၂၊ ၅။ ကွာလာလမ်ပူ
မလက္ကာတွင် လျှောက်လည်ဘို့ ကျွန်ုပ်စာရင်းလုပ်ထားသည်မှာ ၁၅ နေရာဖြစ်သော်လည်း ယခု သေသေချာချာ လည်ပတ် ခဲ့ရသည်မှာ ၄ နေရာမျှသာဖြစ်၏။ အားလုံးနှံ့နှံ့စပ်စပ် ရောက်ဖို့ဆို အနည်းဆုံး ၄-၅ ရက်လောက်နေမှ ရမည်။ သို့သော် နောက် သွားစရာတွေရှိသေးတော့ ဤမျှနှင့်ပင် ကျေနပ်ခဲ့ရ၏။
အဝေးပြေးကားကြီးက မလက္ကာမှ နေ့လယ် ၂း၃၀ နာရီတွင်ထွက်၍ KL သို့ ညနေ ၅ နာရီတွင် ရောက်၏။ ဆိုတော့ ၂ နာရီခွဲ လောက် မောင်းရ၏။ လမ်းတွင် ကောင်းကင်မဟာဓာတ်အားလိုင်းများအား ကားလမ်းကိုဖြတ်လျက် သွယ်တန်းထားသည် ကိုလည်း တွေ့ရ၏။ KL တွင် အဝေးပြေးကားဂိတ်နှင့် ဘူတာကြီးကို တွဲလုပ်ထားလေရာ အဆင်ပြေလှ၏။ ကားဂိတ်ကြီးမှာ ကျယ်လည်းကျယ်၊ သန့်လည်းသန့်၏။ လမ်းတွင် ကားလမ်းမကြီးများကို နှစ်ထပ်လမ်း၊ သုံးထပ်လမ်းဖောက်ထားတာလည်း တွေ့ခဲ့ရ၏။
KL ၌လည်း Hilton Garden ကိုပင် ရွေး၏။ ပိုက်ဆံချွေတာသည့်အနေနှင့် 3 Star ကို ရွေးခြင်းဖြစ်၏။ သို့တိုင် သိပ် မသက်သာလှပါ။ 08/11/2024 အဝင် 11/11/2024 အထွက်ကို RM967.60 ပေးရ၏။ 3 Star ဆိုပေမင့် အတော်လေး ကောင်းပါသည်။ တောင်နှင့်မြောက် ဆိုပြီး Hilton Garden ဟော်တယ်နှစ်ခုရှိရာ ကျွန်ုပ်တို့က မြောက် ဖြစ်၏။
ယခင်အခါ ကာလများကဆိုလျှင် ကျွန်ုပ်က ဘယ်နေရာကို ဘယ်လိုသွားရမည်၊ ဘယ်နေရာတွင် ဘယ်လိုအစားအစာတွေ ရှိတတ်သည် အစရှိသည်တို့ကို စာအုပ်နှင့် ရေးမှတ်ကာ သွားလေ့ရှိ၏။ ယခုမူ အသက် (၆၀) ကျော် အဖိုးကြီးတစ်ယောက် သုံးခဲ့သောနည်းများမှာ များစွာ ခေတ်နောက်ကျသွားပြီဖြစ်၏။
ကျွန်ုပ် အင်ဆူလင်ထိုးဆေးမေ့ကျန်ခဲ့တုံးက သားက ဆရာဝန်ပြဘို့လောဆော်ကာ ဆေးခန်းရှာ၏။ ဒီနေရာနဲ့ ၁.၂ ကီလို အကွာမှာ ကောင်းတဲ့ဆေးခန်းတစ်ခုရှိတယ်။ ၉ နာရီမှာဖွင့်တယ်။ Grab နဲ့ သွားရင် RM5 လောက်ပဲကျတယ် ဆို၏။ ဆရာဝန်က Big Pharmacy မှာ ဆေးသွားဝယ် ဆိုတော့လည်း သူက Google map ဖြင့် ဒီကနေ မီတာ ၅၀၀ ပဲဝေးတယ်။ ခြေလျင်လျှောက်ကြစို့ရဲ့ ဆိုပြီး သူပဲဦးဆောင်သွားလေရာ ကျွန်ုပ်မှာ ယောင်တောင်ပေါင်တောင်ဖြင့် သူ့နောက်က လိုက်သွားရလေသော၏။
ဆိုတော့ သားတစ်ယောက်ပါလာတာ ကျွန်ုပ်မှာ အတော်ဟန်ကျလေ၏။ သူပဲ ဘယ်နားမှာ ဘာရှိတယ်၊ ဘယ်လောက် ဝေးတယ်၊ ဘယ်လိုသွားရမယ် စသဖြင့် ဦးဆောင်သွားလေရာ ကျွန်ုပ်မှာ အတော်ခေါင်းစား သက်သာလေ၏။ Grab ကလည်း Master card ထဲမှ ပိုက်ဆံဖြတ်တာဖြစ်သဖြင့် ကျွန်ုပ်မှာ သား account ထဲကို ပိုက်ဆံ အလုံအလောက် ထည့်ပေးထားလိုက်ရုံ ဖြစ်၏။ ကျွန်ုပ်မှာ Grab တီထွင်ခဲ့သူများကို ကျေးဇူးများပင် တင်မိလေသော ဟူသတတ်။
KL ရောက်တော့မှ မြို့ပြအငွေ့အသက်များကို ပြန်တွေ့ရ၏။ ကျွန်တော်က ဆရာမကြီး ဒေါ်အေးအေးခင်၏ အမျိုးသား ကိုမောင်မောင်မြင့်ကို လှမ်းဖုန်းဆက်၏။ သူက ဘယ်အချိန်လောက်လာပါမည်။ ဘယ်မှာ ထမင်းသွားစားကြမည်ဟု ချိန်း၏။ ဆရာမကြီးတို့သားအမိမှာမူ ဂျပန်ရောက်နေလို့ မတွေ့လိုက်ရ။
ကျွန်တော်တို့က ရောက်ရောက်ချင်း ရေမိုးချိုးထားလိုက်၏။ သားကတော့ အပြင်သွားအုံးမှာပဲ ပြန်လာမှ ချိုးတော့မယ် ဆို၏။ အတော်ကြာတော့ ကိုမောင်မောင်မြင့်ရောက်လာသဖြင့် သူက ရထားနှင့် ခေါ်သွားလေရာ ကျွန်ုပ်မှာ မလေးရှား ရထား စီးဖူးသွားသဖြင့် ကျေးဇူးတင်ရ၏။ ရထားမှာ စင်ကာပူက MRT လောက် မရှည်။ ထိုင်ခုံလည်း ပိုနည်း၏။ ပလက်ဖောင်းများကို ၁.၅ မီတာလောက်မြင့်သည့် နံရံများဖြင့် ကာထားသော်လည်း တံခါးများမှာမူ ပွင့်နေ၏။ ပြုပြင် ထိန်းသိမ်းရေး လုပ်နေပါသည် ဟု စာရေးထား၏။
လက်မှတ်ဝယ်တော့ လက်မှတ်ဝယ်ရမည့် မြေပုံထဲ၌ ဆင်းရမည့်ဘူတာနာမည်မပါ၍ ကိုမောင်မောင်မြင့်က တစ်ဘူတာ ကျော်ကာ ဝယ်လိုက်၏။ သူတို့လက်မှတ်က ကျပ်စေ့လေးလို ဖြစ်၏။ တစ်ဘက်၌ QR code လေး ကပ်ထား၏။ တစ်ခါသုံးဖြစ်၏။ ရထားကိုအမြဲစီးနေသည့် သူတို့ကတော့ Touch ‘n Go (TNG) ကတ်ပြား ဝယ်ထား၏။
ဆင်းရမည့်ဘူတာမှာ လက်မှတ်ဝယ်ထားသည့်ဘူတာမတိုင်မီ တစ်ဘူတာ ဖြစ်၍ ကျွန်ုပ်တို့လည်း ထိုဘူတာ၌ ဆင်းလိုက် ၏။ လက်မှတ်အဝိုင်းပြားလေးကို ထည့်လိုက်တော့ လက်မခံ ပြန်ထွက်လာ၏။ သို့နှင့် ကျွန်ုပ်တို့လည်း ရထားပြန်စီးကာ လက်မှတ်ဘူတာရောက်အောင် ဆက်စီးရလေ၏။ နောက်ပြီးတော့မှ သွားလိုရာကို နောက်ကြောင်းပြန် လျှောက်လာရ၏။ သို့တိုင် သိပ် မဝေးလှပါ။
ကိုမောင်မောင်မြင့်က ကျွန်ုပ်တို့ကို ဂျလန်အာလောသို့ ခေါ်သွား၏။ ဂျလန်အာလောမှာ လမ်းတစ်လမ်းလုံးကို ပိတ်ပြီး စားသောက်ဆိုင်များ တည်ခင်းရောင်းချနေတာ ဖြစ်၏။ မီးခိုးများမွှန်ထူလို့၊ စားသောက်ဆိုင်များမှ လူခေါ်သံများ၊ စားသောက်နေကြသူများ စကားပြော၊ ရယ်မောနေကြသံများ၊ ဆိုင်များမှဖွင့်ထားသည့် သီချင်းသံများဖြင့် ဆူညံ ပွက်လောရိုက်လျက်ရှိ၏။ ဂျလန်အာလောကိုတွေ့တော့ ထိုင်းက ညဈေးတောင် သွားသတိရမိသေးတော့၏။
ကျွန်ုပ်တို့က Boleh Seafood Pot ဆိုင်၌ ထိုင်ကြ၏။ ကျွန်ုပ်တို့လည်း ကိုက်လန်ကြော်၊ ပုဇွန်ကြော်နှင့် ပင်လယ်စာများ မှာလျက် တဝတပြဲ စားသောက်ကြလေသော ဟူ၏။ (မှာတာများသွားလို့ မနည်းကုန်အောင် စားလိုက်ရတယ်။ ၆ကယိုးနဲ) အစားအသောက်များမှာ ကောင်းပါသည်။ နောက်ပြီး ဆိုင်က ကောင်မလေးများမှာ မြန်မာမကလေးများ ဖြစ်၏။ ကျွန်ုပ်မှာ ကျွန်ုပ်အသက်ကို ၆၀ ကျော်အောင် ဒရွတ်တိုက်ဆွဲသွားသည့် ကလယန္တရားကြီးကို ကျိန်ဆဲမိလေသော ဟူ၏။
ဤတွင် ကျွန်ုပ် သောက်တလွဲလုပ်ခဲ့ပုံအား မိတ်ဆွေတို့ကို ပြန်လည် ဖောက်သည်ချပါရစေဦး။ ကျွန်ုပ်အလွဲမှ သင်ခန်းစာ ယူတော်မူကြပါကုန်လော့။ သာဓု၊ သာဓု ဟုတ်ပေါင် မွှားကုန်ပြီ။
ကျွန်ုပ်က မလေးလာတော့ စလုံး ၁၀၀၀ လဲလာခဲ့၏။ မလေးရင်းဂစ် ၃၃၀၀ ရ၏။ (၁၀ ရက်ခရီးကို ၃၀၀၀ ကျော်နှင့် လောက်မည်တွက်ကတည်းက လူမိုက်စင်စစ် ဧကန်မဖြစ်ပါသလော။ အမှန်ပင် ဖြစ်ချေ၏။) Legoland တစ်ခုတည်းနှင့်ပင် ၁၀၀၀ လောက် ချောသွားတော့ ကျန် ၂၀၀၀ နှင့် နောက်တစ်ပတ်စာ ဘယ်လိုမှ မလောက်နိုင်။ သို့နှင့် ကိုမောင်မောင်မြင့်ကို Bank account transfer နှင့် ဘယ်မှာပိုက်ဆံလဲလို့ရမလဲ မေးရ၏။ သူက ဒီအပေါ်မှာ မြန်မာဆိုင်ရှိတယ်။ အဲဒီမှာ ရနိုင်လိမ့်မယ် ဆို၏။
အားလုံးစားသောက် ကိစ္စဝိစ္စပြီးတော့ သူပြောသည့် မြန်မာဆိုင်ကို တက်ခဲ့ကြ၏။ အကျိုးအကြောင်းပြောပြတော့ အဆင် ပြေပါသည်။ ကျွန်ုပ်လည်း မလေး ၁၀၀၀ အတွက် ကျသင့်ငွေ စလုံး ၃၂၀ ကို ချက်ချင်းလွှဲပေးလိုက်၏။ ပိုက်ဆံက သူရို့ bank account ထဲကို ချက်ချင်းမဝင်။ ဆိုတော့ ရှေ့မှာရှိသော ကော်ဖီဆိုင်ထဲတွင် ခဏထိုင်စောင့်နေရ၏။ ဆိုင်ထဲ၌ မြန်မာ ကောင်လေး ၇ ယောက်လောက် ထိုင်နေ၏။ အသက် ၂၀ ကျော် အစိတ်အရွယ်များ ဖြစ်၏။ ဘီယာဘူးများ၊ အမြည်းများနှင့် ဆေးလိပ် တထောင်းထောင်းထနေအောင် သောက်နေကြလေ၏။ ပါးစောင်မှာလည်း ကွမ်းယာနှင့်။ လုပ်လို့ရသမျှ အကုန် လုပ်နေကြတာဖြစ်သတည်း။
သားက သူ့ကျန်းမာရေးကို အထူးဂရုစိုက်သူဖြစ်ရကား ဆေးလိပ်ငွေ့ကို သူ့ကိုယ်ထဲ လုံးဝ အရောက်မခံ။ ဆိုတော့ မီးခိုးငွေ့ တလုံးလုံးနှင့် သည်ဆိုင်ထဲ ထိုင်ရတာ သူ့အတွက် ဘယ်လိုမှအဆင်မပြေ။ ကျွန်ုပ်ကလည်း ပိုက်ဆံများဆုံးမည် စိုးရိမ်တော့ မပြန်ချင်။ ခဏလေးစောင့်ပါ သားရယ်ဟု တောင်းပန်ထားရ၏။
ခဏနေတော့ သူက အပြင်ထွက်မယ်ဆို၏။ သူ့အမေကို လိုက်သွားခိုင်းပြီး အောက်ဆင်းနေရန် ပြော၏။ သို့သော် အောက်မှာလည်း ဆေးလိပ်များကို လှိုင်ဘောလယ် သောက်နေကြသည်ဖြစ်ရာ သူက အောက်မဆင်းတော့ဘဲ လှေခါး မှာပင် စိတ်ပျက်လက်ပျက် ထိုင်နေလေ၏။ ကျွန်ုပ်စောင့်တာ နာရီဝက်လောက် ကြာပါမည်။ အတော်ကြာတော့ သူ အရင်ပြန်နှင့်မည်။ ဖေရီးတို့ နောက်ကလိုက်ခဲ့ ဆို၏။ ပိုက်ဆံမရရ၍ စိတ်တိုနေပြီဖြစ်သော ကျွန်ုပ်လည်း ဒါလောက် ကလေးတောင် မစောင့်နိုင်ရမလားဟု သားကို မာန်လေ၏။
နောက် ၁၀ မိနစ်လောက်ကြာသည်ထိ ပိုက်ဆံမဝင်တော့ ကျွန်ုပ်လည်း ဆက်မစောင့်တော့ဘဲ ပြန်ရန် ဆုံးဖြတ်လိုက်၏။ သားကို မာန်မိသည့်အတွက် စိတ်မကောင်း။ တောမှာမွေးပြီး မြန်မာပြည်မှာ ကြီးပြင်းလာခဲ့သည့် ကျွန်ုပ်တို့အတွက် သည် ပတ်ဝန်းကျင်မှာ ပြဿနာမရှိသော်လည်း စင်ကာပူမှာ ကြီးပြင်းလာသည့်သူ့အတွက် ဤမျှ ဆူညံပွက်လောရိုက်ပြီး ကွမ်းယာ၊ အရက်တွေနှင့်၊ စက်ရုံခေါင်းတိုင်ကထွက်သလို ဆေးလိပ်မီးခိုးတွေ မိုးမွှန်နေသည့်အရပ်မှာ သူ့အတွက် ဘယ်လိုမှ အဆင်မပြေ။
နောက်နေ့မနက်ကျတော့ သူ့ဘာသာသူစစ်ပြီး ဖေရီးရဲ့ bank transfer က ၂ ရက်ကနေ ၄ ရက်ထိကြာမယ်ဟု ပြောလေ သည်။ သည်တော့မှ ကျွန်ုပ်လည်း ပြန်စစ်မိလေ၏။ ဟုတ်ပါ့။
စင်ကာပူမှာ ကျွန်ုပ် bank transfer တွေလုပ်တုံးက ကလစ်နှိပ်လိုက်တာနှင့် ချက်ချင်းရောက်တာဆိုတော့ အခုလည်း အဲသလို ရောက်လိမ့်မယ် ထင်မိ၏။ (မြန်မာပြည်ကဘဏ်တွေကို လွှဲတုံးကလည်း အဲသလောက်မကြာပါ။ အများဆုံး စောင့်ရမှ တစ်ရက်သာ ဖြစ်၏။) ဤသည်မှာ ကျွန်ုပ် အတွက်လွဲခြင်းဖြစ်သတည်း။
နောက်နေ့ အမျိုးသားပြတိုက် သွားကြတော့ ပြတိုက်အပေါက်ဝနားတွင် အပြာရောင် ATM စက် သေးသေးကလေးတစ်လုံး တွေ့မိ၊ Visa, Master ကတ် logo များလည်း ပြထား၍ စိတ်ဝင်စားလို့သွားကြည့်လိုက်တော့ ဟိုက် - ရှားဘားစ်။ Internation cards available ဆိုတာသွားတွေ့။
ကျွန်ုပ်လည်း ဝမ်းသာသွားလျက် ပထမ RM500 စမ်းထုတ်ကြည့်၏။ ပိုက်ဆံထွက်လာ၏။ သို့နှင့် နောက်ထပ် ၅၀၀ ထပ်ထုတ်လိုက်၏။
ညနေ ကိုမောင်မောင်မြင့်နှင့်တွေ့တော့ သူကလည်း မနေ့က သွားခဲ့သည့် မြန်မာဆိုင်အောက်တွင်ပင် Internation card သုံးလို့ရသော ATM တစ်လုံးရှိတာ တွေ့မိသည်ဟု သတင်းပေး၏။ သို့သော် စက်ကလည်း လူမြင်သူမြင်နေရာ၌ မဟုတ်ဘဲ တကယ့်ကို ချောင်ထဲ၊ ဆိုင်သေးသေးလေးတစ်ဆိုင်၏ အဝ၌ ဖြစ်၏။
သို့နှင့် ကိုမောင်မောင်မြင့်ကို အကယ်၍ ကျွန်ုပ်တို့ KL မှထွက်သည့်တိုင် မြန်မာဆိုင်၌ လွှဲထားသည့်ပိုက်ဆံ မရသေးပါက ကျွန်ုပ်ကိုယ်စား ထုတ်ယူပြီး ကျွန်ုပ် account တွင်း ပြန်ပို့ပေးပါရန် ပြောလိုက်၏။ နောက်ပြီး ဆိုင်နှင့်သိပ်မဝေးတော့သည့် အတွက် ဆိုင်ကိုသွားကာ အကယ်၍ ကျွန်ုပ်တို့ KL မှ ထွက်သည့်တိုင် ပိုက်ဆံမဝင်သေးပါက ကျွန်ုပ်တို့ မလေးပိုက်ဆံ မယူတော့ဘဲ (ယူလို့လည်းမရ) ပိုက်ဆံဝင်လာသည့်အခါ ကျွန်ုပ် account ထဲသို့ ပြန်လွှဲပေးပါရန် ပြောတော့ ရပါတယ် ဆို၏။
သို့သော် မလေးရှားမှ ပီနန်သို့ကူးမည့် မနက်ပိုင်းတွင် ကျွန်ုပ် bank account ထဲမှ ပိုက်ဆံထွက်သွားပြီဖြစ်သဖြင့် မမလေး ကို လှမ်းမတ်စိပို့။ သူက သမီးအကောင့်ထဲတော့ ဝင်မလာသေးဘူး။ ဒါပေမယ့် ရပါတယ်။ ထုတ်ပေးလိုက်ပါမယ် ဆိုသဖြင့် သက်မကြီး ချရတော့၏။ အောင်မငီး - တော်ဘာဒေးရက်စ်
မိတ်ဆွေတို့ သင်ခန်းစာယူရန် ရေးပြလိုက်ရပါကြောင်း။ ဖူးစ်
စင်ကာပူနှင့်စာလျင် KL သည်လည်း အတော်လေး စုတ်သောမြို့ဖြစ်၏။ သစ်လွင်သောအဆောက်အဦများပင် ရှိသော်လည်း အဆောက်အဦဟောင်းများကို ပြန်လည် ပြုပြင်ထားခြင်းမရှိ။ အချို့တိုက်ဟောင်းများမှာ ရန်ကုန်က ကျွန်ုပ်တို့ ပြည်ရိပ်မွန် အိမ်ယာမှ တိုက်များကဲ့သို့ ဖြစ်၏။
ပလက်ဖောင်းပေါ်တွင် ရေမီတာများကို သည်အတိုင်း ၄-၅-၆ ခု စုတပ်ထား၏။ ရေပိုက် ပြေးထားပုံများမှာလည်း စနစ်တကျ မဟုတ်မူ၍ ရန်ကုန်က ရေပိုက်များလိုပင် ဖြစ်ကတတ်ဆန်း ပြေးထား၏။ လျှပ်စစ်မီတာပုံးများမှာလည်း ပွင့်နေသည်က ပွင့်၊ အဖုံးများ ပြုတ်သည်ကပြုတ်၊ ဓာတ်ကြိုးများမှာလည်း စာဘူးတောင်းသိုက်များကဲ့သို့ ဖြစ်၏။ နောက်ပြီးတော့ ဓာတ်ငွေ့အိုး ကြီးကိုလည်း လူအများသွားလာနေသည့် ပလက်ဖောင်းပေါ်တွင် ပိုက်များဆက်လျက် သည်အတိုင်းထောင်ထား၏။ Safety Officer အနေနှင့် စင်ကာပူတွင် အလုပ်လုပ်ခဲ့သော ကျွန်ုပ်အနေနှင့်မူ မြင်ရသည်များမှာ သိပ်အဆင်မပြေလှပါ။ အဲလေ - သူတို့အဖို့တော့ ဘာမှ အဆန်းတကြယ်ဟုတ်ဟန် မတူပါ။
နောက်နေ့ 09/11/2024 ၌ ဘာတုဂူ (Batu Caves) သို့ လာခဲ့ကြ၏။ ဟိုတယ်မှ ဘာတုသို့ Grab စီးရာ RM28.84 ပေးရ၏။ သား ၃ နှစ် သားအရွယ်က သည်နေရာကို တစ်ခေါက်ရောက်ခဲ့သေး၏။ ထိုစဉ်က သည်ဂူသို့အလာ တက္ကစီပေါ်မှအဆင်းတွင် ပိုက်ဆံအိတ် ကျပျောက်ခဲ့၍ အတော် ဒုက္ခများခဲ့သေး၏။
သည်ဂူကြီးကို ၂၀၀၆ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့၏။ ဂူရှေ့မှ မူရူဂန် ဟိန္ဒူစစ်နတ်ဘုရားရုပ်တုကြီးမှာ ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး မူရူဂန်ရုပ်တုကြီးဖြစ်လျက် ၄၂.၇ မီတာ မြင့်၏။ ၎င်းကိုတည်ဆောက်ရာတွင် မလေးရှားရင်းဂစ် ၂.၅ သန်း ကုန်ကျခဲ့ပြီး သံတန်ချိန် ၃၅၀ နှင့် ကွန်ကရိကုဗမီတာပေါင်း ၁၅၅၀၊ ရွှေမင် လီတာ ၃၀၀ သုံးခဲ့၏။
ရုပ်တုကြီးပတ်ဝန်းကျင်တွင် ဟိန္ဒူဘုရားကျောင်းများလည်း ရှိ၍ ဘုရားရှိခိုးသူ၊ ဆုတောင်းဝတ်ပြုသူများနှင့် စည်ကားလျက် ရှိ၏။ ဘုရားကျောင်းများမှ အနုပညာလက်ရာများသည်လည်း လက်ရာမြောက်လှပါပေသည်။
ကိုမောင်မောင်မြင့်ကလှမ်းဖုန်းဆက်ပြီး ဖိနပ်များကို သတိထားရန်လိုကြောင်း၊ ယမန်နှစ်က ဆရာမကြီး၏ မိတ်ဆွေ သည်ဂူသို့လာရာတွင် ကားအစီးလိုက် ပျောက်ခဲ့ဖူးကြောင်း၊ ဖိနပ်ပျောက်ခဲ့သည့် သာဓကများလည်းရှိကြောင်း၊ အထူးသဖြင့် ဖိနပ်အကောင်းစားများကို ခိုးတတ်ကြောင်း ပြောပြ၏။ ဘုရားကျောင်းထဲသို့ ဖိနပ်စီးဝင်ခွင့်မပြု။ ဖိနပ်များကို အပြင်တွင် ချွတ်ခဲ့ရ၏။ သူပြောတာနှင့် ကျွန်ုပ်တို့လည်း ဘုရားကျောင်းထဲ အချိန်ဆွဲ မနေရဲဘဲ ကသုတ်ကရက်ဝင်၊ ကသုတ်ကရက်ပင် ပြန်ထွက်ခဲ့ရ၏။
ဂူပေါ်မတက်ခင် အုန်းရည်သောက်ကြ၏။ တစ်လုံးကို RM7 ပေးရ၍ စလုံးဈေးနှင့် အတူတူပင် ဖြစ်၏။ အုန်းရည်မှာလည်း သောက်လို့ကောင်းပါဘိ။ ကျွန်ုပ်တို့ အုန်းရည်ကို ဇိမ်ဆွဲသောက်နေကြစဉ် ကုလားသိုက် ကျားဝင်ကိုက်သကဲ့သို့ ဆူညံ ပွက်လောရိုက်လျက် တရုတ်အဖွားကြီးတစ်သိုက် ဆိုင်ထဲဝင်လာလေ၏။ မြန်မာလိုပြောသံကြားလို့ ကြည့်လိုက်တော့ တရုတ်အဖွားကြီးနှစ်ဦး မြန်မာစကားပြောနေတာ တွေ့၏။ သူတို့ညွှန်းတာနှင့်ပင် မဟေသီလည်း ကျွန်ုပ်ဖို့ ဈေးကြီးသော ကော်ဖီတစ်ဘူး ဝယ်ခဲ့လေ၏။
နောက်တော့ ဂူကြီးပေါ် တက်ခဲ့ကြ၏။
တောင်တက်လမ်းတလျှောက် တက်သူများနှင့် စည်ကားလှသလို မျောက်များကိုလည်း တွေ့ရ၏။ အတက်လမ်းမှာ စောက်လည်းစောက်၏။ ကိုင်စရာ လက်တန်းလည်းမရှိ။ လှေကားနံမှာ အုတ်တံတိုင်းဖြစ်၍ ကိုင်လို့ အဆင်မပြေ။ လှေကားထစ်များမှာလည်း non-slippery လှေကားထစ်မဟုတ်မူ၍ ချော်ကျနိုင်၏။ ကျွန်ုပ်က သားကို သူ့အမေလက်ကို မလွှတ်တမ်းဆွဲထားဘို့ သတိပေးရ၏။ ကျွန်ုပ်မူကား ဟိုရိုက်ဒီရိုက် ဓာတ်ပုံရိုက်ခြင်းဖြင့် အလုပ်ရှုပ်သတည်း။
ဂူကြီးမှာ အမိုးပွင့်ဂူကြီးဖြစ်၏။ အချိန်ကာလက တိုက်စားထားသည့် ဂူနံရံကျောက်သားများမှာလည်း စိတ်ဝင်စားစရာ ဖြစ်၏။ ဂူထဲ၌ပင် ဟိန္ဒူဘုရားကျောင်းတစ်ခုနှင့် ရုပ်တုအတော်များများလည်း ရှိ၏။ လာရောက်လည်ပတ်သူ အတော်များ၏။ ကြက်ဖတိန်ညင်များကိုလည်း ဘေးမဲ့ပေး လွှတ်ထားတာတွေ့ရ၏။
အတန်ကြာ လှည့်ပတ်ကြည့်ရှုပြီး ပြန်ဆင်းခဲ့ကြ၏။ နေမှာ ခြစ်ခြစ်တောက် ပူလှ၏။
သားက အမှတ်တရပစ္စည်းဝယ်ရအောင်ဆိုပြီး ဆိုင်များဘက် လှည့်လည်ကြည့်လေသော် ကျွန်ုပ်လည်း အတော် ရင်ထိတ်လေသော ဟူ၏။ အနို့ - အမှတ်တရပစ္စည်းဆိုသည်မှာ အင်မတန် ဈေးကြီးသော ပစ္စည်းများ မဟုတ်ပါလော။ နောက်ပြီးသူက မိန်းကလေးလို ဖန်စီပစ္စည်းကလေးများကို အင်တန် သဘောကျသူ ဖြစ်၏။ ကျွန်ုပ်လည်း မိတ်ဆွေများကို လက်ဆောင်ပေးရန် အလွန်လှသည့် ကျောက်စီဒေါင်းရုပ်ကလေး ဝယ်ခဲ့၏။
နေ့လယ်စာကို သားက ဒီဆိုင်တွေမှာ မစားချင်ဆို၍ အနား၌ ဆိုင်များရှိလေမလား လိုက်ရှာ၏။ တစ်ဆိုင်မှ မတွေ့။ ထိုဝင်းထဲမှထွက်၍ ကားလမ်းမကြီးတလျှောက် အတော်ဝေးဝေးသို့ နေပူကျဲကျဲထဲ၌ လိုက်ရှာသော်လည်း တစ်ဆိုင်မှ မတွေ့။ နောက်ဆုံးမတော့ Grab ခေါ်ပြီး Giant Mall သို့ လာခဲ့ရသတည်း။
ညနေပိုင်းတွင် အနီး၌ရှိသော မလေးရှား၏ အိုက်ကွန်ဖြစ်သည့် တွင်တာဝါကြီးသို့ လာခဲ့ကြ၏။ မျှော်စင်ကြီး၏ အနီးအနား၌ လှည့်လည်ကြည့်ကြ။ အထဲမှ ဆိုင်များကို လျှောက်ကြည့်ကြပြီး ညစာ စားကြ၏။ ထို့နောက် မျှော်စင်ပေါ် တက်ကြမည်ဟု လက်မှတ်ဈေး ကြည့်လိုက်တော့ အောင်မငီး၊ တစ်ယောက်ကို ၁၀၀၊ ၃ ယောက်ဆိုတော့ ၃၀၀။ သားနှင့်ကျွန်ုပ်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိ။
ထို့နောက် သားနှင့် ကျွန်ုပ်တို့ တွင်တာဝါတက်မည့်အရေး ဒစ်စ်ကပ်စ် လုပ်ကြ၏။ “What’s the purpose to climb the twin tower?” “Just see the view from high loh?” “We have lots of places to go high with zero dollar.” “Then choose not to go.” အဲသဟာနှင့် တာဝါပေါ် မတက်တော့ဘဲ ဟိုဟိုသည်သည် ထပ်လျှောက်လည်ကြ ပတ်ကြ၏။
ပြန်တော့ ကျွန်ုပ်က ရထား ၂ ဘူတာစီးပြီးသွားရမည် ဆို၏။ သားက တစ်ဘူတာပဲစီးဘို့လိုတယ်၊ သူ့နောက်လိုက်ခဲ့ဟု ဆို၏။ ကျွန်ုပ် ၂ ဘူတာက သိပ်လျှောက်စရာမလို။ သူ့တစ်ဘူတာက အဝေးကြီး လျှောက်ရ၏။ လမ်းတွင် ဟင်းသီး ဟင်းရွက်၊ အသားငါးများရောင်းသော လမ်းဘေးဈေးဆိုင်များ၊ ထမင်းဆိုင်များကို တန်းစီလျက် တွေ့ရ၏။ တစ်နေရာတွင် ထီးကလေးနှင့် မြေပဲနှင့် ပြောင်းဖူးများကို ပြုတ်ရောင်းနေရာ စားချင့်စဖွယ်ဖြစ်၏။ မေရီးလည်း ကျွန်ုပ်ဘို့ ပြောင်းဖူးပြုတ် တစ်ဖူး ဝယ်ခဲ့လေ၏။ သူတို့ဈေးရောင်းနေကြသည်မှာ တကယ့်ကို ရန်ကုန်ကအတိုင်း ဖြစ်၏။
နောက်နေ့တွင် ပထမ အနုပညာပြတိုက်သို့ လာခဲ့၏။ စိတ်ဝင်စားစရာ ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုရုပ်များ၊ installation များ တွေ့ရ၏။
ရှေးရှေးက သူတို့ပုံများမှာ မြန်မာနိုင်ငံက ချင်းလူမျိုးများပုံစံ ဖြစ်၏။ အဝတ်အစား၊ မျက်နှာ၊ ကိုယ်ဟန် အားလုံးတူ၏။ အမျိုးသမီးများမှာ ထဘီရင်လျားနှင့် ဖြစ်၏။ အချို့ပန်းချီကားများမှာ ရှေးဟောင်းစင်ကာပူအိမ်ပုံနှင့် လူနေမှုပုံစံများ ဖြစ်၏။ များသောအားဖြင့် ၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းနှစ်များက ပုံများ ဖြစ်၏။ ရာမ၊ လက္ခဏ၊ သီတာ၊ ဟနုမာန်၊ ဒဿဂီရိ စသည့်ပုံများနှင့် ရာမဇာတ်ကို ခင်းကျင်းပြထားတာလည်း ပါ၏။
အနုပညာပြတိုက်တွင် ပြသထားသည်များမှာ အတော်များပါသည်။ ရှေးယခင်က သူတို့၏ လူနေမှုဘဝကိုလည်း သရုပ်ဖော် ထား၏။ အသုံးအဆောင်ပစ္စည်း၊ တောင်း၊ ပလုံး၊ ခြင်းတောင်း၊ ဓားလှံ လက်နက်မျိုးစုံ အားလုံးမှာ မြန်မာတို့ အသုံး အဆောင်များအတိုင်း ဖြစ်၏။ ယက္ကန်းစင်၊ ချား၊ ရစ်လုံးစသည်တို့မှာလည်း မြန်မာယက္ကန်းစင်များအတိုင်းပင် ဖြစ်၏။ ဘာမှမကွဲပြား။ သူတို့လည်း သင်ဖြူးဖျာသုံး၏။
ပုံသဏ္ဍာန်အနည်းငယ် ကွာသွားသည်မှအပ တူရိယာပစ္စည်းများမှာလည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် အားလုံး မြန်မာတို့နှင့် အတူတူလိုပင် ဖြစ်၏။ ဗုံ၊ ဒိုးပတ်၊ အိုးစည်၊ ပတ္တလား၊ ဘင်ဂျို၊ ပုလွေတိုရှည်အမျိုးမျိုး၊ စည်းနှင့်ဝါး၊ မောင်း အကြီးအသေး၊ နှဲ စသည်တို့မှာ မြန်မာတူရိယာများနှင့် အသွင်တူ၏။ ဓာတ်ပုံတစ်ခုထဲတွင် အမျိုးသမီးတစ်ဦး ပုလွေကို နှာခေါင်းနှင့် မှုတ်နေပုံကို တွေ့ရပါသည်။
ငါးဖမ်းကိရိယာများဖြစ်သော မြှုံး၊ ခရာ၊ ယက်သဲ့စသည်တို့မှာလည်း ဆင်တူ၏။ သစ်တုံးကို အလုံးလိုက်ထွင်းထားသည့် လုံးထွင်းလှေကလေးများကိုလည်း တွေ့ရ၏။ ရှေးဟောင်းအိမ်ကလေးနှင့် အိမ်ရှေ့တွင် အမျိုးသမီးတစ်ဦး ဓနိပျစ်နေသည် မှာလည်း မြန်မာတို့ ဓနိပျစ်သည်နှင့် အလားတူပင် ဖြစ်၏။ အရှေ့တောင်အာရှနိုင်ငံများမှ ကျွန်ုပ်တို့သည် အစဦးပိုင်းက မျိုးနွယ်စုကြီး တစ်ခုမှ ဆင်းသက်ခဲ့ကြသော ဆွေမျိုးများ ဖြစ်ပါလိမ့်မည်။
ထို့နောက် အမျိုးသားပြတိုက်ကို ဆက်ခဲ့ကြ၏။ အနုပညာပြတိုက်နှင့် အမျိုးသားပြတိုက်မှာ သိပ်မဝေးလှပါ။
အမျိုးသားပြတိုက်တွင်မူ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ ပိုများ၏။ ရှေးခေတ်လူတို့ နေပုံထိုင်ပုံ၊ ဦးခေါင်းပုံ၊ မြေအိုးမြေခွက်၊ ကျောက်အိုးကျောက်ခွက်၊ ကျောက်လက်နက်၊ ကြေးလက်နက်များ၊ ဒတ်ချ်တို့ ခေတ်က ဓား၊ သေနတ်၊ အမြောက်၊ ဒူးလေး၊ လှံ၊ ဒိုင်း၊ လွှား၊ ကာစသည့် လက်နက်ကိရိယာများ၊ ရှေးဘုရင်တို့၏ အခမ်းအနား၊ အသုံးအဆောင်များ၊ လှေကြီး၊ မီးခွက်၊ လက်နှိပ်စက်၊ ကွန်မြူနစ်စစ်သား၊ ရာထူးအလိုက်ဆောင်းသည့် ဦးထုပ်များ၊ အမျိုးသား၊ အမျိုးသမီးတို့ ဝတ်ပုံစားပုံ။
ကျွန်ုပ်တို့လည်း စေ့စေ့စပ်စပ် တဝကြီးကြည့်ခဲ့ကြ၏။ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ညနေပိုင်းတွင် ကျွန်ုပ်လိုချင်သည့် MacBook Charger သွားဝယ်ကြ၏။ (စကားမစပ် ပြောရလျှင် ကျွန်ုပ်၏ MacBook Air ကလေးမှာ သား P3 ကတည်းက ဝယ်ထားတာဖြစ်၍ ၇ နှစ်ရှိပြီ။ ဘာဆို ဘာတစ်ခုမှ မဖြစ်။ သုံးလို့ ကောင်းလှ၏။ သို့သော် ပြဿနာက Charger ဖြစ်၏။ Charger နာမည်မှာ MagSafe2 ဖြစ်၏။ Original charger မှာ ၅ နှစ်လောက် သုံးရ၏။ ထို့နောက် မီးမဝင်တော့၊ အားသွင်းလို့မရတော့။
ပထမ ကျွန်ုပ်က MacBook ၏ အားသွင်းစနစ် ပျက်သည်ထင်၏။ သားကတော့ charger ပျက်တာဖြစ်မည် ပြော၏။ ထို့ကြောင့် Jurong East မှ service centre ကို သွားပြတော့ charger ပျက်တာဟု ပြော၏။ သို့သော် စက်က မော်ဒယ် အောက်နေပြီမို့ Apple Store များတွင် ဝယ်လို့မရတော့။ သူတို့က Simlin Square တွင် သွားဝယ်ဘို့ပြော၏။ နောက် ဝယ်သည့် charger များမှာ သိပ်မခံ တစ်နှစ်၊ တစ်နှစ်ကျော်လောက်သာ ခံ၏။ ဆိုတော့ ဘယ်အချိန် ပျက်မည်မှန်း မသိနိုင် သည့် charger များအတွက် ကျွန်ုပ်မှာ အသစ်တစ်လုံး အမြဲ အပိုဆောင်ထားရလေသော ဟူသတတ်။
သို့အတွက် မလေးရှားရောက်ခိုက် charger ဝယ်ရန် စိတ်ကူးတာဖြစ်၏။
ပထမ ကောင်တာရှေ့က ကုလားလေးက အူလည်လည်လုပ်နေ၏။ ခဏနေတော့ တရုတ်သူဌေးရောက်လာသည်။ သူနှင့်မှ အဆင်ပြေသွား၏။ (ဝန်ထမ်းဆိုတော့ ဝန်ထမ်းစိတ်ပဲရှိတာ သိသာလှပါသည်။) Charger က မလေးရင်းဂစ် ၉၉.၅၀ (စလုံး ၃၀) ပဲရှိ၏။ စင်ကာပူက Simlin Square ၌ဝယ်လျှင် ၆၀ ပေးရသည် ဆိုတော့ ထက်ဝက်သက်သာ၏။
သားက မေရီးရဲ့ဖုန်းကလည်း သိပ်မကောင်းတော့ဘူး။ အသစ်တစ်လုံးဝယ်ပေးလိုက်ပါ ဆိုသဖြင့် ကိုင်း၊ ချလကွ ဟု ခွင့်ပေးလိုက်ရ၏။ နောက်ပြီး သူကလည်း ဝယ်သေး၏။ ပေါင်းလိုက်တော့ RM ထွက်သွား၏။
နောက်တော့ ပါတိတ်ဆိုင်သို့ လာခဲ့ကြ၏။ ဆိုင်က မိန်းကလေးများမှာ မြန်မာပြည်က ဖြစ်၍ တစ်ဦးက ချင်း၊ တစ်ဦးက ကချင်အမျိုးသမီးလေးများ ဖြစ်၏။ သားက ကျွန်ုပ်အတွက် ပါတိတ်ရှပ်အင်္ကျီလက်တို့ ၂ ထည် ရွေးပေး၏။ သူ့ဘို့လည်း ၃ - ၄ ထည်ရွေး၏။ ဆိုင်ကမိန်းကလေးက အဲဒါ အမျိုးသမီးဝတ်တွေ ဆိုတော့ ဘာပြန်ပြောတယ်မှတ်သတုံးခည။ I don’t care. ဟူ၏။ မေရီးလည်း ဝယ်၏။ ကျွန်ုပ်ပါတိတ်အင်္ကျီကပင် တစ်ထည်ကို ၁၀၀ ပေးရ၏။ ဆိုတော့ စုစုပေါင်း RM586 ထွက်လေသတည်း။
ပါတိတ်ပြီးတော့ သားက သူအမြဲစီးနေကျ Vans Off The Wall ဖိနပ် ဝယ်မည်ဆို၏။ သူ့ဘာသာသူ ဆိုင်ကို Google map မှ ရှာပြီးသွား၏။ ကျွန်ုပ်တို့လည်း ယောင်တောင်ပေါင်တောင်နှင့် သူ့နောက်က လိုက်ရ၏။ ဆိုင်က Pavilion ၌ရှိ၏။ ပထမ ပါဗီလီယန် အဆောက်အဦကြီးထဲ ဝင်သွား၏။ အပေါ်တက်၏။ အောက်ဆင်း၏။ ဟိုဘက်သွား၏။ ညာဘက်ကွေ့၏။ အပေါ်ပြန်တက်၏။ အောက်ပြန်ဆင်းပြန်၏။
နောက်တော့ ထိုအဆောက်အဦကြီးထဲမှ အပြင်ထွက်သွားကာ ကားပါကင်တွေ ဘာတွေထဲ ပတ်သွား၏။ နောက် အဆောက်အဦထဲ ပြန်ဝင်လာပြန်၏။ တက်ပြန်၏။ ကွေ့ပြန်၏။
ကျွန်ုပ်မှာ နောက်က တကောက်ကောက်လိုက်နေရသည့် ကိုမောင်မောင်မြင့်ကို အားနာလာ၏။ လူကြီးတွေကို ဘယ်တွေ ပတ်ခေါ်နေတာလဲ ဟု သူ့အမေက ပွစိပွစိလုပ်၏။ သူက ရှေ့ကသုတ်ချေတင်လေရာ ကျွန်ုပ်တို့မှာ သူ့ကိုမီအောင် မနည်း ဒရွတ်ဆွဲလိုက်နေရလေ၏။ နောက်ဆုံးကျမှ Vans Pavilion ဆိုသောဆိုင်ကြီးကို တွေ့လေသတည်း။ ကျွန်ုပ်လည်း လျှာ တစ်တောင်လောက် ထွက်လေ၏။
(မနေ့က Google map ကို ယုံကိုးမိ၍ အိန္ဒိယအမျိုးသား လူငယ်သုံးဦး ဆောက်လက်စ တံတားပေါ်မှ ကားအစင်းလိုက် ပြုတ်ကျသေသည့် သတင်းကို ဖတ်ရလေရာ စိတ်မကောင်း ဖြစ်မိသေး၏။)
ဆိုင်ရောက်ပြန်တော့ သူကြိုက်သည့် အရောင်နှင့်ဒီဇိုင်းကို တော်တော်နှင့် မတွေ့နိုင်။ သူလိုချင်သည့် ဒီဇိုင်းကျတော့ တော်သည့် size က မရှိ။ ကျွန်ုပ်တို့လည်း စိတ်ရှည်လက်ရှည် သည်းညည်းခံစောင့်ရ၏။ ဖိနပ် အရံ ၂၀ လောက်ရွေးပြီး နောက်ဆုံးကျမှ တစ်ခုကို ယူ၏။ RM194 ပေးရ၏။ ကျွန်ုပ်စိတ်ထင် သူ့ဖိနပ်ကိစ္စနှင့်ပင် ၂ နာရီကျော်ကြာမည် ထင်ပါသည်။ အနို့ သားပေကိုး။ တခြားသူသာ ဆိုရင်တော့လားခွာ။ ညှင်း ညှင်း ညှင်းစ်။
လျှောက်ရတာနှင့် အတော် ပန်းသွားသော်လည်း သူလိုချင်သည့်ဖိနပ်ရသည့်အတွက်မူ ဝမ်းသာရပါ၏။
နောက်နေ့မနက်တွင် မနက်စာစားပြီး ငွေလဲထားသည့်ဆိုင်၌ ပိုက်ဆံသွားယူ။ နောက်ပြီး ပီနန်သွားမည့် ကားဂိတ်သို့ လာခဲ့ကြ၏။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၉ နိုဝင်ဘာ၊ ၂၀၂၄
No comments:
Post a Comment