၈။ အဖေကြီးဘက်က အမျိုးများ
ကျွန်ုပ်တို့သည် အဖေကြီးဘက်က အမျိုးတွေနှင့် ခပ်စိမ်းစိမ်းပင် ဖြစ်၏။ အဖေကြီးတွင် မွေးချင်း ၃ ယောက်ရှိ၏။ အကြီးဆုံးမှာ ဘကြီးငသိန်း၊ နောက်ပြီးတော့ ဘကြီးထွန်းလှိုင်၊ အဖေကြီးက အငယ်ဆုံး။ ဘကြီးထွန်းလှိုင်၏ သားသမီး၊ မြေးမြစ်များနှင့် ခင်မင်ရင်းနှီးသော်လည်း ဘကြီးငသိန်း၏ သားသမီးများနှင့်မူ ခပ်စိမ်းစိမ်းပင် ဖြစ်၏။ တချို့ဆို သိပ်တောင် စကားဟဟ မပြောဖူးပါ။
ကျွန်ုပ်အနေနှင့်မူ ဘကြီးငသိန်းနှင့် ဘကြီးထွန်းလှိုင်တို့၏ သားသမီးများကို မေ့တေ့တေ့တောင် ဖြစ်နေပါပြီ။ ဘကြီး ငသိန်း၏ သားသမီးများမှာ အကြီးဆုံးက ကိုအောင်သန်း၊ နောက်ပြီးတော့ ကိုအောင်ဆန်း၊ ကိုခင်အောင်၊ ကိုခင်စိန်၊ အငယ်ဆုံးမှာ မတင်ထွေး ဖြစ်မည် ထင်၏။ ခင်စိန်မှာ ကျွန်ုပ်နှင့် အသက်ချင်း မတိမ်းမယိမ်းဖြစ်ပြီး ခပ်ငယ်ငယ် လူပျို ဘဝကပင် ဆုံးပါးသွားခဲ့၏။ အသက် ဘယ်လောက်၊ ဘယ်နှစ်ခုနှစ်၊ ဘာကြောင့်ဆုံးသည် စသည်တို့ကို ကျွန်ုပ် မသိပါ။
ကိုအောင်ဆန်းနှင့် ကိုခင်အောင်တို့မှာ အိမ်ထောင်ကျပြီး မိန်းမနောက် လိုက်နေကြ၏။
တခြားရွာရောက်နေသဖြင့်လည်း ကျွန်ုပ်နှင့် သိပ်မတွေ့ဖြစ်ပါ။ နောက်ဆုံးအခေါက်တွေ့ကြသည်မှာ သားရှင်ပြုတုံးက ဖြစ်၏။
ကိုအောင်ဆန်းတို့ရွာကို ကျွန်ုပ် တစ်ခေါက်ရောက်ဖူး၏။ ကိုအောင်ဆန်း၏ အမျိုးသမီးနာမည်မှာ မငယ် ထင်ပါသည်။ သူ့ကို တစ်ကြိမ်တွေ့ဖူးပါ၏။ နာမည်နှင့်မလိုက်စွာပင် ဝဝဖိုင့်ဖိုင့်၊ ချောချောလှလှကြီး ဖြစ်၏။ အိမ်ကြီးရခိုင်တွေနှင့်၊ ချမ်းချမ်းသာသာထဲက ဖြစ်၏။ သို့သော် ကိုခင်အောင်တို့ရွာကိုမူ တစ်ခေါက်မှ မရောက်ဖူးသလို သူ့ဇနီးကိုလည်း တစ်ခါမှ မတွေ့ဖူးပါ။ (မတွေ့ဖူးဟု ထင်ပါသည်။)
နောက်ပြီး မှန်ရာကိုဆိုရလျှင် ၎င်းတို့ကို ကျွန်ုပ်မကြိုက်ပါ။ ၎င်းတို့သည် တောသား၊ တောသားပီပီမနေ။ အင်မတန် - င်ခေါင်းကျယ်ချင်၊ မြို့ကြီးသားဟန်ပန် ဆောင်ချင်ကြသူ၊ ငါးပိချက်စားပြီး ပေါင်မုန့်လေလည်ချင်ကြသူများ ဖြစ်၏။
သားရှင်ပြုတုံးက ကိုအောင်ဆန်းရော၊ ကိုခင်အောင်ပါ နှစ်ဦးစလုံးလာကြ၏။ ကျွန်ုပ် ကိုအောင်ဆန်းတို့ စကားဝိုင်းတွင် သွားရောက်နားထောင်၏။ ထိုစကားဝိုင်း၌ အခြားသူများသည် နားထောင်သူများ ဖြစ်လျက် ကိုအောင်ဆန်းကချည်း ဒိုင်ခံ ပြော၏။ ဗမာလိုပြောတာပါပဲ။ သို့ပေသိ သူ ဘာတွေပြောနေသည်ကို ကျွန်ုပ် နားမလည်။ သူ့စကားထဲ၌ ‘အက်စမစ်’ ‘အက်စမစ်’ ဟု မကြာခဏပါ၏။ ဘာပါလိမ့်ဟု သူပြောသည်များကို သေသေချာချာ ဂရုစိုက် နားထောင်ကြည့်တော့မှ ဗြိတိသျှလို ‘estimate’ ကို ဆိုလိုမှန်း ရိပ်မိပါသည်။ အက်စမစ်ဆိုတာဘာလဲ၊ သူ့ဘာသာသူတောင် နားလည်ပါလေ ရဲ့လား။ ကျွန်ုပ် မသိပါ။ အဲသဟာတွေကြောင့် ကျွန်ုပ် မကြိုက်တာ ဖြစ်ပါသည်။ အဲသလိုဟာတွေနှင့် ကျွန်ုပ် မအက်စမစ်လို (ဟိုက် - ရှာ့ပါ့စ်၊ နာပါရောမွှားကုန်ပြီ၊ ယခွမ်း) မိတ်ဆွေ မဖြစ်လိုပါ။
အကြီးဆုံးဖြစ်သူ ကိုအောင်သန်းမှာ မသင်နုနှင့် အိမ်ထောင်ကျပြီး ဝါးတောကွင်းရွာ၌ပင် နေ၏။ ဘိုးစိန်ခိုတို့အိမ်ခေါင်းရင်း လမ်းတစ်ဖက်ခြမ်း၌ ရှိ၏။ အသင်တို့သည် haunted house ကို မတွေ့ကြုံစဖူးသည် ဖြစ်အံ့။ ဝါးတောကွင်းကို လာခဲ့ပါ။ အစ်ကိုကြီးအောင်သန်းတို့အိမ်မှာ တကယ့် haunted house အစစ် ဖြစ်ဘိ၏။ ဝါးတောကွင်းရွာသား ဖြစ်သော်ငြား၊ ဝါးတောကွင်းကို အခေါက်ခေါက်အခါခါ ပြန်ခဲ့သော်ငြား၊ ကျွန်ုပ်သည် ကိုအောင်သန်းတို့အိမ်ကို တစ်ခါဖူးမျှ မရောက်ဖူးခဲ့ပါ။ ဟိံ သစ္စံ၊ ဤစကား မှန်၏။ ကျွန်ုပ်စိတ်ထင် ကိုအောင်သန်းတို့အိမ်ကို ဝင်/ထွက်ဖူးသူဦးရေမှာ ဝါးတောကွင်းရွာသား အားလုံး၏ ၁၀% ပင် ပြည့်မည် မထင်ပါ။
ကိုအောင်သန်းတို့အိမ်၌ ရှေ့မှာ စပါးအိတ်တွေလား၊ ဘာတွေလားမသိ၊ ကာထား၍ အိမ်ထဲကို မမြင်ရ။ အိမ်မှာ 24 x 7 ပိတ်ထား၍ သည်အိမ်မှာ လူမှ နေပါလေစဟု တွေးစရာဖြစ်၏။ ကိုအောင်သန်းတို့ လင်မယားကို ရွာထဲ၌ တွေ့ရခဲ၏။ သူတို့တွင် သားသမီးမရှိ။ ကျွန်ုပ်တစ်သက်တွင် ကိုအောင်သန်းနှင့် မျက်နှာချင်းဆိုင်ဆုံပြီး စကားပြောဖူးတာ ၁၀ ကြိမ်ပင် ပြည့်မည်မထင်ပါ။
အငယ်ဆုံးဖြစ်သူ မတင်ထွေးနှင့်မူ အတန်ငယ် ရင်းနှီးပါ၏။ သို့တိုင် အခြားရွာသားများနှင့် ရင်းနှီးသလောက်သာ ဖြစ်ပြီး အရမ်းကြီး ချစ်ကျွမ်းဝင်လှသည် မဆိုနိုင်ပါ။ တခြားသူတွေနှင့်စာလျှင် သူတို့အိမ်ကိုတော့ အဝင်အထွက် ပိုရှိသည်ဟု ဆိုရပါမည်။
ဘကြီးထွန်းလှိုင်မှာမူ ပညာလည်းသိပ်မတတ်၊ အတွေးအခေါ်ကလည်း ၁၈ ရာစုလောက်က အတွေးအခေါ်မျိုး ဖြစ်၏။ စကားကိုလည်း အဆဲကလေးမပါဘဲ မပြောတတ်။ စကားကိုလည်း ရိုးရိုးသားသားမပြောဘဲ ထေ့သလိုလို၊ ငေါ့သလိုလို ပြော၏။ ကျွန်ုပ် ဘကြီးထွန်းလှိုင်ကို သဘောမကျပါ။ သို့သော် သူ့ဇနီး ကြီးတော်လှကြိုင်ကမူ အသားဖြူဖြူ ပြည့်ပြည့် ဖြိုးဖြိုးနှင့် ချစ်စရာကောင်းပါသည်။ သူကတော့ သူလိုငါလို ရိုးရိုးသားသားထဲကပင် ဖြစ်၏။ မလှကြိုင်၊ မလှဆိုင် ဟု ညီအစ်မနှစ်ဦးရှိလေရာ ၎င်းတို့သည် တောသူဆိုသည့်တိုင် အသားဖြူ၏၊ ချော၏။ သူတို့သမီးများမှာလည်း ဝါးတောကွင်း သူများ ပေသိ၊ ဖြူ၏၊ ချော၏။
ဘကြီးထွန်းလှိုင်၏ သားသမီးများမှာ ကိုလှထွန်း၊ ကိုမြဂွမ်း၊ မမစိန်လှ၊ မမမြင့်သိန်း၊ ဌေးလွင်တို့ ဖြစ်မည် ထင်ပါသည်။ ကျွန်ုပ်အနေနှင့် ညီအစ်ကို တစ်ဝမ်းကွဲများဖြစ်သည့်တိုင် ကိုလှထွန်း၊ ကိုမြဂွမ်းတို့နှင့် သိပ်မရင်းနှီးလှပါ။ ထိုငါးဦးထဲမှ ကျွန်ုပ်တို့နှင့် အရင်းနှီးဆုံးမှာ မမစိန်လှဖြစ်မည် ထင်ပါသည်။ မမစိန်လှသည် သူ့အမေ မလှကြိုင်လိုပင် အသားဖြူဖြူ၊ လုံးကြီးပေါက်လှနှင့် ချောသည့်အစားထဲ၌ ပါပါသည်။
သို့သော် မမစိန်လှသည် ကံမကောင်းပါ။ ကျောင်းဆရာအဖြစ် ဝါးတောကွင်း၌ တာဝန်ကျသည့် ဆရာဦးလှိုင်ဘွားနှင့် အိမ် ထောင်ကျ၏။ ဆရာဦးလှိုင်ဘွားသည်လည်း ခပ်ချောချောဟု ခပ်ရေးရေးမှတ်မိနေပါသည်။ ဦးလှိုင်ဘွားက ဟင်္သာတက ဆိုတော့ ယောင်နောက်ဆံထုံးပါလျက် မမစိန်လှသည် ဟင်္သာတသို့လိုက်သွား၏။ လိုက်သွားပြီး များမကြာမီပင် ဆရာ ဦးလှိုင်ဘွား ဆုံးပါသည်။ ထို့နောက် မမစိန်လှ ဝါးတောကွင်းကို ပြန်လာပြီး နောက်အိမ်ထောင်မပြုတော့ဘဲ မိဘများနှင့် ပင် အတူနေသွားပါသည်။ ထိုစဉ်က ကျွန်ုပ်မှာ ၁၀ နှစ်သားလောက်သာ ရှိသေးသည်ဖြစ်၍ ဘာတစ်ခုကိုမှ ရေရေရာရာ မသိပါ။ မမစိန်လှသည် အဖေကြီးကို ပထွေးလေး၊ ပထွေးလေးနှင့် အလွန်ချစ်ပါသည်။
ဟုတ်စွမ်ကြီးခေါ် ကိုမြင့်အောင်နှင့် အိမ်ထောင်ကျသော မမမြင့်သိန်းလည်း မိန်းမချောပင် ဖြစ်၏။ မမစိန်လှနှင့် မမမြင့်သိန်းတို့မှာ အလွန်ဆံပင် ကောင်းကြ၏။ ဆံထုံးကြီးများကို ဖြန့်ချလိုက်လျှင် ဒူးကောက်ကွေးထိ ရောက်၏။ ကိုမြင့်အောင်နှင့် ကျွန်ုပ်တို့မှာ ဆွေမျိုးလည်းတော်သလို၊ ရင်းလည်း ရင်းနှီးကြ၏။ ဝါးတောကွင်း ပြန်ဖြစ်သည့်အခါ သူတို့အိမ်ကို ရောက်ဖြစ်ပါသည်။ သို့တိုင် ကျွန်ုပ် မမမြင့်သိန်းနှင့် မျက်နှာချင်းဆိုင် သိပ်မတွေ့ခဲ့ရ စဖူးပါ။ ဘယ်တွေ သွားနေမှန်းမသိ။ ကိုမြင့်အောင်သည် သော်လည်းကောင်း၊ မမမြင့်သိန်းသည်သော် လည်းကောင်း ယာပျော်များ ဖြစ်၍ ရွာထဲ၌ အနေနည်းပြီး ယာထဲတွင်သာ နေကြတာများပါသည်။
ကိုမြဂွမ်းသည် မကျင်မေနှင့် အိမ်ထောင်ကျပြီး မကျင်မေမှာ သူ့ယောက္ခမများအိမ် လိုက်နေပါသည်။ သူများ သမီးယောက်မတွေသာ မတည့် ရှိရမည်။ မမစိန်လှနှင့် မကျင်မေတို့ သမီးယောက်မ တည့်လိုက်ပုံများ ညီအစ်မအရင်း များတောင် သူတို့လောက် တည့်ချင်မှ တည့်ပါလိမ့်မည်။
မကျင်မေသည်လည်း ပြုံးပြုံး ပြုံးပြုံးနှင့် ချစ်စရာကောင်း၏။ အလုပ်ကို အသည်းအသန်လုပ်၏။ ကျွန်ုပ်ကိုလည်း ချစ်ပါ သည်။ ယခုအခါ သူတို့သမီး ကြည်ပြာသည် အပျိုကြီးဖားဖား ဖြစ်နေပြီ။ အဖေကြီးကို ချစ်လိုက်သမှ အဖေကြီးက စားချင်သည်ဆိုလျှင် မှိုဆိုလျှင် မှို၊ ဝရိုးဆိုလျှင် ဝရိုး၊ သခွတ်ပွင့် စသည်တို့ကို ဝါးတောကွင်းမှသည် ရန်ကုန်ထိ လာပို့၏။ အဖေကြီးက ကတွတ်ယိုကို အလွန်ကြိုက်၏။ ဝါးတောကွင်းအနီးမှ တောထဲတွင် ကတွတ်ပင်များ ရှိ၏။ ကြည်ပြာတို့က ကတွတ်ယိုကို သုံးလေးပိဿာလောက်ထိုးပြီး အဖေကြီးစားဘို့ ရန်ကုန်ထိ လာပို့သည်ဟု မမက ပြောပါသည်။
ကျွန်ုပ်တက္ကသိုလ် တက်နေစဉ်က ထင်ပါသည်။ တစ်နှစ်သ၌ ဘကြီးထွန်းလှိုင်တို့အိမ်တွင် ကိုဖိုးစိုကို စာရင်းငှားအဖြစ် ငှားလေ၏။ ကိုဖိုးစိုသည် ဦးကုလားကြီး၊ ဒေါ်သန်းတို့၏သား ဖြစ်၏။ အရည်ရှည်ပြီး အလုပ်ကြိုးစား၏။ သိပ်မကြာပါ။ မောင်ထွန်းလှိုင်၏ သမီးအထွေးဆုံးဖြစ်သူ ဌေးလွင်သည် ကိုရင်ဖိုးစိုနှင့် လိုက်ပြေးလေရာ မောင်ထွန်းလှိုင်၊ မလှကြိုင် တို့မှာ ဆွေ့ဆွေ့ခုန် နေလေ၏။
“ဟင်၊ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့၊ ထွန်းလှိုင်၊ လှကြိုင်တို့ရဲ့ သမီးက ကုလားကြီး၊ မိသန်းတို့ရဲ့သားနဲ့ ငြားသတဲ့။ အောင်မယ်လေးလေး၊ နင့်တော့ ငါတို့က သေခန်းတင်မဟုတ်ဘူး၊ ဟိုဆယ်ဘဝထိအောင် ပြတ်ပါရဲ့ မိဌေးလွင် ရဲ့” ဟု အရှေ့ ၁၄ အိမ်၊ အနောက် ၁၄ အိမ်၊ တောင် ၁၄ အိမ်၊ မြောက် ၁၄ အိမ်ကြားအောင် ဟစ်ငိုလေသော ဟူသတတ်။
လူ့ဂွစာ ကျွန်ုပ်ကား အဲ့ငယ်၊ ဖိုးစိုလည်း လူပေကပဲ။ ယောက်ျားနဲ့မိန်းမငြားတာ ဘာဆန်းသတုံး ဟု ရွတ်မိရာ ဟဲ့၊ အောင်မလေး၊ တိုးတိုးပြော၊ ဟိုကကြားသွားမှဖြင့်ဟု ကျွန်ုပ်ပါးစပ်ကို ဝိုင်းဝန်း ပိတ်ပင်ကြလေ၏။ သူများတွေ ဘယ်သူမှအရောမဝင်သည့်တိုင် ကျွန်ုပ်မူ မောင်ဖိုးစိုနှင့် မဌေးလွင်တို့ အိမ်ပေါက်စန၊ သေးသေးစုပ်စုပ်ကလေးကို သွားလည်ပါ သည်။ ကျွန်ုပ်ရောက်သွားသည့်အခါ ကိုဖိုးစိုက လေးလေးစားစားပင် ညီလေး လာလာဟု ဖျာလေးခင်းပေးတာ ယခုတိုင် မှတ်မိနေပါသေး၏။
ဘကြီးထွန်းလှိုင်နှင့် ကြီးတော်လှကြိုင်တို့သည် ပစ္စည်းရှိပြီး ရွာမျက်နှာဖုံးဟု ခေါ်နိုင်ပါ၏။ ဦးကုလားကြီး၊ ဒေါ်မိသန်းတို့ သည် ဆင်းရဲပြီး မျက်နှာမရှိရှာပါ။ သို့သော် ဆင်းရဲတာ ဘာအပြစ်ရှိပါသနည်း။ ဆင်းရဲသားလည်း လူပဲ၊ ချမ်းသာတဲ့ လူလည်း လူပဲ။ ဆင်းရဲပြီး ရိုးရိုးသားသား ပိုက်ဆံရှာစားသူကို ကျွန်ုပ်က နိမ့်ကျသူ၊ အောက်တန်းကျသူဟု မထင်မိပါ။ ကျွန်ုပ်ကမူ မည်မျှ ဆင်းရဲသည်ဖြစ်စေ၊ ကျွန်ုပ်ကို ထမင်းခေါ်ကျွေးလျင် တက်စားပါသည်။ ပစ္စည်းရှိသူများ ထမင်း ခေါ်ကျွေးလျင်သာ ငြင်းချင်ငြင်းရမည်။ အထက်၌ ဖော်ပြခဲ့သည့် ကိုအောင်ဆန်းတို့လို လူမျိုးကိုပေါင်းမည့်အစား ကျွန်ုပ်က ကိုဖိုးစိုတို့လို လူမျိုးကို ပေါင်းပါမည်။ ကိုဖိုးစိုတို့မှာ ဆင်းရဲပေသိ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်၏။ ဤသည့် အတွေးအခေါ်များကြောင့်လည်း ကျွန်ုပ်ကို မကြိုက်ကြတာ ဖြစ်ပါလိမ့်မည်။
အရီးတို့၊ ဦးကြီးတို့မရှိတော့သည့်အခါတွင်မူ ကျွန်ုပ်တို့အဖို့ ဆွေမျိုးအရင်းအချာဆိုလို့ ကြီးဒေါ်လှကြိုင်တို့ မိသားစု တစ်ခုသာ ရှိပါတော့၏။ ထို့ကြောင့်ပဲ သူတို့မိသားစုနှင့် ပိုပြီး ရင်းနှီးလာသလား မဆိုနိုင်ပါ။ ကျွန်ုပ်ကမူ အဝေးရောက်မင်း (ဟုတ်ပေါင်) အဝေးရောက်လူသားတစ်ဦး ဖြစ်နေသဖြင့် ထိုအရာများကို သိပ်မစေ့ငုတတ်တော့ပါ။
No comments:
Post a Comment