Sunday, August 20, 2023

Singpass အကြောင်း သိကောင်းစရာ

(၁) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဒေါ်သှစ်ကြီး ဆီသို့

 

မြန်မာအစိုးရ ရုံးပြင်ကနားကိစ္စများကြုံလာရသည့်အခါတိုင်း ကျွန်ုပ် အလွန်စိတ်ပျက်မိလေ၏။

(ဟျောင့် - မင်းနှယ် ကြီးကျယ်နေလိုက်တာ၊ ငရို့ ဗမှားပြည်ထဲ နေတဲ့လူတွေဘို့လဲ ချန်ထားပါအုံးလကွ။)

 

၎င်းတို့သည် ၂၁ ရာစုကို ထက်ဝက်လောက် ရောက်လာသည့်တိုင် ၁၉ ရာစုက စနစ်များကို ဖက်တွယ်ထားဆဲ ဖြစ်လေ၏။ 

ရုံးပြင်ကနားကိစ္စ တစ်ခါပေါ်လေတိုင်း စာရွက်စာတမ်းတွေ တစ်ထပ်ကြီး တင်ရလေ၏။ 

 

လျှောက်လွှာ - ၃ စောင်။ ဓာတ်ပုံ ၄ ပုံ။

ကလေး pass မိတ္တူ - ၃ စောင်၊ ပတ်စ်ပို့မိတ္တူ - ၃ စောင်။

အဖေ pass မိတ္တူ - ၃ စောင်၊ ပတ်စ်ပို့မိတ္တူ - ၃ စောင်။ ပုံစံ ၇ - ၃ စောင်။

အမေ pass မိတ္တူ - ၃ စောင်၊ ပတ်စ်ပို့မိတ္တူ - ၃ စောင်။ ပုံစံ ၇ - ၃ စောင်။

ဝန်ခံကတိပြုလွှာ - ၁ စောင်




(အဲလေ ပိုက်ဆံကို ငွေစက္ကူကိုင်ပြီး ပေးရတာလည်း တဒွတ်ခ။

 

မေးခွန်း။           ။ စင်္ကာပူနိုင်ငံတွင် ငွေသားဖြင့်သာလက်ခံသည့် ထူးဆန်းသော အစိုးရဌာနတစ်ခုကို ဖော်ပြပါ။

အဖြေ။             ။ မြန်မာသံရုံး)

 

ကိစ္စတစ်ခုပေါ်လေတိုင်း တစ်ခါတင်ရသည်ဖြစ်ရာ အစိုးရဌာနများရှိ ကျွန်ုပ်၏ စာရွက်စာတမ်းများကိုသာ စစ်စစ် ပေါက်ပေါက် လိုက်စုလိုက်ရလျှင် တစ်မျိုးလျှင် စောင်ရေ ၁၀၀၀ ခန့် ရလောက်ပေမည်။ ၎င်းတို့သည် အဘယ်ကြောင့် အလုပ်ရှုပ်ခံကာ အနှီစာရွက်စာတမ်းများကို လိုက်လံစုဆောင်းနေမှန်း ကျွန်ုပ် နားမလည်ပါ။ အဲလေ နားတင်မဟုတ်။ တစ်ကိုယ်လုံးမလည်တာ ဖြစ်၏။

 

 

မှတ်ချက်။         

 

၁။ စင်ကာပူအစိုးရရုံးများတွင် ဘာကိစ္စ၊ ညာကိစ္စလျှောက်လွှာများတင်ရသည့်အခါ စာရွက်စာတမ်းများကို hard copy (စက္ကူဖြင့်ပုံနှိပ်ထားသည့် စာရွက်စာတမ်း) များ လက်မခံပါ။ စာရွက်စာတမ်းအားလုံးကို online မှ pdf ဖြင့် တင်ရ၏။

၂။ ဒဏ်ကြေးငွေများ အပါအဝင် စင်ကာပူအစိုးရရုံးများတွင် ဘာကိစ္စ၊ ညာကိစ္စများအတွက် ငွေပေးချေရန်လိုသည့်အခါ ငွေသားဖြင့် ပေးလို့မရ။ သက်ဆိုင်ရာဌာန၏ ဘဏ်စာရင်းထဲသို့ SAM Machine, online စသည်တို့မှ ပေးချေရ၏။ NTUC, Ever Safe သင်တန်းကျောင်းများတွင်လည်း သင်တန်းကြေးကို ငွေသားဖြင့် လက်မခံပါ။ ကျောင်း ဘဏ်ငွေစာရင်းထဲသို့ ထည့်ပေးရ၏။

 

 

(၂) Singpass

 

စင်ကာပူအစိုးရသည် အများပြည်သူတို့ အဆင်ပြေချောမွေ့စေရန် အစဉ်တစိုက် ကြိုးပမ်းနေသည်ဖြစ်ရာ ထိုအထဲမှ တစ်ခုမှာ Singpass ဖြစ်၏။



ယခုအခါ အစိုးရကိစ္စ အများစုကို ဒစ်ဂျစ်တယ်အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ်ရာ လုပ်ကိုင်ရ အဆင်ပြေစေရန် ၂၀၀၃ ခုနှစ်တွင် Singpass Apps ကို တီထွင်ပေးခဲ့၏။ Singpass ဖြင့် အစိုးရကိစ္စ အတော်များများကို ဆောင်ရွက်နိုင်၏။ (အစိုးရဌာနများသာမက အခြားဌာနများကလည်း Singpass ကို အသုံးပြုလာနေကြပြီဖြစ်ရာ သုံးစွဲသူများအဖို့ အတော့်ကို အဆင်ပြေလေသည်။ ဥပမာ - NUHS – National University Health System, OCBC Digital Banking စသည်တို့ကို Singpass ဖြင့် log in ဝင်လို့ရ၏။ သို့မို့ကြောင့် ထို apps များအတွက် သီးသန့် user name, password မှတ်နေစရာ မလိုတော့။)

 

Singpass ကို စိတ်ချစွာ အသုံးပြုနိုင်စေရန် နှစ်ထပ်လျှို့ဝှက်စနစ် (2FA – Two-Factor Authentification) ကို သုံးထား၏။ Singpass ကို ပထမဦးစွာ လျှို့ဝှက် ဂဏန်း ၆ လုံး (သို့) မျက်နှာ (သို့) လက်ဗွေ တစ်ခုခုဖြင့် ဖွင့်နိုင်၏။ နောက် ICA (လ.ဝ.က) ဌာနတစ်ခုခုကို ဝင်လိုပါက နောက်တစ်ခါထပ်၍ OTP phone message, မျက်နှာ (သို့) လက်ဗွေ ဖြင့် ထပ်ဝင်ရ၏။

 

အစောပိုင်းကာလများက Singpass ကို စင်ကာပူနိုင်ငံသားနှင့် အမြဲနေထိုင်ခွင့်ရသူ (PR) များ အတွက်သာ ထုတ်ပေးခဲ့ သော်လည်း ယခုအခါ စင်ကာပူတွင် နေထိုင်ခွင့်ရသူအားလုံး (ဝပ်ပါမစ်များ အပါအဝင်) Singpass လျှောက်လို့ ရနေပါပြီ။ 

 

Singpass ကို အောက်ပါ link မှ ကိုယ့်ဘာသာကိုယ် လျှောက်လို့ရ၏။ ဘာမှ မခဲယဉ်းပါ။

 

https://www.singpass.gov.sg/home/ui/register/instructions

 

နာမည်၊ စင်ကာပူနိုင်ငံသား နှင့် အမြဲနေထိုင်ခွင့်ရသူဖြစ်လျှင် NRIC, နိုင်ငံခြားသားဖြစ်ပါက FIN နံပါတ်တို့ကို ဖြည့်ပြီး လျှောက်နိုင်၏။

 

ကောင်တာသို့လာပြီး Singpass လျှောက်လိုသူများ အောက်ပါ စာရွက်စာတမ်းများ ယူလာရမည်။




မှတ်ချက်။       ။

၁။ Singpass လျှောက်ရာတွင် အထက်၌ ဖော်ပြထားသည့် စာရွက်စာတမ်းများမှအပ အခြား IPA, NRIC ပျောက်သွား ကြောင်း Police report, ez-link card, senior citizen card စသည်တို့ကို လက်မခံပါ။

၂။ PR များသည် Re-entry permit ကို ပရင့်ထုတ်ပြီး ၎င်းတို့၏ ပတ်စ်ပို့နှင့်အတူ ယူလာရမည်။

၃။ ဝပ်ပါမစ်သမားများသည် ဝပ်ပါမစ်ကတ်ရပြီး နောက်တနင်္လာနေ့မှ စ၍ Singpass လျှောက်ထားနိုင်သည်။

၄။ မိမိကိုယ်စားအခြားသူတစ်ယောက်ကို Singpass လျှောက်ခိုင်းခြင်း၊ မိမိက အခြားသူအတွက် Singpass လျှောက်ပေးခြင်းကို တင်းကြပ်စွာ တားမြစ်သည်။

 

Singpass သည် အမှန်တကယ်ပင် အသုံးတည့်လေ၏။

ပထမဆုံးတစ်ခုမှာ digital IC ဖြစ်၏။ 

စင်ကာပူတွင် နေထိုင်ခွင့်ကို IC ကတ်ဖြင့်ပေးထားသည်ဖြစ်ရာ ထို IC ကတ်ပျောက်သွားမှာ ကျွန်ုပ်သည် လွန်စွာ ကြောက်လေ၏။ မလေးရှားသွားတုံးက ပိုက်ဆံအိတ်ကို လူခိုးခံရသဖြင့် ပိုက်ဆံအိတ်ထဲရှိသမျှ IC ကတ်၊ ဘဏ်ကတ် အားလုံး ပျောက်သွားလေရာ တစ်ခါ ပြဿနာတက်ခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် ကျွန်ုပ်သည် မူရင်း IC ကတ်ကို သယ်သွားလေ့မရှိဘဲ ရောင်စုံမိတ္တူကူးကာ ပလတ်စတစ်လောင်းလျှက် ဆောင်ထား၏။

 

ယခုတော့ ဤပြဿနာ မရှိတော့ပြီ။ 

Singpass တွင် digital IC ရှိ၏။




ထို digital IC ကို နေရာတိုင်းလိုလို သုံးနိုင်၏။ ၂၀၂၁ နိုဝင်ဘာလမှစကာ ပိုလီကလစ်နစ်၌ ဆေးကုသမှုခံယူခြင်း၊ စာကြည့်တိုက်၌ စာအုပ်ငှားခြင်း၊ ဆေးခန်းများ၌ ဆရာဝန်ပြခြင်း၊ ပတ်စ်ပို့စာအုပ် ရွေးယူခြင်း၊ အိမ်ခန်းငှားခြင်း စသည်တို့ ၌ သုံးနိုင်၏။ (သို့သော် လက်ထပ်ခြင်း၊ ဘဏ်၊ စာမေးပွဲဖြေခြင်း စသည်တို့၌မူ မူရင်း IC ကတ်ပြရန် လိုပါသေး၏။)


အကယ်၍ သင့်ဖုန်းပျောက်သွားပါက (သို့) တစ်ယောက်ယောက်က ခိုးယူသွားပါက သင့် Singpass သည် အလိုအလျောက် ပျက် (deactivate) သွားပါလိမ့်မည်။

 

Singpass ကို နေရာတော်တော်များများတွင် အသုံးပြုနိုင်လေရာ အောက်တွင် အချို့ကို ဖော်ပြထား၏။ သို့သော် ဤသည်မှာ အသုံးပြု၍ရသည်များထဲမှ အနည်းငယ်မျှသာဖြစ်ပြီး အခြား သုံးလို့ရတာ များစွာ ကျန်ပါသေး၏။

 

§  MOM တွင် Safety Officer လိုင်စင်အပါအဝင် အခြားလိုင်စင်များ သက်တမ်းတိုးခြင်း၊ workpass ကိစ္စရပ်များ၊  အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကိစ္စများ စသည်

§  ပြည်တွင်းအခွန် (IRAS) website တွင် ဝင်ငွေခွန်ပေးဆောင်ရန် ပုံစံဖြည့်ခြင်း၊ မိမိအခွန်ဆောင်ထားသည့် စာရွက်ကို ပြန်ယူခြင်း စသည်

§  လ.ဝ.က (ICA) website တွင် short term, long term ဗီဇာလျှောက်ခြင်း၊ PR လျှောက်ခြင်း၊ PR လျှောက် ထားတာ စစ်ခြင်း၊ ဗီဇာစစ်ခြင်း၊ ခရီးသွားများအတွက် Arrival form တင်ခြင်း စသည်

§  မိန်းမယူဘို့ (ဟုတ်ပေါင်) လက်ထပ်ရန် မှတ်ပုံတင်ခြင်း (registration for marriage)

§  ကားလိုင်စင်လျှောက်ခြင်း

§  မိမိ CPF account တွင်းသို့ ပိုက်ဆံထည့်လိုက ထည်ခြင်း၊ ကိုယ့် CPF ပိုက်ဆံလေးတွေ ဘယ်လောက်စုမိပြီလဲ မိန်းမမသိအောင် တိတ်တိတ်ခိုးကြည့်ခြင်း (အဟိ)

§  ချွေးနှဲစာလေးတွေနဲ့ စုဆောင်းဝယ်ထားတဲ့ ကိုယ်အိမ် အချက်အလက်တွေ ကြည့်ခြင်း၊​ အိမ်ငှားတင်ခြင်း၊ အိမ်ငှားပြောင်းခြင်း စသည်

§  နောက်ပြီး သင်တန်းတက်ရန် register လုပ်သည့်အခါ ကိုယ့်နာမည်၊ IC No., မွေးနေ့၊ ဖုန်းနံပါတ်၊ email စသည့် များစွာသော အချက်အလက်များ ဖြည့်ရသည့်အတွက် ထိုအချက်များဖြည့်ရန် ပျင်းသူများအဖို့ Singpass လေးတစ်ချက်နှစ်ချက်လောက် နှိပ်ရုံနှင့် အားလုံး အလိုလိုဖြည့်ပြီး ဖြစ်လေသည်။ Wow Wow Wow

§  နောက်ပြီး ဆေးရုံဆေးခန်းပြဘို့ကိုလည်း သည် Singpass ကို သုံးနိုင်ပါသေး၏။ 

§  အဲလေ - ငါ့ ကာကွယ်ဆေးထိုးမှတ်တမ်းတွေ ဘယ်သွားထားမိပါလိမ့် ဟု ခေါင်းစားမနေပါနှင့်။ Singpass တွင် ရယူနိုင်၏။ 

§  ကျုပ် ဘာသင်တန်းတွေ တက်ပြီးပြီလဲ။ Singpass ကနေ My Skill Future ကို ဝင်ကြည့်နိုင်၏။

 

ကိုယ့် တကိုယ်ရည် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ Singpass က My Profile မှာ ကြည့်ပါ။

§  Documents

§  Personal

§  Finance

§  Vehicle & Driving Licence

§  Family

§  Education

§  Property

§  NS Benefits






၃။ Corppass (Singapore Corporate Access)

 

နောက်တစ်ခု -

Singpass က ပုဂ္ဂလိက၊ လူတစ်ဦးချင်းစီအတွက် လုပ်ပေးထားတာဖြစ်၏။ 

ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းတွေအတွက် Corppass ဟု သီးသန့်လုပ်ပေးထား၏။ Singpass ကို မသုံးရ။

စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ အစိုးရကိစ္စများ ဆောင်ရွက်ရန် (G2B – Government digital services for business) Corppass ကို ၂၀၂၁ ဧပြီလ ၁၁ ရက်နေ့က ဖွင့်ပေးခဲ့၏။​

 

အောက်ပါကိစ္စရပ်များအတွက် Corppass ကို သုံးရ၏။ (အချို့မျှသာဖြစ်ပြီး အားလုံးမပါ။)

§  MOM တွင် ဝပ်ပါမစ်လျှောက်ခြင်း၊ ပယ်ဖျက်ခြင်း၊ သက်တမ်းတိုးခြင်း၊ incident report လုပ်ခြင်း စသည့် ကိစ္စရပ်များ

§  Training centre များက TP Gateway တွင် သင်တန်းကိစ္စများ ဆောင်ရွက်သည့်အခါ

§  ကုမ္ပဏီက ဝန်ထမ်းများအတွက် CPF ကိစ္စများ ဆောင်ရွက်ခြင်း

§  အခွန်ရုံး Corporate Tax (Filing and application) and Payment

§  GST (Filing and application) and Payment

§  Property Tax (Filing and application) and Payment

§  S45 Withholding Tax (Filing) and GIRO Deduction details)

§  Partnership (Form P Filing)

§  Tax Clearance

§  ACRA ကိစ္စများ

 

အသေးစိတ်သိလိုသူများ အောက်ပါ link တွင် ကြည့်ပါ။

https://www.corppass.gov.sg/corppass/common/digitalservicelist

 

 

သူများတိုင်းပြည်တွေက ဘယ်လိုတွေ ကောင်းအောင်လုပ်မည် ကြံစည် ကြိုးစားနေကြခိုက် -

ကျွန်ုပ်တို့ ဗမှားပြည်ကြီး၌ကား မစ်လ်ခီးဝေး ဂယ်လက်ဇီ၌ အကြီးဆုံး မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့ ဘုရားကြီးကို ထွင်းထုကာ -

 

ငှယ် - ဘုရားကြီးက ဖူးနေရင်း ပြုံးလာနေတယ်တော့။

အို - တိမ်တွေထဲမှာ လွင့်မျောနေသလိုပဲ။ စမိုင်းလင်းဗုဒ္ဓကြီးက ကြည်ညိုစရာကောင်းလိုက်တာ . . . 

 

စသဖြင့် သောက်ရေးမပါတာတွေ လုပ်နေကြကုန်သော အသင်တို့ကို -

 

ကျွန်ုပ်က ဖင်လှန်ပြီး လိပ်ကျောက်မြီးဖြင့် ရိုက်ချင်လှပါကြောင်း။


 

အေးငြိမ်း

၂၀ ဩဂုတ်လ၊ ၂၀၂၃


No comments: