေးဘူး။ ကုမ္ပဏီကနေ နက်ဖြန် လာခေါ်လိမ့်မယ် ဆိုပြီး ပြန်သွားတယ်။ ဘာပဲဖြစ်ဖြစ် ထမင်းလေးဝင်သွားတော့ ကျွန်တော်တို့လည်း ရင်ပူတာ တော်တော် သက်သာသွားပြီး အိပ်လိုက် ကြတယ်။
ဒီမှာ တစ်ခု သိထားဘို့က မလေးရှားကို သွားရင် သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့တွေမှာသာ သွားခဲ့ရင် သေချာ ပေါက် လေဆိပ်မှာ ညအိပ်ရလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ သူတို့က စနေ၊ တနင်္ဂနွေ အလုပ်မလုပ်တော့ သူတို့ အလုပ် သမားတွေကို ရုံးပိတ်ရက်မှာ လာထုတ်လေ့ မရှိဘူး။ တနင်္လာနေ့ကျမှ လာထုတ်တယ်။ ဒီတော့ ကောင်းတာက တနင်္လာ၊ အင်္ဂါ စတဲ့ ရုံးဖွင့်ရက်တွေမှာ လာသင့်တယ်။ အဲဒါဆို ကုမ္ပဏီက ချက်ခြင်းလာထုတ်တော့ လေဆိပ်ထဲမှာ နေရတဲ့ ဒုက္ခ သက်သာမယ်။
ဒါမှမဟုတ်လို့ စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားဘို့ကြုံလာပြီဆိုရင် အ၀တ်အထည်၊ သွားတိုက်တံ၊ သွားတိုက်ဆေး နဲ့ စားစရာတွေကို ကိုယ်နဲ့မကွာ ယူသွားပါ လို့ မှာချင်တယ်။ ရေကတော့ အိမ်သာထဲက လက်ဆေးကန် ရေခေါင်းမှာဘဲ လက်ခုပ်နဲ့ ခံသောက်လိုက်တာပေါ့။
မနက်ကျတော့ သန့်ရှင်းရေး လာလုပ်တဲ့ ကောင်လေးက ပေါက်စီတို့၊ ရိုတီ တို့ ကြွပ်ကြွပ်အိပ် ကလေးတွေနဲ့ ၀ှက်ယူလာပြီး ခိုးရောင်းတော့ ကျွန်တော်တို့ ၀ယ်စားကြတယ်။ ကျွန်တော့်မှာ လိုရမယ်ရ သုံးရအောင် ဗမာပြည်ကတဲက ပိုက်ဆံ ၅၀ လောက်ရယ်၊ မလေးရှားရင်းဂစ် နည်းနည်းပါးပါးရယ် ထည့်ယူလာခဲ့တယ်။
အဲဒီ အထဲမှာဘဲ ရောက်နေတာ တစ်ပတ်လောက် ရှိနေပြီ ဖြစ်တဲ့ ဗမာတွေလည်း တွေ့ခဲ့ရသေးတယ်။ သူတို့ လည်း လာမခေါ်သေးလို့ စောင့်နေရတာ။ ဒီလိုကြုံသလို တည့်သလို စခန်းသွားနေကြရတယ်။
နောက်နေ့ ၁၁ နာရီလောက်ရောက်တော့ ကျွန်တော်တို့ကို လာခေါ်တယ်။ မနေ့က တရုပ် မဟုတ်တော့ဘူး။ ကုမ္ပဏီက လာခေါ်တာ။ သူတို့က ကျွန်တော်တို့နေရမဲ့ နေရာ လိုက်ပို့တယ်။ အဲဒီမှာ ကျွန်တော်တို့ အရင် ရောက်နေတဲ့ နောင်တော်ကြီးတွေ တွေ့ရတယ်။ သူတို့ပြောစကား အရတော့ သိပ် ဟန်မကျဘူးဗျို့။ သူတို့ တစ်လကို တစ်သိန်း၊ အင်မတန် ချိုးခြံ၊ ချွေတာပြီး ပို့ပါမှ တစ်သိန်းခွဲ လောက်ပဲ ပို့နိုင်တယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးစရာလမ်း မရှိတော့ဘူး။ ဒီလိုပဲ လုပ်ရမှာပဲ။ အရင်းကြေအောင် အနည်းဆုံး ၈ လ၊ တစ်နှစ်လောက်တော့ ပြန်ဆပ်ရလိမ့်မယ် လို့ တွေးလိုက်တယ်။

၇၊ ၂။ မလေးရှား အတွေ့အကြုံများ

အခြေခံလစာက မလေးရှားရင်းဂစ် ၆၅၀။ သူတို့ကတော့ အိုဗာတိုင် ရှိတယ်လို့ ပြောတာပဲ။ ဒီရောက်တော့ အိုဗာ တိုင်က ပုံသေမရှိဘူး။ အတူတူ လာတဲ့သူချင်းတောင် ရတဲ့သူပဲ ရတယ်။ မရတဲ့သူ မရဘူး။
လုပ်ရတာက Waster Water Treatment။ စက်ရုံက ထုတ်တဲ့ leaf frame တွေကို chemical တွေနဲ့ ဆေး တယ်။ အဲဒီဆေးပြီးသား ဓါတ်ဆေးရည်တွေကို စွန့်ပစ်လို့ရအောင် လုပ်ရတာ။ အဲဒီဆေးရည်တွေကို chemical တွေနဲ့ပဲ ပြန်ပြီး ဓါတ်ပြုပြီး ရေဖြစ်အောင် လုပ်ရတာ။ ရေဖြစ်တော့မှ မြောင်းထဲကို ဖောက်ထုတ်လိုက်တယ်။ များသောအားဖြင့် စက်နဲ့ လုပ်ရတာပါ။ တစ်ခါတစ်လေလဲ လက်နဲ့ လုပ်ရတာပေါ့။ မျက်နှာဖုံးစွပ်တို့၊ လက်အိတ်တို့တော့ ပေးထားပါတယ်။ ဒါပေမဲ့ chemical allowance တော့ မရဘူး။
အစပိုင်းတုံးကတော့ လခ ၆၅၀၊ ၇၀၀ လောက်ပဲ ထုတ်ရတယ်။ နောက်ပိုင်း အိုတီလေး ဘာလေးရှိလာတဲ့ အခါ ကျတော့ ၈၅၀၊ ၉၀၀ စသဖြင့် ထုတ်ရတယ်။ အသုံးစရိတ်က သေသေချာချာ စစ်စစ်စီစီလေး သုံးမယ် ဆိုရင် တစ်လကို ၈၀ လောက်ဆို လောက်တယ်။ ဒါပေမဲ့ တစ်လကို ၅၀၀ လောက်ပဲ ပြန်ပို့နိုင်ပါတယ်။ အဲဒီတုံးက ငွေဈေးက တစ် ရင်းဂစ်ကို မြန်မာငွေ ၂၅၀ ပေါက်တယ်။ ဒီတော့ တစ်လကို တစ်သိန်းခွဲလောက် ပြန်ပို့နိုင်တယ် ဆိုပါတော့။ အရင်းကျေအောင် စုစုပေါင်း ခုနစ်လလောက် လုပ်ဆပ်လိုက်ရတယ်။
ကျွန်တော် မလေးရှားရောက်ပြီး နှစ်နှစ်ပြည့်ခါနီးတစ်နေ့မှာ စက်ရုံကို ဓါးပြတိုက် ခံရတယ်။ အဲဒီတုံးက ကျွန်တော် တို့က ညဆိုင်း ဆင်းနေရတာ။ လုပ်ရတာက မြေအောက်ခန်း (Basement) ထဲမှာ။ Chemical တွေကို ဒီတိုင်ကီကနေ ဟို တိုင်ကီပြောင်း စသဖြင့်ပေါ့။
ဓါးပြတွေက မျက်နှာဖုံးတွေ စွပ်ထားတယ်။ ၆ ယောက်လောက် ရှိတယ်။ ဓါးရှည်တွေ ပါလာတယ်။ ရှေ့ပေါက် ကနေ နှစ်ယောက်။ ဘေးဘက်အပေါက်ကနေ ၄ ယောက် ၀င်လာတယ်။ (ဒါတွေက ကျွန်တော်သိတာ မဟုတ်ဘူး။ မိုးလင်းလို့ လုံခြုံရေးက ပြန်ပြောပြလို့ သိရတာ။) ရှေ့ပေါက်က ၀င်တဲ့ နှစ်ယောက်က လုံခြုံရေးနှစ်ယောက်ကို လက်ပြန်ကြိုး တုပ်။ သော့ယူပြီး ရုံးခန်းတွေ ၀င်မွှေတယ်။
ဖြစ်ချင်တော့ ကျွန်တော်တို့ ပတ်စ်ပို့တွေက သက်တမ်းကုန်တော့မှာမို့ သက်တမ်းတိုးဘို့ သူတို့က စားပွဲပေါ် ဒီအတိုင်း တင်ထားတာ။ အဲဒါတွေ သူတို့ အကုန် မ သွားတယ်။ ရုံးမှာ ညဆိုင်းဆင်းနေတဲ့ ကောင်မလေးတွေ ဆီက ဖုံးတွေ ပါ ယူသွားတယ် တဲ့။ သူတို့က အင်ဒိုနီးရှား ကောင်မလေးတွေ။ နောက်ပြီး ကျွန်တော်တို့ စက်ရုံက ကွန်ပြူတာမှာ သုံးတဲ့ chip အပြားလေးတွေ ထုတ်တာ။ အဲဒါ ထုတ်ဖို့ ကြေးပြားကြီးတွေ လိုတယ်။ ဓါးပြတွေက အဲဒီကြေးပြားကြီးတွေကို လော်ရီ ကားနဲ့ မ သွားတာ မနည်းဘူး။ စုစုပေါင်း မလေးရှားငွေ တစ်သိန်းကျော်ဘိုးလောက် ပါသွားတယ် တဲ့။
အဲဒါ မနက် ၄ နာရီခွဲလောက်ရောက်တော့ လုံခြုံရေးက ရဲတွေခေါ်ပြီး ကျွန်တော်တို့ကို လိုက်ရှာတယ်။ စက်ရုံက လူတွေက ကျွန်တော်တို့ ကို ဓါးပြတွေ သတ်လို့ သေကုန်ပြီ ထင်လို့ လိုက်ရှာတာ။ မြေအောက်ခန်းဆိုတော့ ဓါးပြတွေ မသိဘူး။ ကျွန်တော်တို့ကလည်း ဓါးပြတိုက်လို့ တိုက်မှန်းတောင် မသိလိုက်ဘူး။ ဒါနဲ့ ကျွန်တော်တို့ အပေါ်တက်အလာ၊ ရဲတွေက အောက်ကို အဆင်း လမ်းမှာတွေ့တော့ ဟေ့ကောင်လေးတွေ၊ မင်းတို့ ဘယ်တွေသွားနေတာလဲ။ ငါတို့ကတော့ မင်းတို့ သေကျေကုန်ပြီ ထင်တာ တဲ့။ ကျွန်တော်တို့ကလည်း အာ၊ ငါတို့ basement ထဲမှာ အလုပ်လုပ်နေတာ ပေါ့။
ပြဿနာက ကျွန်တော်တို့ သက်တမ်းတိုးဘို့ ပတ်စ်ပို့ စာအုပ်လိုတယ်။ ခု စာအုပ်တွေက ဓါးပြတွေ ယူသွားပြီ ဆိုတော့ ရုံးက ငါတို့ ပတ်စ်ပို့အသစ်လုပ်ဖို့ ပိုက်ဆံပေးမယ်။ ဒါပေမဲ့ သံရုံးကို ဆောင်ရမဲ့ အခွန်တော့ မင်းတို့ဟာ မင်းတို့ ဆောင် ဆိုပြီး ဖြစ်ကရော။
ကျွန်တော်တို့ ရတာကမှ တစ်လကို အိုတီနဲ့ ဘာနဲ့ အားလုံးပေါင်းမှ တစ်ထောင်နီးပါးလောက်ပဲ ရတာကိုး။ စာအုပ် အသစ်လုပ်တာရော၊ သုံးနှစ်စာ အခွန်ပါ စုစုပေါင်း ၁၆၀၀ ကုန်သွားတယ်။
ပထမ တစ်ခါ ဓါးပြတိုက်ခံရပြီး ၈ လလောက်ကြာတော့ နောက်တစ်ခါ ဓါးပြတိုက်ပြန်ရောဗျို့။ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ ညဆိုင်းပဲ ဆင်းနေရတာ။ စက်ရုံမှာ အလုပ်က သိပ်မရှိတော့ ည ၁၂ နာရီကျော်လောက်ဆို ကျွန်တော်တို့ အခန်းကောင်းကောင်း ရှာပြီး အခန်းကို သော့ခတ်ပြီး အိပ်တယ်။ ဆိုတော့ ပထမတစ်ခါလိုပဲ ဓါးပြတိုက်လို့ တိုက်မှန်း မသိ လိုက်ဘူး။
ဓါးပြ စုစုပေါင်း ၈ ယောက်လောက်ရှိတယ်။ ခုကျတော့ စက်ရုံမှာ အင်းခွေးကြီးတွေ မွေးထားတယ်။ နှစ်ကောင်။ ဒါပေမဲ့ ဒီကောင်တွေက ခွေးတွေကို ဆေးကျွေးပြီး သိပ်ထားခဲ့တယ်။ စက်ရုံက ပေါင်မုံ့ကားလေးပါ မ သွားတယ်။ ဒီတစ်ခါ တော့ အကြီးအကျယ်ကို ခိုးသွားတာ။ တစ်ခါထဲ ပစ္စည်းလှောင်တဲ့ ဂိုဒေါင်ဖောက်ပြီး ရှိသမျှ အကုန့်ကို သယ်သွားတာ။ နောက်နေ့ကျ စက်ရုံကို လည်လို့ မရတော့ဘူး။
မနက်ကျ လာပါတယ်။ ရဲတွေ။ ခွေးကြီးတွေနဲ့။ ဟိုလိုက်ရှာ။ ဒီလိုက်ရှာ။ အလကားပါဗျာ။ ပထမ တစ်ခါရော။ ခုတစ်ခါပါ ဓါးပြတွေကို မိအောင် မဖမ်းနိုင်ဘူး။
တော်သေးတယ် ခေါ်ရမယ်။ စက်ရုံမလည်နိုင်တော့ပေမဲ့ maintenance ရှိနေတော့ ကျွန်တော်တို့ အလုပ်ဆက်ရ နေသေးတယ်။ အိုတီလည်း ရတယ်။
တစ်ခါတလေ ကျွန်တော်တို့ ATM (ပိုက်ဆံထုတ်စက်) ကနေ ပိုက်ဆံ ထုတ်ပြီးပြန်အလာ လမ်းမှာ ၀င်ဝင် လုတတ်လို့ မနည်း သတိထားနေရတယ်။ ညဆိုလည်း အိမ်တံခါးတွေကို သော့ခတ်ထားရတယ်။ သိပ်မကြာသေးခင်က အဲဒီစက်ရုံမှာ ကျန်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းတွေ စင်ကာပူ လာလည်တော့ သူတို့ ပြောပြတာ။ သူတို့ ညစာစားနေတုံး လူမိုက်တွေ ၀င်လာတယ်။ ဆွဲထားတဲ့ ဆွဲကြိုးတို့၊ ပိုက်ဆံတို့၊ နာရီတို့ တောင်းတယ်။ ဟိုတစ်ယောက်ကတော့ အေးအေး သက်သာ ပေးလိုက်လို့ ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ အဲဒီကောင်က သူ့တို့ကို ပိုက်ဆံ ပစ်ပေးလို့ ဆိုပြီး ဓါးနဲ့တွက်သွားတာ နားရွက်တစ်ခြမ်း ပြတ်သွားလို့ ဆေးရုံ တက်လိုက်ရ သေးတယ်တဲ့။
အဲဒါ ကျွန်တော် မလေးရှားမှာ နေတုံး တွေ့ခဲ့ ကြုံခဲ့ရတာတွေ။

မလေးရှားမှာ သုံးနှစ်နီးပါး ကြာခဲ့တယ်။ ပထမနှစ်မှာ လခ သိပ်မရပေမဲ့ နောက်နှစ်တွေမှာ အိုတီကောင်းလို့ တစ်လကို နှစ်သိန်းခွဲ သုံးသိန်း စသဖြင့် ပို့နိုင်တယ်။ ဒီတော့ သုံးနှစ်အတွင်း ၈၅ သိန်းလောက် ပြန်ပို့နိုင်ခဲ့တယ်။ လုပ်ရတာ တော့ မဆိုးပါဘူး။ အဆင်ပြေတယ် ခေါ်ရမယ်။
ပါမစ် သက်တမ်းကုန်ခါနီးတော့ သူတို့က သက်တမ်းဆက်တိုးမလားတဲ့။ သူတို့ကတော့ ကျွန်တော့်ကို ဆက်နေ စေချင်သေးတယ်။ ဒါပေမဲ့ ကျွန်တော်က သိပ်စိတ်မပါတော့ဘူး။ အိမ်ကိုလည်း ပြန်ချင်နေပြီ။ နောက်ပြီး စင်ကာပူကို ဆက်လာချင်သေးတာကိုး။ ဒီလိုနဲ့ ၂၀၀၇ သြဂုတ်လမှာ အိမ်ပြန်ရောက်တယ်။ ကျွန်တော် မသွားခင်ကနဲ့ ဗမာပြည် ပြန်ရောက်တဲ့ အချိန်အတွင်းမှာ ဈေးတွေက အဆမတန် တက်နေတာကိုး။ ဒီတော့ ဗမာပြည်မှာ ပြန်ပြီး အလုပ်လုပ်လို့ အဆင်မပြေနိုင်ဘူး ဆိုတာ တွက်မိတယ်။ နောက်ပြီး ဒီမှာ အလုပ်မရှိ၊ အကိုင်မရှိဘဲ ရှိတာလေး ထိုင်စားနေရင် ပါလာတာ လေး အကုန်ကုန်လိမ့်မယ်။ ဒါနဲ့ ပြန်ရောက်ရောက်ချင်းပဲ နိုင်ငံခြား ပြန်ထွက်ဘို့ လုပ်တယ်။

No comments: