Sunday, May 17, 2009

Building A Future Preface

အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း အတွက် အမှာ

၂၀၀၇ ခုနှစ် စက်တင်ဘာလ မှ ၂၀၀၉ ဇူလိုင်လ ထိ စင်ကာပူ နိုင်ငံ Pulau Ular Island တွင် တည်ဆောက်လျှက် ရှိသော Ethylene Cracker Complex Project တွင် ကျွန်တော် လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်တို့ လုပ်စက ကျွန်းသည် သဲသောင်ပြင်ကြီး တစ်ခုအနေနှင့် သာရှိသေးပြီး ယခုအခါတွင်မူ စက်ရုံကြီးတစ်ခု ဖြစ်နေပါပြီ။ ကျွန်တော် ကျွန်းသို့ ရောက်စက အလုပ်သမားများ မှာ သိပ်မများသေးပါ။ ထို့အတူ မြန်မာ လုပ်သားများ မှာလည်း အနည်းငယ်မျှ သာ ရှိပါသေး သည်။ ထိုစဉ်က ကုမ္ပဏီ အားလုံးပေါင်းမှ မြန်မာဦးရေ ၁၀၀ ပင် မပြည့်တတ်သေးပါ။

သို့သော် ၂၀၀၈ ခုနှစ် နှောင်းပိုင်း ရောက်လာသော အခါ လက်ရှိ project တွင် အလုပ်လုပ်သူ ဦးရေမှာ တစ်သောင်း ခန့်ထိ တိုးလာခဲ့ပြီး မြန်မာ အလုပ်သမား စုစုပေါင်း မှာလည်း ၁၀၀၀ ခန့်ထိ ရှိလာခဲ့ပါသည်။ ကျွန်တော်တို့ လူကြီးပိုင်းများ ဦးဆောင်လျှက် ထို မြန်မာ ၀န်ထမ်းအားလုံး ကို စည်းရုံးကာ မိတ်ဆုံစားပွဲ ကလေးများ၊ သာရေး နာရေး ကိစ္စများတွင် ၀ိုင်းဝန်း ပံ့ပိုးခြင်း များ အခါအားလျော်စွာ ပြုလုပ်ပေးခဲ့ ပါသည်။
သို့အတွက် ကျွန်တော့် အနေနှင့် စင်ကာပူတွင် လာရောက် အလုပ်လုပ်နေသူ သာမန် အလုပ်သမား ကလေးများ နှင့် သိကျွမ်းခွင့်၊ စကားပြောခွင့်၊ ရင်းနှီးခွင့် ရခဲ့ပါသည်။ ထိုမှ သူတို့ ဘ၀ အကြောင်း တစေ့တစောင်း သိရှိခွင့် ရခဲ့ပါသည်။ စင်ကာပူ သို့ လာရောက် အလုပ်လုပ် နေသူများ အနက် အချို့မှာ အဆင်ပြေသော်လည်း အချို့မှာ အဆင်မပြေ ကြပါ။
၂၀၀၈ ခုနှစ် အောက်တိုဘာလ အတွင်းက မိတ်ဆွေများ၏ ကောင်းမှုဖြင့် ခေတ်ပြိုင်နှင့် လျှပ်တစ်ပြက် ဂျာနယ်များ တွင် ပါသော ဆရာဦးအောင်သင်း နှင့် အင်တာဗျူးတွင် ဆရာကြီးမှ ပြန်လည် ဖြေကြားသော နိုင်ငံခြားရောက် မြန်မာများ အတွက် အတွေးအမြင် များကို ဖတ်ပြီး ကျွန်တော့် စိတ်တွင် စင်ကာပူ၌ လာရောက် အလုပ်နေသူများ အတွက် သိသင့် သိထိုက်သည် များကို ဆောင်းပါးတစ်ပုဒ် ရေးပြီး ဝေငှ ပေးရန် စိတ်ကူး ရလာပါသည်။
စင်ကာပူ ရောက် မြန်မာများ အနက် အချို့မှာ ထိုက်သင့် အားလျော်သော ပညာရေး ရှိသည့်တိုင် သိသင့် သိထိုက် သည်များကို မသိသည့် အတွက် အခွင့်အလမ်းများ ပိတ်လျှက် ရှိပါသည်။ ထိုလူငယ်ကလေးများ အတွက် ကျွန်တော်က ကိုယ် တတ်နိုင်သလောက် နှုတ်၏ စောင်မခြင်း ပြုလိုပါသည်။ အရေးကြီးသည်မှာ သတင်း ဖြစ်ပါ၏။ သိသင့်သည်များကို သိသွားရန်၊ ထိုမှ တစ်ဆင့် သူတို့ အနာဂါတ်ကို သူတို့ ကိုယ်တိုင် ပုံဖော် တတ်စေရန် ဖြစ်ပါသည်။

စတင် ရေးစကမူ စင်ကာပူတွင် အလုပ်လုပ် နေသူများ အနေနှင့် သိသင့် သိထိုက်သော အစိုးရ၏ ဥပဒေ၊ နည်း ဥပဒေ၊ ရပိုင်ခွင့် များ။ ထို့နောက် မည်သည့် အလုပ်လုပ်လျှင် မည်မျှ လခ ရနိုင်သည် ဆိုသည်များ။ ထိုမှ တဆင့် ထိုကဲ့သို့ သော အလုပ်များ ရရန် မည်သည့် သင်တန်းများ တက်သင့်သနည်း စသည့် သတင်း မျှလောက် ကိုသာ ပေးရန် ဖြစ်ပါသည်။
သို့သော် ရေးရင်းနှင့်မှ တဆင့်တက်၍ စင်ကာပူတွင် အလုပ်လုပ်နေသူ များသာမက မြန်မာပြည်မှ စင်ကာပူသို့ အလုပ်လာရောက် လုပ်ကိုင်လိုသူများ၊ အလည်အပတ် လာလိုသူများ၊ ဆေးကုသရန် လာလိုသူများ စသူတို့ အတွက်လည်း ပြည့်စုံ အားကိုးလောက်သည့် စာအုပ် တစ်အုပ် အဖြစ် ထုတ်ဝေလိုက်ရလျှင် မြန်မာပြည်သား လူအများတို့ အကျိုးများလိမ့်မည် ဟု တွေးမိပါသည်။
သို့အတွက် ဤစာအုပ်ကို အပိုင်း သုံးပိုင်း ခွဲပြီး ရေးသားလိုက် ပါသည်။ ပထမပိုင်းတွင် ရည်ရွယ်ရင်း ရေးသားပြီး ဖြစ်သော စင်ကာပူတွင် အလုပ်လုပ်ကိုင် သူများ အတွက် သိသင့်သော သတင်း အချက်အလက်များ၊ ဒုတိယပိုင်း တွင် စင်ကာပူ တွင် နေထိုင်သူများ၊ စင်ကာပူတွင် ပညာသင်ကြားလိုသူများ စသူတို့ သိသင့်သိထိုက်သည့် စင်ကာပူ နိုင်ငံ ဆိုင်ရာ အချက်အလက်များ၊ တတိယပိုင်း တွင် စင်ကာပူသို့ အကြောင်း အမျိုးမျိုးနှင့် လာရောက်လိုသူတို့ ကြိုတင် ပြင်ဆင်ထားရမည့် အကြောင်း အချက်များ စသည်တို့ ဖြစ်ပါသည်။
ဤစာအုပ် ရေးသားရာတွင် အကြောင်းအချက်များ ခိုင်လုံစေရန် သက်ဆိုင်ရာ ဌာနများ ၏ အင်တာနက်စာမျက်နှာ များကို ကိုးကားပြီး ရေးပါသည်။ သို့သော် စင်ကာပူ နိုင်ငံသည် မိမိတို့ ချမှတ် ရေးဆွဲထားသော မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကို အမြဲပြန်လည် သုံးသပ်ကာ အသစ်အသစ် ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်နေသည် ဖြစ်ရာ ဤစာအုပ်ပါ အချက်အလက်များသည် စာအုပ် ရေးနေစဉ် ၂၀၀၉ ခုနှစ် ဇူလိုင်လထိ သာ မှန်ကန်သည် ဟု ပြော၍ ရပါသည်။ နှစ်များ ပြောင်းသည်နှင့် အမျှ အချို့ အချက်အလက်များ ပြောင်းလဲ နိုင်ပါသည်။ ပြောင်းလဲနေသော အချက်အလက်များကို ရည်ညွှန်း website များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။
ကျွန်တော့်မှာ အလုပ်တစ်ဖက် နှင့် ရေးရသည် ဖြစ်ရာ ညပိုင်း ကိုယ်ပိုင် အချိန် အနည်းငယ် အတွင်းမှသာ ရေးနိုင် ပါသည်။ ညပိုင်း ကျွန်တော်ရသည့် ကိုယ်ပိုင် အချိန်မှာလည်း နှစ်နာရီ ထက် မပိုပါ။ ထို့ပြင် စာရေးရုံသီးသီး မဟုတ်မူ၍ လိုအပ် သော အချက်အလက်များ ရရန် အင်တာနက် စာမျက်နှာပေါင်း များစွာကို မွှေနှောက် ရှာဖွေရသေးသည် ဖြစ်သဖြင့် တစ်ခါ တစ်ရံ တစ်ညလုံးနေ၍ စာတစ်ကြောင်းမျှပင် မပြီးသည့် အခါများလည်း များစွာ ရှိပါသည်။
ထို့ကြောင့် ဤစာအုပ်ပြီးမြောက်ရန် လပေါင်း အတန်ကြာ (၂၀၀၈ နိုဝင်ဘာ မှ ၂၀၀၉ ဇူလိုင်လ ထိ ၉ လ မျှ) အချိန် ယူ ခဲ့ရပါသည်။
ကျွန်တော့် ကြိုးစား အားထုတ်မှုသည် မိမိ အနာဂါတ်ကို မိမိကိုယ်တိုင် တည်ဆောက်လိုသည့် မြန်မာပြည်သား လူငယ်၊ လူလတ်၊ လူကြီးများ အတွက် အကျိုး တစုံတရာ ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျွန်တော် မျှော်လင့်သည့် အတိုင်း ဤစာအုပ်သည် ထို တက်လမ်းကို ရှာဖွေလိုသူတို့ အဖို့ အကျိုးအမြတ် ရှိခဲ့သည် ဆိုလျှင် ကျွန်တော် အလွန် ၀မ်းမြောက် ၀မ်းသာ ဖြစ်မိမည် ဖြစ်ပါသည်။
ဤစာအုပ်ဖြင့် ကျွန်တော့်ကို သာမန် ကျေးတောသားကလေး တစ်ဦးဘ၀မှ ဤ အခြေအနေ အဆင့်အတန်းထိ ရောက်လာအောင် မြေတောင်မြှောက် လမ်းဖွင့်ပေးခဲ့သော အရီးဟံ၊ အရီးကြိုင်၊ ဦးကြီးဖိုးထောင်၊ ဦးကြီး ငချစ် နှင့် တကွ မိဘ နှစ်ပါး ဖြစ်သော ဘခင်ကြီး ဦးမောင်ဆိုင်၊ မိခင်ကြီး ဒေါ်သန်း။ ကျွန်တော့် ပညာသင်ကြားရေး အတွက် အခက်အခဲ နှင့် ဒုက္ခသုက္ခ အမျိုးမျိုးတို့ကို ရင်ဆိုင်ကာ ငွေကြေး အထောက်အပံ့ ပေးခဲ့သော အစ်မကြီး ဒေါ်ကျင်ကျင် တို့ကို ကန်တော့ အပ်ပါသည်။

အေးငြိမ်း
၁၇ မေလ ၂၀၀၉ ခုနှစ်
Blk 134A, Kang Ching Road
Singapore 619062

မှတ်ချက်။ ။ စာအုပ်မပြီးသေးပါ။ ၂၀၀၉ ဇွန်လကုန်တွင် အပြီးရေးမည် ဟု မှန်းထားပါသည်။ ယခုအခါ ဒုတိယပိုင်း နောက်ဆုံး အခန်း ဖြစ်သော စင်ကာပူ လူနေမှု ဘ၀ အကြောင်း အပြီးသတ် ရေးနေပါသည်။ တတိယပိုင်း တွင် စင်ကာပူသို့ လာမည့် သူများ ကြိုတင် ပြင်ဆင်ထားရမည့် အကြောင်းများ ရေးပါမည်။

ဤ စာအုပ်ပြီးလျှင် နောက်တစ်အုပ် အဖြစ် (စာအုပ် မဟုတ်ဘဲ ဆောင်းပါးများ လည်း ဖြစ်နိုင်ပါသည်) “စင်ကာပူရောက် မြန်မာ အလုပ်သမားများ ဘ၀” တစေ့တစောင်း လေ့လာချက် ကို ဆက်လက် ရေးသားပါမည်။ ဤသို့ ရေးသားရာတွင် မြန်မာ အလုပ်သမား ကလေးများကို အင်တာဗျူးကာ သူတို့ဘ၀၊ ခံစားချက်၊ မျှော်မှန်းချက်၊ ဒုက္ခ သုက္ခ များအကြောင်း အင်တာဗျူး ဆန်ဆန် ရေးသားတင်ပြ သွားမည်ဟု စိတ်ကူး ထားပါသည်။

No comments: