Wednesday, December 11, 2024

ကျွန်ုပ်တို့မိသားစု မလေးရှားသို့ အလည်သွားကြခြင်း အကြောင်း (၆)

၂၊ ၆။ KL မှသည် ပီနန် သို့


KL မှ ပီနန်သို့အလာ ကားလမ်းနံဘေးတွင် တောင်ကိုဖဲ့ပြီး ကားလမ်းလုပ်ထားသည့် နေရာများ၌ တောင်ပြိုမကျစေရန် ကျောက်တုံးနံရံများဖြင့် ကာထားတာ တွေ့ရ၏။ ကျောက်နံရံလား၊ နဂိုကတည်းက ကျောက်တောင်လားဆိုတာတော့ ကျွန်ုပ် သေသေချာချာမသိပါ။ ကျောက်နံရံပေါ်တက်ရန် လှေကားများလည်း လုပ်ပေးထား၏။

 

နောက်ပြီး လမ်းအသုံးပြုခ ကောက်ခံရာဌာနများမှာလည်း သဘောကျစရာ ကောင်း၏။ သူတို့က Touch n Go ကတ် စနစ် သုံး၏။ ဘာမှ လုပ်စရာမလို။ တပ်ထားသည့် စက်ကလေးတွင် ကတ်ကလေး ပြလိုက်ရုံဖြစ်၏။ ကျွန်ုပ်ကြည့်တာ လူတောင် မတွေ့မိပါ။ (အဲလေ ကျော်တို့ ဗမှားပြည်မှာလည်း Touch n Go စနစ်ကို FB ၌ တွေ့ဖူးပါ၏။ ကျော်တို့ Touch n Go က ပိုတောင်လွယ်သေးသည်။ ဒလိုင်ဘာလက်နှင့် မော်တော်ပီကယ်လက် ထိလိုက်ရုံဖြစ်၏။ သွားစေ။ အဟိစ်)

အမှန်က ရထားစီးဖူးအောင် ပီနန်သို့ ရထားနှင့်သွားမည် ကြံထားတာဖြစ်၏။ သို့သော် ရထားလက်မှတ်ဝယ်တာ နောက်ကျ သွား၍ လက်မှတ်မရတော့သောကြောင့် အဝေးပြေး ဘတ်စ်ကားနှင့်ပင်လာခဲ့ရတာ ဖြစ်၏။ အဝေးပြေး တ်စ်ကားက ပီနန်တစ်ဖက်ကမ်း ButterWorth မြို့ကိုသာ ရောက်၏။ Butterworth မှ ပီနန်ကျွန်းကို မော်တော်ဘုတ် စီးရ၏။

 

KL မှ Butterworth ကို သုံးယောက်အတွက် RM148.46 ပေးရ၏။ KL မှ 12:30 pm ထွက်ခဲ့ရာ Butterworth သို့ 4:45 pm တွင် ရောက်၏။ မော်တော်ဂိတ်ကို မေးမြန်းပြီး ပီနန်ထွက်မည့် မော်တော်ဘုတ် လက်မှတ်ဝယ်။ တစ်ဦးလျှင် RM2 နှင့် ၃ ယောက်စာမှ RM6 သာ ရှိလေရာ အတော့်ကို သက်သာသည့် နှုန်းထားဖြစ်ပါ၏။ 

 

လှိုင်းကလေးများ တဖြတ်ဖြတ်နှင့် ပင်လယ်ကိုဖြတ်လျက် မော်တော်ဘုတ်စီးရတာလည်း အတွေ့အကြုံတစ်မျိုးဖြစ်၏။ လမ်းတွင် လဲကျပျက်စီးနေသည့် သင်္ဘောကြီးတစ်စီးကိုလည်း တွေ့ရ၏။ ဟို့ ခပ်ဝေးဝေးတွင် ပင်လယ်ကိုဖြတ်လျက် ပီနန်မှ ဘတ်တာဝို့သို့ ဆက်သွယ်ပေးထားသည့် ကားလမ်းကို တွေ့ရ၏။ သို့သော် ပီနန်မှ စင်ကာပူကို လေယာဉ်နှင့်ပြန်ရန် လက်မှတ်ဖြတ်ထားသည်ဖြစ်ရာ ထိုကားလမ်းကို ဖြတ်စီးဘို့ အခွင့် မကြုံတော့။

 

ပီနန်သို့သွားသည့် မော်တော်ဘုတ်က ဆိုင်ကယ်တွေပါ တင်လို့ရ၏။ လူတွေက တစ်ဖက်၊ ဆိုင်ကယ်တွေက တစ်ဖက် ဖြစ်၏။ မော်တော်ဆိုက်တော့ ဆိုင်ကယ်တွေ တဗျီးဗျီးနှင့် အရင်မောင်းဆင်းသွား၏။

 

Butterworth မှ ၅း၂၀ တွင်ထွက်ခဲ့ရာ ပီနန်သို့ ၅း၃၃ တွင် ရောက်၏။ 

 

၂၊ ၇။ ပီနန်

 

မလေးရှား၌ မြို့လေးမြို့ကို လျှောက်လည်ပတ်ကြရာတွင် ကျွန်ုပ်သဘောအကျဆုံးမှာ ပီနန်ဖြစ်၏။ ပီနန်ကား တကယ့်ကို နေချင်စရာ တောမြို့ကလေး ဖြစ်ဘိ၏။ သို့မို့ကြောင့်လည်း တိုးရစ်များလာရောက် လည်ပတ်ကြတာ ဖြစ်ပေမည်။

ပီနန်မြို့ထဲ လျှောက်သွားရတာ ၁၈ ရာစု မြို့ကလေးတစ်မြို့ထဲ လျှောက်သွားရသလို ခံစားရ၏။ ခေတ်မီတိုက်တာ၊ အသုံးအဆောင်၊ ယာဉ်ရထားတို့ကို ဖယ်လိုက်မည်ဆိုပါက ပီနန်သည် ပီဘိ ၁၈ ရာစု မြို့ကလေး ဖြစ်တော့၏။

 

ပီနန်တွင် ကျွန်ုပ်တို့ လည်ပတ်ခဲ့သည့်နေရာများမှာ -

၁။ ဓမ္မိကာရာမ မြန်မာဘုန်းကြီးကျောင်း

၂။ မြန်မာဘုန်းကြီးကျောင်း ရှေ့တည့်တည့်တွင်ရှိသော ထိုင်းဘုန်းကြီးကျောင်း

၃။ Kek Lok Si Temple

၄။ Street Art 

၅။ Penang Hill

၆။ Magic World

၇။ 3D Art 

၈။ Ghost Museum - တို့ဖြစ်၏။ အချိန်မရ၍ လည်ပတ်ရန် စာရင်းလုပ်ထားသည့် နေရာအားလုံးကို မလည်ခဲ့ရ။

 

ထိုနေရာများထဲမှ ကျွန်ုပ် သဘောအကျဆုံးနေရာကား Penang Hill ဖြစ်ပြီး ဒုတိယသဘောအကျဆုံးမှာ Street Art ဖြစ်၏။ အစားအသောက်များလည်း ကောင်း၏။ အနုပညာနှင့် ပတ်သက်၍ လုပ်ကိုင်ထားတာလေးတွေမှာလည်း သဘောကျစရာ ဖြစ်၏။ 

 

ကျွန်ုပ်ကား တကယ့် ၆တလွဲဖြစ်၏။ လာမည့် ၂၀၂၅ ခုနှစ် ဂင်းနစ်မှတ်တမ်းအတွက် ကမ္ဘာ့၆တလွဲအလုပ်ဆုံးလူသားဆုကို လျှောက်လိုက်ရလျှင် သေချာပေါက် ပထမဆု ချိတ်လောက်၏။ 

 

ဈေးပေါသည်ဆိုပြီး ကျွန်ုပ်က ပီနန်က ဟော်တယ်တစ်ခုကို ငှားခဲ့၏။ မော်တော်ဆိပ်ကနေ Grab ငှားလာပြီး Grab ဆရာက ဒီနေရာပဲဟု ချပေးလိုက်တော့ ငင့် - တစ်ခုခုလွဲနေပြီဟု သိလိုက်၏။ ဘယ်မတုံးကွဟော်တယ် ဆိုတော့ အဲဒီမှာရှာကြည့် ဆိုပြီး မောင်းထွက်သွားလေ၏။

 

သားရေ လုပ်ပါအုံးကွ၊ ငါတို့ စမ်းမသင်းတော့ ရောင်းနေပြီ ဆိုလို့ သားကကြည့်လိုက်တော့ ဖေရီးဟာက ဟော်တယ်မှ မဟုတ်ဘဲ။ ဟော်စတယ် (Hostel) ကြီးကိုး။ ဟောဒီအပေါ်ထပ်မှာ။ ဟော်တယ်မှန်း ဟော်စတယ်မှန်းလည်း မသိဘူး ဆို၏။ ဟိုက် ရှာလဘတ်စ် 

 

အဆောက်အအုံကလေးမှာ အတော်ဟောင်းနေပြီဖြစ်သော နှစ်ထပ် တိုက်ခန်းတွဲများ ဖြစ်၏။

အပေါ်တက်သွားတော့ တံခါးပိတ်ထား၏။ ကျွန်ုပ်က တံခါးကို ထုပြီး ဟဲလိုးစ် ဟု အကျယ်ကြီးအော်၏။ 

သားက ဖေရီးဖုန်းပေးဆိုပြီး email များ ဖွင့်ကြည့်၏။ 

 

ခဏနေတော့ ဖေရီးက email လည်း မဖတ်ဘူး၊​ ဒါက self check-in ဆိုပြီး သူ့ဘာသာသူ ပေးထားသည့် code နံပါတ်နှင့် ဖွင့် ဝင်လေ၏။ ကျွန်ုပ် email မဖတ်မဟုတ်။ ဖတ်ပါ၏။ သို့သော် သူ့ email က အရှည်ကြီးဖြစ်၏။ အစပိုင်းတွင် မည်သည့် အချိန်တွင် မည်ကဲ့သို့ check out လုပ်ရမည်။ သတ်မှတ်ထားသည့် အချိန်ထက် နောက်ကျပြီး check out လုပ်ပါက မည်သည့်နာရီအထိဆို မည်မျှ၊ မည်သည့်နာရီအထိဆို မည်မျှ စသည်ဖြင့်ရေးထားလေရာ ထိုအပိုင်းလောက်သာဖတ်ပြီး ကျန်တာတွေကို ထုံးစံအတိုင်း Terms and Conditions တွေပဲ ဆိုပြီး မဖတ်တာဖြစ်၏။ အမှန်က email ထဲတွင် Check-in ဝင်ပုံဝင်နည်းကို အသေးစိတ် ဖော်ပြထားတာ ဖြစ်၏။

 

လွဲချက်တော့။ ကတောက်စ်

 

ဟိုစ်တယ်က ၂ ထပ်နှင့် ၃ ထပ်တွင်ရှိ၏။ ၃ ထပ်တွင် ၇ ခန်းပါ၏။ အခန်းအားလုံးတော့ လူရှိပုံမပေါ်။ သို့သော် မစ္စတာ အဖြူ နှစ်ဖွဲ့ကိုလည်း တွေ့မိလေရာ တော်ဘာဒေးရက်၊ နာတစ်ယောက်ထဲ လွဲတာမဟုတ်ဘူးဟု ဖြေသာရာ ရပါသေး၏။

 

အိမ်သာ ၃ လုံးပါ၏။ ပထမတစ်လုံးမှာပဲ ရေချိုးရန်ပိုက်ခေါင်းက ရေအတန်ငယ်ထွက်ပြီး နောက်နှစ်ခန်းမှာ ကြောင်သေး ပေါက်သလောက်သာ လာ၏။ ရေချိုးလိုလျှင် ပထမအခန်းမှာ ချိုးကြရန် အားလုံးကို မှာရ၏။ နောက်ပြီး ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး ဘာတစ်ခုမှ မရှိ။ 

 

ဧည့်ခန်းလိုဟာမျိုးထဲတွင် (ဧည့်ခန်းမဟုတ်) ဘုံသုံးရန် ရေခဲသေတ္တာဆယ်ကျော်သက် တစ်လုံး၊ မိုက်ခရိုဝေ့တစ်လုံး၊ ရေပူရော ရေအေးပါ မထွက်သည့် Water cooler တစ်လုံး၊ ပန်းကန်ဆေး Basin တစ်ခုတို့ ထားပေးထား၏။ ဓာတ်လှေကား မရှိ။ ၃ ထပ်သို့ ၉၆၉၃နှင့် အတက်အဆင်း လုပ်ရ၏။ 

 

ပစ္စည်းများ ထားသိုပြီးနောက် ကျွန်ုပ်တို့အတွက်လိုအပ်သည်များဝယ်ရန် အနီးအနားသို့ လျှောက်ကြည့်ရာ MyDin Penang ဟူသည့် စတိုးဆိုင်ကြီး တစ်ဆိုင်တွေ့၍ အင်္ကျီချိတ်၊ ဆပ်ပြာ၊ ရေပုလင်းကြီး ၃ ပုလင်း ဝယ်ခဲ့၏။ အနားတွင်ပင် 7-11 ကဲ့သို့ ဆိုင်မျိုးလည်းရှိရာ ထိုဆိုင်မှ အသင့်စားစရာအချို့ ဝယ်ခဲ့၏။ ထိုဆိုင်ထဲတွင်ပင် International Cards Accepted ဆိုသည့် ATM စက်လည်း ရှိ၏။  

 



























 

 

၂၊ ၇၊ ၁။ ဓမ္မိကာရာမ မြန်မာဘုန်းကြီးကျောင်း

 

နောက်နေ့ကျတော့ မြန်မာဘုန်းကြီးကျောင်းကို ပထမဆုံးသွားရန် ရွေးကြ၏။ 

 

မနက်စာစားရန် နေရာကိုကြည့်တော့ အောင်မယ်၊ ကိုယ်တို့ ကြယ် <ဇီးရိုးပွိုင့်ဖိုက်ပွင့်> ဟော်တယ်ဘေးက လမ်းကြားလေး ထဲမှာ ရန်ကုန်က လမ်းကြားတွေမှာ ဖွင့်ထားသည့် လဖက်ရည်ဆိုင်လိုဟာမျိုးလေးတွေ့၏။ လူများလည်း စားသောက်နေ ကြ၏။ ကျွန်ုပ်တို့လည်း စိတ်ဝင်စားသည်နှင့် လွတ်နေသော စားပွဲခုံ၌ထိုင်ကာ လာချပေးသည့် မယ်နယူးစာရွက်ထဲက ပေါင်မုံ့မီးကင် ဘာညှပ်လဲမသိ၊ ကြက်ဥပြုတ်နှင့် ကော်ဖီ တစ်ယောက်တစ်ပွဲစီ မှာကြ၏။ 

 

အဲ့လယ် - တကယ့်ကို ဗမာပြည်က အစားအသောက်အတိုင်းပဲ ခင်ဗျာ။ ကျွန်ုပ်မှာ ကျွန်ုပ်တို့ ဗမာပြည်ကြီးကိုတောင် အတော်လေး လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်သွားမိလေသော ဟူ၏။ 

 

သူ့အရပ်နဲ့ သူ့ဇာတ်တော့ အဟုတ်ခင်ဗျ။ ဆိုင်က လမ်းကြားလေးထဲမှာ ဖွင့်ထားတာဆိုတော့ လူသွားလမ်းကို အလယ်က ထားပြီး စားပွဲများကို ဟိုဘက်ဒီဘက်ခွစီထားသောကြောင့် လူ သိပ်များများ မဆန့်။ တန်းစီပြီး ထိုင်ခုံစောင့်နေသည့် အနောက်နိုင်ငံသားများကိုလည်း တွေ့ရ၏။ 

 

စားသောက်ပြီး ဘုန်းကြီးကျောင်းကို လာခဲ့၏။

ကြားရက်မို့လားမသိ။ ဘုန်းကြီးကျောင်းမှာ လူသိပ်မတွေ့ရ။ ကျွန်ုပ်တို့လည်း ဘုရားကို ဦးချ။ အရေးထဲ မရွတ်တာကြာပြီ ဆိုတော့ ဘုရားရှိခိုးတောင် မေ့နေလို့ သူ့အမေကို ပါးစပ်ကရွတ်ခိုင်းပြီး သားရော ကျွန်ုပ်ပါ လိုက်ဆိုရ၏။ ယခွမ်း (အဲသလောက် ဘုရားတရားမြဲတာ၊ ဟိ)

 

ထို့နောက် ဧည့်သည့်များလာလျှင် ဧည့်ခံဘို့ (ထင်ပါရဲ့) အနီးတွင်ထိုင်နေသည့် ဘုန်းကြီးနှစ်ပါးကို ဦးချ။ အလ္လာပ သလ္လာပ စကားလေးပြော။ ဝတ္ထုငွေလေး ဘာလေးကပ်။

 

ကံကဆိုးချင်တော့ အနားတွင် ကျောက်စိမ်း၊ ကျောက်နီ၊ ကျောက်ပြာများဖြင့် ပြုလုပ်ထားသည့် လက်ကောက်၊ ဆွဲကြိုး၊ နားကပ် စသည်လေးများ ရောင်းနေသည့်ဆိုင်၊ သဲပန်းချီများ ရောင်းနေသည့်ဆိုင် နှစ်ဆိုင်ကို တွေ့လေ၏။ ကျွန်ုပ်သာ မွေးကတည်းက ဘာအလှအပ ပစ္စည်းမှမကြိုက်၊ ရွှေငွေလက်ဝတ်လက်စားကို နည်းနည်းလေးမှ စိတ်မဝင်စား၊ ရေမွှေးကို အလွန်မုန်း၊ ခေါင်းတောင်မှ တစ်နှစ်နေလို့ သုံးခါပြည့်အောင် မဖြီးတာ။ 

 

သားကျတော့ ကျွန်ုပ်နှင့် ပြောင်းပြန်။ သူက ဖန်စီပစ္စည်းလေးများကို အလွန်နှစ်သက်၏။ ဆိုတော့ ကျွန်ုပ်က ပန်းချီကားများ ကို ကြည့်၊ သူတို့သားအမိက လက်စွပ်၊ လက်ကောက်များရွေးဝယ်။

 

ပန်းချီကားများမှာ မင်းဝေအောင်၏ ကားများကို ကူးဆွဲထားမှန်း သိသာလှ၏။ အောင်မယ်၊ နောက်ပြီးတော့ သူပဲ ဆွဲထားသလိုလိုနှင့် အောက်တွင် လက်မှတ်ကလည်း ထိုးထားလိုက်သေး၏။ အရှက်ကလည်း နည်းပါ့။ 

 

ခဏနေတော့ လက်ဝတ်လက်စားများ ဝယ်ပြီး သားတို့ရောက်လာ၏။ သားကလည်း သိသည်။ ဒါ မင်းဝေအောင်ပုံတွေပဲ ဟု ဆို၏။ ဟုတ်မှလုပ်ပါ ငါ့လူရာ။ အောက်မှာထိုးထားတဲ့လက်မှတ်လည်း ကြည့်ပါအုံး ဆိုတော့ သူက အံ့ဩနေ၏။ ဘာပဲ ဖြစ်ဖြစ်၊ သူအမြဲပြောနေကျ support the local ဆိုပြီး တစ်ကားလျှင် RM150 နှင့် နှစ်ကားဝယ်ခဲ့၏။

 

ထို့နောက် ကျောင်းဝင်းထဲ လျှောက်ကြည့်၊ ဓမ္မာရုံများထဲဝင်၊ ဘုရားတွေ့လျင် ဘောက်ကနဲ ဘောက်ကနဲ ဦးချ။ အထပ်ရှိသမျှ အကုန်တက်။ ဘေးဘယ်ညာ ရှုခင်းများ မျှော်။ ဓာတ်ပုံတဖြတ်ဖြတ်ရိုက်။

 

ကျောင်းဆောင်ထဲ၌ ဘာအသင်း၊ ညာအသင်းဟု နာမည်များတပ်လျက် အခန်းများ တွေ့ရ၏။ ကထိန်သင်္ကန်း၊ ဝါဆိုသင်္ကန်း ကပ်ပွဲများ၌ ပြင်ဆင်နိုင်ရန် မိမိတို့ ပစ္စည်းပစ္စယများကို ထားရှိသည့်အခန်းများဟု ယူဆရပါသည်။ တခြားဒေသက လာသူများဆိုလျှင် သည်အခန်းထဲမှာ ညအိပ်လျှင်လည်း အိပ်လို့ရပါလိမ့်မည်။ 

 

ကျောင်းက အတော်လေးကျယ်၏။ အဆောက်အအုံများလည်း အတော်များ၏။ ပန်းချီပန်းပုလက်ရာများလည်း အတော် များများ တွေ့ရ၏။ ဘုရားတွင် အုန်းပွဲငှက်ပျောပွဲများ ကပ်ထားတာတွေ့လို့ အလှူရှင်များနာမည် ဖတ်ကြည့်လိုက်တော့ အာလာမာ့၊ အလှူရှင်များမှာ မြန်မာများမဟုတ်။ Chan Hua Chuan & Family ဆိုတော့ တရုတ်များ ဖြစ်၏။ သူတို့လည်း မြန်မာများကို အတုခိုးပြီး လိုက်လုပ်တာဖြစ်မည်။

 

၂၊ ၇၊ ၂။ ထိုင်းဘုန်းကြီးကျောင်း




























မြန်မာဘုန်းတော်ကြီးကျောင်းကို လှည့်ပတ်ကြည့်ရှုကြပြီးနောက် ထိုကျောင်းရှေ့တည့်တည့်၌ရှိသော ထိုင်း ဘုန်းကြီးကျောင်းသို့ လာခဲ့ကြ၏။ ထိုင်းဘုန်းကြီးကျောင်းမှာ မြန်မာဘုန်းကြီးကျောင်းလောက် ဧရိယာမကျယ်လှ။ အဆောက်အဦများလည်း သိပ် များများစားစားမရှိပါ။ သူတို့ဟာက ဘုန်းကြီးကျောင်းဆိုသည်ထက် ဘုရားကျောင်းဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။

 

ဘုရားရှေ့၌ ပန်းပုရုပ်များရှိရာ ထိုင်းဘုန်းကြီး ပန်းပုရုပ်၊ ထိုင်းဘုရင့်ရုပ်တုများလည်း တွေ့ရ၏။ မလေးဘုရင်နှင့် မိဖုရားပုံ တို့ကိုလည်း တွေ့ရ၏။ (မြန်မာဘုန်းကြီးကျောင်း၌ မတွေ့ခဲ့ရပါ။) ဤသည်မှာ မြန်မာနှင့် ထိုင်းတို့ ကွာခြားချက်ဖြစ်၏။

 

တစ်ခုထူးခြားသည်မှာ လျောင်းတော်မူ ဘုရားကြီးနောက်ဘက်နံရံများ၌ ဂူပေါက်ငယ်လေးများ လုပ်ထားလျက် သေဆုံးသူ များ၏ အရိုးပြာအိုးများကို ကမ္ဗည်းထိုး သိမ်းဆည်းထားခြင်း ဖြစ်၏။ အတော်များပါသည်။ နံရံ၌သာမက မြေအောက်ခန်း လုပ်ပြီးတော့လည်း ရာနှင့်ချီသော အရိုးပြာအိုးများ သိမ်းဆည်းထားသည်ကို တွေ့ရ၏။ ကောင်းသော အလေ့တစ်ခု ဖြစ်ပါ၏။

 

ဘုန်းကြီးကျောင်းများကို လှည့်လည်ကြည့်ရှုပြီးသည့်နောက် နေ့လယ်စာစားချိန်ရောက်ပြီဖြစ်၍ အနီးအနား လျှောက်ကြည့် ကြရာ တစ်ခုတည်းသော ထိုင်းစားသောက်ဆိုင်ကိုတွေ့ရှိ။ ၁ နာရီတီးရင် ပိတ်မယ် ဆိုပါလား။ အောင်မငီး။ ကျွန်ုပ်တို့ရောက် ချိန်မှာ ၁၂ ခွဲကျော်နေပြီဆိုတော့ ကျွန်ုပ်တို့သည်ပင် နောက်ဆုံး ဖောက်သည်များ ဖြစ်တော့၏။ အစားအသောက်များမှာ လည်း မဆိုးပါ။ ကျွန်ုပ်ကတော့ ထုံးစံအတိုင်း ထိုင်းတုံယမ်းစွပ်ကိုသာ မှာသောက်၏။ သားကတော့ သူကြိုက်တာ မှာစား၏။ အစားအသောက်ကိုလည်း ရွေးတတ်၏။ သူ့ နေ့လယ်စာမှာ ပေါင်မုန့်၊ အသားကင်၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ ခွေးပူ (ဟုတ်ပေါင်) Hotdog, နွားနို့လိုဟာမျိုးတစ်ခွက်။ ဟုတ် ဟုတ်သေးတော့။

 

ကျွန်ုပ်တို့လည်း စားသောက်ပြီး၊ သူလည်း ဆိုင်ပိတ်တော့၏။


ဆက်ပါဦးမည်။

 

အေးငြိမ်း

၁၉ နိုဝင်ဘာ၊ ၂၀၂၄

No comments: