Saturday, May 23, 2009

Living in Singapore XXIX (Driving in Singapore)

အခန်း(၁၀)

စင်ကာပူ နိုင်ငံတွင် မော်တော်ယာဉ် မောင်းနှင်ခြင်း

စင်ကာပူတွင် အလုပ်အကိုင် ရှာဖွေရာ၌ ယာဉ်မောင်း လိုင်စင် ရှိထားခြင်းသည်လည်း အလုပ်အကိုင် ရရှိရေး အတွက် အထောက်အကူ တစ်ခု ဖြစ်ပါသည်။ ဥပမာ - Site Supervisor ရာထူး အတွက် Class 3 Driving Licence ရှိ ထားလျှင် အလုပ်သမားများ အသွားအပြန် ကြိုပို့ပေးခြင်း၊ ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ သယ်ခြင်း၊ အရေးပေါ် လိုအပ် ပါက လိုသည့်ပစ္စည်းကို အမြန်သွားရှာနိုင်ခြင်း စသည်တို့ကို အလုပ်လုပ်ရင်း ကျွဲကူးရေပါ တပါတည်း တွဲပြီး လုပ်နိုင်သည်။ ထို့အတွက် လိုင်စင်ရှိသူ နှင့် မရှိသူ ယှဉ်လိုက်လျှင် လိုင်စင်မရှိသူသည် အလုပ်အကိုင်၌ ပိုမို ကျွမ်းကျင်လင့်ကစား၊ ပိုပြီး အတွေ့အကြုံများ လင့်ကစား လိုင်စင်ရှိသူထက် အခွင့်အလမ်း နည်းပါသည်။

အချို့သူများမှာ မြန်မာပြည် ကတည်းက ယာဉ်မောင်း လိုင်စင် ရှိထားပြီး ဖြစ်ပါသည်။ ထိုသူများသည် မြန်မာပြည်မှ မိမိလိုင်စင်ကို Notri လုပ်ယူလာပြီး စင်ကာပူတွင် လိုင်စင်ပြောင်း နိုင်ပါသည်။ ဤအခန်း၌ ဤကဲ့သို့ လိုင်စင်ပြောင်းခြင်း။ စင်ကာပူတွင် လိုင်စင် အသစ်ယူခြင်း စသည့် အကြောင်းများကို ဖော်ပြထားပါသည်။
အောက်ဖော်ပြပါ အချက်အလက်များကို http://driving-in-singapore.spf.gov.sg/ မှ ရယူထားပါသည်။

၁၀၊ ၁။ ယာဉ်မောင်း လိုင်စင် အမျိုးအစားများ

စင်ကာပူတွင် မော်တော်ယာဉ်များ မောင်းနှင်နိုင်ရေး အတွက် တရားဝင် လိုင်စင် ရှိထားရပါမည်။ လိုင်စင် ဟု ဆိုရာတွင် မော်တော်ယာဉ် တစ်ခု ကို မောင်းနှင်ရာ၌ ထိုမော်တော်ယာဉ် အမျိုးအစားနှင့် သက်ဆိုင်သည့် ယာဉ်မောင်း လိုင်စင် ကို ဆိုလိုပါသည်။ စင်ကာပူ နိုင်ငံသားများ၊ စင်ကာပူတွင် အမြဲနေထိုင်ခွင့် ရသူများ(SPR) နှင့် စင်ကာပူတွင် ၁၂ လထက် ပိုပြီး နေထိုင်သော နိုင်ငံခြားသား များ အားလုံး မိမိတို့ မောင်းနှင်မည့် ယာဉ်အလိုက် စင်ကာပူ ယာဉ်မောင်း လိုင်စင် လုပ်ထားရန် လိုပါသည်။ စင်ကာပူတွင် ၁၂ လထက် မပိုဘဲ နေထိုင်သော နိုင်ငံခြားသားများ အနေနှင့် သက်ဆိုင်ရာ တိုင်းပြည်မှ ထုတ်ပေး ထားသည့် သက်တမ်း မကုန်သေးသော International Driving Permit (IDP) ရှိရပါမည်။ အကယ်၍ IDP မရှိပါက သက်ဆိုင်ရာ တိုင်းပြည်မှ ထုတ်ပေးထားသော ယာဉ်မောင်း လိုင်စင်၏ တရားဝင် အင်္ဂလိပ် ဘာသာပြန် ရှိထားရပါမည်။
စင်ကာပူ ယာဉ်မောင်းလိုင်စင်များအား ယာဉ် အမျိုးအစား ကိုလိုက်၍ အောက်ပါအတိုင်း ခွဲခြားထားပါသည်။

Class 1 : Invalid Carriages (လက်တွန်းလှည်းများ)

Class 2B : Motorcycles <= 200 cc (၂၀၀ စီစီ သို့မဟုတ် ၎င်းထက်ငယ်သော မော်တော် ဆိုင်ကယ်များ)Class 2A : Motorcycles between 201 cc and 400 cc (၂၀၁ စီစီ မှ ၄၀၀ စီစီ အတွင်း ရှိ မော်တော် ဆိုင်ကယ်များ)
Class 2 : Motorcycles > 400 cc (၄၀၀ စီစီ အထက် မော်တော် ဆိုင်ကယ်များ)
Class 3A : i) Motor Cars without clutch pedals <= 3000 kg <= 7 passengers, exclusive of the driver; (၃ တန်နှင့် အောက် ကလပ်ခြေနင်း မပါသော ကားများ၊ မောင်းသူမပါ ခရီးသည် ၇ ဦး နှင့်အောက် ကားများ)
: ii) Motor Tractors and other Motor Vehicles without clutch pedals of unladen weight <= 2500 kg (ကလပ်ခြေနင်း မပါသော ၀န်မပါ ယာဉ် အလေးချိန် ၂ တန်ခွဲ နှင့် အောက် မော်တော်ယာဉ်များ)
Class 3 : i) Motor Cars <= 3000 kg with <= 7 passengers, exclusive of the driver (၃ တန်နှင့် အောက် သို့မဟုတ် မောင်းသူမပါ ခရီးသည် ၇ ဦးနှင့် အောက် မော်တော်ယာဉ်များ)
ii) Motor Tractors and other Motor Vehicles <= 2500 kg (၂ တန်ခွဲ နှင့် အောက် မော်တော်ယာဉ် နှင့် ယန္တယား များ)
Class 4A : Omnibuses (ဘတ်စ်ကားများ)Class 4 : Heavy Motor cars and Motor Tractors > 2500 kg (၂ တန်ခွဲ အထက် အကြီးစား မော်တော်ယာဉ် နှင့် ယန္တယားကြီးများ)
Class 5 : Motor Vehicles not constructed to carry any load and the unladen weight > 7250 kg
(၀န်သယ်ရန် အတွက် မဟုတ်သော ၇.၂၅ တန် အထက် စက် ယန္တယားကြီးများ)

ဖောက်ကလစ်(Forklift) မောင်း လိုင်စင် ရှိသူသည် လော်ရီလိုင်စင် မရှိပါက လော်ရီ မောင်းနှင့်ခွင့် မရှိ။ ထို့အတူ လော်ရီ ယာဉ်မောင်း လိုင်စင်ရှိပြီးသူသည် ဖောက်ကလစ် လိုင်စင် မရသေးပါက ဖောက်ကလစ် မောင်းနှင်ခွင့် မရှိပါ။ နှစ်မျိုးလုံး မောင်း နှင် လိုပါက လိုင်စင်နှစ်မျိုးလုံး ရယူထားရန် လိုပါသည်။ ယာဉ် တစ်ခုကို မောင်းနှင်ရန် ထိုယာဉ်နှင့် သက်ဆိုင်သည့် အမောင်းလိုင်စင် ရှိရပါမည်။
မိမိမောင်းနှင်မည့် ယာဉ်သည် တင်ဆောင်ထားသော ၀န်များကြောင့် သာမန်ထက်ပိုပြီး မြင့်နေပါက၊ သို့မဟုတ် ရှည်နေပါက ယာဉ်ထိန်းရဲ ဌာနမှ မောင်းနှင်ခွင့် လိုင်စင်(Traffic Permit) ရယူရန် လိုပါသည်။

၁၀၊ ၂။ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း

စင်ကာပူ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူ နိုင်ငံခြားသား များသည် ၎င်းတို့၏ ယာဉ်မောင်းလိုင်စင် သက်တမ်း မကုန်ဆုံးမီ တစ်လ အလိုတွင် လိုင်စင်သက်တမ်း တိုးရန် လိုပါသည်။ ထိုသို့ သက်တမ်းတိုးရန် ကြိုတင် အကြောင်းကြားစာ များ ပေးပို့လိမ့်မည် မဟုတ်ပါ။ သက်တမ်းတိုးခြင်းကို အောက်ပါ ယာဉ်ထိန်းရဲ ဌာနသို့ လူကိုယ်တိုင် လာရောက်၍ ပြုလုပ်နိုင် ပါသည်။

Traffic Police Department
10 Ubi Avenue 3
Singapore 408865

ရုံးဖွင့်ချိန်း နံနက် ၈ နာရီခွဲ မှ ညနေ ၅ နာရီခွဲ ထိ (တနင်္လာမှ သောကြာ)
နံနက် ၈ နာရီခွဲ မှ နေ့လည် ၁ နာရီ ထိ (စနေ)
တနင်္ဂနွေ နေ့များ နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပါသည်။

လိုင်စင် သက်တမ်းတိုးရန် အောက်ပါ စာရွက် စာတမ်းများ ယူဆောင်လာရန် လိုပါသည်။
၁။ ပတ်စ်ပို့
၂။ Work Permit, EP, S Pass, Dependant Pass, Student Pass သို့မဟုတ် စင်ကာပူတွင် တရားဝင် နေထိုင်လျှက် ရှိကြောင်း အထောက်အထား စာရွက် စာတမ်းများ
၃။ နောက်ခံ အဖြူဖြင့် ရိုက်ထားသော ပတ်စ်ပို့ အရွယ် ဓါတ်ပုံ။ ဓါတ်ပုံ စက္ကူသည် matt သို့မဟုတ် semi-matt ဖြစ်ရပါမည်။ (matt ဆိုသည်မှာ ကြွေရောင် ပြောင်ချောနေသော ဓါတ်ပုံစက္ကူ မဟုတ်ဘဲ မျက်နှာပြင် တွင် အပြောက်ကလေးများ ပါသော၊ နေရောင်တွင် ထောင်ကြည့်လိုက်လျှင် ရောင်ပြန်ဟပ် မနေသော စက္ကူမျိုးကို ခေါ်ပါသည်။)
၎။ စင်ကာပူ ဒေါ်လာ ၅၀ (ငွေသားဖြင့်သော်လည်းကောင်း၊ ဘဏ်ကဒ် နှင့် သော်လည်းကောင်း၊ Cash Card နှင့် သော်လည်း ကောင်း ပေးနိုင်ပါသည်။)

၁၀၊ ၃။ နိုင်ငံခြား ယာဉ်မောင်း လိုင်စင် မှ စင်ကာပူ ယာဉ်မောင်းလိုင်စင် သို့ ပြောင်းခြင်း

အခြားနိုင်ငံတစ်ခု ၏ အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုမှ ထုတ်ပေးထားသော ယာဉ်မောင်းလိုင်စင် နှင့် အဆင့်တူ သော စင်ကာပူ ယာဉ်မောင်းလိုင်စင် ကို ပြောင်း၍ ရပါသည်။ သို့သော် သတ်မှတ်ထားသော အရည်အချင်းစစ် စာမေးပွဲတော့ ဖြေဘို့ လိုပါလိမ့်မည်။
စင်ကာပူ နိုင်ငံသား၊ သို့မဟုတ် စင်ကာပူတွင် အမြဲနေခွင့် ရသူ (SPR) များသည် စင်ကာပူ ယာဉ်မောင်းလိုင်စင် ဖြင့်သာ စင်ကာပူနိုင်ငံတွင် မော်တော်ယာဉ်များကို မောင်းနှင်ခွင့် ရှိပါသည်။
စင်ကာပူ နိုင်ငံသား၊ သို့မဟုတ် SPR များသည် အခြား နိုင်ငံတစ်ခုခုမှ ရရှိထားသော ယာဉ်မောင်းလိုင်စင် ကို စင်ကာပူ ယာဉ်မောင်းလိုင်စင် အဖြစ်ပြောင်းရန် ၎င်းတို့သည် ထိုပြင်ပ နိုင်ငံတွင် အလုပ်လုပ်ရန် အတွက် သော်လည်းကောင်း၊ ပညာသင်ရန် အတွက်သော် လည်းကောင်း ၁ နှစ် သို့မဟုတ် ၁ နှစ်ထက် ပိုမို နေထိုင်ခဲ့ကြောင်း ခိုင်လုံသော သက်သေ အထောက်အထား ပြရပါမည်။ ထို့ပြင် ထို ၁ နှစ်အတွင်း ထို နိုင်ငံ၌ အနည်းဆုံး ၆ လ နေထိုင်ခဲ့ရသူ ဖြစ်ရမည်။ သက်တမ်း ၅ နှစ်ရှိ စင်ကာပူ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူ တစ်ဦးသည် PR ဖြစ်လာပါက လိုင်စင်ပေါ်တွင် ၎င်း ၏ NRIC (မှတ်ပုံတင်နံပါတ်) အသစ်ပြောင်းရန် ယာဉ်မောင်း လိုင်စင်ကို ပြောင်းလဲရန် လိုပါသည်။

စင်ကာပူ တွင် ၁၂ လထက် ပိုမနေသော အသက် ၁၈ နှစ်အထက်ရှိ Work Pass / Dependent Pass / Student Pass တစ်ခုခု ကိုင်ဆောင်ထားသူ နိုင်ငံခြားသား တစ်ဦးသည် ၎င်း ကိုင်ဆောင်ထားသည့် Class 3, 3A သို့မဟုတ် 2B နိုင်ငံခြား ယာဉ်မောင်း လိုင်စင် ဖြင့် စင်ကာပူ နိုင်ငံအတွင်း မောင်းနှင် နိုင်ပါသည်။ စင်ကာပူ သို့ ၎င်း လာသည့် အခါတိုင်း ၁၂ လထက် ပိုမို မနေခဲ့လျှင် သူ၏နိုင်ငံခြား ယာဉ်မောင်းလိုင်စင် ဖြင့် မောင်းနှင်နိုင် ပါသည်။ သို့သော် ၁၂ လထက် ပိုပြီးနေထိုင် လျှင်မူ စင်ကာပူ လိုင်စင် အဖြစ် ပြောင်းပြီးမှ သာ မောင်းနှင်နိုင်ခွင့် ရှိပါသည်။
အကယ်၍ ထို နိုင်ငံခြား ယာဉ်မောင်းလိုင်စင် သည် အင်္ဂလိပ်ဘာသာ နှင့် မဟုတ်ပါမူ International Driving Permit သော်လည်းကောင်း၊ မူရင်းလိုင်စင်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ သော်လည်းကောင်း ထားရပါမည်။

မှတ်ချက်။ ။ Work Permit သို့မဟုတ် S Pass ကိုင်ဆောင်ထားသူ တစ်ဦးသည် ၎င်း၏ ကဒ်တွင် Driver ဟု ဖော်ပြ မထားပါက သို့မဟုတ် Work Pass ဆိုင်ရာ မဟာမင်းကြီး ၏ ယာဉ်မောင်းနှင်ရန် ခွင့်ပြုမိန့် ကို ရရှိမထားပါက အလုပ် နှင့် ပတ်သက်ပြီး ယာဉ်မောင်းနှင်ခွင့် မပြုပါ။ အကယ်၍ အထက်ပါ ခွင့်ပြုချက်များ မရဘဲ မောင်းနှင်ခဲ့ပါက ထိုသူ၏ Work Pass ကို ပယ်ဖျက်မည့်ပြင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်း ဆိုင်ရာ ဥပဒေ နှင့်ပါ တရားစွဲဆိုခြင်း ခံရမည် ဖြစ်ပါသည်။

နိုင်ငံခြား လိုင်စင်များကို စင်ကာပူ လိုင်စင် အဖြစ် ပြောင်းသည်ဆိုရာ၌ Class 2B နှင့် Class 3 များကိုသာ ပြောင်း၍ ရပါသည်။ သင်မောင်းလိုင်စင် များကိုမူ ပြောင်းခွင့်မပြုပါ။ Class 4 နှင့် Class 5 လိုင်စင် ရယူလိုသူများ အဖို့ သက်ဆိုင်ရာ သင်တန်းများ တက်ပြီး လက်တွေ့စစ်ဆေးချက်များ အောင်ပါမှ လိုင်စင် ထုတ်ပေးပါမည်။ နိုင်ငံခြားမှ ရယူလာသော Class 4 နှင့် Class 5 လိုင်စင်များကို စင်ကာပူ လိုင်စင်အဖြစ် တိုက်ရိုက်ပြောင်းခွင့် မပြုပါ။

၁၀၊ ၄။ နိုင်ငံခြား လိုင်စင်ကို စင်ကာပူ လိုင်စင် အဖြစ် ပြောင်းခြင်း

နိုင်ငံခြား တိုင်းပြည် တစ်ခုခုမှ ရရှိထားသော ယာဉ်မောင်းလိုင်စင် ကို အဆင့်တူ စင်ကာပူ လိုင်စင် အဖြစ် ပြောင်းရန် အခြေခံ စာတွေ့ စစ်ဆေးခြင်း (Basic Theory Test – BTT) အောင်မြင်ရပါမည်။ နိုင်ငံခြားမှ အောင်မြင်လာသော စာတွေ့ စစ် ဆေးမှုများကို လက်မခံပါ။
အခြေခံ စာတွေ့ စစ်ဆေးခြင်း (BTT) စာမေးပွဲ ဖြေဆိုရန် ယာဉ်မောင်း သင်တန်းကျောင်း သုံးခုတွင် ကြိုတင် စာရင်း ပေးနိုင်ပါသည်။ ထိုစာမေးပွဲ အောင်မြင်ပြီးလျှင် လိုင်စင်ပြောင်းရန် ယာဉ်ထိန်းရဲ သင်တန်းစာမေးပွဲ ဌာန (Traffic Police Driving Test Centre) တွင် လူကိုယ်တိုင် သွားရောက်၍ သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများနှင့် အတူ လျှောက်ထားနိုင် ပါသည်။
ယာဉ်ထိန်းရဲ သင်တန်းစာမေးပွဲ ဌာန ကို ယာဉ်မောင်း သင်တန်းကျောင်း သုံးခုတွင် ပူးတွဲ ဖွင့်လှစ်ထားရှိ ပါသည်။ အဆိုပါ သင်တန်းကျောင်းများ မှာ -
1. Ang Mo Kio Driving Test Centre, level 3, co-located with the Singapore Safety Driving Centre ( http://www.ssdcl.com.sg/) at 3 Ang Mio Kio St 62 Industrial Park 3 Singapore 569139.
2. Bukit Batok Driving Test Centre, level 2, co-located with the Bukit Batok Driving Centre ( http://www.bbdc.sg/bbdc/xl/XL200_lite/home.asp) at 815 Bukit Batok West Ave 5 Singapore 659085.
3. Kampong Ubi Test Centre, level 2, co-located with ComfortDelgro Driving Centre ( http://www.cdc.com.sg/users/homepage/index.asp) at 205, Ubi Ave 4 Singapore 408805 - တို့ ဖြစ်ပါသည်။

လိုင်စင်ပြောင်း လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်းများကို တပါတည်း ယူဆောင်လာရပါမည်။
၁။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ အပြင် Work Permit / Employment Pass / Dependant Pass / Social Visit Pass / Entry Permit / NRIC.
၂။ နိုင်ငံခြား ယာဉ်မောင်း လိုင်စင် မူရင်း နှင့် မိတ္တူ။
၃။ စင်ကာပူ ဒေါ်လာ ၅၀.၀၀။ (Cash Card နှင့် NETS ဘဏ်ကဒ် များဖြင့် သာ ပေးဆောင်နိုင်ပါသည်။)
၎။ Matt ဓါတ်ပုံစက္ကူဖြင့် ရိုက်ထားသော နောက်ခံ အဖြူ နှင့် ရောင်စုံဓါတ်ပုံ တစ်ပုံ။
(ဓါတ်ပုံတွင် မျက်လုံးများသည် ရှေ့တည့်တည့်သို့ ကြည့်နေရမည်။ နားနှစ်ဖက်နှင့် မျက်ခုံးများ ပေါ်နေရမည်။ ဦးထုပ် ဆောင်းခြင်း၊ နေကာမျက်မှန် တပ်ခြင်းများ ခွင့်မပြု။)

အသက် ၆၅ နှစ်ကျော်သူများ ယာဉ်မောင်းနှင်လိုပါက “ယာဉ်မောင်းရန် သင့်တော်သည်” ဟူသော ဆေးစစ် ထောက်ခံချက်ကို မှတ်ပုံတင်ထားသော ဆေးရုံများနှင့် ဆေးစစ်ဌာနများတွင် ရယူရန် လိုပါသည်။

အကယ်၍ သင်၏ နိုင်ငံခြား ယာဉ်မောင်းလိုင်စင် သက်တမ်းသည် တစ်နှစ်အောက် ဖြစ်ပါက သင်မောင်းနှင်မည့် မော်တော်ယာဉ်တွင် “P” ဟု ရေးထားသော ကဒ်ပြားကို ချိတ်ဆွဲထားရပါမည်။ တစ်နှစ်ကျော်မှသာ ထို ကဒ်ပြားကို ဖြုတ်နိုင် ပါသည်။
သင့် နိုင်ငံခြား ယာဉ်မောင်းလိုင်စင် ကို စင်ကာပူ လိုင်စင် အဖြစ် ပြောင်းစဉ်က အမှတ် ၁၂ မှတ် ပေးလိုက်ပါ လိမ့်မည်။ ယာဉ်စည်းကမ်း တစ်ခါဖောက်ဖျက်လျှင် ၁ မှတ် ဖြစ်ပါသည်။ အကယ်၍ သင်သည် ၁၂ လအတွင်း ထို ၁၂ မှတ်ထက် ပိုပြီး ရလာခဲ့ပါက သင့် ယာဉ်မောင်းလိုင်စင်ကို ပြန်လည် ရုတ်သိမ်းပါလိမ့်မည်။
ယာဉ်မောင်းလိုင်စင် အသိမ်းခံရသူသည် လိုင်စင် အသစ်ပြန်လည် ရယူလိုပါက လိုင်စင် အသိမ်းခံရပြီး တစ်နှစ် အကြာတွင် ယာဉ်မောင်းလိုင်စင် စာမေးပွဲကို စာတွေ့ရော၊ လက်တွေ့ပါ ပြန်လည် ဖြေဆိုရပါလိမ့်မည်။
အကယ်၍ သင့်တွင် စင်ကာပူ ယာဉ်မောင်းလိုင်စင် ရပြီးဖြစ်ပါလျှင် International Driving Permit ကို Automobile Association of Singapore တွင် လျှောက်ထားနိုင်ပါသည်။

၁၀၊ ၅။ ယာဉ်မောင်းလိုင်စင် ပြန်လည်လျှောက်ထားခြင်း

အကယ်၍ မိမိ၏ ယာဉ်မောင်းလိုင်စင်သည် ပျက်စီး၊ ပျောက်ဆုံးခဲ့ပါက အသစ်ပြန်လည် လျှောက်ထား နိုင်ပါသည်။ အောက်ပါ စာရွက်စာတမ်းများ ယူဆောင်ပြီး Traffic Police Headquarters, No.10 Ubi Ave 3 Singapore 408865 တွင် လျှောက်ထား နိုင်ပါသည်။
၁) ပတ်စ်ပို့၊ NRIC / Work Pass / Residence pass
၂) နောက်ခံ အဖြူနှင့် matt finish ပတ်စ်ပို့အရွယ် ရောင်စုံ ဓါတ်ပုံတစ်ပုံ
၃) စင်ကာပူ ဒေါ်လာ ၂၅.၀၀
သုံးကြိမ်တိုင်တိုင် ပျောက်ဆုံးခဲ့သည် ဖြစ်ပါမူ ရဲစခန်းထောက်ခံစာ လိုပါသည်။

၁၀၊ ၆။ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ

ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ အကြောင်း ဤနေရာတွင် အဖြစ်အများဆုံး အကြောင်းများကိုသာ ဖော်ပြပါမည်။
၁) တစ်ဆက်တည်း ရေးဆွဲထားသော မျဉ်းအဖြူ တစ်လျှောက် ရပ်ထားခြင်း
၂) တစ်ဆက်တည်း ရေးဆွဲထားသော မျဉ်းအဖြူ နှစ်ထပ် တစ်လျှောက် ရပ်ထားခြင်း
၃) တစ်ဆက်တည်း ရေးဆွဲထားသော မျဉ်းအ၀ါ တစ်လျှောက် ရပ်ထားခြင်း
၎) တစ်ဆက်တည်း ရေးဆွဲထားသော မျဉ်းအ၀ါ နှစ်ထပ် တစ်လျှောက် ရပ်ထားခြင်း
၅) အများပြည်သူသွားလမ်း တစ်လျှောက် ရပ်ထားခြင်း
၆) ၀င်ဝ၊ ထွက်ဝ အပေါက်များ ကို ပိတ်၍ ရပ်ထားခြင်း
၇) ဘတ်စ်ကား မှတ်တိုင်များမှ ၉ မီတာ အတွင်း ရပ်ထားခြင်း
၈) လမ်းဆုံ၊ လမ်းခွများမှ ၆ မီတာ အတွင်း ရပ်နားထားခြင်း
၉) သတ်မှတ်ထားသော မြန်နှုံးထက် ပိုမို မောင်းနှင်ခြင်း
၁၀) မီးနီကို ဖြတ်မောင်းခြင်း
၁၁) မျဉ်းဖြူ နှစ်ထပ်ကို ဖြတ်မောင်းခြင်း
၁၂) အမြန်လမ်းမကြီးများပေါ်မှ လမ်းပုခုံးများပေါ် ဖြတ်မောင်းခြင်း (သို့မဟုတ်) ရပ်နားခြင်း
၁၃) သတ်မှတ်ထားသော အချိန်များအတွင်း ဘတ်စ်ကားလမ်း များအတွင်း ၀င်ရောက် မောင်းနှင်ခြင်း
(ဘတ်စ်ကား လမ်း အချိန်များမှာ တနင်္လာမှ သောကြာ ထိ နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲ ထိ၊ ညနေ ၅ နာရီမှ ၈ နာရီထိ)

၁၀၊ ၇။ ဒါဏ်ကြေးများ

ဒါဏ်ကြေး နှင့် သတိပေးခြင်း အမျိုးအစားများမှာ ရပ်နားခြင်းများ အတွက် NP402W, NP413, မောင်းနှင်ခြင်းများ အတွက်NP402S, NP403, ယာဉ်မောင်းသူ၏ ကိုယ်ရေး အချက်အလက်များကို တောင်းခံခြင်း အတွက် NP143B, တရားရုံးသို့ လာရောက်ရန် ဆင့်ဆိုခြင်း အတွက် NP404 တို့ ဖြစ်ပါသည်။
ဒါဏ်ကြေးမှာ တိတိကျကျ သတ်မှတ်ထားခြင်း မရှိဘဲ အခြေအနေနှင့် အချိန်အခါကို လိုက်၍ ယာဉ်ထိန်းရဲက ဒါဏ် ကြေးကို သတ်မှတ်ပါသည်။
မှတ်ထားသင့်သော ယာဉ်စည်းကမ်း ဖောက်ဖျက်မှု တစ်ခုမှာ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုံး အသုံးပြုခြင်း ဖြစ်ပါ သည်။ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုံးဖြင့် စကားပြောခြင်း သည် ယာဉ်မောင်းရာတွင် အာရုံစူးစိုက်မှု ကို လျော့နည်းစေသည့် ပြင် လက်တစ်ဖက်က ဖုံးကို ကိုင်ထားရသည် ဖြစ်ရာ အထိန်းဘီး (စတီယာရင်) ကို လက်တစ်ဖက်ထဲသာ ကိုင်ထားရသည်။ သို့အတွက် ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုံးသုံး စကားပြောနေခြင်း သည် လမ်းပေါ်မှ အခြားသော ယာဉ်များ၊ လမ်းသွား လမ်းလာများအား အန္တရာယ်ကျရောက် စေရန် ခြိမ်းခြောက်နေသကဲ့ သို့ ရှိပါသည်။
သို့အတွက် ယာဉ်မောင်းနေစဉ် ဖုံး အသုံးပြုလျှင် ပြင်းထန်စွာ ဒါဏ်တပ်ရိုက်ပါသည်။
ယာဉ်မောင်းနေစဉ် ဖုံး အသုံးပြုနေသည်ကို ပထမအကြိမ် မိလျှင် ၁၂ မှတ် လျှော့ပါသည်။ (ဤ အခန်း။ အပိုဒ် - ၁၀၊ ၄ ကို ကြည့်ပါ) ထို့ပြင် ဒါဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ ထိ (သို့မဟုတ်) ထောင်ဒါဏ် ၆ လ (သို့မဟုတ်) ထောင်ဒါဏ် ငွေဒါဏ် နှစ်ရပ်လုံး တပ်ရိုက်နိုင်ပါသည်။ ထိုမျှသာမက သုံးနေသော လက်ကိုင်ဖုံး နှင့် ဖုံးကဒ်ကိုပါ သိမ်းသွားပါ လိမ့်မည်။
အကယ်၍ လက်နှစ်ဖက် စလုံးကို လွှတ်လျှက် မောင်းနေလျှင် ပထမအကြိမ် ကျူးလွန်ခြင်း အတွက် ဒါဏ်ငွေ ၃၀၀၀ ထိ သို့မဟုတ် ထောင်ဒါဏ် ၁၂ လထိ သို့မဟုတ် ထောင်ဒါဏ်၊ ငွေဒါဏ် နှစ်ရပ် စလုံး တပ်ရိုက်နိုင်ပါသည်။
အကယ်၍ ထိုသူသည် ထိုပြစ်မှု ကို ထပ်မံ ကျူးလွန်နေဦးမည် ဆိုပါက နောက်အကြိမ်များအတွက် ငွေဒါဏ် ၅၀၀၀ ထိ နှင့် ထောင်ဒါဏ် ၂ နှစ်ထိ သို့မဟုတ် ငွေဒါဏ်၊ ထောင်ဒါဏ် နှစ်ရပ် စလုံး ချမှတ်ခြင်း ခံရပါလိမ့်မည်။ ထို့ပြင် ထိုသူ့အနေ နှင့် စင်ကာပူနိုင်ငံ အတွင်း ကားမောင်းခွင့်ပါ ဆုံးရှုံးသွားပါလိမ့်မည်။
မှတ်ချက်။ ။ ဖုံးအသုံးပြုခြင်း ဆိုရာတွင် -
၁) လက်တစ်ဖက်က ဖုံးကို ကိုင်ထားလျှက် လက်တစ်ဖက်တည်းဖြင့် စတီယာရင် ဘီးကို ကိုင်ထားခြင်း
၂) ဖုံးဖြင့် စကားပြောနေခြင်း
၃) လက်ကိုင်ဖုံး ခလုတ်များကို နှိပ်ခြင်း
၎) sms (message) ပို့ခြင်း၊ ရေးခြင်း၊ ဖတ်ခြင်း
၅) Paging လုပ်ခြင်း - တို့ ပါဝင်ပါသည်။

၁၀၊ ၈။ ဒါဏ်ကြေးပေးဆောင်ခြင်း

ဒါဏ်ကြေးများကို AXS Station, SAM Machine, online vPost (http://www.vpost.com.sg/) များတွင် လည်းကောင်း၊ ဘဏ်ကဒ်ဖြင့် Traffic Police Department, 10 Ubi Avenue 3, Singapore 408865 တွင် ရုံးချိန် အတွင်း၌ လည်းကောင်း ပေးနိုင်ပါသည်။
ပိုပြီး အသေးစိတ် သိရှိလိုသူများ http://driving-in-singapore.spf.gov.sg/services/Driving_in_Singapore/%20Information/drivinglicence/conversion.htm တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။

၁၀၊ ၉။ ယာဉ်မောင်း သင်တန်းကျောင်းများ

ယာဉ်မောင်းသင်တန်း တက်လိုသူများ အတွက် စင်ကာပူရှိ ယာဉ်မောင်းသင်တန်းကျောင်းများ မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

1. Bukit Batok Driving Centre (BBDC)
815, Bukit Batok West Ave 5
Singapore 659085
Tel : 6561 1233
http://www.bbdc.sg/

2. ComfortDelGro Driving Centre Pte Ltd
205, Ubi Ave 4
Singapore 408805
Tel : 6841 8900
http://www.comfortdrivingcentre.com.sg/

3. Singapore Safety Driving Centre (SSDC)
3, Ang Mo Kio Street 62, Ang Mo Kio Industrial Park 3
Singapore 569139
Tel : 6482 6060
http://www.ssdcl.com.sg/

ပျမ်းမျှခြင်း အားဖြင့် Class 2 မော်တော် ဆိုင်ကယ် မောင်းသင်တန်း အတွက် စင်ကာပူ ဒေါ်လာ ၂၀၀ ခန့်၊ Class 3 ယာဉ်မောင်းသင်တန်း အတွက် စင်ကာပူ ဒေါ်လာ ၇၀၀ ခန့် ကုန်ကျပါမည်။ အသေးစိတ်ကိုမူ အထက်ဖော်ပြပါ အင်တာနက် စာမျက်နှာများတွင် ၀င်ရောက် လေ့လာနိုင်ပါသည်။

No comments: