Saturday, May 9, 2009

Living in Singapore XXVII (Banks II)

၈၊ ၇။ Bank GIRO (General Interbank Reccurring Order)

နောက် စိတ်ဝင်စား စရာ ကောင်းသော ဘဏ် ၀န်ဆောင်မှု လုပ်ငန်း တစ်ခုမှာ Bank GIRO ဖြစ်ပါသည်။ Bank GIRO ဟူသည်မှာ ဘဏ်စာရင်းဖွင့်ထားသူ ၏ ညွှန်ကြားချက် ဖြင့် ဘဏ်ငွေစာရင်း တစ်ခုမှ အခြား ဘဏ်ငွေစာရင်း တစ်ခုသို့ ချက်လက်မှတ် စသည်များ မလိုဘဲ ငွေကို တိုက်ရိုက် လွှဲပြောင်းပေး ခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် တယ်လီဖုံးခ ပေးဆောင်ရာတွင် မိမိကိုယ်တိုင် မပေးဆောင် လိုပါက မိမိ ဘဏ်စာရင်း ဖွင့်ထား သော ဘဏ် သို့ မိမိ၏ တယ်လီဖုံးခ အား Bank GIRO ဖြင့် ပေးလိုကြောင်း လျှောက်ထား နိုင်ပါသည်။ မိမိ၏ ဘဏ်စာရင်းအား POSB ဘဏ်တွင် ဖွင့်ထားသည် ဆိုပါစို့။ အကယ်၍ မိမိ သည် Sing Tel တယ်လီဖုံးလိုင်း ကို အသုံး ပြုနေသည် ဆိုပါက Sing Tel မှ Bank GIRO ပုံစံကို ယူကာ ဖြည့်စွက်ပြီး ဘဏ်သို့ ပေးလိုက်လျှင် ဘဏ်မှ အတည်ပြု ပေးပါလိမ့်မည်။ ထိုအခါ မိမိ ပေးရမည့် ဖုံးခ များကို Sing Tel သည် မိမိ ဘဏ်စာရင်းထဲမှ လစဉ် နှုတ်ယူ ပါလိမ့်မည်။ မိမိ အနေနှင့် ငွေပေးဆောင်ရသော ကရိကထ မရှိတော့ပါ။
ထို့အတူ အိမ်လခများ၊ ရေခ၊ မီးခများ၊ စာအုပ် လစဉ်ကြေးများ၊ အာမခံကြေးများ၊ ၀င်ငွေခွန်များ စသည် တို့ကို Bank GIRO နှင့် ပေးဆောင် နိုင်ပါသည်။ သို့သော် Bank GIRO ဖြတ်မည့် အချိန်တွင် ဖြတ်မည့် ငွေပမာဏကို ဘဏ် စာရင်း ထဲ၌ အလုံအလောက် ထည့်ပေးထားရန် တော့ လိုပါသည်။
အစိုးရသို့ ပေးဆောင်ရမည့် အချို့သော အခွန်များကို (ဥပမာ - Foreign Domestic Worker Levy) Bank GIRO နှင့် ပေးဆောင် ရပါသည်။
ယေဘူယျအားဖြင့် Bank GIRO အမျိုးအစား နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ -
(၁) ကျသင့်ငွေကို မိမိ ပေးဆောင်ရမည့် ဌာနက မိမိ ဘဏ်စာရင်းထဲမှ တိုက်ရိုက် ဖြတ်ယူခြင်း
(၂) ကျသင့်ငွေကို မိမိ က ဘဏ်စာရင်းထဲမှ ဖြတ်ယူရန် အတည်ပြုမှ ဘဏ်က ဖြတ်ခွင့်ပြုခြင်း - ဖြစ်ပါသည်။
Bank GIRO ၏ အားသာချက်မှာ ကျသင့်ငွေကို ကိုယ်တိုင် ပေးဆောင်ရသည့် ကရိကထ သက်သာခြင်းနှင့် မေ့လျော့ နေ၍ မပေးဆောင်မိ သောကြောင့် ရက်လွန်မှာကို မစိုးရိမ်ရခြင်း၊ ပေးဆောင်ရမှာကို အမြဲ သတိထား နေရန် မလိုတော့ခြင်း စသည်တို့ ဖြစ်ပါသည်။
အချို့ ကုမ္ပဏီများသည် GIRO ဖြတ်ရန် ရက်နီးပါက ဘဏ်စာရင်းထဲ၌ ငွေ အလုံအလောက် ထည့်ထားပါရန် သတိပေးတတ် ပါသည်။ အထူးသဖြင့် ငွေ ပမာဏများလျှင် သတိပေးစာ ပို့တတ်ပါသည်။ သို့သော် ပမာဏ နည်းပါး သော အခများ အတွက်မူ ပို့လေ့ မရှိပါ။

၈၊ ၈။ စင်ကာပူ နိုင်ငံ ရှိ ဘဏ်များ

စင်ကာပူ နိုင်ငံတွင် လည်ပတ်လျှက်ရှိသော ဘဏ်များမှာ ဤစာရေးနေချိန် (၂၀၀၉၊ ဧပြီလ) ထိ ကူးသန်း ရောင်းဝယ်ရေးဘဏ်ပေါင်း ၁၁၁ ခု နှင့် ကုန်သွယ်မှုဘဏ် ၄၉ ခု ရှိပါသည်။ စင်ကာပူ နိုင်ငံတွင် နိုင်ငံပေါင်းစုံ မှ လာရောက် ဖွင့်လှစ်ထားသော ဘဏ်များ အများ အပြားရှိသည်။ ပြန့်ကျဲနေသော ပြည်တွင်းဘဏ် လုပ်ငန်းများ ကို ပေါင်းစည်းစေပြီး ပိုမိုကြီးများသော ဘဏ်အုပ်စုကြီးများ အသွင်ဖြင့် ဒေသတွင်း အထိ ချဲ့ထွင်ကာ နိုင်ငံခြား ဘဏ်ကြီး များနှင့် ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ အစိုးရက ဘဏ်လုပ်ငန်း ကဏ္ဍ ကန့်သတ်ထားမှု များကို ၂၀၀၁ ခုနှစ်တွင် စတင် လျှော့ချ ပေးခဲ့သည်။ စင်ကာပူရှိ နိုင်ငံခြား ဘဏ်ခွဲများ၏ လုပ်ပိုင်ခွင့် များကိုလည်း တိုးမြှင့်ပေးခဲ့သည်။
ထိုမှစ၍ ပြည်တွင်း ဘက်စုံဘဏ်လေးများ အရေအတွက်မှာ ထက်ဝက်ကျော် လျော့ကျ သွားခဲ့ပြီး ယနေ့ဆိုလျှင် ဘဏ်ကြီး ၅ ခု အဖြစ် စုစည်း ရပ်တည် နေကြလေပြီ။ သို့သော် လူသိများပြီး အသုံးဝင်မည့် ဘဏ်များနှင့် ဘဏ် လုပ်ငန်းများ အကြောင်းကိုသာ ဤနေရာတွင် အကျဉ်းချုပ်၍ ဖော်ပြသွားပါမည်။
စင်ကာပူတွင် လက်ရှိအားဖြင့် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ဘဏ်ပေါင်း ၁၀၆ ခု ရှိသည့် အနက် ဘဏ်လုပ်ငန်း အားလုံး ဆောင်ရွက်နိုင်သည့် ဘက်စုံဘဏ် (Full Bank) ၂၄ ခု၊ ဘဏ်လုပ်ငန်း လက်ကားဘဏ် (Wholesale Bank) အခု ၄၀ နှင့် ပြည်ပမှ ရင်းနှီး မြှုပ်နှံသူများ၏ အပ်ငွေကိုသာ လက်ခံသောဘဏ် (Offshore Bank) ၄၂ ခု တို့ ဖြစ်ပါသည်။
စင်ကာပူရှိ ဘဏ်များ အနက် အချို့မှာ -

Bank of Singapore Limited
DBS Bank Limited
Far Eastern Bank Limited
Oversea-Chinese Banking Corporation Limited
United Overseas Bank Limited
The Islamic Bank of Asia
American Express Bank Limited (Now under Standard Chartered Bank)
Bank of China Limited
Bank of India
Citibank Singapore Limited
Indian Overseas Bank
Standard Chartered Bank
Malayan Banking Berhad MayBank
HSBC Private Bank (Suisse) SA - တို့ ဖြစ်ပါသည်။


စင်ကာပူတွင် ဘဏ်များစွာ ရှိပြီး ဘဏ်အားလုံးမှာ ၀န်ဆောင်မှု အလွန် ကောင်းသလို မြန်လည်း မြန်ပါသည်။ ထို ဘဏ်များအနက် -

POSBank ( Post Office Saving Bank)
DBS (The Development Bank of Singapore Limited)
UOB (United Overseas Bank)
OCBC (Oversea-Chinese Banking Corporation Limited)
Citibank - တို့ မှာ လူသိများပြီး ထင်ရှားပါသည်။
ထို ဘဏ်များ အနက် စင်ကာပူမှ ဘဏ်များအကြောင်း အမြည်းမျှ သိစေရန် လူသိများသော POSBank ကို နမူနာ ထား၍ ဖော်ပြလိုက်ပါသည်။

၈၊ ၉။ POSBank

စင်ကာပူရှိ ဘဏ်ပေါင်း များစွာတို့ အနက် လူအစည်ကားဆုံး ဘဏ်ကို ပြပါ ဟု ဆိုလျှင် POSB ကို ပြရပါ လိမ့်မည်။ အဘယ်ကြောင့် ဆိုသော် စင်ကာပူ နိုင်ငံသားများ အတွက် ၀န်ဆောင်စရိတ် အသက်သာဆုံး နှင့် ဆောင် ရွက် ပေးသောကြောင့် ဖြစ်ပါ၏။ ထို့ပြင် ကလေးငယ်များ၊ အသက် ၂၁ နှစ်အောက် အချိန်ပြည့် ကျောင်းသားများ၊ အချိန်ပြည့် စစ်သားများ အတွက် ဘဏ် ၀န်ဆောင်စရိတ် ကင်းလွတ်ခွင့် ပြုထားပါသည်။
Post Office Saving Bank ကို ဗြိတိသျှ အစိုးရက ၁၈၇၇ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင် စတင် တည်ထောင် ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် POSBank ဟု အမည်ပြောင်းခဲ့ ပါသည်။ ၁၉၉၈ နိုဝင်ဘာလ တွင် POSB ကို DBS နှင့် ပေါင်းလိုက် ပါသည်။
ထို့အတူ POSBank သည် စင်ကာပူရှိ ဘဏ်များအနက် ဘဏ်ခွဲ အများဆုံး နှင့် ATM အများဆုံး ဘဏ်လည်း ဖြစ်ပါသည်။ POSBank တွင် အောက်ပါ ၀န်ဆောင်မှုများ ပေးပါ၏။

ငွေစုခြင်း (Saving)
POSB Children Development
POSBkids Account
POSB Passbook Savings
MySavings Account
Current Account (စာရင်းရှင်) များ ဖွင့်ခြင်း
POSB Current Account
Fixed Deposits (စာရင်းသေ) များ ဖွင့်ခြင်း
Singapore Dollar Fixed Deposit
Safe deposit box
Loans and Mortgages (ငွေ ချေးငှားခြင်း)
v POSB Home Ideal (အိမ်ဝယ်ရန် ငွေချေးခြင်း)
v POSB Loan Assist (ကိုယ်ရေး ကိုယ်တာ ကိစ္စများအတွက် ငွေချေးခြင်း)
v POSB Further Study Assist (ပညာသင်ကြားရေး အတွက် ငွေချေးခြင်း)
Cards (ဘဏ်ကဒ် များ ပြုလုပ်ခြင်း)
POSB ATM Card
POSB GO! Enhanced ATM Card
POSB MasterCard Debit
POSB Everyday Credit Card
မိမိ ကြိုက်နှစ်သက်ရာ Account ကို ရွေးချယ် ဖွင့်နိုင်ပါသည်။ POSB Passbook Savings Account ဖွင့်မည် ဆိုပါက နိုင်ငံခြားသားများ အနေနှင့် မိမိ၏ Work Pass နှင့် ပတ်စ်ပို့ စာအုပ် လိုပါသည်။ Account ဖွင့်ရန် စင်ကာပူ ဒေါ်လာ ၅၀၀ deposit တင်ရပါသည်။ အကယ်၍ မိမိ account ထဲတွင် ၅၀၀ ထက် လျော့နည်းနေပါက ဘဏ်မှ ၀န်ဆောင်စရိတ် တစ်လလျှင် စင်ကာပူ ဒေါ်လာ ၂.၀၀ ဖြတ်ပါသည်။ ထို account ကို အနည်းဆုံး ၆ လ ထိ ဖွင့်ထား ရပါမည်။ အကယ်၍ ၆ လ မတိုင်မီ account ပိတ်ပါက စင်ကာပူ ဒေါ်လာ ၂၀ ဖြတ်ပါမည်။
ထို့ပြင် Current Account, Fixed Deposit Account စသည် များလည်း ဖွင့်နိုင်ပါသည်။ နိုင်ငံခြားငွေ များ အနက် သြစတေးလျန်း ဒေါ်လာ (AUD)၊ ဟောင်ကောင် ဒေါ်လာ(HKD)၊ ကနေဒါ ဒေါ်လာ(CAD)၊ ယူရို(EUR)၊ ဂျပန် ယန်း(JPY)၊ နယူးဇီလန် ဒေါ်လာ(NZD)၊ ဗြိတန် ပေါင်(GBP)၊ အမေရိကန် ဒေါ်လာ(USD)၊ ထိုင်း ဘတ်(THB)၊ နော်ဝေ ကရုမ်း (NOK)၊ ဆွီဒင် ကရိုနာ (SEK)၊ ဆွစ်စ် ဖရန့် (CHF) account များလည်း ဖွင့်နိုင်ပါသေးသည်။
POSB ဘဏ်အများစုမှာ နံနက် ၈ နာရီခွဲ တွင် ဖွင့်ပြီး ညနေ ၄ နာရီခွဲ တွင် ပိတ်ပါသည်။ သို့ရာတွင် အချို့ ဘဏ်များမှာ နံနက် ၁၁ နာရီတွင် ဖွင့်ပြီး ညနေ ၇ နာရီ မှ ပိတ်ပါသည်။ စနေနေ့တွင်မူ နေ့ဝက်သာ ဖွင့်ပြီး နေ့လည် ၁ နာရီတွင် ဘဏ်ပိတ်ပါသည်။ တနင်္ဂနွေ နေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ဘဏ်များ ပိတ်ပါသည်။
OCBC ဘဏ်အများစုမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ၊ စနေနေ့များတွင် နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီခွဲထိ ဘဏ် ဖွင့်ပါသည်။
UOB ဘဏ်အများစုမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ၊ စနေနေ့များတွင် နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီခွဲထိ ဘဏ် ဖွင့်ပါသည်။ အချို့ဘဏ်များမှာ နံနက် ၁၁ နာရီမှ ညနေ ၆ နာရီထိ ဖွင့်ပါသည်။ စနေနေ့များတွင် အချို့ ဘဏ်များမှာ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီခွဲ အထိ၊ အချို့ဘဏ်များမှာ နေ့လည် ၁၁ နာရီမှ ညနေ ၄ နာရီထိ ဖွင့် ပါသည်။
Citi Bank များမှာ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ ထိ၊ စနေနေ့များတွင် နံနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီထိ ဘဏ် ဖွင့်ပါသည်။
သို့ရာတွင် Cheque deposit လုပ်ရန် အတွက် ဘဏ် ဖွင့်အောင် စောင့်နေစရာ မလိုဘဲ ဘဏ် ရှေ့တွင် ထားရှိပေးသော Quick Check Deposit Box အတွင်း ထိုးထည့်လိုက် ရုံသာ ဖြစ်ပါသည်။ ဘဏ် စာရင်း အသစ်ဖွင့် သည့် အခါမျိုး၊ ဘဏ်စာအုပ် အသစ်လဲသည့် အခါမျိုး၊ ပိုက်ဆံများများ ထုတ်လိုသည့် အခါမျိုး၊ Cash Cheque ထုတ်လိုသည့် အခါမျိုးများ ၌ သာ ဘဏ်၌ တန်းစီရန် လိုပါသည်။
ဘဏ်လုပ်ငန်းများမှာ များပြားလှသည် ဖြစ်ရာ ဘဏ်အားလုံး အကြောင်း စာမျက်နှာ အနည်းငယ်မျှ ဖြင့် ဖော်ပြ နိုင်ရန် မဖြစ်နိုင်ပါ။ ယခု အမြည်းမျှသာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ပိုမို၍ အသေးစိတ် သိလိုသူများ အောက်ပါ သက်ဆိုင်ရာ ဘဏ်များ၏ အင်တာနက် စာမျက်နှာတွင် ၀င်ရောက် လေ့လာနိုင်ပါသည်။

No comments: