စင်ကာပူ၌ လာရောက် အလုပ်လုပ်ကိုင်နေကြသူ နိုင်ငံခြားသား အလုပ်သမားများသည် Phone Apps သုံးခုကို download လုပ်၊ install လုပ်ထားရန် လို၏။ ထို App များသုံးကာ လုပ်ရမည့် လုပ်ငန်းဆောင်တာများသည် ရှိ၏။ အကယ်၍ ထို apps များ မရှိပါက အခက်အခဲ ပြဿနာများနှင့် ရင်ဆိုင်ရနိုင်၏။
ထို app သုံးခုမှာ -
၁။ SingPass
၂။ SGWorkPass
၃။ FWMOMCare တို့ ဖြစ်၏။
SingPass အကြောင်း ကျွန်ုပ်ရေးခဲ့ပြီးပါပြီ။
ယခု SGWorkPass နှင့် FWMOMCare အကြောင်း ရှင်းပြပါမည်။
SGWorkPass
https://www.mom.gov.sg/eservices/sgworkpass
ယခင်က ဝပ်ပါမစ်ကတ်ပေါ်၌ မိမိ၏ဓာတ်ပုံ၊ အလုပ်ရှင် (ကုမ္ပဏီ) နာမည်၊ ကုမ္ပဏီလိပ်စာ၊ မိမိ၏ အလုပ်အကိုင် (Occupation), ဝပ်ပါမစ်နံပါတ်၊ ဝပ်ပါမစ် ထုတ်ပေးသည့်ရက်၊ သက်တမ်းကုန်မည့်ရက်၊ မိမိ၏ မွေးနေ့သက္ကရာဇ်၊ FIN No. (Foreign Identification Number), လူမျိုး အစရှိသည့် အသေးစိတ် အချက်အလက်များအားလုံးကို ဖော်ပြထား၏။
ယခုမူ ဝပ်ပါမစ်ပေါ်၌ ထိုအချက်အလက်များအနက် မိမိ၏ဓာတ်ပုံ၊ အလုပ်ရှင် (ကုမ္ပဏီ) နာမည်၊ မိမိနာမည်၊ ဝပ်ပါမစ် နံပါတ်၊ လုပ်ငန်း (Sector)၊ မိမိ၏ မွေးနေ့သက္ကရာဇ်၊ FIN No.၊ လူမျိုး၊ ကျား/မ စသည်တို့သာ ပါတော့၏။ အရေးကြီး သည့် အချက်တစ်ခုမှာ ဝပ်ပါမစ် သက်တမ်းကုန်မည့်ရက် ဖြစ်၏။ ဝပ်ပါမစ် သက်တမ်းကုန်မည့်ရက်သည် ပတ်စ်ပို့ သက်တမ်းကုန်မည့်ရက် စသည်တို့အပေါ် မူတည်၍ အပြောင်းအလဲ ဖြစ်နိုင်ရာ ယခုအခါ ဝပ်ပါမစ် သက်တမ်းကုန်မည့် ရက်ကို ဝပ်ပါမစ်ကတ်ပြားပေါ်၌ ရေးမထားတော့။ ထို့ပြင် မိမိ၏ အလုပ်အကိုင်ကိုလည်း ဝပ်ပါမစ်ပေါ်တွင် ဖော်ပြ မထားတော့ပါ။
မိမိ၏ ဝပ်ပါမစ် သက်တမ်းကုန်မည့်ရက် နှင့် အလုပ်အကိုင်ကို သိလိုပါမူ ဝပ်ပါမစ်နောက်ဘက်ရှိ QR Code ကို scan လုပ်ကြည့်ရ၏။ ထို့ပြင် ကိုဗစ်ကာလက အလုပ်သမားများကို ၎င်းတို့၏ ကိုဗစ်ကူးစက်မှုအခြေအနေကိုလိုက်၍ အလုပ်သမားများအား အလုပ်သွားခွင့်ကို ကန့်သတ်ခဲ့၏။ အလုပ်သမားတစ်ဦးသည် အလုပ်သွားတော့မည်ဆိုပါက မိမိ ဝပ်ပါမစ်နောက်ဘက်ရှိ QR Code ကို SGWorkPass ဖြင့် scan လုပ်ကြည့်ရ၏။ အစိမ်းရောင်ပေါ်လာမှ အလုပ်သွားခွင့် ရမည်။ အနီရောင်ပေါ်နေပါက အလုပ်သွားခွင့်မပြု။ အနီရောင်ပေါ်နေလျက်နှင့် အလုပ်သွားပါက WorkPermit cancel လုပ်သည်ထိ အရေးယူခံရမည်။
ထို့အတွက် SGWorkPass သည် ဝပ်ပါမစ် အလုပ်သမားများအတွက် မရှိမဖြစ် လိုအပ်၏။ နောက် ကောင်းသည့်အချက် တစ်ခုမှာ ဖုန်းထဲ၌ SGWorkPass ကို install လုပ်ထားသည့် အလုပ်သမားသည် ဝပ်ပါမစ်ကတ်ကို သွားလေရာ သယ်သွား စရာမလိုတော့ဘဲ ရဲ (သို့) အစိုးရအရာရှိများက တောင်းဆိုလာပါက SGWorkPass ကို ဖွင့်ပြလိုက်လို့ရ၏။
အကယ်၍ မိမိ၏ SGWorkPass ၌ Digital Work Permit Card ကို ထည့်လိုပါက သင့်တွင် register လုပ်ထားသည့် SingPass account ရှိထားရမည်။ မည်ကဲ့သို့ ထည့်သွင်းရမည်နည်း။ အောက်တွင် အဆင့်ဆင့် ပြထား၏။
၁။ SGWorkPass app ကို ဖွင့်ပါ။
၂။ “I am an MOM-issued pass holder” ကို ရွေးပါ။
၃။ SingPass သို့ log in ဝင်ပါ။
၄။ SingPass log in အချက်အလက်များ ဖြည့်ပါ။
၅။ SingPass သို့ successfully log in လုပ်ပြီးပြီဆိုပါက “Back to SGWorkPass” ကို နှိပ်ပါ။
၆။ ယခုအခါ သင့် SGWorkPass app ၌ သင့် Digital WorkPermit ကို ဖွင့်နိုင်ပါပြီ။
မည်ကဲ့သို့လုပ်ရမည်ကို MOM website ၌ ဗီဒီယိုလေးနှင့် ပြထားပါသည်။
SGWorkPass app ၏ logo, အခြား SGWorkPass နမူနာများကို MOM website ၌ ကြည့်နိုင်ပါသည်။ Copy right နှင့် ငြိမည်စိုးသဖြင့် ဤနေရာ၌ မဖော်ပြတော့ပါ။
FWMOMCare
နိုင်ငံခြားသား အလုပ်သမားများ၌ မရှိမဖြစ် ရှိရမည့် နောက် app တစ်ခုမှာ FWMOMCare ဖြစ်၏။ ဤတွင် FW ဟူသည် Foreign Worker ကို ဆိုလိုသည်။ FWMOMCare ကို 18/05/2020 ၌ စတင်ခဲ့၏။ FWMOMCare သုံးပြီး အောက်ပါတို့ လုပ်နိုင်၏။
§ မိမိ၏ အလုပ်အကိုင် အခက်အခဲ ပြဿနာများကို MOM နှင့် ဆွေးနွေးရန် မေတ္တာရပ်ခံခြင်း (MOM အရာရှိက ၃ ရက်အတွင်း အကြောင်းပြန်မည်။)
§ အန္တရာယ်မကင်းသည့် အခြေအနေ/အပြုအမူများကို MOM သို့ သတင်းပို့ခြင်း
§ နေထိုင်မကောင်းဖြစ်လျင် ဆေးရုံဆေးခန်းသွားရန် ကြိုတင် booking ယူခြင်း (သို့မဟုတ်) tele-consultation ဖြင့် ဆရာဝန်ပြခြင်း
§ MOM ၏ နောက်ဆုံးထုတ် အကြံပြုချက် (advisory) များကို ရယူနိုင်ခြင်း
§ အပန်းဖြေစခန်း (RC) များမှ အားကစားကွင်းများ အသုံးပြုရန် booking လုပ်နိုင်ခြင်း
§ (ကိုဗစ်ဖြစ်လျင်) ကိုဗစ်ဆေးစစ်မှတ်တမ်းကို FWMOMCare ၌ မှတ်တမ်းတင်ရခြင်း
FWMOMCare ကို ဘာသာစကား ၆ မျိုးဖြင့် ရနိုင်၏။
FWMOMCare သုံးပုံသုံးနည်းကို အောက်တွင် အသေးစိတ် ဖော်ပြထားပါသည်။
FWMOMCare Register လုပ်ခြင်း
§ FWMOMCare ကို download လုပ်၊ install လုပ်ပါ။
§ Privacy Policy ကို accept လုပ်ပါ။
§ မိမိ၏ FIN No. ဖြင့် ဝင်၍ register လုပ်ပါ။
§ လက်ရှိကိုင်ထားသည့် မိမိ၏ ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ ထိုအခါ မိမိဖုန်းထဲသို့ ဂဏန်း ၆ လုံးပါ OTP (One Time Password) message ပို့ပေးပါလိမ့်မည်။ ထို OTP ကို ရိုက်ထည့်ပါ။
§ ထို့နောက် မိမိအမည်၊ မွေးနေ့သက္ကရာဇ်နှင့် နေရပ်လိပ်စာတို့ရိုက်ထည့်ပြီး Save changes ကို နှိပ်လိုက်လျင် register လုပ်ပြီးပါပြီ။
နေရပ်လိပ်စာထည့်ရာတွင် အားလုံးရိုက်စရာမလို။ Postal code ကို ရိုက်ထည့်လိုက်ပါက လိပ်စာအပြည့်အစုံကို အလို အလျောက်ထည့်ပေးသွားပါလိမ့်မည်။
FWMOMCare ကို register လုပ်ပြီးသည်နှင့် စ သုံးလို့ ရပါပြီ။
FWMOMCare အသုံးပြုနည်း
ပထမ FWMOMCare app ကို ဖွင့်ပါ။
FIN No. ရိုက်ထည့်ပါ။
သင့်ဖုန်း message ထဲ ရောက်လာသည့် OTP ဂဏန်း ၆ လုံးကို ရိုက်ထည့်ပါ။
ထိုအခါ FWMOMCare ၏ Home Page ကို အောက်ပါအတိုင်း တွေ့ရပါမည်။ (Screen shot 1)
ဖုန်းနံပါတ် ပြောင်းခြင်း
ဘယ်ဘက် အပေါ်ဆုံးထောင့်မှ မျဉ်းတိုလေးသုံးကြောင်းကို နှိပ်ပါ။
My Profile ကိုနှိပ်၊ Contact Details မှ Edit ကို နှိပ်၊ ဖုန်းနံပါတ်အသစ် ရိုက်ထည့်။
Save changes ကို နှိပ်၊ သင့် ဖုန်း message ထဲဝင်လာသည့် OTP ဂဏန်း ၆ လုံးကို နှိပ်။
ပြီးပါပြီ။
ကိုဗစ် ကာကွယ်ဆေးထိုးမှတ်တမ်း
FWMOMCare Home Screen è Vaccination è Vaccination Records è Covid 19 Vaccination ကို အစဉ်လိုက် နှိပ်သွားပါ။
Covid 19 Vaccination အောက်တွင် ရလဒ် သုံးခုတွေ့မည်။
အစိမ်းရောင် - ကိုဗစ်ကာကွယ်ဆေးကို မည်သည့်နေ့က ထိုးထားသည်။
အနီရောင် - ကိုဗစ်ကာကွယ်ဆေး ထိုးမထားပါ။
ခဲရောင် - ကိုဗစ်ဖြစ်ပြီး နလံပြန်ထလာသည့် လူမမာ
History ကို နှိပ်လိုက်လျင် မည်သည့်နေ့က မည့်သည့်တံဆိပ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည် ဟူသော ကိုဗစ်ကာကွယ်ဆေးထိုးမှတ်တမ်း အားလုံးကို တွေ့ရမည်။
ကိုဗစ် ကာကွယ်ဆေးထိုးရန် appointment ယူခြင်း
အကယ်၍ ကိုဗစ်ကာကွယ်ဆေးထိုးရန် appointment ယူလိုပါက -
FWMOMCare Home Screen è Vaccination è Vaccination Appointment ကို အစဉ်လိုက် နှိပ်သွားပါ။
ထိုအခါ မည်သည့်နေ့၊ အချိန်၊ နေရာ၌ ကာကွယ်ဆေးထိုးရမည်ကို Booking Code နှင့်တကွ ဖော်ပြပေးပါလိမ့်မည်။ အကယ်၍ ထိုနေ့/ထိုရက်၌ မအားပါက ရက်ချိန်းပြန်ပြောင်းလို့ရ၏။ ရက်ချိန်းပြောင်းလိုပါက Change Appointment ကို နှိပ်ပြီး ပြောင်းပါ။
ကိုဗစ်ကာကွယ်ဆေးထိုးရန် appointment ယူပြီးပါက မည်သည့်နေ့/ရက်/အချိန်/နေရာ၌ ကိုဗစ်ကာကွယ်ဆေး ထိုးရမည့်အကြောင်း အလုပ်ရှင်ကို သတိပေး၊ အကြောင်းကြားပါ။
(နေမကောင်းလျှင်) ဆရာဝန်ရှာရန်
အကယ်၍ နေမကောင်းသဖြင့် ဆရာဝန်ပြလိုပါက -
FWMOMCare Home Screen è Find a Doctor ကို နှိပ်လိုက်ပါက သင်၏ PCP (Primary Care Plan) ကို ပြပါ လိမ့်မည်။
PCP တွင် နည်း ၂ နည်းဖြင့် ဆရာဝန် ပြနိုင်၏။
ပထမတစ်ခုမှာ ဆရာဝန်နှင့် ဗီဒီယိုခေါ်ပြီး စကားပြောခြင်းဖြစ်၏။ အကယ်၍ ဘယ်မှမသွားဘဲ ကိုယ့်အခန်း၌ပင်နေကာ ဆရာဝန်နှင့် ဗီဒီယိုနှင့် စကားပြောလိုသည်ဆိုပါစို့။
Video call a doctor. ကို နှိပ်ပါ။
ထိုအခါ ဆရာဝန်အား မိမိရောဂါအကြောင်း ဗီဒီယိုမှ စကားပြောနိုင်မည်။
ဗီဒီယိုခေါ်ပြီး ဆရာဝန်ပြလျှင် $2.00 သာ ပေးရမည်။
နောက်တစ်နည်းမှာ ဆေးခန်းသို့ လူကိုယ်တိုင် သွားခြင်းဖြစ်၏။
သင့်တွင် PCP ရှိပါက မည်သည့်ဆေးခန်း သွားရမည်ကို တစ်ခါတည်း သတ်မှတ်ပေးပြီးဖြစ်၏။
ထိုဆေးခန်းက အသွားအပြန် ကားစီစဉ်ပေးပါလိမ့်မည်။
ဆေးခန်းသို့ လူကိုယ်တိုင် သွားပြလျှင် $5.00 ပေးရမည်။
မိမိကြိုက်သည့်နည်းကို နှိပ်ပြီး ဆရာဝန်ပြနိုင်ပါသည်။
နောက်တစ်ခုက မိမိသူငယ်ချင်း ၁ ယောက် (သို့) ၂ ယောက်ကို သတ်မှတ်ပေးခြင်းဖြစ်၏။
မိမိခင်မင်သူ သူငယ်ချင်းတစ်ယောက်ယောက်ကို “Buddy Nomination” တွင် သတ်မှတ်ပေးနိုင်၏။
မကြိုက်တော့ပါက ပြန်ဖြုတ်နိုင်၏။ ပြန်ဖြုတ်လိုလျှင် “Remove Nominated Buddy” ကို ရွေးပါ။
ကျန်းမာရေးအခြေအနေကို တင်ပြခြင်း
မိမိ၏ ကျန်းမာရေးအခြေအနေကို Home screen က Report Health ကို နှိပ်၍ တင်ပြနိုင်၏။ ကိုယ်အပူချိန်၊ ချောင်းဆိုးနေသလား၊ လည်ချောင်းနာနေသလား၊ နှာရည်ယိုနေသလား၊ အသက်ရှူကြပ်နေသလား၊ ရင်ဘတ် အောင့်နေသလား၊ အောက်ဆီဂျင် (SpO2), နှလုံးခုန်နှုန်း (BPM) စသည်တို့ ဖော်ပြနိုင်၏။
SnapSAFE
FWMOMCare တွင် SnapSAFE လည်းပါ၏။ SnapSAFE ကို သုံးပြီး မိမိပတ်ဝန်းကျင်၌ အန္တရာယ်မကင်းသော အခြေအနေ (unsafe condition), အန္တရာယ်မကင်းသော အပြုအမူ (unsafe act) တို့ကို MOM သို့ report လုပ်နိုင်၏။ ထိုမျှသာမက အကယ်၍ သင့်အား အန္တရာယ်မကင်းသော အခြေအနေတစ်ခုခုတွင် အလုပ်လုပ်ရန် ခိုင်းစေခံရပါကလည်း SnapSAFE ၌ တိုင်ကြားနိုင်၏။
Feedback
အကယ်၍ သင်သည် လခကို လခထုတ်ရက်မှ (၇) ရက်အတွင်းမရခဲ့ပါက လခပေးရန် အလုပ်ရှင်ထံ တောင်းဆိုနိုင်၏။ ထိုသို့တောင်းဆိုသည့်တိုင် လခ မရသေးပါက Feedback သုံး၍ MOM ကို တိုင်ကြားနိုင်ပါသည်။
Helplines
မိမိ၌ ဒုက္ခသုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါက အကူအညီတောင်းနိုင်သည့် ဖုန်းနံပါတ်များကိုလည်း ပေးထားပါသည်။
§ MOM Helpline
§ TADM (Tripartite Alliance for Dispute Management)
§ Health Service (24/7)
§ MWC(24/7)
§ Police
§ SCDF
အပန်းဖြေစခန်းများ (Recreation Centre)
FWMOMCare Home Screen è Recreation Centre ကို နှိပ်ပြီး အပန်းဖြေစခန်းများကို ရှာနိုင်ပါသည်။
Talk To MOM
မိမိ၏ အခက်အခဲ ပြဿနာများကို Talk to MOM သုံးလျက် MOM အရာရှိနှင့် အင်တာဗျူးကာ တင်ပြနိုင်ပါသည်။ မိမိ၏ နာမည်၊ FIN No. ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အင်္ဂလိပ်လို ပြောတတ်/မပြောတတ် စသည်တို့ကို ဖော်ပြပြီး submit လုပ်လိုက်ပါက MOM အရာရှိသည် သင့်ကို ၃ ရက်အတွင်း ဆက်သွယ်လာပါလိမ့်မည်။
သို့သော် ပထမတစ်ခါ Talk to MOM ကို တင်ပြပြီးပါက နောက်ထပ် ၃ ရက်ကြာမှ နောက်ထပ်တစ်ခုကို တင်ပြနိုင်၏။
Quick Information
Quick information ၌ FWMOMCare, Work Pass Related, Employment Related, News Related FAQ ဟု ၄ ခု ရှိ၏။ သက်ဆိုင်ရာကဏ္ဍအလိုက် မိမိနှစ်သက်ရာ ရွေးချယ်ဖတ်ရှုနိုင်၏။
FWMOMCare သုံးပုံသုံးနည်း Youtube ဗီဒီယို
https://www.youtube.com/watch?app=desktop&v=bkLUI3ma_lw&t=0s
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
26/02/2025
6:52 pm
ES JooKoon
No comments:
Post a Comment