Sunday, August 23, 2009

Bitter Life VI

(၆)

ဦးနေလင်းသိန်း

အမည် - ဦးနေလင်းသိန်း
အသက် - ၄၅
ပညာအရည်အချင်း - B.E (Civil), M.Sc (from NTU – Singapore)
လက်ရှိအလုပ်အကိုင် - Project Coordinator
တစ်လ ၀င်ငွေ - စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် အထက်

“အောင်မြင်မှု ဆိုတာ ကိုယ်တစ်ယောက်ထဲ ကောင်းနေရုံနဲ့ ရဘို့ မလွယ်ဘူးဗျ။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့် ကို အထောက်အပံ့ ပေးမဲ့သူတွေလည်း လိုတယ်။ ကိုယ် သေအောင် ကောင်းနေပါစေ၊ ကိုယ့်ကို ၀ိုင်းဝန်း ပံ့ပိုးပေးမဲ့ သူတွေ သာ မရှိရင် ဘယ်လွယ်လိမ့်မတုံးဗျာ” ဟု ဆိုခဲ့သူမှာ ဦးနေလင်းသိန်း ဖြစ်ပါ၏။ သူကတော့ ကိုယ်ကိုယ်တိုင်လည်း တစ်ဖက်က ကုမ္ပဏီ တစ်ခုတွင် လခစား ၀န်ထမ်းလုပ်၊ မိမိကိုယ်ပိုင် ဆိုင်တစ်ခုလည်း ထောင်ထားသူ ဖြစ်ပါသည်။ မိမိဆိုင် အတွက်တော့ ၀န်ထမ်းများ ခန့်ထားကာ သူတို့နှင့် လည်ပတ်ပါသည်။ မိမိကတော့ လိုသည့်ပစ္စည်းများ မှာ။ လိုသည်တို့ကို စီစဉ် ညွှန်ကြား ကြီးကြပ်ပေးရုံ ဖြစ်၏။
နောင်လာနောက်သားတွေ အတုယူရအောင် ခင်ဗျားဘ၀လေး၊ ဒီအဆင့်ရောက်အောင် ဘယ်လိုတွေ ကြိုးစား ကျော်ဖြတ်ခဲ့ရတယ် ဆိုတာလေးတွေ ဝေမျှပါဦး ဟု ပြောသောအခါ ဦးနေလင်းသိန်းက သူ့ဘ၀အကြောင်းကို အောက်ပါ အတိုင်း အားတက်သရော ပြောပြပါသည်။

ကျွန်တော်က YIT က ၁၉၈၇ ခုနှစ်မှာ B.E(Civil) နဲ့ ကျောင်းပြီးခဲ့တယ်။ အဲဒီခေတ်က ရန်ကုန်မှာ အခန်းပေး၊ အခန်းယူ တိုက်ခန်းတွေ ဆောက်တာ အတော် ခေတ်စားနေပြီ ဆိုတော့ ကျွန်တော် ကျောင်းပြီးပြီးချင်း အဲဒါ လုပ်တယ်။ စလုပ်တော့ သူငယ်ချင်း တစ်ယောက်နဲ့ တွဲလုပ်တယ်။ ကြည့်မြင်တိုင် ဘက်မှာ။ အဲဒီတုံးက ဘိလပ်မြေဈေး၊ သံချောင်းဈေး တွေက သိပ်မရှိသေးဘူး။ သူ့ဈေးနဲ့သူ လုပ်ပျော်တယ်။
တိုက်ပုံစံတွေက ရင်ခွဲတိုက်၊ နှစ်ထပ်။ နှစ်ထပ်ဆိုပေမဲ့ ထပ်ခိုးလေးတွေ ပါသေးတယ်။ အဲဒီတုံးက တိုက်ခန်းဈေး တွေ ကလည်း သိပ်မရှိသေးဘူး။ အောက်ထပ် အခန်းဆိုမှ သုံးသိန်းပဲ ရှိတယ်။ အိမ်တစ်လုံး လုံး ဆောက်တာမှ ဘယ်လောက် ကျသလဲ ဆိုတော့ လေးသိန်းခွဲလောက်ပဲ ကျတာကိုး။ အိမ်ဆောက်ရတာကလည်း ဘာခက်တာ လိုက်လို့ဗျာ။ အတွေ့အကြုံရင့်တဲ့ ပန်းရံဆရာ၊ လက်သမားဆရာကြီးတွေ နဲ့ တွဲပြီး ဆောက်တာပေါ့။ အဲဒီတုံးက လုပ်ရတာ အရမ်း ကိုက်တယ်ဗျ။
အဲဒီတုံးက အိမ်တစ်လုံးပြီးသွားရင် နှစ်သိန်း၊ နှစ်သိန်းခွဲလောက် မြတ်တယ်။ အဲဒီအချိန်က နှစ်သိန်းဆိုတာလည်း မနည်းပဲကိုးဗျ။ နောက်ပြီး ကျွန်တော်က အိမ်နှစ်လုံး တစ်ပြိုင်နက် ဆောက်တယ်။ ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ၀င်ငွေကောင်း တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတာပေါ့။

ပထမတော့ ၁၉၉၅ ထိ တော်တော် ကောင်းသေးတယ်။ အကောင်းဆုံး အချိန်ကို ပြောပါ ဆိုရင် ၁၉၉၆ ပဲ။ တိုက်ခန်းလောကရဲ့ ရွှေခေတ် ပေါ့ဗျာ။ အဲဒီ အချိန်က ခြောက်ထပ်တိုက်တွေ ဆောက်တယ်။ အဲဒီ တိုက်တစ်လုံးကို သိန်း ၉၀ နဲ့ ၁၀၀ ကြား ကုန်ကျစရိတ် ရှိတယ်။ ဆိုတော့ ၈၇ နဲ့ ၉၅ အတွင်း ဈေးက အတော့်ကို ကွာသွားပြီ။ အခန်းခလည်း တက်လာတာပေါ့။ အောက်ထပ် တစ်ခန်းကို ၁၄ သိန်းလောက် ရောင်းရတယ်။
ကျွန်တော်က တိုက်ခန်းဆောက်ရင် ကောင်းကောင်းလေးဆောက်တယ်။ တစ်လုံးပြီးသွားရင် ၃၅ သိန်းနဲ့ သိန်း ၅၀ ကြား ကျန်တယ်။
ဒါပေမဲ့ ဆိုးတာက ကျွန်တော်တို့လူမျိုးရဲ့ အကျင့်ဗျ။ တစ်ယောက်က လုပ်ငန်းတစ်ခု ထလုပ်လိုက်လို့ အောင်မြင် သွားပြီဆို နောက်လူတွေကလည်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ နားလည်သည်ဖြစ်စေ၊ မလည်သည် ဖြစ်စေ၊ ထ လုပ်ကြ တော့တာပဲ။
ရှေ့နေတွေလဲ ကန်ထရိုက် လုပ်တယ်၊ ဆရာဝန်တွေလည်း တိုက်ခန်းဆောက် ရောင်းတယ်၊ တခြား စီးပွားရေး သမား မျိုးစုံလည်း ဒီ ဈေးကွက်ထဲ ၀င်လာကြတယ်။ အသစ် ၀င်လာတဲ့သူတွေကျတော့ သူတို့မှာ ဖောက်သည် မရှိသေး ဘူး။ ဒီတော့ ဖောက်သည်ရအောင် ဘယ်လိုလုပ်လဲ ဆိုတော့ ဈေးလျှော့ရောင်းတဲ့ နည်းကို သုံးလာကြတယ်။ ပထမ လူတွေက လျှော့ရောင်းလိုက်။ နောက်ထပ် လူသစ်တွေဝင်လာ။ သူတို့က တစ်ခါ ထပ်ပြီးလျှော့ရောင်းလိုက် နဲ့ သူ့ထက်ငါ အပြိုင် အဆိုင် လျှော့ရောင်းလိုက်ကြတာ ဈေးကွက် ပျက်သွားတယ်။
ကျွန်တော်တို့လည်း သူတို့ကို မီအောင် လျှော့ရောင်းရတော့ တာပေါ့ဗျာ။ ဒါပေမဲ့ လျှော့ရင်း လျှော့ရင်းနဲ့ လိုက်လို့ မမီတော့ဘူး ဖြစ်လာတယ်။ တစ်ယောက်က ဈေးကွက်ထဲမှာ ဒီလောက်နဲ့ ရောင်းလိုက်တယ် ဆိုရင် အဲဒါက ပေါက်ဈေး ဖြစ်သွားတာပေါ့။ ဒီတော့ သူတို့ရောင်းတဲ့ ဈေးနဲ့ လိုက်ရောင်းရရော။ သိပ်မမြတ်တော့ဘူး။ ဒါပေမဲ့ လုပ်လို့တော့ ရနေသေး တယ်။
ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ သူကလျှော့ ရောင်းလိုက်။ ကိုယ်က လျှော့ရောင်းလိုက် နဲ့ တိုက်ခန်းဈေးတွေ က ကျသထက် ကျလာတော့ ၀ယ်သူတွေရဲ့ စိတ်ထဲမှာ အတွေးတစ်မျိုး ၀င်သွားတယ်။ တိုက်ခန်းတွေ မ၀ယ်နဲ့ဦး။ ဒီ့ထက် ကျဦးမှာ၊ ဒီလို ဖြစ်လာတယ်။ ဒီတော့ တိုက်ခန်းတွေ ပြီးသွားပေမဲ့ ၀ယ်တဲ့သူ မရှိတော့ဘူး။
တစ်ခါ ဆောက်လက်စ တိုက်တွေကလည်း အ၀ယ်မလိုက်တော့ဘူး ဆိုတော့ မျက်ကလဲဆန်ပြာ ဖြစ်ပြီး ဈေးကို လျှော့သည်ထက် လျှော့ရောင်းပြန်ရော။ သူတို့ဘက်ကလျှော့လေ ၀ယ်တဲ့သူတွေဘက်က တွေ့တယ် မဟုတ်လား၊ တိုက်ခန်းဈေးတွေ ငါတို့ထင်တဲ့အတိုင်း ကျပြန်ပြီ။ ဒါထက်ထပ်ကျဦးမယ် ဆိုပြီး ဆက်စောင့်ကြပြန်ရော။
ဆောက်လက်စ တိုက်တွေကလည်း ဒီတစ်လုံးပြီးရင်တော့ ငါတို့ ရပ်တော့မယ် ဆိုပြီး ငွေပေါ် ပြီးရော ဆိုပြီး အတင်း ထိုးရောင်း၊ ရောင်းလို့မရတော့ ပေါင်။ အဲဒီလိုနဲ့ တစ်ခါထည်း တိုက်ခန်းလောက ဈေးကွက် ပျက်သွားတယ်။ ဈေးကွက်ပျက်သွားတာ တော်တော်နဲ့ နလံမထူဘူး။
ကျွန်တော် စာချုပ်ချုပ်ပြီးသား အလုံးတွေတော့ အားလုံးပြီးသွားတယ်။ ပြီးတာနဲ့ ကျွန်တော်လည်း ထပ်မဆောက် တော့ဘူး။ ဆောက်ရအောင်လည်း မကိုက်တော့ဘူးလေ။ ဒီတော့ ကျွန်တော် မဆောက်သေးဘဲ စောင့်နေတယ်။ တစ်နှစ် လောက် စောင့်တယ်။ အဲဒီ တစ်နှစ်အတွင်းမှာကို မရောင်းရသေးတဲ့ တိုက်ခန်းတွေ အများကြီး ပုံနေတယ်။
တစ်ခါ အဲဒီအတောအတွင်း သံချောင်းနဲ့ ဘိလပ်မြေ သမားတွေကလည်း ဈေးကို ကစားချင်တိုင်း ကစား နေတယ်။ တော်ကြာ သံချောင်းတွေ ပြတ်သွားလို့ ဆိုပြီး ဈေးတွေ ၀ုန်းကနဲ ခုန်တက်လာလိုက်။ တော်ကြာ သင်္ဘောဆိုက် လာလို့ ဆိုပြီး ဘိလပ်မြေဈေးတွေ ၀ုန်းကနဲ ပြုတ်ကျသွားလိုက်။
ကျွန်တော်က ဒီ တိုက်ခန်းဆောက်ရတာ အတော်လေး ၀ါသနာပါတယ်။ ကိုယ်ကလည်း အင်ဂျင်နီယာ ဆိုတော့ ကိုယ့်တိုက်ကို ဘယ်လို ပိုကောင်းလာအောင် ပိုပြီး လှလာအောင်၊ ပိုပြီး ခိုင်ခံ့အောင် လုပ်မလဲ အမြဲစဉ်းစားနေတာကိုး။ ကျွန်တော်သာ ဆက်လုပ်ရမယ် ဆိုရင် တော်တော် ကောင်းကောင်းမွန်မွန် တိုက်ခန်းလေးတွေ ဆောက်ဘို့ အိုင်ဒီယာ ရပြီး ပြီ။ ဒါပေမဲ့ ဘယ်လိုမှ ဆက်လုပ်ဖို့ မဖြစ်တော့ဘူး။ အခြေအနေမပေးဘူး။ ဒီလိုနဲ့ အလုပ်မရှိဘဲ ထိုင်စားနေရတာပေါ့။ မိသားစုကလည်း ရှိသေးတော့ ဒီအတိုင်း နေလို့ မဖြစ်တော့ဘူး။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ တာဝန်မကျေရာ ကျတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ။ စင်ကာပူမှာ ရောက်နေတဲ့ သူငယ်ချင်းက လှမ်းခေါ်တယ်။ သူတို့မှာ reclamation project ကြီး တစ်ခု ရထားတယ်။ ပရောဂျက်က တော်တော့်ကို ကြီးတယ်။ ဒီတော့ လူတွေ အများကြီး လိုတယ်။ ဂျပန် ကုမ္ပဏီက ရန်ကုန်ထိ လာခေါ်တယ်။ သူငယ်ချင်းက အင်တာဗျူးမဲ့ လူကို ကျွန်တော့်နာမည် ပေးလိုက်တော့ သူ့လက်ထဲ မှာ ကျွန်တော့်နာမည် ပါလာတယ်။ ကုမ္ပဏီနာမည်က Toa Corporation တဲ့။
ကုမ္ပဏီက Jetty ဆောက်တာတို့၊ reclamation လုပ်တာတို့ လုပ်တယ်။ ရေစပ် ကုန်းစပ်မှာ လုပ်ရတဲ့ အလုပ်တွေ ပေါ့။
အင်တာဗျူးကို Sumit Parkview မှာ လုပ်တာ။ ကျွန်တော်က နာမည် တစ်ခါထဲ ပါလာပြီးသား ဆိုတော့ အထွေ အထူးဘာရှိမလဲဗျာ။ တစ်ခါထဲ ပါတာပေါ့။ ပါတော့ သူတို့ EP (Employment Pass) တင်တယ်။ သုံးရက်လောက်ကြာ တော့ ဟာ - EP ကျပြီ တဲ့။ အရမ်းမြန်တယ်ဗျာ။ EP တင်တာ သုံးရက်ပဲ ကြာတယ်။ ဒါနဲ့ပဲ စင်ကာပူ ရောက်လာရော။ စင်ကာပူ စရောက်တာ ဒီဇင်ဘာ ၂၉ ရက်နေ့၊ တူးသောင်ဇင် (၂၀၀၀)။
ကျွန်တော် မိသားစုနဲ့ တစ်ခါမှ မခွဲဖူးဘူး။ ကျွန်တော် စင်ကာပူထွက်လာတော့ သားက လေးလ၊ သမီးက တစ်နှစ် ကျော်ကျော်ပဲ ရှိသေးတယ်။ ဆိုတော့ သားနဲ့ သမီးကို အရမ်းလွမ်းတာပေါ့ဗျာ။ မနေချင်တော့ဘူး။ အရမ်း ပြန်ချင်တယ်။ အဲဒါနဲ့ ၈ လလောက် လုပ်ပြီးတော့ တစ်ခေါက် ပြန်လိုက်သေးတယ်။ တစ်ပတ်လောက်။
လာခါစကတော့ သိပ်ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ ဒါပေမဲ့ စင်ကာပူရောက်လာတော့မှ နည်းနည်း အမြင် ကျယ်လာတယ်။ သူငယ်ချင်းတွေထဲမှာလည်း PR ဖြစ်နေတဲ့သူတွေ ရှိတာကိုး။ ဒီတော့ ကျွန်တော် စဉ်းစားတယ်။ ခဏလေး ရေတိုပဲလုပ်၊ ပိုက်ဆံစုပြီး ပြန်မလား။ ဒါမှမဟုတ် မိသားစုကိုပါ ဒီခေါ်ထားမလား။ နှစ်လမ်း ရှိတယ်။ ဆိုတော့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ PR ရအောင် လျှောက်ပြီး ဒီကို မိသားစုပါ ခေါ်ထားတာ ပိုကောင်းမယ် လို့ ရွေး လိုက်တယ်။
ဒါပေမဲ့ အဲဒီ့အချိန်က PR ရဘို့ မလွယ်ဘူး။ ဒီက M.Sc တစ်ခုခု ရမှ PR ပေးမဲ့ အခြေအနေမျိုး ဖြစ်နေတာကိုး။ ဒါမှ မဟုတ်လဲ Business တစ်ခုခု လုပ်မှ။ ဆိုတော့ တစ်နှစ်လောက်အကြာ ကျွန်တော် NTU မှာ ကျောင်းလျှောက်တယ်။ လျှောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ International xxx Management ကို လျှောက်တယ်။
အဲဒီမှာ ကျွန်တော်ပြောချင်တာက စိန်နားကပ် အရောင်နဲ့ ပါးပြောင်တဲ့ ကိစ္စ။ ကျွန်တော်တို့ မလျှောက်ခင် ရှေ့နှစ် က တက်သွားတဲ့ မြန်မာတစ်ယောက်က NTU မှာ လာတက်တာ ဆယ်ဘာသာ ရှိတဲ့အနက် ဆယ်ဘာသာစလုံးကို Excellent ရတယ်။ ကိုကျော်ဝင်း တဲ့။ ဟား၊ သူကရွှေတံဆိပ်ရတော့ နောက်က မြန်မာတွေမှာ ရှောရှောရှူရှူ ဖြစ်တာပေါ့ဗျာ။ အဲဒါနဲ့ ပါသွားရော။ ပါတော့ တက်ကရော ပေါ့ဗျာ။
တက်တော့လည်း အားလုံးအောင်ပါတယ်။ အကုန်အဆင်ပြေပါတယ်။ ဖြစ်ချင်တော့ဗျို့၊ ကျွန်တော်တို့ Thesis တွေလည်း ပြီးရော အစိုးရ ပေါ်လစီပြောင်းသွားတယ်။ ဆိုပါတော့။ PR ကို အရင်ကလောက် အရမ်း မခက်ခဲဘဲနဲ့ ရတယ် ဖြစ်ကရော။ အဲဒီတော့ PR လိုချင်လို့ တက်လိုက်တဲ့ M.Sc က ကျွန်တော်လည်း ပြီးရော PR ရဘို့အတွက် မလိုအပ်တော့ ဘူး ဖြစ်သွားကရောဗျို့။ အဲဒီလိုကို အကျိုးပေးတာ။
တိုတိုပြောရရင် PR ကို အပြေးတင်၊ ကျ၊ ကျတော့ သားနဲ့ သမီးကို ပြေးခေါ်။ ဒီမှပဲ ကျောင်းထား။
ဒီမှာ အလုပ်တစ်ဖက်နဲ့ ဘယ်လောက် ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသလဲ ဆိုတာလေး ပြောပြချင်တယ်။ နောက် အလုပ်လုပ်ရင်း ကျောင်းတက်ချင်တဲ့ လူငယ်လေးတွေ အတုယူရအောင်ပေါ့။
ကျွန်တော်လုပ်တာက ဟို့ စင်ကာပူ အရှေ့ဖျား၊ အရှေ့ဖျားမှဗျာ။ မလေးရှားဘက်က ဂျိုဟိုးကို တော်တော်လေးကို နီးနီးကပ်ကပ် မြင်နေရပြီ။ နယ်ခြားမျဉ်းနဲ့ဆို ဘယ်လောက်မှကို မဝေးတော့ဘူး။ အဲဒီကနေ ချန်ဂီမှာ ရှိတဲ့ ကျွန်တော်တို့ ရုံးကို ရောက်ဖို့တောင်မှ မော်တော်နဲ့ အမြန်မောင်းရင် နာရီဝက်လောက် မောင်းရတယ်။ မော်တော်ကို သာမန် ခပ်နှေးနှေးပဲ မောင်းရင် မိနစ် ၄၀ စီးရတယ်။
ကျွန်တော်က ကမ်းခြေပြန်လာချင်တယ် ဆိုရင် ဖုံးလှမ်းဆက်ပြီး မော်တော်မှာ။ နေရာက ကမ်းခြေနဲ့ သိပ်ဝေးသွား တဲ့ အခါကျတော့ ဖုံးလိုင်းတောင် သိပ်မမိချင်တော့ဘူး။ ဒီတော့ ဟို့ အပေါ်ဆုံးထပ်တက်ပြီး မိတဲ့လိုင်းနဲ့ ဆက်ရတာ။ ရေဒီယို(စကားပြောစက်) လည်း ရှိပါရဲ့။ ဒါပေမဲ့ ရေဒီယိုလည်း သိပ်မမိချင်တော့ဘူး။
သူငယ်ချင်းတွေကလည်း ကူညီပါတယ်။ ကျွန်တော် မော်တော်လှမ်းမှာတဲ့အခါ ကိုအောင်ခိုင်ဆွေ တို့က ဘုတ်(boat) လွှတ်ပေးတယ်။ အဲဒီ လာကြိုတဲ့ ဘုတ်နဲ့ လိုက်လာ။ ရုံးဝင်ပြီး အ၀တ်အစားလဲ။ ဒါပေမဲ့ တိုးတိုး တိတ်တိတ် လုပ်ရတာပေါ့။ ဂျပန်တွေက ကျွန်တော်ကျောင်းတက်တဲ့ ကိစ္စကို သူတို့ကိုယ်တိုင် သဘောတူထားတာပါဘဲ။ ဒါပေမဲ့ လူတွေ့ရင်တော့ ခေါ်ခိုင်းမှာဘဲ လေ။ အလုပ်ကလည်း အရေးကြီးနေတဲ့ အခါကျတော့ သူတို့က ဟာ၊ အရေးကြီးနေလို့ကွာ၊ ဒီနေ့တော့ ဖျက်လိုက်ပါကွာ လို့ပြောမှာဘဲ။
ကျွန်တော့်ပါလာတဲ့ helmet (ခမောက်) တို့၊ Live Jacket (အသက်ကယ် အင်္ကျီ) တို့ကို soil lab လေးထဲမှာ ဖွက်ထားရတယ်။ အဲဒီမှာ ရှိတဲ့ ဗမာတွေ၊ ညီငယ်လေးတွေကလည်း ကျွန်တော့်ကို အတော်လေး ကူညီကြပါတယ်။ နောက်ပြီး ဟိုကပ်၊ ဒီကပ် နဲ့ အသာလေး ပုန်းလျှိုးကွယ်လျှိုး ထွက်လာရတယ်။ အဲဒီကမှ လမ်းထိပ်ကိုထွက်။ တက္ကစီငှားပြီး Tenah Merah ဘူတာရောက်အောင် အမြန်သွား။ အဲဒီဘူတာကမှ Boon Lay ဘူတာ ထိ ရထားစီး။ စင်ကာပူ အရှေ့၊ အနောက် ရထားလမ်းရဲ့ ခရီး အစ၊ အဆုံးပေါ့ဗျာ။ Boon Lay ကိုတော့ ညနေ ၆ နာရီခွဲ လောက်မှာ ရောက်တယ်။ ဒါပေမဲ့ ကျွန်တော်တက်တဲ့ အတန်းက အလုပ်ထဲကလူတွေ များသောအားဖြင့် လာတက်တာ ဆိုတော့ အများစုကလည်း ကျွန်တော် ရောက်တဲ့ အချိန်လောက်မှ ရောက်ကြတာ များပါတယ်။
Full Time တက်တဲ့လူတွေလောက်ပဲ ရေမိုးချိုး၊ ဖီးလိမ်းပြင်ဆင်ပြီး လှလှပပ ကျော့ကျော့လေး ကျောင်းကို အချိန်မီ လာကြတာ။ ကျွန်တော်တို့လို အလုပ်ထဲက တန်းလာရတဲ့သူတွေက တစ်ဝက်လောက်ရှိတယ်။ တစ်ကိုယ်လုံး ရွှံ့တွေ ဗွက်တွေနဲ့၊ Safety Shoe ကြီး တကားကားနဲ့ လာကြတဲ့ သူတွေချည်းပဲ။
Tenah Merah ကနေ Boon Lay ဘူတာ ထိ မိနစ် ၅၀ လောက် စီးရတာကိုး။ ဒီတော့ ရထားပေါ်မှာတင် အသွား အပြန်ဆို နှစ်နာရီလောက် အချိန်ကုန်တယ်။ ဒီ အချိန်ကို တန်ဘိုးရှိရှိ အသုံးချမှ ဖြစ်မယ်။ ကျွန်တော်စီးတဲ့ ဘူတာက ဘူတာ အစ ဆိုတော့ လူချောင်သေးတယ်။ ဒီတော့ ကျွန်တော်က ရထားရဲ့ ဟို့ ရှေ့ဆုံး၊ ဒါမှမဟုတ် နောက်ဆုံး တံခါးနားကို သွားပြီး ကြမ်းပြင်ပေါ်မှာ တင်ပြင်ခွေ ထိုင်တယ်။
အဲဒီလို ကျကျနန ထိုင်ပြီးမှ ကျွန်တော် စာကြည့်တယ်။ ရထားအဆုံးဆိုတော့ ဖြတ်သွားဖြတ်လာလည်း သိပ် မရှိတော့ဘူး။ အာရုံမနောက်တော့ ကောင်းကောင်း စာကြည့်လို့ ရတယ်။ အသွားရော၊ အပြန်ရော အဲဒီလို ကျွန်တော် စာကြည့်တယ်။
အလုပ်ပြန် မ၀င်ရတော့ဘူး ဆိုရင်တော့ အိမ်ကို အေးအေးဆေးဆေး ပြန် ပေါ့ဗျာ။ အလုပ်ဆင်းရတဲ့ ရက်တွေကျ အတန်းကို ပြီးအောင် မတက်နိုင်တော့ဘူး။ စာသင်ချိန်ရဲ့ ထက်ဝက်လောက်မှာ ကော်ဖီသောက်ချိန် အနားပေးတယ်။ အလုပ်ရှိတယ် ဆိုရင် ကျွန်တော် အဲဒီ ကော်ဖီချိန်မှာ လက်မှတ်တွေ ဘာတွေထိုးပြီး လစ်ရတာပဲ။ တစ်ခါတလေလဲ ဆရာကို ပြောသွားတယ်။ တစ်ခါတလေလဲ မပြောဘူး။
ကျောင်းကထွက်ပြီ ဆိုတာနဲ့ တက္ကစီငှားပြီး အလုပ်ကို အပြေးပြန်ရတာဘဲ။ စင်ကာပူ အရှေ့ဖျားနဲ့ အနောက်ဖျား ဆိုတော့ လမ်းမှာ တယ် အချိန်ကုန်တာပဲဗျာ။ ကျွန်တော် ရုံးကို ည ၉ နာရီခွဲလောက်မှ ပြန်ရောက်တယ်။ ဒီ ၇ နာရီကနေ ၉ နာရီခွဲကြားကို ကျွန်တော့်အစား ဆင်းပေးတဲ့၊ ကျွန်တော့်ကို ကာဘာ လုပ်ပေးထားတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ ဒီနေရာမှာ ကျွန်တော် သူ့ကျေးဇူးတရားကို ထုတ်ပြောဘို့လိုပြီ။
သူက သီရိလင်္ကာက။ နာမည်က Rathayaba တဲ့။ တခါထဲ ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်း ကြီး။ မုတ်ဆိတ်မွေးကြီး တွေနဲ့။ ကြည့်လိုက်ရင် ကုလားကားထဲက လူဆိုခေါင်းဆောင်ကြီးလိုပဲ။ ဒါပေမဲ့ဗျို့။ အင်မတန် စိတ်ထားကောင်းတာလား။ ကျွန်တော် ကျောင်းတက်နေတဲ့ ကာလ တစ်လျှောက်လုံး ညပိုင်းတွေမှာ သူပဲ ကျွန်တော့် အစားနေပေးတယ်။ သူ ဘာအခွင့်အရေးမှ မမက်မောဘဲ ကျွန်တော့်ကို စေတနာ သန့်သန့်နဲ့ ကူညီခဲ့တာ။
တစ်ခါတလေ ကျွန်တော်က ကျောင်းကို အပြေးတက်နေရတော့ ညစာစားဘို့ အချိန်မရဘူး။ အိမ်ပြန် ရေမိုးချိုး ဘို့တို့ ဘာတို့ အချိန်မရတော့ဘူး။ ဒါနဲ့ ရုံးမှာဘဲ နေလိုက်တယ်။ အဲဒါ သူ့ကိုလမ်းကနေ ဖုံးဆက်ပြီး ညစာအတွက် လှမ်းမှာ ရတယ်။ သူက ထမင်းထုပ် ယူထားပေးတယ်။ ထမင်းက သူ သွားဝယ်တာတောင် မဟုတ်ဘူး။ သူစားဘို့ ချက်ထားတဲ့ အထဲက ကျွန်တော့်ဘို့ ပိုပြီးထည့်လာတာ။ အဲသလောက်ထိ သဘောကောင်းတယ်။
ကျွန်တော် ဒီ ဘွဲ့ရလာတာ သူ့ကျေးဇူးတွေ အများကြီးပါတယ်။ ကျွန်တော်ဆိုလိုချင်တာက လူတစ်ယောက် အောင်မြင်လာတဲ့ နေရာမှာ “ဒါ- ငါတော်လို့ လို့ လက်မထောင်လို့ မရဘူး။ ဘေးက ပံ့ပိုးမှုတွေလည်း အများကြီး ပါတယ်။ အဲဒီ ပံ့ပိုးမှုတွေကိုလည်း မထည့်မဖြစ် ထည့်ကို ပြောရလိမ့်မယ်။” လူတစ်ယောက် ဘယ်လောက်တော်တော်၊ ပတ်ဝန်းကျင် ရဲ့ ပံ့ပိုးမှု မပါရင် သူ တက်ချင်သလောက် မတက်နိုင်ဘူး။ အများကြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ အောင်မြင်ချင်မှ တောင် အောင်မြင်မယ်။ ဒီတော့ အောင်မြင်မှု လို့ ပြောလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်က ပံ့ပိုးမှု ဆိုတာကိုပါ တွဲပြောမှ ရမယ်။ အောင်မြင်မှု တစ်ခုရဲ့နောက်ကွယ်က ပံ့ပိုးမှုတွေကို ထိန်ချန်ထားလို့ မရဘူး။ ရှိကိုရှိတယ်။
အဲဒါနဲ့ ဆိုပါတော့ဗျာ။ ရုံးပြန်ရောက်။ ရေမိုးချိုး၊ ညစာစားသောက်ပြီး သူတို့ကို မှာထား တယ်။ ကဲ၊ ငါ စာကြည့် တော့မယ်။ မင်းတို့ ငါ့ကို မခေါ်နဲ့တော့ ပေါ့။ သူတို့ကလည်း မနှောက်ယှက်ပါဘူး။ အလိုက်သိပါတယ်။
ကျွန်တော်က စည်းဝေးခန်းထဲဝင်၊ စာကြည့်။ ည ၁ ချက်တီး၊ နှစ်ချက်တီး ထိ စာကြည့်တယ်။ နောက်ပြီး တရေးတမော အိပ်။
ရုံးမှာနေလိုက်တော့ သွားရပြန်ရတဲ့ ကရိကထ မရှိတော့ဘူး။ အဲဒီ ပိုထွက်လာတဲ့ အချိန်တွေကို ကျွန်တော် အိပ်လိုက်တယ်။ မနက် ၇ နာရီမှ အိပ်ယာက ထတယ်။ ကျွန်တော့်အတွက် အချိန်က အရမ်းနည်းပြီး အရမ်းကို တန်ဘိုး ရှိ နေတယ်။ ဒီတော့ အချိန်ကုန်မဲ့ ကိစ္စ၊ အချိန်ဖြုန်းတဲ့ ကိစ္စ လုံးဝ မလုပ်နိုင်တော့ဘူး။ အချိန်ကို တကယ့်ကို ပါးပါးလှီးပြီး တစ်မိနစ်မှ မလေလွင့်ရအောင် အသုံးချရတယ်။
ကျောင်းတက်တဲ့ အချိန်တွေတုံးကတော့ တော်တော်လေးကို ရုန်းကန်ခဲ့ရတာပေါ့ ဗျာ။ ဘယ်အရာမဆို ကောင်းတာလေး လိုချင်ရင် ဒုက္ခခံရမယ် ဆိုတာ ဒါ ပုံသေရှိပြီးသား။
ဒီလိုနဲ့ပဲ ကျောင်းပြီးသွားရော ဆိုပါတော့ဗျာ။ ကျောင်းပြီးတော့ သီးစစ် (Thesis - ဘွဲ့ယူစာတမ်း) လည်းတင်ရော အစိုးရလည်း ပေါ်လစီတွေပြောင်းပြီး PR တွေ ချပေးရော ဆိုပါတော့ဗျာ။ အဲဒီလို ကံကောင်းတာ။
PR တွေချပေးပြီ လည်းဆိုရော ကျွန်တော်တို့အထဲက ကိုအောင်ခိုင်ဆွေက စသိတာ။ သူက စပြီး တင်တယ်။ လေးပတ်နဲ့ ကျတယ်ဗျာ။ သူကျပြီးမှ သူငယ်ချင်းတွေ တအံ့တသြတွေ ဖြစ်ကြပြီး နောက်တော့ အကုန် တင်လိုက်ကြတယ်။
တင်တော့ ကျွန်တော် နှစ်လနဲ့ ကျတယ်။ ကျတော့ ပျော်တာပေါ့ဗျာ။ အာ - မိသားစုနဲ့ အတူနေရတော့မယ်။ ခွဲနေရတာ လည်း လွမ်းလှပြီ။ ဒီမှာ မိသားစုနဲ့ နေလို့ အကုန်အကျများလည်း မလောက်လောက်လောက်၊ လောက်လောက်လောက်။ ဒီလိုပဲ ချွေတာပြီး နေမယ်ပေါ့။ အရမ်းကို ပျော်တာဗျာ။
ကျွန်တော် PR ကျတော့ ၂၀၀၄ ခုနှစ်။ ဒီဇင်ဘာ။ မိသားစုတွေ ဒီကို ခေါ်တာ ၂၀၀၅ ခုနှစ် ဇန္န၀ါရီလ ၄ ရက်။ လွတ်လပ်ရေးနေ့။ သားတွေ သမီးတွေနဲ့ ညနေခင်း လမ်းလျှောက်။ အင်မတန် ပျော်တာပေါ့။
ကျွန်တော် သီးစစ်လုပ်နေတုံးမှာဘဲ ကျွန်တော့်မိန်းမကိုလည်း NUS မှာ M.Sc တက်ဘို့ လျှောက်တယ်။ ဒါပေမဲ့ လျှောက်ပုံလျှောက်နည်း လွဲသွားတာမို့လို့ မရခဲ့ဘူး။ ဒါလည်း သင်ခန်းစာတစ်ခုပဲ။ အတုယူဘို့ ကောင်းတယ်။ ကိုယ် လုပ်တော့မယ် ဆိုရင် အချက်အလက်တွေကို တိတိကျကျ သိထားဘို့။ လေ့လာဘို့။ တကယ် နားလည် တတ်ကျွမ်းတဲ့ သူကို ချဉ်းကပ်ဖို့။ သေချာအောင်လို့ စိတ်ချရတဲ့သူကို ခိုင်းဘို့ အလွန် အရေးကြီးတယ်။
အရေးကြီးတဲ့ လုပ်ငန်းတွေမှာ နားမလည်တဲ့သူကို သွားခိုင်းမိရင် အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်တယ်။ ဒါ ဟာ ဘ၀နဲ့ ဆိုင်တဲ့ လုပ်ငန်းဆို ပိုပြီး အရေးကြီးသေးတယ်။ ကိုယ်ခိုင်းတဲ့ သူက နမော်နမဲ့ လုပ်လိုက်ခြင်းအားဖြင့် ကိုယ့်ဘ၀ တစ်ခုလုံးကို လာပြီး ထိခိုက်တယ်။
သူ M.Sc မတက်လိုက်ရတာ ကျွန်တော် တော်တော်လေး စိတ်မကောင်းဘူး။ သူ့ခမျာ ဒီပလိုမာနဲ့ပဲ ကျေနပ်လိုက် ရတယ်။ အဖေက ဒီမှာ အရင်ကတည်းက ရောက်နေပြီးသား။ နောက် အမေ့ကိုပါ ပြန်ခေါ်တယ်။

ကလေးတွေ ဒီခေါ်၊ ကျောင်းတွေ ဘာတွေထား၊ သူတို့ ပျော်ပျော်ရွှင်ရွှင် ပြေးလွှား အော်ဟစ်နေတာ မြင်ရတော့ ကျွန်တော်ပြန်တွက်ရပြီ။ သူတို့ အသက်တွေကြီးလာ၊ ဒီမှာပဲ အလုပ်တွေရ ဆိုရင် ကျွန်တော့်အနေနဲ့ ဒီမှာ အခြေချရဘို့ ပိုများသွားပြီ။ ဒီမှာ အခြေချဘို့အတွက် ဘာလုပ်ရမလဲ တဲ့။
ကျွန်တော်တို့ construction လုပ်ငန်းဆိုတာ အင်မတန် ပင်ပန်းတယ်။ ကွင်းဆင်းရတဲ့ သူတွေဆို ပိုတောင် ပင်ပန်းသေး။ နေပူမိုးရွာမရှောင် အလုပ်ဆင်းရမယ်။ စူပါဗိုက်ဆာတွေနဲ့ ပြောရမယ်။ ဖိုမင်တွေနဲ့ ပြောရမယ်။ အလုပ်သမား တွေနဲ့ ပြောရမယ်။ ဒီကြားထဲ ၀ါရင့် ဖိုမင်ကြီးတွေဆို အတွေ့အကြုံကလည်း အများကြီး ရှိထားပြီးပြီ ဆိုတော့ အင်မတန် ပြောရခက်၊ ဆိုရခက်။ ပေကပ်ကပ်။ ပြောလည်း လုပ်ချင်မှလုပ်။ ဒီတော့ ရေရှည်လုပ်ဖို့ သိပ်မကိုက်ဘူး။
ဆိုတော့ ဒီမှာ ရေရှည် ရပ်တည်ဘို့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုတော့ ရှိမှ ဖြစ်မယ် ဆိုပြီး ကျွန်တော် စဉ်းစားတယ်။ စဉ်းစားတာမှ အများကြီးကို သေသေချာချာ စဉ်းစားတယ်။ အဘက်ဘက်ကပေါ့။
ကျွန်တော် ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ ဆောက်တုံးက အတွေ့အကြုံတစ်ခုကို တော်တော်များများ ရင်းနှီးပြီး ရလိုက်တာ ရှိတယ်။ တစ်ခါထဲ စီးပွားပျက်ပြီး အရိုးစွဲအောင်ကို မှတ်သွားတာ။ အဲဒါက ဘာလဲ ဆိုတော့ -
“စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်သူမဆို လိုက်လုပ်တတ်တဲ့ လုပ်ငန်းဖြစ်ရင် ဘယ်တော့မှ ငါ မလုပ်တော့ဘူး ဆိုပြီး ဆုံးဖြတ်ချက် ချထားတာ။”
ကျွန်တော်တို့ ဗမာလူမျိုးတွေ ဆိုတာ တော်တော့်ကို ခက်တဲ့ လူမျိုးတွေ။ တစ်ယောက်လုပ်လို့ အောင်မြင်ပြီ ဆိုရင် ဘာမှ မလေ့လာ မစဉ်းစားဘဲ အကုန် လိုက်လုပ်ကြတော့တာ။ ရပ်ကွက်ထဲမှာ တစ်ယောက်က မုံ့ဟင်းခါးဆိုင် ဆိုရင် ဒီရပ်ကွက်ထဲ မုံ့ဟင်းခါး စားနိုင်တဲ့သူ ဘယ်နှယောက် ရှိလဲ မသိဘူး။ သူမုံ့ဟင်းခါး၊ ငါ မုံ့ဟင်းခါး ဖြစ်တော့တာပဲ။
နောက်ပြီး ကိုယ့်ဆိုင်လူလာအောင် တရားမျှတသော နည်းလမ်းနဲ့ မပြိုင်ဘူး။ မုံ့ဟင်းခါးကို ပိုကောင်းအောင် ချက်ပြရမဲ့အစား၊ ကိုယ့်ဆိုင်ကို ပိုပြီးလူလာအောင် ပြုံးပြုံးချိုချိုနဲ့ ဆက်ဆံရမဲ့အစား သူက တစ်ကျပ်ရောင်းရင် ငါက ပြား ၉၀ နဲ့ရောင်းမယ်။ သူက ပြား ၉၀ နဲ့ရောင်းရင် ငါက ပြား ၈၀ နဲ့ ရောင်းမယ် ဆိုပြီး မဟုတ်တဲ့ နေရာကို သွားပြိုင်တယ်။ အင်မတန် ရိုးစင်းပြီး အချိန်တိုအတွင်း ကျရှုံးသွားနိုင်တဲ့ သီအိုရီကို မြန်မာတွေ ကိုင်တွယ်ထားတယ်။
သူ ဗီဒီယိုဆိုင်ဖွင့်လို့ အိုကေရင် ငါက မင်းခြေရင်းခန်းမှာ ဖွင့်ပြီး လိုက်တိုက်မယ်ကွ။ ဒီလိုကိုး။ ဖိုက်တော့လည်း ခုန ပြောသလို ဒီကောင်က ဗီဒီယို တစ်ကား ကို ၅ ကျပ် နဲ့ ပြရင် ငါက ဒီကားမျိုး ၄ ကျပ်နဲ့ ပြမယ်။ ဟိုကောင်က ၄ ကျပ် ထိ ချပြတော့ သူက ၃ ကျပ်နဲ့ ပြတယ်။ မြတ်မလား၊ မမြတ်မလား ဘာမှ မတွက်ဘူး။ ဒီလိုလုပ်လို့ ကိုက်မကိုက်လည်း မတွက်ဘူး။ ဖိုက်မယ် ချမယ် ဆိုတာပဲ သိတယ်။ တခြား ဘာမှ မသိဘူး။ နောက်တော့ နှစ်ယောက်စလုံး ကွဲတာပဲ။ သူလည်း သေ၊ ကိုယ်လည်း သေ။ အင်မတန် ကြောက်ဖို့ကောင်းတယ်။
ဒီတော့ ကျွန်တော် အများကြီး စဉ်းစားတယ်။ ကျွန်တော်တို့ ဗမာတွေ ခပ်ကြမ်းကြမ်း ဖိုက်ပုံမျိုးနဲ့ဆို သူတို့ စိတ်မ၀င်စားတဲ့ ဒါမှ မဟုတ်ရင်လည်း တော်ရုံတန်ရုံ သူများလိုက်တုလို့ မရနိုင်တဲ့ အလုပ်မျိုး လုပ်မှ ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်က ဆောက်လုပ်ရေးပဲ လုပ်တတ်တယ်။ ဘယ်ဗျာ၊ ဆောက်လုပ်ရေး ဆိုတာ လူတိုင်း လုပ်တတ်တာပဲ။ ဘာခက် တာ လိုက်လို့။ ဆိုတော့ ကျွန်တော် အများကြီး စဉ်းစားတယ်။
ဘာလုပ်မလဲ၊ ပင်နင်စူလာမှာ ဆိုင်ဖွင့်မလား။ ဆိုင်ဖွင့်ရင် ဘာရောင်းမလဲ။ စာအုပ်၊ ဗမာအစားအစာ၊ သီချင်းခွေ၊ အသုံးအဆောင် ဒါတွေပဲ ရှိမယ်။ ဒါတွေက လူတိုင်း ဗမာဆိုင်တိုင်း ရောင်းနေတာပဲ။ ကိုယ် ဆိုင်တစ်ဆိုင် ထဖွင့်လိုက်ရင် ကိုယ့် ဘေးမှာ နောက်တစ်ဆိုင် အချိန်မရွေး ထ ပေါ်လာမှာပဲ။
ဆိုတော့ ဘာလုပ်မလဲ။ ရန်ကုန်က ပစ္စည်းသယ်မလား။ ဒီက ပစ္စည်း ရန်ကုန်ပို့မလား စသဖြင့် တစ်ခုခု ပေါ့။ လုံးဝ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တစ်ခုကို စရမှာ။ ကျွန်တော် သေသေချာချာ စဉ်းစားတယ်။ ဒီတော့ ဘာတွေးမိသလဲ ဆိုတော့ ဗမာဟာ ရတနာနဲ့ ပတ်သက်ရင် ကမ္ဘာမှာ နာမည်ရတယ်။ ဗမာပြည်က ထွက်တဲ့ ကျောက်မျက်တွေဆို တစ်ကမ္ဘာလုံးက ကြိုက်တယ်။ ကျွန်တော်တို့မှာ အဲဒီ အားသာချက် ရှိတယ်။ ဗမာပြည်မှာ အကောင်းဆုံး ပတ္တမြားတွေ ထွက်တဲ့မြေ ရှိတယ်။ ဗမာကျောက်စိမ်းဆို လူကြိုက်များတယ် စသဖြင့်ပေါ့။
ပစ္စည်းကျတော့ ထိုင်း နဲ့ တရုပ်က ၀ယ်တယ်။ ကျောက်စိမ်းကတော့ ဗမာပြည်က ကျောက်စိမ်းပဲ။ သူတို့က ဗမာပြည်က ၀ယ်ပြီး ပန်းပု ပြန်ထုရောင်းတာ။ သူတို့က ကျောက်ကို စက်နဲ့ ပန်းပုထုတော့ အရမ်းလှတယ်။ လက်ရာ ကောင်းတယ်။ ပစ္စည်းလှ တော့ ရောင်းရတာလည်း မျက်နှာပန်းလှတယ်။ အဲဒါတွေကို တရုပ်ကုန်သည်တွေ လာရောင်း တယ်။ ကိုယ်ကတော့ ပစ္စည်းအစစ်အမှန်ရအောင် ရွေးတတ်ဖို့တော့ လိုတာပေါ့။
ခု ကျွန်တော်လုပ်လာတာ နှစ်ကလေး နည်းနည်း ရလာပြီ ဆိုတော့ ကျွန်တော်တောင် လိုက်ဝယ်စရာ မလိုတော့ ဘူး။ သူတို့ လာရောင်းကြတယ်။ ကျွန်တော်ကလည်း ၀ယ်နိုင်တဲ့ဟာ ဆိုရင် ၀ယ်ထားလိုက်တယ်။ မ၀ယ်နိုင်တဲ့ဟာ ဆိုရင် လည်း အပ်ကုန် အနေနဲ့ လက်ခံထားလိုက်တယ်။ ပစ္စည်းရောင်းထွက်တော့မှ သူတို့ကို အရင်းပေးလိုက်တာပေါ့။
ရောင်းတာကတော့ လာဝယ်တဲ့ သူတွေကတစ်ဆင့်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပျံ့သွားတာပေါ့။ လာဝယ်တဲ့သူတွေမှာ အဖော်ပါလာတယ်။ အဲဒီ အဖော်တွေက စကားစပ်မိလို့ ပြောကြဆိုကြရင်း သိကြပြီး လာကြတယ် ပေါ့။ ခုတော့ ကျွန်တော် ၀န်ထမ်း ငါးယောက် ခန့်ထားတယ်။ Sales Manager က တစ်ယောက်။ ဗမာပဲ။ Sales Promoter က လေးယောက်။ သူတို့က PR နဲ့ Citizen တွေ။ သူတို့ လိုက် ကြော်ငြာကြတယ်ပေါ့။ ကျွန်တော်ကတော့ တနင်္ဂနွေ တစ်ရက်ပဲ ဆိုင်ကို သွားနိုင်တယ်။
ခုဆို ကျွန်တော် ကျောက်မျက်ဆိုင် ဖွင့်တာ လေးနှစ်ကျော်သွားပြီ။ လေးနှစ်အတွင်း ဆိုင်လေးလဲ တော်တော် လေး ဖွံ့ဖြိုး လာပြီ။ ပစ္စည်းတော်တော် စုံစုံတင်နိုင်ပြီ။ သို့သော်လည်းပဲ အလုပ်ထွက်ပြီး လုပ်ရလောက်အောင်လဲ ဈေးကွက် သိပ်မမိ သေးဘူးပေါ့။
ဒီမှာ ကျွန်တော် ဘာပြောချင်သလဲ ဆိုတော့ စင်ကာပူမှာ အရမ်း အချိန်ရှားတယ်။ အဲဒီအထဲက ရတဲ့ အချိန် လေးတွေကို အလဟဿ ဖြုံးတီးမပစ်ဘဲ အကျိုးရှိအောင် အသုံးချနိုင်မယ် ဆိုရင် ကိုယ်တက်ချင်တဲ့ အတန်းတွေ တက်လို့ ရမယ်။ ကိုယ်လေ့လာချင်တဲ့ ပညာတွေ လေ့လာလို့ ရမယ်။ ဒီမှာက လေ့လာစရာ အခွင့်အလမ်းတွေ အများကြီး ဖွင့်ပေး ထားတယ်။ ကိုယ်က အဲဒါကို မိမိရရ ဆုပ်ကိုင်နိုင်ဘို့ပဲ လိုတယ်။ အဲဒီလို ဆုပ်ကိုင်နိုင်မှလည်း ကိုယ့်ဘ၀ တက်လမ်း ပွင့် မယ်။ ကိုယ်သာ လုပ်နိုင်မယ် ဆိုရင် အခွင့်အရေးတွေဟာ လက်တစ်ကမ်းမှာ ရှိတယ်။ ဒါ ကျွန်တော် ပြောချင်တယ်။
နောက်တစ်ခုက ဘယ်အောင်မြင်မှုမဆို အထောက်အပံ့ အရေးကြီးတယ်။ ကိုယ်ဘယ်လောက်ကြီး တော်နေပါ စေ။ နောက်က အထောက်အပံ့မပါဘဲ မဖြစ်နိုင်ဘူး ဆိုတာပဲ။
နောက်တစ်ခုက စီးပွားရေးလုပ်တဲ့ နေရာမှာ ကိုယ့်ဖောက်သည်တွေ ၀ယ်နိုင်တဲ့ ပစ္စည်းမျိုးလား ဆိုတာလည်း အရေးကြီးသေးတယ်။ ဘယ်လောက် ကောင်းကောင်း၊ ဘယ်လောက် တန်တန်။ ဒါပေမဲ့ လူတွေ မ၀ယ်နိုင်တဲ့ ပစ္စည်းဆို ရင်လဲ အလကားပဲ။ သူတို့ အလွယ်တကူ ကောက်ကက် ၀ယ်သွားနိုင်တဲ့ ပစ္စည်းမျိုး ဖြစ်ရမယ်။ ဒါ Purchasing Power ပဲ။ သာမန် ပြည်သူလူထု ၀ယ်နိုင်တဲ့ အား။ ဒါ အရေးကြီးတယ်။
ဒီပစ္စည်းလေး ဘယ်လောက်လဲ။ ဒါ တန်ရဲ့လား။ လက်ဆောင်ပေးလို့ ကောင်းရဲ့လား။ အာ - တန်တယ်။ ပေါ့ပေါ့ ပါးပါး လက်ဆောင်ပေးလို့ ကောင်းတယ်။ ဒါဆို သူတို့ ၀ယ်မှာပဲ။ နောက်ပြီး သူတို့မှာ ဒီပစ္စည်း ၀ယ်ဘို့ ပိုက်ဆံရှိရဲ့လား။ သူဌေးကြိုက်ပစ္စည်း၊ လူတစ်ထောင် မှ တစ်ယောက်ပဲ ၀ယ်နိုင်တဲ့ ပစ္စည်းဆို ဒါ သိပ် အလုပ်မဖြစ်သေးဘူး။
ဒီလက်ကောက်လေး လှလိုက်တာ။ ဒါ ဘယ်လောက်လဲ။ အစ်မကြီးရယ်။ ဒါလေးကို ၅၀ နဲ့ ရောင်းတာပါဗျာ။ ခုက အမေများနေ့လည်း နီးနေပြီ ဆိုတော့ အစ်မကြီးရဲ့ အမေကို လက်ဆောင်ပေးနိုင်အောင် ၄၀ နဲ့ ပေးလိုက်မယ်။ ဒါ ကျောက်စိမ်း စစ်ရဲ့လား။ အစစ်ပါဗျာ။ ကျွန်တော် ဗမာပြည်ပြန်တုံးက ၀ယ်လာခဲ့တာ။ ဒီလက်စွပ် ကလေးကရော ဘယ်လောက်လဲ။ အစ်မလေးရယ်၊ ဒါလေးကတော့ ၁၅ ကျပ်ထဲပါဗျာ - စသဖြင့် သူတို့ အိတ်ထဲက အလွယ်တကူ နှိုက်ထုတ်နိုင်လောက်တဲ့ ပိုက်ဆံပမာဏကို တွက်ပြီး ရောင်းရတာပေါ့။
ဟာ၊ ဟို ကျောက်စိမ်း လည်ဆွဲကြီးကတော့ ကောင်းလိုက်တာ၊ အရည်ကို လဲ့နေတာပဲ။ ဘယ်လောက်လဲ။ ၂၀၀၀။ ကိုင်း၊ ပစ္စည်းကတော့ ကောင်းပါရဲ့။ ၀ယ်လည်း ၀ယ်ချင်ပါရဲ့။ ဒါပေမဲ့ ပိုက်ဆံ ၂၀၀၀ ကို အလွယ်တကူ ဖြုတ်ကနဲ ပိုက်ဆံအိတ်ထဲက ထုတ်လိုက်ဖို့ ကျတော့ လူတိုင်း လက်တွန့်နေတာပဲ။ နောက်ဆုံး ကိုယ့်မိန်းမကို မွေးနေ့လက်ဆောင် ပေးချင်တာတောင်မှ ကိုင်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက် ပြန်ကိုင်ကြည့်လိုက်။ နောက်ဆုံးကျတော့ သက်ပြင်းချပြီး ၁၅၀ တန်လောက် ကောက်ဝယ်သွားကြတာပဲ ဗျ။ အဲဒါ ကိုယ် သိထားဘို့ လိုတယ်။
ခုနကလို ၂၀၀၀ တန် ပစ္စည်းကြီး သွားတင်ပြီး ဆိုင်ထဲမှာ လေးငါးလလောက် အိပ်နေရင် ဒါ သိပ် ဟန်မကျတော့ ဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို လေ့လာတတ်ရမယ်။ စင်ကာပူမှာ လူတိုင်း အလုပ်လုပ်ကြတယ်။ အဲဒီအတွက်လည်း လူတိုင်း ပိုက်ဆံ ရှိကြတယ်။ ၁၀၀ ၀န်းကျင်၊ ၂၀၀ ၀န်းကျင် ဆို သိပ်မပင်ပန်းဘဲ ၀ယ်နိုင်ကြတယ်။ အဲဒါ အရေးကြီးဆုံးပဲ။
ကဲ၊ ဒါပါဘဲဗျာ။ ကျွန်တော့်အကြောင်း။

သုံးသပ်ချက်

အောင်မြင်သော ဘ၀တစ်ခုကို တည်ဆောက်ရန်မှာ မလွယ်ကူ။ သို့ပင် မလွယ်ကူငြား ဖြစ်နိုင်သော လမ်းများ ရှိသည်။ ထို လမ်းများကို မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဦးနေလင်းသိန်း က နမူနာ ပြသွားတာ တွေ့နိုင်ပါသည်။ ထို့ပြင် လည်း သူ ဤကဲ့သို့ အောင်မြင်လာခြင်းမှာ မူလအခြေခံ ပညာ (B.E (Civil)) ကလည်းကောင်းသဖြင့် ဆိုတာ တွေ့ရပါ မည်။ သို့အတွက် လူငယ်များအနေနှင့် အောင်မြင်သော ဘ၀တစ်ခုကို တည်ဆောက်ရန် ပညာရေး အခြေခံကို ကောင်းကောင်း တည်ဆောက်ရမည် ဖြစ်ကြောင်း နမူနာ ယူနိုင်ပါသည်။
ပညာအခြေခံ မရှိသူများအနေနှင့် မိမိဘယ်လမ်း သွားရမည်၊ ဘယ်လမ်းသွားနေသည်ကို မသိ။ ထို့ကြောင့်ပင် လမ်းလွဲလိုက်မိကာ မိမိရည်မှန်းချက်နှင့် လွဲချော်ခဲ့ရသည်များကို ယခင်က ဖော်ပြခဲ့ပြီးသော လူငယ်ကလေးများ အကြောင်း ဖတ်ကြည့်လျှင် သိနိုင်ပါသည်။

No comments: