Wednesday, August 12, 2009

Bitter Life IV

(၄)

မောင်လင်းအောင်

အမည် - မောင်လင်းအောင်
အသက် - ၂၄
ပညာအရည်အချင်း - တတိယတန်း
လက်ရှိအလုပ်အကိုင် - ကျပန်း (များသောအားဖြင့် ဆေးသုတ်ခြင်း လုပ်ငန်း)
တစ်လ ၀င်ငွေ - ပုံမှန်မရှိ

ဘ၀ကို ရုန်းကန်ကြသည် ဆိုရာ၌ မိမိ၏ ပညာရေးနှင့် ပတ်ဝန်းကျင်၏ ထိန်းကျောင်းပြုပြင် ပေးမှု၊ မိဘများ၏ အခန်းကဏ္ဍ စသည်တို့သည် အလွန် အရေးပါလှကြောင်း မောင်လင်းအောင်၏ ဘ၀က ခါးသီးစွာ သက်သေပြ နေပါသည်။ ထို့ပြင်လည်း သူတို့ဆီ လုပ်ရမှလား၊ ငါ့ဟာငါ ဖြစ်အောင်လုပ်မယ် ဆိုသော တလွဲမာနများက ဘ၀ကို ပိုမို ပြင်းထန် ဆိုးရွားစေသည်။ အချို့နေရာများတွင် မိမိဘ၀ အဆင်ပြေစေရေး အတွက် မာနများကို ခ၀ါချထားတန် ထားရပေမည်။
ငယ်ရွယ်နုနယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးသော လူငယ်များ ရေလိုက်မလွဲကြစေရန် နှင့် သင်ခန်းစာ ယူနိုင်ကြစေရန် မောင်လင်းအောင် ၏ ဘ၀လေးကိုပါ တင်ပြထားခြင်း ဖြစ်ပါသည်။

သူ့ကို မြန်မာပြည်အောက်ပိုင်း ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။ မိခင်ဘက်မှ အဖိုးအဖွားများ နှင့် ဆွေမျိုးများမှာ ချမ်းချမ်းသာသာ ထဲက ဖြစ်သည်။ အုန်းခြံကြီးများ၊ အဝေးပြေး ကားကြီးများ ပိုင်ဆိုင်လျှက် ရန်ကုန်မြို့တွင် ခြံကြီး၊ ၀င်းကြီး နှင့် နေထိုင်ကြသူများ ဖြစ်သည်။ သို့သော် မောင်လင်းအောင်၏ မိဘများမှာမူ အလွန်ပင် ဆင်းရဲကြသည်။ အဘယ်ကြောင့် ဆိုသည်ကိုမူ မောင်လင်းအောင်က မပြောပြခဲ့ပေ။
မိဘများမှာ ခပ်ငယ်ငယ် အသက် ၂၀ မပြည့်မီကပင် အိမ်ထောင်ကျခဲ့ကြပြီး အိမ်ထောင်သက် ခပ်နုနုမှာပင် ထိုင်းနိုင်ငံသို့ သွားရောက် စီးပွားရှာခဲ့ကြသည်။ မောင်လင်းအောင် ကိုယ်ဝန်ရလာတော့ မိဘများက နေရပ်သို့ပြန်ကာ မီးဖွားခဲ့ကြသည်။ သို့သော် ကလေးများ အတန်ငယ် ကြီးပြင်း လာသောအခါ ထိုင်းနိုင်ငံသို့ သွားရောက် စီးပွားရှာကြပြန် သည်။ သို့သော် ထင်သလောက် စီးပွားမဖြစ်ပါပေ။ သို့နှင့် ရသလောက် စုဆောင်းပြီး မြန်မာပြည် အပြီးပြန်လာကာ စုငွေ ကလေးနှင့် လယ်ယာ၊ ထွန်တုံး၊ ထွန်တံ စက်ကိရိယာများ ၀ယ်ကာ လယ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။
သို့နှင့် နောက်ထပ် သမီးနှစ်ယောက် ထပ်မံ ထွန်းကားသည်။ ထိုအခါ စားဝတ်နေရေးက ကြပ်တည်းလာသည်။ ဖခင်လုပ်သူသည် လယ်ယာလုပ်ငန်းကို လူငှားနှင့်လွှဲထားကာ သစ်ခုတ်သောလုပ်ငန်း၊ လွှစက်လုပ်ငန်းကို ဇောက်ချ လုပ်ကိုင်လာသည်။ အမှန်ကို ဆိုရလျှင် လွှစက်လုပ်ငန်းသည် သူဌေးဖြစ် မဟုတ်လျှင်သော်မှ သေသေချာချာ စိစိစစ်စစ် သုံးစွဲလျှင် မိသားတစ်စုအတွက် ကောင်းကောင်း သုံးစွဲလောက်သည်။
သို့သော် မောင်လင်းအောင်၏ ဖခင်မှာ လောင်းကစား အလွန်ဝါသနာ ပါသည်။ သူရှာလို့ ရသမျှ ပိုက်ဆံသည် သူ လောင်းကစား တာနှင့်ပင် မလောက်ပါ။ သို့အတွက် အိမ်ပြန်လာကာ ဇနီးဖြစ်သူကို ကြိမ်းမောင်း မာန်မဲလျှက် ရသမျှ ရောင်းချပြီး ရှိသည့်ပိုက်ဆံနှင့် လောင်းကစားသည်။ ဇနီးဖြစ်သူမှာ သားသမီး သုံးယောက်နှင့် စားဝတ်နေရေး ကို ခက်ခက် ခဲခဲ ရုန်းကန် လှုပ်ရှားရသည်။
အကျိုးဆက်အဖြစ် မောင်လင်းအောင်မှာ မူလတန်း ပညာကိုပင် ပြီးဆုံးအောင် တက်ခွင့် မရလိုက်ပါ။ တတိယ တန်းနှင့် ကျောင်းထွက်လိုက်ရပြီး အလုပ်စတင် လုပ်ရတော့သည်။ မောင်လင်းအောင် စတင် အလုပ်လုပ်တော့ ၁၆ နှစ်သားသာ ရှိသေးသည်။ အသက် ၁၆ နှစ် ကျော်သောအခါ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်သည်။ မိမိတို့ မြို့မှ သူငယ်ချင်း များနှင့် အတူတူ လိုက်သွားခြင်း ဖြစ်သည်။
ထိုင်းတွင် အလုပ်လုပ်ရသည်မှာ အဆင်ပြေပါသည်။ ၀င်ငွေမှာလည်း မဆိုးလှပါ။ သူတို့လုပ်ရသည်က ၀ရံတာ၊ လှေခါး စသည်တို့မှ လက်ရမ်းဒေါက်တိုင် ပွတ်လုံးများ ဖြစ်ပါသည်။ ပုံစံချပြီးသား သစ်သားချောင်းကို မော်တာဖြင့် လှည့်ထားသည့် ဒါးစက်တွင် ပွတ်တိုက်စားကာ ပုံဖော်ရခြင်း ဖြစ်ပါသည်။ စက်နှင့်လုပ်ရသည့် အတွက် မပင်ပန်းလှပါ။ ခုံပေါ်တင်ထားသည့် သစ်သားလုံးကို အလိုက်သင့် လိုက်လှည့် ပေးရုံသာ ဖြစ်ပါသည်။ စက်တွင် တပ်ဆင်ထားသော Template မိတ္တူပွားစက် ရှိသဖြင့် လုပ်ရသည်မှာလည်း သိပ် ခက်ခက်ခဲခဲ မရှိလှပါ။
မောင်လင်းအောင် က သူများတွေလို နေ့စားနှင့် လုပ်ရသည်ကို သဘောမတွေ့။ သို့အတွက် မိမိ လုပ်နိုင်သမျှ လက်ရမ်းတိုင် အချောင်း ၅၀ စသဖြင့် ပုတ်ပြတ် ယူကာ လုပ်ပါသည်။ တစ်တိုင်လျှင် ရသည်ကြေးမှာ ပုံသေ ဖြစ်သည့်ပြင် တစ်နေ့လျှင် မိမိ ဘယ်နှတိုင် လုပ်နိုင်သည် စသည်ကိုလည်း ခန့်မှန်းနိုင်သဖြင့် မိမိ ကြိုက်သလောက် လုပ်နိုင်ပါသည်။ ကောင်းသည်မှာ အားစိုက်ခွန်စိုက် လုပ်ပြီး မိမိ ပင်ပန်းသည့် အခါ ကြိုက်သလို အနားယူလို့ ရပါသည်။ ထို့ပြင် မိမိဘာသာ ချိန်လို့ရသည်ဖြစ်၍ နေ့စား လုပ်သားများထက် ပိုပြီး တွက်ခြေကိုက် ပါသည်။ မောင်လင်းအောင်က တစ်နေ့လျှင် ဘတ် ၅၀၀ ဟု တွက်ကာ လုပ်ပါသည်။ ပိုက်ဆံကိုတော့ တစ်ပတ်လျှင် တစ်ခါ ရှင်းသည်။
အလုပ်ချိန်မှာလည်း နည်းပါသည်။ နံနက် ၉ နာရီတွင် စတင်လုပ်ပြီး နေ့လည် ၁၁ နာရီခွဲလောက်တွင် နား။ နေ့လည် ၂ နာရီတီးတော့ ပြန်စ။ ညနေ ၄ နာရီတီးတော့ အလုပ်သိမ်း။ ခပ် သက်သက် သာသာပင် လုပ်ရသည်။
လုပ်ငန်းကျွမ်းကျင်လာသည်နှင့် အမျှ ပြီးမြောက်သည့်နှုံးမှာ မြန်ဆန်လာကာ ၀င်ငွေလည်း တိုးလာပါသည်။ သို့သော် ပြဿနာက မိတ်ဆွေများ ဖြစ်ပါသည်။ မိတ်ဆွေများမှာ မောင်လင်းအောင် ကဲ့သို့ ရည်ရွယ်ချက် မရှိ။ ရရစားစား၊ ၀ါးဝါးမျိုမျို သမားတွေ ဖြစ်ရကား ရသည့် ပိုက်ဆံကို အပျော်အပါး လိုက်စား ခြင်းဖြင့် ဖြုံးတီး ပစ်ကြသည်။ သူတို့မှာ ပိုက်ဆံ စုမိသည် မရှိ။
သူတို့ ပိုက်ဆံ မစုမိတာ ကိုယ်နှင့် မဆိုင်။ သို့သော် သူတို့က အပျော်အပါး ကို မိမိတို့ဖာသာ လိုက်စား သည်သာ မက မောင်လင်းအောင် ကိုပါ အတင်း ဆွဲထည့်သည်။ မောင်လင်းအောင် က မိမိ မိသားစု အရေး၊ မိမိနှမ ကလေးများ ၏ ပညာ သင်စရိတ် စသည်တို့ကို တွက်သဖြင့် ပိုက်ဆံကို အပိုမဖြုံးလို။ တတ်နိုင်သမျှ စုဆောင်းကာ အိမ်သို့လည်း ထောက်ပံ့။ မိမိ နောင်ရေး အတွက်လည်း စု စသဖြင့် လုပ်ချင်သည်။ သို့သော် သူငယ်ချင်း များမှာ ငယ်ငယ်ကတည်းက ပေါင်းသင်းလာသူ များ ဖြစ်ရကား မနိုင့်ရင်ကာ အတင်း ဆွဲခေါ်တော့ မလိုက်ချင် လိုက်ချင် နှင့် လိုက်ရပြန်သည်။
တစ်ခါ နှစ်ခါက အကြောင်းမဟုတ်။ အကြိမ်များ လာသောအခါ မောင်လင်းအောင်မှာ ပိုက်ဆံ စုဘို့မဆိုထားနှင့်၊ အိမ်သို့ပင် လောက်ငအောင် ပြန်မပို့နိုင်။ သည်တော့ သူ့မှာ စိတ်ဆင်းရဲရသည်။ သူတို့နှင့် ဝေး ရာ ထွက်သွားဘို့ ရာကလည်း မိမိ အစွမ်းအစနှင့် အခြား နေရာများတွင် အလုပ်အကိုင် တစ်ခု ရဘို့ဆိုသည်မှာ မလွယ်။ သည်တော့ သည်စက်ကွင်းမှ လွတ်ရာ လွတ်ကြောင်း နည်းလမ်း များ ရှာကြံရပြီ။

ထိုင်းတွင် ရှိနေစဉ် မလေးရှား သွားရန် ကြိုးစားကြည့် သေးသော်လည်း အဆင်မပြေ။ နောက်ဆုံး မတတ်သာသည့် အဆုံး အိမ်ပြန်ခဲ့သည်။ သူ့အကြံမှာ မြန်မာပြည် ကမှ မလေးရှားသို့ ထွက်ရန် ဖြစ်သည်။
ထိုင်းမှ ပြန်လာသောအခါ မြန်မာပြည်တွင် ကြိုးစားပြီး လယ်လုပ်ကြည့် သေးသည်။ သို့သော် လယ်မှာ လေးဧက ထဲ ရှိသည် ဖြစ်ရာ သုံးလောက်စွဲလောက်၊ ၀မ်းစာ လောက်အောင် မရပါ။ သို့အတွက် လယ်လုပ်ချင်စိတ် မရှိတော့ပဲ မလေးရှား သွားရန် ကြိုးစားခဲ့သည်။ မလေးရှားတွင် စုစုပေါင်း ၈ နှစ် ကြာခဲ့သည်။ မလေးရှားသွားတော့ အသက် ၁၇ နှစ်ပင် မပြည့်တတ်သေး။

မလေးရှားသို့ အေးဂျင့်အား ပိုက်ဆံပေးပြီး သွားခြင်း ဖြစ်သည်။ အေးဂျင့်မှ တဆင့်သွားသည် ဆိုသော်လည်း တရားဝင်တော့ မဟုတ်ပါ။ ထို အေးဂျင့်က သွားရေးလာရေး အစစ စီစဉ်ပေးသည်။ မောင်လင်းအောင် ကဲ့သို့ မလေးရှား သွားလိုသူ များကို စုပြီးနောက် ကားဖြင့် ခေါ်ဆောင်သွားသည်။ ထိုင်းနိုင်ငံတွင်း ဖြတ်သောအခါ သူတို့လူ နောက် တစ်ဦးသို့ လွှဲပေးလိုက်သည်။ ထိုသူက ဆက်ခေါ်သွားပြီး မလေးရှား နိုင်ငံတွင်း ၀င်သည်။ လမ်းတွင် တွေ့သမျှ လ.၀.က၊ ရဲ စသည်တို့ ကို ပိုက်ဆံ ပေးကာ ကျော်ဖြတ်ခဲ့သည်။ ကားမှာ အလုံပိတ်ကား ဖြစ်သဖြင့် မောင်လင်းအောင် တို့မှာ ဘယ်ရောက်လို့ ရောက်နေမှန်းပင် မသိ။ သူတို့ ဆင်းဆိုဆင်း။ တက်ဆို တက် ဖြစ်သည်။
မလေးရှားရောက်တော့ သူ့ကို သစ်စက် တစ်ခုတွင် အလုပ်သွင်း ပေးသည်။ နောက်တော့ သူက လခစားဖြင့် မလုပ်တော့ပဲ ပုတ်ပြတ်ယူ လုပ်သည်။ ပုတ်ပြတ်ယူပြီး လုပ်ခြင်း ဖြစ်သဖြင့် လခစားများကဲ့သို့ ပုံမှန် ၀င်ငွေမရှိ။ အထူးသဖြင့် မိုးရာသီ သစ်လုံးများ အ၀င်ကျဲသော ကာလများတွင် အလုပ်ပြတ် နေတတ်သည်။ ထိုအခါ များတွင် အိမ်သို့ ငွေပြန်ပို့ရန် မဆိုထားဘိ၊ မိမိသုံးဘို့ပင် အနိုင်နိုင် ဖြစ်ရသည်။ ညီမ ဖြစ်သူများမှာ လည်း ကျောင်းတက်နေသည် ဖြစ်ရာ သူတို့အတွက် လည်း ကျောင်းစရိတ် ထောက်ပံ့နေရ သေးသည်။ ငွေမပို့နိုင်သော ကာလများတွင် မိမိ မိသားစုအတွက် အစ်ကိုကြီး အဖအရာ ဆိုသလို မောင်လင်းအောင်မှာ ပူပင်သောက ဖြစ်ရသည်။

မလေးရှားတွင် အလုပ်လုပ်ရ သည်မှာ အလွန် အဆင်ပြေသည်။ ဘယ်သူ့မှ ပူစရာမလိုရ။ အရေးကြုံလာလျှင် ငွေ နှင့် ဖြေရှင်း လိုက်လျှင် ပြီးသည်။ ထို့ပြင် မောင်လင်းအောင်မှာ အလွန် အလုပ်ကြိုးစားသူ ဖြစ်ရကား အလုပ်ရလာပြီ ဆိုလျှင် မနားမနေ အားတိုက် ခွန်တိုက် လုပ်တတ်သော သဘာဝ ရှိသည်။ သို့အတွက် အလုပ်ရ လာသည်နှင့် ငါ ဒီနေ့ ဘယ် လောက်ဖိုး လုပ်လိုက်မည်ဟု တွက်ထားကာ ထို ငွေမပြည့်မချင်း နားလေ့ မရှိပေ။ သို့မို့ကြောင့်လည်း အလုပ်ရှိသော နေ့များသည် မောင်လင်းအောင် အတွက် ရွှေနေ့များ ဖြစ်သည်။ တစ်ခါတရံ တစ်လလျှင် ၁၂ သိန်း ၁၃ သိန်း စသဖြင့် ပြန်ပို့နိုင် သည့်အခါများပင် ရှိသည်။
ပညာနည်းသော လူငယ်ကလေးပင် ဖြစ်လင့်ကစား မောင်လင်းအောင်မှာ ရသမျှ သုံးဖြုန်း ပစ်လိုက်မည်ဟု ဟော့ဟော့ ရမ်းရမ်း နေသော လူငယ်တစ်ဦး မဟုတ်ပါ။ မိမိ သုံးရာမှ ပိုသော ငွေကလေးကို မိမိ မိခင်ကြီးနှင့် နှမငယ် များ သုံးစွဲနိုင်စေရန် အားလုံး ပြန်ပို့ခဲ့သည်သာ ဖြစ်သည်။ အိမ်သို့ အဆင်ပြေလျှင် ပြေသလို ပြန်လည် ထောက်ပံ့နိုင်ခဲ့သော် လည်း ပုံမှန်တော့ မဟုတ်ချေ။
သည်ကြားထဲ မလိမ္မာသော ဖခင်က တမှောင့် ဖြစ်သည်။ ဖခင် ဖြစ်သူမှာ အလုပ်ကို ကြိုးစား ပမ်းစားလုပ်ပြီး မိသားစုကို ကြည့်ရှု စောင့်ရှောက်ရမည့် အစား လုပ်လို့ရသမျှ ကြက်တိုက်၊ ဖဲရိုက် စသဖြင့် ဖြုံးတီး ပစ်နေသည် ဖြစ်ရာ တစ်ခါတရံတွင် မောင်လင်းအောင် ပို့ပေးလိုက်သော ပိုက်ဆံများကိုပါ ယူငင် ဖြုံးတီး ပစ်သေးသည်။
သို့အတွက် မောင်လင်းအောင်က မြန်မာပြည်တွင် နေ၍ အကျိုးမများ လှသော ဖခင်အား မလေးရှား သို့ခေါ်ကာ စိုက်ပျိုးရေးခြံ တစ်ခုတွင် အစောင့် လုပ်စေသည်။ အစောင့်အလုပ် ဟူသည် သိပ်ကြီးကြီး ကျယ်ကျယ် ပင်ပင်ပန်းပန်း မလုပ်ရ သော်ငြား မည်သည့်နေရာသို့ သွားခွင့် မရှိသည် ဖြစ်ရကား မည်သည့် နေရာသို့မျှ သွားခွင့်မရ သဖြင့် လောင်းကစား နှင့် လည်း အလိုလို အဆက်ဖြတ်ပြီး ဖြစ်သွားလေ တော့သည်။
ထို့ပြင်တ၀ အစောင့်များ အတွက် ခြံမှ ထမင်းကျွေး သေးသည် ဖြစ်ရာ မောင်လင်းအောင်၏ ဖခင်မှာ ပင်ပင်ပန်းပန်း မလုပ်ရဘဲ လစာငွေကို ပုံမှန် အိမ်သို့ ပြန်ပို့နိုင် လာခဲ့သည်။ သို့သော် အစောင့်လစာ မှာ သိပ်တော့ များများစားစား မဟုတ်။ မလေးရှားရင်းဂစ် ၇၀၀ ခန့်သာ ရသည်။ သို့အတွက် တစ်လလျှင် နှစ်သိန်း တန်သည်၊ သုံးသိန်း တန်သည်သာ ပို့နိုင်သည်။ သို့သော် မောင်လင်းအောင် အနေနှင့်မူ မြန်မာပြည်တွင် နေပြီး အိမ်မှပိုက်ဆံ ကို ဖြုန်းတီး နေသည်ထက် မလေးရှားတွင် နေပြီး အိမ်သို့ ပြန်လည် ထောက်ပံ့နေနိုင်ခြင်းကပင် အမြတ် ဖြစ်သည်။ လုပ်ခ နည်းသည် များသည်ထက် စိတ်ဆင်းရဲမှုဒါဏ် ကို မိသားစု တစ်ခုလုံး မခံစားရ တော့ခြင်းကပင် အမြတ် ဖြစ်သည်။

မလေးရှားတွင် လုပ်ရသည်မှာ မိမိ သုံးလောက်ရုံ၊ မိသားစုသို့ အနည်းအကျဉ်း ပြန်ပို့နိုင်ရုံ လောက်သာ ရှိပြီး မိမိ ဘ၀ရှေ့ရေး အတွက်မူ အလွန့်ကို မသေချာ မရေရာလှပေ။ အဘယ်ကြောင့် ဆိုသော် မလေးရှားတွင် လုပ်ပါက တစ်လလျှင် နှစ်သိန်းလောက် ရဘို့ပင် အနိုင်နိုင်။ အိမ်ကိုပြန် ထောက်ပံ့ ရန် မလုံလောက်။ နှမများမှာ ကျောင်းတက် နေသည် ဖြစ်ရာ တစ်လလျှင် အနည်းဆုံး သုံးသိန်းကျော်တော့ ပို့မှ ဖြစ်မည်။ သို့နှင့် ထို့ထက် ပိုကောင်းမည့် အခွင့်အလမ်းရရန် ကြိုးစားရ တော့သည်။ စင်ကာပူတွင် အလုပ်လုပ်လျှင် မလေးရှားထက် ပိုပြီး ၀င်ငွေကောင်းမှန်း သိလာရတော့ စင်ကာပူ သွားနိုင်ရန် လမ်းစရှာရသည်။ သို့သော် ဗမာပြည်မှသွားလျှင် စရိတ်အလွန် ကြီးရကား မတတ်နိုင်သဖြင့် မလေးရှားမှပင် သွားရန် ဆုံးဖြတ်လိုက်သည်။
မေးပါများ စကားရ ဟူသော စကားအတိုင်း မောင်လင်းအောင်မှာ တစ်နေ့တွင် မိတ်ဆွေ တစ်စုနှင့် သွားရောက် ချိတ်ဆက်မိ သည်။ မိမိ မိတ်ဆွေများက အကောင်းကြီး မဟုတ်တောင် မလေးရှားတွင် လုပ်ရသည် ထက်တော့ သာသေးသည် ဟု ဆိုကာ မောင်လင်းအောင် အား စင်ကာပူသို့ သူတို့နှင့် အတူ သွားရောက် အလုပ်လုပ် ကိုင်ရန် အကြံပေးသည်။ သူတို့မှာ စင်ကာပူ နိုင်ငံအတွင်း တရားဝင် သွားရောက် လုပ်ကိုင်ခြင်း မဟုတ်ကြပဲ ညဘက်တွင် ခိုးဝင်ကြခြင်း ဖြစ်သည်။ အန္တရာယ် များမှန်း သိသော်လည်း မလေးရှားတွင် လုပ်ရသည်ထက် ပိုမို တွက်ခြေကိုက်သဖြင့် အရဲစွန့်ကာ သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။
ထိုအခါ မောင်လင်းအောင် ကလည်း ဘာပဲဖြစ်ဖြစ် ကြိုးစား ကြည့်ရလျှင် ကောင်းမည် ဟု တွက်ကာ ထို သူငယ်ချင်းများ နှင့် စင်ကာပူသို့ သွားရောက် အလုပ်လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ စင်ကာပူသို့ ညပိုင်း ရေကူးဝင်ရန် အတွက် စင်ကာပူနှင့် နီးသော မလေးရှားနိုင်ငံ၊ ဂျိုဟိုး တွင် နေထိုင်ရသည်။

ပင်လယ်တွင်း မဆင်းခင် စင်ကာပူ ရေတပ်မှ ကင်းလှည့် သင်္ဘောများ၏ အခြေအနေ ကို ဦးစွာ လေ့လာရသည်။ သင်္ဘောများ အောက်ဖက် ဆင်းသွားလျှင် မည်မျှကြာသည်။ မည်မျှကြာလျှင် တစ်ခေါက် ပြန်လှည့် လာတတ်သည်။ မည်သည့် အချိန်များတွင် သင်္ဘောစီးရေ များများ လာတတ်သည်။ မည်သည့် အချိန် လောက်တွင် သင်္ဘော တစ်စီးထဲသာ ကင်းလှည့် တတ်သည်။ မည်သည့် အချိန်များတွင် ကင်းလှည့်ချိန် စိတ်သည်။ မည့်သည့် အချိန်တွင်မူ ကင်းလှည့်ချိန် ကျဲပါးသွားသည်။
ထိုမျှသာမက ပင်လယ်အတွင်း စွန့်စွန့်စားစား ကူးခတ် ရမည် ဖြစ်၍ ဒီတက်၊ ဒီကျကိုပါ တွက်ထားရသည်။ မဟုတ် ပါက ရေစီးနှင့် မျောပါသွားပြီး စင်ကာပူ မရောက်တော့ဘဲ ပင်လယ်တွင်း ရောက်သွားကာ ပြန်လမ်းမရှိ မှာလည်း စိုးရိမ်ရ သေးသည်။

စင်ကာပူကမ်းခြေတွင် ရဲအစောင့်များ မရှိသော်လည်း မလေးရှားနှင့် စင်ကာပူအကြား ပင်လယ် ရေလက်ကြား တွင်မတော့ ရဲပတ်တရောင် သင်္ဘော ကလေးများ အဆက်မပြတ် ခုတ်မောင်းကာ ကင်းစောင့်လျှက် ရှိသည်။ တစ်ခါတရံ တစ်စီး၊ တစ်ခါတစ်ရံ နှစ်စီး၊ သုံးစီး စသဖြင့် ဖြစ်သည်။ ကင်းသင်္ဘောများမှ အလွန် အားကောင်းသော ဆလိုက်မီးများဖြင့် ပတ်ပတ်လည် ထိုးကာ အဆက်မပြတ် ရှာဖွေနေသဖြင့် အလွန် သတိထား ရသည်။ ထို သင်္ဘောကလေး များနှင့်တွေ့လျှင် တစ်ခါတစ်ရံ မလေးရှားဘက်သို့ ပြန်လှည့်ရ တတ်သည်။ ပြန်လှည့်၍ မလွတ်လောက် ဟု အထင်ရှိလျှင်မူ ရေထဲတွင် ငုတ်နေရသည်။ သင်္ဘောများ လွန်သွားမှ ရေပေါ် ပြန်တက်ရသည်။ သို့ သတိ ထားနေသည့် ကြားမှပင် မိသွားသူ များလည်း ရှိသေးသည်။
မောင်လင်းအောင် စတင် ရေကူးစဉ်က သင်္ဘောနှင့် ဆုံသည်ကို မရှောင်တတ်၍ မလေးရှား ဘက်သို့ အကြိမ်ကြိမ် ပြန်လှည့်ရသည်။ နောက် သူငယ်ချင်းများ သင်ပေးမှ ရေငုပ်ကာ ရှောင်သည့်နည်းကို သုံးကာ သင်္ဘောလွန်မှ ဆက်ကူး ရသည်။ သို့သော် ပင်လယ် ရေလက်ကြားမှာ အလွန် ကျယ်ပြောလှသည် ဖြစ်ရကား ပထမအကြိမ်က ဆိုလျှင် စင်ကာပူသို့ ရောက်မည် မဟုတ်။ လမ်းတွင်ပင် လက်အံသေကာ ဘ၀ဆုံးတော့မည် ဟု ထင်မိသည် ထိ ဖြစ်သည်။
သို့သော်လည်း နောက် အခေါက်များတွင် သိပ် မဆန်းတော့။ ထို ပင်လယ် ရေလက်ကြားကို ဖြတ်ခဲ့သည်ပင် သုံးကြိမ် မက။ အနည်းဆုံး ၅ ကြိမ်ခန့် ရှိမည်ထင်သည်။ ရေကူးချိန်မှာ စုစုပေါင်း နှစ်နာရီခန့် ကြာသည်။ ကုန်းပေါ်ရောက် သော်လည်း ချက်ခြင်း မြို့တွင်း ၀င်လို့မဖြစ်သေး။ ကျကျနန မိမိကိုယ်ကို ပြင်ဆင်ပြီး အသားကျအောင် လုပ်ရသည်။ မိုးလင်းခါနီးမှ လမ်းမသို့ထွက်ကာ တက္ကစီနှင့် မိမိသွား လိုရာသို့ လာရသည်။
စင်ကာပူသို့ ရောက်စက မျက်စိသူငယ်၊ နားသူငယ်နှင့် ဖြစ်သည်။ အလုပ်အကိုင် ဆိုသည်မှာ မသေချာ။ သူငယ်ချင်းများ အဆက်အသွယ် နှင့် ရှာရသည်။ သူတို့လုပ်သော အလုပ်တွင် နေရာလပ် ရှိလျှင် ၀င် လုပ်ရသည်။

ရောက်စလက အလုပ်မရှိသေး။ ပါလာသမျှလေးနှင့် စားသောက်နေရသည်။ ပါလာသည့် ပိုက်ဆံ ကုန်သွားတော့ သူငယ်ချင်းများ ထံ ချေးငှား သုံးစွဲရသည်။ ပိုက်ဆံမရှိတော့ အိမ်ငှား၍ မနေနိုင်။ တောထဲတွင် ဖြစ်သလို နေရသည်။ မိုးရွာ သည့် အခါများတွင် အလွန် ဒုက္ခရောက် လှသည်။ အိပ်စရာ မရှိ။ နေစရာက နတ္ထိ။ ခြင်များ ကိုက်လိုက်သည် မှာလည်း ပြောစရာ မရှိ။ သို့သော် မတတ်နိုင် သည် အတိုင်း ဒုက္ခခံ နေရသည်။ မိုးသိပ် သည်းလာလျှင်တော့ အရိပ်အချည် ကြည့်ကာ အနီးအနားရှိ တိုက်များအောက်တွင် သွားရောက် ခိုလှုံရသည်။ စားချိန်တန်လျှင် ဘုန်းကြီးကျောင်းသွား လုပ်ကိုင်ပေးရင်း ဆွမ်းကျန်၊ ဟင်းကျန်ကလေးများ စားရသည်။

အလုပ်မရှိ၍ ပိုက်ဆံ အဆင်မပြေ သောအခါ မလေးရှားသို့ ပြန်ထွက်ရသည်။ ရသမျှ အလုပ်ကလေး လုပ်ကိုင် ပိုက်ဆံစုကာ စင်ကာပူ သို့ နောက်တစ်ခေါက် ထပ်ဝင်ရသည်။
နောက်တစ်ခေါက် ထပ်မ၀င်ခင် ပထမ တစ်ခေါက်ကကဲ့သို့ မဖြစ်စေရန် သူငယ်ချင်းများ ကို အလုပ်ရှိလျှင် ပြောပါလို့ ကြိုမှာထားရသည်။ အလုပ် သေချာပြီ ဆိုတော့မှ စင်ကာပူသို့ ၀င်ရသည်။ ဘာပဲပြောပြော၊ စင်ကာပူတွင် လုပ်ပါက တစ်လလျှင် ၁၅ ရက်လောက် လုပ်လိုက်လျှင်ပင် မိမိအတွက် တွက်ချေ ကိုက်သည်။ မိမိ အသုံးစရိတ် နှုတ်ပြီး သုံးသိန်းခွဲ၊ လေးသိန်းခန့် ပြန်ပို့နိုင်သည်။ သို့အတွက် အန္တရာယ် များမှန်းသိလျှက်နှင့် စွန့်စား လုပ်ကိုင်ရသည်။
သည်တစ်ခေါက် တွင်တော့ သူငယ်ချင်းများနှင့် စုပြီး အိမ်ခန်း ငှားနေသည်။ တစ်ယောက်လျှင် အိမ်လခ စင်ကာပူ ဒေါ်လာ ၂၁၀ ပေးရသည်။ သို့သော် ချက်စား၍ မရ။ အိမ်ရှင်များက ညစ်ပတ်မည်၊ အနံ့များ နံမည် စိုးသဖြင့် ထမင်း၊ ဟင်း ချက်ခွင့် မပြု။ ထိုအခါ အပြင်၌ ၀ယ်စားရသဖြင့် ပိုက်ဆံ ပိုကုန်သည်။ သို့သော် မတတ်နိုင်။ သည်နည်းပဲ ရှိသည်ကိုး။
သူများဆီမှာ အငှားနှင့် လုပ်လျှင် တစ်ခါ တလေ တစ်ရက်လျှင် ၅၀၊ တစ်ခါတလေ ၆၀ စသဖြင့် ရ တတ်သည်။ အချို့ သူဌေးများက ထမင်းကျွေး တတ်သော်လည်း များသောအားဖြင့်မူ ထမင်းမကျွေး တတ်ပါ။ တနင်္ဂနွေ ဆင်းရသည့် အခါများတွင် အလွန် တွက်ချေ ကိုက်လှသည်။ ပိတ်ရက်များ တွင် နှစ်ဆ ပေးသဖြင့် တနင်္ဂနွေ နှစ်ရက် ဆင်းလိုက်ပါက မိမိ တစ်လ အသုံးစရိတ် ကို ကာမိသည်။ သို့သော်လည်း အလွန် ကံကောင်း ထောက်မ ပါမှ တနင်္ဂနွေ နေ့များတွင် ဆင်းရပြီး များသော အားဖြင့်မူ မဆင်းရ တတ်ပါ။

မိမိ ဆေးသုတ်နေသော အိမ်ခန်း နှင့် အနီးအနား အခန်းများက လာငှားလျှင် အလုပ်ကို မိမိဖာသာ ၁၃၀၀၊ ၁၅၀၀ စသဖြင့် ဈေးဖြတ်ပြီး လက်ခံလိုက်သည်။ ထိုအခါတွင် မိမိက ဆေးဘိုးမျှသာ စိုက်ရသဖြင့် မျိုးမျိုးမြက်မြက် ကျန်တတ် သည်။ တစ်ခါတွင်မူ Buona Vista မှ ဆေးရုံတစ်ခုတွင် ဆေးသုတ်သည့် အလုပ် ရသဖြင့် အတော် အဆင်ပြေ သွားသည်။ အလုပ်မှာ တစ်လခန့်ကြာ ဖြစ်သဖြင့် ထိုလတွင် အိမ်သို့ ဆယ်သိန်း ပို့လိုက်နိုင်သည်။
မိမိမည်ကဲ့သို့ပင် ဒုက္ခများစွာနှင့် ရင်ဆိုင်နေရ သော်ငြားလည်း ဤကဲ့သို့ အမေ့ထံ ပိုက်ဆံ မြိုးမြိးမြက်မြက် ကလေး ပို့လိုက်ရသည် ဆိုလျှင်ပင် မောင်လင်းအောင်မှာ ခံစားခဲ့ရသော ဒုက္ခ အားလုံးကို မေ့ကာ အလွန် ပျော်ရွှင် သွားမိရ တော့သည်။ မိမိ မည်သို့ပင် ဖြစ်နေပါစေ။ မိခင်ကြီးနှင့် နှမကလေးများကိုတော့ တင့်တောင့်တင့်တယ် ထားပေးချင် သည်။

မိမိတို့မှာ တရားမ၀င် နေထိုင်သူများ ဖြစ်သဖြင့် အစစ သတိထားရသည်။ ရဲများ သူတို့ကို မျက်ခြေပြတ် မခံ လိုက်လံ စုံစမ်း နေကြောင်းလည်း ရိပ်မိသည်။ သို့သော် ရဲများကလည်း အရိပ်အခြေ စောင့်ကြည့် နေသည်။ သူတို့ ပြဿနာ တစ်စုံတရာ မလုပ်လျှင်တော့ အသာ လွှတ်ပေးထားသည်။ ပြဿနာဖြစ်ပြီ ဆိုသည်နှင့် ညှပ်ပူး ညှပ်ပိတ် အပိုင် ဖမ်းသည်။ ပြေးလို့ လွတ်ရိုး ထုံးစံ မရှိပါ။
မောင်လင်းအောင် ကဲ့သို့ပင် တရားမ၀င် နေထိုင် လုပ်ကိုင်နေသူ သူ့သူငယ်ချင်း ၅ ယောက်ခန့် ရှိသည်။ စနေ နေ့ည များတွင် သူငယ်ချင်း များ ဂေလမ်း (Geylang) ရှိ စားသောက်ဆိုင် များတွင် တွေ့ဆုံကြ၍ စားရင်း သောက်ရင်း စကားစနေ ပြောကြသည်။ အခြား နေ့များတွင် မတော့ ကြုံသလို တည့်သလို စားကြရသည်။

မောင်လင်းအောင်၏ ရည်ရွယ်ချက်မှာ စင်ကာပူတွင် အလုပ်လုပ်ကာ ပိုက်ဆံစုပြီး အိမ်ပြန်၍ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု ထူထောင် လုပ်ကိုင်ရန် ဖြစ်သည်။ အားကြိုးမာန်တက် လုပ်ချင်ပါ သော်လည်း အလုပ်က နေ့တိုင်းမရှိတော့ ခက်သည်။ လိုချင်သည့် ပိုက်ဆံ တော်တော်နှင့် မစုနိုင်။
ကံ ဆိုသည်မှာ ကြာကြာကောင်းနေရိုး ထုံးစံမရှိရကား မောင်လင်းအောင် စင်ကာပူမြေသို့ ခြေချမိပြီး ၃ လ ခန့် အကြာတွင် ရဲများ ညှပ်ပူးညှပ်ပိတ် ဖမ်းခြင်းကို မရှောင်သာပဲ အမိခံလိုက်ရသည်။ ကြိမ်ဒါဏ် ၄ ချက်နှင့် ထောင် တစ်လ အချခံရသည်။ ကြိမ်ဒါဏ် လေးချက် ဆိုသည်မှာလည်း သက်သာလှသည် မဟုတ်ပါ။ မချိမဆန့် ခံစားရသည့်ပြင် သေရာပါ အမာရွတ် ထင်ကျန်ရစ်ခဲ့လေသည်။ ထောင်မှ လွတ်သည်နှင့် ရဲဌာနကပင် မြန်မာပြည် ပြန်ရန် ယာယီထုတ်ပေးသော ပတ်စ်ပို့စာအုပ် လုပ်ပေးသည်။ ထို့နောက် တော့ မြန်မာပြည်သို့ ပြန်ပို့လိုက်သည်။

မောင်လင်းအောင်၏ အမေဘက်မှ ဆွေမျိုးများမှာ အလွန်ချမ်းသာ ကြသည်။ ထားဝယ်တွင် ငှက်ပျောခြံ၊ အုန်းခြံ ကြီးများ ပိုင်သည့်ပြင် အဝေးပြေးကား လေးစီးလည်း ရှိသည်။ သူတို့က မောင်လင်းအောင်ကို သူတို့ထံ လာနေပြီး လုပ်ကိုင်ရန် ခေါ်သည်။ သို့သော် မောင်လင်းအောင် က ချမ်းသာသော ဆွေမျိုးများ ထံ အလုပ်သမား အဖြစ် သွားရောက် လုပ်ကိုင်ရ မည်ကို အလွန် မျက်နှာငယ်သည် ထင်ပြီး မလုပ်လို။ တလွဲမာန တက်နေသည်။
ရန်ကုန်မှ အဖိုးအဖွားများ ကလည်း သူ့ကို လာနေရန် ခေါ်သည်။ မောင်လင်းအောင် ထိုင်းမှ ပြန်လာစဉ် အဖိုး အဖွားနှင့် အဒေါ်များ လေယာဉ်ကွင်းသို့ လာကြိုကြသည် ဆိုသည်။ သို့သော် တစ်ဦးနှင့် တစ်ဦး တစ်ခါမှ မတွေ့ဘူးကြ သဖြင့် ထားဝယ် ပြန်လာသည် ထိ မဆုံဆည်း လိုက်ရပါ။ မောင်လင်းအောင် အဖို့ ချမ်းသာသော အဖိုးအဖွား များထံ သွားရန် မှာ စွန့်စားခန်းကြီး တစ်ခု ဖြစ်နေသည်။ ထိုင်းနိုင်ငံသို့ သွားစဉ်ကပင် သည်မျှ လက်မတွန့်ခဲ့။ သို့နှင့် အဖိုးအဖွားများ ပေးမည့် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ လက်လွတ်ခဲ့ရသည်။
အဒေါ်များ မှာလည်း အပျိုကြီးများ ဖြစ်သဖြင့် အားကိုးစရာ ဆွေမျိုးရင်းချာ ထဲမှ ယောက်ျား ကလေး တစ်ဦးတစ် ယောက် တော့ လိုချင်သည်။ သို့အတွက် မောင်လင်းအောင်ကို အိမ်တိုင်ယာရောက် လာခေါ်ကြ သေးသည်။ မောင်လင်းအောင်က လိုက်မည် ပြောပြီးမှ ပြန်ခါနီးတွင် မလိုက်လိုတော့ ဟု ဆိုသဖြင့် မျက်ရည်စက်လက်နှင့် ပြန်သွားကြ ရသည်။
မောင်လင်းအောင်ကို ခေါ်လို့မရတော့ တစ်ဝမ်းကွဲတော်သူ တူ တစ်ဦးကို ခေါ်ကာ လုပ်ငန်းကို ဦးစီး လုပ်ကိုင်စေသည်။
ယခုတော့ မောင်လင်းအောင်မှာ ကြုံရာကျပမ်းလုပ်ရင်း မိသားစုကို ထောက်ပံ့ ကျွေးမွေး နေရသည်။ သို့သော် အဆင်ပြေလှ သည်တော့ မဟုတ်။

မောင်လင်းအောင် ကတော့ မိမိကိုယ်တိုင် ခံစားခဲ့ရ သဖြင့် မြန်မာပြည်မှ စင်ကာပူသို့ သွားမည့် သူများကို တရားမ၀င် သွားဘို့ အားမပေးကြောင်း၊ ကြိမ်ဒါဏ် ပေးပြီးသူမှာ ရဲမှတ်တမ်းထဲ ရောက်သွားပြီ ဖြစ်သဖြင့် နောက်ထပ် တရားဝင် လာချင်သည့်တိုင် လာခွင့်မရတော့ သဖြင့် အလွန် နစ်နာလှကြောင်း စသည်များကို ပြောသွားပါသည်။

သုံးသပ်ချက်

ပညာမတတ်သော အခါ မိမိ လုပ်သည်များကို မှန်သည် မှားသည် မဆုံးဖြတ်နိုင်။ ထင်ရာ လျှောက်လုပ် သည့်အခါ ဒုက္ခများစွာနှင့် ရင်ဆိုင်တိုးရသည်။ ပညာမတတ်တော့ ပညာမတတ်သူ များနှင့်ပင် ပေါင်းသင်းရသည်။ ထိုသူများ၏ အကျင့်စရိုက် များကြောင့် မိမိဘ၀ ရှေ့ရေးကိုပါ ထိခိုက်ရသည်။ ထို့ပြင် မိဘများမှာလည်း သားသမီးကို သွန်သင်ဆုံးမနိုင်ခြင်း မရှိ သည့်ပြင် မိမိကိုယ်နှိုက်က ဆိုးပေးတေ နေသဖြင့် မိမိ သားသမီးများ၏ အနာဂါတ်ကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်သည်။
ထို့ပြင် မောင်လင်းအောင်မှာ တလွဲမာန တက်နေသဖြင့် လက်တစ်ကမ်းတွင် အခွင့်အလမ်း ကောင်းများ ရှိနေသည့်တိုင် ထိုအခွင့်အလမ်း ကောင်းများနှင့် လွဲနေခဲ့ရသည်။

No comments: