Thursday, August 3, 2023

ကာဘွန်မိုနောက်ဆိုဒ် (CO = Carbon Monoxide) အကြောင်း သိကောင်းစရာ

Ref: OSHA FactSheet: Carbon Monoxide Poisoning

 

(၁) ကာဘွန်မိုနောက်ဆိုဒ်ဟူသည် အဘယ်နည်း

 

Carbon Mono Oxide (ကာဘွန် မိုနို အောက်ဆိုဒ်) è Carbon Monoxide (ကာဘွန်မိုနောက်ဆိုဒ်)

 

(ဟိုတစ်နေ့က အတန်းထဲမှာ ကာဘွန်မိုနောက်ဆိုဒ်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဘာကွာသတုံးဆိုတော့ ဘယ်သူမှ မဖြေနိုင်။ အမှန်က ကျောင်းမှာ သင်ခဲ့ပြီး ဖြစ်၏။ မိုနို = ၁, ဒိုင် = ၂, တြိုင် = ၃, တက်ထရာ = ၄, ပင်တာ = ၅ ။ ဆိုတော့ ကာဘွန်မိုနောက်ဆိုဒ်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဘာကွာသတုံးဆိုတော့ ကာဘွန်မိုနောက်ဆိုဒ်က အောက်ဆီဂျင် တစ်လုံး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်က အောက်ဆီဂျင် ၂ လုံး ပေါ့လကွ။ ယခွမ်းဒဲ့မှ)

 

ကာဘွန်မိုနောက်ဆိုဒ်သည် အဆိပ်ရှိ၏။ အရောင်အဆင်း၊ အနံ့အရသာမရှိ။ 

၎င်းတွင် အနံ့မရှိသည့်တိုင် ကာဘွန်မိုနောက်ဆိုဒ်သည် အခြား အနံ့ရှိသောဓာတ်ငွေ့များနှင့် ရောနှောနေနိုင်၏။ ထို့ကြောင့် အကယ်၍ သင်သည် အနံ့ရှိသော ဓာတ်ငွေ့တမျိုးမျိုးကို ရှူမိသည့်တိုင် ထိုဓာတ်ငွေ့ထဲ၌ ကာဘွန် မိုနောက်ဆိုဒ် ရောနှောပါဝင်နေနိုင်သည်ကို သတိထားရာ၏။

 

ကာဘွန်မိုနောက်ဆိုဒ်သည် မပြည့်ဝသော လောင်ကျွမ်းခြင်း (incomplete burning) မှ ထွက်ပေါ်လာ၏။

 

ဤတွင် လောင်ကျွမ်းခြင်းအကြောင်း အနည်းငယ်ပြောပြပါမည်။

 

အရာဝတ္ထုများကို မီးလောင်သည့်အခါ ကာဘွန်နှင့် အောက်ဆီဂျင်ပေါင်းလျှက် ကာဘွန်အောက်ဆိုဒ်ဓာတ်ငွေ့များ ထွက်ပေါ်လာ၏။ လောင်ကျွမ်းခြင်းတွင် အပြည့်အဝလောင်ကျွမ်းခြင်း (complete burning) နှင့် မပြည့်ဝသော လောင်ကျွမ်းခြင်း (incomplete burning) ဟု နှစ်မျိုးရှိ၏။ အရှင်းဆုံး ဥပမာပြရလျှင် မီးညှိထားသည့် ခြင်ဆေးခွေသည် မပြည့်ဝသော လောင်ကျွမ်းခြင်း ဖြစ်၏။ တခါတရံ ကားများမောင်းသွားစဉ် ကားနောက်ဘက်မှ အုန်းကနဲ၊ ဒိုင်းကနဲ ပေါက်ကွဲသံများကို ကြားကြရပါလိမ့်မည်။ ဤသည်မှာ မပြည့်ဝသော လောင်ကျွမ်းခြင်းကြောင့် ဖြစ်သတည်း။ 

 

မီးလောင်ပေါက်ကွဲခန်း (Combustion chamber) အတွင်း၌ ဆီနှင့်လေ အရောကို မီးလောင်စဉ် အပြည့်အဝ မလောင် ကျွမ်းနိုင်ပါက ထွက်သွားသည့် အိတ်ဇောမီးခိုးများ၌ ဆီမှုန်အကြွင်းအကျန်များ ပါသွား၏။ ထိုဆီမှုန်များသည် ပူနေသည့် အိတ်ဇောဆိုင်လင်ဇာအတွင်းသို့ ရောက်သောအခါ ထပ်မံပေါက်ကွဲခြင်း ဖြစ်၏။ မပြည့်ဝသော လောင်ကျွမ်းခြင်းသည် ဆီကိုလည်း ပိုစားစေ၏။ အင်ဂျင်၏ ရုန်းအားကိုလည်း ကျစေ၏။ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေ၏။ 

 

မပြည့်ဝသော လောင်ကျွမ်းခြင်းသည် မီးလောင်ကျွမ်းခြင်း အားလုံးလိုလို၌ပင် ပါဝင်နေ၏။ ထို့ကြောင့် ထင်းမီး၊ ဓာတ်ငွေ့ ကို လောင်သောမီး၊ အင်ဂျင်မှထွက်လာသည့်မီးခိုး စသည် အားလုံးတို့၌ပင် ကာဘွန်မိုနောက်ဆိုဒ် ပါဝင်နိုင်သည်ဟု မှတ်ယူထားရာ၏။

 

အပြည့်အဝလောင်ကျွမ်းခြင်းတွင် ကာဘွန်သည် အောက်ဆီဂျင်မော်လီကျူး နှစ်လုံးနှင့်ပေါင်းလျက် ကာဘွန်ဒိုင် အောက်ဆိုဒ် ဖြစ်သွား၏။

မပြည့်ဝသော လောင်ကျွမ်းခြင်းတွင် ကာဘွန်သည် အောက်ဆီဂျင်မော်လီကျူး တစ်လုံးနှင့်ပေါင်းလျက် ကာဘွန်မို နောက်ဆိုဒ် ဖြစ်သွား၏။

ကာဘွန်ဒိုင်အောက်ဆိုဒ်တွင် အောက်ဆီဂျင်နှစ်လုံးပါသဖြင့် ပြည့်ဝသွား၏။ လင်ရသွားသော ကောင်မကလေးကဲ့သို့ ဖြစ်၏။

ကာဘွန်မိုနောက်ဆိုဒ်တွင် အောက်ဆီဂျင်တစ်လုံးသာပါသဖြင့် တစ်ခြမ်းပဲ့နေ၏။ ယွကျားမရသေးသော အပျိုကြီးကဲ့သို့ ဖြစ်၏။ (စဒါဘာ စဒါဘာ)

 

သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ ရေနံ၊ ဒီဇယ်၊ ပရိုပိန်း၊ ကျောက်မီးသွေး၊ သစ်သား၊ ထမင်းချက်သည့် ဓာတ်ငွေ့၊ မီးဖို စသည့် ကာဘွန်ထည်တို့ လောင်ကျွမ်းခြင်းမှ ကာဘွန်မိုနောက်ဆိုဒ် ထွက်နိုင်၏။ မြို့ပြများ၌ ကာဘွန်မိုနောက်ဆိုဒ် အထွက်ဆုံး နေရာကို ပြပါဆိုလျှင် ကားလမ်းကို ပြရပါလိမ့်မည်။ အဲလေ၊ သူများထက်ထူး နဖူးဟဝှာပေါက် (ဆံပင်) မှ နေသာထိုင်သာ ရှိသည့် မြန်မာပြည်တွင်မတော့ မီးမလာသည့်အတွက် အိမ်များ၊ ဆိုင်များ၊ ဟော်တယ်များ၊ ကျောင်းများ၊ ဈေးများတို့၌ မီးစက်များကို အပြိုင်အဆိုင် မောင်းကြလေရကား တစ်နေ့တစ်နေ့ လေထဲသို့ ထုတ်လွှတ်နေသည့် ကာဘွန်ဒိုင် အောက်ဆိုဒ်၊ ကာဘွန်မိုနောက်ဆိုဒ်များကား နည်းလှမည်မဟုတ်ပါ။

 

(၂) ကာဘွန်မိုနောက်ဆိုဒ်သည် သင့်ကို အဘယ်ကဲ့သို့ အန္တရာယ် ဖြစ်စေနိုင်သနည်း

 

လူသည် အောက်ဆီဂျင်ဖြင့် အသက်ဆက်နေရ၏။ အထူးသဖြင့် ဦးဏှောက်နှင့် နှလုံးတို့၏ အဓိက အာဟာရမှာ အောက်ဆီဂျင်ဖြစ်၏။ ၎င်းတို့သည် အောက်ဆီဂျင်ပြတ်သွားပါမူ မိနစ်အနည်းငယ်အတွင်း သေနိုင်၏။ ဦးဏှောက်နှင့် နှလုံးဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုလုံး၏ အဓိကအစိတ်အပိုင်းများ ဖြစ်လေရာ ၎င်းတို့သေဆုံးခြင်းသည် လူသေဆုံးခြင်း ပင် ဖြစ်တော့၏။ 

 

ဦးဏှောက်နှင့် နှလုံးကို အောက်ဆီဂျင်ပံ့ပိုးပေးနေသူမှာ သွေး ဖြစ်၏။ ထို့ကြောင့် သွေးတွင် အောက်ဆီဂျင် အများအပြား ပါ၏။ အကယ်၍သာ သွေးအတွင်း အောက်ဆီဂျင် လျော့နည်းသွား၍ ဦးဏှောက်သို့ အောက်ဆီဂျင် အလုံအလောက် ပံ့ပိုး မပေးနိုင်တော့ပါက အသက်အန္တရာယ် ရှိလေသည်။

 

ကာဘွန်မိုနောက်ဆိုဒ်သည် သင့်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလျှင် အလွန် အန္တရာယ်များ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သွေးအတွင်းရှိ အောက်ဆီဂျင်များကို ဖယ်ထုတ်ပစ်လိုက်၏။ ထိုအခါ နှလုံး၊ ဦးဏှောက်အပါအဝင် အခြား အရေးပါသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ၌ အောက်ဆီဂျင် လျော့နည်းကျဆင်းမှုကို ဖြစ်စေ၏။ ကာဘွန်မိုနောက်ဆိုဒ် အများအပြားကို ရှူမိပါက မည်သည့် လက္ခဏာမှမပြဘဲ အသက်ရှူကြပ်ကာ မိနစ်အနည်းငယ်အတွင်း သေဆုံးစေနိုင်၏။ 

 

ရင်ဘတ်တဝိုက်တင်းကြပ်လာခြင်းအပြင် ကာဘွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၏ ကနဦးလက္ခဏာများမှာ ခေါင်းကိုက်၊ ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း စသည်တို့ ဖြစ်၏။ Angina ရောဂါရှိသူများတွင် ချက်ချင်း ရင်ဘတ် အောင့်လာမည်။ ကာဘွန်မိုနောက်ဆိုဒ်ကို ကြာရှည်စွာရှူမိလျှင် (သို့) ပမာဏအများအပြား ရှူမိလျှင် ရောဂါလက္ခဏာမှာ ပိုမိုဆိုးလာပြီး အော့အန်ခြင်း၊ မဝေခွဲနိုင်ခြင်း၊ ကြွက်သားများအားနည်းလာခြင်း၊ သတိလစ်လဲကျခြင်းများ ဖြစ်နိုင်၏။ ရောဂါလက္ခဏာမှာ တစ်ဦးနှင့်တစ်ဦးမတူနိုင်။ 

 

အသက်အရွယ်ကြီးရင့်သူများ၊ ကလေးသူငယ်များ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ ရှိသူများ၊ ကုန်းမြင့်များတွင် နေသူများ၊ ဆေးလိပ်သောက်သူများသည် ကာဘွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းကို ပိုမိုခံရနိုင်၏။ ထိုမျှသာမက ကာဘွန် မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းသည် သန္ဓေသားအတွက်လည်း အထူး အန္တရာယ်ရှိ၏။ 

 

အချိန်မီသေးပါက ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းကို ကယ်နိုင်၏။ သို့တိုင် နှလုံးနှင့် ဦးဏှောက်ကဲ့သို့သော ခန္ဓာ ကိုယ် အစိတ်အပိုင်းများကို တစ်သက်တာ ပျက်စီးစေနိုင်သေးသည်သာ ဖြစ်၏။ ထိုမျှသာမက မြုံလည်း သွားနိုင်သေး၏။

 

(၃) ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းကို မည်သူတို့ ခံရနိုင်သနည်း

 

§  ဘွိုင်လာခန်းများ၊ သိုလှောင်ရုံများ၊ ရေနံစက်ရုံများ၊ စက္ကူစက်များ၊ သံထည်လုပ်ငန်းများ၊ မီးဖိုများအတွင်း၌ အလုပ်လုပ်ရ သော လုပ်သားများ

§  ဂဟေဆော်သူများ

§  ကားဂိုဒေါင်အတွင်း ကားပြင်ရသူများ

§  မီးသတ်သမားများ

§  ကာဘွန်မှိုင်းထုတ်သူများ

§  ကာဘွန်အခြေခံ ဓာတုပစ္စည်း ထုတ်လုပ်သူများ

§  သင်္ဘော ကုန်တင်ကုန်ချ အလုပ်သမားများ

§  ဒီဇယ်အင်ဂျင် မောင်းရသူများ

§  ဖောက်ကလစ် မောင်းသူများ

§  လိုဏ်ခေါင်းအစောင့်များ

§  အကောက်ခွန်အရာရှိများ

§  ရဲများ

§  အငှားယာဉ်မောင်းများ

 

(၄) အကယ်၍ တစုံတစ်ယောက်သည် ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပါက ဘာလုပ်မည်နည်း

 

အကယ်၍ တစုံတစ်ယောက်သည် ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်သည်ဟု ယူဆရပါက -

 

§  ထိုသူကို လေကောင်းလေသန့်ရရာနေရာသို့ ချက်ချင်း ပြောင်းရွှေ့ပါ။

§  အရေးပေါ်ဖုန်းကို ခေါ်ပါ။

§  လူနာသည် အသက်ရှူနိုင်ပါက အောက်ဆီဂျင်ပေးသည့် မျက်နှာဖုံး စွပ်ပေးပါ။

§  အကယ်၍ လူနာသည် အသက်ရှူရပ်သွားပါက CPR (Cardio-pulmonary Resuscitation) လုပ်ပါ။

 

အရေးကြီးသည်မှာ ကယ်ဆယ်ရေးလုပ်သည့်သူပါ ရော၍ သေနိုင်ခြင်းဖြစ်၏။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ရန် သင်တန်းပေးမထားဘဲ၊ ကယ်ဆယ်ရေးလုပ်ရန် မကျွမ်းကျင်ဘဲ၊ ကယ်ဆယ်ရေးလုပ်မည့် ပစ္စည်းကိရိယာများ မစုံလင်ဘဲ အလျင်စလို ဝင်မကယ်မိစေရန် အရေးကြီး၏။

 

 

(၅) ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းကို မည်ကဲ့သို့ ကာကွယ်နိုင်သနည်း

 

§  အလုပ်လုပ်မည့်နေရာ၌ ထိရောက်သော လေဝင်လေထွက်စနစ် တပ်ဆင်ထားပါ။

§  အလုံပိတ်အခန်းတွင်း၌ ကာဘွန်မိုနောက်ဆိုဒ် ထွက်စေနိုင်သည့် မည်သည့် စက်/ကိရိယာမှ မထားပါနှင့်။

§  အင်ဂျင်အစား မော်တာ (သို့) လေဖိအားသုံးစက်ကို ပြောင်းလဲ အသုံးပြုပါ။

§  အလုံပိတ်အခန်းတွင်း ဝင်မည့်သူများ၌ အုပ်စုတစ်ခုလျှင် ဓာတ်ငွေ့တိုင်းမီတာတစ်ခုစီ တပ်ဆင်ပေးထားပါ။

§  အလုံပိတ်အခန်းအတွင်း မဝင်မီ ထိုအခန်းထဲမှ ဓာတ်ငွေ့အခြေအနေကို ကျွမ်းကျင်သူက တိုင်းရမည်။ (စင်ကာပူ စံနှုန်းအရ လူတစ်ယောက်ခံနိုင်သည့် CO ပမာဏမှာ ၈ နာရီအတွက် 25 ppm ဖြစ်၏။)

§  ကယ်ဆယ်ရေးလုပ်မည့်သူသည် အောက်ဆီဂျင်ဘူး SCBA (full-facepiece pressure-demand self- contained breathing apparatus) ကို ဝတ်ဆင်ရမည်။  

§  အလုံပိတ်အခန်းတွင်း အလုပ်လုပ်မည့် အလုပ်သမားများကို သင်တန်းပေးထားရမည်။ 

 

(၆) မြန်မာပြည်သူ ပြည်သားများအတွက် အထူး သတိပေးချက်

 

§  တိုက်ခန်းကဲ့သို့ အလုံပိတ်အခန်းများအတွင်း ဖယောင်းတိုင်ထွန်း၍ ဘုရားမီးပူဇော်ပြီး အိပ်ခြင်း၊ အိပ်နေစဉ် အိမ်အတွင်း၌ ခြင်ဆေးခွေ ထွန်းထားခြင်း လုံးဝ မလုပ်ပါနှင့်။

§  အိမ်ခန်းအတွင်း မီးစက်/အင်ဂျင်များနှိုးထားခြင်း လုံးဝ မလုပ်ရ။ အကယ်၍ အိမ်အောက်တွင် မီးစက်နှိုးထား ပါက အိတ်ဇောအဝကို လမ်းဘက်သို့ လှည့်ထားပါ။ အိမ်ထဲသို့ မီးခိုးများ လုံးဝ ဝင်မလာပါစေနှင့်။

§  လေအေးပေးစက် တပ်ဆင်ထားသည်ဖြစ်စေ၊ အိပ်ခန်းကို လေအလုံပိတ် မထားပါနှင့်။ လေကောင်းလေသန့် ဝင်နိုင်ရန် တံခါးကို အနည်းငယ် ဟ ထားပါ။ 

§  မြေအောက် ရေကန်များ၊ အိမ်သာကျင်းများ၊ လိုဏ်ခေါင်းများ၊​ ရေတွင်းပျက်များအတွင်းသို့ အရမ်းမဝင်ပါနှင့်။ အောက်ဆီဂျင်ပြတ်၍သော် လည်းကောင်း၊ အဆိပ်ငွေ့များ ရှူမိ၍သော်လည်းကောင်း သေတတ်သည်။ 

§  ဖြစ်နိုင်လျှင် ဓာတ်ငွေ့တိုင်းသည့်မီတာ ဆောင်ထားပါ။ ကတုတ်ကျင်းများ၊ လိုဏ်ခေါင်းများ၊ ရေတွင်းပျက်များ၊ မြေအောက်ရေကန်များ၊ အိမ်သာကျင်းများအတွင်း ဝင်မည် ဆိုပါက ဓာတ်ငွေ့တိုင်းပြီးမှ ဝင်တာ အန္တရာယ် ကင်းပါသည်။

§  ဖြစ်နိုင်လျှင် လေမှုတ်စက် ဆောင်ထားပါ။ ကတုတ်ကျင်းများ၊ လိုဏ်ခေါင်းများ၊ ရေတွင်းပျက်များ၊ မြေအောက်ရေကန်များ၊ အိမ်သာကျင်းများအတွင်း ဝင်မည် ဆိုပါက မဝင်မီ အနည်းဆုံး တစ်နာရီခန့် ကြိုတင် လေမှုတ်သွင်းပေးထားပြီးမှ ဝင်တာ အန္တရာယ်ကင်းပါသည်။

 

 

အားလုံး အန္တရာယ်ကင်း၍ ဘေးရှင်းကြပါစေကုန်သတည်း။

 

အေးငြိမ်း

၂ ဩဂုတ်လ၊ ၂၀၂၃

No comments: