နိဂုံး
၁၀။ ကျွန်ုပ်တို့ရွာက လူများအကြောင်း
တောကလူများ ဘဝမှာ အေးချမ်းလှပါသည်။ သူတို့သည် ကိုယ့်လယ်/ယာကိုယ်လုပ်၍ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပြီး အေးအေးချမ်းချမ်း နေကြ၏။ တချို့ လူ့ဖင်ခေါင်းကျယ်များမှလွဲ၍ တော်တော်များများမှာ သိပ် ဟန်ကြီးပန်ကြီး မရှိလှပါ။ နေရိုးရိုး၊ ပြောရိုးရိုးနှင့် ရီလည်း ဘာမှ သိပ်ဟန်ဆောင်ပန်းဆောင်မလုပ်ပဲ ပွင့်ပွင့်လင်းလင်းပင် ဟားတိုက်ရီလိုက်ကြတာ ဖြစ်၏။
သူတို့အဖို့ ပိုက်ဆံမရှိလည်း သိပ် ကြီးကြီးကျယ်ကျယ် ပြဿနာ မရှိလှ။ ပိုက်ဆံဖြုန်းစရာ နေရာလည်း မရှိ။ သူတို့သည် ပိုက်ဆံကို သိပ် ဂရုမစိုက်လှဟု ကျွန်ုပ်ထင်၏။ အရီးအေးကြိုင်တို့ဆို သေသာသွားရော ပိုက်ဆံ ၁၀၀ ပြည့်အောင်တောင် ကိုင်ဖူးပါရဲ့လားဟု ကျွန်ုပ် သံသယဖြစ်မိ၏။ သို့တိုင် ပိုက်ဆံကြောင့် ငြီးငြူတာ၊ စိတ်ညစ်တာ အရီးအေးကြိုင်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါ။ သို့သော် ကျွန်ုပ်မှာ တောနှင့်ကင်းကွာနေတာ နှစ် ဆယ်ဂဏန်းအတော်များနေပြီဖြစ်၍ ဟို့ ယခင်က အခြေအနေများနှင့် ယခုအခြေအနေများ တူချင်မှ တူပါတော့မည်။ အနည်းဆုံးတော့ ဖုန်းဘေဖိုး လိုပါလိမ့်မည်။
သူတို့သည် သဘာဝ အစားအစာများကို စားကြ၏။ ဘာချောကလက်တို့၊ ဘာကိုကာကိုလာတို့မှ မရှိ။ ကောက်ညှင်းကို ပေါင်းပြီး နှမ်းထောင်းနှင့်စားမည်။ မုန့်ချောင်း၊ ထုံးမုန့်၊ ဘီးမုန့်၊ မုန့်ပျားသလက် လုပ်စားမည်။ မုန့်ဆန်းချိန် ရောက်လျှင် မုန့်ဆန်းလုပ်စားမည်။ နွေရာသီ၌ မုန့်လက်ဆောင်းလုပ်ကာ ထန်းလျက်ရည်ကို မြေအိုးကလေးထဲ၌ ထည့်ကာ သောက်မည်။
အသားဟင်း မစားရတိုင်းသာ ပရိုတင်းမပြည့်ဝလို့ ရောဂါဖြစ်ကြစတမ်းဆို မောင်ထွန်းလှိုင်တို့၊ မသန်းကြွေတို့ အသက် ၆၀ တောင် နေရမှာမဟုတ်။ အခု ကြီးတော်သန်းကြွေဆို အသက် ၁၀၀ ကျော်ပြီ။ ကြီးတော်မသန်းရွှေလည်း အသက် ၁၀၀။ စစ်သားများ အလေးပြုသလို မျက်လုံးကို လက်ကာပြီး တောင်ဝှေးတစ်ချောင်းကိုင်ကာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားလို့ကောင်းတုံး ရှိသေး၏။ ကျွန်ုပ်သာ ဗိုက်လှန်ပြီး နေ့တိုင်း ဆေးထိုးကာ ဆေးလုံးကို ပဲကြီးလှော်ဝါးသလို ဝါးစား နေရ၏။ ဆရာဝန်ဆီ ၃ လ တစ်ခါ အမြဲရောက်ရ၏။ မောင်ထွန်းလှိုင်တို့မူ ဘာဆေးမှ ထိုးသည် မကြားရ။ ဆရာဝန် ပြချင်လျင်တောင် ဝါးတောကွင်းမှာ ဘာဆရာဝန်မှ မရှိ။ ၎င်းသည် ဘာဆေးမှ မစား၊ ဘာဆရာဝန်မှ မပြပါဘဲလျက် အသက် ၉၀ ကျော်ထိ နေသွားပြခဲ့၏။
ကျွန်တော်တို့ ငယ်ငယ်က ဝက်သားဆိုတာ တလနေမှ တစ်ခါလောက် စားရတာ ဖြစ်၏။ ကြက်သားဆိုတာ နတ်တင်မှ စားရ၏။ စားရတယ်ဆိုတာတောင် ဟိုမသာလေး - ဟင်းချည်းနင်းကန်စားနေ။ ထမင်းဖြင့် စားတယ်လို့ကို မရှိဘူး ဟု အရိပ်သုံးပါး ကြည့်စားရတာ ဖြစ်၏။ ဦးရှင်ကြီးတင်လို့ ခြောက်သယောင်းနေသော အုန်းသီးဆံမာမာကို ထန်းလျက်နှင့် စားရလျင် ကျွန်ုပ်တို့အဖို့မှာ မောင်မာဃက စွန့်ကြဲလိုက်သည့် နတ်သုဒ္ဓါအလား မြန်ရေရှက်ရေ စားကြကုန်၏။
ရောဂါဆိုတာ အစားအသောက်ကြောင့်ဖြစ်တာ များ၏။ ကျွန်ုပ်တို့ဆီက လူတွေသည် ဘာထွေလီကာလီမှ မစားရ။ ဘာထွေလီကာလီမှ မစားရသည့်အတွက်လည်း ဘာထွေလီကာလီ ရောဂါမှ မဖြစ်။ အသင်တို့သည် သူတို့ကို သူတို့ခမျာ၊ ဘာမှ မစားရရှာဘူးဟု သွားမသနားပါနှင့်။ ဘာမှမစားရရှာသော သူတို့မှာ ဘာရောဂါမှ မဖြစ်ဘဲ ဟိုဟာစားလိုက်၊ ဒီဟာ စားလိုက်နှင့် ခညားတို့မှာသာ ဆေးခန်းနှင့် နှစ်ပါးသွားနေရတာ ဖြစ်၏။
ခေတ်ကာလ အခြေအနေအရ အခုတော့ ပိုးသတ်ဆေးတွေ သုံးနေပြီထင်ပါသည်။ ကျွန်ုပ်တို့ငယ်ငယ်ကမူ ဘာ ပိုးသတ်ဆေးမှ မသုံးခဲ့ရစဖူး။ ကျွန်ုပ်တို့သည် ဩဂဲနစ်နှင့် လည်ပင်းဖက် ကြီးပြင်းလာကြတာ ဖြစ်၏။
ရွာမှအချို့မိသားစုများဆို ကိုယ်ပိုင် လယ်/ယာတောင် ရှိတာမဟုတ်။ တောတက်ခါ ထင်းခုတ်၊ ဝါးခုတ်၊ ကောက်စိုက် အငှားလိုက်၊ ပျိုးနှုတ်၊ ကောက်ရိတ် အငှားလိုက်ခါဖြင့် အသက်မွေးကြရတာ ဖြစ်၏။ သို့သော် သူတို့ဟာနှင့် သူတို့တော့ အဆင်ပြေကြ၏။ ပိုက်ဆံမရှိလို့ဆိုပြီး တစ်ခါမှ လင်မယားချင်း ထမသတ်။
ကျွန်ုပ် ကျောင်းသားဘဝ နွေကျောင်းပိတ်ရက် ရွာပြန်ရောက်တော့ လျှောက်လည်ရင်း (၁) ကွက်ကို ရောက်၏။ ကျွန်ုပ်တို့ ရွာ၌ (၁) ကွက်၊ (၂) ကွက်၊ (၃) ကွက်၊ (၄) ကွက်ဟု ရပ်ကွက်လေးခု ရှိရာ (၁) ရပ်ကွက်နှင့် (၄) ရပ်ကွက်မှာ ဆင်းရဲသား အများစုတို့ နေကြ၏။ ခုနင်က ကျွန်ုပ်ပြောခဲ့သည့် ပျံကျမိသားစုများမှာ (၁) ကွက်နှင့် (၄) ကွက်၌ နေကြတာ များ၏။
ကျွန်ုပ်ရောက်သွားချိန်၌ မိသားတစ်စုတို့ ထမင်း စားနေကြ၏။ ဤအကြောင်း ‘ကျွန်ုပ်မေ့မရသော ထမင်းဝိုင်းများ’ စာထဲ၌ ရေးခဲ့ပြီး ဖြစ်၏။ အိမ်မှာ ဖက်မိုး၊ ဖက်ကာ၊ ဝါးနှင့် အိမ်ဆောက်ထားသည့် တဲခပ်သေးသေးဖြစ်ပြီး ဝါးကြမ်းခင်း များ ခင်းထား၏။
မိသားစုအားလုံးသည် ထမင်းစားပွဲဝိုင်းကို ဝိုင်းထိုင်ကြကာ ထမင်းစားနေကြ၏။ မောင်အေးငြိမ်းလာဟေ့၊ ထမင်းစားပါအုံး ခေါ်သဖြင့် ကျွန်ုပ်လည်း သူတို့ထမင်းဝိုင်းကို သွားလေ့လာ၏။ စားတော့မစားခဲ့ဟု ထင်ပါသည်။ ဝါးဖြင့် ရက်ထားသည့် နှီးပလုံးထဲ၌ ထမင်းကို ထည့်ထား၏။ အလယ်တွင် ဇလုံကြီးနှင့် ဟင်းတစ်ခွက် ချထား၏။ နောက်ပြီး ဟင်းသီးဟင်းရွက် တို့စရာများလည်း တစ်ပန်းကန်ရှိ၏။ လူကြီးရော ကလေးများပါ အလယ်ဇလုံထဲမှ ဟင်းကိုခပ်၊ ထမင်းနှင့်နယ်ကာ အားရပါးရ လွေးနေကြကုန်၏။ ဟင်းမှာ အသီးအရွက်များ စုချက်ထားသည့် ဟင်းလေးဟင်း ထင်ပါသည်။ ငါးပိချက် တောင် မပါ။
ကျွန်ုပ် သူတို့စားနေတာကြည့်ပြီး သွားရည်ယိုမိ၏။ ဤသည်မှ တကယ့် မိသားစုအစစ် ဖြစ်၏။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း ဤ တစ်ခွက်တည်းသော ဟင်းလျာကို ဘာဂျီးမှ များမနေဘဲ မြိန်ရည်ရှက်ရည် စားကြ၏။ ငင့် - ဟင်းကလည်း အသားလည်းမပါဘူး။ ဟင်းကလည်း ဘယ်လို ပေါ့လျှံလျှံကြီးလည်း မသိဘူး စသဖြင့် ဘာချေးမှ များမနေဘဲ ကလေးများသည် နှပ်ကို တရှူးရှူးရှုံ့သွင်းလျက် စားကြကုန်၏။
နောက်ပြီး ကျွန်ုပ်တို့ရွာက အင်မတန် ထူးဆန်းသော လူများအကြောင်း ပြောပါရစေဦး။
ကျွန်ုပ်တို့ရွာမှ အချို့သောလူများသည် တစ်နှစ်မှာ ၃၆၅ ရက် ရှိသည့်အနက် ၃.၆၅ ရက်ပြည့်အောင်ပင် အလုပ်မလုပ်။ ဒါဆို သူတို့ ဘာတွေလုပ်နေသတုံး။ ဟင့်အင်း၊ ဘာဆိုဘာမှ မလုပ်ပါ။ သည်အတိုင်း ဟေးလားဝါးလား ကင်မွန်းကြိုင် နေကြတာ ဖြစ်၏။
တစ်ခါသော် ကျွန်ုပ်က ရွာပြန်ရောက်သခိုက် မူလတန်းကျောင်းတွင် ရွာသားများကို စုစေပြီး ရွာ၌ လုပ်ခင်းလုပ်ကွက်များ ရှိသဖြင့် အလုပ်လုပ်ကြဘို့၊ အိမ်ခြံဝင်းအတွင်း သီးပင်စားပင်လေးများ စိုက်ထားလျှင် သင်္ဘောသီး၊ ငှက်ပျောသီးများ အလျှံပယ်စားနိုင်ကြောင်းများ ပြောပြရာ အနီးတွင်ထိုင်နေသော ဖိုးတင်ဦးက ‘ဟေ့ကောင်၊ မင်းယောက္ဖဆို တစ်နှစ်လုံး နေလို့ တစ်ရက် အလုပ်မလုပ်ဖူးဘူး၊ ဟဲဟဲဟဲဟဲ’ ဟု ဆို၏။ သူပြောတာ အမှန်ဖြစ်၏။ ထိုအေဘေးသည် အဖေကြီး ထားခဲ့သည့်လယ်ကို လက်ကြောတင်းတင်းနှင့် အလုပ်မလုပ်ဘဲ လယ်ကို အငှားချထားကာ ထိုလယ်ငှားခနှင့် စားနေတာ ဖြစ်၏။ မယားက စောစောသေပြီး သူ့သားနှင့်သမီးကို ကျွန်ုပ်တို့က ခေါ်မွေးထားတော့ သူက တစ်ကိုယ်တည်း လွတ်ချင်တိုင်း လွတ်နေတာဖြစ်၏။
ကျွန်ုပ်၏ မိတ်ဆွေ အရင်းအချာ ကိုဖိုးအောင်သည်လည်း ဘာအလုပ်မှ မလုပ်ပါ။ အဲလေ ရပ်အကျိုးရွာအကျိုးကိုတော့ အားတက်သရော လုပ်၏။ သဟာဖြင့် သူ ဘယ်လို ထမင်းစားနေတုံး။ သူက တစ်ဦးတည်းသောသား၊ လူပျိုကြီး ဖြစ်၏။ အဖေအမေများ၏ အမွေ လယ်ယာကိုင်းကျွန်းများကို အငှားချထားပေးပြီး ထိုကရသော စပါးကို ထုခွဲ ရောင်းချလျက် စရိတ်ငြိမ်းနေတာ ဖြစ်၏။ သူက သူ့အမေ အမေမယ်ညိုကို အနီးကပ် ပြုစုပေး၏။ ကျွန်ုပ် ရွာပြန်သည့်အခါ ကျွန်ုပ် နောက်က တကောက်ကောက် လိုက်၏။
ကျွန်ုပ်တို့ငယ်စဉ်က ရွာမှာ ခိုးတာဝှက်တာ၊ ဓားပြတိုက်တာ၊ လူသတ်တာ မကြားခဲ့ရ စဖူးပါ။ နင်ပဲငဆ အော်ဟစ် ဆဲဆို ရန်ဖြစ်နေတာ ရှာမှ ရှားလှပါသည်။ နောက်ပြီးတော့ ဝါးတောကွင်း၌ အရက်ဆိုင်မရှိ၊ ဖဲဝိုင်းမရှိ။ ကြက်ဝိုင်းမရှိ။ ဘာလောင်းကစားမှ မရှိ။ အခုရှိနေပြီဆိုလျင်ဖြင့် အလွန် ဝမ်းနည်းစရာ ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်အသက်ကြီးသည့်အခါ တောမှာပြန်နေဘို့ အမြ ဲအိပ်မက်မက်ပါသည်။ တောနေလူတန်းစားတို့၏ မရှိအေးအေး၊ ရှိအေးအေးသဘာဝကို ကျွန်ုပ် အလွန်အားကျလှ၏။ စိုင်းထီးဆိုင့်သီချင်းလို ‘လူသူတွေက တသုတ်သုတ်နဲ့ လုပ်ငန်းခွင် သို့ဝင်’ နေရသည့် လူနေမှုစတိုင်ကို မနှစ်သက်ပါ။ မြို့ပြရှုပ်ရှုပ်ရှက်ရှက်များနှင့် မွန်းကြပ်မှုများကိုလည်း ခံတွင်းမတွေ့ပါ။ လည်လျင်လည်သလို ကျော်ခွစားနေသူများကို ကျွန်ုပ် ရွံလွန်းလှပါသည်။
ကျွန်ုပ်သည် တစ်ခုလျှင် စင်းဒေါ်လာ 36.50 ပေးရသည့် ပီဇာဟတ်ထက် ငါးပိချက်နှင့် ကင်မွန်းချဉ်ဟင်းကိုသာ ခံတွင်း တွေ့ပါသည်။ မက်ဒေါ်နယ်မှ ကြက်သားဘာဂါနှင့် စလောင်းဖုံး၌ ကပ်ခါကင်ထားသည့် ငါးပိဖုတ် ဘယ်ဟာယူမလဲ ဆိုလျင် ငါးပိဖုတ်ကိုသာ ရွေးမည့်သူ ဖြစ်၏။
ကျွန်ုပ်တို့ရွာမှ မောင်ရွှေဖာဆိုလား၊ အဖိုးကြီး။ သားသမီးကလည်းမရှိ ဆိုတော့ စောင့်ရှောက်မယ့်သူကမရှိ။ ရွာကလူတွေက သနားပါတယ်ဆိုပြီး ဘိုးဘွားရိပ်သာပို့လိုက်ကြ၏။ သူက ကြာကြာမနေနိုင်။ သခွပ်ပွင့်ဟင်းညို၊ ငြုပ်သီးထောင်း စားချင်လို့ဆိုပြီး ရွာကို ပြန်ပြေးလာပါလေ၏။
ထိုစဉ်က ကျွန်ုပ် မောင်ရွှေဖာကို လွန်လွန်းလှချည်ရဲ့ဟု ကဲ့ရဲ့သဂြိုဟ် အတင်းဆိုမိ၏။ ယခု ကျွန်ုပ် အလှည့်ရောက်ပြီ။ ကျွန်ုပ်လည်း ငါးပိချက်နှင့် ကင်မွန်းချဉ်ရွက်ချဉ်ရည်ဟင်း စားချင်တာနှင့် စင်ကာပူကနေ ဝါးတောကွင်း ပြန်နေကိန်း ဆိုက်နေပါပကောလား အရပ်ကတို့။
ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
No comments:
Post a Comment