Wednesday, December 11, 2024

ကျွန်ုပ်တို့မိသားစု မလေးရှားသို့ အလည်သွားကြခြင်း အကြောင်း (၈)(နောက်ဆုံးပိုင်း)

ညနေကျတော့ ကမ်းနားဘက် လျှောက်လည်ကြ၏။ အဝင်ဝ၌ ခပ်သေးသေး ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခု ရှိ၏။ 

 

လတာပြင်ပေါ်တွင် ခြေတံရှည်အိမ်များဆောက်ကာ နေကြခြင်းဖြစ်ပြီး နောက်ဘက်မှာနေ၊ ရှေ့ဘက်ကို ဆိုင်ခင်းထား ကြတာဖြစ်၏။ ကျွန်ုပ်တို့ ဧရာဝတီတိုင်းဘက်က အိမ်များလိုမျိုး ဖြစ်၏။ အိမ်ပုံစံ၊ ဆိုင်များတည်ခင်းသည့်ပုံစံ၊ လူများ နေထိုင်ကြသည့်ပုံစံ အားလုံးအတူတူပင် ဖြစ်၏။

 

ကျွန်ုပ်တို့လည်း ကျိုးကျိုးကျွိကျွိမြည်သည့် အခင်းများကိုနင်းပြီး အဆုံးထိလျှောက်၊ တိုင်များ၌ ဆိုက်ကပ်ထားသည့် လှေများ၊ ပဲ့ထောင်များကိုကြည့်ကာ ဓာတ်ပုံများ တဖြတ်ဖြတ်ရိုက်ကြ၏။ မြန်မာစကားပြောနေသည့် ကန်ကလေး၊ ကန်မကလေးများကိုလည်း အုပ်စုလိုက် တွေ့ရ၏။ ကမ်းနားတလျှောက် အိမ်ကလေးများ တန်းစီဆောက်ထား၏။ သွားသူ များ၊ ပြန်လာကြသူများနှင့် အတော်လေး စည်ကားလှ၏။ ဤရေပေါ်အိမ် နံရံများပေါ်တွင်လည်း street art ပုံများ ဆွဲထားသည်ကို တွေ့ရ၏။ အပြန်ကျတော့ အနားက လမ်းဘေးဈေးမှာ တိုလီမုတ်စလေးများ ရောင်းနေတာ လျှောက် ကြည့်။ သူတို့ဈေးမှာ လှည်းတန်းဈေးက လမ်းပေါ်၌ တည်ခင်းရောင်းချနေသည့်ဈေးနှင့် ပုံစံချင်း အတူတူဖြစ်၏။  အစေ့အဆန်များကို ဇလားများနှင့် ထည့်ရောင်းနေတာတွေ့သဖြင့် စပ်စုကြည့်။ အဲ့လယ် - သီဟိုလ်စေ့က တစ်ကီလို RM30 ဆိုသည်နှင့် အမျိုးသမီးလည်း တစ်ကီလိုဝယ်ခဲ့လေ၏။ စလုံးဈေးနှင့်စာလျင် အကုန် တန်နေတာသာ ဖြစ်၏။

 

နောက်နေ့တွင် ၁၁ နာရီမှာ check-out လုပ်ရမည်ဆိုတော့ ခေါင်းစားသက်သာအောင် မနက်စာစားပြီးသည်နှင့် တခါတည်း check-out လုပ်၏။ Check-out ကလည်း အဝင်တုံးကလိုပင် self check-out ဆိုတော့ အခန်းပတ်လည်ကို ဓာ့ပုံရိုက်၊ သော့ပြန်ထားပုံကို ဗီဒီယိုရိုက်၊ Whatsapp ကနေပို့ပေးပြီး ဘိုင့်ဘိုင်လုပ်ခဲ့၏။ အထုပ်အပိုးများကို Luggage holding service ၌ သွားအပ်ထားလိုက်ပြီး လေယာဉ်ကွင်းဆင်းခါနီးမှ သွားယူမည်။

 

၂၊ ၇၊ ၆။ 3D Art

 

သွားစရာ ၃ နေရာကျန်သေး၏။

ပထမ 3D Art ကို လာခဲ့ကြ၏။ မဆိုးပါ။ 3D Art ဆိုသည့်အတိုင်း 3D ပန်းချီများ ဖန်တီးပေးထား၏။ ဆိုက္ကားပေါ်၌ထိုင်ပြီး ဓာတ်ပုံရိုက်နိုင်၏။ ကြမ်းပြင်တွင် တင်ပလ္လင်ခွေထိုင်ပြီး ပုံထဲကလူနှင့် စကားပြောနိုင်၏။ စောင်းထားသည့်အခန်းဆိုလျင် ထိုင်နေရင်း မူးလာသဖြင့် ကြာကြာမထိုင်နိုင်။ အခန်းထဲဝင်လိုက်သည်နှင့် ချက်ချင်းမူးလာ၏။ အခန်းထဲကထွက်လိုက်လျင် အကောင်း။ ထူးပါပေ့။

 

Gravity ကို ဆန့်ကျင်လျက် ထက်အောက်ပြောင်းပြန် upside down လုပ်နိုင်၏။ အာလာဒင်တို့ ဝူခုန်းတို့နှင့် အဖွဲ့ကျနိုင် ၏။ စက်ဘီးစီးသည့် ET ရှိသလို မျောက်ဝံကြီးမှာလည်း အသက်ဝင်လှပါပေ၏။ ကြမ်းပြင်ပေါ်၌ ပြုတ်ကျလုတည်းတည်း ကြိုးတံတားပုံလေး ဆွဲပေးထားပြီး ကြိုးတံတားပေါ် လျှောက်ရတာလည်း အသည်းယားစဖွယ် ဖြစ်၏။ 

 

ပီနန်ရောက်လျင် သွားကြည့်သင့်သည့် နေရာတစ်ခု ဖြစ်၏။

 

၂၊ ၇၊ ၇။ Magic World 

 

နောက်တစ်ခုက Magic World, ဝင်ဝင်ချင်း ဘရုစလီ၏ Enter the Dragon (လားမသိ) ကားထဲကလို မှန်တွေနှင့် လေးဘက်လေးတန်ကာထားလေရာ ကိုယ့်ခေါင်းနှင့်ကိုယ် ပြန်မတိုက်မိစေရန် မှန်များကိုစမ်းလျက် မနည်း လျှောက်ရ၏။ တစ်နေရာတွင် နံရံ၌ ဒေါင်လိုက်လှေကားဆင်ထားပြီး အထက်အောက် မှန်များကပ်ထားလေရာ လှေကားမှာ အဆုံးအစမရှိ အရှည်ကြီး ဖြစ်နေလေ၏။

 

ကျွန်ုပ်ကတော့ တကြောင်းဆွဲ pen art ပန်းချီကားလေးများကိုလည်း သဘောကျလိုက်တာသာ ဖြစ်၏။

သူလည်း သိပ်မဆိုးလှပါဟု ပြောလို့ရပါ၏။

 

၂၊ ၇၊ ၈။ Ghost Museum 

 

Ghost Museum ကတော့ တစ္ဆေ သရဲ၊ သဘက်၊ တောသူ (ဟုတ်ပေါင်) ရွာသူ၊ ၁၂ကြိုး၊ ဇော်ဂနီ ဇော်ဂနက် စသည့် ပုံမျိုးစုံကို အဝတ်စုတ်၊ ရွံစရာဆံပင်ဖားလျားစသည်တို့ဖြင့် ကြောက်စရာကောင်းအောင် ပြင်ဆင်ထား၏။ 

 

အသည်းငယ်တတ်သူများ မသွားသင့်။

အဲလေ စုံတွဲများ အထူးသွားသင့်၏။ တစ်နေရာရောက်လို့ တစ်ခုခုမြင်လိုက်လျှင် အောင်မယ်လေး အော်လျက် ကျစ်ကျစ် ပါအောင် ဖက်နိုင်သည့် မဟာအခွင့်အရေးဖြစ်၏။ အခန့်မသင့်လျင် သူက ကိုယ့်အပေါ်အတင်းခုန်တက်လျက် ရင်ခွင်ထဲ ခေါင်းလေးဝှက်ကာ အဟင့် - ကြောက်စ်တယ်ဟု လှုပ်မရသည်ထိ အဖက်ခံရနိုင်၏။ (အဟိ စဒါဘာ စဒါဘာ)

 

နောက်တော့ အပ်ထားသည့် အထုပ်အပိုးများ ရွေးကာ လေယာဉ်ကွင်းသို့ ဆင်းခဲ့တော့၏။

ပီနန်လေယာဉ်ကွင်းမှာ မန္တလေး တံတားဦးလေယာဉ်ကွင်းမျိုး ဖြစ်၏။ ခရီးသည် သိပ်မရှိ။










































 

၃။ ကုန်ကျစရိတ်များ

=============

 

ဟော်တယ် (၃ ယောက်စာ)

=====================

၁။ Double Tree by Hilton @ Johor Bahru: S$163.18

၂။ BayView Hotel Melaka: RM 360

၃။ Hilton Garden Inn Kuala Lumpur Hotel: RM 967.60

၄။ SS Hostel Penang: RM277.86

MR1605.46 + SGD163.18 - စုစုပေါင်း - S$649.68

 

အငှားကား/အဝေးပြေးဘတ်စ် (၃ ယောက်စာ)

==================================

၁။ စင်ကာပူ - ဂျိုဟိုး = S$100

၂။ ဂျိုဟိုး - မလက္ကာ = RM82.50

၃။ မလက္ကာ - KL = RM36.00

၄။ KL – Butterworth: Butterworth - ပီနန် = RM148.46  + RM6 = RM154.46 

စုစုပေါင်း - RM272.96 (SGD82.71) + S$100 = S$182.71

 

Grab

====

5/11/2024 – RM360 (Taxi)

6/11/2024 – RM41.02

7/11/2024 – RM48.41

8/11/2024 – RM42.23

9/11/2024 – RM55.63

10/11/2024 – RM31.84

11/11/2024 – RM6.18

12/11/2024 – RM41.02

13/11/2024 – RM25.69

14/11/2024 – RM56.65 (To Airport)

----------------------------------------------

Total for Grab/Taxi: RM708.67 (S$214.75)

 

ဝင်ကြေးများ (၃ ယောက်စာ)

=====================

LegoLand (Johor) – RM735 

Zoo Melaka – RM228

Zoo Butterfly and Reptile Park – 244.10

Art Museum (KL) – RM15

National Museum (KL) – RM15

Penang Hill – RM90

Habitat Penang Climb Flagstaff – RM160

Bogie Penang – RM80

Guan Yin Inclined Lift – RM18

Inclined Lift to Penang Hill – RM90

Magic World (Penang) – RM92

3D Art (Penang) – RM68

Ghost Museum (Penang) – RM58

----------------------------------------------

Entrance Fee Total: RM1893.10 (S$573.67)

 

စား/သောက်

==========

Sushi House (Johor) – RM76.30

Dinner (Melaka) – RM82.30

Breakfast (Melaka) – RM33

Lunch (Melaka) – RM48.50

Dinner at Little India (Melaka) – RM21

Chicken Rice (Melaka) – RM42

BayView Breakfast – RM141.60

Lunch PorkRice – RM29

Lunch at Giant – RM43.40

Dinner at KLCC – RM80.72

Boleh Seafood – RM181.30

Restoran Melayu – RM59.50

Sizzling & Claypot KLC – RM22

KL တွင် ဒူးရင်းသီးစား (သေးသေးကလေး ၃ လုံး) – RM100

Dinner at Penang – RM28

Breakfast at Penang – RM38.10

Lunch (Thai Soup) near Burmese Buddhist Temple – RM66.40

Dinner at Pasir Malam – RM69.50

Penang တွင် ဒူးရင်းသီးစား (အကြီးကြီး ၁ လုံး - 1.5 kg) – RM160

Breakfast at Penang – RM20.80

Lunch at Penang – RM71.00

Dinner at Vietnam shop – RM96.50

Lunch at Thai shop – RM92.10

-----------------------------------------

Eat/Drink Total:RM1603.02 (S$485.76)

 

ဝယ်ခြမ်း

======

KL Batik Shop – RM586

Van Pavillion KL – RM194

Photo at Zoo – RM80

AN Doctor consultant+Insulin – RM100

MZ Doctor consultant – RM150

MacBook Charger – RM99

MZ Phone – RM630

Souvenior – RM161

KLCC တွင် ရုပ်ရှင်ကြည့် (Red One) – RM73

Sand Painting (2 pieces) – RM300

သားကျောက်စိမ်းလက်စွပ် - RM550

Phone+MZ short pant – RM240

Baggage Holding charges: RM96.50

Baggage Holding at Airport: RM41.20

---------------------------------------------

Total: RM3300 (S$1000)

 

မလေးရှားသို့ ၁၀ ရက်ခရီး ကုန်ကျစရိတ်         (SGD)

==========================================

ဟော်တယ် -                                            649.68

အဝေးပြေးဘတ်စ် + လေယာဉ် -                    182.71

Grab -                                                   214.75

ဝင်ကြေးများ Entrance Fee -                       573.67

စား/သောက် -                                          485.76

ဝယ်ခြမ်း -                                               1000

--------------------------------------------------------------------

စုစုပေါင်း -                                               3106.57

 

နိဂုံး

 

ကျွန်ုပ်သည် ယခုလို အခြားနိုင်ငံများသို့ ရက်ရှည်ခရီး အလည်အပတ် တစ်ခါမှ မထွက်ခဲ့စဖူးပါ။ ယခင်အခါကာလများက သွားခဲ့ဖူးသော်လည်း ၂ ရက်၊ ၃ ရက်ထက်မပို။ ရက်တိုသဖြင့်လည်း သွားသည့်နေရာက တစ်နေရာတည်းသာ ဖြစ်၏။ ခုကျမှ မေရီးက ကိုနွယ်ဝင်းတို့ ကိုးရီးယားသွားတာ အားကျပြီး သူလည်း ခရီးရက်ရှည်သွားချင်ပါသည် ဆိုသဖြင့် ဆယ်ရက် ခရီးစီစဉ်လိုက်တာဖြစ်၏။ ဒါတောင် မမက ၂ ပတ် လုပ်နေလို့ ၂ ပတ်သာဆို ရတဲ့လခက အသုံးစရိတ်တောင် လောက်မှာ မဟုတ်ဘူး ဆိုပြီး ၁၀ ရက် လုပ်လိုက်တာဖြစ်၏။ ဒါတောင် ၁၁ ရက် လုပ်နေသေး၏။ ကျွန်ုပ်ကလည်း ဗီတိုအာဏာဖြင့် ၁၀ ရက် အတင်း ဖြတ်ချ၏။ ငါကွ . . . ဟိ

 

ရက်ရှည်ခရီးထွက်ရာမှ ကျွန်ုပ်လေ့လာတွေ့ရှိရသည့် အချက်တစ်ခုမှာ အိပ်ခြင်းနှင့်စားခြင်းသည် အင်မတန် ဇိမ်ရှိလှသော အလုပ်ဖြစ်ကြောင်းပင် ဖြစ်၏။

 

နှိုးစက်မပေးဘဲ တဝကြီး စိတ်လွတ်လက်လွတ် အိပ်လိုက်ရခြင်းသည် လည်းကောင်း၊ ကောင်းမည်ထင်သည့် စားသောက် ဆိုင်များတွင် ကောင်းမည်ထင်ရသည့် အစားအသောက်များကို ရွေးချယ် စားသောက်ရခြင်းသည်လည်းကောင်း အလွန် ဇိမ်ရှိလှကြောင်းကို ဤခရီးစဉ်အတွင်း၌ ကျွန်ုပ်သည် ရှာဖွေတွေ့ရှိခဲ့ရလေ၏။ 

 

ကျွန်ုပ်သာ အမေလိကန်ဒေါ်လှ ဘီလျံ ၅၀၀၀ လောက် ချမ်းသာသည့် သေဌေးကြီးဖြစ်လျင် ဘာအလုပ်မှ မလုပ်ဘဲ တကမ္ဘာ လုံး လျှောက်သွားကာ လည်ပတ်၊ စားသောက်၊ ပျော်ပါးနေမည်ဟု စိတ်ကူးမိလေ၏။ (အဲသဟာကြောင့်လည်း သူဌေးမဖြစ် တာ။) 

 

ယခု ခရီးသွားခြင်း၏ ဇိမ်ကျခြင်း အရသာကို ခံစားဖူးပြီဖြစ်သဖြင့် နောင်နှစ်များမှာလည်း တစ်နှစ်ကို အနည်းဆုံး ၅ ရက် လောက် ခရီးထွက်ဘို့ စိတ်ကူးမိလေ၏။ 

 

ပြောသာပြောရ၊ မြန်မာပြည်ထဲတွင်ပင် ကျွန်ုပ်မရောက်ဖူးသေးသည့် မြို့ အတော်များများ ရှိ၏။ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို လုံးဝ မရောက်ဖူးသေး။ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မှ မြို့တော်တော်များများကို မရောက်ဖူးသေး။ 

 

ချင်းပြည်နယ်က ထန်တလန်၊ ဟားခါး၊ ပလက်ဝ၊​ မတူပီ

ကချင်ပြည်နယ်က မချမ်းဘော၊ ဆွမ်ပရာဘုံ၊ မြစ်ကြီးနား၊ မေခမလိခ မြစ်ဆုံ၊ မိုးကောင်း၊ မိုးညှင်း

ရှမ်းပြည်နယ်က ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ မိုင်းတုံ၊​ တာချီလိတ်

စစ်ကိုင်းတိုင်းက လေရှီး၊ လဟယ်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ပင်လယ်ဘူး၊ ဝန်းသို၊ ကောလင်း၊ ကန့်ဘလူ၊ မုံရွာ၊ ရွှေဘို၊ ကောလင်း

ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦး၊ ဂွ၊ သံတွဲ၊ ကျောက်ဖြူ၊​ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ အမ်း

လွိုင်ကော်၊ ဖားဆောင်း၊ ဘော်လခဲ

မြဝတီ၊ ရေး၊ ကော့သောင် 

ဟင်္သာတ၊​ လေးမျက်နှာ (အမ် - ဒါက ငါတို့မြို့တွေပဲ၊ လွဲကုန်ပြီ၊ ယခွမ်း)

 

- စသဖြင့် သွားစရာမြို့တွေ အများကြီးရှိသေးသည်။ 

 

ဟို မြေနိုးမျိုးတွေ အကုန် မသာပေါ်ပြီး မြန်မာပြည် ပြန်ရသည့်အခါတွင် ထိုမြို့များသို့ လျှောက်လည်ရပါဦးမည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၉ နိုဝင်ဘာ၊ ၂၀၂၄

No comments: