Wednesday, December 11, 2024

ကျွန်ုပ်တို့မိသားစု မလေးရှားသို့ အလည်သွားကြခြင်း အကြောင်း (၇)

၂၊ ၇၊ ၃။ Kek Lok Si Temple

 

စားသောက်ပြီး သားကို ကိုင်း ကိုယ့်လူ၊ ဘယ်ကိုခရီးဆက်ကြမတုံး ဆိုတော့ အခုက ဘုန်းကြီးကျောင်းတွေ ရောက်ပြီးပြီ ဆိုတော့ နောက်ဘုန်းကြီးကျောင်းတစ်ခု ခရီးဆက်တာပေါ့ ဆို၏။ ဆိုတော့ မလေးရှားက အထင်ကရ Kek Lok Si Temple သို့ လာခဲ့ကြ၏။ သူတို့အပြောအရ အရှေ့တောင်အာရှမှာ အကြီးဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဖြစ်သည် ဆို၏။ (ဝီကီတွင်တော့ မလေးရှားမှာ အကြီးဆုံးဟု ဖော်ပြထား၏။) အတော်လည်း ကြီးပါသည်။ တောင်ပေါ်၌ တည်ထားတာ ဖြစ်ပြီး Penang Hill နှင့် သိပ်မဝေးလှ။ အဲလေ သူလည်း ပီနန်တောင်ပေါ်မှာ တည်ထားတာပါပဲ။ သို့သော် Penang Hill ဆိုသည်မှာ နိုင်ငံခြားခရီးသွားများအတွက် အထူးတည်ဆောက် ပြုပြင်ထားသည့်နေရာ ဖြစ်၏။ 

 

ဤတွင် ကျွန်ုပ်သဘောကျသည်မှာ ပန်းပုလက်ရာများ ဖြစ်၏။ တရုတ်တို့သည် စာပေ၊ အနုပညာ၊ ပန်းချီပန်းပုတို့၌ အတော် ထူးချွန်ထက်မြက်သူများ ဖြစ်၏။ ဤနေရာ၌တွေ့ရသော ပန်းပုရုပ်များမှာ အင်္ဂတေကိုင်ပြီး လုပ်ထားတာလား။ သဲကျောက်ကို ထုထားတာလား။ ကျွန်ုပ်မသိပါ။ သို့သော် ကွမ်ယင်မယ်တော်အနီး၌ မပြီးသေးသည့် ပန်းပုရုပ်များ ထုလုပ် နေသည်ကို ကြည့်ခြင်းဖြင့် အင်္ဂတေကို ပုံဖော်ထုလုပ်သည်ဟု ခန့်မှန်းရပါသည်။ သို့တိုင် အချို့ရုပ်တုများမှာ စကျင်ကျောက် ကို ထုလုပ်ထားတာ ဖြစ်၏။ ကျွန်ုပ်စိတ်ထဲ၌ ဘုရားကျောင်းထဲ လျှောက်လည်သည်ထက် ပန်းချီပန်းပု ပြခန်းထဲ လျှောက် လည်နေသည်ဟုပင် ခံစားမိလေ၏။ 

 

ဤတွင် စကားစပ်မိလို့ ပြောရလျှင် မြန်မာပြည် ဘုရားကျောင်းကန်များမှ​ ပန်းပုလက်ရာများမှာမူ အတော့်ကို ချာတူးလန် လှ၏။ ဘုရားစူးရပါစေ့ လူမည်ကာမတ္တမျှ ထုလုပ်ထားတာ ဖြစ်၏။ အုန်းသီးလိုဟာတစ်ခုလုပ် နှာခေါင်းနေရာမှာ နည်းနည်း ဖု၊ မျက်လုံးနေရာမှာ နည်းနည်းချိုင့်၊ ကကြီးနှင့် ယပက်လက်ကို အထက်အောက်ဆင့်ပြီး ပါးစပ်လုပ်။ လက်နှင့် ခြေထောက်နေရာမှာ ဝါးလုံးပိုင်းနှစ်ခုကိုဆက်လိုက်လျှင်ပင် လူဖြစ်တော့၏။ ချောင်းသာက ရေသူမရုပ်တဲ့။ တကယ့်ကို ဘုရားစူးရပါစေ့ ရေသူမ ဖြစ်၏။ ဘုရားပုံများလည်း ကြည့်လိုက်အုံး။ ဘယ်လိုမှ အချိုးအဆစ်မပြေ။ အဲလေ မပြောတာ ကောင်းပါတယ်။

 

ထို့နောက် ကွမ်ယင်မယ်တော်ရှိရာ တောင်ပေါ်သို့ တက်ခဲ့ကြ၏။

တောင်ပေါ်သို့ inclined lift ဖြင့် တက်ရ၏။ Lift ခ တစ်ယောက် RM6 ဖြစ်၏။ Inclined lift idea မှာ သဘောကျစရာ ကောင်း၏။ ဤဆင်ခြေလျှောဓာတ်လှေကားမှာ မနေ့ကမှ စိတ်ကူးပေါက်ပြီး ထလုပ်တာမဟုတ်။ ၁၉၂၃ ခုနှစ် ကတည်းက စတင်ဆောက်လုပ် မောင်းနှင်ခဲ့တာ ဖြစ်၏။ တောင်စောင်းအတိုင်း ရထားသံလမ်းခင်းပြီး ထိုအပေါ်တွင် ဓာတ်လှေကား အိမ်တင်လျက် အပေါ်ကနေ မော်တာနှင့် ဆွဲတင်တာ ဖြစ်၏။ မိုက်ချက်။ 

 

အဲလေ လှေကားအိမ်ကြီးကို စောင်းပြီး တင်ထားတာဆိုတော့ လူတွေလည်း စောင်းလိုက်ရမှာပေါ့စ်နော် လို့လည်း အတွေးမတိမ်ကြပါနှင့်။ ကမ္ဘာကြီး ၂၃.၅ ဒီဂရီစောင်းတာနဲ့ပဲ လူတွေလည်း ၂၃.၅ ဒီဂရီလိုက်စောင်းစရာမလိုဘဲ ကမ္ဘာ မြေမျက်နှာပြင်ပေါ်၌ တည့်တည့် မတ်တပ်ရပ်နိုင်သလို ဖြစ်သည်ဟု မှတ်ထားကြပါ။ (ခညားတို့ ပြောရတာလည်း မောစ်ပါ့။)

 

ပေ ၁၂၀ (၃၆.၅၇ မီတာ) မြင့်သော ကွမ်ယင်မယ်တော် ရုပ်တုကြီးမှာလည်း အချိုးအစားကျန လှပပါ၏။ ရုပ်တုကြီး ထုလုပ်ကိုးကွယ်ရန် ပထမဦးဆုံး စိတ်ကူးရသည်မှာ ကက်လောက်စီကျောင်းတော်၏ ၄ ဆက်မြောက် ဘုန်းတော်ကြီး အရှင် ဘေရှန်း ဖြစ်၏။ ထိုမှ ၁၂ နှစ်အကြာ ၁၉၈၆ တွင် ကွမ်ရင်မယ်တော်ရုပ်တုကို ဖိုက်ဘာဂလပ်စ်ဖြင့် ထုလုပ်ခဲ့၏။ သို့သော် ပီနန်ရာသီဥတုနှင့် မကိုက်ညီရကား ၃ နှစ်အကြာတွင် ယိုယွင်းလာခဲ့၏။ ထို့ကြောင့် နောက် ၃ နှစ်အကြာတွင် ပိုမိုခိုင်ခံ့သော ကြေးဝါဖြင့် စတင်သွန်းလောင်းခဲ့၏။ တည်ဆောက်ချိန် ၉ နှစ်ကြာခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့၏။ ကွမ်ယင် မယ်တော် ဘေးတစ်ဖက်တစ်ချက်၌ ဓမ္မကိုစောင့်ရှောက်မည့် ဟန် နှင့် ဟာ လူစွမ်းကောင်းကြီးနှစ်ယောက် ရုပ်တုကြီး များလည်း ထုလုပ်ထားရှိ၏။ ပုံမြင်ရတာနှင့်ပင် အတော်ဖြုံလောက်၏။

 

ကွမ်ရင်မယ်တော် ရင်ပြင်ပေါ်နှင့် အနီးတဝိုက်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေ၏။

ရပ်တော်မူဘုရားများထည့်မည့် အခန်းများစွာပါသည့် နံရံတစ်ခုတွင် အချို့ အခန်းများ၌ ဆင်းတုတော်များ ထည့်ထားပြီး အခန်းများစွာပင် လွတ်နေသေး၏။ အနီး၌ အရွယ်တူ ရပ်တော်မူ ဆင်းတုတော်များမှာ ဟိုကြည့်သည်ကြည့် ကြည့်လျက်၊ တစ်ပါးနှင့်တစ်ပါး အလ္လာပ သလ္လာပပြောလျက်၊ အချို့လည်း ဘုရားဖူးလာသူတွေကို ဘယ်ဒေသကများ လာကြပါလိမ့် ဟု စူးစမ်းလျက် တွေ့ရ၏။ ထိုဆင်းတုတော်များသည်လည်း အခွင့်မရသေး၍ လိုဏ်များအတွင်း ထည့်သွင်းခံရဘို့ရာ နေပူ မိုးရွာထဲ၌ သည်းညည်းခံ စောင့်ဆိုင်းနေကြရရှာတာ ဖြစ်၏။ အဲလေ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြီးများတောင် ပါရမီ ဖြည့်ခဲ့ မင့်ဟာ၊ ဒီလောက်ကတော့ အပျော့ပေါ့ဟူသည့် မျက်နှာများနှင့် ဆင်းတုတော်များမှာ ခပ်ပြုံးပြုံးပင် ဖြစ်ပါ၏။ 

 

လမ်းနံဘေး၌လည်း ကြိုးများနှင့် စည်းထားသည့် သမင်ရုပ်ကလေးများ၊ ဟိုနားဒီနား လဲနေသည့် ဝက်ရုပ် ခွေးရုပ် ကလေးများတွေ့ရလေရာ ၎င်းတို့မှာလည်း တည်ဆောက်ဆဲဟူသည့် သင်္ကေတကို ပြနေ၏။

 

ကျောင်းဝင်းတစ်ခုလုံး နေရာများစွာ၌ပင် အကြီး အလတ် အငယ် ပိစိညှောက်တောက် အရွယ်စုံ မြတ်စွာဘုရား ဆင်းတုတော်များမှာ အတော့်ကို များ၏။ အဓိကအားဖြင့် ၇ ထပ်အဆောက်အုံထဲမှ ဗုဒ္ဓရုပ်ပွားတော် တစ်သောင်း ဖြစ်၏။ ဘုရားတစ်သောင်းမှာ မဟာယာနဗုဒ္ဓဘာသာ အယူအဆ ဖြစ်၏။ အဲလေ မြန်မာပြည်မှာလည်း ဗောဓိတစ်ထောင် ရှိပါ၏။ 

 

နေရာတိုင်း၌ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ ဖွင့်ထားလျက် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော လှလှပပ ချစ်စရာ အရုပ်ကလေးများကို ပြသရောင်းချလျက် ရှိ၏။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဆင်းတုတော် ပန်းချီပန်းပု၊ အခြား အနုပညာပစ္စည်းများကို ကျောက်၊ သစ်သား၊ ဖျင်စ၊ ဖယောင်း၊ ပလတ်စတစ် စသည့် ပစ္စည်းမျိုးစုံ။ အကြီး၊ အလတ်၊ အသေး အရွယ်မျိုးစုံ၊ အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံရှိ၏။ ဈေးနှုန်းမှာလည်း RM1.00 တန် ပို့စကတ်မှ RM4800 – 5000 တန်လောက် ဆင်းတုတော်ကြီးများထိ ရှိ၏။ တရုတ်ဖြစ်သဖြင့် ဘုရားအားလုံးလိုလိုမှာ တရုတ်ဗုဒ္ဓဘာသာ ဘုရားပုံများဖြစ်၏။ သို့သော် မြန်မာပြည်မှ စကျင်ဆင်းတုတော်နှင့် အောင်ခြင်း (၈) ပါး ပန်းချီကားများလည်း အနည်းအကျဉ်း တွေ့ရ၏။ ထိုဆိုင်များက ရသည့် အမြတ်ငွေများကို ဤကျောင်းတော်ကြီး ဆောက်လုပ်ရာ၌ အသုံးပြုမည် ဆို၏။ 

 

တောင်ပေါ်က ပြန်ဆင်းလာတော့ ကျွန်ုပ်က ကားဆရာကို မေးကြည့်၏။

‘အနို့ - နင်တို့ကွမ်ယင်မယ်တော်က အခုထိ ဆောက်လို့မပြီးသေးဘူးလားကွာ’ ဆိုတော့ သူက -

‘This construction, never end lah.’ ဟု ဖြေလေ၏။





























 ၂၊ ၇၊ ၄။ Street Art 

 

ညဘက်တွင် ကျွန်ုပ်တို့ ပီနန်မှ နာမည်ကြီး Street Art ကို သွားကြည့်ကြ၏။ တခြားမြို့များတွင် မတွေ့နိုင်သည့် ပီနန်မှ Street Art သည်လည်း ချစ်စရာဖြစ်၏။ Street Art က ဒီနားတင်ရှိတယ်ဟု သားကပြော၍ ကျွန်ုပ်တို့လည်း လမ်းလျှောက်ကာ ထွက်ခဲ့ကြ၏။

 

Street Art ဆိုတာ လမ်းတစ်ခုတည်းပေါ်မှာသာ ရှိတာမဟုတ်။ အနီးအနားရှိ လမ်းများပေါ်မှာ တိုက်အိမ်နံရံများ၊ ဝင်းတံတိုင်းနံရံများ၊ အိမ်ရှေ့မျက်နှာစာ၊ တံခါး စသည်တို့ပေါ်၌ အလျဉ်းသင့်သလို ရေးဆွဲထားတာ ဖြစ်၏။ တချို့ပုံများ ဆိုလျှင် ကိုယ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ကာ ဓာတ်ပုံရိုက်လို့ရ၏။ ဥပမာ - ကောင်မလေးတစ်ယောက်က တိုက်အိမ် ပြတင်းပေါက်ဝက ထွက်ကာ လက်လှမ်းနေသည့်ပုံ ဆွဲထားလျှင် ကိုယ်က ထိုကလေးမ၏ လက်ကို လှမ်းဆွဲနေပုံ ဓာတ်ပုံ ရိုက်နိုင်၏။ အချို့နေရာများတွင် တကယ့်စက်ဘီး၊ ဆိုင်ကယ်များ ထားပေး၍ ကိုယ်က ထိုစက်ဘီးဆိုင်ကယ်ပေါ် ထိုင်လျက် ဓာတ်ပုံရိုက်နိုင်၏။

 

Street Art က ပန်းချီဆွဲလိုလျင် မည်သည့် ခန်းခန်းနားနား စတူဒီယို၊ အဆောင်အယောင်၊ ပန်းချီပစ္စည်းမှ မလို။ သင်ဆွဲချင် သပဆို နေရာမရွေးဆွဲလို့ရကြောင်း သက်သေပြလျက် ရှိ၏။ (အဲလေ စင်ကာပူမှာသာ အဲသလို နံရံတွေပေါ် ဂရပ်ဖစ်တီ ရေးလျင် ဗင်ဒါလစ်ဇင်ဥပဒေနှင့် အရေးယူခံရမည်ဖြစ်၏။) 

 

နံရံဆိုတာတောင် ပြောင်ချောနေသည့် နံရံပေါ်တွင် သေသေချာချာ ground colour ချယ်ပြီး ဆွဲထားတာ မဟုတ်။ အုတ်များပေါ်နေသည့်နံရံ၊ အင်္ဂတေများ ကွာကျနေသည့် နံရံ၊ ရေညှိတက်နေသည့် နံရံ၊ နံရံသုတ်ဆေးများ ပျက်နေသည့်နံရံ စသည်ဖြင့်ဖြစ်၏။ ဤကဲ့သို့ တကယ့်အရှိအတိုင်း နံရံများ ပေါ်၌ ဆွဲခြင်းကိုက ပုံကို ပိုပြီး လက်တွေ့အတိုင်းဖြစ်စေ၊ အသက်ဝင်စေ၊ လှုပ်ရှားစေ၏။ 

 

ဆိုင်ကယ်စီးနေသည့်ပုံဆိုလျင် မသုံးတော့ပြီဖြစ်သည့် ယိုယွင်းနေသော သစ်သားတံခါးကို ပိတ်ကာ ထိုတံခါးပေါ်၌ ဆွဲထားတာ ဖြစ်၏။ ဆိုင်ကယ်မှာလည်း တကယ့်ဆိုင်ကယ်ဖြစ်၏။ ဓာတ်ပုံရိုက်လိုသူများ ထိုဆိုင်ကယ်ပေါ်ထိုင်ကာ ရိုက်နိုင်လေ၏။ ပိုပြီးအသက်ဝင်စေသည်မှာ တံခါးနားမှ နံရံသည် အင်္ဂတေများ ကွာကျနေပြီး အုတ်များပေါ်နေခြင်း ဖြစ်၏။ (ကျွန်ုပ်တို့တိုင်းပြည်မှ မဟာပြင်ညာရှင်များ ဆိုလျှင် ထို အစုတ်အပြတ်များကို အကုန် ပလာစတာအသစ်ပြန်ကိုင်ကာ ရွှေချပစ် (ဟုတ်ပေါင် ဘုရားတွေနဲ့ရောကုန်ပြီ) မှာ မြင်ယောင်မိပါသေး၏။) ကျွန်ုပ်အလိုအရမူ street art ကို (သွသူ ကွန်စက်ကျူရယ် အာ့ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်) ငှက်ပျောသီးကို တိပ်ကပ်ထားတာထက် အများကြီး ပိုကြိုက်၏။ အနို့ ကျွန်ုပ်က ထွေလီကာလီတွေ တွေးတတ်သူမဟုတ်။ ခပ်တုံးတုံး ငအ၊ ငတုံးတစ်ဦးသာ ဖြစ်သောကြောင့်တည်း။ 

 

ပန်းချီဆွဲသည့် မီဒီယာမှာလည်း အမျိုးပေါင်းစုံလှ၏။ ပိုစတာ ကာလာလည်းပါ၏။ မှုတ်ဆေး (Spray paint) နှင့် Air brush ကိုလည်း သုံး၏။ ဤတွင် တစ်ကြောင်းဆွဲ ပုံလေးများကို တွေ့ရပါလိမ့်မည်။ ဤပုံများမှာ ပုံဆွဲထားတာမဟုတ်။ သံချောင်း များကို ကွေး၊ တစ်ခုနှင့်တစ်ခု ဂဟေဆော်၊ ဆေးအနက်သုတ် ပုံဖော်ပြီး နံရံတွင် သံမှိုစွဲထားတာ ဖြစ်၏။ ဤကာတွန်းပုံ လေးများမှာလည်း ချစ်စရာ ကောင်းပါသည်။ ကျွန်ုပ်က အဲသလိုပုံလေးများကို ဆွဲလေ့ဆွဲထရှိရာ ကျွန်ုပ်အဖို့ အင်မတန် သဘောခွေ့စရာ ဖြစ်တော့၏။ ပုံတင်မဟုတ်။ ရေးထားသည့် စာများကိုပါ သံနှင့်ကွေးပြီး ပုံဖော်ထား၏။

 

လမ်းကြားတစ်ခုတွင်မူ လမ်းတလျှောက် နံရံအပြည့် မီးသတ်သမားများကို ဂုဏ်ပြုရေးဆွဲထားတာ တွေ့ရ၏။ မီးသတ် သမားကြီးများ၏ ပုံတူများလည်း ပါ၏။ မီးသတ်သမားများသည် အများပြည်သူတို့၏ အိုးအိမ်များကို မီးဘေးမှ ကာကွယ် ပေးသူများဖြစ်၍ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါသောကြောင့် ထိုပုံများမှာလည်း သဘောကျစရာ ဖြစ်၏။

 

Street art မှာ ထိုတစ်နေရာတည်း မဟုတ်မူ၍ အခြားနေရာများ၌လည်း ဟိုတစ သည်တစ တွေ့မိပါ၏။ ဂျိုဟိုးတုံးက ကျွန်ုပ်တို့တည်းသည့် Double Tree ရှေ့ တိုက်ခန်းတွဲမှ အစွန်ဆုံးတိုက်ခန်းနံရံတွင် လူသုံးဦးပုံကို ပန်းချီဆွဲထားတာ တွေ့ခဲ့ရ၏။ မလက္ကာမှာလည်း တွေ့ခဲ့ရ၏။ ဂရပ်ဖစ်တီများမှာမူ ခြံစည်းရိုးတံတိုင်းနံရံများ၌ အနှံ့အပြား တွေ့ရ၏။ (ထိုင်း ကို အလည်သွားစဉ်ကလည်း တွေ့ရ၏။ ရန်ကုန်နှင့်အဆက်ပြတ်တာ ကြာပြီဆိုတော့ ရန်ကုန်မှာလည်း ဂရပ်ဖတီများ ဆွဲမဆွဲ မမှတ်မိတော့ပါ။

 

Street art အကြောင်းကိုသာ အသေးစိတ်ရေးရလျှင် ဆောင်းပါးရှည်ကြီးတစ်ခု ဖြစ်သွားပါလိမ့်မည်။ သို့သော် မလေးရှား ခရီးစဉ်အကြောင်း ရေးတာ အတော်လည်း များလာပြီမို့ မိတ်ဆွေများလည်း အတော် ငြီးငွေ့လာပြီ ထင်ပါ၏။ သို့မို့ကြောင့် street art ကို မြင်ခဲ့ရသလောက်သာ သရုပ်ဖော်လိုက်ရပါတော့၏။

 

Street art များကြောင့်ပင်လျင် ပီနန်သည် ပို၍ ချစ်စရာ ကောင်းနေပေတော့၏။

 

ညကျတော့ ပါစာမာလမ် ညဈေးသွားကာ စားကြသောက်ကြ၏။ ညဈေးမှာလည်း ကျွန်ုပ်တို့၏ 1.5 star ဟော်စ်တယ် နားမှာပင် ဖြစ်၍ လမ်းလျှောက်သွားကြ၏။ ညဈေးက စားသောက်ဆိုင်မှာလည်း အကုန် မြန်မာမကလေးများချည်း ဖြစ်၏။ မေးကြည့်တော့ သူက ချင်းပြည်နယ်က၊ သမီးက စစ်ကိုင်းဘက်က၊ သူကဘယ်ဘက်က စသဖြင့် ပြန်ဖြေကြ၏။ ဆိုတော့ ကျွန်ုပ်တို့လည်း ကိုယ်စားချင်တာ သူတို့ကို မှာလိုက်တော့ အဆင်ပြေသွား၏။

 

စားသောက်ပြီးတော့ အချိုတည်းရအောင် ဆိုကာ လျှောက်ကြည့်။ ဒူးရင်းသီးဆိုင်တွေ့တော့ ဒူးရင်းသီးစားကြမယ်ဟေ့ ဆိုကာ ဆိုင်ထဲဝင်ကြ၏။ ညဈေး၌ ညစာကို အဝအပြဲစားကြပြီးသည့်နောက် အချိုတည်းရအောင် လျှောက်ကြည့်တော့ မလှမ်းမကမ်းမှာ ဒူးရင်းသီးဆိုင် တွေ့၏။ ကျွန်ုပ်တို့ သားအမိ၊ သားအဖသုံးဦးစလုံးမှာ ဒူးရင်းသီးကြိုက်သူများဖြစ်ကြသဖြင့် တိုင်ပင်နေစရာပင် မလိုဘဲ ဆိုင်ထဲသို့ဝင်ကြ၏။ သားက သူ့စိတ်ကြိုက် သွားမှာ၏။ 

 

ဒူးရင်းသီးရောက်လာလို့ ခွဲထားတာ လှပ်ကြည့်လိုက်တော့ . . . . ဝို့စ် . . . 

ကောင်းလိုက်တဲ့အမွှာကြီးတွေခင်ဗျာ။ သည့်ကလောက် အသားထူပြီး အမွှာကြီးသည့် ဒူးရင်းသီးမျိုး ကျွန်ုပ်တစ်သက် တစ်ခါမှ​ မစားခဲ့ရစဖူး။ စားကြည့်လိုက်တော့ . . . 

အဘားလေး . . . ကျွန်ုပ်မှာ ငယ်ရည်းစားနာမည်တောင် မေ့သွား၏။ (အဟုတ်၊ နာမည်မေ့သွားတာ ၃ ရက်လောက် ပြန်စဉ်းစားယူရတယ်၊ ဟိစ်)

 

ကျွန်ုပ်တို့လည်း ပလတ်စတစ်လက်အိတ်များစွပ်ကာ သားအမိ၊ သားအဖသုံးယောက်သား ပယ်ပယ်နယ်နယ် အားရပါးရ အသားကုန် စားကြလေသော ဟူ၏။ ဒူးရင်းသီးက အမွှာကလည်းကြီး၊ အသားကလည်းထူ၊ စားလို့အရသာကလည်းရှိ။ 

 

ဒူးရင်းသီးက စားကောင်းသကွာ။ ဒါနဲ့ သား ဒီအသီး ဘယ်လောက်ပေးရသလဲ ဆိုတော့ အောင်မငီးစ် . . . 

 

“အဲဒါ Black Thorn Durian လို့ခေါ်တယ်။ ဈေးအကြီးဆုံးဒူးရင်းသီးတွေထဲမှာ ပါတယ်။ တစ်ကီလိုကို RM106. သား ဝယ်လာတာ 1.5 kg ဆိုတော့ RM160 ပေးရတယ် ဆို၏။ ကျွန်ုပ်မှာ စားပြီးသားဒူးရင်းသီးတွေ လည်ချောင်းထဲ ပြန်တက် လာလို့ မနည်း ပြန်မျိုချလိုက်ရလေသော ဟူသတတ်။ (သားမို့ဝယ်လာတာ၊ ကျုပ်သာဆို ပန်လန်လက်ပြီးပြန်ခဲ့မှာ။)

 

ကျွန်ုပ်အဖို့မူ လူမှန်းသိတတ်ပါပြီ ဆိုကတည်းက စားခဲ့ရသည့် အစားအသောက်များထဲ၌ ဤဒူးရင်းသီးမှာ ဈေးအကြီးဆုံး အစားအစာပင် ဖြစ်တော့၏။ RM160 မှာ မြန်မာငွေနှင့် တစ်သိန်းခြောက်သောင်း ဖြစ်၏။

 

သို့သော်လည်း တခါတလေစားရတာ တန်သည်ဟုပင် ဆိုရပါမည်။






























 ၂၊ ၇၊ ၅။ Penang Hill

 

နောက်နေ့မနက်ကျတော့ ပီနန်တောင်ကို တက်ခဲ့ကြ၏။ 

ကမ္ဘာလှည့်ခရီးသည်များလည်း မနည်းလှပါ။ လက်ပံပင် ဆက်ရက်ကျသလို ကွိစိကွစိနှင့် ဆွေမျိုးပေါက်ဖော်များကိုလည်း အုပ်စုလိုက် တွေ့ရ၏။ 

ပီနန်တောင်ပေါ်ကို inclined lift ဖြင့် တက်ရ၏။ ဝင်ကြေး တစ်ယောက် ၃၀ ထင်ပါသည်။ 

တောင်စောင်းပေါ် ဓာတ်လှေကားဖြင့် တက်ရသည်မှာလည်း အတွေ့အကြုံတစ်မျိုး ဖြစ်ပါ၏။ (သည်ဓာတ်လှေကားမျိုးကို ကွမ်ယင်မယ်တော် တောင်၌လည်း ဆင်ထား၏။)

ယခုလက်ရှိ ဓာတ်လှေကားမှာ တတိယမျိုးဆက် ဖြစ်၏။ ပထမမျိုးဆက်မှာ ၁၉၂၃ မှ ၁၉၇၇ ထိ၊ ဒုတိယမျိုးဆက်မှာ ၁၉၇၇ မှ ၂၀၁၀ ထိဖြစ်ပြီး၊ တတိယမျိုးဆက်မှာ ၂၀၁၀ မှ ယခုထိ ဖြစ်၏။

 

တောင်တက်လမ်းတွင် မှန်ပြောင်းများ တန်းစီထားပေးရာ ၁ ရင်းဂစ်ထည့်လျက် ဂျော့တောင်းနှင့် ပီနန်ကို လှမ်းကြည့်နိုင် ၏။ ဘယ်နေရာကဖြင့် ဘာ ဆိုသည်ကိုလည်း land mark အမှတ်အသားများ ပြထားသေး၏။ အမြင့်ကနေပြီး ဟို့ အဝေးကို လှမ်းကြည့်ရတာလည်း အလွန်သဘောကျစရာ ကောင်းလှ၏။ တိုက်တာအိမ်ယာများကို အံစာတုံးကလေးများ ချထားသလို မြင်ရ၏။ တိမ်များဖုံးနေ၍ Butterworth တစ်ဘက်ကမ်းကိုမူ ကောင်းကောင်းမမြင်ရ။ ပီနန်နှင့် Butterworth ကို ဆက်ထားသည့် တံတားကြီးကိုလည်း ကြည့်နိုင်၏။

 

ထိုနေရာမှ​ဆက်တက်သွားလျှင် ဒိုင်နိုဆောအရုပ်ကြီးများနှင့်တကွ သွေးစုပ်ဖုတ်ကောင်ပြခန်းကို တွေ့ရမည်။ သူ့ ဇွမ်ဘီ ပြခန်းကလည်း ကြောက်စရာမကောင်းပဲ စိုထိုင်းထိုင်း ညှီစို့စို့နှင့် အတော်ရွံစရာ ကောင်းလှ၏။ လေကမသန့်။ အနံအသက် မကောင်း။ ကျွန်ုပ်တို့မှာ ခပ်သုတ်သုတ်လျှောက်လျက် အသက်အောင့်ကာ အပြင်ရောက်အောင် ဒရောသောပါး ပြန်ထွက်ခဲ့ရလေသော ဟူသတတ်။

 

လမ်းဘေးတွင် ဘာညာသာရကာရောင်းသည့် ဆိုင်တန်းကလေးရှိ၏။ ကယ်ရီကေးချားဆွဲနေသူများရှိ၏။ ကျွန်ုပ်လည်း အမှတ်တရ တစ်ပုံလောက်ပင် ဆွဲခဲ့ချင်သည့်တိုင် အချိန်မရှိဆိုသဖြင့် ဆက်တက်ခဲ့ရ၏။ အနို့ တန်းစီနေသူများကလည်း အများသားကလား။

 

ပီနန်တောင်ပေါ်၌ ဟိန္ဒူဘုရားကျောင်းနှင့် မွတ်စလင်ပလီတစ်ခုကို ဘေးချင်းကပ်လျက် ဆောက်ထားတာ တွေ့ရ၏။ ထို ဘုရားကျောင်းနှစ်ခုရှေ့ တောင်စောင်း၌ ဒုတိယကမ္ဘာစစ်အတွင်းက အမြောက်ကြီးတစ်ခု ပြသထား၏။ ကျွန်ုပ်တို့လည်း တက်လို့ရသမျှထိ တက်ပြီး ဆက်တက်လို့မရတော့သည့်နေရာကျမှ​ ပြန်လှည့်လာခဲ့ကြ၏။ တောင်ပေါ်၌ အိမ်တစ်လုံး ဆောက်ထား၏။ လူနေဘို့လားမသိ။ တံခါးပိတ်ထားပြီး ဝင်ခွင့်မပြု။

 

စိတ်ဝင်စားစရာကောင်းသည်မှာ UNESCO ဆုရ သစ်တောကြီးဖြစ်၏။ သစ်ပင်သစ်တောများ၊ သစ်တောထဲ၌နေသည့် ပျား၊ ပိတုံး၊ လိပ်ပြာ၊ ကင်းလိပ်ချော၊ ပုစဉ်း စသည့် အကောင်ပလောင်ကလေးများကို သဘာဝအတိုင်း ထိန်းသိမ်းထားနိုင်သည့် အတွက် ယူနက်စကိုက ဆုပေးထားဖြစ်ပါလိမ့်မည်။ ရင်ကွဲပုစဉ်းများ အသားကုန်အော်နေသည့် နေရာတွင် ပုစဉ်းအော်သံ ဟု ဆိုင်းဘုတ်တောင် တင်ပေးထားလိုက်ပါသေး။ နောက်ပြီးတော့ ဒီနေရာမှာ ဘယ်လိုအကောင်လေးတွေရှိတယ် စသဖြင့် ဆိုင်းဘုတ်များနှင့်လည်း ပြထားလိုက်ပါသေး၏။ တောငှက်ပျောပင်များ၊ ဆူးနိုင်းချင်းနှင့် ကြိမ်ပင်များကိုလည်း မကြာခဏ ဆိုသလို တွေ့ရ၏။

 

ဤတွင် ကျွန်ုပ်တစ်ခုသတိပြုမိသည်မှာ မြန်မာပြည်မှ သစ်ကြီးဝါးကြီးများဖြစ်သော ဝါးပိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ မျှင်ဝါး၊ ဝါးနက် စသည့်ဝါးပင်များ။ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊​ သစ်ဆိမ့်ပင်စသည့် သစ်ပင်ကြီးများကို မတွေ့ခဲ့ရခြင်း ဖြစ်၏။ ဝါးရုံကြီးများတွေ့သော်လည်း ဘာဝါးမှန်းမသိပါ။ အဲလေ သွားတယ်ဆိုတာကလည်း တောထဲကို တကယ်လျှောက်သွား ရတာမဟုတ်ဘဲ သူတို့ဖောက်ပေးထားသည့် လမ်းကလေးအတိုင်းပဲ သွားရတာ၊ အချိန်ကလည်း သိပ်မရဆိုတော့ မတွေ့တာ လည်း ဖြစ်နိုင်ပါ၏။ 

 

မလက္ကာရုက္ခဗေဒဥယျာဉ်ထဲ၌ ကျွန်းပင်လို အပင်ကလေးများတွေ့၍ သားကို ဟောသဟာ ကျွန်းပင်လို့ ခေါ်သကွ၊ ကျွန်းသားဟာ ရာသီဥတုဒဏ်ကို ခံနိုင်တယ်။ နေပူလို့ မိုးရွာလို့ ကျုံ့တယ် ပွတယ်ဆိုတာ မရှိဘူး။ ကမ္ဘာမှာ မြန်မာ့ကျွန်းဟာ အင်မတန် နာမည်ကြီးတယ်။ ဈေးကောင်းရတယ် blah blah blah နှင့် လေကြောရှည်ပြီးသကာလ အရွက်ကို နည်းနည်းဖဲ့ပြီး ချေကြည့်လိုက်တော့၊ ငင့် - ဘာရောင်မှမထွက်။ ကျွန်းပင်ဆိုပါက အရွက်ကိုယူပြီး ချေကြည့်လိုက်လျှင် သွေးရောင်ထွက်၏။ ချေစရာပင်မလိုပါ။ အရွက်ကို လက်နှင့်ပွတ်ကြည့်လိုက်လျင်ပင် အနီရောင် ထွက်ပါသည်။ သည်တော့မှ ကျွန်ုပ်လည်း ဇဝေဇဝါဖြစ်သွား၏။ ငမ် - အနီရောင်လည်းမထွက်ဘူးကွ။ ဆိုတော့ ဒါ ကျွန်းပင်ဆိုတာ မသေချာဘူး ဟု ပြန်ပြင်ရ လေသော ဟူသတတ်။ ယခွမ်းဒဲ့မှ

 

တောကြီးအလယ်တွင် လျှိုကိုဖြတ်ဖောက်ထားသည့် သံနှင့်လုပ်ထားသော တံတားကြီးကို တွေ့ရ၏။ အောက်တွင်တိုင်မရှိ။ 

 

ဆက်လျှောက်လာတော့ Curtis Crest Tree Top Walk ဆိုသည့်နေရာသို့ ရောက်၏။ 

သံတိုင်ကြီးများထောင်ကာ အပေါ်တွင် လူများလမ်းလျှောက်ရန် လျှောက်လမ်းကလေး လုပ်ပေးထား၏။ ထိုလျှောက်လမ်း ကလေးမှနေ၍ ပတ်ဝန်းကျင် ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်၏။ သားကတော့ တစ်ခေါက်နှင့်မဝ၍ နှစ်ကျော့ပြန် လျှောက်လေ၏။ တောကြီးအလယ်တွင် အမြင့်မှကြည့်နိုင်အောင် လုပ်ပေးထားရာ စိတ်ကူးကောင်းလှ၏။

 

ကျွန်ုပ်တို့ငယ်စဉ်က ပထဝီ၌ သင်ခဲ့ရသည့် အမြဲစိမ်းသစ်တော ဆိုသည်ကို ဤနေရာ၌ တွေ့ခဲ့ရ၏။ သစ်တောကြီးမှာ တကယ့်ကို စိမ်းစိမ်းစိုစို၊ ထွားထွားကျိုင်းကျိုင်းနှင့် သဘာဝအလျောက် ပွားချင်တိုင်းပွား၊ ကြီးချင်တိုင်းကြီးလျက် စည်ပင် ဖွံ့ဖြိုးနေလိုက်ကြသည်မှာ တကယ့်ကို အားရစရာကြီး ဖြစ်၏။ 

 

ဗမာပြည်၌​ မတွေ့နိုင်တော့ပြီဖြစ်သော အမြဲစိမ်းသစ်တောကြီးကို ဤတွင်တွေ့ရတော့ ကျွန်ုပ်မှာ ဟိုမြေနိုးတွေကို အသားကုန် ကျိန်ဆဲမိလေ၏။ ကျွန်ုပ်တို့တိုင်းပြည်မှ သစ်ပင်သစ်တောများကို အပြောင်ရှင်းခဲ့သည့် ထိုငမိုက်သားများသည် မည်သည့်အခါမှ မကျွတ်လွတ်နိုင်သည့်၊ မည်သည့်ဘုရားမှမချွတ်နိုင်သည့် ထာဝရငရဲ၌ ကျခံကြရပါစေကုန်သတည်း။

 

ကျွန်ုပ်တို့အသိ သစ်တောဘက်ဆိုင်ရာ အရာရှိတစ်ဦး၏ဇနီးသည်ဆိုလျှင် ထောင်တန်အထုပ်များကို ခေါင်းအုံးအောက်၌ ထိုးထည့်ထားလျက် ‘ပိုက်ဆံဆိုတာကလည်း သုံးလို့ပဲ ကုန်နိုင်တယ်မရှိဘူး’ ဟု ညည်းယူရသည်ထိ ဖြစ်သည်ဆို၏။ ဤသည်မှာ ပုံပြင်မဟုတ်။ သစ်တောအရာရှိ ဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းဖြစ်လျက် နိုင်ငံကပေးသည့် လခသာ ရရမည်။ သစ်တောအရာရှိ ဖြစ်တာနဲ့ပဲ ထိုပိုက်ဆံတွေ မည်ကဲ့သို့ အထုပ်လိုက်ဝင်လာရကြောင်း ဘုရားစူးရပါစေ့၊ အမှန်တကယ့်ကို ကျွန်ုပ် နားမလည်နိုင်။ ကျွန်ုပ်မှာ မျက်ရည်များပင် လည်မိ၏။ 

 

သားက ‘ဖေရီးရာ အဲဒီစိတ်မကောင်းစရာတွေ ပြောမနေပါနဲ့။ ဒီရောက်တုံး သဘာဝ အလှအပတွေ ခံစားကြပါစို့’ ဟု ဆို၏။

 

တောင်ပေါ်တွင်လည်း အမှတ်တရပစ္စည်းများရောင်းသည့်ဆိုင် ရှိ၏။ သစ်ပင်၊ ပန်းပင်များနှင့်ဆိုင်သော စာအုပ်များလည်း ရောင်း၏။ သားနှင့် သူ့အမေကတော့ ဘောင်းဘီ တစ်ယောက်တစ်ထည်စီ ဝယ်၏။ သည်မျှဈေးကြီးလှသည့် ဘောင်းဘီ များကို ဝယ်ယူသုံးစွဲဘို့ရာ ကျွန်ုပ် စိတ်မဝင်စားပါ။ အဆာပြေစားစရာဆိုင်လေး ရှိသည့်တိုင် ကော်ဖီမှာ ဈေးကြီးလှသဖြင့် ဝယ်မစားခဲ့။ နောက်ပြီး ဤနေရာမှာ ပီနန်တောင် အဆုံးဖြစ်၏။ ဆက်လည်စရာ နေရာမရှိတော့။  ခဏနေ အောက်ပြန် ဆင်းတော့မှ အောက်မှာစားကြမည်။ 

 

အောက်ပြန်ဆင်းဘို့ ဘတ်ဂီ (buggy) လေးစောင့်နေကြစဉ် အနီး၌ အဖြူတစ်ယောက်ကို အဖွားကြီးတစ်ယောက်နှင့်အတူ တွေ့ရ၏။ စောင့်နေရင်း သူက မင်းတို့ ဘယ်ကလာကြတာလဲ ဟု မေး၏။ ဌာနေကတော့ ဗမှားပြည်ပဲကွ။ ဒါပေမယ့် အခု စင်ကာပူမှာ နေနေတယ်ဆိုတော့ စင်ကာပူကလာတယ်လို့ ပြောလို့ရသပေါ့ကွာ ဆိုတော့ သူက ဝို့စ် - ငါလည်း စင်ကာပူက လာတာပဲကွ။ ဒါ ငါ့အမေ၊ အခုသူ ဂျာမန်ကနေ အလည်လာလို့ မလေးရှားလိုက်ပို့တာ ဆို၏။ နောက်တော့ သားနှင့်ဆက်ပြီး အလ္လာပ၊ သလ္လာပများ ပြောကြ၏။

 

ကျွန်ုပ်လည်း ဟိုနှိုက်သည်နှိုက်နှင့် ရှိသမျှအိတ် အကုန်နှိုက်ကြည့်တော့ ဟိုက်ရော - ဘတ်ဂီစီးရမည့် လက်မှတ်ကို ရှာမတွေ့။ အနားမှတစ်ယောက်က မင်းလက်မှတ်ထင်တယ်။ စီနီယာလို့ရေးထားလို့ ငါ ဟိုဆိုင်က ကောင်တာမှာ အပ်ခဲ့တယ် ဆို၏။ ကျွန်ုပ်ကား တကယ့် သောက်တလွဲဖြစ်၏။ ဆိုင်ကို တစ်ခေါက် အမောတကောပြန်ပြေးပြီး လက်မှတ် ယူရ၏။ တောင်တက်ဆိုတော့ မောထှာ၊ ကတောက်စ်။ လဂါးပါ၊ ဘတ်ဂီမောင်းသမားက လက်မှတ်တောင်းကြည့်တာ မဟုတ်။

 

နောက်တော့ ဆိုကြပါစို့။ တောင်အောက်ကို ပြန်ဆင်းခဲ့ကြ၏။ နေ့လယ်စာကိုတော့ မြို့ထဲပြန်ရောက်မှ စားကြမည်။











































ဆက်ပါဦးမည်။

 

အေးငြိမ်း

၁၉ နိုဝင်ဘာ၊ ၂၀၂၄

No comments: