Wednesday, August 5, 2009

Bitter Life III

(၃) ကိုသန်းငြိမ်းအောင်

အမည် - ကိုသန်းငြိမ်းအောင်
အသက် -
ပညာအရည်အချင်း -
လက်ရှိအလုပ်အကိုင် -
တစ်လ ၀င်ငွေ - S$

စင်ကာပူတွင် အလုပ်လုပ်ပြီး ငွေစုလျှက် လုံလောက်သော အရင်းအနှီးရလျှင် မြန်မာပြည် အပြီးပြန်ကာ ကိုယ်ပိုင် လုပ်ငန်း ထူထောင်ရန် ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားသူမှာ ကိုသန်းငြိမ်းအောင် ဖြစ်ပါသည်။
ကိုသန်းငြိမ်းအောင် ကို ကြည့်ရသည်မှာ ခပ်ရိုးရိုး၊ ခပ်အေးအေး ဖြစ်ပါသည်။ သူ့စကားများအရတော့ စင်ကာပူကို သိပ်နှစ်သက်ပုံ မပေါ်ပါ။ ကျွန်းထဲမှာ အချိန်ပြည့် နေနေရတာ ဆိုတော့ စင်ကာပူဆိုသည်ကို ဖြူသည်မဲသည် သဲသဲကွဲကွဲ သိပုံမရသေးပါ။ သူကတော့ သူ့အကြောင်းရေးလျှင် နာမည်နှင့် နေရပ် မထည့်ပါနှင့် ဟု ကြိုတင် စကားခံထားပါ၏။ ကျွန်တော် အင်တာဗျူးသူများထဲမှ ထူးထူးခြားခြား တောင်းခံလာသူ ဖြစ်ပါသည်။ သူ့အကြောင်းကို တစေ့တစောင်း လေ့လာကြည့်ကြ ပါစို့။

၁။ မူလ စီးပွားရေး အခြေအနေ

ကျွန်တော်က အထက်မြန်မာပြည် မုံရွာ ဘက်က။ နိုင်ငံခြားလာဘို့လည်း ရည်ရွယ်ချက် မရှိခဲ့ပါဘူးဗျာ။ ဒါပေမဲ့ အခြေအနေ တစ်ခုအရ လာခဲ့တာပဲ။
အိမ်မှာက ဖယောင်းတိုင်စက် ထောင်ထားတယ်။ ဒီတော့ ကျွန်တော်က အိမ်ကလုပ်ငန်းကိုပဲ ကူပြီး လုပ်တယ် ပေါ့ဗျာ။ ဖယောင်းတိုင် လုပ်ပြီး နယ်တွေကို လိုက်ပို့တယ်။ ရောင်းလို့တော့ မဆိုးပါဘူး။ ဒါပေမဲ့ အကြွေးကျတယ် ဗျ။ အဟောင်းပေး အသစ်ယူပေါ့ဗျာ။ ဘယ်သူက ဘယ်တုံးက ဘယ်လောက်ယူတယ် စသဖြင့် မှတ်ထားရတာပေါ့။ အစပိုင်း ကတော့ မဆိုးပါဘူး။ ကြွေးဟောင်းဆပ်လိုက်၊ ကြွေးသစ် ထပ်ယူလိုက်။ ဒါပေမဲ့ နောက်ပိုင်း လူချင်း ရင်းနှီးလာတဲ့အခါ ကျတော့ ကြွေးတောင်းရတာ မကောင်းတော့ဘူး။ နောက်တစ်ခေါက် သွားတဲ့အခါကျတော့ အရင်တစ်ခေါက်က ယူထား တာကို မပေးတော့ဘူး။ ဟာ၊ အဆင်မပြေသေးလို့ စသဖြင့် ပေါ့ ပြောတယ်။ အရင်ကြွေးဟောင်းက သုံးသောင်းဘိုး လောက် ရှိတယ်။ နောက်ထပ် ၈၀၀၀ ဘိုး ထပ်ဝယ်ရင် အဲဒီ ၈၀၀၀ ဘိုး။ တစ်သောင်းဘိုးယူရင် တစ်သောင်းဘိုးကို လက်ငင်း ချေပေးလိုက်တယ်။ ပထမ ကြွေးဟောင်းကိုကျတော့ အပျောက် ထားလိုက်တော့တာ။
ဆိုင်ကလည်း နည်းနည်းများတယ်။ တစ်ရွာကို လေး၊ ငါး၊ ခြောက်ဆိုင်လောက် ရှိတယ်။ ရွာကလည်း များတယ်။ ကျွန်တော်က အစကတဲက အစီအစဉ် ဆွဲထားရတာပေါ့။ ဒီနေ့ ဘယ်ရွာ သွားမယ်။ နောက်နေ့ ဘယ်ရွာသွားမယ် စသဖြင့်။ ကုန်ကြမ်းကိုတော့ မန္တလေးမှာ ၀ယ်ရတယ်။
အဲဒီလို နေ့တိုင်း အကြွေးချည်း တောင်းနေရတာ။ ကြာတော့ ကျွန်တော် အာရုံနောက်လာတယ်။ တောင်းလည်း မတောင်းချင် တော့ဘူးဗျာ။ ကြွေးတောင်းရတာ အားလည်းနာတယ်၊ ကိုယ့်ဟာကိုယ်လည်း ရှက်လာတယ်။ ယိုသူမရှက် မြင်သူရှက် ဆိုသလို၊ ကြွေးတောင်းခံရတဲ့ သူတွေက ဘယ်လိုမှ မနေဘဲ ကျွန်တော်ပဲ မျက်နှာမပြချင်အောင် ဖြစ်လာတယ်။
အဲဒါနဲ့ ကျွန်တော် အိမ်ကို နားပူနားဆာ တိုက်တယ်။ နိုင်ငံခြား သွားအလုပ်လုပ်မယ် ပေါ့။ အိမ်ကလည်း မသွား စေချင်ဘူး။ တားတယ်။ မသွားနဲ့ ပေါ့။ အိမ်မှာလည်း အိုးမကွာ အိမ်မကွာ လုပ်လို့ရတဲ့ စီးပွားရေး လုပ်ငန်း ရှိနေတာကိုး။ ဒါပေမဲ့ဗျာ။ ကျွန်တော့်အနေနဲ့ကလည်း နေ့တဒူဝ (နိစ္စဓူဝ) လုပ်နေရတဲ့ ဒီ ကြွေးတောင်းတဲ့ အလုပ်ကြီးကို လုပ်နေရတာ အတော့်ကို စိတ်ကုန်လာတယ်။ ကျွန်တော်တို့ ဖောက်သည်တွေကလည်း ကောင်းပါတယ်။ ကျွန်တော်တို့ ဖယောင်းတိုင် ကလွဲလို့ တခြား ဘယ်ဖယောင်းတိုင်မှ မသုံးဘူး။ ဒီတော့ ကျွန်တော်ကလည်း သူတို့ အဆင်မပြေလို့ မပေးတာလို့ ဒီလိုပဲ ယူဆတယ်။ ကြွေးတောင်းမရတော့ ပိုက်ဆံတွေက ခေါင်းကွဲကုန်တယ်။
ဒါပေမဲ့ ဖယောင်းတိုင် ထုတ်ဖို့ကလည်း ကုန်ကြမ်းတွေက ၀ယ်ရသေးတာကိုး။ ဖယောင်း၊ မီးစာ၊ ပလတ်စတစ် အိတ် စသဖြင့် ပေါ့။ ကုန်ကြမ်းက မန္တလေးမှာ ၀ယ်ရတာ။ မန္တလေးဆိုတာကတော့ သိတဲ့ အတိုင်းပဲလေ။ ကျွန်တော်တို့ အမြဲတမ်း ၀ယ်နေတဲ့ ဖောက်သည်တွေတောင် ရေနွေးကြမ်းလေး ဘာလေး တိုက်ဖော်ရတာ မဟုတ်ဘူး။ အကြွေးဆိုတာ လေသံနဲ့တောင် မဟနဲ့။ ကုန်ကြမ်းကလည်း တစ်ခါဝယ်ရင် ငါးသိန်းခွဲ၊ ခြောက်သိန်းဘိုး ၀ယ်ရတာလေ။ နည်းနည်းလေး မဟုတ်ဘူး။ တောမှာ တစ်ခါတစ်ခါ ငါးသိန်း၊ ခြောက်သိန်းဘိုး ၀ယ်ဘို့ဆိုတာ မလွယ်ဘူးဗျ။ သီးတင်းကျွတ်၊ တန်ဆောင် တိုင် ဆို အများကြီး ပိုဝယ်ရတယ်။ ၀ါမကျွတ်ခင် သုံးလလောက်ကတဲက ကုန်ကြမ်းတွေစု၊ ဖယောင်းတိုင်တွေ ကြိုထုတ်၊ စသဖြင့် လုပ်ထားရတယ်။ ဖောက်သည်တွေ လာတဲ့အခါ ပစ္စည်းမပြတ်သွားအောင်။
အဲဒီတော့ ကုန်ကြမ်းသွားဝယ်တော့မယ် ဆိုရင် ကျွန်တော် အမြဲ ဦးဏှောက် ခြောက်ရတယ်။ ပိုက်ဆံတွေ စစ် ကြည့်။ ပိုက်ဆံကမပြည့်။ ဒီတော့ ကြွေးတောင်း ထွက်ရပြန်ရော။ သူတို့ကလည်း အမျိုးမျိုး ပြောလွှတ်တယ်။ ဟာ၊ မောင် လေးရေ့။ မနေ့ကမှ စပါးဘိုးတွေ ချေလိုက်လို့။ ဟာ၊ ဒီနေ့တော့ ထယ်ဘိုးပေးလိုက်လို့၊ ထွန်ခ ပေးလိုက်လို့၊ ဂျုံသွားရောင်း တာ အကြွေးကျလို့ စသဖြင့် အကြောင်း အမျိုးမျိုးပြ။ အစပိုင်းတော့ ကျွန်တော်လည်း မသိသေးတော့ ယုံတာကိုး။ နောက် ပိုင်းကျတော့ နားရည်ဝသွားပြီ။ ဒီအကြောင်းပြချက်တွေက ရိုးအီသွားပြီ။ ဒီတော့ ကျွန်တော်လည်း သူတို့ကို ပြန်ပြီး လှည့်ကွက် ဆင်ရတော့တာပေါ့။
အာ၊ အဒေါ်ရယ်၊ ကျွန်တော်လည်း မတောင်းချင်ပါဘူးဗျာ။ ဒါပေမဲ့၊ ကျွန်တော် ကုန်ကြမ်းသွားဝယ်ရမှာ မို့ပါ။ ကျွန်တော်တို့ မန္တလေးမှာ ကုန်ကြမ်းဝယ်တယ် ဆိုတာက အဒေါ်တို့ဆီမှာလို အကြွေးချလို့ ရတာ မဟုတ်ဘူး။ ပိုက်ဆံ ပေးရင် ကုန်ပေးမယ်။ ပိုက်ဆံမပေးဘူးနော်၊ ကုန်မရဘူး။ ဒါပဲ စသဖြင့် ပြောရတာတော့တာပေါ့။ အကုန်လုံး ကိုယ်ဝယ်ရင် ကိုယ်ဝယ်သလောက် အားလုံးချေခဲ့ရတာ။ အစွန်းထွက် ၃၀၊ ၄- ၅၀ ကစ အမှန်အကန် ချေပေးရတာ လို့။ တစ်ခါတလေ တော့လည်း ချော့မော့ပြော။ တစ်ခါတလေတော့လည်း ငေါက်ငန်းပြော ပေါ့။ တောင်းလို့ ရတဲ့ဟာလည်း ရတယ်။ မရတဲ့ ဟာလည်း မရဘူး။
ကျွန်တော်ကလည်း စကားကို ဟိုလို ဒီလို လှည့်ပတ်ပြောပြီး ကြွေးတောင်းနေရတာကို အတော့်ကို စိတ်ကုန်လာ တယ်။ ဆက်မလုပ်ချင်တော့ဘူး။ အဲဒါနဲ့ အိမ်ကို ကျွန်တော် ကိုးရီးယားနဲ့ စင်ကာပူ တစ်ခုခုကို ရောက်အောင် သွားတော့ မယ် လို့ပြောလိုက်တယ်။ အိမ်ကတော့ မသွားစေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကလည်း သွားချင်တယ်။ နောက်ဆုံးတော့ သွားခွင့်ပေးလိုက်ပါတယ်။

၂။ ရေကြည်ရာ

အဲဒါနဲ့ ကျွန်တော် ပိုက်ဆံထုပ်ပိုက်ပြီး ရန်ကုန် ဆင်းလာခဲ့တယ်။ ကျွန်တော်တို့ အမျိုးဘုန်းကြီးက လှည်းကူးမှာ ကျောင်းထိုင် ဖြစ်နေတော့ သူ့ကျောင်းမှာ တည်းပြီး ရန်ကုန်ထဲသွား အဆက်အသွယ် ရှာခဲ့တာပေါ့။ ပထမဆုံး ပတ်စ်ပို့ စာအုပ် လုပ်တယ်။ စာအုပ်တော့ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ လျှောက်မေးရင်း စမ်းရင်း ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်တယ်။ ပတ်စ် ပို့ လျှောက်ထားတုံးလည်း အေးဂျင့်တွေ လိုက်စုံစမ်းတာပေါ့။
စာအုပ်က တစ်လဆို ထွက်တာကိုး။ ဒါနဲ့ ဘုန်းကြီးနဲ့ ကျွန်တော် မြို့ထဲသွား၊ ကြားဘူးနားဝ ရှိသမျှ အေးဂျင့်တွေ လိုက်မေးတာပေါ့။ နောက်ဆုံးတော့ ခု ထွက်လာမဲ့ အေးဂျင့်နဲ့ သွားတွေ့တယ်။ တွေ့တော့ ကျွန်တော်က ကိုးရီးယား အလုပ် ရှိသလား ပေါ့ မေးတယ်။ သူတို့က မရှိဘူး။ စင်ကာပူ သွားချင်ရင်တော့ ရှိတယ် လို့ ပြောတယ်။
ကျွန်တော်လည်း သိပ် ချေးများမနေတော့ဘူး။ ကဲ ဒါဆို စင်ကာပူ ပဲ သွားတော့မယ်။ အေးဂျင့်ဖီး ဘယ်လောက် လဲ ဆိုတော့ စင်ကာပူဒေါ်လာ ၃၆၀၀ တဲ့။ နောက်ပြီး လေယာဉ်လက်မှတ် ကိုယ့်ဟာကိုယ် ၀ယ်ရမယ်။ လေဘာကဒ် (Labour Card - အလုပ်သမား မှတ်ပုံတင် ကဒ်ပြား) လုပ်ရမယ်။ သင်တန်းတက်ရမယ်။ ဘဏ်စာရင်း (Bank Account) ဖွင့်ရမယ် တဲ့။ ဘဏ်စာအုပ် လုပ်တာက FEC ၆၀ ပေးရတယ်။
ဒါနဲ့ ပုံစံ - ၁၀၊ မှတ်ပုံတင် စတဲ့ စာရွက်စာတမ်းတွေ ပေးရတယ်။ ပေးတော့ deposit အနေနဲ့ တစ်သိန်း ပေးရမယ် တဲ့။ ပေးဆိုတော့လည်း ပေးလိုက်တာပေါ့။ နောက်တော့ ကဲ ဟိုမှာ အလုပ်လုပ်ဖို့ ဒီမှာ သင်တန်းတက်ရမယ် တဲ့ ပြောတယ်။ တက်ဆိုလည်း တက်ပေါ့ဗျာ။ အနို့ ကိုယ်မှ နားမလည်တာ။ သူတို့ပြောတာပဲ အားလုံး နားထောင်။ သူတို့ ပြောသမျှ အကုန်လုပ်ပေါ့။
ဘာသင်တန်း တက်ရမလဲ မေးတော့ ငါတို့မှာ Welder, Pipe fitter, Steel Fitter အလုပ်တွေ ရှိတယ်။ နင် ဘာ စိတ်ဝင်စားသလဲ ဆိုတော့ ကျွန်တော် ဘယ်သိမလဲဗျာ။ ဒါနဲ့ အဆင်ပြေတာ တစ်ခုသာ လုပ်ပါဗျာ ဆိုတော့ သူတို့ကပဲ ဒါဆို ပိုက်ဖစ်တာ လုပ် ဆိုပြီး ပိုက်ဖစ်တာ သင်တန်း သွားတက်ခိုင်းတယ်။ သင်တန်းကြေး တစ်သိန်းခွဲ တဲ့။ ဟုတ်ပြီး ပေးမယ် ဆိုပြီး ကျွန်တော်လည်း ပိုက်ဖစ်တာ သင်တန်း သွားတက်တယ်။
မကြာပါဘူးဗျာ၊ ကျွန်တော် ပိုက်ဖစ်တာသင်တန်း သွားတက်ပြီး ၈ ရက်လောက်လဲ ကြာရော အင်တာဗျူး ရှိတယ်။ နင် ၀င်ဗျူးလိုက် တဲ့။ အာ - ဗျူးရအောင် ကျွန်တော်မှာ ဘာမှ မတတ်သေးတာပဲ။ ဘယ့်နှယ်လုပ် ဗျူးမလဲ ပေါ့။ ဘာကို ဘယ်လိုခေါ်မှန်းတောင် မသိသေးဘူး။
ဒါပေမဲ့ သူတို့က ရုံးက ၀န်ထမ်းတွေကရောပဲ။ ဖြစ်ပါတယ်၊ ဗျူးမှာ ဗျူးပါ။ ဘာမှ မခဲယဉ်းပါဘူး။ ဟိုရောက်ရင် ရသွားမှာပါ တဲ့ အတင်းတွန်း။ ကျွန်တော်ကလည်း ဘယ်ဖြစ်မလဲဗျာ၊ ကျွန်တော်ဘာမှ မတတ်သေးပဲ လိုက်သွားရင် ကိုယ့် ဒုက္ခ ကိုယ်ရှာသလို နေမှာပေါ့ ဆိုပြီး အင်တာဗျူးမ၀င်ဘဲ အတင်းပေကပ်နေတယ်။ နောက်ပြီး သင်တန်းဆရာတွေ ဆိုတာ ကလည်း သူတို့လူတွေကို အတင်းတွန်းတယ်။ သွားပေါ့ကွာ၊ မင်းမပါရင်တောင် နိုင်ငံခြားသားနဲ့ စကားပြောတဲ့ အတွေ့အကြုံတော့ ရတာပေါ့ တဲ့။
ကျွန်တော်ကလည်း ဘာမှ မတတ်သေးဘဲ အင်တာဗျူး ၀င်ရမှာကို အတော် လန့်နေတယ်။ ဒါနဲ့ ကျောင်းပြန်ပြီး ဘကြီး ဘုန်းကြီးနဲ့ တိုင်ပင်တယ်။ ဘုန်းဘုန်းလို့ ဒီလို ဒီလိုပဲ ပေါ့။ ဘုန်းကြီးကလည်း အေး၊ ငါတော့ မပြောတတ်ဘူးကွ။ မင်း ဆရာတွေနဲ့ တိုင်ပင်ကြည့်ပေါ့ တဲ့။ အာ၊ အဲဒီဆရာတွေနဲ့ တိုင်ပင်ရအောင် ဆရာတွေက သူတို့ လူတွေ ဘုန်းဘုန်း ရဲ့ လို့။ နောက်ပြီး အဲဒီလူတွေက ခုမှ တွေ့တဲ့လူတွေ။ သူတို့ ဘယ်လိုဆိုတာ ကိုယ်လည်း ကောင်းကောင်း သိတာမဟုတ်။ တပည့်တော်တော့ အာရုံမရဘူး လို့ ပြောလိုက်တယ်။ ဘုန်းကြီးလည်း အကြံအိုက်သွားတယ် ထင်ပါတယ်။ အေး၊ ဒါတော့ မင်းသဘောပဲကွ တဲ့ ပြောတယ်။
ဒါနဲ့ ကျွန်တော် အဲဒီအင်တာဗျူးကို မ၀င်တော့ဘူး။ သူတို့က မင်း ဒီအင်တာဗျူးပြီးရင် နောက် တစ်ခုက သင်္ကြန် ကျော်မှ လာတော့မှာနော် တဲ့၊ လုပ်လိုက်သေးတယ်။ ကျွန်တော်ကလည်း သင်္ကြန်ကျော်တော့လည်း ကျော်ပေါ့ဗျာ လို့ ပြောလိုက်တော့မှ သူတို့ လက်လျှော့သွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ သင်္ကြန်မတိုင်ခင် အင်တာဗျူး တစ်ခု လာပြန်ရော။ သူတို့ ကျောင်းကို ဖုံးဆက်တယ်။ ကျွန်တော် မရှိဘူး။ ကျောင်းပြန်ရောက်မှ ဘုန်းကြီးက မင်း၊ အင်တာဗျူးရှိတယ် ပြော တယ်၊ ဖုံးပြန်ဆက်လိုက်ဦး ဆိုလို့ သူတို့ဆီ ဖုံးဆက်တယ်။ သူတို့က အင်တာဗျူး ရှိတယ်၊ welder နဲ့ တဲ့။ အာ၊ ကျွန်တော်မှ welding မဆော်တတ်တာ။ ဘယ့်နှယ့်လုပ် ဗျူးမတုံး လို့။ မင်းကွာ welding ဆော်တာများ၊ ဘာခက်တာ လိုက်လို့။ တောင် ခြစ်၊ မြောက်ခြစ် ခြစ်ရင်းနဲ့ ဖြစ်သွားမှာပေါ့ တဲ့။ လုပ်ပြန်ရောဗျို့။
သူတို့ အတင်းတက်ခိုင်းတာနဲ့ပဲ ပိုက်ဖစ်တာ သင်တန်းကနေ welder သင်တန်း ရောက်သွားပြန်ရော။ welder သင်တန်းကြေးက ၈ သောင်း။ ဆိုတော့ ပိုက်ဖစ်တာ သင်တန်းကြေးကနေ ပိုတဲ့ပိုက်ဆံ ပြန်အမ်းပေးတယ်။ ပိုက်ဖစ်တာ သင်တန်းတုံးကလည်း သူတို့ပဲ မင်း ပိုက်ဖစ်တာက အရမ်းကောင်းတာ။ တက်လမ်းရှိတယ်။ နောက်ပိုင်း supervisor တွေ ဘာတွေ ဖြစ်လာမှာ စသဖြင့် မက်လုံးတွေ ဘာတွေ လျှောက်ပြောတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လည်း ကိုယ့်အကြောင်း ကိုယ် သိထားတဲ့အတွက် သူတို့ ပြောတိုင်း မယုံပါဘူးဗျာ။
သူတို့ကလည်း ကြော်ငြာတွေ ဝေပြီး ဒီ့ပြင် အေးဂျင့်တွေက လူတွေပါ လျှောက်ခေါ်။ လူကများ၊ ပစ္စည်းကနည်း။ မီးက ပြတ်သွားလိုက်၊ တော်ကြာ အာဂွန် ကုန်ပြန်ပြီ။ စောင့်နေရလိုက်။ သေသေချာချာ ဆော်ရတယ်ကို မရှိပါဘူးဗျာ။ တော်တော်နဲ့ကို ကိုယ့် အလှည့်ကို မရောက်နိုင်ဘူး။ သင်တန်းသွားလိုက်။ ပြန်လာလိုက် နဲ့ တော်တော်ကြာသွားတယ်။ အင်တာဗျူးတာက အယောက် ၃၀ လောက်ရှိတယ်။ ခေါ်တာက ၄ ယောက်။ မလေးရှားက ပြန်လာတဲ့ နှစ်ယောက်ရယ်။ 6G ဆော်တတ်တဲ့ နှစ်ယောက်ရယ် ခေါ်သွားတယ်။
ဒီကောင်တွေလဲ ရွေးပြီးရော အင်တာဗျူးပြီးပြီ တဲ့။ ကျွန်တော်တို့ အလှည့်ကို မရောက်လိုက်ဘူး။ အင်တာဗျူး မရှိတော့ဘူး ဆိုတော့ ကျွန်တော်တို့လည်း အတော် ပျော်သွားတာပေါ့ဗျာ။ နို့၊ ဘာမှ မလုပ်တတ်တာ။ ရွေးလဲ ဒုက္ခများဘို့ ရှိတာဘဲ။ နောက်ပြီး အရွေးခံရမယ်လို့လည်း မျှော်လင့်မထားဘူး ပေါ့။ ကိုယ့်ဘေးနားက လူတွေရဲ့ လက်ရာတွေက ကိုယ့် ထက် အများကြီး သာနေတာကိုး။
အဲဒီ လေးယောက်ကို လခပေးဘို့ ဈေးညှိတော့ ၂၂ ကျပ် ပေးမယ် တဲ့။ ဟို 6G ရတဲ့ သူနှစ်ယောက်က အာ- ၂၂ ကျပ်ဆို မလိုက်နိုင်ဘူးတဲ့ ဖြစ်ကရော။ အဲဒီတော့ အဲဒီ နှစ်ယောက်ကို မခေါ်တော့ဘဲ ကျန်တဲ့ နှစ်ယောက်ကိုပဲ ခေါ်သွား တယ်။ အဲဒီနှစ်ယောက်က ကျွန်တော့်သူငယ်ချင်းတွေ။
ကြားဖြတ်ပြောရရင် ကျွန်တော် ဒီရောက်လာတော့ အဲဒီ သူငယ်ချင်းတွေနဲ့ ပင်နင်စူလာမှာ တွေ့ကြတယ်။ သူတို့ အခြေအနေ မေးကြည့်တော့ မဟန်ပါဘူးကွာ တဲ့။ သူတို့က လခ တိုးတောင်းတော့ သူဌေးနဲ့ စကားများကြတယ် တဲ့။ စကားများပြီး မကြာခင်ပဲ ဒီကောင့်ကို ပြန်လွှတ်လိုက်တယ်။ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူလဲပဲ ဒီလို လူးလိမ့်ခံနေရ တာပဲ။ ကျွန်တော်တို့ ထင်တာက ဒီကောင်တွေ အရင်သွားရတော့ အားလုံး အဆင်ပြေနေပြီ အောက်မေ့နေတာကိုး။
ဆိုပါတော့။ အင်တာဗျူးပြီး သူတို့ကိုလဲ ခေါ်သွားပြီးရော ကျွန်တော်လည်း welding သင်တန်း ဆက်မတက် တော့ဘူး။ သင်တန်းကြေး ပိုက်ဆံ ၈ သောင်းလဲ ဆုံးရော။ ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် မတတ်လိုက်ဘူး။
နောက် သင်္ကြန်ကျပြီးတော့ ခု ကျွန်တော်တို့ လုပ်နေတဲ့ ကုမ္ပဏီက အင်တာဗျူးလာပြန်တယ်။ ကျွန်တော်တို့ လည်း သွားဗျူးတာပေါ့။ ဘာမှ မဟုတ်ပါဘူးဗျာ။ မင်းနာမည် ဘယ်လိုခေါ်လဲ။ အိမ်ထောင်ရှိလား ဘာလား။ သုံးခွန်း လောက် မေးတာပါဗျာ။ မေးပြီး ရွေးလိုက်တယ် တဲ့ပြောတယ်။ ကျွန်တော်ကတော့ အတော်တောင် အံ့သြသွားတယ်။ အနို့၊ ဘာမှလည်း မေးတာမဟုတ်ပဲ ကိုး။
နောက် အင်တာဗျူးပြီး နေ့လည်ကျတော့ Flange နှစ်ခုကို ဆင်ပြ။ Bolt တွေ Nut တွေ ကြပ်ပြ ပေါ့။ ကြပ်လည်း ပြီးရော စာရွက်တွေလာပေးတယ်။ လက်မှတ်ထိုး တဲ့။ စာရွက်တွေ လာပေးတယ်။ ဘယ်ဗျာ။ မှောင်ကလည်း မှောင်နေပြီ။ နောက်ပြီး စာဖတ်ဖို့ အချိန်လည်း မပေးဘူး။ ဘာမှလည်း မရှင်းပြဘူး။ အတင်းသာ လက်မှတ်ထိုးဘို့ ပြောတာပဲ။ တကယ်လို့ လင်းလင်းချင်းချင်း နဲ့ အချိန်လည်း ပေးမယ်ဆို စာချုပ်ထဲ ဘာတွေရေးထားတယ် ဆိုတာ ဖတ်ကြည့်လို့ ရသေး တာပေါ့။ ခုတော့ သူတို့ဟာက တစ်ဖက်သတ်ကြီး။ အဲဒီထဲ ဘာတွေရေးထားတယ် ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ ထိုး ထိုး ဆိုတာနဲ့ ကောက်ကက် လက်မှတ် ထိုးလိုက်ကြရတာပဲ။ ဘာမှန်းကို မသိလိုက်ဘူး။
ကျွန်တော်နဲ့ အတူပါလာတဲ့ သူငယ်ချင်းကတော့ ဟေ့ကောင်၊ အရမ်းစွတ်ရွတ် ထိုးမနေနဲ့ဦး။ ဘာတွေရေးထား မှန်း မသိပဲနဲ့။ ဖတ်လည်းကြည့်ဦး လို့တော့ ပြောတယ်။ သူတို့ဟာက အင်္ဂလိပ်လိုတွေ ရေးထားတော့ ကိုယ်ကလည်း အင်္ဂလိပ်လို သေသေချာချာ မတတ်တော့ မဖတ်တတ်။
ဒါနဲ့ ကျွန်တော် အဲဒီမှာရှိနေတဲ့ သင်တန်းဆရာတွေ မေးကြည့်တယ်။ ဘာမှ မဟုတ်ပါဘူးကွာ၊ ထိုးသာထိုးလိုက်ပါ တဲ့။ အမှန်ကတော့ သူတို့လည်း သိချင်မှတောင် သိမယ်ဗျ။ ဒါနဲ့ပဲ ကိုင်း ဘာမှ မဟုတ်လဲ မထူးပါဘူး။ ထိုးမယ်ကွာ ဆိုပြီး ကွန်ထရက် စာချုပ်ပေါ် လက်မှတ် ထိုးလိုက်ကြရတာပဲ။
ဆိုပါတော့ဗျာ။ ကိစ္စ ၀ိစ္စတွေ အားလုံးပြီးတော့ ကျောင်းပြန်လာပြီး ဘုန်းကြီးကို လျှောက်တယ်။ အရှင်ဘုရား၊ တပည့်တော် အလုပ်တော့ရပြီ။ အိမ်ခဏပြန်အုံးမယ်၊ IPA ကျမှပဲ ပြန်လာတော့မယ် ပေါ့။ အဲဒီမှာ စုစုပေါင်း သုံးလလောက် ကြာသွားတယ်။
နောက်နေ့ အိမ်ပြန်သွားပြီး အားလုံးကို အကျိုးအကြောင်း ရှင်းပြတယ်။ ဘာမှ စိတ်မပူနဲ့ပေါ့။ နိုင်ငံခြားဆိုတာ အရင်ကလို အင်မတန် ထူးဆန်းတဲ့နေရာ မဟုတ်တော့ဘူး။ ခုလဲ ကျွန်တော်တို့နဲ့အတူတူ သွားဘို့လုပ်နေကြတဲ့ သူတွေ အများကြီး။ တချို့ဆို ပြန်တောင် လာကြပြီ။ နောက်ပြီး ဟိုမှာလုပ်ရင် သူတို့ပြောစကား အရတော့ တစ်လကို လေးငါး ခြောက်သိန်း လောက်တော့ ပြန်ပို့နိုင်တယ် ပြောတယ်။ ဒီမှာ လုပ်နေရတာ အမေတို့လည်း အသိပဲလေ။ ပုံမှန်ဝင်ငွေ လို့ကို မရှိဘူး။ တစ်ခါတလေ ငါးသောင်းလောက်ပဲ ရတာ။ နောက်ပြီး ဒီလိုသွားမှလည်း အသိအမြင် ကျယ်မှာ ဘာညာပေါ့လေ။ သူတို့ စိတ်ချမ်းသာအောင် ပြောပြရတာပေါ့။
အိမ်မှာ ကျွန်တော်က အငယ်ဆုံးဆိုတော့ မိဘတွေကတော့ မသွားစေချင်ဘူးပေါ့။ ဒါပေမဲ့လည်း အားလုံးလုပ်ကိုင် ပြီးနေပြီဆိုတော့ သွားပေါ့ လေ။ ဒီကြားထဲ နာဂစ်ဖြစ်နေတော့ ဖုံးတွေက ဆက်လို့ မရဘူး။ ကျွန်တော်တို့ဆို နာဂစ်ဖြစ်လို့ ဖြစ်မှန်းတောင် မသိပါဘူးဗျာ။ ဘာလို့ ဆက်လို့မရပါလိမ့်ပေါ့။ နောက် တော်တော်ကြီးကြာတော့မှ ဖုံး အဆက်အသွယ်ရ တယ်။ ဟာ ကျနေပြီ၊ အမြန်လာခဲ့တော့ တဲ့။ ပြောတော့ လိုအပ်တာတွေ ပြင်ဆင်။ အိမ်ကလည်း အခြောက်အခြမ်း၊ စား စရာ သောက်စရာတွေ လုပ် ပေါ့။
ပြီးတော့ ရန်ကုန်ကို ထွက်လာခဲ့တယ်။ အေးဂျင့်ကို ဖုံးဆက်တော့ လာခဲ့တော့။ လေဘာကဒ် လုပ်ရမယ် တဲ့။ ဒါနဲ့ သွားတော့ ဓါတ်ပုံတွေ ဘာတွေရိုက်။ လေဘာကဒ် လုပ်။ ဘာဝယ်လိုက်အုံး။ ညာဝယ်လိုက်အုံး။ အကုန်အစုံပေါ့ဗျာ။ ပိုက်ဆံဆိုတာ ကုန်လိုက်တာ မပြောပါနဲ့တော့။ ဘယ်လောက်မှန်းကို မမှတ်မိတော့ဘူး။
Safety သင်တန်းတက်ရမယ် ဆိုလို့ သွား။ သွားတော့ စောင့် စောင့်။ ဘာတွေ စောင့်ရမှန်း မသိဘူး။ ညနေ ၆ နာရီလောက်မှ သင်ရတယ်။ နောက်နေ့တွေလဲ ထပ်သွား။ မထူးပါဘူးဗျာ။ ဒါတွေပဲ ထပ်ကာထပ်ကာ သင်နေတာပဲ။ ဒါပေမဲ့ သူတို့ပြောတာ ဘာတွေမှန်းကို သေသေချာချာ နားမလည်ခဲ့ဘူး။
နောက်ပြီး welding သင်တန်း ဆက်တက်ရမယ် တဲ့။ လုပ်ပြန်ရော။ တက်ပေါ့။ welding ကလည်း ဟုတ်တိ ပတ်တိ မဟုတ်ပါဘူးဗျာ။ မီးကပြတ်သွားလိုက်။ welding ချောင်းတွေက မကောင်း။ လက်အိတ်ကမရှိ။ မီးတွေလောင်။ ဖိနပ်ကလည်း မကောင်းတော့ ဖိနပ်ထဲ မီးပွားတွေကျ။
အဲဒီမှာ ဆရာနှစ်ယောက် ရှိတယ်။ ကျွန်တော်ကလည်း ညစ်လာတော့ ကိုယ့်ဟာကိုယ် မဆော်တော့ပဲ ဆရာတစ် ယောက်ကို တိုးတိုးတိတ်တိတ် ပြောပြီး ဆော်ခိုင်းရတယ်။ ဆရာ၊ ကျွန်တော့် ကူပါဦးဗျာ ပေါ့။ သူကလည်း မငြင်းပါဘူး။ ရတယ် ဆိုပြီး ကူ ဆော်ပေးတယ်။ သူလဲ ဆော်ပြီးရော အဲဒီသံပြားယူပြီး ကိုယ်ဆော်ထားသလိုလို ဘာလိုလိုနဲ့ နောက် ဆရာတစ်ယောက် သွားပြတယ်။ ပြတော့ ဟာ မင်းဟာ မကောင်းသေးဘူးကွ။ ထပ် လေ့ကျင့်လိုက်ဦးတဲ့။ ကိုင်းဗျာ၊ သူတို့ ဆရာကိုယ်တိုင် ဆော်ထားတာမှ မကောင်းရင် ဘယ်သူဆော်တာ ကောင်းနိုင်တော့မလဲ တဲ့။ မှတ်ကရော့။
အဲဒီလို ရန်ကုန်သွားလိုက်၊ လှည်းကူးပြန်လာလိုက်နဲ့ တော်တော်လေး ကုန်သွားတယ်။ ထမင်းဝယ်စားတာ ရော၊ ကားခရော၊ ဟိုဟာ ဒီဟာလေးတွေ ၀ယ်တာရော ပေါ့။ နောက် ပထမ အသုတ် ထွက်သွားတယ်။ နောက်တော့ ဒုတိယ အသုတ် ထွက်သွားပြန်ရော။ ကျွန်တော်တို့က တတိယအသုတ် လို့ပြောတယ်။ ပြောပြီး ပိုက်ဆံ ချေရတော့မယ်။ စင်ကာပူ ဒေါ်လာ ၃၆၀၀ တဲ့။ ၃၆၀၀ ကို ဗမာကျပ် ၉၁၀ နှုံးနဲ့ ချေရမယ် တဲ့။ အဲဒီတုံးက ၂၀၀၈ ခုနှစ် ခြောက်လပိုင်း။ ကျွန်တော်တို့ အပြင်မှာ ပိုက်ဆံဈေးလိုက် စုံစမ်းတော့ စင်ကာပူ ဒေါ်လာက ၈၇၀ ဈေး ပဲ ပေါက်တယ်။ ဒါတောင် များများယူရင် လျှော့ဦးမှာ တဲ့။ ဒီတော့ ကျွန်တော်တို့ အပြင်ကနေ ၀ယ်ပြီး စင်ကာပူဒေါ်လာနဲ့ ချေဘို့ပြောတော့ သူတို့က လက်မခံဘူး။ သူတို့ဆီမှာ ၉၁၀ နှုံးနဲ့ ဗမာငွေ ချေရမယ် ပေါ့။
ဘယ့်နဲ့ မတရားသဖြင့်ဗျာ။ သူတို့က ကျွန်တော်တို့ကို သူတို့လက်ခုပ်ထဲကရေ ဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ ပြောပါတယ်။ အမှန်တကယ် ၃၆၀၀ ပေးရမယ်ဆိုလဲ ၃၆၀၀ ပြည့် ပြီးရောပေါ့ဗျာ။ ဘာနဲ့ပေးပေး၊ ဟုတ်တယ် မဟုတ်လား။ ခုတော့ အဲဒီလို မဟုတ်ဘူး။ ဒါ တမင်သက်သက် အမြတ်ကြီးစားတာ။ ဒီတော့ ကျွန်တော် ပိုက်ဆံတွေယူသွားပြီး ဘုန်းကြီး ပါခေါ်သွားတယ်။ ဘုန်းကြီးက တော်တော် စိတ်ဆိုးတယ်။ နင်တို့ဟာ ဘယ်တရားမလဲ။ ငါတို့ အပြင်မှာ ကိုယ့်ဟာကိုယ် ပိုက်ဆံဝယ်ပြီး ချေ မယ် ပြောတော့လည်း မရဘူး။ အဲဒီမှာ အချေအတင်တွေ ပြောကြတာပေါ့။
ကျွန်တော်ကလည်း သွားချင်နေတော့ သိပ် မပြောချင်တော့ဘူး။ နောက် ဒီလိုပဲ ဆစ်ကြရင်းနဲ့ ၉၀၀ ဈေးနဲ့ ချေပါတဲ့။ ပြောတယ်။ ကျွန်တော်လည်း အဲဒီဈေးနဲ့ပဲ ချေလိုက်တယ်။ တွက်ကြည့်ဗျာ။ တစ်ဒေါ်လာပေါ်မှာ ၃၀ နစ်နာရင် ၃၆၀၀ ဆို တစ်သိန်းကျော်လောက် နစ်နာတယ်။ လူတစ်ယောက် တစ်သိန်းနဲ့ဆို လူ ၄၀ ဆိုရင်ပဲ သူတို့ သိန်း ၄၀ ရနေပြီ။ တရားမရှိ ဓါးမရှိ၊ လုပ်ချင်တိုင်း လုပ်နေကြတာ။ ဘယ်သူမှလဲ မပြောကြဘူး။ ဒီအတိုင်း ချေလိုက်ကြရတာပဲ။
ပိုက်ဆံချေပြီး ၂၀ ရက်နေ့ ထွက်ရမယ် တဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ၁၈ ရက်နေ့ကျတော့ ဖုံးဆက်တယ်။ နေရာ ထိုင်ခင်း အခက်အခဲ ရှိလို့ ၂၀ ရက်နေ့ မထွက်ဖြစ်ဘူး။ ဇူလိုင်လ ၁ ရက်နေ့မှ ထွက်ရမယ်တဲ့။ ရက်ပြန်ချိန်းတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စောင့်ရင်း အ၀တ်အစားတွေ ဘာတွေ ၀ယ်ပေါ့။ တစ်ခါ ၂၈ ရက်နေ့ကျတော့ ဖုံးပြန် ဆက်ပြန်ရော။ ၁ ရက်နေ့မထွက်ဖြစ်ဘူး၊ ၂၀ ရက်နေ့မှ ထွက်ရမယ် တဲ့။ ဖြစ်ပြန်ရော။ ရက်ချိန်းတွေ ပျက်ပျက်နေတော့ ကျွန်တော် အတော် လေးတောင် စိတ်ပျက်လာတယ်။ ဟုတ်မှ ဟုတ်ပါ့မလားပေါ့။ ဒါပေမဲ့ ၂၀ ရက်နေ့တော့ ထွက်ဖြစ်ပါတယ်။

၃။ မြက်နုရာ

ဒါနဲ့ ၂၀ ရက်နေ့ကျ အထုပ်အပိုးတွေ သယ်ပြီး လေဆိပ်ကို ထွက်လာခဲ့တယ်။ မနက် ၈ နာရီ အရောက် တဲ့။ ကျွန်တော်တို့ အသုတ်မှာ စုစုပေါင်း ၂၁ ယောက်။ ဒီလိုနဲ့ စင်ကာပူ ရောက်လာခဲ့တာပဲ။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့။
ကျွန်းမှာ နေရမယ်၊ လုပ်ရမယ် ဆိုတာ စင်ကာပူ လေဆိပ်ရောက်မှ သိရတာ။ မင်းတို့ ကျွန်းမှာနေရမယ် ဆိုတော့ သိတဲ့သူ တွေက အာ၊ ကျွန်တော်တို့ အင်တာဗျူးတုံးက ကျွန်းဆိုတဲ့စကား တစ်လုံးမှ မပါခဲ့ဘူး။ ခုမှ ဘာဖြစ်လို့ ကျွန်းသွား လုပ်ရမယ် ဖြစ်တာတုံး နဲ့ ပြောကြ ဆိုကြ ပေါ့။ သူတို့ကလည်း လှည့်ပတ်ပြောတယ်။ စင်ကာပူဆိုတာလည်း ကျွန်းပဲကွ။ ဘာထူးလို့ လည်း တဲ့။ ကျွန်တော်တို့ကလည်း ဘာမှ သေသေချာချာ မသိတော့ မာမာထန်ထန် မပြောရဲဘူးပေါ့။
နောက်ပြီး ရှိသေးတယ်ဗျ။ ကျွန်တော်တို့က အ၀တ်အစားလောက်ပဲ သယ်လာတော့ ဘာပစ္စည်းမှ သိပ်မပါဘူး။ အ၀တ်အစား ဆိုတာတောင်ဗျာ၊ ကျွန်တော်တို့က စင်ကာပူမှာဆို အမှန်အကန်တွေကို ဈေးချိုချိုနဲ့ ၀ယ်လို့ ရနိုင်မယ် ဆိုပြီး သိပ် အများကြီး သယ်တာမဟုတ်ဘူး။ ဒီတော့ သူတို့က နဂိုကတည်းက အထုပ်အပိုးတွေ ပြင်ထားပြီး နင်က ဒါယူ၊ နင်က ဒါသယ် ဆိုပြီး တစ်ယောက် တစ်ထုပ်စီ ထည့်ပေးလိုက်တယ်။ စင်ကာပူလေဆိပ်ရောက်တော့ အဲဒီ အထုပ်တွေကို လာကြို နေတဲ့သူက လာယူ သွားရော။ နောက်မှ သိရတာက အဲဒီအထုပ်တွေ သယ်ခ သူတို့ ပိုက်ဆံရတာကိုးဗျ။ လုပ်လို့ရသမျှ တော့ အကုန်လုပ်စားတာပဲဗျို့။
လခကတော့ အရင် အင်တာဗျူးတုံးက ပြောထားတဲ့အတိုင်း ၄၅၀ ပေးပါတယ်။ ကျွန်တော်တို့က General worker ဆိုတော့ အစုံလုပ်ရတာပဲပေါ့။ ရောက်စတုံးက အလုပ်သိပ်မရှိသေးလို့ Tuas မှာရှိတဲ့ ရုံးချုပ်မှာ သွားဆင်းရတယ်။ အားပါး၊ အဲဒီမှာ ၅၆ လက်မ ပိုက်ကြီးတွေ စ တွေ့ဘူးတာပဲ။ တစ်ခါမှ မမြင်ဘူးတာ။ ပိုက်ကြီးတွေကို ချိန်းဘလောက်ကြီး တွေနဲ့ ဆွဲ။ ဆွဲတဲ့ကောင် ဖျား။ နောက်နေ့ နောက်တစ်ယောက် ထပ်ဆွဲ။ အဲဒီကောင်ပါ ထပ်ဖျား။ အနို့ တစ်ခါမှ မလုပ်ဖူးပဲ ကိုး။ ဒါနဲ့ ကျွန်တော့်အလှည့် ရောက်ရော။ သောကြာနေ့။ ကျွန်တော်လည်း ကိုယ်တတ်နိုင်သလောက် ဆွဲတာပေါ့။
နောက်နေ့ စနေနေ့ ကျတော့ မျက်နှာသစ်မယ်လို့ အောက်ဆင်းလိုက်တော့ တစ်ခါထည်း မျက်စိတွေ ပြာပြီး လဲကျ သွားတော့တာပဲ။ ကျွန်တော်ထင်တာတော့ အားနည်းပြီး မူးလဲတာ ထင်တာပဲ။ အဲဒါ သူငယ်ချင်းတွေက ၀ိုင်းပွေ့ပြီး အခန်းပြန်ခေါ်လာ။ အစာလေးဘာလေးစား။ အိပ်ပြီး အားပြန်မွေးပေါ့။ ဒါပေမဲ့ ညထိ မသက်သာသေးဘူး။ ဒါနဲ့ ဆေးခန်း သွားပြတယ်။ ဆေးတွေဘာတွေ သောက်လိုက်တော့မှ ပြန်ကောင်းသွားတယ်။ တနင်္လာနေ့ အလုပ်ပြန်ဆင်းတယ်။ အဲဒီမှာ
ဓါတ်တွေက ချုပ်၊ အစားက မစားနိုင်။ အိမ်က လုပ်ပေးတာလေးနဲ့ပဲ စား။ တစ်နေ့တစ်နေ့ ယောင်လည်လည် နဲ့ အချိန် ကုန်သွားတာပါပဲ။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ရသလို၊ ဘာမှလည်း တိုးပြီး တတ်မလာပါ ဘူးဗျာ။
သူများတွေကမှ အိုတီ(OT – Over Time - အချိန်ပို) လေးဘာလေး ရှိသေးတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ တနင်္ဂနွေ ဆင်းရဘို့မပြောနဲ့၊ စနေနေ့တောင် တစ်ခါတလေမှ ဆင်းရတာ။ အဲတော့ စိတ်က အတော့်ကို ပျက်လာတယ်။ ကျွန်တော်တို့က လခနည်းတော့ အိုတီပဲ အားထားနေရတာကိုး။ လုပ်ရတာလည်း ကြည့်ဦး။ ထီးလေး မိုးပေးလိုက်။ welding ချောင်းလိုတယ် ဆို သွားယူပေးလိုက်။ အဲသလောက်ပဲ။ တခြား ဘာမှာ ဟုတ်တိပတ်တိ လုပ်ရတာ မရှိဘူး။
ဒီကြားထဲ လူတွေကလည်း အမျိုးမျိုးဗျ။ ကိုယ် အိုတီမရ ရင် သူများအလုပ်ဆင်းရတာ မနာလိုတဲ့ကောင် တွေလဲ ရှိတယ်။ ကျွန်တော်တို့ကို လာလာမေးတယ်။ မင်းတို့ ဒီအပတ် အိုတီ ရှိလားပေါ့။ ကျွန်တော်က မရှိပါဘူးကွာ လို့ ဖြေလိုက်ရင် တချို့ကျတော့လည်း တကယ် စိတ်မကောင်းပါဘူး။ တချို့ကျတော့လည်း ကျိတ် ၀မ်းသာကြတယ်။
အိုဗာတိုင် မဆင်းရပါများလာတော့ ကျွန်တော် စူပါဗိုက်ဆာ (Supervisor) ကို သွားပြောတယ်။ ငါ မင်းဆီမှာ လုပ်ရတာ အိုတီလည်း မရဘူး။ ဒီတော့ ငါ အဖွဲ့ပြောင်းချင်တယ် ဆိုတော့ သူကလည်း ဘာမှ မပြောပါဘူး။ အေးလေ၊ ပြောင်းပေါ့ တဲ့။ အဲလိုနဲ့ နောက်အဖွဲ့ရောက်မှ Sunday လေးဘာလေး ဆင်းရတော့တယ်။ ကျွန်တော်တို့ကလည်း ဒီနေရာ လေးမှာ မြဲအောင် ကြိုးစားပမ်းစား လုပ်ပြရတာပေါ့။
ကျွန်တော်တို့လုပ်နေတာ နောက်တစ်ဖွဲ့က မြင်တော့ ကျွန်တော်တို့ လေးယောက်ကို နောက် တရုပ်တစ်ဖွဲ့က ခေါ်တယ်။ ခေါ်တော့ ကျွန်တော်တို့ နောက်တစ်ဖွဲ့ ရောက်သွားပြန်ရော။ အဲဒီမှာလည်း သိပ်မဆိုးပါဘူး။ အိုဗာတိုင် ရတယ်။ အိုတီကောင်းရင်တော့ တစ်လကို ၆၀၀ လောက် ရတယ်။ MC (ဆေးခွင့်) ယူရင် တစ်ရက်ကို ၁၂ ကျပ် ဖြတ်တယ်။ ကျွန်တော်တို့ကလည်း မသိဘူး။ နောက်ပြီး တစ်ယောက်က ပြောသေးတယ်။ ကုမ္ပဏီကို မင်းတို့ သွားမတိုင်နဲ့နော။ မင်းတို့ က ဘာနားမလည်၊ ညာနားမလည်နဲ့။ အုတ်နံရံကို ခေါင်းနဲ့ဆောင့်သလို နေမှာပဲ တဲ့။ ကျွန်တော်တို့လည်း သူတို့လုပ်သမျှ ငြိမ်ခံနေရတာပေါ့ဗျာ။ အနို့ ကိုယ်မှ ဘာမှမသိတာကိုး။ ကျွန်တော်တို့ဟာ အောက်ဆုံးက နင်းပြားတွေပါပဲဗျာ။
ဒါတင် မကသေးဘူး။ ကျွန်တော်တို့ကို ထမင်းဘိုးဆိုပြီး ဖြတ်သေးတယ်။ လစဉ်ဖြတ်တာ။ တစ်လကို ၇၅ ကျပ်။ တစ်လလုံးစားလို့ ၇၅ ကျပ်ဖြတ်တာ ထားပါဗျာ။ ဟို ရောက်စလက ဆို ကျွန်တော်တို့ ဒီမှာ နေတာ ၅ ရက်ပဲ ရှိသေးတယ်။ အဲဒီလမှာလည်း ထမင်းဘိုး ဆိုပြီး ၇၅ ကျပ် ဖြတ်ထားတယ်ဗျာ။ ရုံးက စာရေးမတွေကလည်း အလုပ်မလုပ်ပါဘူးဗျာ။ ဒီမှာ ဘာဖြစ်နေလို့ ဖြစ်နေမှန်းလည်း မသိ၊ လူကြီးတွေကလည်း ဂရုမစိုက်။
ဟို တစ်နေ့ကဆို ကျွန်တော်တို့ ကျွန်းဝင်ခွင့်လက်မှတ်တွေ အားလုံး သက်တမ်းကုန်သွားပြီ။ အဲဒါကို သူတို့ မသိကြဘူး။ အဲဒီနေ့ ကျွန်တော်တို့ ၀င်လို့မရတော့မှ ရုံးရုံး ရုံးရုံး နဲ့။ မျက်ကလဲ ဆန်ပြာ ထလုပ်ကြတယ်။ ဘာ plan (စနစ်) မှ မရှိပါဘူးဗျာ။
ခုတော့ ဖစ်တာ ဖောလို(Pipe Fitter follower) (ပိုက်ဆက်ကျွမ်းကျင်သူကို ကူညီညာ လုပ်ကိုင်ပေးရသူ) လုပ်ရ တယ်။ တစ်လကို အိမ်ကို နှစ်သိန်းခွဲ သုံးသိန်းပို့နိုင်တယ်။ တခါတလေ အလုပ်ပါးရင်တော့လည်း နှစ်သိန်းပေါ့။ တစ်လမှ ၃၀၀ ကျော်ပဲ ပြန်ပို့နိုင်တာ ဆိုတော့ အရင်းကျေဘို့တင် တစ်နှစ်ကျော် လုပ်ယူရမယ်ဗျို့။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ ကျန်တဲ့တစ်နှစ် အမြတ်လို့ပဲ သဘောထားရတော့မှာပေါ့။
ကျွန်တော်ကတော့ဗျာ၊ ကိုယ်ကလည်း ပညာတတ်မဟုတ်တော့ ဒီအတိုင်းကြီး တစ်သက်လုံး လုပ်သွားဘို့ဆိုတာ ဘယ် ဖြစ်နိုင်လိမ့်မလဲ။ ကိုယ်တွေက အိမ်မှာ မင်းသားလို နေလာခဲ့တာ။ ဒီကျမှ အလုပ်ကြမ်း လုပ်ရတာ ဆိုတော့ အမေ တို့သာ သိရင် တော်တော် စိတ်မကောင်း ဖြစ်မှာပဲ။ အဲဒီတော့ ကျွန်တော် မှန်းတာက ထိုက်သင့် အားလျော်တဲ့ ရင်းနှီးစား သောက်လောက်တဲ့ အရင်းအနှီးလေး တစ်ခု ပိုက်မိပြီ ဆိုရင် ဗမာပြည် အပြီးပြန်ပြီး ကိုယ့်စီးပွားရေးကိုယ်ပဲ လုပ်မယ်လို့ စိတ်ကူးထားတယ်။ အိုးမကွာ အိမ်မကွာ လုပ်ရတာပေါ့။
နေဦးဗျ။ အစ်ကို ကျွန်တော့်အကြောင်း ရေးမယ်ဆို နာမည်ရင်းတွေ မထည့်မှ ဖြစ်မှာနော။ မဟုတ်လို့ အိမ်က ဒီအကြောင်းတွေ သိသွားရင် စိတ်မကောင်း ဖြစ်နေဦးမှာ။
အဲဒါပါပဲဗျာ၊ ကျွန်တော့်အကြောင်း။ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။

သုံးသပ်ချက်။
ဤတွင် ထင်ရှားသော အချက်တစ်ခုမှာ အေးဂျင့်ဖီး ငွေချေစဉ်က ပိုက်ဆံကို မတရားသဖြင့် တောင်းခြင်း ဖြစ်ပါ သည်။ မိမိစိတ်ကြိုက် အေးဂျင့်ဖီး တောင်းပြီးသည့်နောက် သူတို့ဟာ သူရို့ ကြိုက်သည့်နည်း နှင့် ချေခွင့်ပေးသင့်ပါသည်။ ထိုပိုက်ဆံနှင့် ညီမျှလျှင် လက်ခံရမည်သာ ဖြစ်ပါ၏။ ထို့ပြင်လည်း မြန်မာငွေနှင့် လက်ခံလိုသည်ဖြစ်ပါက ကာလပေါက်ဈေး နှင့်သာ တောင်းယူသင့်ပါသည်။ နှစ်ထပ်ကွမ်း အမြတ်ထုတ်ရန် မသင့်ပါ။

No comments: