ကျွန်ုပ် မြန်မာအက်ဆေး ၁၀၂ ကို ဖတ်နေ၏။ ပြီးခါနီးပါပြီ။
အက်ဆေးအရေးအသားမှာ ချစ်စရာ ဖြစ်၏။ မိမိပတ်ဝန်းကျင်မှအကြောင်း၊ မိမိနှင့် ရင်းနှီးသူ၊ ကျွမ်းဝင်သူတစ်ယောက် အကြောင်း စသည်တို့ကို ရေးသားထားတာဖြစ်၏။
ထိုအကြောင်းသည် စာအုပ်တစ်အုပ်အကြောင်း ဖြစ်ချင်ဖြစ်မည်။ မိမိမိတ်ဆွေတစ်ဦးအကြောင်း ဖြစ်ချင်ဖြစ်မည်။ ပန်းကလေးတစ်ပွင့်အကြောင်း ဖြစ်ချင်ဖြစ်မည်။ သစ်ပင်လေးတစ်ပင်အကြောင်း ဖြစ်ချင်ဖြစ်မည်။ ကြောင်ကလေး တစ်ကောင်အကြောင်း ဖြစ်ချင်ဖြစ်မည်။ မိုးရွာနေသည့်အကြောင်း ဖြစ်ချင်ဖြစ်မည်။ ကျပ်တန်လေးတစ်ရွက်၊ ဘောပင်လေးတစ်ချောင်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ ယုတ်စွအဆုံး မြက်ပင်ကလေးတစ်ပင်အကြောင်းပင် ဖြစ်နိုင်ပါ၏။
အက်ဆေးကို ဘာလို့ရေးသနည်းဆိုသော် ရေးချင်လို့ရေးတာ ဖြစ်သည်ဟု ဖြေရပါမည်။
မိမိပတ်ဝန်းကျင်၌ မြင်/တွေ့/ကြား/သိ/ခံစားမိသည်တို့ကို မိမိခံစားရသည့်အတိုင်း မိတ်ဆွေတို့ကို ပြန်ပြောပြတာ ဖြစ်၏။
အက်ဆေးဆိုသည်မှာ အင်္ဂလိပ်စကားလုံးဖြစ်၍ မြန်မာလို ရသစာတမ်းဟုလည်း နာမည်ပေးကြ၏။
အက်ဆေးမှာ ယခုမှ ပေါ်လာတာမဟုတ်ဘဲ ဟို့ယခင် ခေတ်စမ်းစာပေခေတ်ကတည်းက ပေါ်ထွန်းခဲ့တာ ဖြစ်၏။
ထိုအက်ဆေးစာတမ်း တော်တော်များများကို ယခင် အထက်တန်းမြန်မာစာ၌ သင်ကြားခဲ့၏။
ယခု ကျွန်ုပ်ပြောလိုသည့် အကြောင်းအရာမှာ အက်ဆေးအကြောင်းမဟုတ်။
အထက်၌ ကျွန်ုပ်ပြောခဲ့သည့် မြန်မာအက်ဆေး ၁၀၂ မှ အဖြတ်အတောက်မှားပုံအကြောင်း ဖြစ်၏။
သို့တိုင် မြန်မာအက်ဆေး ဟု ဆိုထားသဖြင့် အက်ဆေးဆိုတာ ဘာဆိုတာကို နည်းနည်း လေရှည်ခြင်းဖြစ်၏။
ထို မြန်မာအက်ဆေး ၁၀၂ ကို ဦးဖိုးကျား၏ ရခိုင်ပြည် စစ်တွေမြို့သို့သွားခြင်း နှင့် ဖွင့်ထား၏။
ပထမဆုံးစာမျက်နှာကို ဖတ်လိုက်မိစဉ်ပင် ကျွန်ုပ်စိတ်၌ အတော် ခိုးလိုးခုလု ဖြစ်သွားမိလေ၏။
ဤသည်မှာ စာစီသူ၏အမှား ဖြစ်၏။
စာ၌ ဤသို့ ရေးထား၏။
တကြောင်းလည်း ရှေးအစစွာက မျောက်ဖိုနှင့် ဆတ် မသင့်မြတ်၍ ရသော မျောက်ဆတ်၊ ကပြားဘီလူး ငရက္ခိုင်ဆိုသူ . . .
ဖမ်းဆီးစားသောက်နေရာ ရသေ့နှင့် ဆတ် မသင့်မြတ်၍ရသော လူဆတ် ကပြား မာယာရုမင်းသားက . . . .
ဤတွင် -
မျောက်ဖိုနှင့် ဆတ် - မသင့်မြတ်မှတော့ ဘယ့်နှာလုပ် ကလေးရပါမတုံး။
နောက်ပြီး
ရသေ့နှင့် ဆတ် - မသင့်မြတ်ပါကလည်း ကလေးမရနိုင်။
အမှန်မှာ -
မျောက်ဖိုနှင့် ဆတ်မ သင့်မြတ်၍ရသော မျောက်ဆတ် (မျောက်ဆတ်ဆိုသည်မှာ မျောက်နှင့်ဆတ် ကပြား ကို ဆိုလို၏။)
ရသေ့နှင့် ဆတ်မ သင့်မြတ်၍ရသော လူဆတ် (လူဆတ်ဆိုသည်မှာ လူနှင့်ဆတ် ကပြား ကို ဆိုလို၏။) - ဖြစ်ရမည်။
မျောက်ဖိုနှင့် ဆတ်မ သင့်မြတ်သည် ဆိုခြင်းမှာ အနှီမျောက်နှင့်ဆတ်မ တို့ နသားပါးယားကြခြင်းကို ဆိုလို၏။
ရသေ့နှင့် ဆတ်မ သင့်မြတ်သည် ဆိုခြင်းမှာလည်း ထိုရသေ့နှင့်ဆတ်မ တို့ နသားပါးယားကြခြင်း ဖြစ်၏။ (နသားပါးယားတယ်ဆိုတာ ဒချိတာပေါ့ဗျာ။ ယခွမ်း)
ဟိုတလောက မောင်သာရလား၊ မောင်သာနိုးလား ကောင်းကောင်းမမှတ်မိ။
ဆရာကြီးက ဆောင်းပါးရေးကာ မဂ္ဂဇင်းတိုက်သို့ ပို့၏။
မဂ္ဂဇင်းတိုက်က သူ့စာများကို စာလုံးပေါင်းများ ပြင်လိုက်၏။
ဆရာကြီး ဒေါခီး၍ အယ်ဒီတာချုပ်ထံ စာ အရှည်ကြီးရေး၏။
အယ်ဒီတာချုပ်ကလည်း ဆရာကြီးထံ ခေတ်အသုံးအနှုန်းအတိုင်း သတ်ပုံကျမ်းအတိုင်း ပြင်ရပါသည်ဟု စာအရှည်ကြီး ရေးကာ အကြောင်းပြန်လိုက်၏။
၂၀၀၇ - ၂၀၀၈ လောက်က စာရေးဆရာကြီးတစ်ဦးက ကျွန်ုပ်တို့အဖွဲ့အကြောင်း စာရေးချင်သပ ဆို၍ ကျွန်ုပ်က ကျွန်ုပ်တို့ အဖွဲ့အကြောင်း အပြည့်အစုံ ရေးပေးလိုက်၏။ ကျွန်ုပ်ရေးထားသည့်စာများကို တစ်လုံး တစ်ပါဒမှ မပြင်ပါနှင့် ဟုလည်း စာရေးပေးလိုက်၏။
သို့တိုင် မဂ္ဂဇင်းထဲ၌ ထိုဆောင်းပါး ပါလာ၍ ဖတ်ကြည့်လိုက်တော့ ကျွန်ုပ်စာများကို ပြင်ထားတာ တော်တော်များများ တွေ့လိုက်၍ ကျွန်ုပ်လည်း အတော် ဒေါသထွက်သဖြင့် ထိုစာမျက်နှာများကို ပရင့်ထုတ်၊ မင်နီများတားလျက် ထိုဆရာကြီးထံ အတော် ပြင်းပြင်းထန်ထန်လေး ရေးလိုက်၏။ ဆရာကြီးက ထို့အတွက် တောင်းပန်ပါသည်ဟု စာပြန်ရေးတော့ ကိုသောင်းတန်က ထိုကဲ့သို့သော ဆရာကြီးကို ကျွန်ုပ်က ထိုကဲ့သို့ရေးလိုက်ခြင်းအတွက် အပြစ်တင်၏။ ကျွန်ုပ်ကတော့ ကိုယ်မှားသည်မထင်ပါ။ အစကတည်းက မပြင်ပါနှင့်ဟု စကားခံထားတာကို ကျွန်ုပ်ကို အသိမပေးဘဲ ပြင်တာ ကျွန်ုပ်က လက်ခံရပါမည်လား။
စင်ကာပူတွင် ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များ တွဲထားသည့် ဆိုင်ကြီးကို Kopitiam ဟု ခေါ်၏။ ဤသည်ကို အနှီ ဆရာကြီးက သူ့သဘောနှင့်သူ Coffee Team ဟု ပြင်၏။ ဤသည်ကို ကျွန်ုပ်က ပြုံးပြုံးလေးနှင့် ရပါတယ်ခင်ည ဟု ဆိုရပါမည်လော။
ဆရာမကြီး ‘ခင်နှင်းယု’ ၏ ‘ဥဩတွန်တဲ့ လရာသီ’ ဝတ္ထုထဲတွင်လည်း စင်ကာပူနှင့်ပတ်သက်သည့် အမှားများ ပါပါသည်။ သို့သော် ကျွန်ုပ် မရေးချင်ပါ။ စာရေးဆရာဟူသည် မိမိရေးမည့် အကြောင်းအရာကို ဂဃနဏသိထားရန်လိုသည်ဟု ကျွန်ုပ်ကတော့ သည်အတိုင်း ခံယူပါသည်။
သို့သော်လည်း ‘မြန်မာအက်ဆေး ၁၀၂’ တွင် အထက်ဖော်ပြပါ တစ်နေရာကလွဲ၍ ကျန်နေရာများတွင်မူ အမှားပါတာ မရှိသလောက် ဖြစ်ပါ၏။
ကျွန်ုပ်သည် စာကလေးများကို ချစ်၏။ (စာကလေးဆိုတာ ဟို တံစက်မြိတ်စွန်းမှာ ကျိကျိ ကျိကျိ လုပ်နေတဲ့ အကောင်လေးတွေကို ပြောတာမဟုတ်ဘူး။ အက္ခရာတွေနဲ့ရေးထားတဲ့ စာလုံးတွေကိုပြောတာဗျ။ ယခွမ်း)
သို့အတွက်လည်း အမှားကင်းစင်သည့် စာများကိုသာ ဖတ်လို၏။
ဟိုးယခင်က ထုတ်ဝေခဲ့သည့် ကျမ်းကြီးကျမ်းခိုင် တော်တော်များများ ကျွန်ုပ် ဖတ်ဖူးပါ၏။ စာတွေ ကျကျန်ခဲ့တာ။ အမှားအယွင်းတွေပါတာ အတော့်ကို နည်းလှ၏။ လုံးဝ မပါဟုပင် ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသည်ကို အထက်တွင် ရည်ညွှန်းခဲ့သည့် မဂ္ဂဇင်းတိုက်ကိုပို့သော ဆရာကြီး၏ စာထဲ၌ အပြည့်အစုံ ရှင်းပြထား၏။
‘မြန်မာအက်ဆေး ၁၀၂’ ကို ကျွန်တော် အလွန်နှစ်သက်ပါ၏။ ဤစာအုပ်ကို စီစဉ်ပေးသူ စိတ်ကူးချိုချိုကိုလည်း ကျေးဇူးတင်ပါ၏။
အခုက အဖွင့်စာမျက်နှာမှာ သည်လိုအမှားကြီးပါသွားတော့ မြင်မြင်ချင်း ဆောက်နှင့်ထွင်းလိုက်သလို ဖြစ်သွား၍ ရေးလိုက်ရခြင်း ဖြစ်ကြောင်း -
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၃ ဖေဖော်ဝါရီ ၂၀၂၅
No comments:
Post a Comment